Resistance Force
SAF
SAF
ကျောင်းသားလက်ရုံးတပ်တော်
January 20, 2024

ကျောင်းသာလက်ရုံးတပ်တော် (Student Armed Force) အား ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသများ - ရန်ကုန်) (ASU) အဖွဲ့ဝင် ၂၂ ဦး ဦးဆောင်မှုဖြင့် ရက္ခိုင့်တပ်တော် (Araken Army) အကူအညီရယူကာ ၂၀၂၁ ခုနှစ် ဧပြီ ၂၇ ရက်တွင် စတင် ဖွဲ့စည်းထားသည်။

နိုင်ငံရေးမူမှာ (၁) အာဏာရှင်စနစ် အကြွင်းမဲ့ပျက်သုဉ်းရေး (၂) နိုင်ငံတော်သစ်တစ်ရပ် အောင်မြင်စွာ ထူထောင်နိုင်ရေး (၃)လူမျိုးစုအသီးသီး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စံနှုန်းများနှင့် နိုင်ငံသားတစ်ဦးချင်းစီ၏ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှု စံနှုန်းများ အပြည့်အဝ ရရှိစေရေးတို့ ဖြစ်သည်။

မျှော်ရည်ချက်အဖြစ် လူထု ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အားပေးမြှင့်တင်ကာ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးနှင့် မိမိကံကြမ္မာကို မိမိ ဖန်တီးခွင့်ရရန် ကြိုးပမ်းနေသူ ဖိနှိပ်ခံ လူသားအားလုံးအတွက် ကောင်းမွန်သည့်တပ်ဖွဲ့ဖြစ်ရန် သတ်မှတ်ထားကာ ယင်းအချက်ပေါ်အခြေခံ၍ Mission လေးရပ်ကို ထပ်မံချမှတ်ထားသည်။

အဖွဲ့၏ ပထမဆုံး အမြုတေ တပ်ဖွဲ့ဝင် ၂၂ ဦးဖြင့် မဟာမိတ် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်း၏ လွတ်မြောက်နယ်မြေ၌ ပထမဦးဆုံး စစ်ပညာသင်ယူခြင်းအား စတင်ခဲ့သည်။ တပ်တော်အား ဗဟိုကော်တီရုံး၊ ဗဟိုစစ်ရေးရုံးဟူ၍ နိုင်ငံရေး၊ စစ်ရေး ခွဲခြားထားထား တပ်ရင်းတပ်ဖွဲ့များအား နိုင်ငံရေး ဦးဆောင်မှုအောက်၌ ထားရှိထားသည်။ တပ်ဖွဲ့ စစ်ဦးစီးချုပ်မှာ "ဥက္ကာ" ဖြစ်ပြီး ဌာနချုပ်အား မည်သည့်နေရာ၌ ထားရှိသည်ကို ထုတ်ဖော် ပြောဆိုထားခြင်း မရှိသော်လည်း စစ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များအရ စစ်ကိုင်းနှင့် မကွေးတိုင်းတို့၌ အခြားသော လက်နက်ကိုင်အင်အားစုများနှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်သည်။

နိုင်ငံတော်သစ် တည်ထောင်ရေးနှင့် ပတ်သက်၍ "ဤနိုင်ငံတွင် ပြည်ထောင်စု မရှိခဲ့" စာတမ်းငယ်အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ဝေခဲ့သည်။

မဟာမိတ် အင်အားစုများနှင့် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်မှုများ ရှိသည့်အနက် BPLA နှင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် တွေ့ဆုံကာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီ ထားကြသည်။

ကျောင်းသားလက်ရုံးတပ်တော်သည် နိုင်ငံရေး၊ စစ်ရေးကိစ္စရပ်များအပြင် လူထုကျန်းမာရေးနှင့် ပတ် သက်၍လည်း တပ်လှုပ်ရှားရာ စစ်ဒေသအတွင်း ရပ်ရွာအခြေပြု အခမဲ့ဆေးပေးခန်း ဖွင့်လှစ်၍ လူထုအား ဝန် ဆောင်ပေးနေကာ အနီးအနားရွာများသို့လည်း လှည့်လည်ကုသမှုများ ပြုလုပ်ပေးသည်။

Updates
No items found.