CC.BY 4.0 Spring Sprouts.
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတစ်ဦးဖြစ်သူ ခွန်းဗဟန်းထန်အား တာဝန်မှ အနားယူခွင့် ပြုလိုက်ပြီဖြစ်ကြောင်း NUG က မတ် ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း လက်မှတ်ထိုးထားသည့် အမိန့်အမှတ် ၁၁/၂၀၂၅ ဖြင့် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဒုဝန်ကြီးအား တာဝန်မှ အနားယူခွင့်ပြုခဲ့ခြင်းဖြစ်ကာ မတ် ၇ ရက်ကျမှ တရားဝင်ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
စစ်သုံးစစ် တိုက်ဖျက်ရေး အပါအဝင် ရည်ရွယ်ချက် လေးရပ်ဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ် လွတ်မြောက်ရေးတပ်တော် (Irrawaddy Delta Liberation Army – IDLA) အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်စတင်ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ကောင်စီ ဥက္ကဋ္ဌ မန်းဖန်းရှောင်းက ကြေညာချက် အမှတ် (၂) ဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားပြည်နယ်ရှိ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်နှင့် စစ်ဗျူရိုကရေစီယန္တရားအားလုံး လုံးဝ (လုံးဝ) ဖျက်သိမ်းရန်၊ အမျိုးသားများပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်၊ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ရန်၊ အနာဂတ်ဖယ်ဒရယ်တပ်မတော်တွင် အင်အားစုတစ်ခုအဖြစ် အခိုင်အမာရပ်တည်ရန် IDAL အား ရည်ရွယ်ထားသည်။
ပြည်နယ်ကောင်စီအား ၂၀၂၄ ခုနှစ် သြဂုတ် ၁ ရက်က စတင်ဖွဲ့စည်းထားခြင်းဖြစ်ကာ ကြေညာချက်၌ ကောင်စီအကြံပေးအဖွဲ့ဝင်များ၊ ကောင်စီဝင်များ တိုးချဲ့ဖွဲ့စည်းထားပြီဖြစ်ကြောင်းလည်း အမည်များနှင့်တကွ ဖော်ပြထားသည်။
အပြီးတိုင် ဖျက်သိမ်းလိုက်ပြီဖြစ်သည့် ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် တပ်တစ်ခုတည်းအဖြစ် အတူတည်ဆောက်ကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယောတပ်တော် (Yaw Army – YA) က မတ် ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယခု စုပေါင်းနိုင်မှုသည် ယောအမျိုးသား တည်ဆောက်ရေး၊ ညီညွတ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ကာ စစ်အာဏာရှင်အား ပိုမိုထိရောက်စွာ ထိုးနှက်တိုက်ခိုက်ရန် အင်အားတစ်ခု ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ယော တို့၏တန်းတူညီမျှစွာ ပါဝင်ရပ်တည်ခွင့်အတွက် ယော ဟူသော ဝိသေသလက္ခဏာ ကိုင်စွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အား ပိုမိုကောင်းမွန်သော အရွေ့သို့ တက်လှမ်းဆောင်ရွက်ရန်အတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ်အတွင်း ပြုလုပ်သည့် တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၂/၂၀၂၅) အရ အပြီးတိုင် ဖျက်သိမ်းပြီဖြစ်ကြောင်း မတ် ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
YPDF အဖွဲ့အား စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး၊ ယောဒေသ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ၂၀၂၁ ခုနှစ် မတ်လအတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ထုတ်ပြန်ချက်အား ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော်ယောလေး အမည်ဖြင့် ထုတ်ပြန်ခြင်း ဖြစ်သည်။
လက်ရှိတွင် မိမိတို့ တပ်ဖွဲ့ မျှော်မှန်းခဲ့သည့်အတိုင်း ယောအမျိုးသားနိုင်ငံရေးကို ညီညီညာညာ စုစုစည်းစည်းဖြင့်ဆောင်ရွက်ရန် အချိန်အခါကောင်းသို့ ရောက်ရှိနေပြီဆိုသည့်အသိစိတ်သည် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေကြသည့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များတင်မက ပြည်သူလူထုကပါ အသိအမြင်များ နိုးကြား သန္ဓေတည်လာခဲ့ကြပြီဖြစ်ကာ တော်လှန်ရေး၊ ယောအမျိုးသားနိုင်ငံရေးကို စုစည်းညီညွတ်သော အခင်းအကျင်းဖြင့် ပိုမိုကောင်းမွန်သော အရွေ့ကို တက်လှမ်းကာ တပ်ဖွဲ့ဝင်အားလုံး ဆက်လက်ဆောင်ရွက်နေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဆိုရှယ်ဒီမိုကရေစီကို ယုံကြည်လက်ခံကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေး မူသုံးချက်အား ကိုင်စွဲထားမည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး (People’s Revolution Front – PRF) က ဖေဖော်ဝါရီ ၂၇ ရက်တွင် တပ်ဦးနိုင်ငံရေးကြေညာစာတမ်းနှင့်အတူ ကြေညာထုတ်ပြန်လိုက်သည်။
နိုင်ငံရေးကြေညာစာတမ်း၌ တပ်ဦး၏ အတွေးအခေါ်နှင့် မူဝါဒ (၃) ရပ်၊ တပ်ဦး၏ အဓိက လုပ်ငန်းစဉ်များအဖြစ် နိုင်ငံရေးတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ၊ တပ်ပေါင်းစုတည်ဆောက်ရေး ချမှတ်ထားမှုအပြင် နိုင်ငံတကာနှင့် ပြည်တွင်းအခြေအနေအပေါ် တပ်ဦး၏ ရှုမြင်သုံးသပ်ချက်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
မန္တလေးဒေသ ကြားကာလအစီအမံအား အများပြည်သူ အကြံပြုချက် ရယူ၍ ရေးဆွဲလျက်ရှိရာ လက်ရှိတွင် အခန်း (၉) ခု အထိ ရေးဆွဲပြီး ဖြစ်ကြောင်း ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်ရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက ကြေညာချက်အမှတ် ၄/၂၀၂၅ ဖြင့် ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ပြန်လိုက်သည်။
ရေးဆွဲပြီးစီးသွားသည့်အခန်း (၉) ခုမှာ (၁) ရည်ရွယ်ချက် (၂) စံတန်ဖိုး (၃) အခြေခံမူများ (၄) အခြေခံအခွင့်အရေး၊ ရပိုင်ခွင့်နှင့် တာဝန်များ (၅) မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ (၆) ကြားကာလဥပဒေပြုရေး (၇) ကြားကာာလအုပ်ချုပ်ရေး (၈) ကြားကာလတရားစီရင်ရေး (၉) ဖက်ဒရယ်ပြည်ထောင်စု၊ အခြားပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် မန္တလေးဒေသအကြား ဆက်သွယ်ဆက်ဆံရေးတို့ ဖြစ်သည်။
မူကြမ်းချထားသည့် ကြားကာလအစီအမံအရ အခန်း (၃) ခန်းရေးဆွဲရန် ကျန်ရှိသေးကာ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ပြဌာန်းချက်များ၊ ကြားကာလ နိုင်ငံရေးအစီအမံကို ပြင်ဆင်ခြင်းနှင့် အထွေထွေပြဌာန်းချက်တို့ ဖြစ်သည်။
ချင်းပြည်နယ်၌ ကောင်စီနှစ်ရပ် ရှိနေခြင်း မဖြစ်သင့်ကြောင်း လက်ခံယုံကြည်သည့်အတွက် "ချင်းအမျိုးသားကောင်စီ" အမည်ဖြင့် ပေါင်းစည်းရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း ချင်းပြည်ကောင်စီ (Chinlnad Council – CC) နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (InterimChin National Consultative Council – ICNCC) တို့က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။
တစ်ခုတည်းသော ကောင်စီအား "ချင်းအမျိုးသားကောင်စီ" ဟု ခေါ်တွင်ရန် သဘောတူထားပြီဖြစ်ကာ ကောင်စီအမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသား ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းရန်လည်း သဘောတူညီထားပြီဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်၌ ပါရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ဂန့်ဂေါ (ယောဒေသ) (PDF - Gangaw Battalion – YAW REGION) အမှတ် (၁၂) တပ်ရင်းရှိ တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင်များအနေဖြင့် MoD လက်အောက်မှ နုတ်ထွက်ကာ ယောတပ်တော် (YA) နှင့် ပူးပေါင်း၍ ယောဒေသနှင့် မြန်မာတစ်နိုင်ငံလုံး လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က ထုတ်ပြန်ချက်အမှတ် ၁/၂၀၂၅ ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ဂန့်ဂေါ (ယောဒေသ) အား ၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်တွင် ဂန့်ဂေါမြို့နယ် အခြေစိုက်တပ်ရင်းအဖြစ် စတင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်းနောက် ၂၀၂၂ ခုနှစ် ဧပြီ ၁၃ ရက်တွင် NUG အစီအစဉ်ဖြင့် PDF အနောက်ပိုင်းတိုင်း၊ တပ်မဟာ (၇)၊ တပ်ရင်း (၇၀၁) အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် တပ်ရင်း (၇၀၁) မှ အမှတ် (၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်းအဖြစ် ပြောင်းလဲခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် NUG – MoD အား တပ်ရင်း ပြန်လည်အပ်နှံခဲ့သော်လည်း ခွင့်မပြုသဖြင့် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ တပ်ရေးဗိုလ်ကြီး၊ တပ်ထောက်၊ ဘဏ္ဍာရေးတာဝန်ခံ၊ တပ်ခွဲ (၁) (၂) (၃) (၄) မှ တပ်ခွဲမှူး၊ တပ်စုမှူး၊ ဒုတပ်စုမှူး၊ တပ်စိပ်မှူး၊ ဒုတပ်စိပ်မှူး၊ ရဲဘော်များက နုတ်ထွက်စာတင်ကာ ယောတပ်တော် (YA) တွင် ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
နှစ်ဘက်တပ်များ ရောက်ရှိရာနေရာ၌ ရပ်တန့်ကာ အပစ်ရပ်ရေး အပါအဝင် အချက်သုံးချက်အား တွေ့ဆုံညှိနှိုင်းမှုအတွင်း တောင်းဆိုဆွေးနွေးခဲ့သော်လည်း ဆွေးနွေးမှုခက်ခဲသည့်အတွက် တရုတ်အစိုးရ အထူးကိုယ်စားလှယ်မစ္စတာ တိန့်ရှီကျွင်းဦးဆောင်မှုဖြင့် ထပ်မံတွေ့ဆုံရန်ဖြင့်သာ အဆုံးသတ်ခဲ့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်၌ ဖေဖော်ဝါရီ ၁၆၊ ၁၇ ရက်တို့တွင် တရုတ်စီစဉ်မှုဖြင့် PSLF/TNLA ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်အဖွဲ့နှင့် အကြမ်းဖက်စစ်အုပ်စုဘက်မှ ကစထ (၁) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံမှု၌ PSLF/TNLA က (၁) နှစ်ဖက်တပ်ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန် (၂) နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်း အစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန် (၃) နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေဖြစ်ခဲ့ခြင်း ဖြစ်သည်။ ထပ်မံတွေ့ဆုံမည့် အချိန်ကာလကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်း၌ ဖေဖော်ဝါရီ ၁၄ ရက်က သတ်ဖြတ်ခံခဲ့ရသည့် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး မာသာရ်မာတင်ဒေါနယ် သတ်ဖြတ်ခံရမှု၌ သံသယရှိသူ (၁၀) ဦးအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၌ စစ်ခုံရုံးတင် စစ်ဆေးကာ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
သံသယတရားခံများမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ အဖွဲ့ဝင်များ ဖြစ်ကာ ၎င်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင်တပ်ရင်း (၅) နှင့် တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များက နေ့တွင်းချင်း ဖမ်းဆီးထားကြောင်း၊ လက်ရှိ၌ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းကာ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရိုဟင်ဂျာလူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် ထိပ်တန်း စစ်ခေါင်းဆောင် ၂၃ ဦးအား အာဂျင်တီးနား Buenos Aires တရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်းUK အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က ဖေဖော်ဝါရီ ၁၄ ရက်တွင် အသိပေးထုတ်ပြန်လိုက်သည်။
ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် လက်တင်အမေရိက အခြေစိုက် လူ့အခွင့်အရေးအဖွဲ့များက စုံစမ်းစစ်ဆေးပေးရန် ၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းက အာဂျင်တီးနား တရားရုံးသို့ တောင်းဆိုခဲ့ပြီး ငါးနှစ်ကြာပြီးနောက် သက်သေခိုင်လုံသည့်အတွက် ယခုကဲ့သို့ ဖမ်းဝရမ်းထုတ်လိုက်ခြင်း ဖြစ်သည်။
BROUK ထုတ်ပြန်ချက်၌ ဝရမ်းထုတ်ခံရသည့် စစ်ခေါင်းဆောင်နှစ်ဦးအမည်ကိုသာ အဓိက ဖော်ပြထားပြီး ကျန်သူများအမည် မပါရှိပေ။
အကြမ်းဖက်စစ်အုပ်စု ပြင်ဆင်ဖွဲ့စည်းသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လွတ်လပ်၍ အမှီအခိုကင်းကာ ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်းမဟုတ်ဘဲ ပဲရစ်အခြေခံမူများအား ဆန့်ကျင်ပြီး စစ်အုပ်စု အလိုကျ ရပ်တည်ဆောင်ရွက်ပေးနေသည့်အတွက် ယင်းအဖွဲ့အစည်းအား အသိအမှတ်မပြုကြောင်းနှင့် ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်က ထပ်မံဖွဲ့စည်းသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် စစ်ကောင်စီအလိုကျ ရပ်တည်ဆောင်ရွက်ခဲ့သော အဖွဲ့ဝင်ဟောင်းများဖြင့် ထပ်မံ ဖွဲ့စည်းခြင်းဖြစ်ကာ လွတ်လပ်၊ အမှီအခိုကင်းသော ကော်မရှင် မဟုတ်ကြောင်း၊ Global Alliance of National Human Rights Institute (GANHRI) ကလည်း ယင်းကော်မရှင်သည် ပဲရစ်အခြေခံမူနှင့် မကိုက်ညီ၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ၃၁ ရက်တွင် အသိအမှတ်ပြုခြင်းနှင့် အဖွဲ့ဝင်ဖြစ်ခြင်းအား ပြန်လည်ရုပ်သိမ်းပြီးဖြစ်ကြောင်း NUG ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း အသိအမှတ်ပြု လက်ခံခြင်း၊ တွေ့ဆုံခြင်း၊ အစည်းအဝေးများသို့ ဖိတ်ကြားခြင်း မပြုလုပ်ရန်လည်း NUG က တိုက်တွန်းထားသည်။
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် နိုင်ငံရေးအာဏာ ရယူရာ၌ လက်နက်ကိုင်တော်လှန်သည့်လမ်းစဉ်မှတပါး အခြားမရှိသည့်အတွက် ပြည်တွင်း၊ ပြည်ပရှိ မွန်ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပါဝင်ကြရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ဖေဖော်ဝါရီ ၁၃ ရက်တွင် တိုက်တွန်းလိုက်သည်။
(၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်၌ မိမိတို့ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုများအား မည်သို့ပင် ထိန်းသိမ်းစောင့်ရှောက်စေကာမူ နိုင်ငံရေးအာဏာ လက်ဆုပ်လက်ကိုင်မရှိပါက အမျိုးသားလက္ခဏာနှင့် လူမျိုးတိမ်ကောပပျောက်မှုများအား နေ့စဉ်နှင့်အမျှ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ဗမာစစ်တပ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံရေး၌ စစ်တပ်ခေါင်းဆောင်မှုအား ဖန်ထီးထားရုံမက ဒီမိုကရေစီလိုလားသည့် မြန်မာ (ဗမာ) ပြည်သူများကိုပါ ဖိနှိပ်ကာ ၂၀၂၁ ခုနှစ်တွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းထားကြောင်း၊ ယနေ့ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသည့် တော်လှန်ရေးသည် အဖွဲ့အစည်းတစ်ခု၊ တစ်ပါတီအာဏာရရှိရေးအတွက် မဟုတ်ဘဲ တိုင်းရင်းသားပြည်သူများ လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်ကြောင်း MSFC ထုတ်ပြန်ချက်၌ ပါရှိသည်။
အကြမ်းဖက် မြန်မာစစ်အုပ်စုက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၌ အသုံးပြုရန် လောင်စာဆီ ရောင်းချပေးနေသည့် Interrra Resources အား မြန်မာစစ်အုပ်စုထံ ရေနံစိမ်းထောက်ပံ့မှု ချက်ချင်းရပ်တန့်စေရန်နှင့် စင်ကာပူစတော့အိတ်ချိန်းမှ စာရင်းပယ်ဖျက်ပေးရန် အပါအဝင် တောင်းဆိုချက်လေးချက်ပါ အိတ်ဖွင့်ပေးစာအား စင်ကာပူအစိုးရနှင့် စင်ကာပူအိတ်ချိန်းအုပ်စုအား မကွေးအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း၊ လူထုတိုက်ပွဲကော်မတီနှင့် သမဂ္ဂ စုစုပေါင်း (၂၀) လက်မှတ်ရေးထိုးကာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပေးပို့လိုက်သည်။
စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး မစ္စတာလော့ရင့်ဝေါင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေး/စက်မှုဝန်ကြီးနှင့် စင်ကာပူနိုင်ငံ ငွေကြေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ မစ္စတာ ဂန်ယင်ရောင်၊ စင်ကာပူစတော့အိတ်ချိန်းအုပ်စု အမှုဆောင်အရာရှိချုပ် (CEO) မစ္စတာလိုဘွန်းချိုင်တို့အား လိပ်မူ၍ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ပေးပို့ခြင်း ဖြစ်သည်။
Interra Resources သည် ၎င်းတို့ ၆၀ ရာခိုင်နှုန် ပိုင်ဆိုင်သည့် Goldpetrol Joint Operation Company Inc. မှတဆင့် မြန်မာစစ်အုပ်စုထံ အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ ရေနံစည်ပေါင်း ၂ ဒသမ ၃ သန်းကျော် ရောင်းချခဲ့ကာ ယင်းသည် စစ်အုပ်စု၏ အရပ်သားများအပေါ် ပြစ်မှတ်ထားပြုလုပ်နေသည့် စစ်ဆင်ရေးအတွက် အဓိက ကျကြောင်း၊ Interra Resources သည် ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် စီးပွားရေးအရ ဆက်စပ်လုပ်ဆောင်မှုသည် နိုင်ငံတကာရာဇဝတ်မှုများ၌ ကြံရာပါ ပတ်သက်မှု ဖြစ်ကြောင်း၊ ၎င်းအား ပြတ်သားစွာ အရေးယူဆောင်ရွက်မှုသည် စင်ကာပူနိုင်ငံ၏ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာ ဆောင်ရွက်မှု၊ ကော်ပိုရိတ် တာဝန်ခံမှုအတွက် သာဓဏကောင်းတစ်ခု ပြသနိုင်မည်ဖြစ်ကြောင်းလည်း အိတ်ဖွင့်ပေးစာ၌ပါရှိသည်။
အိတ်ဖွင့်ပေးစာ၌ (၁) Interra Resources က မြန်မာစစ်အုပ်စုထံ ရေနံစိမ်းထောက်ပံ့မှုကို ချက်ချင်းရပ်တန့်စေရန် (၂) လူ့အခွင့်အရေးချိုးဖောက်မှုများတွင် နောက်ထပ် ကြံရာပါပတ်သက်မှုမရှိစေရေး ကာကွယ်သည့် အနေဖြင့် Interra Resources အား စင်ကာပူစတော့အိတ်ချိန်းမှ စာရင်းပယ်ဖျက်ရန် (၃) Interra Resources ၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းဆောင်ရွက်မှုများအပေါ် စနစ်တကျ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန်နှင့် ကုမ္ပဏီအား စစ်ရာဇဝတ်မှုတွင် အားပေးကူညီခဲ့ခြင်း၊ ထို့အပြင် MOGE အား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် မြန်မာစစ်တပ်က တရားမဝင် ထိန်းချုပ်ထားသည်ဖြစ်ရာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့မှုများအတွက် ရာဇဝတ်ကြောင်းအရ အရေးယူ တာဝန်ခံစေရန် (၄) မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)၊ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးဘဏ် (MICB)၊ မြန်မာ့စီးပွားရေးဘဏ် (MEB) တို့အပါအဝင် စစ်အုပ်စု ထိန်းချုပ်ဘဏ်များအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် တို့အား မကွေးအခြေစိုက်အင်အားစုများက တောင်းဆိုထားသည်။
ဗဟိုချုပ်ကိုင်မှုစနစ်သည် ဆယ်စုနှစ် ခုနနှစ်ခုကျော်တိုင် နက်ရှိုင်းသော နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်ရုံမက ပိုမိုရှုပ်ထွေးသည့်ပြဿနာများကို ဖြစ်ပေါ်စေသည့်အတွက် ယင်းစနစ်ကို ပြန်လည်အားကောင်းစေမည့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ် (Holding Together) ကို လက်ခံကျင့်သုံးမည် မဟုတ်ဘဲ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး(Bottom-up Federalism) အခြေခံချဉ်းကပ်မှုဖြင့်သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီ ကိုးခုက ပြည်ထောင်စုနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်အား ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD) ၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ၊ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ (MSFC) ၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)(WLB) တို့က စုပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။
ပြည်ထောင်စုတည်ဆောက်ရေးအတွက် တော်လှန်ရေးကာလ/ကြားကာလမှ စတင်ကာ ဖွဲ့စည်းပုံအခြေခံကဲ့သို့ သက်ရောက်မှုရှိသော အုပ်ချုပ်ရေးစာတမ်း (Governing Document) အဖြစ် ကျင့်သုံးဆောင်ရွက်ရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာ အခြေခံဥပဒေ (Articles of Federal Transitional Arrangement – AFTA) ကိုလည်း စတင်ပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) ၊ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) မှ နုတ်ထွက်ထားသည့် ဂဠုန်စစ်ကြောင်းအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် စစ်ရေးဖော်ဆောင်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၏Chain of Command (COC) အောက်သို့ အလုံးစုံ ပူးပေါင်းကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဂဠုန်စစ်ကြောင်းအား ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၆)၊ KNDO တပ်ရင်း(၆)နယ်မြေတွင် စတင်တည်ထောင်ကာ NUG– MoD အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ (၃) ကွပ်ကွဲမှုအောက်၌ တိုင်းရင်းသား မဟာမိတ်တပ်ပေါင်းစုများနှင့် ပူးပေါင်း၍ စစ်ရေးဖော်ဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် NUG-MoD ကွပ်ကဲမှုအောက်၌ ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိသည့်အတွက် နုတ်ထွက်ခွင့်တင်ကာ ၂၀၂၅ ဇန်နဝါရီ ၂၉ ရက်တွင် တရားဝင်နုတ်ထွက်ခွင့်ရရှိပြီးဖြစ်ကြောင်းလည်း ဂဠုန်စစ်ကြောင်းက ကြေညာထားသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက် နေထိုင်ကြမည့် ပြည်သူများအတွက် စည်းကမ်း (၁၂) ချက်နှင့် မြို့ဖြတ်သန်းမည့် ကုန်တင်ယာဉ်များအတွက် စည်းကမ်းချက် (၉) ချက်အား ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (Chin Defense Force –Mindat) က ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြို့တွင်း ပြန်လည်ဝင်ရောက်မည့်သူများသည် မြို့သိမ်းကာလအတွင်း တော်လှန်ရေးရန်ပုံငွေအဖြစ် ထည့်ဝင်ထားကြောင်း ထောက်ခံချက်ဖြင့်သာ ဝင်ရောက်ခွင့်ရမည်ဖြစ်ကာ မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံချက်အား အခမဲ့တောင်းယူနိုင်ကြောင်း၊ ရန်ပုံငွေမထည့်ထားသူများမှာ မြို့ဝင်ဂိတ်၌ တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ကာ ယင်းဖြတ်ပိုင်းဖြင့်သာ မြို့တွင်း ပြန်လည်ဝင်ရောက်ခွင့်ရမည်ဟုလည်း CDF-Mindat က ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေးပြဿနာများအား ဖြေရှင်းရာ၌ ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည် မဟုတ်ဟု ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပါတီ ဒုတိယဗဟိုကော်မတီ၏ ကြားကာလ ပဥ္စမအကြိမ်အစည်းအဝေးပြုလုပ်ပြီးနောက် ပါတီဥက္ကဋ္ဌ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအား နည်းလမ်းစုံသုံး၍ ကြိုးပမ်းဆောင်ရွက်ရန်၊ အာဏာလုစစ်ကောင်စီက ကျင်းပရန် ကြံစည်နေသည့် အတုအယောင် ရွေးကောက်ပွဲအား အသိအမှတ်မပြုရန်နှင့် ပူးပေါင်းခြင်း မပြုလုပ်ရန်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖယ်ရှားရေးအတွက် တိုင်းရင်းသားများ အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး တိုးမြှင့်ရန် အပါအဝင် ဆုံးဖြတ်ချက် ကိုးချက်အား ကန့်ကွက်သူမရှိ အတည်ပြု ချမှတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
အွန်လိုင်းအခြေပြု ပြုလုပ်သည့် ယင်းအစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် (၁) ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၃) ဦး၊ ဗဟိုကော်မတီဝင် (၃၉) ဦး၊ အရန်ဗဟိုကော်မတီ (၁၃)ဦး၊ တိုင်းနှင့် ပြည်နယ်အလုပ်အမှုဆောင် (၂၀) ဦး၊ ဗဟိုရေးရာကော်မတီမှ (၁၄) ဦး၊ စုစုပေါင်း (၉၀) ဦးအထိ တက်ရောက်သည်။
အကြမ်းဖက်စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲဖြင့် တိုင်းပြည်အာဏာကို ဆက်လက်ထိန်းချုပ်ရန် ကြိုးပမ်းနေကာ ပြည်တွင်းစစ်မီး ပိုမိုရှည်ကြာစေမည်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ပိုအလှမ်းဝေးစေရန် ဦးတည်နေကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါနေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး ဒုတိယနေ့တွင် အတည်ပြုထုတ်ပြန်ခြင်းဖြစ်ကာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် စစ်အုပ်စု၏ အာဏာ ဆက်လက်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုအပြင် မည်သည့်ကြိုးပမ်းချက်ကိုမဆို ဆက်လက်ကန့်ကွက် ရှုတ်ချကြောင်း အပါအဝင် တောင်းဆို၊ တိုက်တွန်းချက် ရှစ်ချက် ကိုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် လက်ရှိ နိုင်ငံပြဿနာများဖြေရှင်းနိုင်ရေးအတွက် အလွန်အရေးကြီးကြောင်း C2N3 က ဇန်နဝါရီ ၃ ရက်တွင် ပူးတွဲထုတ်ပြန် ကြေညာလိုက်သည်။
C2N3 မှာ ချင်းညီနောင်တပ်ဖွဲ့ (Chin Brotherhood - CB) ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ဖြစ်သည်။
C2N3 ၏ဘုံရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး အသွင်သဏ္ဍာန်နှင့် အနှစ်သာရ ပြောင်းလဲမည့် စနစ်ပြောင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဟု ဖော်ပြထားကာ ပူးတွဲကြေညာချက်၌ အချက် ၁၀ချက် ပါရှိသည်။ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် နယ်နိမိတ်ပိုင်းခြား သတ်မှတ်ရေးကိစ္စရပ်များကို အသွင်ကူးပြောင်းရေးကာလ ရောက်ရှိသည့်အခါ ပြည်သူလူထု၏ ဆန္ဒကို အခြေခံ၍ မည်သည့် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ အဓိက သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကာ အင်အားစုများအချင်းချင်းကြားရှိ မည်သည့်အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသောနည်းလမ်းဖြင့်သာ ဖြေရှင်းသွားမည်ဟုလည်း ဖော်ပြထားသည်။
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အမျိုးသမီး ခေါင်းဆောင်မှု အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထိ ပါဝင်လာရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်ချက်အဖြစ် ညီလာခံက အတည်ပြုခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (Ta’ang Women’s Organization - TWO) က ကြေညာလိုက်သည်။
TWO ၏ ၁၀ ကြိမ်မြောက် ညီလာခံနှင့် အလုပ်အမှုဆောင်အစည်းအဝေးအား ဇန်နဝါရီ ၂၇ မှ ၃၁ ရက်အထိ စုစုပေါင်း ၉၂ ဦးဖြင့်ပြုလုပ်ပြီးနောက် ထိုသို့လမ်းညွှန်ချက် ချမှတ်ကြောင်း စာအမှတ် (၀၁/၂၀၂၅) ဖြင့် ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။ TWO သည် ငြိမ်းချမ်းရေး၊ ကျား-မ တန်းတူရေး၊ တရားမျှတရေး၊ အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေး၊ တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားရန် ညီလာခံက လမ်းညွှန်အတည်ပြုထားသည်။ ထို့ပြင် တအာင်းပြည်တော်လှန်ရေးကာလအစိုးရ ဖွဲ့စည်းရေးကို ကြိုဆိုကာ ကဏ္ဍတိုင်း၌ အမျိုးသမီးကိုယ်စားပြု ပါဝင်မှုကို ထည့်သွင်းသွားရန်လည်း တိုက်တွန်းထားသည်။
ဒေသန္တရအစိုးရများ အားကောင်းရေးမှသည် ချင်းပြည် (Chinland) အစိုးရ အားကောင်းရေး၊ ချင်းပြည် (Chinland) အစိုးရ အားကောင်းရေးမှသည် ပြည်ထောင်စုအစိုးရ အားကောင်းရေးမူနှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်မည်ဟု ချင်းပြည် (Chinland) ကောင်စီက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
ချင်းပြည်ကောင်စီ၏ ပထမသက်တမ်း၊ စတုတ္ထအကြိမ် ကောင်စီအစည်းအဝေးအား ဇန်နဝါရီ ၂၉ မှ ၃၁ ရက်အထိ ကိုယ်စားလှယ် ၁၀၃ ဦး၊ လေ့လာသူ ၁၅ ဦးဖြင့် ပြုလုပ်ပြီးနောက် ကြေညာချက်အမှတ် (၀၄/၂၀၂၅) ဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ချင်းပြည် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုဖြင့် ချင်းအမျိုးသား တပ်မတော် (CNF) နှင့် ဒေသန္တရ ကာကွယ်ရေး ၁၉ ဖွဲ့ စုဖွဲ့ထားသည့် ချင်းပြည်အစိုးရတပ်သည် ၂၀၂၄ ခုနှစ်အတွင်း ပြည်နယ်အတွင်းရှိ မြို့ ခုနစ်မြို့ကို သိမ်းပိုက်ထားပြီး ဖြစ်ကြောင်းလည်း ကြေညာချက်၌ ပါရှိသည်။
မကွေးတိုင်းအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တည်ထောင်ထားသည့် အောင်ဆန်းဘာသာရပ်စုံတက္ကသိုလ်အား အကြမ်းဖက်စစ်အုပ်စုက ဇန်နဝါရီ ၃၀ ရက်တွင် လေကြောင်းမှ ရှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက်၂၀ နှစ်အရွယ် ကျောင်းသူတစ်ဦး သေဆုံးခဲ့သည်။
တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အကြမ်းမဖက် အာဏာဖီဆန်မှု -CDM လုပ်ထားသည့် ပါမောက္ခတစ်ဦး၊ ကျောင်းသား/သူ နှစ်ဦးနှင့် အပြစ်မဲ့ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ရေးပစ်မှတ်မဟုတ်သည့် ကျောင်းနှင့် လူနေအိမ်များအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေများ (International Humanitarian Law) ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများ (International Human Rights Law) အား ချိုးဖောက်ရာရောက်ကြောင်း NUG ပညာရေးဝန်ကြီးက ထုတ်ပြန်ထားသည်။
ပြည်ထောင်စုအစုအဖွဲ့၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အင်အားစုများ၏ အကြံပြုချက်များ၊ သုံးသပ်ချက်နှင့် ဆွေးနွေးချက်များအား လေ့လာသုံးသပ်ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ရေးဆွဲပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပထမမူကြမ်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ရေးဆွဲပြီးနောက် ပြည်တွင်းပြည်ပ ပညာရှင်များ၊ ပြည်ထောင်စုနှင့် ယူနစ်အတွင်းမှ ပုဂ္ဂလိက၊ အင်အားစုများ၊ အဖွဲ့အစည်းများမှ ပေးပို့ချက်များအားလေ့လာသုံးသပ်ကာ ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်သည်။
ယခု ဒုတိယမူကြမ်း၌ အခန်း ၁၈ ခန်း ပါဝင်ကာ အခြေခံမူများ၊ အခြေခံအခွင့်အရေးများ/ရပိုင်ခွင့်နှင့် တာဝန်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ဖွဲ့စည်းတည်ဆောက်ပုံ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ စာရင်းစစ်ချုပ်၊ တရားစီရင်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ဘဏ္ဍာရေးနှင့် အခွန်ဆိုင်ရာ ပြဌာန်းချက်များ၊ တိုင်းရင်းသားရေးရာကဏ္ဍ၊ လူသားချင်းစာနာမှုနှင့် ပြန်လည်ထူထောင်ရေး၊ ပညာရေး/ကျန်းမာရေး/လူမှုဖူလုံရေး၊ ရွေးကောက်ပွဲဆိုင်ရာ ပြဌာန်းချက်များ၊ အသွင်ကူးပြေင်းရေးကာလဆိုင်ရာ ပြဌာန်းချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ အထွေထွေပြဌာန်းချက်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ဥပဒေပြုခွင့်ရှိသော နယ်ပယ်များတို့ ဖြစ်သည်။
ဒုတိယမူကြမ်းအား ပိုမိုပြည့်စုံကောင်းမွန်စေရန်အတွက် ပုဂ္ဂလိက၊ အင်အားစု၊ အဖွဲ့အစည်းများအနေဖြင့် သုံးသပ်၊ အကြံပြုချက်များအား တစ်လအတွင်း ပြန်လည်ပြုစုပေးပို့ရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းကူညီ ဆောင်ရွက်ရန် သဘောတူညီထားပြီ ဖြစ်ကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independent Organization/People Independent Army - PIO/PIA) က ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် PIA ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ လွတ်မြောက်နယ်မြေ၌ ဆွေးနွေးပြီးနောက် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ ဆွေးနွေးမှု၌ အနာဂတ် ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေး ရည်မှန်းချက်နှင့် တော်လှန်ရေးကာလအတွင်း စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်လိုက်နာရေးကိစ္စများလည်း ပါဝင်သည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ "ပ" သုံးလုံးအဖွဲ့များအား ပြန်လည်စိစစ်ကာ လူထုရွေးချယ်မှုဖြင့် ပြင်ဆင်ဖွဲ့စည်းရန် အချိန်ကျပြီဟု ယောကာကွယ်ရေးတပ် (YDF) ဗဟိုစစ်ရုံးချုပ်က ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။
“ပ"သုံးလုံးအဖွဲ့များဖြစ်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များသည် မြို့သိမ်းတိုက်ပွဲ အကြောင်းပြ၍ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ငွေကြေးခွဲတမ်း ကောက်ခံခြင်း၊ ယင်းကို ဖြေရှင်းရန် မိုးကျရွှေကိုယ် အခွင့်အရေးသမားများအား ဖယ်ထုတ်ကာ အာဏာအလွဲသုံးစား ကိုယ်ကျိုးရှာမှုကို ရပ်တန့်နိုင်မည် ဖြစ်ကြောင်း၊ YDF အနေဖြင့် ပြည်သူနှင့် တသားတည်းရပ်တည်ကာ ပြည်သူ့ဆန္ဒနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့များ ပေါ်ပေါက်လာရန် ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အကြမ်းဖက်စစ်အုပ်စုက ခုတင် ၁၅၀ ဆံ့ ကျောက်မဲဆေးရုံအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် CDM ကျန်းမာရေးဝန်ထမ်းနှင့် ရုံးဝန်ထမ်း၊ လူနာတစ်ဦး၊ စုစုပေါင်း သုံးဦးသေဆုံးကာ ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ရာ ယင်းဖြစ်စဉ်သည် လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်သာ ဖြစ်ကြောင်း ကျန်းမာရေးမိသားစု - မန္တလေး (MFM) က ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကျောက်မဲဆေးရုံးအား ယင်းနေ့ နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကာ ကျောက်မဲမြို့အား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က သိမ်းပိုက်ပြီးနောက် ယင်းဆေးရုံး၌ ကျန်းမာရေးဆောင်မှုပေးနေခြင်း ဖြစ်သည်။ ဆေးရုံအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတကာ တားမြစ်ထားသည့် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် တိုက်ပွဲကာလ အရပ်သားများအား ကာကွယ်ပေးရမည့် နိုင်ငံတကာ တားမြစ်ချက်များကို ပေါ်ပေါ်ထင်ထင် ကျူးလွန်ခြင်းပင် ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် PSLF/TNLA က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအား ဒေသတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခများ ပိုမိုဆိုးရွားနိုင်စေသည်သာမက ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများကိုပါ ထိခိုက်စေမည့် ဆိုက်ဘာနှင့် အခြားရာဇဝတ်မှုများ၏ဗဟိုချက်မ မဖြစ်လာစေရေးအတွက် ကာကွယ်တားဆီးရန် ခိုင်မာစွာ သိန္နိဋ္ဌာန်ချထားကြောင်း မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများက ဇန်နဝါရီ ၂၀ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။
အဆိုပါ သဘောထားထုတ်ပြန်ချက်အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ၊ မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး (NMSP-AD) ၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) နှင့် အခြားအဖွဲ့အစည်းများက စုပေါင်းထုတ်ပြန်ခြင်း ဖြစ်သည်။
မြန်မာ့စစ်ရေးပဋိပက္ခအပေါ် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ အမြတ်ထုတ်မှုကြောင့် ပိုမိုကြီးထွားလာသည့် ဆိုက်ဘာရာဇဝတ်များကြောင့် လူကုန်ကူးမှု၊ အလွဲသုံးစားလုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ဆိုက်ဘာ လိမ်လည်မှုများ သိသိသာသာ များပြားလာနေကာ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းအာဏာတည်မြဲရေးအတွက်သာ အာရုံစိုက်လုပ်ကိုင်နေကာ ယင်းပြဿနာအား ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် မစွမ်းဆောင်နိုင်ခြင်း သို့မဟုတ် စိတ်ဆန္ဒ မရှိခြင်းတို့ တွေ့ရှိနေရသည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
နိုင်ငံဖြတ်ကျော်မှုခင်းများ ထိရောက်စွာ တိုက်ဖျက်ရေးအတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့အား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ ထိရောက်သောလမ်းကြောင်းများ တည်ထောင်သွားရန်လည်း တောင်းဆိုထားသည်။
ဒေသတွင်း ပူးတွဲစစ်ဆင်ရေး လုပ်ငန်းများအတွက် “ရာမည ပူးတွဲစစ်ကြောင်း” အား ဇန်နဝါရီ ၁၇ ရက်တွင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း မွန်လက်နက်ကိုင်လေးဖွဲ့က ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာလိုက်သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တစ်ခုတည်းသော တပ်တော် ဖွဲ့စည်းရေး သဘောတူညီကြောင်း ကြေညာပြီးနောက် တစ်လအကြာတွင် ပူးတွဲစစ်ကြောင်း ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ပူးတွဲစစ်ကြောင်း၌ မွန်ပြည် လွတ်မြောက်ရေး တပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့ ပါဝင်သည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်) (MNDAA) နှင့် မြန်မာစစ်တပ်အကြား ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အား တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က တနင်္လာနေ့တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံ ကူမင်းမြို့တွင် နှစ်ဘက်တွေ့ဆုံပြီးနောက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ သဘောတူညီချက် အပြည့်အစုံအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်မှ အသေးစိပ် ထုတ်ပြန်ထားခြင်း မရှိသော်လည်း အပစ်ရပ်မှုနောက်ဆက်တွဲအဖြစ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းရွှေဟော်နယ်စပ်ဂိတ်အား တရုတ်အာဏာပိုင်များက ဇန်နဝါရီ ၁၉ ရက်တွင် ပြန်ဖွင့်ပေးခဲ့သည်။
လားရှိုး အပါအဝင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အား MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တရုတ် ကြားဝင်မှုဖြင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အတွက် နယ်စပ်ကုန်သွယ်မှုများအား ပိတ်ဆို့ခြင်း၊ ကိုးကန့်ဒေသတွင်း "ဝ" ပြည်နယ်မှတဆင့် စီးဝင်နေသည့် ကုန်သွယ်မှုများအား ဖြတ်တောက်ခြင်း၊ MNDAA ခေါင်းဆောင် ဖုန်တာရွှင်အား တရုတ်နိုင်ငံ၌ ထိန်းသိမ်းခြင်းများအား တရုတ်က ဆက်တိုက်ပြုလုပ် ဖိအားပေးခဲ့သည်။ ယင်းဖိအားများကြောင့် ဆွေးနွေးမှုများ ပြန်လည်ရှိလာပြီးနောက် ယခုကဲ့သို့ အပစ်ရပ် သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ သတင်းရင်းမြစ်များကို ကိုးကား၍ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့မှ ကိုးကန့်တပ်များမှာ ယခုနှစ် ဇွန်လတွင် ပြန်လည်ဆုတ်ခွာပေးရမည်ဟု Myanmar Now ကထုတ်ဖော် ရေးသားထားသည်။ လက်ရှိတွင် MNDAA က လားရှိုးမြို့၌ စစ်ရေးအုပ်ချုပ်မှုကော်မတီအား ဖွဲ့စည်းလည်ပတ်လျက် ရှိသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးရှိ အာရက္ခတပ်တော် (AA) ၏ စစ်သုံ့ပန်းများ ထားရှိရာနေရာအား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီး ၂၈ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် ဆက်တိုက်တိုက်ခိုက်ခံရခြင်းဖြစ်ကာ သေဆုံး၊ ဒဏ်ရာရ စစ်သုံ့ပန်းများမှာ ရခိုင်ဒေသ စစ်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်မိသားစုဝင်များဖြစ်ပြီး ပြန်လွှတ်ပေးရန် စီစဉ်ထားသဖြင့် ယင်းနေရာ၌ ယာယီထိန်းသိမ်းထားစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ သေဆုံးသူများအနက် အသက်(၂) နှစ်အရွယ် ကလေးငယ်များပင် ပါဝင်ပြီး ထိခိုက်သူအချို့မှာ ဒဏ်ရာပြင်းထန်သဖြင့် အရေးပေါ် ကုသမှုခံယူနေရကာ နောက်ထပ် သေဆုံးသူ ရှိလာနိုင်သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါဝင်သည်။
တီးတိန်မြို့နယ်တွင် ကြားကာလ ချင်းအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ချင်းညီနောင် (CB) ဦးဆောင်မှုဖြင့် မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးလုပ်ဆောင်ရန် အပြင်းအထန် လုပ်ဆောင်နေချိန်ဖြစ်၍ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အခြားသော ချင်းပြည်ကောင်စီ (Chinland Council) အဖွဲ့ဝင်များက စစ်ရေးလှုပ်ရှားမှုများအား အမြန်ဆုံး ပြန်လည်ရုပ်သိမ်းရန် တီးတိန်မြို့နယ် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
မိမိတို့သည် ၂၀၂၀ ရွေးကောက်ပွဲ၌ တီးတိန်မြို့နယ် ပြည်သူများ၏ ရွေးချယ်တင်မြှောက်ခြင်းခံရကာ စစ်တပ်အာဏာသိမ်းစဉ်ကတည်းက ပြည်သူနှင့်အတူ မည်သည့်အာဏာရှင်ကိုမဆို ဆန့်ကျင်တော်လှန်မည့်ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း ထုတ်ပြန်ချက်အား စတင်ထားသည်။
CB ဦးဆောင်မှုဖြင့် မြို့သိမ်းစစ်ဆင်ရေးလုပ်ဆောင်ရန် အပြင်းအထန်ပြင်ဆင်နေသည့်ကာလတွင် CNF နှင့် People Defense Army (PDA) ၊ CC အဖွဲ့ဝင်များက နိုင်ငံရေးအရ လက်ဦးမှုယူကာ အနှောင့်အယှက်ပေးမှုများ ပြုလုပ်နေကြောင်း၊ ယင်းလုပ်ရပ်များ ခပ်စိပ်စိပ် ဖြစ်ပေါ်လာခြင်း အကျိုးဆက်ကြောင့် ဒေသတွင်း ချင်းလူမျိုးနှင့် ချင်းတော်လှန်ရေးလက်နက်ကိုင် အချင်းချင်းအကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်သည့်အတွက် သတိပေးထုတ်ပြန်ခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ခုနစ်ခုတွင် အကြမ်းဖက်စစ်အုပ်စုက မတရားဥပဒေမျိုးစုံသုံး၍ ဖမ်းဆီးကာ အတင်းအဓမ္မစစ်မှုထမ်းရန် ခေါ်ဆောင်ခံရသူပေါင်း ၁၂၂ ဦးထက်မနည်း ရှိသည်ဟု မန္တလေး သပိတ်အင်အားစုက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
သတင်းမီဒီယာများအပေါ်အခြေခံ၍ ကောက်ယူစုဆောင်းထားမှုအရ အောင်မြေသာဇံ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်တွင် ၁၉ ဦးစီ၊ ချမ်းအေးသာဇံနှင့် ပုသိမ်ကြီးတွင် ၁၅ ဦးစီ၊ မဟာအောင်မြေတွင် ၁၇ ဦး၊ အမရပူရတွင် ၁၈ ဦး၊ စုစုပေါင်း ၁၂၂ ဦးထက် မနည်း မတရားဖမ်းဆီးခံရခြင်းဖြစ်ကာ မြေပြင်တွင် ယင်းပမာဏထက် ပိုများနိုင်သည်ဟု သပိတ်အင်အားစုက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
နေ့/ညအချိန်မရွေး ဖမ်းဆီးခြင်း၊ ညပိုင်းများ၌ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခြင်း၊ အလုပ်ပြန် အခြေခံလူတန်းစားလူငယ်များအား ပြစ်မှတ်ထား ဖမ်းဆီးခြင်း၊ ဆိုက်ဘာလုံခြုံရေးဥပဒေ အကြောင်းပြကာ ဖုန်းများအား စစ်ဆေးခြင်း၍ ဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံခြင်းပုံစံများအား အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်မပြတ် ကျူးလွန်နေကြခြင်း ဖြစ်ကြောင်းနှင့် မတရားဖမ်းဆီးခံရမှုမှ ရှောင်ရှားနိုင်ရေး အကြံပြုချက်လေးချက်ကိုလည်း မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ပေးထားသည်။
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) အား ပြည်သူများ၏ အကြံပြုချက်များအား ထည့်သွင်းစဉ်းစား၍ အခန်း(၁) မှ (၄) အထိ စုစုပေါင်း လေးခန်းအား အကြမ်းရေးဆွဲပြီးဖြစ်ကြောင်း မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
လုပ်ငန်းကော်မတီ ထုတ်ပြန်ချက်၌ လျာထား မာတိကာများနှင့် အခန်း (၄) ခန်းအား ပြည်သူလူထု သိရှိစေရန်နှင့် အကြံပြုချက်များ ထပ်မံပေးပို့နိုင်ရန် ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်ကာ ရေးဆွဲပြီး မူကြမ်း အခန်းလေးခုမှာ "အခန်း(၁) - ရည်ရွယ်ချက်"၊ "အခန်း (၂) - စံတန်ဖိုး"၊ "အခန်း (၃) – အခြေခံမူများ"၊ "အခန်း (၄) – အခြေခံအခွင့်အရေး၊ ရပိုင်ခွင့်နှင့် တာဝန်များ" တို့ ဖြစ်သည်။
"အခန်း (၅) - မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ"၊ "အခန်း (၆) – ကြားကာလ ဥပဒေပြုရေး"၊ "အခန်း (၇) – ကြားကာလ အုပ်ချုပ်ရေး"၊ "အခန်း (၈) – ကြားကာလ တရားစီရင်ရေး"၊ "အခန်း (၉) – ဖက်ဒရယ်ပြည်ထောင်စု၊ အခြား ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် မန္တလေးဒေသအကြား ဆက်သွယ်ဆက်ဆံရေး"၊ "အခန်း (၁၀) – အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ပြဌာန်းချက်များ"၊ "အခန်း (၁၁) – ကြားကာလ နိုင်ငံရေးအစီအမံကို ပြင်ဆင်ခြင်း"၊ "အခန်း (၁၂) – အထွေထွေပြဌာန်းချက်များ" တို့မှာ မူကြမ်းရေးဆွဲရန် ကျန်ရှိနေသေးသည်။
ဇိုမီးလူမျိုးများ၏ မြို့တော်ဖြစ်သည် တီးတိန်မြို့အား ချင်းပြည် ကြားကာလအတိုင်ပင်ခံကောင်စီ (ICNCC) ကာကွယ်ရေးတပ်ဖြစ်သည့် ချင်းညီနောင် (Chin Brotherhood – CB) က လွတ်မြောက်နယ်မြေအဖြစ် ဖော်ဆောင်ရန် လုပ်ငန်းစဉ်များချမှတ်ထားပြီးဖြစ်ကာ စစ်ကောင်စီ၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA) နှင့် PDA စသည့် မည်သည့်အဖွဲ့အစည်းကိုမှ မြို့ပေးအပ်မည် မဟုတ်ကြောင်း Zomi Federal Union/PDF Zoland က ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
တီးတိန်မြို့နယ်ကောင်စီက PDA-Tedim ဖြင့် မြို့သိမ်းမည်ဖြစ်ကာ မည်သည့်အဖွဲ့အစည်းကမှ ကန့်ကွက်ခွင့် မရှိကြောင်းနှင့် မည်သည့် တော်လှန်ရေးအဖွဲ့အစည်းမဆို လာရောက်ပူးပေါင်းရေး အကူအညီတောင်းဆိုကြောင်း ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ပြီးနောက် ZFU/PDF Zoland က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။
“လက်ရှိ ချင်းပြည်အရေးအား ပြည်သူသို့ တင်ပြခြင်း" အမည်ဖြင့် ZFU/Zoland ၏ ထုတ်ပြန်ချက်၌ "ဤ ထုတ်ပြန်ချက်သည် စစ်ကောင်စီ၊ PDA ၊CNF နှင့် အပေါင်းအပါများ၏ ထိပါးဆောင်ရွက်ချက်များကို ထုတ်ဖော်ပြောကြားရန်"ဟု ဖော်ပြထားကာ တားမြစ်သည့်ကြားမှ ကျူးကျော်ဝင်ရောက်လာပါက ICNCC/CB နှင့် လက်တွဲကာ ပြတ်ပြတ်သားသား တိုက်ထုတ်သွားမည်ဟုလည်း သတိပေးထားသည်။
တီးတိန်မြို့သိမ်းတိုက်ပွဲအား မဟာမိတ်တပ်များနှင့်အတူ ကောင်စီလက်အောက်ခံ PDA-Tedim က ဖော်ဆောင်မည်ဖြစ်ကာ မည်သည့်အဖွဲ့အစည်းကမှ ကန့်ကွက်ခွင့်မရှိကြောင်းနှင့် အမှန်တကယ် အကြမ်းဖက်စစ်အုပ်စု ကင်းစင်စေလိုသော မည်သည့်တော်လှန်ရေးအဖွဲ့အစည်းမဆို လာရောက်ပူးပေါင်းရေး အကူအညီတောင်းဆိုကြောင်း တီးတိန်မြို့နယ်ကောင်စီ (Tedim Township Council) က ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် တီးတိန်မြို့နယ်အတွင်း၌ အကြမ်းဖက်စစ်အုပ်စုအား လက်နက်ကိုင်တော်လှန်နေသည့်PDA-Tedim ၊ PDF-Zoland ၊ CDM-Siyin ၊ Hualngoram-CDF အပြင် လက်နက်ကိုင်ထားသော်လည်း တော်လှန်ခြင်းမရှိသည့် ZRA-EC ဟူ၍ လက်နက်ကိုင်ငါးဖွဲ့ ရှိသည်။
PDA-Tedim သည် ချင်းပြည်ကောင်စီ (ChinlandCouncil) နှင့် စစ်ရေးအရ ပူးပေါင်းမှုအား ဆက်လက်ထားရှိရန်၊ အုပ်ချုပ်ရေးယန္တရားများ ဆောင်ရွက်ရန် ၂၀၂၄ ခုနှစ်အောက်တိုဘာ ၇ ရက်တွင် တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကောင်စီအား ဖွဲ့စည်းကြောင်း အထွေထွေအတွင်းရေးမှူး ပူဇိုခန့် အမည်ဖြင့် ထုတ်ပြန်ထားကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည့် ကြေညာချက်၌မူ တီးတိန်မြို့နယ်ကောင်စီဟု ပြောင်းလဲသုံးနှုန်းထားသည်။
၂၀၂၄ ခုနှစ်အတွင်း နိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုနှင့် လက်အောက်ခံ အဖွဲ့အစည်းများက ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်များအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန (MOHR) က မဟာဗျူဟာ လေးရပ်နှင့်အညီ တရားမျှတမှု ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှမှု ရှိစေရေး ဆောင်ရွက်ခဲ့မှုများအား "၂၀၂၄ခုနှစ် လူ့အခွင့်အရေးအခြေအနေစစ်တမ်း" အမည်ဖြင့် ရုပ်သံဖိုင်အား ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
MOHR သည်၂၀၂၄ ခုနှစ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအား စနစ်တကျ မှတ်တမ်းတင်ခြင်း၊ တရားမျှတမှု ဖော်ဆောင်ရေးအတွက် နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ခြင်း၊ NUG မူဝါဒများအား လူ့အခွင့်အရေး စံချိန်စံညွှန်းများဖြင့် ကိုက်ညီစေရန် ဆောင်ရွက်ခြင်းနှင့် လူ့အခွင့်အရေး ပညာပေးခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံမှု၌ ဖော်ပြထားသည်။
ဝန်ကြီးဌာန အစီရင်ခံမှုအရ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၇,၃၉၄ ရှိခဲ့ကာ အတည်ပြုနိုင်သည့်ဖြစ်စဉ် ၁,၂၂၈ မှု၊ အထောက်အထား အစုံအလင်ဖြင့် မှတ်တမ်းနိုင်သည့် ဖြစ်စဉ် ၃၂၄ မှုနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) သို့ ပေးပို့နိုင်သည့် ဖြစ်စဉ် ၉၃ မှုအထိ ရှိသည်။
မတရား စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် အကြမ်းဖက်စစ်အုပ်စုက အတင်းအကြပ် စစ်မှုထမ်းရန် ဥပဒေမဲ့ဖမ်းဆီးမှု ၁,၁၆၉ မှု ရှိကာ အဓမ္မစစ်မှုထမ်းရန် စေခိုင်းခံရသူပေါင်း ၂၂,၈၆၃ ဦးရှိကြောင်းလည်း MOHR အစီရင်ခံမှု၌ ပါဝင်သည်။
၁၀:၂၇ စစ်ဆင်ရေး၌ သိမ်းပိုက်ထားသည့် မြို့ပေါင်း ၁၂ မြို့အပါအဝင် တအာင်းတပ်မတော် အခြေစိုက်သည့် နယ်မြေဒေသများ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများအား တာဝန်ခံမှုရှိစွာ ဦးဆောင်စီမံအုပ်ချုပ်ရေးအတွက် ဒေသခံပြည်သူများ ပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်အောင်ဆောင်ရွက်မည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
PSLF နှစ်ပတ်လည်ညီလာခံအား ဇန်နဝါရီ ၃ ရက်မှ ၇ ရက်အထိ ဗဟိုကော်မတီ၊ အရံဗဟိုကော်မတီ၊ လုပ်ငန်းဌာနမှူး၊ တပ်မှူး၊ ခရိုင်မှူးနှင့် ဖိတ်ကြားထားသူ စုစုပေါင်း ၁၇၃ ဦးဖြင့် ပြုလုပ်ပြီးနောက် မြန်မာ၊ တအာင်း၊ အင်္ဂလိပ်၊ တရုတ် လေးဘာသာဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်၌ တအာင်းတပ်မတော်အား တပ်မဟာ (၉) ခုအထိ တိုးချဲ့ပြင်ဆင်ကာ အုပ်ချုပ်ရေးလုပ်ငန်းများအတွက် မြို့ (၁၈) မြို့ ပါဝင်သည့် ခရိုင် (၅) ခုကိုလည်း ပြင်ဆင်စုဖွဲ့ရန် သဘောတူညီခဲ့ကြောင်း၊ လက်ရှိတွင် ဘုံရန်သူဖြစ်သည့် နစက မြန်မာစစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုနှင့် ဆက်တိုက်ကြုံတွေ့နေရကာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ နွေဦးတော်လှန်ရေးအင်အားစုများ အားလုံးအနေဖြင့်စုပေါင်းရုန်းကန်၍ တော်လှန်ရေးအရှိန် အမြင့်ဆုံးလွှင့်တင်ရမည့် အချိန်အခါဟု ရှုမြင်သုံးသပ်ကြောင်းလည်း ပါရှိသည်။
PLSF/TNLA သည် ၁၀:၂၇ စစ်ဆင်ရေးအတွင်း မိုင်းလုံ၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနှင့် သီပေါမြို့တို့အား တိုက်ခိုက်သိမ်းပိုက်ထားသည်။
မြန်မာနိုင်င့အတွင်း အကြမ်းဖက်မှုအားလုံး ချက်ချင်း အဆုံးသတ်ရန်နှင့် ပဋိပက္ခများ ရပ်တန့်ရန်၊ တင်းမာမှုများ ဖြေလျှော့ရန်နှင့် မတရားဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးအား ပြန်လွှတ်ပေးရန် တိုက်တွန်းထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) အား အကောင်အထည်ဖော်ရန် နိုင်ငံပေါင်း ၁၀ ခုက ထပ်မံတိုက်တွန်းထားသည်။
ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့် ကိုယ်စားလှယ်၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ တီမောနှင့် ယူနိုက်တက်ကင်းဒမ်း အစိုးရများက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အဖြေရှာရေးအတွက် ဇန်နဝါရီ ၆ ရက်တွင် ပူးတွဲထုတ်ပြန် တိုက်တွန်းထားခြင်း ဖြစ်သည်။
တိုက်တွန်းကြေညာချက်၌ အာဏာရှင်အဖွဲ့အစည်းက မြန်မာပြည်သူများအပေါ် ဆက်လက် အကြမ်းဖက်ခြင်းဖြင့် ဖိနှိပ်နေမှုအား လက်ခံနိုင်စရာမရှိကြောင်း၊ ပဋိပက္ခများကြောင့် လူပေါင်း ၃ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာနေရကာ ၁၅သန်းကျော်မှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ ရိုဟင်ဂျာများ ရင်ဆိုင်နေရသည့် ခွဲခြားဆက်ဆံခံရခြင်းနှင့် ရက်စက်ကြမ်းကြုတ်သည့် အပြုအမူများကို ဖြေရှင်းရေးကို နိုင်ငံ့အကျပ်အတည်းအား နိုင်ငံရေးနည်းဖြင့် အဖြေရှာရာ၌ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ရမည် ဖြစ်ကြောင်း၊ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည် ဖော်နေသည့် အာဆီယံ၏အခန်းကဏ္ဍကို အပြည့်အဝထောက်ခံကာ ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုကြောင်း ပါရှိသည်။
စစ်အာဏာရှင်စနစ် ကျရှုံးရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအပြင် အခြားကိစ္စများ ဆောင်ရွက်နိုင်ရေးအတွက် အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ (ပဲခူးတိုင်းဒေသကြီး) (Asho Chin National Federal Council – Bago Region) ကို ဇန်နဝါရီ ၄ ရက်တွင် စတင်ဖွဲ့စည်းလိုက်သည်။
အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ (မကွေး) အား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ဖွဲ့စည်းထားပြီးဖြစ်ကာ ကောင်စီ (ဗဟို) မူဝါဒအရ တိုင်းဒေသကြီး ငါးခု၊ ပြည်နယ်တစ်ခုတို့တွင် ပြန့်နှံ့နေထိုင်နေသည့် အရှို (ချင်း) တိုင်းရင်းသားများအနေဖြင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆောလျင်စွာ ပေါ်ပေါက်လာနိုင်ရေး ကြိုးပမ်းအားထုတ်နေကြောင်း ဖွဲ့စည်းကြောင်း ကြေညာချက်၌ ပါရှိသည်။
နိုင်ငံ့ရေးအကျပ်အတည်း ဖြေရှင်းရန် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ပေါ်ပေါက်ရေးမှာ အရေးကြီးပြီး ဖွဲ့စည်းပုံအမြန်ရေးဆွဲပြဌာန်းနိုင်ရေးအတွက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ပထမဦးစားပေး ရေးဆွဲသည့်မူဖြင့် ချဉ်းကပ်မည်ဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။
“လမ်းအားလုံး နေပြည်တော်သို့" မဟာဗျူဟာစီမံချက်အား စစ်ဆင်ရေးများဖြင့် အကောင်အထည်ဖော်နေကာ နွေဦးတော်လှန်ရေး ဖြစ်စဉ်အတွင်း တိုးတက်မှု သုံးခုအား ဖော်ပြထားသည့် "၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ အစီရင်ခံစာ" အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
တိုးတက်မှုသုံးခုမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထူထောင်နိုင်ခြင်း၊ တော်လှန်ရေး စိုးမိုးထိန်းချုပ်နယ်မြေနှင့် လွတ်မြောက်နယ်မြေများ ပေါ်ပေါက်လာခြင်း၊ စစ်ကောင်စီအုပ်ချုပ်ရေးအား ဖျက်သိမ်း၍ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင် လည်ပတ်နိုင်ခြင်းတို့ဖြစ်ကြောင်း အစီရင်ခံစာဤ ဖော်ပြထားသည်။
NUG-MoD အစီရင်ခံစာ၌ နယ်မြေ၊ မဟာဗျူဟာလမ်းများနှင့် နယ်စပ်မြို့များ စိုးမိုးထိန်းချုပ်မှု အခြေအနေ၊ PDF ဖြစ်ပေါ်တိုးတက်မှုနှင့် ပြည်နယ်များ၌ ပူးပေါင်းတိုက်ပွဲဝင်မှု၊ ရန်သူ့အင်အား ပြုန်းတီးမှုနှင့် စခန်းဆုံးရှုံးမှု၊ တော်လှန်ရေးမဟာဗျူဟာနှင့် ပြည်သူ့ရင်ခွင့်ခိုလှုံရေး အစီအစဉ်၊ တော်လှန်ရေး လိုအပ်ချက်နှင့် စိန်ခေါ်မှု၊ ဘဏ္ဍာငွေရှာဖွေရး၊ တော်လှန်ရေးအစီအစဉ်နှင့် ရှေ့အလားအလာ ဟူ၍ ကဏ္ဍငယ်များ ခွဲကာ ဖော်ပြထားသည်။ ထို့ပြင် "လမ်းအားလုံး နေပြည်တော်သို့" မဟာဗျူဟာစီမံချက်အောက်၌ အညာအောင်မြေ၊ ရှမ်းမန်း၊ စစ်တောင်းအလွန်၊ ရိုးမဧရာ၊ ကမ်းခြေ စစ်ဆင်ရေး စသည့် စစ်ဆင်ရေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်နွှဲနေကြောင်းလည်း ပါရှိသည်။
၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း၌ စစ်ဆင်ရေးအရှိန် တိုးမြှင့်ဖော်ဆောင်ရန်အတွက် တပ်မဟာသစ်အား ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) က ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
စစ်ဦးစီးအဖွဲ့၏ ထုတ်ပြန်ချက်၌ စစ်ကိုင်းတပ်မဟာ၌ လာရောက် ပူးပေါင်းမည့် စစ်သည်တော်နှင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များအား ကြိုဆိုဖိတ်ခေါ်ကြောင်း၊ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ဆင်ရေးများအား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်းလည်း ပါရှိသည်။
နွေဦးတော်လှန်ရေး၏အကျိုးစီးပွားအား ရှေးရှုခြင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုအား အလေးထားသည့်အနေဖြင့် အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ ၁၆၉ ဦးအား ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
၎င်းတွင် အကျုံးမဝင်သည့် ကျန်အကျဉ်းသား/သူများကိုလည်း ကျခံနေရသည့် ထောင်ဒဏ်၏ သုံးပုံ တစ်ပုံအား လျှော့ပါးခံစာခွင့်အား ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁)အရ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ယာယီသမ္မတဒူဝါလရှီးလ လက်မှတ်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်၌ ပါရှိသည်။
အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအား ကန့်ကွက်ကြောင်းနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) က ဦးဆောင်အကောင်အထည်ဖော်မည့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့်ဆင့်တိုင်းတွင် ပူးပေါင်းဆောင်ရွက်မည်ဟု တအာင်း (ပလောင်) အမျိုးသားပါတီက ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပါတီ တတိယမြောက်ညီလာခံအား ဒီဇင်ဘာ ၂၄ - ၂၅ ရက်တွင် ကိုယ်စားလှယ်နှင့် လေ့လာသူ ၉၃ ဦးဖြင့် ပြုလုပ်ပြီးနောက် အတည်ပြုချက် (၅) ချက်၊ မှတ်တမ်းတင်ခြင်း (၁၁) ချက်နှင့် ရှေ့လုပ်ငန်းစဉ် (၈) ချက်တို့ကိုလည်း ချမှတ်ထားနိုင်ခဲ့ကာ ပါတီအနေဖြင့် နွေဦးတော်လှန်ရေးပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် ဟူသမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး၌ ပြည်သူနှင့်အတူ ရပ်တည်ပါဝင်မည်ဟုလည်း သဘောထား ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ် တောင်ပိုင်းစွန်းမြို့ ဖြစ်သည့် "ဂွ" မြို့ အခြေစိုက် ခြေမြန်တပ်ရင်း (၅၆၂) နှင့် (၅၆၃) တို့အား ထိုးစစ်ဆင်ပြီးနောက် ဒီဇင်ဘာ၂၉ ရက်တွင် အပြီးတိုင်သိမ်းယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။
နှစ်ပတ်ကြာထိုးစစ်ဆင်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဘက်မှ အင်အား ၁,၂၀၀ ကျော်ဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း မြို့သိမ်းပြီးနောက် တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း သေဆုံးခဲ့ကာ တပ်ရင်းမှူးအချို့လည်း သေဆုံးခဲ့ပြီး ၇၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ရခိုင်ပြည်နယ်၌ မြို့နယ် ၁၇ မြို့နယ် ရှိသည့်အနက် ဂွ အပါအဝင် ၁၄ မြို့နယ်အား အာရက္ခတပ်တော်က သိမ်းပိုက်ထားကာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့ကိုသာ အကြမ်းဖက်စစ်အုပ်စုဘက်က ထိန်းချုပ်ထားနိုင်တော့သည်။
ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များအား စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
အမှတ် (၁၈/၂၀၂၄) ဖြင့်ထုတ်ပြန်ရာ၌ "အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ"ဟု ထည့်သွင်းဖော်ပြထားကာ တိုင်းရင်းသားညီအကိုများ၏အကောင်းဆုံး ညီအစ်ကိုမိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ တက်ကြွသော ဦးဆောင်မှုအောက်၌ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေး၊ အကြမ်းဖက်မှု ပပျောက်ရေး၊ အွန်လိုင်းလောင်းကစား (ကျားဖျင်) တိုက်ဖျက်ရေးကဏ္ဍများတွင် ကိုးကန့်၊ တအာင်းအဖွဲ့အစည်းများနှင့်အတူ ဟိုင်ဂင်သဘောတူညီချက် ရရှိသည်အထိ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့ပြီးလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်သည် စစ်ရေးအောင်မြင်မှုများဖြင့် ပြဋ္ဌာန်းသောနှစ်တနှစ်ဖြစ်ခဲ့သည်။ စစ်အုပ်စုအနေဖြင့် တိုင်းစစ်ဌာနချုပ် ၁၄ ခုအနက်တိုင်းစစ်ဌာနချုပ်နှစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို နယ်စပ်ဒေသ တလျောက်နယ်မြေဆုံးရှုံးမှု အများအပြားနှင့် အလယ်ပိုင်းရှိ အညာဒေသတွင်လည်း စစ်ရေးအရခြိမ်းခြောက်မှုများကိကို သိသိသာသာ ရင်ဆိုင်ခဲ့ရသည်။ တော်လှန်ရေးအင်အားစုများ၏စစ်ရေး အောင်မြင်မှုများအတွက် လူထုကို ပြစ်ဒဏ်ပေးသည့်သဖွယ် စစ်အုပ်စုအနေဖြင့်၎င်းတို့ အစဉ်အဆက် ကျင့်သုံးခဲ့၊ ကျင့်သုံးမြဲ နည်းဗျူဟာတရပ်အနေဖြင့် အရပ်သားနှင့်လက်နက်ကိုင် ပစ်မှတ်မခွဲခြားပဲ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကိုလည်း ဆက်လက်တွေ့မြင် ခဲ့ကြရသည်။
ပြည်တွင်းစစ်များ၏ အဆုံးသတ်ကို သတ်မှတ်ကြရာတွင် တော်လှန်ရေးအောင်ပွဲ၊အာဏာချုပ်ကိုင် ထားသူ၏ အောင်ပွဲ၊ ညှိနှိုင်းသည့်အဖြေစသည်ဖြင့် သတ်မှတ်ကြလေ့ရှိရာတဖက်ဖက်က စစ်ရေး အောင်ပွဲတခုခုသည် အားကောင်းသည့် အဆုံးသတ်အဖြစ်သတ်မှတ်ဖော်ပြကြလေ့ရှိသည်။ ညှိနှိုင်းသည့်အဖြေကို သတ်မှတ်ကြရာတွင်လည်းသဘောတူညီချက်ဖြင့် ရလဒ်ထွက်ပေါ်ခြင်းနှင့် သဘောတူညီချက် ခိုင်ခိုင်မာမာ မရှိပဲအပစ်အခတ်ရပ်စဲခြင်းကိုလည်း ခွဲခြားဖော်ပြကြလေ့ရှိသည်။ နိုင်ငံတကာသည်ထိုအခင်းအကျင်းများကို တွန်းအားပေးကြလေ့ရှိသည်။ ၂၀၂၄ ခုနှစ်တွင် အိမ်နီးချင်းနိုင်ငံများ၏ ဝင်ရောက်ပါဝင်မှုများကို ပိုမိုထင်ရှားစွာ မြင်တွေ့ခဲ့ကြရသည်။၎င်းတို့နယ်စပ်တလျောက် ဖြစ်ပွားခဲ့သော တိုက်ပွဲများကို အဆုံးသတ်ရန်အတွက်အချိန်အခါနှင့် ပုံစံကို တွက်ဆကြမှုများကို ပိုမိုမြင်သာလာခဲ့သည့်နှစ်တနှစ်ဖြစ်ခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့်အပစ်အခတ်ရပ်စဲမှု ကာလတခုဖြစ်ပေါ်ခဲ့သည့်တိုင် အလွယ်တကူပင် ပြန်လည်ပျက်ဆီးသွားခဲ့သည်။ သမာရိုးကျ ဖိအားပေးသည့် ယန္တရားများလည်းအလုပ်မဖြစ်ခဲ့သည်ကိုလည်း တွေ့ခဲ့ရခြင်းက ပြောင်းလဲသွားပြီဖြစ်သည့် အခင်းအကျင်းကိုပိုမိုလက်တွေ့ကျကျ ထင်ဟပ်လျက်ရှိသည်။
ပြက္ခဒိန်ဖြင့် တနှစ်စာကို ပိုင်းခြားနိုင်သည့်တိုင် မြန်ဆန်စွာတိုးတက်ပြောင်းလဲနေသည့် သမိုင်း၏ လှိုင်းနှင့် တရွေ့ရွေ့ မှိန်ပြလာနေသည့်၊တဖန်ပိုမိုထင်သာလာနေသည့် နယ်မြေပထဝီအပိုင်းအခြား လိုင်းများကားဆက်လက်စီးဆင်းနေမြဲပင်ဖြစ်သည်။ မရေရာမှုများရှိသည့်အကြားတွင် ဖမ်းဆုတ်ကိုင်ယူစရာကား အနာဂတ်မျှော်ရည်ချက်များသာဖြစ်သည်။
တော်လှန်ရေး၏ စစ်ရေးအောင်မြင်မှုများကပေါ်ပေါ်ထင်ထင် ထုတ်ဖော်မကြေညာကြသည့်တိုင် မြင်သာသည့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုများကို မြင်သာစေပြီး၊ နောက်ဆက်တွဲ ဝတ္တရားတရပ်ဖြစ်သောအုပ်ချုပ်ရေး ဖော်ဆောင်မှုများကိုလည်း စတင်မြင်တွေ့လာရပြီ ဖြစ်သည်။ သို့သော်အလုံးစုံ ကောင်းမွန်နေသည်ချည်းတော့ မဟုတ်ပေ။ လတ်တလော ပြဿနာအချို့နှင့်အနာဂတ်အတွက် ဆင်ခြင်သတိပြုစရာ၊ စောင့်ကြည့်စရာအချို့ကိုမူ ၂၀၂၅ ခုနှစ်ထံသို့လက်ဆင့်ကမ်း လာခဲ့သည်။
Photo by Ajay Karpur on Unsplash
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် မတရားအာဏာသိမ်းခဲ့သည့် အကြမ်းဖက်စစ်တပ်သည် ၂၀၂၄ ခုနှစ်တွင်မူအဘက်ဘက်မှ ဆုံးရှုံးမှုများစွာ ကြုံတွေ့လာရသည်။ နိုင်ငံရေး၊ နိုင်ငံတကာသံတမန်ရေးများ၌ အရေးမလှသည့်အပြင် စစ်ရေးကြောင့် ကျဆုံးမှုများစွာ ကြုံတွေ့လာသည်။စစ်ရေးကျဆုံးမှုသည် အကြမ်းဖက်စစ်အုပ်စုအတွက် အဆိုးဝါးဆုံး ထိုးနှက်ချက်ဖြစ်လာကာရှမ်းပြည်နယ် လားရှိုးနှင့် ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် စစ်တိုင်းဌာနချုပ်နှစ်ခု ကျဆုံးခြင်း၊ မြို့ပေါင်း ၉၀ ကျော် တော်လှန်ရေး အင်အားစုများသိမ်းယူထားနိုင်ခြင်းများကြောင့် စစ်အုပ်စုထောက်ခံသူများကြား၌ပင်သဘောထားကွဲလွဲမှုများစွာ ရှိလာခဲ့သည်။ ထို့အတူ လူထုအပေါ် ဖိနှိပ်မှုများလည်း ပိုမိုများပြားလာခဲ့သလို၊ လူမှုစီးပွားသက်ရောက်မှုများလည်း ပိုမိုကြီးမားလာနေခဲ့သည်။
ပြုန်းတီးသွားသည့်တပ်အင်အား ပြန်ဖြည့်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ[1]အားအသက်သွင်းခဲ့သည်။ ယင်းဥပဒေအား နိုင်ငံတော် အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက် ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး သန်းရွှေလက် မှတ်ဖြင့် ပြဌာန်းထားခြင်း ဖြစ်သည်။ ထို့နောက်ဖေဖော်ဝါရီ ၁၃ ရက်တွင် အရန်တပ်ဖွဲ့ဥပဒေ[2] ကိုပါအသက်သွင်းကာ အ ကောင်အထည်ဖော်ရန်အတွက် ယင်းနေ့တွင်ပင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ [3]ဖွဲ့စည်းခဲ့သည်။
စစ်မှုထမ်းဥပဒေသည်အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အကျုံးဝင်မည် ဖြစ်ကာ အပတ်စဉ် တစ်ခုလျှင် ၅,၀၀၀ ခန့် ခေါ်ယူ မည်ဖြစ်ကာ လက်ရှိ တပ်မတော်သားအင်အားစုများ၏မိသားစုများသည် အရန်အင်အား၌ ပါရှိပြီးဖြစ်ကြောင်း[4]အကြမ်းဖက်စစ်အုပ်စုပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ကာ ၂၀၁၉ ခုနှစ်သန်းခေါင်စာရင်းအရ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း ရှိသည်ဟုလည်းပြောဆိုခဲ့[5]သည်။ယင်းဥပဒေအရ အမျိုးသမီးမှာ ၁၈ နှစ်မှ ၂၇ နှစ်အထိ အကျုံးဝင်ပြီး ဆရာ၊အင်ဂျင်နီယာနှင့် အခြားပညာတစ်ရပ်ရပ်အား အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်ပါကအမျိုးသား ၄၅ နှစ်နှင့် အမျိုးသမီး ၃၅ နှစ်အထိ အကျုံးဝင်သည်။ စစ်မှုထမ်းသက်အားနှစ်နှစ်သတ်မှတ်ကာ ကျွမ်းကျင်ပညာရှင်ဖြစ်ပါက သုံးနှစ်နှင့် နိုင်ငံတော်အရေးပေါ်ကာလတွင် ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဟု သတ်မှတ်ထားကာ ဆင့်ခေါ်ခံရသူသည်တာဝန်မထမ်းဆောင်ဘဲ ငြင်းဆန်ပါက ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံရမည် ဖြစ်သည်။
တော်လှန်ရေးအင်အားစုများအနေဖြင့်စစ်မှုထမ်းဥပဒေကြောင့် ရှောင်တိမ်းရန် ခက်ခဲသူများအနေဖြင့် လာရောက်ပူးပေါင်းကာတော်လှန်ရေး၌ ကျရာနေရာမှ ပါဝင်ကြရန် လှုံ့ဆော်၊ ကမ်းလှမ်းခဲ့သည်။
အကြမ်းဖက်စစ်အုပ်စုကပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းပြီး နှစ်လအကြာတွင် ပထမဆုံးအပတ်စဉ်အား ဧပြီ ၈ရက်တွင် စတင်ခဲ့ကာ သင်တန်းသားများအား မတ် ၉ ရက်တွင် စတင်ဆင့်ခေါ်[6]ခဲ့သည်။တက်ရောက်သူများသည် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းသူများသာ ဖြစ်သည်ဟုအကြမ်းဖက်စစ်အုပ်စုဘက်က သတင်းထုတ်ပြန်ထားကာ အပတ်စဉ် (၁) ၌ သင်တန်းသား မည်မျှပါဝင်သည်ကိုမူ မထုတ်ပြန်ခဲ့သော်လည်း ဇွန် ၂၈ ရက်တွင် တိုင်းစစ်ဌာနချုပ်သင်တန်းကျောင်းအသီးသီး၌ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။ ထို့နောက် အပတ်စဉ် (၂) အားမေ ၁၄ ရက်၊ အပတ်စဉ် (၃) အား ဇွန် ၂၅ ရက်တို့တွင် ထပ်မံဖွင့်လှစ်ခဲ့ပြီးယခင်အပတ်စဉ်များအတွက် ဆင့်ခေါ်စဉ် ပျက်ကွက်ခဲ့သူများကို တည်ဆဲဥပဒေဖြင့်အရေးယူမည်ဟု ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး (လက်ရှိ ရာထူးပြောင်း) အားပြောကြားထားခဲ့သည်။
ထို့နောက်အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၄)[7] အားသြဂုတ် ၅ ရက်၊ အပတ်စဉ် (၅)[8] အားစက်တင်ဘာ ၉ ရက်၊ အပတ်စဉ် (၆)[9] အားအောက်တိုဘာ ၂၁ ရက်၊ အပတ်စဉ် (၇)[10] အားနိုဝင်ဘာ ၂၆ ရက်၊ အပတ်စဉ် (၈)[11] အားဒီဇင်ဘာ ၂၃ ရက်တို့တွင် ဆက်တိုက်ပြုလုပ်ခဲ့သည်။ စစ်မှုထမ်းသင်တန်း၌ ကြံ့ခိုင်ရေး၊စစ်ရေးပြ၊ ခြေလျင်လက်နက်ငယ်၊ စစ်နည်းဗျူဟာဘာသာရပ်အား စာတွေ့/ လက်တွေ့၊စစ်မြေပြင်အင်ဂျင်နီယာ၊ စစ်မြေပြင် အုပ်ချုပ်ရေးနှင့် အထွေထွေဘာသာရပ်အားရက်သတ္တပတ်အလိုက် လေ့ကျင့်သင်ကြားပေးသည်ဟု ပြည်တွင်းအခြေစိုက်သတင်းမီဒီယာများကရေးသားထားသည်။
စစ်မှုထမ်းဥပဒေအရခေါ်ယူစဉ် သင်တန်းဆင်းပါက မိမိနေထိုင်ရာ ဒေသနှင့် အနီးတစ်ဝိုက်တွင်သာပြန်လည်တာဝန်ပေး မည်ဟု အကြမ်းဖက်စစ်အုပ်စုက စည်းရုံးခေါ်ယူခဲ့ပြီးသင်တန်းဆင်းချိန်တွင် စစ်သည်အသစ်များအား မိဘနှင့် မိသားစုအား အ ကြောင်းကြားမှုမရှိဘဲ စစ်ရေးပြင်းထန်သည့် ရှမ်းမြောက်ဒေသ၊ ချင်း၊ ကရင်နီနှင့် ကချင်အပါအဝင်ရှေ့တန်းစစ်မျက်နှာများသို့ အတင်းအကြပ် ပို့ဆောင်[12]ခဲ့သည်။ထိုသို့ လုပ်ဆောင်မှုများကြောင့် စစ်မှုမထမ်းလိုသည့်သူများ များပြားလာကာ ပြည်ပသို့ထွက်ခွာ ခြင်း၊ လာဘ်ငွေပေး၍ ရှောင်တိမ်းခြင်း၊ ဒေသရှိ အုပ်ချုပ်ရေးနှင့်အာဏာပိုင်များအား ပိုက်ဆံပေး၍ အမည်စာရင်း ဖျောက်ခိုင်းခြင်း၊ စာရင်းမှပယ်ဖျက်ခိုင်းခြင်းများ[13]ရှိလာခဲ့သည်။ [14]
အကြမ်းဖက်စစ်အုပ်စုဘက်ကသင်တန်းတက်ရောက်သူများသည် မိမိသဘောဆန္ဒအလျောက် အမည်စာရင်းပေးသူများဟု ဆိုသော်လည်းသင်တန်းအတွက် လိုအပ်သည့် လူဦးရေ ရရှိရန်အတွက် မြေပြင်၌မူ စစ်အုပ်စုနှင့်၎င်းတို့လက်အောက်ခံ ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူးများ သုံး၍ ဖမ်းဆီးမှုကြောင့်ဥပဒေအတည်ပြုသည့် ဖေဖော်ဝါရီ ၁၀ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ နိုင်ငံတစ်ဝန်းဖမ်းဆီးခံရသူပေါင်း ၁၁,၃၅၅ အထိ ရှိလာပြီဖြစ်ကြောင်း အန်လိုင်းမှတဆင့် စုစည်းရသမျှ အချက်အလက်များ[15]ကဖော် ပြလျက် ရှိသည်။ ဖမ်းဆီးခံရသူ အများစုမှာ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊စစ်ကိုင်း၊ ရှမ်း၊ မကွေးနှင့် ရန်ကုန်တိုင်းတို့မှ အများဆုံး ဖြစ်ပြီးနေ့ခင်းဘက်တွင် ဖမ်းဆီးခံရသူမှာ ၁၀,၀၀၀ ကျော်အထိ ရှိသည်။ရခိုင်၊ စစ်ကိုင်း၊ မကွေးမှ လွဲ၍ ကျန်သည့် နေရာအများစုမှာ တော်လှန်ရေးအင်အားစုများနယ်မြေထိန်းချုပ်မှု မရသေးသည့် ဒေသများဖြစ်ကာ ယင်းနေရာအများစု၌ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲ၊ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေနိုင်ခြင်း ဖြစ်သည်။ ယင်းဥပဒေအတည်ပြုပြီးနောက် လူထုအတွင်း စစ်မှုမထမ်းလိုသည့်အတွက် ပြည်ပသို့ နည်းပေါင်းစုံဖြင့်ထွက်ခွာမှုများ ရှိ လာခဲ့သည်။
မေ ၁၄ ရက်ကလည်းပြည်ပရောက် မြန်မာအလုပ်သမားများအားလုံး ပြည်တွင်းသို့ ပြန်လည်စစ်မှုထမ်းရေးအတွက်ပြည်ပပို့ဆောင်ထားသည့် အေဂျင်စီများက တာဝန်ယူခေါ်ဆောင်ရမည်[16]ဟုစစ်အုပ်စု အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ယင်းထုတ်ပြန်ချက်၌ပြန်မလာသူများအတွက် အေဂျင်စီက တာဝန်ယူရမည်ဖြစ်ကာ[17]သုံးနှစ်ပြည့်သော်လည်း ပြန်မလာ ပါက ဒဏ်ကြေးဆောင်ခိုင်းခြင်း၊ အလုပ်ခေါ်စာသစ်တင်ပြခွင့် ဆိုင်းငံ့ခြင်း၊ လိုင်စင်ပိတ်သိမ်းခြင်း၊အမည်ပျက်စာရင်းသွင်းခြင်းများအား အဆင့်ဆင့် လုပ်ဆောင်မည်ဟု ပါရှိသည်။
စစ်မှုထမ်းသင်တန်းအပတ်စဉ် နံပါတ်မြင့်လာသည်နှင့်အမျှ ဝင်ရောက်စစ်မှုထမ်းသူ နည်းပါးလာသည့်အတွက်အကြမ်း ဖက်စစ်အုပ်စုက ပြည်ပထွက် အလုပ်လုပ်ကြသည့် လူငယ်များအား ပစ်မှတ်ထားလာခဲ့သည်။ပြည်ပထွက် အလုပ်လုပ်ကြမည့် လူ ငယ်များအား နည်းမျိုးစုံဖြင့် ပိတ်ဆို့ရန်ကြိုးစားလာကာ အလုပ်ကြမ်းပုံစံဖြင့် သွားရောက်မည့်သူများကို အဓိက ပစ်မှတ်ထားခဲ့သည်။နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် အသစ်လဲလှယ်ခြင်း၊ ပြည်ပထွက်မည့်လေဆိပ်များ၌ အမိန့်ညွှန်ကြားချက်အမျိုးမျိုးသုံး၍ ကန့်သတ်ခြင်း၊ ငွေညှစ်ခြင်းများလုပ်ဆောင်လာခဲ့သည်။
ဇွန်လဆန်းပိုင်းတွင်အကြမ်းဖက်စစ်အုပ်စုက တပ်အင်အား ပြုန်းတီးနေမှုအား ပြန်လည်ဖြည့်တင်းရန်အတွက်အရန်တပ်ဖွဲ့ ဥပဒေဖြင့် အငြိမ်းစားစစ်မှုထမ်းဟောင်းများအားတာဝန်ပြန်လည်ထမ်းဆောင်ရန် ဆင့်ခေါ်ခဲ့သည်။ သက်ပြည့်ပင်စင်အား ၆၂ နှစ်ပြည့်အထိသတ်မှတ်ထားကာ အရန်တပ်ဖွဲ့ဥပဒေအရ ငါးနှစ်အတွင်း စစ်မှုထမ်းရမည်ဟု သတ်မှတ်ထားသည်။၂၀၁၉ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် အငြိမ်းစား စစ်မှုထမ်းဟောင်း ၂၅၀,၀၀၀ ခန့် ရှိကာ နိုင်ငံ့ပင်စားစားအရေအတွက်၏ ၂၈ ရာခိုင်နှုန်း ရှိသည်။ တပ်မှ ထွက်၍ အငြိမ်းစားယူသည့်ပင်စင်စားအချို့မှာ နိုင်ငံတွင်း ပဋိပက္ခများ နောက်ဆက်တွဲ ပြင်ပအလုပ်အကိုင်ရှားပါးမှု၊ စီးပွား ရေးကျပ်တည်းမှုကြောင့် တပ်တွင်း ပြန်လည် တာဝန်ထမ်းဆောင်သူများရှိသည့်အပြင် အတင်းအကျပ် ပြန်လည်ခေါ်ဆောင်ခံရသူ များလည်း[18]ရှိသည်။
ဇူလိုင် ၃၀ရက်တွင် အလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံသို့ သွားရောက်မည့်မြန်မာအလုပ်သမားများအား သြဂုတ် ၁ ရက်မှစကာ မြန်မာနိုင်ငံရှိ မိသားစုထံသို့ ဖြစ်စေ၊ကိုယ်တိုင်၏ ဘဏ်စာရင်းဖြစ်စေ တရားဝင်ငွေလွှဲထားကြောင်း အထောက်အထား ပြမှသာနှစ်နိုင်ငံ သဘောတူစာချုပ် (MoU) စနစ်ဖြင့် သက်တမ်းတိုးခွင့်ပြုကာပြန်လည်စေလွှတ်မည်ဟု ထုတ်ပြန်ခဲ့သည်။ သြဂုတ် ၁ ရက်တွင် ပြည်ပသို့အလုပ်အကိုင်ပတ်စ်ပို့ (PJ) နှင့် အလည်အပတ် (PV) ပတ်စ်ပို့ ကိုင်ဆောင်၍ ရန်ကုန်လေဆိပ် မှ ထွက်ခွာမည့်သူများအား အချက်အလက်မပြည့်စုံပါက ထွက်ခွင့်မပေးဘဲ ပိတ်ဆို့မှုများ၊ ပြန်လှည့်ခိုင်းမှုများလုပ်ဆောင်လာခဲ့သည်။ အများစုမှာ အသက် ၂၃ မှ၃၂ နှစ်အရွယ် (စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူများ) ဖြစ်ပြီး အခွန်မဆောင်ခြင်း၊လစာပြန်လည်မလွှဲထားခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OverseaWorker Identification Card – OWIC) မရှိခြင်းတို့ကြောင့်ထွက်ခွာခွင့် မပေးဘဲ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။[19]
သြဂုတ် ၂၈ရက်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့ ရရှိသည့်လုပ်ခလစာများကို တရားဝင်လမ်းကြောင်းမှ တဆင့် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းအား တစ်လတစ်ကြိမ်ဖြစ်စေ၊ သုံးလလျှင် တစ်ကြိမ်ဖြစ်စေ လွှဲ ပြောင်းပေးပို့ရမည်ဟုအမိန့်ကြေညာစာ[20]အားအကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ မလိုက်နာပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ်ထုတ်မပေးခြင်းတို့ လုပ်ဆောင်မည်[21]ဟုပါရှိသည်။ ထိုသို့ မထုတ်ပြန်မီ သြဂုတ်လလယ်ပိုင်းတွင်လည်းအလုပ်သမားဝန်ကြီးဌာနတွင်အလုပ်သမားအေဂျင်စီ ၃၀၀ ဝန်းကျင်အား နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့သည်။ ထို့နောက်၎င်းတို့ အေဂျင်စီမှ စေလွှတ်ထားသည့် အလုပ်သမးများ၏ လစာဝင်ငွေ ၂၅ ရာခိုင်နှုန်းအားစစ်တပ်ထိန်းချုပ်ထားသည့် ဘဏ်နှင့် ငွေလွှဲလမ်းကြောင်းများမှ ပြန်လွှဲစေရန်ဖိအားပေး[22]ခဲ့သည်။
နိုင်ငံ့စီးပွားကမောက်ကမ ဖြစ်ခြင်း၊ ငွေကြေးတန်ဖိုး ကျဆင်းခြင်း၊ ကုန်စျေးနှုန်း မြင့်တက်ခြင်း၊အလုပ်လက်မဲ့ များလာခြင်း၊ မလိုအပ်ဘဲ ငွေကြေး ကုန်ကျမှု မြင့်တက်လာခြင်း(စစ်မှုထမ်းစာရင်း၌ မပါရေး လာဘ်ငွေပေးရခြင်း)၊ မြို့ပြနေ ပြည်သူများမှာ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များ၏ ဧည့်စာရင်း အကြောင်းပြ ဖမ်းဆီးခြင်းများအားငွေပေးရှင်းနေရခြင်းများကြောင့် လူထုအကျပ်အတည်းမှာ များစွာ ကြီးမားလာရသည်။ ၂၀၂၄ခုနှစ် ဇွန် ၂၄ ရက်တွင် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က နိုင်ငံ့ စုစု ပေါင်း လူဦးရေဖြစ်သည့် ၅၅ ဒသမ ၈ သန်းအနက် ၄၂ သန်းသည် ဆင်းရဲမွဲတေမှုနှင့်ရင်ဆိုင်နေရကာ ၁၃ သန်းကျော်မှာ စားနပ်ရိက္ခာ မလုံလောက်မှုအား ရင်ဆိုင်နေရ[23]သည်ဟုထုတ်ပြန်ခဲ့သည်။ ထို့ပြင် နိုင်ငံ့လူလတ်တန်းစားဦးရေမှာ စစ်တပ်အာဏာ သိမ်းပြီးသုံးနှစ်အတွင်း ထက်ဝက်ခန့် ကျဆင်းသွားပြီဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။ ဇွန် ၁၂ရက် ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်၌ လည်း မြန်မာ့လူဦးရေ၏ ၃၂ ရာခိုင်နှုန်းသည်ဆင်းရဲနွမ်းပါးသည့် အခြအနေသို ရောက်နေကာ ကျန်သုံးပုံ တစ်ပုံသည် ဆင်းရဲမှုအခြေအနေကို ကျရောက်နိုင်ကြောင်း သတိပေးခဲ့သည်။
အကြမ်းဖက်စစ်အုပ်စုကတပ်သားသစ် စုဆောင်းမှုနှင့် စစ်သင်တန်းဖွင့်မှုအား ဆက်တိုက်လုပ်နေသည့်အတွက် အထွေထွေအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် လူငယ်များမှာ တရားဝင် လမ်းကြောင်းမှ ပြည်ပထွက်အလုပ်လုပ်ရာ၌ ကန့်သတ်ခံရခြင်း၊ ငွေညှစ်ခံရခြင်းများ ကြုံတွေ့နေရသည့်နည်းတူ အိမ်နီးချင်းနိုင်ငံများသို့တရားမဝင်လမ်းကြောင်းမှ ထွက်ခွာ အလုပ်လုပ်ရာ ၌လည်း အခက်အခဲ၊အကျပ်အတည်းပေါင်းများစွာ ကြုံတွေ့နေရသည်။ နေထိုင်ခွင့် ရရှိရေးအတွက်ယင်းနိုင်ငံများရှိ အာဏာပိုင်များအား ငွေပေးရခြင်း၊ ဖမ်းဆီးခံရပါကပြန်ပို့ခံရခြင်းအပြင် လုပ်အားခေါင်းပုံဖြတ်ခြင်း[24]များကိုပါရင်ဆိုင်နေကြရသည်။
နိုင်ငံ၌အကြမ်းဖက် စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှု၊ စီးပွားရေး ကျပ်တည်းမှုများကြောင့်နိုင်ငံ့လူထု ဘက်ပေါင်းစုံမှ ကျပ်တည်းနေချိန်တွင် ဗီယက်နမ်တွင် တိုက်ခိုက်ခဲ့သည့်ရာဂီ တိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲကြောင့် နိုင်ငံ့ အလယ်ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ကုလသမဂ္ဂ စာရင်းများအရရေဘေးသင့်သူ ၆၃၀,၀၀၀ ကျော် ရှိ[25]ကာ ရေဘေးကြောင့် လူပေါင်း ၂၂၆ ဦး သေဆုံးခဲ့ရသည်ဟု စစ်အုပ်စုဘက်က ထုတ်ပြန်သည်။ယင်းရေကြီးရေလျှံမှုသည် တိုင်းနှင့် ပြည်နယ် ကိုးခုမှ မြို့ပေါင်း ၅၉ မြို့အားထိခိုက်စေခဲ့သည့်အပြင် ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့ကာ ယင်းနောက်ဆက်တွဲလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများကြောင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍပါထိခိုက်ခဲ့ပြီး ထိုင်း-မြန်မာကုန်စည် သယ်ဆောင်ခမှာ ၁၂ ဘီးကားတစ်စီး လျှင်ကျပ်သိန်း ၂၅၀ မှ ၂၇၀ အထိ ရှိခဲ့[26]ကာလူထုအပေါ် သက်ရောက်မှု ပိုမိုကြီးမားခဲ့သည်။
References:
[1]https://www.mlis.gov.mm/mLsView.do;jsessionid=A652041C0EB3726C30E8B2687737F340?lawordSn=954
[2]https://www.mlis.gov.mm/mLsView.do;jsessionid=976D49203E2DADC2B0E3E6540B789EE5?lawordSn=956
[3]https://www.moi.gov.mm/announcements/52051
[4]https://www.facebook.com/share/v/B77exZFzd9Lb9MWL/?mibextid=Z719m6
[5]https://www.moi.gov.mm/news/52063
[6]https://news-eleven.com/article/293158
[7]https://news-eleven.com/article/296857
[8]https://news-eleven.com/article/297910
[9]https://news-eleven.com/article/296697
[10]https://news-eleven.com/article/297807
[11]https://news-eleven.com/article/298619
[12]https://www.facebook.com/khitthitnews/posts/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0%E1%80%B7%E1%80%85%E1%80%85%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%91%E1%80%99%E1%80%BA%E1%80%B8-%E1%80%A1%E1%80%95%E1%80%90%E1%80%BA%E1%80%85%E1%80%89%E1%80%BA-%E1%81%81-%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%86%E1%80%84%E1%80%BA%E1%80%B8-%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%81%E1%80%BB%E1%80%AE%E1%80%9E%E1%80%B1%E1%80%AC-%E1%80%85%E1%80%85%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA%E1%80%A1%E1%80%9E%E1%80%85%E1%80%BA-%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%B1%E1%80%AC/834471388780469/
[13]https://burma.irrawaddy.com/article/2024/03/18/381052.html
[14]https://www.bbc.com/burmese/articles/c9ed4553ggyo
[15]https://lookerstudio.google.com/u/0/reporting/7197dead-281f-4414-9372-70fe37ee044b/page/b3YqD?s=n-GzNNTp0sI
[16]https://yktnews.com/2024/11/191877/
[17]https://www.facebook.com/myanmarlabournews/posts/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%90%E1%80%BD%E1%80%B1-%E1%80%85%E1%80%85%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%91%E1%80%99%E1%80%BA%E1%80%B8%E1%80%9B%E1%80%94%E1%80%BA%E1%80%86%E1%80%84%E1%80%B7%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%B6%E1%80%9B%E1%80%95%E1%80%AB%E1%80%80-%E1%80%85%E1%80%AC%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%9E%E1%80%80%E1%80%BA%E1%80%90%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%B7%E1%80%BA%E1%80%81%E1%80%BB%E1%80%AD%E1%80%94/1009330784572521/
[18]https://myanmar-now.org/mm/news/53125/
[19]https://burma.irrawaddy.com/news/2024/08/07/388421.html
[20]https://www.facebook.com/photo/?fbid=876617784565829&set=pcb.876612194566388
[21]https://www.facebook.com/khitthitnews/posts/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%81%E1%80%9C%E1%80%85%E1%80%AC-%E1%81%82%E1%81%85-%E1%80%9B%E1%80%AC%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7-%E1%80%95%E1%80%BC/876612194566388/
[22]https://myanmar-now.org/mm/news/58008/
[23]https://www.facebook.com/watch/?v=484058860699249
[24]https://www.facebook.com/MizzimaDaily/posts/pfbid02f4WZARj92pi9irTtcJvejtPShrT3XHFCADh4Furd7YHcQ2aGicDuuDRJiG6y96Tdl
[25]https://www.bbc.com/burmese/articles/c04plnydwwdo
[26]https://burma.irrawaddy.com/news/2024/09/12/390436.html
Photo by Ajay Karpur on Unsplash
စစ်ရေးအောင်မြင်မှုများ၏ နောက်ကွယ်တွင် အုပ်ချုပ်ရေးတည်ဆောက်မှုများလည်း ဆက်လက် မြင်တွေ့ခဲ့ရသော နှစ်တနှစ်ဖြစ်ခဲ့သည်။ အထူးသဖြင့်အလယ်ပိုင်းမဟုတ်သော ဒေသများတွင် အုပ်ချုပ်ရေးတည်ဆောက်မှုများပိုမိုခိုင်မာအားကောင်းလာခဲ့သည်။ ကရင်နီပြည်၏ ကြားကာလ အုပ်ချုပ်ရေးကောင်စီ သည်နမူနာပြစရာ တခုဖြစ်ခဲ့သလို၊ တအာင်းဒေသ၏ အုပ်ချုပ်ရေး တည်ဆောက်မှုများ လည်းစတင်မြင်တွေ့စပြုလာရသည်။ နဂိုရှိရင်းစွဲ အုပ်ချုပ်ရေးလည်ပတ်မှု များရှိနေသည့်ကချင်နှင့် ကော်သူးလေတွင်လည်း အပြောင်းအလဲ အချို့စတင်ရှိလာခဲ့သည်။ကော်သူးလေအုပ်ချုပ်ရေးကို ပြည်သူပါဝင်မှုဖြင့် ဖော်ဆောင်သည့်သာဓကများ၊ လူထုဆွေးနွေးမှုပုံစံများကို တွေ့မြင်ရသည်။[1]
ရခိုင်ပြည်၏ အောင်ပွဲများ နောက်ဆက်တွဲအဖြစ် AA အနေဖြင့် ရိုဟင်ဂျာလူမျိုးများအပေါ်ပစ်မှတ်ထား တိုက်ခိုက်မှုများရှိနေသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။ AA အနေဖြင့်လည်း၎င်း၏ သတင်းထုတ်ပြန်မှုများတွင် ရိုဟင်ဂျာ လူမျိုးများ လက်နက်ကိုင်အချို့စစ်အုပ်စုဘက်မှ ဝင်ရောက် တိုက်ခိုက်မှုရှိသည်ဟု အသားပေးဖော်ပြမှုများရှိခဲ့သည်။စစ်မှုထမ်းဥပဒေဖြင့် အင်အားသုံး ဖမ်းဆီးမှုများရှိနေချိန်တွင် ထိုသို့ထုတ်ပြန်ခြင်းဖြစ်သည်။
AA က ဘူးသီးတောင်မြို့နယ်အား သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မေလ ၁၈ ရက်တွင်ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး ရိုဟင်ဂျာလူမျိုးအမြောက်အများ ရွှေ့ပြောင်းခဲ့ကြရသည်။ ၎င်းမတိုင်မီ ဒေသခံများ ရွှေ့ပြောင်းရန်အတွက်AA က ရပ်ရွာလူကြီးများမှတဆင့်ညွှန် ကြားခဲ့ကြောင်းပြောဆိုမှုများ ရှိခဲ့သည်။ အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး AA က ဆောင်ရွက်သည်ဟု စွပ်စွဲမှုများရှိသော်လည်း၊ AA ဘက်ကမူအကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK)အပါအဝင် နိုင်ငံတကာရှိ ရိုဟင်ဂျာအဖွဲ့အစည်း၂၈ ခုက ရခိုင်ပြည်နယ်ရှိရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ အဓမ္မနေရပ်စွန့်ခွာစေမှုများအဆုံးသတ်ရန်နှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေအား လိုက်နာစေရေးအတွက် AA အား နိုင်ငံတကာက ဖိအားပေးရန်မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။[2]
မေ ၂၂ ရက်တွင် တော်လှန်ရေးအင်အားစုများနှင့်အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း (၁၉၅) ဖွဲ့ ပေါင်းကာ ပူးတွဲထုတ်ပြန်ချက် [3]ထုတ်ပြန်သည်။ ကြေညာချက်၌ AA အနေဖြင့်လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန်၊ ကျူးလွန်မှုများ အမှန်တကယ် ရှိပါကကျူးလွန်သူများအား အပြစ်ပေး အရေးယူပေးရန် တောင်းဆိုကာရိုဟင်ဂျာခေါင်းဆောင်များနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး တိုင်ပင်မှုများပြုလုပ်ရန် တောင်းဆိုထားသည်။
ရခိုင်ပြည်မြောက်ပိုင်းရှိရိုဟင်ဂျာများ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ မဖြစ်စေရေးနိုင်ငံတကာအသိုင်းအဝိုင်းက ကာကွယ်ဆောင်ရွက်ပေးရန်၊ နိုင်ငံတကာဥပဒေများလိုက်နာကြရန် လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင် အာရှ ပါလီမန်အမတ်များအဖွဲ့ (ARHR)[4] ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး[5]၊အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)[6] ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး[7] တို့ကတောင်းဆိုခဲ့သည့်အပြင် သြစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ကိုရီးယား၊ မော်တာ၊ နယူးဇီလန်၊နော်ဝေ၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်နိုင်ငံများ ပူးပေါင်း၍ အရပ်သားများအားကာကွယ်စောင့်ရှောက်ပေး ရန် တောင်းဆိုလာခဲ့ကြသည်။
နိုင်ငံတကာ တောင်းဆိုမှုများနှင့်ပတ်သက်၍ မေ ၂၀ ရက်တွင် AA က အရပ်သားသေဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှုသတင်းများသည့် မိမိတို့နှင့် မသက်ဆိုင်ကြောင်းနှင့် တစ်ဖက်သပ်စွပ်စွဲချက်ဖြစ်ကြောင်း၊ ဘူးသီးတောင်-မောင်တောဒေသ လက်ရှိအရေးကိစ္စနှင့် ပတ်သက်၍ ဘက်မလိုက်သည့်မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိဟု ကမ်းလှမ်း[8]ခဲ့သည်။
တော်လှန်ရေး၏ စစ်ရေးအောင်ပွဲများနောက်တွင် အုပ်ချုပ်ရေးကို တည်ဆောက်ရန် ကြိုးစားကြ ရစမြဲဖြစ်သည်။ AA အနေဖြင့် ရခိုင်ပြည်ကို အသစ်တည်ဆောက်ရာတွင် လူနည်းစုများ အတွင်းမှလူနည်းစုဖြစ်သည့် ရိုဟင်ဂျာလူမျိုးများအရေးကို မည်သို့ ကိုင်တွယ်ဆောင်ရွက်မည်ကို နိုင်ငံတကာကစောင့်ကြည့်နေမည်ဖြစ်သည်။
၂၀၂၄ ခုနှစ်၊တစ်နှစ်လုံးတွင် စစ်ကောင်စီ၏ ချိုးဖောက်မှုများကို သုံးသပ်ရလျှင် လူသတ်မှု၊မတရားဖမ်းဆီးမှု၊ မုဒိန်းကျင့်ခြင်း၊ ရွာမီးရှို့ခြင်း အပြင် လေကြောင်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ နှင့်လူသားဒိုင်းပြုလုပ်ခြင်းများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေဆဲဖြစ်သည်။တစ်ဖက်တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များကလည်း လူသတ်မှု၊ မတရားဖမ်းဆီးမှု၊လက်နက်ဖြင့် ခြိမ်းခြောက်မှုများကိုလည်း ကျူးလွန်မှုများ ရှိခဲ့ကြောင်းတွေ့ရသည်။
အမှုဖြစ်စဉ်များတွင်လက်နက်ကိုင်တပ်ဖွဲ့ဝင်အချင်းချင်းကြား ဖြစ်ပွားသော လူသတ်မှုများ၊ အရပ်သားတက်ကြွလှုပ်ရှားသူအချို့ သတ်ဖြတ်ခံရမှုများ၊ စစ်သည်တော်ကျင့်ဝတ် ချိုးဖောက်ပြီးသုံ့ပန်းကို သတ်ဖြတ်မှုအချို့ ရှိခဲ့သည်။ အမျိုးသမီးများနှင့်လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် ကျူးလွန်မှု အကြမ်းဖက်မှုများလည်း ရှိခဲ့သည်။
အရေးယူမှုအချို့လည်း မြင်တွေ့ခဲ့ရသည်။ ဒီဇင်ဘာလ ၅ရက်နေ့ရက်စွဲဖြင့် NUG လက်အောက်ခံမဟုတ်သောဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်က မကွေးတိုင်းအတွင်း ပေါ်ပေါက်ခဲ့သော အမှုတခုအတွက် ကျူးလွန်သူ ၄ဦးကို တပ်တွင်း အရေးယူမှု ပြုလုပ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။[9]မွန်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော နောက်ထပ်အမှုမှာ NUGလက်အောက်ခံ တပ်ဖွဲ့က ကျူးလွန်ခြင်း ဖြစ်နေပြီး ရေးဘီလူးတပ်ဖွဲ့ဟုထင်ရှားသည့် တပ်ခွဲတစ်ခု၏ ခေါင်းဆောင်က အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့မှုနှင့် တ်သက်၍အရေးယူရန် စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်နေသည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD) ဒုအတွင်းဝန်က ဦးမောင်မောင်ဆွေက ပြောထားသည်။[10]ပြင်ဆင်မွမ်းမံထားသည့်စစ်သည်တော်ကျင့်ဝတ်ကို NUG ဒုတိယ သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ထားပြီး NUG အောက်မှလက်နက်ကိုင်အားလုံးနှင့် အခြားလက်နက်ကိုင်များအားလုံး လိုက်နာရန် တိုးချဲ့ခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော ကိစ္စရပ်များကို သုံးသပ်လိုက်ပါက တော်လှန်ရေး အင်အားစုများအနက်မှ လက်နက်ကိုင်အချို့၏ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ကိုလည်း အသိအမှတ်ပြုရမည်ဖြစ်သည်။လူသားလုံခြုံရေး၊ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး စသည့် ကိစ္စရပ်များကိုလွှမ်းခြုံဆောင်ရွက်ပေးနိုင်မှုတွင် အားနည်းခဲ့သလို အမှုဖြစ်စဉ် အများစုတွင် ပွင့်လင်းမြင်သာပြီးတာဝန်ယူမှု၊ တာဝန်ခံမှုရှိသော တရားရေးဆောင်ရွက်မှုများလည်း မရှိသေးသည် ကိုလည်း ဝန်ခံပြုပြင်ရန် လိုအပ်သည်။
References:
[1]https://www.facebook.com/KNUHQKTL/posts/pfbid02kGFngDrvvTMbYzm5166Zwa3RMYBpgM2RzpBzqEDsbe5XLq1BVFk1cBLQcFNmacT2l?__cft__[0]=AZVP2eIgdXXyd1Z2ddS5vJeuwZfnf__y5jCPSDka7WF4lWR-aqWq72n-Qy7RNwqRAQJvMhJYVQiIg74Hwhx0EO386-yf5w2AS1dHRwHVNrRu7pJJ_vrNVaC4UJfQQxbVBrqaGxPls-wk8SyscAQ7BdhtTkpLhWjUPkJgLZERVg7VAc865-RQVNLpP9FOdggd3tA&__tn__=%2CO%2CP-R
[2]https://www.brouk.org.uk/rohingya-facing-existential-threat-in-arakan/
[3]https://progressivevoicemyanmar.org/2024/05/22/ရခိုင်ပြည်နယ်-မြောက်ပို/
[4]https://aseanmp.org/2024/05/18/southeast-asian-mps-calls-on-un-asean-to-act-to-save-rohingya-from-further-genocide/
[5]https://www.ohchr.org/en/statements-and-speeches/2024/05/comment-un-high-commissioner-human-rights-volker-turk-violence
[6]https://new.oic-oci.org/SitePages/NewsDetail.aspx?Item=4677
[7]https://www.state.gov/on-the-situation-in-burmas-rakhine-state/
[8]https://vk.com/arakanarmyinfodesk?z=photo-171407235_457242608%2Fwall-171407235_9368
[9] https://myanmar-now.org/mm/news/59629/
[10] https://myanmar-now.org/mm/news/59629/
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စု၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်-နပတ၊ ချင်းပြည်နယ် မင်းတပ်နှင့် ကန်ပက်လက်မြို့များအား အာရက္ခတပ်တော် (AA) နှင့် ချင်းညီနောင်အဖွဲ့ (Chin Brotherhood - CB) တို့က ဒီဇင်ဘာ တတိယပတ်အတွင်း အပြီးတိုင် သိမ်းယူထားနိုင်လိုက်ပြီ ဖြစ်သည်။
အမ်းမြို့အခြေစိုက်ရာ အနောက်ပိုင်းစစ်ဌာနချုပ်အား ဒီဇင်ဘာ ၂၀ ရက်တွင် AA က သိမ်းပိုက်ပြီးနောက် အမ်းမြို့ကိုလည်း အလုံးစုံ ထိန်းချုပ်ထားနိုင်လိုက်ပြီဖြစ်သည်။ AA သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝ အပါအဝင် မြို့ပေါင်း ၁၄ မြို့အထိ သိမ်းယူထားနိုင်ပြီဖြစ်ကာ နပခ (အမ်း) တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်းတို့ကိုလည်း အရှင်ဖမ်းဆီးထားနိုင်ခဲ့သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု လက်လွှတ်ဆုံးရှုံးလိုက်ရသည့် ဒုတိယမြောက်တိုင်းစစ်ဌာနချုပ်ဖြစ်ကာ သြဂုတ် ၃ ရက်ကလည်း ရှမ်းပြည်နယ်၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် - ရမခ အားကိုးကန့် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးတိုင် သိမ်းပိုက်ထားပြီး ဖြစ်သည်။
ချင်းညီနောင်စစ်ဆင်ရေး (OperationCB) အား Chin Brotherhood နှင့် မဟာမိတ်များဖြစ်သည့် Yaw Defense Force (YDF)၊ Yaw Army (YA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင်တပ်ရင်း (၃) တို့က မင်းတပ်မြို့သိမ်းတိုက်ပွဲအား ဆင်နွှဲခဲ့ရာ ဒီဇင်ဘာ ၂၁ ရက်တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ဒီဇင်ဘာ ၂၂ ရက်တွင် ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း CB က ကြေညာခဲ့ရာ မြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ လက်နက်ကိုင်တပ်များက တိုက်ခိုက်မှုမရှိဘဲ ဆုတ်ခွာသွားကြသဖြင့် ဒီဇင်ဘာ ၂၃ ရက်တွင် အပြီးတိုင် သိမ်းပိုက်လိုက်နိုင်ခဲ့သည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ ချမှတ်ထားသည့် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ထက် ကျော်လွန်၍ လုပ်ဆောင်ရန် အပါအဝင် အချက်ခြောက်ချက်ပါသည့် "မြန်မာပိုင်၊ မြန်မာဦးဆောင် ဖြေရှင်းမှု" ရည်ရွယ်ချက်အား သုံးသပ်ဖြေရှင်းရေး ရပ်တည်ချက်စာတမ်းအား မြန်မာ့အရပ်ဘက်အဖွဲ့အစည်း ၂၆၀ က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။
အချက်ခြောက်ချက်၌ အာဆီယံအနေဖြင့် "မြန်မာပိုင်၊ မြန်မာဦးဆောင်" ချဉ်းကပ်မှုသည် မြန်မာပြည်သူများ၏ စုပေါင်းဆန္ဒအား ထောက်ခံပံ့ပိုးပေးသည့် စစ်မှန်သော နိုင်ငံရေးဆန္ဒဖြင့် ကျောထောက်နောက်ခံပြုရန်၊ တရားမဝင် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံရန် သို့မဟုတ် အပေးအယူလုပ်ရန် မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများအပေါ် ဖိအားပေးမှုအားလုံး ရပ်တန့်ရန်နှင့် စစ်အုပ်စုအား လုံးလုံးလျားလျား ဖယ်ထုတ်ထားသည့် ပြည်တွင်းနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်အား ထောက်ခံအားပေးရန်၊ စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများ ချက်ချင်းရပ်တန့်ကာ မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များနှင့် တရားဝင် လူသိရှင်ကြား ထိတွေ့ဆက်ဆံရန် ပါဝင်သည်။
ထို့ပြင် စစ်အုပ်စုကျင်းပရန် စီစဉ်ထားသည့် အတုအယောင် ရွေးကောက်ပွဲအား လူသိရှင်ကြား ရှုတ်ချကာ ထောက်ခံမှုများနှင့် ထောက်ခံမည့် အစီအစဉ်အားလုံးအား ရပ်တန့်ရန်၊ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတဆင့် IDP များအတွက် လူသားစာနာ အကူအညီများ ပေးရန်၊ မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများအတွက် နိုင်ငံတကာဥပဒေအောက်၌ တာဝန်ယူ၊ တာဝန်ခံစေရန် နိုင်ငံတကာနှင့် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများ၌ ပူးပေါင်းပါဝင်ပေးရန်လည်း ရပ်တည်ချက်စာတမ်း၌ ဖော်ပြထားသည်။
မွန်ပြည်နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုအား လက်နက်ကိုင် တော်လှန်နေကြသည့် ဒေသအခြေပြု တပ်ဖွဲ့လေးခုက အားလုံးပါဝင်သည့် တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းရေး အကောင်အထည်ဖော်ရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
မွန်ပြည် လွတ်မြောက်ရေး တပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့ ဒီဇင်ဘာ ၁၈ ရက်က တော်လှန်ရေးနယ်မြေအတွင်း အစည်းအဝေးပြုလုပ်ပြီးနောက် တပ်တော်ပေါ်ထွန်းရေး အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြခြင်း ဖြစ်ကာ ပထမအဆင့်အဖြစ် ပူးတွဲစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားရန်လည်း သဘောတူညီထားကြသည်။
ဒုတိယအကြိမ်မြောက် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံအား ဒီဇင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ လေးရက်တာ ကျင်းပပြီးနောက် အချက် ၁၀ ချက်ပါ သဘောထားအား ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။
CDM အင်အားစုအနေဖြင့် စနစ်သစ်နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက် ဆက်လက်တိုက်ပွဲဝင်မည် ဖြစ်ကာ အကြမ်းဖက်စစ်တပ်နှင့် အပေါင်းအပါများ၊ ၎င်းတို့အား ကူညီပံ့ပိုးနေသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း ဆန့်ကျင်တော်လှန်မည်ဟု ဖော်ပြထားသည်။ ထို့ပြင် တရားမဝင် စစ်အုပ်စုနှင့် ချုပ်ဆိုထားသော မည်သည့် နိုင်ငံတကာ စာချုပ်မျိုးကိုမဆို အသိအမှတ်ပြုမည် မဟုတ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြုလုပ်မည့် ရွေးကောက်ပွဲနှင့် မည်သည့် နိုင်ငံရေးအခင်းအကျင်းကိုမဆို ပြတ်ပြတ်သားသား ရှုတ်ချကာ လုံးဝလက်ခံမည် မဟုတ်ကြောင်းလည်း သဘောထားထုတ်ပြန်ချက်၌ ပါရှိသည်။
အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းလျက်ရှိသော Non CDM ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူလုထုနှင့် ပူးပေါင်းရန်၊ ပြည်သူလူထု ထိခိုက်နာကျင်စေမည့် လုပ်ရပ်များကို ပူးပေါင်းလုပ်ဆောင်လျက်ရှိသူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားရေးအတွက်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများအား တိုက်တွန်းထားသည်။
Frontline Combat Medic သင်တန်း တက်ရောက်နေသည့် ဆေးတပ်သား ရဲဘော်၊ ရဲမေ ၁၈ ဦး သေဆုံးမှုအတွက် တာဝန်ရှိသည့် ကျောင်းအုပ်တစ်ဦး၊ ကာယလေ့ကျင့်ရေးဆရာတစ်ဦး၊ သင်တန်းအကူတစ်ဦးတို့အား ဗဟိုအဆင့် စစ်တရားခုံရုံးက ပြစ်မှု ထင်ရှားသည့်အတွက် ထောင်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက် ညပိုင်းက ဖြစ်ပွားခြင်းဖြစ်ကာ ညဘက်လေ့ကျင့်ရေးပြုလုပ်စဉ် တောင်ကျချောင်းရေကြောင့် မျောပါသေဆုံးခဲ့ရခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီးနောက် စစ်အက်ဥပဒေပြစ်မှုဆိုင်ရာ ပုဒ်မ (၁၇)၊ (၂၇)အရ ကျောင်းအုပ်နှင့် ကာယလေ့ကျင့်ရေးဆရာအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်နှင့် သုံးလ၊ သင်တန်းအကူဆရာအား ပုဒ်မ (၂၇) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပြီကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ရုရှားအစိုးရက အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ဝန်ဆောင်မှုပေးရန် ရုရှားနိုင်ငံသားနှင့် ၎င်းတို့အား စောင့်ရှောက်ရန် အကြောင်းပြချက်ဖြင့် လက်နက်ကိုင်များကိုပါ မြန်မာပြည်တွင်း စေလွှတ်နေမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရုရှားလက်နက်ကိုင်များသည် ၎င်းတို့နိုင်ငံသားများအား စောင့်ရှောက်ရန်အတွက်သာ ဖြစ်သည်ဟု ရုရှားအစိုးရဘက်က ထုတ်ပြန်ထားသော်လည်း ယင်းမှာ အကြမ်းမဖက် လူထုလှုပ်ရှားမှုများအား တိုက်ခိုက်ရန် ကြိုတင်စီမံချက်သာဖြစ်ပြီး စစ်အုပ်စုနှင့် ရုရှားအကြား တရားမဝင် ချုပ်ဆိုထားသည့် စာချုပ်နှင့် သဘောတူညီချက်များအား ဖက်ဒရယ်ပြည်ထောင်စုလက်ထက်တွင် ပယ်ဖျက်သွားမည်ဟုလည်း NUCC က သတိပေးထားသည်။
တိုင်းစစ်ဌာနအား စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများ အဆင့်ဆင့်ဖြင့် ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်များအား တရားဝင် ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တိုင်းစစ်ဌာန (ဧရာဝတီ) က ဒီဇင်ဘာ ၁၂ ရက်တွင် ကြေညာချက်အမှတ် (၁/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဧရာဝတီမြေသို့ ထိုးဖောက်ကာ မဟာမိတ် (EROs) များနှင့် လက်တွဲ၍ တိုက်ပွဲဝင်နေပြီဖြစ်ကာ တိုင်းစစ်ဌာနအား PDF တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၏ကွပ်ကွဲအုပ်ချုပ်မှုအောက်၌ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်၌ ဒီဇင်ဘာ ၁၃ ရက်က နှစ်စဉ် ပြုလုပ်နေကြဖြစ်သည့် Doi Loi Fa ပွဲ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမှုမှန် ဖော်ထုတ်ရေးလုပ်ငန်းများ၌ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအမြဲတမ်းကော်မတီက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပေါက်ကွဲမှုဖြစ်စဉ်၌ လေးဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာရရှိခဲ့ပြီး သံသယရှိ လူငယ်နှစ်ဦးအား ဖမ်းဆီးထားမိကြောင်း၊ တစ်ဦးမှာ KNU အဖွဲ့ဝင်ဖြစ်သည်ဟု ထိုင်းအာဏာပိုင်များအား ကိုးကား၍ Khaosad သတင်းဌာနက ရေးသားဖော်ပြပြီးနောက် အဆိုပါ သဘောထား ထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်၌ သေဆုံး၊ ဒဏ်ရာရသူများ၏မိသားစုဝင်များနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲကြောင်းနှင့် ယင်းကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကို လက်မခံသည့်အပြင် ပြုလုပ်သူများကိုလည်း ကန့်ကွတ်ရှုတ်ချကြောင်း ပါရှိသည်။
ကရင်နီနှင့် ရှမ်းပြည်နယ်စပ် မိုးဗြဲမြို့အနီး ဒီဇင်ဘာ ၇ နှင့် ၈ ရက် တိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က ဒရုန်းသုံး ဗုံးကြဲရာ၌ S-HPOS (အက်စ်ဖော့စ်) တံဆိပ်ပါ အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီဇင်ဘာ ၁၃ ရက်တွင် သက်သေများနှင့်တကွ ထုတ်ပြန်လိုက်သည်။
အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုတိုက်ခိုက်မှုကြောင့် ရဲဘော်များမှာ မူးဝေခြင်း၊ ခေါင်းမူးခြင်း၊ အော့အန်လိုခြင်း၊ အိပ်ချင်လာခြင်း၊ ခန္ဓာကိုယ်မလန်းဆန်းခြင်းနှင့် အားပြတ်ခြင်းများ ခံစားခဲ့ရကာ အများပြည်သူအနေဖြင့် မိမိတို့အနီးဝန်းကျင်၌ ဒရုန်းပျံဝဲခြင်း၊ တိုက်ခိုက်ခံရသည့်နေရာများအနီး ရှိနေပါက စူးစမ်းခြင်းများမလုပ်ဘဲ လုံခြုံရာနေရာများ၌ ပုန်းခို၊ ရှောင်ရှားနေကြရန်လည်း KNDF က အထူးသတိပေးထားသည်။
နေပြည်တော်-ကံပြားလမ်းပိုင်း၌ မဘသ မျိုးချစ်ခေါင်းဆောင် ပျူစောထီးအဖွဲ့ဝင် မင်းမင်းအား နိုဝင်ဘာ ၂၉ ရက်က ရှင်းလင်းရာ၌ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ (International Humanitarian Law and International Human Rights Law) နှင့် ငြိစွန်းခဲ့သည့်အတွက် ပါဝင်သူတပ်ဖွဲ့ဝင် လေးဦးအား ထောင်အချုပ် တစ်နှစ် ချမှတ်ကြောင်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ရှင်းလင်းမှုဖြစ်စဉ်၌ ပါဝင်ခဲ့သူများ ဖြစ်သည့် ရဲဘော် မောင်ဇင်နိုင်ဖြိုး၊ မောင်မင်းသူ၊ မောင်ကျော်ခိုင်၊ မောင်ဝေဇင်တို့အား ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် ခုံရုံးစစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီးနောက် IHL-IHR နှင့် ငြိစွန်းသည်ဟု ဆုံးဖြတ်သည့်အတွက် ထိုသို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ် အမည်ဖြင့် ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ နေထိုင်ခွင့်အပေါ် ဖြေလျော့မှုများ ရှိသော်လည်း အခက်အခဲ ဖြစ်စေမည့် အချက်သုံးချက် ပါဝင်နေသည့်အပေါ် ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးစေလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိုင်းအစိုးရထံ ဒီဇင်ဘာ ၄ ရက်က ပန်ကြားချက် ပေးပို့ထားသည်။
ထိုင်းအစိုးရက အထောက်အထားမရှိသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား Non Thai Identification Card (ပန်းရောင်ကတ်) ထုတ်ပေးခြင်း၊ တရားဝင် အထောက်အထားများ ဖြစ်သည့် နိုင်ငံကူးလက်မှတ် (Passport) ၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) (အစိမ်းရောင်စာအုပ်) ကိုင်ဆောင်ထားသူများအား မြန်မာနိုင်ငံသို့ ပြန်စရာမလိုဘဲ သက်တမ်းတိုးမှု ဆောင်ရွက်နိုင်ရေး အစီအစဉ်သစ်၌ အခက်အခဲဖြစ်စေမည့် အချက်များ ပါဝင်နေခြင်း ဖြစ်သည်။
NUG အလုပ်သမားဝန်ကြီးဌာနက ပေးပို့သည့် ပန်ကြားချက်၌ (၁) အလုပ်သမားများ၏ အချက်အလက်များအား စစ်ကောင်စီထံ ပေးပို့ခြင်း (၂) သက်တမ်းတိုးလျှောက်ထားရာ၌ သတ်မှတ်ထားသည့် ကုန်ကျစရိတ်အပြင် စစ်ကောင်စီထံ ပြည်ပလစာဝင်ငွေခွန် ဆောင်ထားကြောင်းနှင့် စစ်ကောင်စီ သတ်မှတ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများမှတဆင့် မြန်မာနိုင်ငံဗဟိုဘဏ်က သတ်မှတ်သော ငွေလဲနှုန်းထားအတိုင်း ပြည်တွင်းရှိ မိသားစုထံ ငွေလွှဲပြောင်းမှု အထောက်အထား ပြသရခြင်း (၃) ယခင်ကုန်ကျစရိတ်ထက် နှစ်ဆ မှ သုံးဆအထိ ရှိလာနိုင်ခြင်းတို့ကြောင့် ယခင်အတိုင်း သက်တမ်းတိုးပေးခြင်းနှင့် အထောက်အထား ထုတ်ပေးခြင်းလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စု အာဏာ မသိမ်းခင်က အထောက်အထားတစ်ခုခု ကိုင်ဆောင်ထားသူ နှစ်သန်းကျော်နှင့် အထောက်အထားမဲ့၁ ဒသမ ၅ သန်းကျော် ရှိခဲ့ကာ အာဏာသိမ်းပြီးနောက်ပိုင်း ယင်းပမာဏထက် ပိုမိုများပြားလာလျက် ရှိသည်။
စစ်ဘေးဒုက္ခဒဏ် ခံစားနေရသည့် ပြည်သူများအား ငဲ့ညှာခြင်း၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးနှင့် ပြည်တွင်းစစ်ရေးပဋိပက္ခများအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေးအား လက်တွေ့ကျကျ ဖော်ဆောင်ရန်အတွက် အချက်ခြောက်ချက်ပါ ရပ်တည်ချက်နှင့် သဘောထားအား မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) (ကိုးကန့်) စစ်ရေးကော်မတီက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
“ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုလားပါကြောင်း ထုတ်ပြန်ကြေညာချက်" အမည်ဖြင့် ထုတ်ပြန်မှု၌ MNTJP/MNDAA သည် နိုင်ငံသစ် တည်ထောင်မည် မဟုတ်ကြောင်း၊ ယနေ့မှစ၍ အစပြု ထိုးစစ်ဆင်မည် မဟုတ်ကြောင်းနှင့် တရုတ်၏ ကြားဝင်စေ့စပ်မှုအတိုင်း တက်ကြွစွာ ပူးပေါင်းမည်ဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ မြန်မာနိုင်ငံအနှံ့ ဖော်ဆောင်နေသည့် ဝေဟင်နှင့် မြေပြင်ထိုးစစ်ဆင်မှုများအား ရပ်ဆိုင်းပေးရမည်၊ တွေ့ဆုံဆွေးနွေးစဉ် MNTJP/MNDAA ဘက်မှ အဆင်မြင့်ကိုယ်စားလှယ် စေလွှတ်မည်ဖြစ်ကာ ပဋိပက္ခနှင့် အမြင်သဘောထားကွဲမှုများအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် မျှော်လင့်ကြောင်း၊ နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း MNDAA အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား ယခင်နည်းတူ ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း ပါရှိသည်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဂုံညှင်းနွယ်ကျေးရွာတွင် ဖြစ်ပွားသည့် အဓမ္မပြုကျင့်၊ လူသတ်မှု ကျူးလွန်သူ ဦးစဆိုသူအား သေဒဏ်ပေးသည့်ကိစ္စမှာ စလင်းမြို့နယ် လူသားစာနာတာဝန်ခံ Heineken ၏ တစ်ဦးတည်းသဘောဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဒီဇင်ဘာ ၁ ရက်က မြို့နယ်ပအဖ တာဝန်ခံ နှင်းဆီအမည်ဖြင့် လူထုထံ အသိပေး ထုတ်ပြန်ထားသည်။
CJ Platform သတင်းပေ့ချ်က နိုဝင်ဘာ ၂၉ ရက်တွင် "စလင်းမှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်သူ NUG ကြန့်ကြာလို့ မြို့နယ်ပအဖ သေဒဏ်ချမှတ်" ခေါင်းစဉ်ဖြင့် သတင်းထုတ်လွှင့်ပြီးနောက် စလင်း ပဖအ အဖွဲ့က မိဘပြည်သူ/ပြည်သူလူထုထံသို့ သတင်းထုတ်ပြန်ချက် အမည်ဖြင့် ပြန်လည်ထုတ်ပြန်ထားခြင်း ဖြစ်သည်။
တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် မြောင်းသစ်နှင့် ဂုံညှင်းနွယ်ကျေးရွာကြားတွင် ဦးစ (၄၂နှစ်) က အမျိုးသမီးတစ်ဦးအား အောက်တိုဘာ၂၁ ရက်တွင် အဓမ္မပြုကျင့်/သတ်ဖြတ်ခဲ့ကြောင်း၊ အောက်တိုဘာ ၂၂ ရက်တွင် သံသယရှိသူအား ဖမ်းဆီးပြီးနောက် ပြစ်မှုကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း၊ ပြစ်မှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဌာနထံ ဆက်လက်စစ်ဆေး ပြစ်ဒဏ်ချမှတ်ပေးရန် တင်ထားသော်လည်း ကြန့်ကြာနေသည့်အတွက် နိုဝင်ဘာ ၁၅ ရက်တွင် စလင်းမြို့နယ် ပကဖက ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ (က) အရ သေဒဏ်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာ ၂၉ ရက်အထိ ၎င်းအား ပအဖအချုပ်ထောင်၌ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း စလင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၀င် မဟန်နီကယ်အား မေးမြန်း၍ CJ Platform က သတင်းအဖြစ် ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) နှင့် ပူးပေါင်းဆောင်ရွက်မှုအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၆ ရက်မှစ၍ နှစ်ဖက် သဘောတူ ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်သူလူထုသို့ လေးစားစွာ အသိပေးအကြောင်းကြားခြင်း အမည်ဖြင့် ထုတ်ပြန်သည့်ကြေညာချက်၌ တော်လှန်ရေးတွင် ပိုမိုအာရုံစိုက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တော်လှန်ရေးခရီးအား မိမိတို့ နိုင်ရာလမ်းကြောင်းများမှ သီးခြားလျှောက်လှမ်းရန် မတတ်သာဘဲ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ပါရှိသည်။
FederalWings သည် ယခင်က NUG နှင့် ပူးပေါင်း၍ နည်းပညာဆိုင်ရာလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး(Research & Development)လုပ်ငန်းများ၊ ရန်ပုံငွေရရှိရေးလုပ်ငန်းများ၊ ပစ္စည်းရွေးချယ်ဝယ်ယူခြင်းလုပ်ငန်းများ၌ ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။
ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် ဖမ်းဝရမ်းထုတ်ရေး လျှောက်ထားမှု၌ ပူးပေါင်းသည့်အနေဖြင့် အစွမ်းကုန် အရှိန်မြှင့်ကြိုးပမ်း အားထုတ်မည်ဟု NUG-K2C က နိုဝင်ဘာ ၃၀ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
စစ်အုပ်စုခေါင်းဆောင်အား ဖမ်းဝရမ်းထုတ်ပေးရန် ICC ရှေ့နေချုပ် Karim AA Khan က ICC သို့ နိုဝင်ဘာ ၂၇ ရက်တွင် လျှောက်ထားခြင်းဖြစ်ကာ ဖမ်းဝရမ်းထုတ်ခံရမည့် တရားခံအား နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး၊ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများကိုလည်း ဖော်ထုတ်ကာ နိုင်ငံတကာ ဥပဒေများနှင့်အညီ ICC၊ ICJ စသည့် နိုင်ငံတကာ တရားစီရင်ရေးယန္တရားများမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန် အရှိန်မြှင့် ကြိုးပမ်းအားထုတ်သွားမည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
NUG-K2C စုဖွဲ့မှုတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ကာ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင် ဦးဆောင်လျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စုနှင့် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်နေသော ဆက်ဆံရေးများကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်ပွားခြင်းကို အားပေးသည့် အခြေအနေ မဖြစ်ပေါ်စေရေးအတွက် သတိမူကြရန် လိုအပ်လာပြီဖြစ်ကြောင်းလည်း သတိပေးထားသည်။
စစ်အာဏာရှင်အစိုးရ အဆက်ဆက် အာဏာတည်မြဲရေးအတွက် ကချင်အထူးဒေသ (၁) ဟူ၍ ခွဲခြားအုပ်ချုပ်ထားမှုအား နိုဝင်ဘာ ၂၈ ရက်မှစ၍ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဗဟိုကော်မတီက ထုတ်ပြန်လိုက်သည်။
ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ (၁) ၏ နောက်ဆုံးလက်ကျန်ဖြစ်သည့် ကန်ပိုက်တီ (ကံပိုက်တည်) မြို့အား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က နိုဝင်ဘာ ၂၀ ရက်တွင် သိမ်းယူပြီးနောက် ထိုသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ကချင်လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲမှုမရှိဘဲ အတူတကွ တန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ (၁) ဟု ခွဲခြားသတ်မှတ်ထားသောနယ်မြေများကို တပေါင်းတစည်းတည်းဖြစ်အောင် အရယူခဲ့ခြင်းဖြစ်ကြောင်း၊ လူထု၏ လူမှုစီးပွားဘဝ ဆုံးရှုံးထိခိုက်မှု မဖြစ်စေဘဲ လူသားချင်း စာနာထောက်ထားမှုအခြေခံသည့် မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားတည်ဆောက်မည် ဖြစ်၍ အထူးဒေသ (၁) အုပ်ချုပ်မှုအောက်ရှိခဲ့သည့် ဌာနေပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံး စိုးရိမ်စိတ်မရှိဘဲ KIO နှင့်ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တည်ဆောက်သွားကြရန်လည်း ဖိတ်ခေါ်ထားသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲအား ၁၇ ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် မြို့တစ်ခုလုံးအား နိုဝင်ဘာ ၂၄ ရက်တွင် အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် (ULA/AA) က နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြု ထုတ်ပြန်လိုက်သည်။
တောင်ကုတ်မြို့ပြင်ရှိ အကြမ်းဖက်စစ်အုပ်စု တပ်စွဲထားသည့် နေရာများနှင့် မြို့တွင်းရှိ မြို့မရဲစခန်းတို့အား နိုဝင်ဘာ ၄ ရက်မှ ၂၀ ရက်အတွင်း ထိုးစစ်ဆင်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ မြို့တွင်းရှိ ကျန်ရှိနေသည့် ပြည်သူများအား ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခြင်း၊ မြို့တွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူခြင်းနှင့် ဖျက်ဆီခြင်း ပြုလုပ်နေသူများအား ဖမ်းဆီး၊ စစ်ဆေး၊ အရေးယူခြင်းများကိုလည်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
၂၀၁၆ - ၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများ လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်အား ဖမ်းဝရမ်းထုတ်နိုင်ရေးအတွက် လျှောက်ထားလိုက်ပြီ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(International Criminal Court– ICC) က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
ICC ရှေ့နေချုပ် Karim Khan ၏ ဖမ်းဝရမ်းထုတ်နိုင်ရေး လျှောက်ထားချက်၌ မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရိုဟင်ဂျာမဟုတ်သည့် သူများ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာစစ်တပ်သည် ယင်းရာဇဝတ်မှုများအား ကျူးလွန်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ခိုင်မာသည့် သက်သေများစွာ ရှိပြီ ဖြစ်ကြောင်း ပါရှိကာ လျှောက်ထားချက်အား တရားရုံးက စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိအား တရားသူကြီးများဘက်က ဆုံးဖြတ်ပေးရမည် ဖြစ်ကာ လက်ခံခဲ့ပါက တရားဥပဒေနှင့်အညီ ဖမ်းဆီးနိုင်ရေးအား ICC ရုံးဘက်က ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်သည်။
စစ်ဘေးဒဏ်သင့် ပြည်သူများအကျိုး ငဲ့ညှာထောက်ထားခြင်း၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြားဝင်ဆောင်ရွက်နေသည့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုအား အသိအမှတ်ပြုသည့်အနေဖြင့် နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က နိုဝင်ဘာ ၂၅ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။
မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၏ ၁၀:၂၇ စစ်ဆင်ရေးနောက်ပိုင်း စကစ-မြန်မာစစ်တပ်က လက်လွှတ်လိုက်ရသည့် နယ်မြေများရှိ ပြည်သူများအား ဦးတည်ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်နေမှုကြောင့်အပြစ်မဲ့ပြည်သူများ စစ်ဘေးဒဏ်ပေါင်းစုံ ဆိုးရွားပြင်းထန်စွာ ခံစားနေကြရမှုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေးအား ကိုင်စွဲ၍ ပြဿနာများဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အမြဲတမ်းအဆင်သင့်ရှိကြောင်းထုတ်ပြန်ချက်၌ ပါရှိသည်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားမှုအောက်ရှိ ခရိုင်တပ်ရင်း ၁ နှင့် ၂၊ မြို့နယ်လေးခုရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ပူးပေါင်းကာ ခရိုင်တပ်ပေါင်းစုအဖြစ် အောက်တိုဘာ ၂၈ ရက်တွင် ဖွဲ့စည်းပြီး ဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
ခရိုင်အတွင်းရှိ တော်လှန်ရေး လက်နက်ကိုင်အင်အားစုများအားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ အမိန့်တစ်ခုတည်းအောက် ပူးပေါင်းတိုက်ပွဲဝင်ရန်၊ ဘုံရန်သူအား စုပေါင်းအားဖြင့် တွန်းလှန်တိုက်ခိုက်ရန်၊ တူညီသော ဘုံရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖွဲ့စည်းခြင်းဖြစ်ကာ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံနှင့် ရေဖြူမြို့နယ်လေးခုမှ ပကဖအဖွဲ့များ ပါဝင်သည်။
ခရိုင်တပ်ပေါင်းစုသည် ခရိုင်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၊ ဒေသအခြေပြု လက်နက်ကိုင်အင်အားစုများ (Local PDF) ၊ ထောက်ပို့/နိုင်ငံရေး/သက်ဆိုင်ရာကဏ္ဍအလိုက် အင်အားစုများ၊ သတင်းမီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ကရင်နီပြည်နယ်၌ ကျင့်သုံးမည့် ကြားကာလ ကျန်းမာရေးမူဝါဒအား ပြင်ဆင်ဖြည့်စွက်ချက်များနှင့်အတူ ကောင်စီ၏ (၄၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဆုံးဖြတ်ချက်အမှတ် (၁/၄၁) ဖြင့် အတည်ပြု ပြဌာန်းလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) က နိုဝင်ဘာ ၁၉ ရက်တွင် ကောင်စီဥက္ကဋ္ဌလက်မှတ်ဖြင့် ထုတ်ပြန်လိုက်သည်။
ကြားကာလ ကျန်းမာရေးမူဝါဒ၌ နောက်ခံသမိုင်းကြောင်း၊ နိဒါန်း၊ အမည်/မျှော်မှန်းချက်/ဦးတည်လုပ်ငန်းစဉ်နှင့် ရည်ရွယ်ချက်၊ မူဝါဒ၏ စံတန်ဖိုးများနှင့် အခြေခံမူများ၊ ကျန်းမာရေးမူဝါဒ၊ ဘဏ္ဍာရေးဆိုင်ရာပြဌာန်းချက်၊ မူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ မူဝါဒအား ဖြည့်စွက်ခြင်း၊ အထွေထွေဟူ၍ ကဏ္ဍတစ်ခုစီအလိုက် ထည့်သွင်းပြဌာန်းထားသည်။
ကျန်းမာရေးမူဝါဒကဏ္ဍအောက်၌ အမျိုးသားကျန်းမာရေး၊ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးဆိုင်ရာကောင်စီများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကျန်းမာရေး ဟူ၍လည်း သီးခြားစီ အခန်းခွဲ ပြဌာန်းထားသည်။
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထိန်းချုပ်ထားသည့် ကျေးရွာများအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မဟုတ်သည့် သီးခြားလက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်နေထိုင်ကာ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးကဏ္ဍများတွင် ဝင်ရောက်စွက်ဖက် နှောင့်ယှက်ပါက ပြင်းထန်စွာ အရေးယူခြင်း၊ မြို့နယ်တွင်း နေထိုင်မှုအား ဖယ်ရှားသွားမည်ဟု ပေါက်မြို့နယ်- ပကဖ တာဝန်ခံအမည်ဖြင့် နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားသည်။
စစ်ရေးအရ မြို့နယ်အတွင်း ဝင်ရောက်နေထိုင်ခြင်းအား တားဆီးဟန့်တားခြင်း မပြုလိုသော်လည်း ကျေးရွာနေ ပြည်သူများအား စည်းရုံး၍ စွက်ဖက်နှောင့်ယှက်လာပါက မည်သည့် မိတ်ဖက်အဖွဲ့အစည်းကိုမဆို စဉ်းစားနေလိမ့်မည် မဟုတ်ဘဲ အရေးယူမည်ဟုလည်း ကြေညာချက်၌ ပါရှိကာ ပေါက်မြို့နယ်သည် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသအောက်၌ ပါရှိသည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ပေးပို့တင်သွင်းလာသည့် "ကရင်နီ တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ(မူကြမ်း)” အစီရင်ခံစာအား လွှတ်တော်အဆုံးအဖြတ်ဖြင့် ဥပဒေအဖြစ် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလလွှတ်တော် (Karenni State Interim Parliament) က နိုဝင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
ကရင်နီပြည် ကြားကာလအစီအမံ အခန်း (၇)၊ ပုဒ်မခွဲ (က) နှင့် ကရင်နီပြည် လွှတ်တော်ဆိုင်ရာ ဥပဒေအခန်း (၈)၊ ပုဒ်မ (၃၃) အရ လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေးအား ယင်းနေ့တွင် တက်ရောက်ခွင့်ရှိသူ ၁၅ ဦးအနက် ၁၃ ဦးဖြ င့်ပြုလုပ်ခဲ့ပြီးနောက် လွှတ်တော်အဆုံးအဖြတ် ရယူကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် လက်အောက်ခံ တပ်ဖွဲ့များအား လိုအပ်သည့် ထိန်းကြောင်းမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် တစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ခြောက်ဦးအား အရေးယူ အပြစ်ပေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
အကျဉ်းစစ်တရားရုံးမှ PDF တစ်ဦးနှင့် စစ်ခုံရုံးမှ ပကဖ တစ်ဦးအား ထောင်ဒဏ်ချမှတ်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးမှ ပကဖအဖွဲ့ဝင် လေးဦးအနက် တစ်ဦးအား ရာထူးမှ ထုတ်ပယ်ခြင်း၊ နှစ်ဦးအား တာဝန်မှ ခြောက်လ ယာယီရပ်ဆိုင်းခြင်း၊ တစ်ဦးအား စာဖြင့် အသိပေး အရေးယူခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသော်လည်း မည်သည့်ပြစ်မှုများ ကျူးလွန်ထားသည်ဆိုသည့်အချက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ သို့သော် မျှတသည့် တရားစီရင်မှု (Fair Trial) ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း အသိပေး ထုတ်ပြန်သည်ဟူ၍ ပါရှိသည်။
ကရင်နီပြည် ကြားကာလ ပညာရေးမူဝါဒအား မျှော်မှန်းချက် (၃) ရပ်၊ အခြေခံမူ (၁၁) ချက်ဖြင့် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council - KSCC) ၏ (၃၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက် (၂/၃၉) အရ နိုဝင်ဘာ ၂ ရက်တွင် စတင်အတည်ပြုလိုက်ပြီကြောင်း ဥက္ကဌ ဦးအောင်ဆန်းမြင့် အမည်ဖြင့် ထုတ်ပြန်လိုက်သည်။
ပညာရေးမူဝါဒ၌ အခန်း ၁၃ ခန်း ပါရှိကာ ဦးတည်ချက်၊ မျှော်မှန်းချက်၊ နောက်အခံအကြောင်းအရာများ၊ အခြေခံမူများ၊ စီမံခန့်ခွဲခြင်း၊ ရှေးဦးကလေးသူငယ်ပညာရေးမူဝါဒ၊ အခြေခံပညာရေးမူဝါဒ၊ အဆင့်မြင့်ရေးမူဝါဒ၊ အသက်မွေးဝမ်းကြောင်းပညာရေးမူဝါဒ၊ ပုဂ္ဂလိကပညာရေးမူဝါဒ၊ အထူးအစီအမံပညာရေးလုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ပြဌာန်းချက်နှင့် အထွေထွေပြဌာန်းချက်များဟူ၍ ပါဝင်သည်။
စစ်ကိုင်းဖိုရမ်အင်အားစုများ အားလုံးတက်ရောက်သည့် စတုတ္ထအကြိမ်မြောက် ညီလာခံ၌ ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့အား စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း (Federationof Sagaing Forum) ဟု ပြောင်းလဲသတ်မှတ်ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်အသိပေးလိုက်သည်။
ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့များပါ ပါဝင်သည့် ညီလာခံ၌ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်း၊ ကိစ္စရပ်များနှင့် ကိုက်ညီမှုရှိမည့် အမည်သစ်အား ပြောင်းလဲသတ်မှတ်ရန် ဆွေးနွေးခဲ့ပြီးနောက် ထိုသို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက ကျင်းပရန် ရည်ရွယ်သည့် ရွေးကောက်ပွဲအပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအောက်မှ ဆောင်ရွက်မည့် မည်သည့်ကိစ္စမဆို လက်ခံ၊ အသိအမှတ်မပြုကြောင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အရ ကြားကာလ စစ်ကိုင်းဒေသအားစစ်ကိုင်း ဒေသသူ/သားများကိုယ်တိုင် စီမံပိုင်ခွင့်ရှိရမည်ဖြစ်ကာ အနာဂတ်၌ ထူထောင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တွင် ပြည်သူလူထု၏ သဘောဆန္ဒနှင့်အညီ ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်မည် ဖြစ်ကြောင်း၊ ယခုသဘောထားရပ်တည်ချက်အား ဖော်ဆောင်ရာ၌ ပြည်ထောင်စုနှင့် ပြည်နယ်၊ ဒေသအလိုက် ဖြစ်ပေါ်တိုးတက်လာသည့် တော်လှန်ရေး၊ နိုင်ငံရေးအခြေအနေများနှင့် ဟန်ချက်ညီ ပေါင်းစပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ညီလာခံအပြီး ထုတ်ပြန်သည့် ဖက်ဒရေးရှင်းနိုင်ငံရေးသဘောထားရပ်တည်ချက်၌ ဖော်ပြထားသည်။
ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ်(ILO) သတ်မှတ်ချက် ၈၇ နှင့် ၂၉ အရ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အဓမ္မလုပ်အားခိုင်းစေမှုများနှင့် ပတ်သက်၍ မလိုက်နာမှုအပေါ် ILO အခြေခံဥပဒေအပိုဒ် - ၃၃ (Article 33) အရ ဆောင်ရွက်နိုင်ရေး မူကြမ်းရေးရန် ILO ညွှန်ကြားရေးမှူးချုပ်အား အုပ်ချုပ်မှုကော်မတီက တာဝန်ပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်ထားသည်။
ILO က သတ်မှတ်ထားသည့် စံနှုန်းများအား မလိုက်နာခြင်း၊ အကြံပြု ပြုပြင်ရန် တိုက်တွန်းချက်များအား မလိုက်နာပါက Article 33 အရ အရေးယူနိုင်ကာ မြန်မာစစ်တပ်အား အရေးယူပေးရန် ၂၀၂၁ ခုနှစ်ကတည်းက တောင်းဆိုထားခြင်းဖြစ်ပြီး မူကြမ်းရေးရန် နိုဝင်ဘာ ၆ ရက်က ပြုလုပ်သည့် ILO ညီလာခံဆုံးဖြတ်ချက်အရ အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ညီလာခံအား ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ ILO ရုံးချုပ်တွင် ပြုလုပ်ခြင်းဖြစ်ကာ ၂၀၀၀ ခုနှစ် စစ်တပ် ဦးဆောင်သည့် စစ်အစိုးရလက်ထက်ကလည်း ယင်း Article 33 ဖြင့်ပင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံအား အရေးယူခဲ့ဖူးသည်။ ယင်းမူကြမ်းအား၂၀၂၅ ခုနှစ် မတ်လတွင် ပြုလုပ်မည့် ILO အုပ်ချုပ်ရေးကော်မတီအစည်းအဝေးအမီ ရေးသားရမည် ဖြစ်ကာ ဇွန်လတွင် ပြုလုပ်မည့် ညီလာခံ၌ အတည်ပြုနိုင်ပါက စစ်အုပ်စုအား အလုံးစုံပိတ်ဆို့ အရေးယူနိုင်မည်ဖြစ်သည်။
အောက်တိုဘာလသည် အာဆီယံထိပ်သီးအစည်းအဝေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံတို့နှင့် မြန်မာ့အရေးကိစ္စ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် တဖန် ပြန်လည်ဆွေးနွေးလာကြသည့် ကာလတစ်ခု ဖြစ်ခဲ့သည်။ အောက်တိုဘာလအတွင်း မြန်မာ့အရေး နိုင်ငံတကာခရီးဆန့်ခဲ့မှုကို အောက်တွင် ပြန်လည် အနှစ်ချုပ် အစီရင်ခံအပ်ပါသည်။
(၄၄) နှင့် (၄၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများကို လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ အောက်တိုဘာ ၈ ရက်က ပြုလုပ်ခဲ့သည်။ မြန်မာအရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာအားလုံး ပါဝင်နိုင်အောင် ချဉ်းကပ်လုပ်ဆောင်ရန် လိုအပ်သလို မြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့် ရက်စက်ကြမ်းကြုတ်မှုများအား အဆုံးသတ်ရန် အာဆီယံနိုင်ငံများအနေဖြင့် ပူးပေါင်းလုပ်ဆောင်ကြရန် လိုကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က ထိုအစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။
အစည်းအဝေးတွင် မြန်မာ့အရေးအတွက် တရုတ်အနေဖြင့် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးရန် အာဆီယံခေါင်းဆောင်များက တိုက်တွန်းခဲ့သည့်အပြင် မြန်မာ့ပြည်တွင်းစစ်ပြဿနာများမှာ ရှုပ်ထွေးပြီး ပြေလည်အောင် လုပ်ဆောင်ရန်အတွက် အချိန်ပေးဖို့လိုအပ်ကြောင်းအာဆီယံအတွင်းရေးမှူးချုပ်Kao Kim Hourn ကသတင်းထောက်များကိုပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကလည်း မြန်မာ့ပြဿနာအား အဖြေရှာရာ၌ စစ်ရေးအရ ဖြေရှင်း၍မရဘူးဆိုသည့်အချက်အား အာဆီယံအနေဖြင့် တညီတညွတ်တည်း တိုက်တွန်းပြောကြားရန် လိုအပ်သလို ပဋိပက္ခအဆုံးသတ်ရေး သက်ဆိုင်သူ အားလုံး မဖြစ်မနေ တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း၊ ဆွေးနွေးရေးအတွက် ထိုင်းနိုင်ငံက ကူညီရန် အဆင်သင့်ရှိကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိပ်သီးအစည်းအဝေးအပြီး အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်သည့် အာဆီယံဥက္ကဋ္ဌ၏ကြေညာချက်၌ သွေးထွက်သံယို ပဋိပက္ခများ ချက်ချင်းရပ်ရန်၊ စာနာမှု အကူအညီပေးနိုင်မည့် အခြေအနေများ ဖန်တီးရန်၊ မြန်မာနိုင်ငံက ကိုယ်တိုင်ဦးဆောင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန် ပါရှိသည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်နိုင်ခြေရှိသည့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲအား ယခုနှစ်နှောင်းပိုင်းတွင် ထိုင်းနိုင်ငံက ကမကထလုပ် ကျင်းပမည့်အစီအစဉ်ကိုလည်း ကြိုဆိုကြောင်း ပါရှိသည်။
အာဆီယံထိပ်သီးအစည်းအဝေး မစတင်မီ အောက်တိုဘာ ၆ ရက်တွင် လာအိုနိုင်ငံ၌ ပြုလုပ်မည့် မြန်မာအရေးဆိုင်ရာ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ မြန်မာနိုင်ငံ၏ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး အင်အားစုများဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) များနှင့် ပြည်တွင်းအင်အားစုများ ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်အားပြုလုပ်ခဲ့ရာမြန်မာဆိုင်ရာအထူးသံတမန်များ၊ကုလအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်၊ အာဆီယံ၊ဥရောပသမဂ္ဂ၊ ဗြတိန်၊အမေရိကန်၊ သြစတြေးလျ၊ထိုင်း၊ နော်ဝေ၊အိန္ဒိယ၊ ဂျပန်သံအမတ်များလည်းပါဝင်တက်ရာက်ခဲ့ကြသည်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ပ်(Ms. Julie Bishop) သည် မြန်မာ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီသို့ ပြောကြားသည့်အစီရင်ခံစာတွင် ထည့်သွင်းတင်ပြခဲ့သည်။ သူမအား ကုလအထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့သည့် ဧပြီလဆန်းက ခန့်ထားခြင်းဖြစ်ကာ ၎င်းတာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်တက်ရောက်သည့် အထွေထွေညီလာခံလည်း ဖြစ်သည်။
တိတ်တဆိတ် သွားရောက်ခဲ့သည့် မြန်မာပြည်ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (ERO) များနှင့်လည်း တွေ့ဆုံခဲ့သည်ဟုတင်ပြချက်၌ ပါရှိသည်။
မိန့်ခွန်း၌ မြန်မာ့အရေး၌ ပါဝင်ပတ်သက်သူအားလုံးသည် အရှုံးအနိုင် အပြီးသတ် အပြတ်ဖြတ်ရေး စိတ်ဓာတ်ဖြင့်လုပ်နေခြင်းကို စွန့်လွှတ်ရန်၊ အကြမ်းဖက်မှုများ အဆုံးသတ်ရေး တစ်ခုတည်းသော နည်းလမ်းမှာပြန်လည်သင့်မြတ်ရေးအတွက် လမ်းဖွင့်ပေးခြင်းသာ ဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခကြောင့် လူ ၃,၂၀၀,၀၀၀ ခန့် အိုးအိမ်မဲ့ ထွက်ပြေးနေရကာ လက်ရှိ ရင်ဆိုင်နေရသည့် လူသားချင်းစာနာမှု အကျပ်အတည်းသည် ယခင်က မကြုံဖူးသည့်အခြေအနေ ဖြစ်နေသည်ကို ပဋိပက္ခ၌ ပါဝင်နေသူအားလုံးလက်ခံကြရန်လည်း ဂျူလီဘိရှော့ပ်က ထည့်သွင်းပြောဆိုထားသည်။ တဖက်တွင်လည်း တာဝန်ခံမှုကို ဖော်ဆောင်ရန်ဟုလည်း ဖော်ပြခဲ့သည်။ ထို့ပြင် သူမအနေဖြင့် မြန်မာပြည်သို့ နောက်တစ်ကြိမ် ပြန်သွားမည်ဖြစ်သည်ဟုလည်း ကော်မတီအား အစီရင်ခံမှု၌ ထည့်သွင်းပြောကြားသွားခဲ့သည်။
မစ္စ ဂျူလီဘိရှော့ပ်သည် မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းဖြေရှင်းရေးအတွက် မြန်မာတွေပဲ ဦးဆောင်ပြီး အားလုံးပါဝင်သည့် ဖြစ်စဉ်တစ်ရပ်ပေါ်လာအောင် ကြိုးစားမှုအဖြစ် သြဂုတ် ၂၀ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံထားသေးသည်။ မြန်မာ့ကိစ္စ ဖြေရှင်းရာ၌ သဘောတူညီချက် ရရှိရေး တရုတ်၊ အာဆီယံနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းပြောဆိုခဲ့သည်ဟုလည်း တရုတ်အစိုးရပိုင် CGTN က ထုတ်ဖော်ရေးသားထားသည်။
“အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု” ကို ဦးတည်ဖော်ပြကြလေ့ရှိသော အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ သံတမန်ရေးကြိုးပမ်းမှုများတွင် “မြန်မာနိုင်ငံက ဦးဆောင်သော၊ မြန်မာနိုင်ငံက ပိုင်ဆိုင်သော” ဟူသည့်အချက်ကို ပုံမှန်ထည့်သွင်းလေ့ရှိသလို၊ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်မှုများအတွက် “တာဝန်ခံမှု” ကိုလည်း ထည့်သွင်းဖော်ပြကြသည်ဖြစ်ရာ ထိုစကားလုံးများအပေါ်အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်လာနိုင်သည်။
ဒေသခံ လူထုအခက်အခဲ ဖြေရှင်းနိုင်ရေးအတွက် မြန်မာပြည် (မန္တလေး) မှ ပြည်နယ်အတွင်း တင်သွင်းလာသည့် သွင်းကုန်များအပေါ် အောက်တိုဘာ ၂၅ ရက်မှ စတင်၍ အခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ကြေညာထားသည်။
ပြည်နယ်တွင်း သွင်းကုန်များဖြစ်သည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများနှင့် တအာင်းပြည်အတွင်း အချင်းချင်း ကူသန်းရောင်းဝယ်မှုနှင့် သွင်းကုန်/ပို့ကုန်အပေါ် အခွန်ကောက်ခံမည် မဟုတ်ကြောင်းနှင့် ဒေသခံပြည်သူလူထုများအပေါ် အခွန်ကင်းလွတ်ခွင့်ပေးသွားမည် ဖြစ်သည်။
သို့သော် တအာင်းပြည်-တရုတ်ပြည်အကြား သွင်းကုန်/ပို့ကုန် ကုန်ပစ္စည်းများနှင့် တအာင်းပြည်မှ မြန်မာပြည် (မန္တလေး) သို့ တင်ပို့သည့်ကုန်ပစ္စည်းများကိုမူ အခွန်ကောက်ခံသွားမည် ဖြစ်သည်။
တိုက်ခိုက်ရေးအောင်ပွဲများမှသည် ပြည်သူ့နိုင်ငံရေးအောင်ပွဲများအထိ ဆက်လက် သယ်ဆောင် အနားသတ်ပေးနိုင်မှသာ တည်ငြိမ်အေးချမ်းမှု အစစ်အမှန်ကို ခံစားရမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy - SNLD) က အောက်တိုဘာ ၂၆ ရက်တွင် ၎င်းတို့၏နိုင်ငံရေး ရပ်တည်ချက်သဘောထားအား ထုတ်ပြန်ထားသည်။
ရပ်တည်ချက်သဘောထား၌ ၁၉၄၇ ပင်လုံစာချုပ်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူအရ တိုင်းပြည်တည်ဆောက်ကြရမည် ဖြစ်ကာ လူမျိုးရေးအစွန်းရောက် ကန့်သတ်ခွဲခြားမှု မလုပ်ဆောင်မိရန် လိုအပ်ပြီး တန်းတူညီမျှသည့် ပြည်ထောင်စုတည်ဆောက်ရေးကို မျက်ခြေမပြတ်ရန် အထူးလိုအပ်ကြောင်း ပါရှိသည်။
ထို့ပြင် မြန်မာ့ပြည်တွင်းရေးအား နိုင်ငံကြီးအချို့က စီးပိုးကြိုးကိုင်လျက် လူထုဆန္ဒအပေါ် လျစ်လျူရှု တဖက်သတ် ဆောင်ရွက်ရန် ကြိုးစားမှုအား ပြည်ထောင်စုစိတ်ဖြင့် ကျော်လွှားရန်၊ တိုင်းပြည်ပြဿနာအား ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဟု အသံကောင်းဟစ်ကာ လူထုအုပ်ချုပ်ရေး အစစ်အမှန်ပေါ်ပေါက်ရေးအား လက်တလုံးခြား ဆန့်ကျင်လျက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ကြိုးပမ်းမှုများအား မျက်နှာဖုံးခွာချကြရန် လိုအပ်ကြောင်း နိုင်ငံရေးသဘောထား ရပ်တည်ချက်မှတဆင့် သတိပေးထားသည်။
လူသားမျိုးနွယ် ချုပ်ငြိမ်းစေရေးကို တိုက်ဖျက်တွန်းလှန်ရုံဖြင့် မပြီးသေးဘဲ သဘာဝဂေဟ အလုံးစုံပျက်သုဉ်းရေးကိုပါ လူသားအသိကိုယ်စီရှိလျက် ဝိုင်းဝန်းကာကွယ်ကာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီမိတ်ဖက်အချင်းချင်း လက်တွဲညီ ချီတက်မည်ဟုလည်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ အမည်ဖြင့် ထုတ်ပြန်သည့် သဘောထားရပ်တည်ချက်၌ ပါရှိသည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council OfKarenni State – IEC) က ၂၀၂၄ ခုနှစ် ဇူလိုင်မှ စက်တင်ဘာအထိ အခွန်ကောက်ယူမှုနှင့် ကဏ္ဍအလိုက် ဘတ်ဂျက်အသုံးစရိတ်ခွဲဝေမှုရှင်းတမ်းအား အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်လိုက်သည်။
သုံးလတာအတွင်း အခွန်ငွေ စုစုပေါင်း ၁,၃၂၉,၄၄၈,၁၀၀ ကျပ်အထိ ကောက်ခံရရှိခဲ့ကာ ကဏ္ဍကိုးခု၌ ပြန်လည်သုံးစွဲထားသည်။ ဗဟိုဘဏ္ဍာရေး၊ ရုံးလုပ်ငန်း၊ စီမံခန့်ခွဲရေးနှင့် ဆက်သွယ်ဆက်ဆံရေးအတွက် ၅ ဒသမ ၁၀၊ ပြည်ထဲရေးဌာနအတွက် ၃၅ ဒသမ ၇၀ ၊ ပညာရေးအတွက် ၈ ဒသမ ၂၀၊ ကျန်းမာရေးအတွက် ၁၀ ဒသမ ၂၀ ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနအတွက် ၈ ဒသမ ၂၀၊ စီမံ/ဘဏ္ဍာ/အခွန်အတွက် ၅ ဒသမ ၁၀၊ တရားရေးအတွက် ၁၂ ဒသမ ၂၀ ၊ ကုန်သွယ်/ရင်းနှီးမြှုပ်နှံနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနအတွက် ၁၀ ဒသမ ၂၀ နှင့် လွတ်လပ်သော တရားစီရင်ရေးကဏ္ဍအတွက် ၅ ဒသမ ၁၀ ရာခိုင်နှုန်းစီ ခွဲဝေသုံးစွဲထားသည်ဟု IEC ရှင်းတမ်း၌ ပါရှိသည်။
ပြည်ထဲရေးဌာန အသုံးစရိတ်အောက်၌ပင် ပြည်သူ့အုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အရေးပေါ်ကယ်ဆယ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်ပင်ကဏ္ဍများအတွက်ကိုလည်း ထပ်ဆင့် ခွဲဝေသုံးစွဲထားသည်။
ပြည်သူ့ညီလာခံဟူသည်မှာ တော်လှန်ရေးကာလ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာရွက်စာတမ်းတစ်စောင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) က ဦးဆောင်ကျင်းပသည့် ညီလာခံတစ်ရပ် ဖြစ်သည်။ တော်လှန်ရေးကာလတလျောက် ပြည်သူ့ညီလာခံကို နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ကာ ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့သည်။ ပဋိညာဉ်အရ ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ပြဌာန်းထားသော်လည်း (၂) နှစ်ကျော် ကြာပြီးမှသာ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ထပ်လောင်းအတည်ပြုထားသဖြင့် တတိယအကြိမ် ပြည်သူ့ညီလာခံကို မကြာမီ ကျင်းပလာနိုင်ဖွယ် ရှိသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NationalUnity Consultative Council - NUCC) ကို ၂၀၂၁ ခုနှစ်၊ မတ် ၈ ရက်တွင် ကနဦးစုဖွဲ့မှုဖြင့် စတင်သည်။ NUCC သည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၁) နှင့် (၂) အား ၂၀၂၁ ခုနှစ်၊ မတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၆ ရက်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (National Unity Government - NUG) ကို ဖွဲ့စည်းပေးခဲ့သည်။ ထို့နောက် ပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေး ရည်မှန်းချက်ကို ပိုမို ထင်ဟပ်လာစေရန်အတွက် ပဋိညာဉ် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်ကို ၂၀၂၁ ခုနှစ် မေ ၂၄ ရက်တွင် စတင်လုပ်ဆောင်ပြီး ပြည်သူ့ညီလာခံ၌ အတည်ပြုသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ပထမအကြိမ် ပြည်သူ့ညီလာခံတွင် တက်ရောက်သူ စုစုပေါင်း ၃၈၈ ဦး ရှိခဲ့ပြီး အတည်ပြုဆုံးဖြတ်ချက် (၈) ချက် ချမှတ်နိုင်ခဲ့ကာ ဆုံးဖြတ်ချက်များထဲ၌ ပြင်ဆင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် (၂) အား အတည်ပြုမှု၊ NUCC ကို အဖွဲ့အစည်း (၃၃) ဖွဲ့ဖြင့် ဖွဲ့စည်းမှုအား အတည်ပြုမှု၊ NUG အား ထပ်လောင်း အတည်ပြုမှု၊ NUCC နှင့် NUG ၏ လုပ်ငန်းအစီရင်ခံစာများအား အတည်ပြုမှု၊ NUCC နှင့် NUG အကြား လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများကို ဖြည့်စွက်ပြင်ဆင်ရန် ဟူသည့် ဆုံးဖြတ်ချက် ပါဝင်ခဲ့သည်။
ခြောက်လ တစ်ကြိမ် ကျင်းပရမည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ နိုင်ငံရေး ဖြစ်ထွန်းမှုဖြစ်စဉ်များအရ နွေဦးတော်လှန်ရေးအား ပိုမိုထိရောက် အားကောင်းလာစေရန်အတွက် သုံးသပ်ပြင်ဆင်မှုများ လုပ်ဆောင်ရန် လိုအပ်ချက်ကြောင့် ထိုသို့ မကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း NUCC က ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည်။ ညီလာခံဆုံးဖြတ်ချက်တစ်ခုဖြစ်သည့် NUCC နှင့် NUG အကြား လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲမှု အခြေအနေကိုလည်း ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နွေဦးတော်လှန်ရေး ၃ နှစ် ပြည့်လူထုအစည်းအဝေးတွင် ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ကျင်းပရန် လျာထားကြောင်း NUCC က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ထပ်မံ ရက်ရွှေ့ခဲ့ရပြီး ကြိုတင် ညှိနှိုင်းပြင်ဆင်မှုများ ဆောင်ရွက်ရာ၌ အချိန်လုံလောက်မှု ရှိစေရေးအတွက် ပြည်သူ့ညီလာခံအား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၄၊ ၅၊ ၆) တွင် ကျင်းပသွားရန် ရက်သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့ပြီး ညီလာခံကိုယ်စားလှယ် ၂၀၄ ဦး၊ အထူးဖိတ်ကြားထားသူ ၁၀၄ ဦး၊ လေ့လာသူ ၁၂၈ ဦး တက်ရောက်ကြောင်း ဖော်ပြထားသည်။ ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စ၊ အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်း ဥပဒေကိစ္စ၊ မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂) ပယ်ဖျက်ရေးကိစ္စများအား ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့သည်။ ထို့ပြင် ပြည်သူ့ညီလာခံအား( ၆) လ တစ်ကြိမ် ကျင်းပမည် ဖြစ်ကြောင်းလည်း ထပ်လောင်း အတည်ပြုခဲ့သည်။ ညီလာခံ၏ အဆိုပြုချက်နှင့် အကြံပြုချက် ၂၁ ချက်ကိုလည်း မှတ်တမ်းတင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ညီလာခံ နောက်ဆုံးနေ့တွင် CRPH နှင့် NUG တက်ရောက်မှု မရှိခဲ့သည့်အပြင်၊ ညီလာခံအပြီး ဧပြီ ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NUCC ကောင်စီဝင်များအကြား အပြန်အလှန် တင်းမာသော ဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လူထု၏ ဝေဖန်မှု ခံခဲ့ရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် ဒုတိယအကြိမ် လူထုတွေ့ဆုံဆွေးနွေးပွဲ (Town Hall Meeting) အား တတိယအကြိမ် ပြည်သူ့ညီလာခံမတိုင်မီ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (သို့) ဩဂုတ်လတွင်ကျင်းပရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ကျင်းပနိုင်ခြင်းမရှိသည့်အပေါ် ပြည်သူလူထုအား မေတ္တာရပ်ခံ ပန်ကြားကြောင်း NUCC က ထုတ်ပြန်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလသည် (၆) လ တစ်ကြိမ် ကျင်းပရန် ဆုံးဖြတ်ထားချက်အရ တတိယအကြိမ် ပြည်သူ့ညီလာခံ ကျင်းပရမည့်အချိန်ဖြစ်သော်လည်း ညီလာခံကျင်းပမည့်ရက်ကိုထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။
အကယ်၍ မကြာမီကာလများအတွင်း တတိယအကြိမ် ပြည်သူ့ညီလာခံကျင်းပမည်ဆိုပါက ယခင်ညီလာခံများ၊ အထူးသဖြင့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၏ဆုံးဖြတ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကို ပြန်လည်၍ သုံးသပ်ကြမည်ဟု ယူဆရပါသည်။
မြေပြင်အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများ (ပသုံးလုံးယန္တရား) နှင့် နိုင်ငံသားဥပဒေဖျက်သိမ်းရေး ကိစ္စများကို တကျော့ပြန် သုံးသပ်မှုများ ရှိလာနိုင်သလို၊ ယခင်က အဆိုပြုချက်နှင့်အကြံပြုချက်အဖြစ် ထည့်သွင်းခဲ့သည့် အချက်များသည်လည်း တတိယအကြိမ် ညီလာခံတွင် အဆိုများအဖြစ် ပြန်လည်ပါဝင်ကောင်း ပါဝင်လာနိုင်ပါသည်။ ခွဲခြားဆက်ဆံမှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို လုံးဝလက်သင့်မခံခြင်း မူဝါဒကို အကောင်အထည်ဖော်ခြင်း၊ တော်လှန်ရေးကာလအတွင်း အခွန်အကောက်ဆိုင်ရာကိစ္စများ၊ ရိုဟင်ဂျာလူမျိုးဆိုင်ရာ မူဝါဒရေးဆွဲခြင်းနှင့်အကောင်အထည် ဖော်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံမှုကို ပိုမိုခိုင်မာစေခြင်း စသည့် အဆိုပြုချက်များကို တကျော့ပြန် တင်သွင်းမှုများ ရှိလာနိုင်ပါသည်။
ထို့အတူ တော်လှန်ရေး၏ နိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအရ အောက်မှအထက် ဖက်ဒရယ်စီးဆင်းမှုကိစ္စ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အစီအမံကိစ္စ၊ NUCC နှင့် NUG တို့က ကြေညာထားသလို ဒုတိယအကြိမ်ညီလာခံ၏ အဆိုပြုချက်များတွင်လည်း ပါဝင်ခဲ့သည် ဘုံနိုင်ငံရေး သဘောတူညီချက်ရရှိရေး ကြိုးပမ်းမှုကိစ္စများကိုလည်း ဆွေးနွေးလာနိုင်စရာ ရှိသည်ဟု ယူဆရပါသည်။ ထို့အတူ စစ်ရေးအောင်မြင်မှုများနှင့် အားသာချက်များ၊ ပြင်ပဖိအားများ၊ ပိုမိုကြပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည့် မြေပြင်လှုပ်ရှားမှုများ၊ အတုအယောင် သန်းခေါင်စာရင်းနှင့်အတူ အတုအယောင် ရွေးကောက်ပွဲအတွက် စစ်အုပ်စု၏ ပြင်ဆင်မှုများ အစရှိသဖြင့် အဆိုပြုချက်အသစ်များလည်း ပေါ်ထွက်လာနိုင်ပါသေးသည်။
ညီလာခံ ကျင်းပမည့်ရက်နှင့် အစီအစဉ်ကို ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ညီလာခံကျင်းပရန် အချိန်ကို ကျရောက်နေပြီဖြစ်သဖြင့် တတိယအကြိမ် ပြည်သူ့ညီလာခံသည် ယခုကာလအတွင်း စောင့်ကြည့်သင့်သည့် အခြေအနေတစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ကွန်ရက်တွင် မပါဝင်သေးသည့် ဒေသအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက် ချိတ်ဆက်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တော်လှန်အင်အားစု ၁၁ ဖွဲ့ ပါဝင်သည့် မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်က အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
အောက်တိုဘာလအတွင်း ကွန်ရက်အဖွဲ့ဝင်များအကြား သုံးရက်ကြာ အစည်းအဝေးအား မြန်မာနိုင်ငံ နယ်စပ်တစ်နေရာ၌ ရည်ရွယ်ချက်သုံးရပ်ဖြင့် ကျင်းပပြီးနောက် မကွေးဒေသရှိ ပြည်သူလူထုသို့ တင်ပြချက်အမည်ဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။
ယင်းအစည်းအဝေး၌ ဆုံးဖြတ်ချက် ၁၄ ရပ်အား ချမှတ်နိုင်ခဲ့ကာ ယင်းအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားပြီး လက်ရှိကွန်ရက်တွင် လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (မကွေးဒေသခံဗမာလူမျိုးစု)၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ လူမှုတရားမျှတရေး မဟာမိတ်အဖွဲ့(မကွေး)၊ ပခုက္ကူ လူငယ်ဖွံ့ဖြိုးရေးအသင်း၊ ဖက်ဒရယ် FM ၊ ပခုက္ကူ လူထုတိုက်ပွဲကော်မတီ၊ နွေဦးခရီးသည်၊ မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ Tamar Institute of Development ၊ မကွေးတက္ကသိုလ် ဆရာများသမဂ္ဂ၊ ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ ပါဝင်သည်။
ပြည်ပနိုင်ငံအချို့က မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် စီစဉ်နေသဖြင့် အစိုးရဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင်များအား ခရီးသွားခွင့်၊ မြန်မာ့အရေးဆိုင်ရာ နိုင်ငံတကာအခင်းအကျင်းများ၌ ပါဝင်ခြင်းနှင့် သတင်းမီဒီယာများသို့ ဖြေကြားခွင့်ကို ကန့်သတ်သည့် အချက်လေးချက်အား အောက်တိုဘာ ၉ ရက် ရက်စွဲဖြင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က တရုတ်ဘာသာဖြင့် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်၌ မြန်မာ့အမျိုးသားရေး အခြေအနေရလဒ်သည် ပြင်းထန်ပြီး သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်ဟု ဖော်ပြထားကာ ရှုပ်ထွေးနေသော ပြည်တွင်းအခြေအနေအရ ပါတီနှင့်တပ်မတော်အား ပြည်ပအင်အားစုများက အတင်းအကြပ် မချုပ်ချယ်စေရန်နှင့် မလိုလားအပ်သော အငြင်းပွားမှု ပြဿနာနှင့် ပဋိပက္ခများ၌ ပါဝင်လာခြင်းမှ ကာကွယ်ရန်ဟု ဖော်ပြထားသည်။
ကန့်သတ်ချက်လေးရပ်မှာ အာဆီယံ၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံများသို့ ခွင့်ပြုချက်မရှိဘဲ ခရီးသွားခြင်း၊ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် နိုင်ငံတကာအခင်းအကျင်းများ၌ ပါဝင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အမေရိကန် အပါအဝင် အနောက်နိုင်ငံပိုင် မီဒီယာများသို့ မဖြေကြားရန်၊ အဖွဲ့အစည်းအမည်ဖြင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း၏ ဖြစ်ပေါ်လာနိုင်သည့် လျှို့ဝှက်ကိစ္စများနှင့် မြန်မာနိုင်ငံရေးကိစ္စရပ်များအပေါ် သဘောထားများ မထုတ်ပြန်ရန်တို့ ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းရန် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကို ကမ်းလှမ်းသော ကြေညာချက်တစ်စောင်အား စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းဒုတိယအကြိမ်မြောက်ကမ်းလှမ်းမှုဖြစ်ကာ ၂၀၂၂ခုနှစ် ဧပြီလတွင် ပထမအကြိမ်အဖြစ်အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင်ရုပ်မြင်သံကြားမှတစ်ဆင့်ကမ်းလှမ်းခဲ့ဖူးသည်။မတူညီသည့်အချက်မှာ ယခုတစ်ကြိမ်ကမ်းလှမ်းချိန်၌ EROs၊PDFs များ၏စစ်ဆင်ရေးများကြောင့်အကြမ်းဖက်စစ်အုပ်စုဘက်မှစစ်စခန်းများ၊ စစ်ဌာနချုပ်များအပြင်မြို့များကိုပါ လက်လွှတ်နေရချိန်ဖြစ်သည်။
စစ်အုပ်စု ကမ်းလှမ်းချက်၌ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင် တိုက်ခိုက်သည့်နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့်အတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အဟန့်အတားဖြစ်ရကြောင်း ဖော်ပြထားကာ EROs နှင့်PDFs အဖွဲ့များအား လက်နက်ကိုင် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့်သော် လည်းကောင်း၊ရွေးကောက်ပွဲလမ်းကြောင်း မှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ဟု ပါရှိသည်။
ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်နေပြီး အောက်တိုဘာ ၁ ရက်မှ စတင်၍ မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် သန်းခေါင်စာရင်း စတင်ကောက်ယူတော့မည် ဖြစ်ကြောင်းပါရှိကာ လက်ရှိတွင်လည်း၎င်းတို့ အပြည့်အဝထိန်းချုပ်ထားနိုင်သောနေရာဒေသအချို့၌ စတင်ကောက်ယူနေပြီဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက ငြိမ်းချမ်းရေး ကမ်းလှမ်းပြီး နောက်တစ်ရက် ဖြစ်သည့် စက်တင်ဘာ ၂၇ ရက် နံနက်အစောပိုင်းတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) (ကိုးကန့်) သိမ်းပိုက်ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို လေကြောင်းမှ ဗုံး (၁၅) လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ ထိုနေ့ နံနက် ၃ နာရီခွဲတွင် လားရှိုးမြို့ ရပ်ကွက် (၁) ရှိ မြို့မဈေးနှင့် ရပ်ကွက် (၂) တို့ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲခဲ့ပြီး စက်တင်ဘာ ၂၈ ရက် ညတွင်လည်း လားရှိုးမြို့ ရပ်ကွက် (၈) အား ဂျက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၃၀ ရက် မနက်အစောပိုင်းနှင့် ညပိုင်းတွင် လားရှို့မြို့အတွင်းသို့ ထပ်မံ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ယင်းလေကြောင်းသုံး တိုက်ခိုက်မှုများအတွင်း အရပ်သား သေဆုံးမှုမျာနှင့် ဒဏ်ရာရမှုများရှိခဲ့သည့်အပြင် အရပ်သားပိုင် အဆောက်အဦ ပျက်စီးမှုများလည်း ရှိခဲ့ပါသည်။
အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် တရုတ်နိုင်ငံနှင့် ပတ်သက်သည့် သဘောထားဖော်ပြချက် သုံးစောင်ကို ဆက်တိုက်ထုတ်ပြန်သည်။ ထိုဖော်ပြချက်များ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အမေရိကန်အစိုးရထံမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း (၂၀၀) ဝန်းကျင် ရရှိနေကြောင်း စွပ်စွဲထားသည့်အပြင် MNDAA (ကိုးကန့်) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် NUG နှင့် စစ်ရေးမဟာမိတ်ဖွဲ့ကာ မြန်မာအစိုးရကို တိုက်ခိုက်နေကြောင်းပါ ထည့်သွင်းစွပ်စွဲထားသည်။
အထောက်အပံ့များ ရယူနေသည်ဆိုသည့် အကြမ်းဖက်စစ်အုပ်စု စွပ်စွဲမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ လုံးဝမဟုတ်ဘူး”ဟု ငြင်းဆိုသည်။
အကြမ်းဖက်စစ်အုပ်စုဘက်က စွပ်စွဲချက်များထုတ်အပြီး နောက်တစ်ရက်တွင် ထုတ်ပြန်ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ “အတုအယောင် ကမ်းလှမ်းချက်” ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော က တုံ့ပြန်လိုက်သည်။နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း “ဒီထုတ်ပြန်ချက်က သူ့အကျိုးစီးပွားအပေါ်မှာပဲ သက်ရောက်တယ်။ ငါပြောတဲ့အတိုင်း လိုက်လုပ်ဆိုတာ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာမှ မဟုတ်တာ” ဟု ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းခန်း၌ ထည့်သွင်း ပြောဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကလည်း “သေနတ်ပြပြီး အနိုင်ကျင့် ဗိုလ်ကျ အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက အခုချိန်မှာ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ကြဖို့ ထုတ်ပြန်လာတာဟာ အင်မတန် ရယ်စရာကောင်းပြီး အင်မတန် စက်ဆုပ်ရွံရှာစရာ ကောင်းတဲ့ ထုတ်ပြန်ချက်” ဟု တုံပြန်သည်။
ထို့ပြင် အကြမ်းဖက်စစ်အုပ်စု၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုသည် ဟန်ပြဖိတ်ခေါ်မှုသာ ဖြစ်သည့်အတွက် ပြတ်ပြတ်သားသား ပယ်ချကြောင်း အောက်တိုဘာ ၁ ရက်တွင် NUG နှင့်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)တို့က ပူးတွဲ ထုတ်ပြန်သည်။
တရားမဝင် အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်သည် လက်ရှိ နိုင်ငံရေး အကျပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှု တစ်ခုဖြစ်သည်ဟု ရှုမြင်သဖြင့် လက်ခံညှိနှိုင်းမည် မဟုတ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။ ထို့ပြင် “တခြားသော ပြည်နယ်များနှင့် ဖက်ဒရယ်ယူနစ်များအနေဖြင့် လူထုဆန္ဒအတိုင်း ညီညွတ်စွာ ဆက်လက် ရပ်တည်ကြရန်” တိုက်တွန်းနှိုးဆော်ထားသည်။
“စစ်ကောင်စီက ကျွန်မတို့ကို လက်နက်စွန့်ပါ၊ ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပြီးတော့မှ ရွေးကောက်ပွဲဝင်ပါ ဆိုတာက ကျွန်မတို့ဘက်ကတော့ မဖြစ်နိုင်တဲ့ ကိစ္စပါ” ဟု တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက တုံပြန်ထားသည်။အမေရိကန်မှ အထောက်အပံ့ ရယူထားသည်ဆိုသည့် အကြမ်းဖက်စစ်အုပ်စု စွပ်စွဲချက်ကိုလည်း ငြင်းပယ်ကြောင်း ဘီဘီစီသတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း၌ ထည်သွင်းဖြေကြားထားသည်။
လွေးယေဦးကပင် ဧရာဝတီ သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း၌ ငြိမ်းချမ်းရေးကမ်းလှမ်းမှုနှင့် ပတ်သက်ကာ “အမှန်က PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေက လက်နက်စွန့်ရမှာ မဟုတ်ဘူး။ စစ်ကောင်စီက လက်နက်စွန့်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို သူက လက်နက်အားကိုးပြီးတော့မှ လူထုတွေကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်တယ်။ ဒါကြောင့်မလို့ ဒီဖိတ်ခေါ်ချက်၊ ထုတ်ပြန်ချက်က ကျွန်မတို့အတွက်ရော၊ တခြား တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေအတွက်ရော မဖြစ်သင့်တဲ့ကိစ္စပါ”ဟု တုံပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီး က “စစ်တပ်က နိုင်ငံရေးကနေ ထွက်ရမယ်၊ အရပ်သားအုပ်ချုပ်မှုအောက်မှာ ရှိရမယ်၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေသစ် ရေးဆွဲတာကို လက်ခံရမယ်” ဟု တုံပြန်လိုက်ပြီး“အကြမ်းဖက် မင်းအောင်လှိုင်၏ နိုင်ငံရေးပြဿနာ ဖြေရှင်းရေး ဖိတ်ခေါ်ချက်သည် အရည်မရ အဖတ်မရ ဓာတ်ပြားဟောင်းသာဖြစ်ပြီး စစ်တပ်ကျူးလွန်သော ရာဇဝတ်မှု မှန်သမျှ အရေးယူရေးအပါအဝင် အချက် ၃ ချက် မရဘဲ ဆွေးနွေးစရာမရှိကြောင်း” ရန်ကုန်ခေတ်သစ်သတင်းဌာနသို့လည်း ဖြေကြားထားသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က “အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF များအနေဖြင့် လက်နက်စွန့်ပြီး ပါတီလမ်းကြောင်း၊ ရွေး ကောက်ပွဲလမ်းကြောင်းမှ နိုင်ငံရေးပြဿနာ ဖြေရှင်းရန် ဖိတ်ခေါ်ချက်သည် ခေါ်ပုံခေါ်နည်း လိုနေကြောင်း” ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတဆင့် ရေးသားတုံပြန်ခဲ့သည်။
“၂၀၀၈ က ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံရေးကို သွားလို့ မရဘူး။ ကျွန်တော်တို့ သွားချင်တာက တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဖြစ်တယ်။ ၂၀၀၈ အောက်ကနေ သွားမယ်ဆို စစ်တပ်အာဏာ တည်တံ့ခိုင်မြဲအောင် လုပ်ပြီးတော့မှ စစ်တပ်က နိုင်ငံရေးလောကထဲမှာ ဝင်ရောက်စွက်ဖက်တာကို ကျွန်တော်တို့က တွန်းအားပေးသလို ဖြစ်တယ်။ ဒီနေ့က ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံတော်သစ် တည်ဆောက်ဖို့အတွက် စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ရှားရမှာ ဖြစ်တယ်” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က တုံပြန်သည်။
ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က “အဓိကတော့ သူ့ရဲ့ ရေရှည် မြန်မာ့နိုင်ငံရေးမှာ ရပ်တည်ရေးအတွက် ပြည်သူနဲ့ နိုင်ငံတကာကို လှည့်စားနေတဲ့ လုပ်ရပ် ဖြစ်တယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအောက်ကနေ စစ်ကောင်စီက လုပ်ဆောင်မှု မှန်သမျှ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ပကနေ လုပ်ဆောင်မှု မှန်သမျှကတော့ လက်ခံနိုင်စရာအကြောင်းလည်း မရှိဘူး။ လက်တွေ့လည်း ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူး။ ကျွန်တော်တို့ ချင်းတောင်မှာဆိုရင် ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းက သူ့ဟာသူ စိုးမိုးထားတဲ့ ပြည်သူက အုပ်ချုပ်ရေး ဖော်ဆောင်မှုရှိနေတဲ့အချိန်မှာ စစ်ကောင်စီက သူ့ရဲ့ တချို့မြို့ပေါ်မှာပဲ လူအနည်းအကျဉ်းနဲ့ လုပ်နိုင်မှာ ဖြစ်တဲ့အတွက် ဒါကတော့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းလည်း မရှိဘူး။ နိုင်ငံတကာကို လှည့်စားနေတာလို့ပဲ ပြောချင်ပါတယ်” ဟု တုံပြန်သည်။
အကြမ်းဖက်စစ်အုပ်စု၏ ဆွေးနွေးပွဲဖိတ်ခေါ်မှုသည် နိုင်ငံရေး လှည့်ကွက်တစ်ခုဖြစ်ပြီး အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်သည်နှင့် တပြိုင်တည်း ဆွေးနွေးမှု ပြုလုပ်နိုင်ရေး အားထုတ်လာခြင်း ဖြစ်ကြောင်း၊ သို့သော် အရပ်သားများအား ပစ်မှတ်ထား၍ လေကြောင်းသုံး တိုက်ခိုက်ခြင်းများလည်း ရှိနေကာ ရိုးသားဖြောင်မှန်မှု မရှိသော လုပ်ရပ် ဖြစ်သည်ဟု မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC) ကစက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။
MSFC သည် စစ်တပ်အာဏာရရှိရေး ဒေါက်တိုင်ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သည့် မည်သည့် နိုင်ငံရေးဆွေးနွေးပွဲကိုမဆို ကြိုဆို ထောက်ခံကာ ပါဝင်ရန် အသင့်ရှိကြောင်း၊ စစ်အုပ်စု၏နိုင်ငံရေးလှည့်ကွက်အဖြစ် ဖန်တီးထားသည့် ဆွေးနွေးပွဲကိုမူ ပါဝင်ရန် လက်ခံစဉ်းစားမည် မဟုတ်ကြောင်း၊ ဘဝတူ တော်လှန်ရေး အဖွဲ့အစည်းများနှင့်လည်း လက်တွဲကာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး လုပ်ဆောင်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ကွပ်ကဲရေးမှူး မောင်ဆောင်းခက “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ တရားမျှတမှုလည်း မရှိနိုင်သလို ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်လို့ မရနိုင်တာမို့ စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုကို အဖွဲ့အနေနဲ့ စိတ်မဝင်စားဘူး” ဟု ပြတ်သားစွာ တုံပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) ၏စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်က “စစ်တပ်က နိုင်ငံရေးကနေ အပြီးအပိုင် ထွက်ရမယ်။ စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှုကို ခံယူရမယ်။ ဒီလိုခံယူနိုင်တယ်ဆိုရင် စကားဝိုင်းဆွေးနွေးပွဲဆိုတာ ဖြစ်လာပါလိမ့်မယ်” ဟု တုံပြန်သည်။
“PDF ဆိုတဲ့ စကားလုံးရှေ့မှာတောင် အကြမ်းဖက်လို့ သုံးနှုန်းထားသေးတာပဲဗျ။ တိုင်းပြည်မှာရှိနေတဲ့ ပဋိပက္ခတွေကို ကုန်ဆုံးချင်လို့ ကမ်းလှမ်းမှုမျိုးထက် သူ့ရဲ့ထွက်ပေါက်ကို လိုက်ပါစေချင်တဲ့ ကမ်းလှမ်းချက်မျိုးလို့ ထင်တယ်” ဟု 96 soldiers – PDF တပ်ဖွဲ့၏ တာဝန်ခံ ကိုဇေယျာလွင်က စစ်အုပ်စု ကမ်းလှမ်းမှုအပေါ် ၎င်း၏ သဘောထားအား ထုတ်ပြန်ပြောဆိုသည်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ၏တာဝန်ခံ ကိုနွေဦး က “ စစ်ကောင်စီ ရှိနေလို့သာ ဒါမျိုးတွေ ဖြစ်နေတဲ့အတွက် ဒီစစ်ကောင်စီ အသက်ဆက်ရှင်မယ့်နည်းလမ်းကိုတော့ ဘယ် PDF မှ ရွေးချယ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု တုံပြန်ခဲ့ပါသည်။
“တော်လှန်ရေးမှာ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ တိုက်နေကြတဲ့ အဖွဲ့တွေကို ဖိတ်ခေါ်လို့ မရဘူးဆိုတာ သူတို့လည်း သိတယ်။ ဟိုဘက်လည်း မရောက်၊ ဒီဘက်လည်း မရောက်တဲ့ ကြားအဖွဲ့တွေကို ခေါ်ချင်တာလို့ မြင်တယ်” ဟု ကျောင်းသားလက်ရုံးတပ်တော် (SAF) ၏ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က စစ်အုပ်စု ကမ်းလှမ်းမှုအပေါ် ယခုကဲ့သို့ မှတ်ချက်ပေးသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော် က “ရွေးကောက်ပွဲဆိုတဲ့ ထွက်ပေါက်ကနေ တစုံတရာ နိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ ကြိုးစားနေတာ ဖြစ်တယ်။ အဓိကကတော့ တော်လှန်တဲ့ အင်အားစုတွေကို ဖြိုခွဲဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ကျွန်တော် အဲဒီလိုပဲ နားလည်တယ်” ဟု တုံပြန်ထားပြီးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကလည်း “၂၀၂၁ နွေဦးတော်လှန်ရေးကနေ တောင်းဆိုနေတဲ့ စစ်အာဏာရှင်တွေ နိုင်ငံရေးနယ်ပယ်ကနေ လုံးဝဆုတ်ခွာသွားပြီး သူ့နေရာသူ နေဖို့ဆိုတာ လုံးဝမပါဘဲနဲ့ နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ တပ်ကနေ ဆက်ပြီးတော့ ဦးဆောင်ဦးရွက် ပြုမယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေပါတယ်။ လက်နက် စွန့်ရမယ်၊ လက်နက် ချရမယ်၊ နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်နိုင်ဖို့ဆိုရင် ပါတီထောင်ပြီး ပါဝင်ကြရမယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံစရာ အကြောင်း မရှိဘူး။ စစ်တပ်က ပြောတဲ့ကိစ္စတွေ ၁၀၀ ရာခိုင်နှုန်းနီးပါးလောက်က စိတ်ရင်းနဲ့ ပြောတာ မဟုတ်ဘူး။ သူတို့ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကနေ ထွက်ပေါက်ရဖို့အတွက် လိုက်ပြီးတော့ ထွက်ပေါက်ရှာနေတာလို့ပဲယူဆပါတယ်” ဟု မှတ်ချက်ပေးတုံ့ပြန်သည်။35
ယခင် စစ်အစိုးရ ကျောထောက်နောက်ခံပေး ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် စစ်အုပ်စု စိတ်ကြိုက်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားကြသော နိုင်ငံရေးပါတီ (၂၆) ခုကမူ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းမှုအား အပြည့်အဝ ထောက်ခံကြောင်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။
အရပ်သားအစိုးရတစ်ရပ်အားလက်နက်ဖြင့် အကြမ်းဖက်၍အာဏာသိမ်းခြင်းထားခြင်းအား“နိုင်ငံရေး ပြဿနာ” ဟုခေါင်းစဉ်တပ်ခြင်းမှာဆီလျော်မှု မရှိပေ။ ယင်းအပြင်မည်သည့်နည်းနှင့်မျှ လွတ်လပ်၍တရားမျှတစရာ မရှိသည့်အပြင်စနစ်တကျဖြင့် အကြမ်းဖက်မှုကျူးလွန်ရန် စစ်တပ်အားခွင့်ပြုထားသည့်၊ စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု၊လူမျိုးသုဉ်းသတ်ဖြတ်မှုများအားလွတ်မြောက်ခွင့်ပေးသည့်နိုင်ငံရေးအခင်းအကျင်းတစ်ခုအောက် သွတ်သွင်းရေးကြိုးပမ်းမှုကိုလည်း“နိုင်ငံရေးနည်းလမ်း” ဟုအမည်ပေး ကင်မွန်းတပ်ခြင်းမှာနိုင်ငံတကာအား မျက်လှည့်ပြရန်အတွက်အကြမ်းဖက်စစ်အုပ်စု၏ကြိုးပမ်းမှုသာ ဖြစ်သည်။ပြည်တွင်းရှိ တော်လှန်သောအင်အားစုများအား စည်းရုံးနိုင်ရေးမလွယ်နိုင်ကြောင်းအားတုံ့ပြန်မှုများ၌ ရှင်းရှင်းလင်းလင်းတွေ့မြင်ရမည် ဖြစ်သည်။
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအား အစုအဖွဲ့ ခြောက်ခုဖြင့် ဖွဲ့စည်းကြောင်း မန္တလေးတိုင်းလွှတ်တော်ကအောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကော်မတီအား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ၁၂ ဦး၊ နိုင်ငံရေးပါတီများဘက်မှ သုံးဦး၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မန္တလေးဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကဏ္ဍ အစုအဖွဲ့မှ လေးဦး၊ လူနည်းစု လူမျိုးစု အစုအဖွဲ့မှ လေးဦး၊ ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖွဲ့မှ ငါးဦး ပါဝင်မည် ဖြစ်သည်။
လူထုသပိတ်၊ CDM ၊ သမဂ္ဂနှင့် အရပ်ဖက်အဖွဲ့အစည်း၊ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီး၊ မသန်စွမ်း၊ LGBTIQ ၊ ကျောင်းသား/လူငယ်ရေးရာ အစုအဖွဲ့ဘက် ၁၅ ဦး ကော်မတီ၌ ပါဝင်မည် ဖြစ်ကာ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက်က ထုတ်ပြန်ထားသည့် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှု၊ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်း ရေးဆွဲရေး လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စု၏ "နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ခြင်း"မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) များ သပ်လျှိုဖြိုခွဲရန်နှင့် နိုင်ငံတကာ အမြင်ကောင်းစေရန်အတွက် အားထုတ်မှုသာ ဖြစ်ပြီး ဟန်ပြသပ်သပ်သာ ဖြစ်သည့်အတွက် ပြတ်ပြတ်သားသား ပယ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က အောက်တိုဘာ ၁ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။.
ထုတ်ပြန်ချက်အား NUCC နှင့် NUG တို့ ပူးတွဲဖွဲ့စည်းထားသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီအနေဖြင့် ထုတ်ပြန်ခြင်းဖြစ်ကာ စစ်အစိုးရအဆက်ဆက် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခြင်း၊ လက်နက်ကိုင်လမ်းစဉ် စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်စေခြင်းစသည့် ခေါင်းစဉ်အမျိုးမျိုးဖြင့် သပ်လျှိုသွေးခွဲလေ့ ရှိကြောင်းလည်း သတိပေးထားသည်။
လက်ရှိတွင် အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေးအင်အားစုများအား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်း၊ မြို့ရွာများအား ဗုံးကြဲမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား မတရား ဖမ်းဆီး၊ သတ်ဖြတ်ခြင်းများအား ဆက်တိုက်လုပ်ကိုင်နေကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး ဖိတ်ခေါ်မှာ ယုတ္တိမတန်သည့် လုပ်ရပ်သာ ဖြစ်ကြောင်းလည်း ပူးတွဲသဘောထားထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တောင်တရုတ်ပင်လယ် အခြေပြု တိုက်ခတ်ခဲ့သည့် ရာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ လျှပ်တပြတ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့မှုသည် နိုင်ငံအတွင်း လူထုအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ ယင်း ရေကြီးရေလျှံမှုသည် အကြမ်းဖက်စစ်အုပ်စုဘက်က ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ ဆည်များအား လူထုအား အသိမပေးဘဲ ဖောက်ချခြင်း၊ မိုးလေဝသဆိုင်ရာသတင်း ထုတ်ပြန်မှုအားနည်းခြင်းများကြောင့် ဝေဖန်မှုများ ရှိခဲ့သည်။
မုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံမှုသည် ကရင်နီ (ကယား)၊ မွန်၊ ကရင်၊ ရခိုင်နှင့် ရှမ်းတောင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊နေပြည်တော်ရှိ မြို့နယ်ပေါင်း ၆၅ ခု၌ ဖြစ်ပွားခဲ့ကာ စစ်ရေးပဋိပက္ခများကြောင့် ရှောင်တိမ်းနေရသည့် နေရပ်စွန့်ခွာပြည်သူများ အပါအဝင် ပြည်သူပေါင်း ၈၈၇,၀၀၀အထိ ထိခိုက်ခဲ့သည်ဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN-OCHA Myanmar) က စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။
ထို့ပြင် သေဆုံးသူ ၃၀၀ ကျော်နှင့် ဒဏ်ရာရသူ ၁၀၀ ကျော် ရှိကာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် စတင်ရေးအတွက် အရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေ (CERF) က အမေရိကန်ဒေါ်လာ လေးသန်း ခွဲဝေချထားပေးရန် ခွင့်ပြုထားသည်ဟု UN-OCHA (Myanmar) က ထုတ်ပြန်သည်။
ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှ ရေဘေးသင့်ပြည်သူများအတွက် သဘာဝဘေး ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ဒေါ်လာ ၅၀,၀၀၀ ပေးပို့သွားမည်ဟုလည်း စင်ကာပူကြက်ခြေနီအသင်း (SRC) ကစက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။2
မန္တလေးတိုင်းအတွင်း၌ ရေဘေးသင့်ကျေးရွာ ၁၅ ရွာ၌ လူပေါင်း ၂၃၀ ကျော် သေဆုံးကာ ဒဏ်ရာရသူ ၅၀ ကျော်အထိ ရှိသည်ဟုလည်း သတင်းမီဒီယာများက ထုတ်ဖော်ရေးသားထားသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ခရိုင် ခုနစ်ခုတွင် ရေကြီးရေလျှံမှုကို ကြုံတွေ့ခဲ့ရကာ ကျေးရွာပေါင်း ၅၄၂ ခု ထိခိုက်ခဲ့ကြောင်း စက်တင်ဘာ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
ဒူးသထူ၊ တောအူး၊ ခလယ်လွီထူ၊ မူတြော်၊ မြိတ်/ထားဝယ်၊ ဒူးပလာယာနှင့် ဖားအံခရိုင်၌ မြို့နယ် ၂၇ ခု ပါဝင်သည့်အနက် မြို့နယ် ၂၀ ခုတွင် ရေဘေးသင့်ခဲ့ကာ ဒူးသထူ (သထုံ)၊ ခလယ်လွီထူ (ညောင်လေးပင်)၊ တောအူး (တောင်ငူ) တို့၌ အဆုံးဝါးဆုံး ဖြစ်သည်။ ရေဘေးသင့်မှုကြောင့် လူဦးရေ ၃၈၀,၇၇၉ ဦး အပေါ် သက်ရောက်ခဲ့ကာ အိမ်ခြေပေါင်း ၇၃,၀၀၀အထိ ထိခိုက်ခဲ့ပြီး လတ်တလော အရေးကြီးလိုအပ်ချက် လေးခုရှိကြောင်း KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ ထုတ်ပြန်ချက်၌ ပါရှိသည်။
စစ်ရေးပဋိပက္ခများ ပြင်းထန်နေဆဲ ဖြစ်သည့် ကရင်နီပြည်နယ်သည်လည်း ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရကာ အထူးသဖြင့် ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ရှားတောမြို့နယ်များ၌ မြေပြိုမှုများအထိပင် ခံစားခဲ့ရသည်။ ယင်းမတိုင်ခင် စက်တင်ဘာ ၁၂ ရက်ကလည်း ရေဘေးန္တရာယ် ကာကွယ်ရေးနှင့်ပတ်သက်၍လည်း အရေးပေါ်သတိပေးချက်ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးခဲ့သည်။
ဖယ်ခုံတွင် စစ်ရှောင်ပြည်သူ ၂,၆၀၀ကျော် ရှိသည့် စစ်ရှောင်စခန်းသုံးခု၊ လွိုင်ကော်တွင် ကျေးရွာ သုံးခုနှင့် စစ်ရှောင်စခန်းတစ်ခုမှ ပြည်သူ ၅,၀၀၀ခန့်၊ ဒီးမော့ဆိုတွင် စစ်ရှောင်စခန်း ခုနစ်ခု အပါအဝင် ကျေးရွာအချို့မှ ပြည်သူ ၁၀,၀၀၀ဦး၊ ဖရူဆိုတွင် လူဦးရေ ၂၀၀ ခန့်၊ ရှားတော (ခ) ဆိုပိုပရေးဆိုးလေးတွင် စူးဖဲလော၊ နော်ပလု၊ ပွန်ချောင်ကျေးရွာနှင့် စစ်ရှောင်စခန်းတစ်ခုမှ ၁,၃၃၅ ဦး ထိခိုက်ခဲ့သည်ဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
ရေဘေးသင့် စစ်ရှောင်နှင့် ဒေသခံပြည်သူများအတွက် အရေးကြီးသည့် အကူအညီလိုအပ်ချက်သုံးရပ်ကိုလည်း IEC က ထုတ်ပြန်ထားကာ မုန်တိုင်းနောက်ဆက်တွဲ အန္တရာယ်များအတွက်လည်း စက်တင်ဘာ ၁၈ ရက်တွင် ထပ်မံထုတ်ပြန်ပေးထားသည်။
ရာဂီမုန်တိုင်း နောက်ဆက်တွဲနှင့် ရေကြီးရေလျှံမှုကြောင့် နိုင်ငံအတွင်း ရေဘေးသင့်ပြည်သူပေါင်း ၆၃၀,၀၀၀ ကျော် အထိ ရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကောက်ယူထားသည့် အချက်လက်များက ဖော်ပြလျက် ရှိသည်။ ထိခိုက်သူ အများဆုံးမှာ ရခိုင်ပြည်နယ်၌ ဖြစ်ကာ လူဦးရေ နှစ်သိန်းနီးပါးအထိ ထိခိုက်ခဲ့ပြီး ဒုတိယအများဆုံး ထိခိုက်သည့်ဒေသမှာ မွန်ပြည်နယ်ဖြစ်ကာ တစ်သိန်းကျော်အထိ ရှိသည်။ NUG အနေဖြင့် ၎င်းလက်အောက်ရှိ ဝန်ကြီးဌာနများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)7 များသုံး၍ ရေဘေးသင့်ပြည်သူ ကူညီမှုများအား လုပ်ဆောင်လျက်ရှိကာ ကနဦး ပံ့ပိုးကူညီမှုအဖြစ် ကျပ်သိန်းပေါင်း ၃,၁၆၀ အထိ အသုံးပြုထားသည်။
အာဏာသိမ်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက်စစ်အုပ်စုက ရာဂီမုန်တိုင်း ရေကြီးရေလျှံမှုသည် မြို့နယ် ပေါင်း ၁၁၀ အထိ ရှိကာ သေဆုံးသူပေါင်း ၄၃၃ ဦးအထိရှိပြီး ပျောက်ဆုံးသူ ၇၉ ဦးအထိ ရှိသည်ဟု စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
သီးနှံစိုက် ဧက ၈၀၀,၀၀၀နီးပါး ရေကြီးရေလျှံမှုကြောင့် ပျက်စီးကာ လယ်ယာသုံး ကျွဲ၊ နွားတိရစ္ဆာန် ၁၇၆,၀၀၀ကျော် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။ ထိခိုက်ဆုံးရှုံးမှုများသည် မုန်တိုင်း နောက်ဆက်တွဲကြောင့်သာ ဖြစ်ကာ ဆည်ရေလွှတ်ခြင်း၊ မိုးလေဝသ ဆိုင်ရာ သတင်းများ အချိန်နှင့် တပြေးညီမထုတ်ပြန်ခြင်းများကြောင့် မဟုတ်ဟု ငြင်းဆိုထားကာ ပျက်စီးသွားသည့် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ရေးအတွက်၂၀၂၅ ခုနှစ် မတ် ၁၅ ရက်အတွင်း အပြီးပြင်ဆင်မည်ဟုလည်း အကြမ်းဖက်စစ်အုပ်စုက ကြေညာထားသည်။
ရာဂီမုန်တိုင်းနောက်ဆက်တွဲ ရေဘေးနှင့် မြေပြိုပျက်စီးမှုများကြောင့် စစ်ဘေးသင့်များအပြင် ပြည်သူပေါင်း သန်းဂဏန်းနီးပါးအထိ ထိခိုက်ခဲ့ကာ ကုန်စည်စီးဆင်းမှုရပ်တန့်ခြင်းများရှိခဲ့သည်။ ရေဘေးသင့်ပြည်သူများအား အရပ်ဘက်အဖွဲ့အစည်းများက အရေးပေါ်ကူညီပေးခြင်းများရှိခဲ့သော်လည်း ၎င်းအား အအကြမ်းဖက်စစ်အုပ်စုဘက်မှ ဟန့်တား နှောင့်ယှက်မှု၊ ကယ်ဆယ်ရေး ဝန်ထမ်းများအား ဖမ်းဆီးငွေညှစ်မှုများရှိခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စိုးမိုးထားသည့် ဒေသအချို့၌ အရေးပေါ်ကူညီမှုများကိုလည်း အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ဟန့်တားမှုများလည်းရှိခဲ့သည်။
မုန်တိုင်းကြောင့် ပြင်းထန်သည့် ရေကြီးမှု၊ ထိခိုက်ပျက်စီးမှုများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကာ အကူအညီများအား အလိုအပ်ဆုံးဖြစ်သည့် အသိုက်အဝန်းများထံ ပေးပို့ရာ၌ ချောမွေ့မှုရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူကို တောင်းဆိုကြောင်း ရန်ကုန်အခြေစိုက်အမေရိကန် သံရုံးကစက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့ရသည်။
အကြမ်းဖက်စစ်အုပ်စုက လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ နိုင်ငံအနှံ သန်းခေါင်စာရင်း ကောက်ယူမည်ဟု ကြေညာထားသည်။ ၎င်းတို့လုပ်ဆောင်ရန် စိုင်းပြင်းနေသည့် ရွေးကောက်ပွဲအတွက်ဟု ထုတ်ပြန်ထားသည်။ နိုင်ငံအနှံ့ စစ်ရေးပဋိပက္ခအပြင် ရေကြီး၊ မြေပြိုမှုများကြောင့် ပြည်သူများ ထိခိုက်နေချိန်တွင် အရေးပေါ် ကူညီကယ်ဆယ်မှုများအား အကြမ်းဖက်စစ်အုပ်စုက နည်းလမ်းပေါင်းစုံဖြင့် ဟန့်တား၊ နှောင့်ယှက်သည့်အပြင် မည်ကာမတ္တ ပြုလုပ်ထားသည့် ၎င်းတို့၏ ရေဘေးသင့်ပြည်သူများ၊ ကူညီရေးစခန်းမှ ပြည်သူများကိုလည်း ပျက်စီးနေသည့် မူလနေရပ်ပြန်ပို့ရန်အတွက် လုပ်ဆောင်မှုများရှိသည်။
၂၀၀၈ ခုနှစ် နာဂစ်တိုက်ခတ်စဉ် နောက်ပိုင်းကာလကလည်း လက်ရှိ၎င်းတို့ ကျင့်သုံး၊ ကာကွယ်နေသည့် ၂၀၀၈ အခြေခံဥပဒေအတွက် ပြည်သူ့ဆန္ဒ ခံယူပွဲအား ဖြစ်သလို ကျင်းပကာ အတင်းအဓမ္မ အတည်ပြုခဲ့သည်။ ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာက ပေးပို့သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများအား တပ်အတွက် ဖြည့်တင်းခြင်းနှင့် စစ်အစိုးရလိုအပ်ချက်များအတွက်သုံးစွဲပြီးမှ ပိုသည့်အရာများကိုသာ လူထုအား ပေးအပ်ကူညီသည့်ဖြစ်စဉ်သက်သေများ ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် အရင်တုန်းက သဘာဝဘေးနှင့် ကြုံခဲ့တိုင်း နိုင်ငံတကာ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား စစ်အုပ်စုက အမြတ်ထုတ် အလွဲသုံးစားလုပ်လေ့ရှိခြင်းကြောင့် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မပြုလုပ်ကြရန်အတွက် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက စက်တင်ဘာ ၁၉ ရက်တွင် နိုင်ငံတကာသံတမန်များကို တောင်းဆိုခဲ့ပါသည်။
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက "စစ်ရှုံးနေတဲ့စစ်အုပ်စုဟာ ဒီလို သဘာဝဘေးအန္တရာယ်ကို သူတို့ အကျိုးစီးပွားများအတွက် မဖြစ်မနေ အသုံးချပါလိမ့်မယ်" ဟု စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားထားသည်။ထို့ပြင် ရာဂီမုန်တိုင်းဘေးအကြောင်းပြုကာ နိုင်ငံတကာတရားဝင်မှုရရှိရေးကို မဖြစ်မနေကြိုးပမ်းလာနိုင်သည့်အပြင်ရေဘေးကြောင့် ဒုက္ခခံစားနေရသောပြည်သူများ စိတ်ပျကအားလျော့ကာ တော်လှန်ရေး၌ မပါဝင်ချင်အောင်ဆောင်ရွက်နိုင်ကြောင်းလည်း သတိပေးထားသည်။
ပြည်သူ့ညီလာခံ တစ်ခုနှင့် တစ်ခုအကြား ပြည်သူများ ပါဝင်သည့် သတင်းအချက်အလက် ဖလှယ်ခြင်း၊ မေးမြန်းဖြေကြားခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ရမည့် TownHall Meeting အစီအစဉ်အား နိုင်ငံရေးလုပ်ငန်းစဉ်များ၊ အရေးပေါ် တုံ့ပြန်မှုဆိုင်ရာ အစီအစဉ်များ ပြုလုပ်နေရသည့်အတွက် မလုပ်ဆောင်နိုင်မှုအပေါ် မေတ္တာရပ်ခံတောင်းပန်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
တတိယအကြိမ် ပြည်သူ့ညီလာခံမတိုင်မီ ဇူလိုင် သို့မဟုတ် သြဂုတ်လတွင် Town Hall Meeting ထပ်မံကျင်းပနိုင်ရေး လုပ်ဆောင်ခဲ့သော်လည်း အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိရေး ကြိုးပမ်းမှု၊ NUCC ပြုပြင်ပြောင်းလဲရေးနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အစီအစဉ်များ ရေးဆွဲခြင်းလုပ်ငန်းများကြောင့် မအားလပ်သည့်အတွက် ပြည်သူလူထုတစ်ရပ်လုံးအား တာဝန်ရှိစွာ၊ တာဝန်သိစွာဖြင့် အလေးအနက် တောင်းပန်အပ်ပါသည်ဟုလည်း ဖော်ပြထားသည်။
အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပပေးရန် အကြောင်းပြချက်ဖြင့် သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုမှာ မြို့ပြတော်လှန်ရေးအင်အားစုများ အပါအဝင် ပြည်သူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ရယူရန် ကြိုးပမ်းမှုသာ ဖြစ်ကာ နည်းလမ်းမျိုးစုံသုံး ဆန့်ကျင်ကြရန် ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များက စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
သန်းခေါင်စာရင်းသည် ရွေးကောက်ပွဲအတွက် ဟန်ပြပြင်ဆင်မှုသာ ဖြစ်ကာ မြို့နယ်၊ ရပ်ကွက်များအလိုက် စစ်မှုထမ်းနိုင်သည့် လူငယ်များ၏အရေအတွက်များ၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသည့် ကျောင်းသားလူငယ်များနှင့် ပြည်သူ့ဝန်ထမ်းများ၏ အခြေအနေများ၊ မြို့ပြနေ သပိတ်ရဲဘော်များနှင့် တော်လှန်ရေး အင်အားစုများ၏ အချက်အလက်များကို ရှာဖွေဖော်ထုတ်ရန် ကြံစည်မှုဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
သပိတ်အင်အားစုများ၏ ထုတ်ပြန်ချက်၌ သန်းခေါင်စာရင်းကောက်ယူမှုအား ဆန့်ကျင်နိုင်သည့် နည်းလမ်းများကို ဖော်ပြထားကာ စစ်အုပ်စု ဖိအားပေးမှုကြောင့် သန်းခေါင်စာရင်းကောက်ယူမှုတွင် ဝင်ရောက်လုပ်ကိုင်ကြရသည့် Non-CDM ဝန်ထမ်းများအနေဖြင့် ကောက်ယူမှုလုပ်ငန်းများ နှောင့်နှေးစေရန်နှင့် အချက်အလက်များ မှားယွင်းစေရန် နည်းလမ်းမျိုးစုံ ပြုလုပ်ကာ ပြည်သူလူထုဘက်၌ ရပ်တည်နိုင်သည်ဟုလည်း တိုက်တွန်းထားသည်။
နွေဦးတော်လှန်ရေး၌ ပါဝင်နေကြသည့် မွန်လူငယ်များ၏ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအား စက်တင်ဘာလအတွင်းက ပြုလုပ်ပြီးနောက် အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဘုံရည်မှန်းချက်များ အောင်မြင်စေရေးအတွက် အချက်လေးချက်ပါ ဘုံသဘောတူညီချက်အား စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
မွန်ပြည်တော်လှန်ရေးအဖွဲ့အားလုံး ပါဝင်ကာ မွန်ပြည်နှင့် မွန်လူထုကိုယ်စားပြုသည့် မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံး ဖွဲ့စည်းဖော်ဆောင်ရန်၊ အင်အားစုများအကြား တပ်ပေါင်းစုအသွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ စစ်အုပ်စု ပြုလုပ်မည့် ရွေးကောက်ပွဲအား ဆန့်ကျင်တော်လှန် တိုက်ဖျက်ရန်၊ မွန်ပြည်နှင့် ထိစပ်ဒေသများ၌ လူသားချင်းစာနာမှုအခြေအနေများအား ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရေး စနစ်တကျ ချိတ်ဆက်လုပ်ဆောင်ကြရန်တို့ ဖြစ်သည်။
ယင်းဘုံသဘောတူညီချက်အား မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ ရာမည ဖက်ဒရယ်အင်အားစုသစ် (NRFF) ၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ ရေးပြောက်ကျားတပ် (YGF)၊ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (Hurfom) နှင့် အမည်မဖော်လိုသည့် အစုအဖွဲ့လေးခုတို့ စုပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။
ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် သပိတ်အင်အားစုအဖွဲ့ဝင် လေးဦး ဖမ်းဆီးခံရပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်လျက်ရှိကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) က စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရသူလေးဦးမှာ တကသ ကျောင်းသားဟောင်းများ အင်အားစု တွဲဖက်တည်ထောင်သူနှင့် အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) ဦးဆောင်သူ ကိုအောင်မင်းခိုင်(ခ) မဲကြီးနှင့် အဖွဲ့ဝင် မမြမဉ္စူနှင့် နိုင်ငံရေးအကျဥ်းသူဟောင်း မနှင်းအိခိုင် တို့ ဖြစ်ကာ ဖမ်းဆီးခံထားရသူများမှာ စစ်တပ်၏ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုများဖြင့် စစ်ကြောမေးမြန်းခံနေရကာ အသက်အန္တရာယ်နှင့် ကျန်းမာရေး အခြေအနေ အထူးစိုးရိမ်ရသည့် အခြေအနေရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) နှင့် ပတ်သက်သည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ သဘောထားအား ပြည်နယ်အခြေပြု တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီရှစ်ခု၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပြည်ထောင်စုအားBottom-up Federalism ချဉ်းကပ်မှုဖြင့် တော်လှန်ရေး/ကြားကာလမှ စတင်၍ အတူတကွ တည်ဆောက်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားကာ ၎င်းအား အချုပ်အခြာအာဏာ၏မူလပိုင်ရှင်သည် ပြည်နယ်/ဖက်ဒရယ်ယူနစ်နှင့် ၎င်းအတွင်းရှိ ပြည်သူများဖြစ်သည်၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံသည်၊ အချုပ်အခြာအာဏာ/ သွေးစည်းညီညွတ်မှု/ လူထုနှင့်အနီးကပ်ဆုံးအာဏာ နှင့်အချိုးကျမှု အခြေခံမူများအတိုင်း လုပ်ပိုင်ခွင့်အာဏာ ခွဲဝေခြင်းကို ဆောင်ရွက်မည်ဟူသည့် အခြေခံမူသုံးချက်နှင့်အညီ တည်ဆောက်မည်ဟု ပါရှိသည်။
သဘောထားထုတ်ပြန်မှု၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ(TPCC) ၊ WLB တို့ပါဝင်သည်။
စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟူသည့် နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမည် မဟုတ်ဘဲ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာ လုယူခြင်း၊ လွတ်လပ်ရေး ရယူပြီး နိုင်ငံတော်သစ် ထူထောင်ခြင်းများကို လုံးဝပြုလုပ်မည် မဟုတ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)(ကိုးကန့်) စစ်ရေးကော်မတီက"လတ်တလော နိုင်ငံတော်အခြေအနေနှင့် ပတ်သက်၍ ရပ်တည်ချက်ထုတ်ပြန်ခြင်း" အမည်ဖြင့် စက်တင်ဘာ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၁၉ ရက်ကျမှ လူမှုကွန်ရက်၌ ဖော်ပြထားသည့် ယင်းထုတ်ပြန်ချက်၌ တရုတ် သို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြား အသိုင်းအဝိုင်းများနှင့် မပူးပေါင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည် MNDAA ၏ နိုင်ငံရေး Redline ဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်ချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးအား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း လုံးဝပြုလုပ်မည် မဟုတ်သော်လည်း မိမိ၏ ခုခံကာကွယ်ပိုင်ခွင့်ကို ဆက်လက်ကိုင်စွဲမည်ဟု ပါရှိသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ဆိုးဝါးလာနေသည့် မြန်မာ့အခြေအနေအား ကြားဝင်စေ့စပ် ဖြေရှင်းပေးရန် အထူးမေတ္တာရပ်ခံထားကာ MNDAA အနေဖြင့်လည်း ချက်ချင်းအပစ်အခတ်ရပ်စဲကာ တက်ကြွစွာ ပူးပေါင်း၍ ပဋိပက္ခများအား နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာ ဖြေရှင်းသွားမည်ဟုလည်း ရပ်တည်ချက်ထုတ်ပြန်မှု၌ ဖော်ပြထားသည်။
အပြန်အလှန်ကြား နားလည်မှု၊ နိုင်ငံရေးဂုဏ်သိက္ခာ အပြန်အလှန် အသိအမှတ်ပြုမှုကို အခြေခံ၍ အတူတကွ လက်တွဲတိုက်ပွဲဝင် ပူးပေါင်းဆောင်ရွက်ရေး ရည်ရွယ်၍ စက်တင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုလက်မှတ်ရေးထိုးထားသည်။
စာချွန်လွှာ၌ နှစ်ဖက်အဖွဲ့အစည်းအကြား ခိုင်မာအားကောင်းသည့် ဆက်ဆံမှု တည်ဆောက်ရေး၊ စစ်အာဏာရှင်စနစ် ပပျောက်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုပေါ်ထွန်းရေးလုပ်ငန်းများ၌ လက်တွဲလုပ်ကိုင်သွားမည် ဖြစ်သည်။
ကော်သူးလေဒေသအတွင်းရှိ ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ကို အသိအမှတ်ပြုကာ ကျောင်းသား/သူ၊ ဆရာများနှင့် ကျောင်းများ ဘေးကင်းစိတ်ချလုံခြုံရေးနှင့် ကျန်းမာရေးအတွက် "ကော်သူးလေတွင်းရှိကျောင်းများ ဘေးကင်းမှုဆိုင်ရာ ကြေညာစာတမ်း" အား ကရင်အမျိုးသားအစည်းအရုံး(KNU) က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကြေညာစာတမ်းသည် ကျောင်းများမှာ သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘေးကင်းလုံခြုံသော နေရာဖြစ်ကြောင်း သေချာစေရန် ကတိကဝတ်ကို အလေးပေးဖော်ပြခြင်းဖြစ်ကာ စာတမ်း၌ အရေးပေါ် အကူအညီများ၊ ပညာရေးတိုက်ခိုက်ခြင်းမှ ကာကွယ်ခြင်း၊ ကလေးများနှင့် ဆရာများ၏ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း၊ မှတ်တမ်းပြုစုခြင်းနှင့် အစီရင်ခံခြင်းဟူ၍ ပါရှိကာ KNU အနေဖြင့် ကော်သူးလေကျောင်းများအားလုံး အရည်အသွေးပြည့်မီသော ပညာရေးကို ရရှိနိုင်သည့် ဘေးကင်းသော သင်ကြားရေးပတ်ဝန်းကျင်ကို ဖန်တီးရန် ရည်ရွယ်သည်ဟုလည်း စာတမ်း၌ ပါရှိသည်။
အာရက္ခတပ်တော် (AA) က စစ်သုံ့ပန်းများအား ထိန်းသိမ်းထားသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာနှင့် မောင်တောမြို့နယ်၊ လေးမိုင်(နခခ– ၂) စခန်းတို့အား အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းနှင့် အရပ်သားအကျဉ်းသား ၆၇ ဦးကျော် သေဆုံးခဲ့သည်။
ဂျက်တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ခံရသည့် ပေါက်တောဖြစ်စဉ်၌ ၁၇ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာ ၉ ရက် ည ၉ နာရီခွဲခန့်တွင် ဂျက်တိုက်လေယာဉ်နှစ်စင်းဖြင့် တိုက်ခိုက်ခံရသည့် မောင်တော၊ လေးမိုင်စခန်း တိုက်ခိုက်ခံရမှု၌ ၅၀ ဦးကျော် ပွဲချင်းပြီးသေဆုံးကာ အသက်အန္တရာယ် စိုးရိမ်ရသည့်အထိ ဒဏ်ရာရရှိသူများလည်း ရှိကြောင်းAA က ရုပ်သံဖိုင်နှင့်တကွ ထုတ်ပြန်ထားသည်။
လေးမိုင်စခန်းတိုက်ခိုက်ခံရမှု သေဆုံးသူများ၌ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံပန်းများ၊ ARSA နှင့် RSO အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများမှဖမ်းဆီးထားသူများ၊ ULA/AA အဖွဲအစည်းနှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) နှင့် ဆက်စပ်နေသောသူများ၊ သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့ ပါဝင်သည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်စခန်းဟု လူသိများသည့် ရေတပ် ပင်မရေငုပ်နှင့် ဆယ်ယူရေးစခန်း (Central NavalDiving and Salvage Deport – CNDSD) စခန်းအား စက်တင်ဘာ ၅ ရက် ညပိုင်းတွင် အပြီးသတ် သိမ်းယူနိုင်ပြီးဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်သည်။
ယင်းရေတပ်စခန်းမှာ မောင်ရွှေလေးနှင့် ကွင်းဝိုင်းရွာကြား၌ တည်ရှိကာ တပ်အင်အား ၁,၂၀၀ကျော်ဖြင့် စခန်းမကျစေရေးအတွက် ပင်လယ်ပြင်နှင့် စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အမြားယူ၍ ခုခံကာကွယ်ထားသည့် စခန်းလည်း ဖြစ်ပြီး တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ထုန်းမောင်းဒေသ၊ နမ့်ခမ်းမြို့တွင် အကြမ်းဖက်စစ်အုပ်စုဘက်က အရပ်သားများအား ပစ်မှတ်ထား၍ လူနေရပ်ကွက်အတွင်း ဖျက်အားပြင်းဗုံးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်မှုကြောင့်ကလေးသူငယ် ကိုးဦးထက်မနည်း သေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ဆန့်ကျင် ရှုတ်ချကန့်ကွက်ကြောင်း ရန်ကုန်သျှမ်းလူငယ်များအသင်း (Tai Youth Yangon) က စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
စက်တင်ဘာ ၆ရက် နံနက်အစောပိုင်း အများအိပ်စက်ချိန် ၁ နာရီခွဲဝန်းကျင်ခန့်တွင် အကြမ်းဖက်စစ်အုပ်စုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်အုပ်စုအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အရပ်သား လူနေရပ်ကွက်များအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသားဒိုင်းပြုလုပ်ကာ တိုက်ပွဲဖော်ဆောင်နေမှုများရပ်တန့်ပေးရန် အပါအဝင် အချက်လေးချက်ကိုလည်း TYY က တောင်းဆိုထားသည်။
နမ့်ခမ်းတိုက်ခိုက်မှုအတွင်း ကိုယ်ဝန်ဆောင်၊ ကလေးငယ်အပါအဝင် ၁၁ ဦးအထိ သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိထားသည်ဟု BBC Burmese သတင်းဌာနက ထုတ်ဖော်ရေးသားထားသည်။
ကရင်နီပြည်နယ်အတွင်း လူမှုဘဝ လုံခြုံကာ မျှတစွာ ရှင်သန်ရပ်တည်ခွင့်ရှိစေရေးအတွက် မူးယစ်ဆေး၊ တော်လှန်ရေးနှင့် လူမှုကျင့်ဝတ် မညီသောလုပ်ငန်းများ၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု၊ မြေပြင်နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း စသည့် ကဏ္ဍလေးခုအား ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) နှင့် ပူးပေါင်းကာ တရားဥပဒေစိုးမိုးရေးစီမံချက် ချမှတ်၍ တားမြစ်သွားမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကြေညာချက်အမှတ် (၃/၂၀၂၄) ဖြင့် စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
စီမံချက်သတိပေးကာလအား စက်တင်ဘာ ၄ ရက်မှ ၂၄ ရက်အထိ သတ်မှတ်ကာ စက်တင်ဘာ ၂၅ ရက်မှစ၍ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အလုပ်အဖွဲ့(Task Force) နှင့် အထူးတပ်ဖွဲ့ (Special Force) တို့ကိုဖွဲ့စည်းကာ ၎င်းတို့အား ညွှန်ကြားချက်များနှင့် လုပ်ပိုင်ခွင့်များပေး၍ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
တရားဥပဒေစိုးမိုးရေးစီမံချက်အရ တားမြစ်မည့် ကဏ္ဍလေးခုတွင် ကဏ္ဍတစ်ခုချင်းစီအလိုက် အဓိပ္ပာယ် ဖွင့်ဆိုတားမြစ်ထားသည့်လုပ်ငန်းများကိုပါ တပါတည်းဖော်ပြထားကာ တရားမဝင် လက်နက်ကိုင်ဆောင်၊ရောင်းဝယ်မှုနှင့် ပတ်သက်၍ ရပ်ရွာလူထု ကိုင်ဆောင်ထားသည့် လက်နက်မျိုးစုံအတွက်လည်း စာရင်းကောက်ယူခြင်း၊ မှတ်ပုံတင်ခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ကိုင်ဆောင်စေခြင်းတို့ လုပ်ဆောင်သွားမည်ဟုလည်း IEC က ထုတ်ပြန်ထားသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF – Kanpetlet) အား ပိုမိုစနစ်ကျရေးအတွက် တပ်ဖွဲ့စည်းပုံအား စစ်ဦးစီးချုပ်စနစ်ဖြင့် ပြောင်းလဲဖွဲ့စည်းကာ တော်လှန်ရေးအရှိန်အဟုန် မြှင့်တင်သွားမည် ဖြစ်ကြောင်း တတိယအကြိမ် ကန်ပက်လက်မြို့နယ်လုံးဆိုင်ရာညီလာခံက စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
ညီလာခံအား သြဂုတ် ၂၉ ရက်မှ ၃၁ ရက်အထိ ကန်ပက်လက်မြို့နယ်ကောင်စီ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ CDF – Kanpetlet အပါအဝင် ပါဝင်သင့်ပါဝင်ထိုက်သူ ၈၉ ဦးဖြင့် ပြုလုပ်ခဲ့ပြီးနောက် ကန်ပက်လက်မြို့နယ်အနေဖြင့် တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ချင်းညီနောင် (Chin Brotherhood) နှင့်ပူးပေါင်းကာ မဟာမိတ်များနှင့် ဆက်လက်တိုက်ပွဲဝင်ရန်၊ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်အတွက် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) နှင့် အပြည့်အဝ ပူးပေါင်းမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု မရှိသည့် မည်သည့် နိုင်ငံရေး၊ လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ မြို့နယ်အတွင်း လက်မခံရန် ညီလာခံက ဆုံးဖြတ်ထားသည်။