CC.BY 4.0 Spring Sprouts.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - National League for Democracy (NLD) ပါတီအား အကြမ်းမဖက်ရေး၊ ငြိမ်းချမ်းရေးပေါ် မူတည်သည့် ပါတီစုံဒီမိုကရေစီဖြစ်ထွန်းလာရေး ရည်ရွယ်ချက်ဖြင့် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ ပါတီကို တည်ထောင်သူများမှာ "အောင်၊ စု၊ တင်"ဟု ထင်ရှားသောဗိုလ်မှူးချုပ်ဟောင်းနှင့် ဒုကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးအောင်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား ဗိုလ်ချုပ်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးတို့ ဖြစ်သည်။ ၎င်းသုံးဦး၏ အစုအဖွဲ့များမှာ တစ်ဖွဲ့လျှင် လေးဦးနှုန်းဖြင့် ပါတီ ပထမအကြိမ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ၁၂ ဖြင့် ဖွဲ့စည်းရာ၌လည်း ခြောက်ဦးမှာ စစ်ဘက်အငြိမ်းစားများ ဖြစ်သည်။
နောက်ပိုင်းတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီအပြင် ဗဟိုဦးစီးအဖွဲ့ဝင် ၃၀ ဦးဖြင့် ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ပါတီမှ ဦးအောင်ကြီး နုတ်ထွက်ခဲ့ပြီးနောက် ပါတီ ဥက္ကဋ္ဌအဖြစ် သူရဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူးအဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ ဆောင်ရွက်ခဲ့သည်။
၁၉၉၀ မေ ၂၇ ရက်တွင် ပြုလုပ်သည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကာ ပါတီ သဘောထားနှင့် ရပ်တည်ချက် ငါးရပ်ရှိပြီး အနှစ်ချုပ်မှာ ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် အာဏာရှင်စနစ် ပျက်သုဉ်းရေးပင် ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၇၂ ဒသမ ၆ ရာခိုင်နှုန်းအထိ မဲပေးခဲ့သည့် ရွေးကောက်ပွဲဖြစ်ကာ NLDက မဲဆန္ဒနယ် ၄၉၂ နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ရာ ၃၉၂ နေရာ အနိုင်ရခဲ့သည်။
သို့သော် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ - နဝတ က အာဏာလွှဲပြောင်းပေးခြင်းမရှိ သည့်အတွက် နိုင်ငံအုပ်ချုပ်ခွင့်မရခဲ့။ ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၈ နှင့် ၂၉ ရက်နေ့တွင် ဂန္ဒီ ခန်းမတွင် ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းရေးကိစ္စအား ကြေညာစာတမ်းထုတ် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်၌ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို တောင်းဆိုခဲ့သော်လည်း နဝတအစိုးရဘက်မှ ယင်းကြေညာစာတမ်းအား လျစ်လျှူရှုခဲ့သည်။
နဝတ အစိုးရကပင် ၁၉၉၂ ခုနှစ် ဧပြီ ၂၄ ရက်တွင် ကြေညာချက်အမှတ် (၁၁/၉၂) ဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရန်အတွက် ဦးတည်ချက် ခြောက်ရပ်ဖြင့် အမျိုးသားညီလာခံ ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ညီလာခံ ကိုယ်စားလှယ်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲ၌ ရွေးချယ်ခံခဲ့ရသည့် ကိုယ်စားလှယ်များအနက် ၇၀၂ ဦးကိုသာ ရွေးချယ်ခဲ့ပြီး NLD ပါတီမှ ၁၀၇ ဦးသာ ပါဝင်ခဲ့သည်။ ယင်းညီလာခံတွင် နဝတ စစ်အစိုးရက အဆိုပြုတင်ပြသည့် နိုင်ငံရေးဖွဲ့စည်းပုံအား တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် ညီလာခံကျင်းပပြီး နှစ်ရက်အကြာ ၁၉၉၃ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင်တကြိမ်၊ ၁၉၉၃ ဧပြီ ၇ ရက်တွင်တကြိမ် ရပ်ဆိုင်းခဲ့ရသည်။ ၁၉၉၃ ခုနှစ် ဇွန် ၇ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့်က ညီလာခံကို ပြန်လည်အသက်သွင်းကာ အမျိုးသားနိုင်ငံရေးတွင် စစ်တပ်သည် ဦးဆောင်ကဏ္ဍမှ ပါဝင်ရမည် ဆိုသည့်အချက်အား ဖွဲ့စည်းပုံအခြေခံဥပဒေသစ်က အာမခံရမည်ဟု ဖိအားပေးခဲ့သည်။ ယင်းနှစ် သြဂုတ် ၄ ရက်တွင် အမျိုးသားညီလာခံအား ဝေဖန်သည့် လက်ကမ်းစာစောင် ကိုင်ဆောင်မှုဖြင့် NLD ပါတီ ရွေးကောက်ခံ ဒေါက်တာအောင်ခင်ဆင့် ဖမ်းဆီးခံခဲ့ရကာ စက်တင်ဘာ ၁၆ ရက်တွင် ညီလာခံအား ထပ်မံရပ်နားခဲ့ရသည်။
ထို့နောက် ပြန်လည်စတင်သည့် ညီလာခံ၌ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတမဖြစ်စေရေး ကန့်သတ်ချက်များ ထည့်သွင်းရေးဆွဲခဲ့သည့်အတွက် NLD ပါတီက ညီလာခံလုပ်ငန်းစဉ်အား ပြန်လည်သုံးသပ်ရန်နှင့် ညီလာခံ၌ စစ်တပ်အား ဆန့်ကျင်ပြောဆိုသူများအား မတရားဖမ်းဆီးမှု မလုပ်ရန် တောင်းဆိုခဲ့သည်။ သို့ သော် စစ်တပ်ဘက် ယင်းတောင်းဆိုချက်ကို ပယ်ချခဲ့သည့်အတွက် ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ညီလာခံ ပါတီကိုယ်စားလှယ် ၈၆ ဦးက ညီလာခံမတက်ဘဲ ကန့်ကွက်ခဲ့သည်။ ယင်းသို့ ကန့်ကွက်ပြီး နောက် တစ်ရက်ဖြစ်သည့် နိုဝင်ဘာ ၂၉ တွင် NLD ကိုယ်စားလှယ်အားလုံး အမျိုးသားညီလာခံမှ ထုတ်ပယ်ခံခဲ့ရသည်။ ထိုသို့ ထုတ်ပယ်ပြီးနောက် နဝတအစိုးရဘက်က ပါတီခေါင်းဆောင်များအား ဖမ်းဆီးခြင်း၊ ပါတီရုံးများ ပိတ်ခိုင်းခြင်းများ ဆက်တိုက် ပြုလုပ်ခဲ့သည်။
ဖမ်းဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်ကြသည့် ပါတီ ကိုယ်စားလှယ်များက ကရင်အမျိုးသားအစည်းအရုံး - KNU ရှိရာ မာနယ်ပလောဒေသတွင် အခြားပါတီဝင်များ၊ တသီးပုဂ္ဂလကိုယ်စားလှယ်များဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma – NUGUB) ကို တည်ထောင်ခဲ့ကြသည်။
၂၀၀၁ ခုနှစ်တွင် NLD ပါတီခေါင်ဆောင်အချို့အား လွှတ်ပေးခြင်း၊ ပါတီရုံးခွဲ ဖွင့်ခြင်းများအား ပြန်လည် ခွင့်ပြုခဲ့ကာ ၂၀၀၂ ခုနှစ် မေလတွင် ပါတီအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အ ကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့သည်။ ၂၀၀၃ ခုနှစ် မေလ ခရီးစဉ်တခုအတွင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီး ကြည်ရွာ၌ အကြမ်းဖက်မှုတိုက်ခိုက်ခံခဲ့ရပြီး ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရ ဦးတင်ဦးတို့ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့သော်လည်း ပါတီဝင်နှင့် ဒေသခံများစွာ သေဆုံးခဲ့ရပြီး ယင်းဖြစ်စဉ်အား "ဒီပဲယင်းလုပ်ကြံမှု" ဟု အများသိကြသည်။ ယင်းဖြစ် စဉ်အပြီးအတွင် ၎င်းတို့ နှစ်ဦးစလုံး ထပ်မံထိန်းသိမ်းခံခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် ပါတီလှုပ်ရှားမှုများ ရပ်တန့်လုနီးပါးအထိ ဖြစ်သွားခဲ့သည်။
စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲ အတည်ပြုပြီးနောက် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်ခဲ့သည်။ ထိုသို့ ပြင်ဆင်ချိန်၌ ပါတီက ၂၀၀၉ ခုနှစ် ဧပြီ ၂၉ ရက်တွင် "ရွှေဂုံတိုင်ကြေညာစာတမ်း" အား ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာစာတမ်း၌ ဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးအပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်လွှတ်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ပြင်ဆင် ရေး၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဖြစ်သည့် ပြည်သူ့လွှတ်တော်အား တနည်းနည်းဖြင့် အသိအမှတ်ပြုရေးတို့သည့် လက်ငင်းဖြေရှင်းရမည့် အဓိကပြဿနာများဟု ဖော်ပြထားသည်။ ထို့ပြင် ယင်းပြဿနာများအား ဖြေရှင်း ရာ၌ ပါတီဘက်မှ မျှော်မှန်းထားသည့် ဆွေးနွေးပွဲအစီအစဉ်များကိုပါ ထည့်သွင်းထားသည်။
ထို့ပြင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း အဖွဲ့ချုပ်ခေါင်းဆောင်နှင့် နိုင်/ကျဉ်းများအား ခြွင်းချက် မရှိ လွှတ်ပေးလျှင်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့် အချက်များ ပြင်ဆင်ပေးလျှင်၊ အားလုံး လွှမ်းခြုံပါဝင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်း သည့် ဥပဒေများကို လေ့လာကာ အထူးကိစ္စရပ်အဖြစ် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ရန် ရည်ရွယ်ကြောင်းလည်း ရွှေဂုံတိုင်ကြေညာစာတမ်း၌ ပါရှိသည်။ သို့သော် ယင်းကြေညာစာတမ်းအား စစ်အစိုးရက လျစ်လျူရှုခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထိုအချိန်က ထိန်းသိမ်းခံထားရသည့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကလည်း ၂၀၁၀ ခုနှစ် မတ် ၂၃ ရက်က ရှေ့နေများနှင့် တွေ့ခွင့်ရစဉ် "စစ်အစိုးရရဲ့ မတရားတဲ့ဥပဒေ အောက်မှာ ပါတီမှတ်ပုံတင်မှာကို မလိုလားဘူး" ဟု သဘောထား ထုတ်ပြန်ခဲ့သည်။ ထိုစဉ်က ရွေးကောက်ပွဲဝင်လိုသူအချို့မှာ ပါတီမှ နုတ်ထွက်ကာ နာမည်အသစ်များဖြင့် ရွေးကောက်ပွဲဝင်ခဲ့မှုများ ရှိသည်။ ရွေးကောက်ပွဲအပြီး ၁၀ ရက် မြောက်နေ့ကျမှပင် ထိန်းသိမ်းခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခွင့်ပေးခဲ့သည်။
ထိန်းသိမ်းခံ ခေါင်းဆောင်များ ပြန်လွတ်လာပြီးနောက် ပါတီလှုပ်ရှားမှုများ ပြန်ရှိလာခဲ့သည်။ ထို့ပြင် ၂၀၁၀ ရွေးကောက်ပွဲဖြင့် တက်လာသည့် သမ္မတဦးသိန်းစိန်က ၎င်းကိုယ်တိုင် လက်မှတ်ထိုးကာ ပါတီမှတ်ပုံ တင်ဥပဒေ ပြဋ္ဌာန်းချက်အချို့အား ပြင်ဆင်ပေးခဲ့သည်။ ထိုသို့ ပြင်ဆင်ပေးလာသည့်အတွက် ပါတီပြန်လည်မှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေးအတွက် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် ပါတီရုံးချုပ်၌ ပြုလုပ်ခဲ့ပြီးပါတီမှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ခဲ့ကြသည်။
၂၀၁၂ တွင် ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်နေရာ ၄၅ နေရာ၌ ၄၃ နေရာ အနိုင်ရခဲ့ကာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ထပ်မံကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ NLD ပါတီ က လွှတ်တော်အသီးသီး၌ နေရာအများစုရကာ အစိုးရဖွဲ့ခွင့် ရခဲ့သည်။
၂၀၁၆ ခုနှစ် မတ် ၁၅ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ NLD ပါတီ ကိုယ်စားပြုသူဟု သတ်မှတ်ရမည့် ဦးထင်ကျော် သမ္မတ ဖြစ်လာခဲ့ကာ မတ် ၃၀ ရက်တွင် NLD ပါတီအစိုးရအား စတင်ဖွဲ့စည်းခဲ့သည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအား ယင်းနှစ် နိုဝင်ဘာ ၈ ရက်တွင် ထပ်မံကျင်းပခဲ့ပြီး NLD ပါတီကပင် မဲဆန္ဒနယ်အများစု၌ အနိုင်ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်များအား စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းခဲ့သည်။ ထို့ပြင် ၎င်းတို့ အသစ်ပြန်လည်ဖွဲ့စည်းသည့် ရွေးကောက်ပွဲကော်မရှင်သစ်က လည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်အား ပယ်ဖျက်ကြောင်း ဇူလိုင် ၂၆ ရက်တွင် ကြေညာခဲ့သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အဓိက ခေါင်းဆောင်အများစု ဖမ်းဆီးထိန်းသိမ်းခံထားရသော ပါတီ၏ လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဗဟိုအလုပ်ကော်မတီကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့တွင် ဖွဲ့စည်းပြီး ပါတီ၏ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ပါဝင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်အတွင်းတွင် ပါဝင်မှု ရပ်နားထားခဲ့သည်။