Political Party
SNLD
SNLD
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်
January 20, 2024

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy) ကို ၁၉၈၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

ပါတီမူဝါဒမှာ ဒီမိုကရေစီစနစ် ကျင့်သုံးသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး ဖြစ်သည်။ နိုင်ငံရေးသဘောတရားမှာ ရှမ်းလူမျိုး အခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ကာ ပါတီဆောင်ပုဒ်မှာ "တန်းတူညီမျှမှု မရှိရင် ငြိမ်းချမ်းရေး မရဘူး၊ ငြိမးချမ်းရေးမရှိရင် ဒီမိုကရေစီ တည်ဆောက်လို့ မရဘူး" ဟူ၍ ဖြစ်သည်။

ပါတီဥက္ကဋ္ဌမှာ ရှမ်းပြည်နယ်အစိုးရအတွင်းဝန် စဝ်ကြာဇုံ၏ မွေးစားသားဖြစ်သူ ခွန်ထွန်းဦး ဖြစ်ကာ ၁၉၉၀ ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်း ဒုတိယ အများဆုံး ရွေးချယ်ခံပါတီ ဖြစ်လာခဲ့သည်။

၁၉၉၃ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ - နဝတ က ပြုလုပ်သည့် အမျိုးသား ညီလာခံသို့ အနိုင်ရ ကိုယ်စားလှယ် ငါးဦး၊ ပါတီဗဟိုဦးစီးအဖွဲ့ဝင် ငါးဦး၊ စုစုပေါင်း ၁၀ ဦး တက်ရောက်ခဲ့သည်။ နိုင်ငံရေးပြဿနာအား ပြေလည်အောင် ဆွေးနွေးဖြေရှင်းနိုင်ခြင်းမရှိဘဲ စစ်တပ်အလိုကျ ဖွဲ့စည်း ပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲပုံဖော်ရေး ဖြစ်သည့်အတွက် ၂၀၁၄ ခုနှစ် မေလ ၄ ရက်တွင် ညီလာခံအား ကျောခိုင်းထွက် ခွာခဲ့သည်။

SNLD ၏ လက်ရှိဥက္ကဋ္ဌမှာ ဦးစိုင်းညွှန့်လွင် ဖြစ်ကာ ဒုတိယဥက္ကဋ္ဌ (၁) စိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွှန့် နှင့် ဒုဥက္ကဋ္ဌ ၂ မှာ စိုင်းလှဖေ (ခ) လုံးဆေယွမ် ဖြစ်သည်။ ပါတီအထွထွေအတွင်းရေးမှူးမှာ စိုင်းလ (ခ) စိုင်းလိတ် ဖြစ်သည်။ ပါတီဗဟိုဌာနချုပ် ရုံးခွဲများမှာ ရှမ်းတောင်/ကယား၊ ရှမ်းမြောက်၊ ရှမ်းအရှေ့၊ မန္တလေးနှင့် ကချင်တို့ ရှိ ဗဟိုအလုပ်အမှုဆောင် ကော်မတီများက ဥက္ကဋ္ဌများအဖြစ် တာဝန်ယူကြသည်။

ရှမ်းဒေသ အင်အားကြီးပါတီ SNLD သည် ၁၉၉၈ ခုနှစ်တွင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များဖြင့် လွှတ်တော်ခေါ်ယူနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ - CRPP အဖွဲ့ဝင် ဖြစ်သည်။ ထို့ပြင် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Shan State Joint Actions Committee - SSJAC) ၊ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (Committee for Shan State Unity – CSSU) တို့တွင် ပါဝင်ခဲ့သည်။ CSSU အနေဖြင့် သံလွင်မြစ် ရေကာတာစီမံကိန်းများအပေါ် သဘောထားထုတ်ပြန်ခြင်း၊ စည်းလုံးညီညွတ်သော တိုင်း ရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (United Nationalities Alliance) ဝင်အဖြစ်လည်း ပါဝင်ခဲ့ကာ ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ - UNFC တို့နှင့် ပူးပေါင်း၍ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆာက်ရေးဆိုင်ရာ အခြေခံမူနှင့် မူဝါဒချမှတ်ရေးဆွဲရေးတို့၌ ပါဝင်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်အပါအဝင် ဗဟိုဦးစီးအဖွဲ့ဝင်များကို စစ်အစိုးရက ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ရွေးကောက်ပွဲကျင်းပရန် ကြိုးစားသည့်ကာလ၌ စစ်အစိုးရက ပြဋ္ဌာန်းသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ရွေးကောက်ပွဲကော်မရှင်၌ ပြန်လည်မှတ်ပုံတင်ရမည့် အခြေအနေ ရှိလာခဲ့သည်။ သို့သော်SNLD က ရွေးကောက်ပွဲအား ဆန့်ကျင်ကာ မှတ်ပုံမတင်သည့်အတွက် ၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉၇/၂၀၁၀) ဖြင့် ပါတီ အဖြစ်မှ ပယ်ဖျက်ခံခဲ့ရသည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (National Ceasefire Agreement – NCA) လက်မှတ်ရေးထိုးမှုနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၀၁၀) တို့တွင် ပါတီကိုယ်စားလှယ်စေလွှတ် တက်ရောက်စေခဲ့ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များ၌ ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -ဒုတိယအစည်းအဝေး၌ "နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသ မျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ" ဟူသည်နှင့် ပတ်သက်၍ ပါတီ မူဝါဒသဘာထားအား သီးခြား ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ကချင်ပြည်နယ်အတွင်း စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်မှုအပေါ် သဘောထား များ ထုတ်ပြန်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲဖြင့် ဦးသိန်းစိန် အစိုးရတက်လာပြီးနောက် ၂၀၁၂ ခုနှစ်တွင် ထိန်းသိမ်းခံ ပါတီ ခေါင်းဆောင်များ ပြန်လွတ်လာပြီးနောက် ၂၀၁၂ ဇန်နဝါရီ ၂၀ တွင် ပြုလုပ်သည့် အစည်းအဝေး၌ ပါတီအား တရားဝင်ရပ်တည်နိုင်ရန်အတွက် ပြန်လည်မှတ်ပုံတင်ခဲ့သည်။ ပါတီဗဟိုကော်မတီအစည်းအဝေး (၁/၂၀၁၅) ဖြင့် ရွေးကောက်ပွဲဝင်ပြိုင်မည် ဖြစ်ကြောင်း သဘောထားများ ထုတ်ပြန်ကာ ၂၀၁၅ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ် ပြိုင်ကာ ရှမ်းပြည်နယ်၌ နေရာအများစု အနိုင်ရခဲ့သည့်အပြင် ပြည်ထောင်စုလွှတ်တော်၌ အင်အားအကြီးဆုံး တိုင်းရင်းသားပါတီ ဖြစ်လာခဲ့သည်။ သို့သော် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီနှင့် အုပ်ချုပ်ရေးကဏ္ဍ ညှိနှိုင်းမှု ပျက်ပြား၍ အစိုးရအဖွဲ့၌ ပါဝင်ခွင့်အား ငြင်းဆန်ခဲ့သည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦး အနားယူခွင့်တောင်းခြင်းအား ဗဟိုအလုပ်အမှု ဆောင်ကော်မတီအစည်းအဝေးက သဘောတူလက်ခံကာ စိုင်းညွန့်လွင်အား ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက် ခဲ့သည်။ ပါတီဥက္ကဋ္ဌ အပြောင်းအလဲ လုပ်ပြီး မကြာခင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း အား ပါတီအနေဖြင့် လည်းကောင်း၊ CSSU အနေ ဖြင့်လည်းကောင်း ထုတ်ပြန်4 ခဲ့သည်။ CSSU အနေဖြင့် ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်

- အာဏာရှင်စနစ် ပပျောက်ရေး

- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး

- ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး

- ပြည်သူ့အစိုးရ ပေါ်ထွန်းရေး တို့ လုပ်ဆောင်ကြရာ၌ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် လုပ် ဆောင်ကြရန် တိုက်တွန်းထားသည်။

အာဏာသိမ်း စစ်တပ်က ပြန်လည်ဖွဲ့စည်းသည့် အစိုးရအဖွဲ့၌ ပါဝင်ရန် SNLD အား ကမ်းလှမ်းမှုများ ရှိခဲ့သော်လည်း ငြင်းဆန်ခဲ့သည်။ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နွေဦးတော်လှန်ရေး၌ လက်နက်မဲ့ပြည်သူများအား အာဏာပိုင်များက လက်နက်သုံး ဖြိုခွဲမှုနှင့်ပတ်သက်၍ UNA မှတစ်ဆင့် ကြေညာချက်ထုတ် ကန့်ကွက်ရှုတ်ချခဲ့သည်။ ထို့ပြင် စစ်ကောင်စီဖွဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ခေါ်ယူ စစ်ဆေးမှုများအား လက်ခံမည် မဟုတ်ကြောင်းလည်း တုံ့ပြန်ခဲ့ကာ ရွေးကောက်ပွဲ တရားမျှတမှုနှင့် ပတ်သက်၍ ကန့်ကွက်ခံရခြင်းမရှိသည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲပေးရွေးချယ်ခံရသည့် ပါတီကိုယ်စားလှယ် ၄၂ ဦးကိုလည်း သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူများ၏ လူထုကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။

၂၀၂၀ ရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ - CRPH ကအမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းရေးပါဝင်သည့် ဖက်ဒရယ်ပဋိဉာဉ် ထုတ်ပြန်မှုနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာချက်ကိုလည်း သဘောတူခဲ့သည်။ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး၌ တိုင်းရင်းသားများနှင့် ထိရောက်စွာ တိုင်ပင်လုပ်ဆောင်ရန်အတွက် NUG သို့လည်း တိုက်တွန်းခဲ့သည်။

စစ်ကောင်စီ ဖွဲ့ထားသည့် ရွေးကောက်ပွဲကော်မရှင်က ပါတီဌာနချုပ်အား ၂၀၂၁ ခုနှစ် ဇွန်လအတွင်း၌ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ စစ်ဆေးမှုအတွင်း NUG ၊ CRPH တို့နှင့် အဆက်အစပ် ရှိ/မရှိအား စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ - စရဖ များက အဓိကထား စစ်ဆေးခဲ့သည်။ ယင်းကာလအတွင်း ပါတီအနေဖြင့် နိုင်ငံရေးအရ လှုပ်ရှားမှုများအား သဘာထားထုတ်ပြန်ချက်၊ ၎င်းတို့ပါဝင်သည့် အစုအဖွဲ့ကိုယ်စားပြု ထုတ်ပြန်ချက်များ ထုတ်ပြန်သည့် နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့ကာ တစ်ဖက်တွင် ဒေသတွင်း စစ်ဘေးရှောင်ပြည်သူများ အရေး၊ ဒေသတွင်းရှိ လက်နက်ကိုင်အင်အားစုများ ညီညွတ်ရေးအတွက် အားစိုက်လုပ်ဆောင်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အား ပြဋ္ဌာန်းပြီးနောက် ပါတီပြန်လည်မှတ်ပုံမတင်ရန် ပါတီဗဟိုအလုပ်အမှုဆောင်များက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကာ ထပ်မံငြင်းဆိုခဲ့သဖြင့် ၂၀၂၃ ခုနှစ် မတ်လ ၁၈ ရက်တွင် နိုင်ငံရေးပါတီမှ အလိုအလျောက် ပျက်ပြယ်ကြောင်း ကြေညာခံခဲ့ရသည်။

Updates