၂၀၂၄ လည်ပြန် - ပြည်နယ်အားကောင်းရေးနှင့် ညီညွတ်မှုတည်ဆောက်ရေး လွှမ်းမိုးခဲ့သည့် နိုင်ငံရေး

နိုင်ငံရေးအားဖြင့် နှစ်အစကပင် တော်လှန်ရေးအင်အားစုများအကြား စုစည်းညီညွတ်မှုပြသရန် ကြိုးပမ်းမှုများဖြင့် စတင်ခဲ့ကြသော်လည်း ရှေ့မတိုး နောက်မဆုတ် အခြေအနေတွင်ရှိနေခဲ့ကြပြီး၊ ပြည်နယ်များကို အခြေပြုတည်ဆောက်မှု အားကောင်းစေရေးကြိုးပမ်းမှုပိုမိုအားကောင်းလာခြင်းဖြင့် ၂၀၂၄ ကို အဆုံးသတ်ခဲ့သည်။

ဘုံသဘောထားရပ်တည်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် CNF၊ KNPP၊ KNU နှင့် NUG တို့အနေ့ဖ့င့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသည့် အဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်အား ထုတ်ပြန်ကြေညာခဲ့ပါသည်။အဆိုပါကြေညာချက်၌ မျှော်မှန်းချက်တွင် “ပြည်ထောင်စုအတွင်းနေထိုင်ကြသည့်စုံလင်ကွဲပြားသော လူမျိုးများ၏ သရုပ်လက္ခဏာ (Identity) များကို ကာကွယ်မြှင့်တင်ပေးသည့်ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအပြည့်အဝရှိသောပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပ ြည်ထောင်စု တည်ဆောက်ရန်”ပါရှိခဲ့ပြီး၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ် အဆင့်ဆင့်တွင် သက်ဆိုင်သူ အားလုံးလက်ခံနိုင်သောဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ ရေးဆွဲရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ဖက်ဒရယ်ယူနစ် အစိုးရများကို လွတ်လပ်စွဲ ဖွဲ့စည်းရေး စသည် အချက်များ ပါဝင်ခဲ့ပါသည်။

ပြည်သူ့ညီလာခံ

ဒုတိယအကြိမ်ပြည်သူ့ညီလာခံအား ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့ပြီးညီလာခံကိုယ်စားလှယ် ၂၀၄ ဦး၊ အထူးဖိတ်ကြားထားသူ ၁၀၄ ဦး၊ လေ့လာသူ ၁၂၈ ဦးတက်ရောက်ကြောင်း ဖော်ပြထားသည်။ ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စ၊အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်း ဥပဒေကိစ္စ၊ မြန်မာနိုင်ငံသား ဥပဒေ(၁၉၈၂) ပယ်ဖျက်ရေးကိစ္စများအား ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့သည်။ ထို့ပြင်ပြည်သူ့ညီလာခံအား( ၆) လ တစ်ကြိမ် ကျင်းပမည် ဖြစ်ကြောင်းလည်း ထပ်လောင်းအတည်ပြုခဲ့သည်။ ညီလာခံ၏ အဆိုပြုချက်နှင့် အကြံပြုချက် ၂၁ ချက်ကိုလည်းမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ညီလာခံ နောက်ဆုံးနေ့တွင် CRPH နှင့် NUG တက်ရောက်မှုမရှိခဲ့သည့်အပြင်၊ ညီလာခံအပြီး ဧပြီ ၁၁ ရက်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် NUCC ကောင်စီဝင်များအကြားအပြန်အလှန် တင်းမာသော ဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လူထု၏ ဝေဖန်မှုခံခဲ့ရသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလသည်(၆) လ တစ်ကြိမ် ကျင်းပရန် ဆုံးဖြတ်ထားချက်အရ တတိယအကြိမ် ပြည်သူ့ညီလာခံကျင်းပရမည့်အချိန်ဖြစ်သော်လည်း မကျင်းပနိုင်ခဲ့။

အောက်မှအထက်ဖက်ဒရယ်ချဉ်းကပ်မှု

ဩဂုတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့သည့်KNU, KNPP, CNF, NUG တို့၏ လူတွေ့အစည်းအဝေးတွင်လည်း Bottom-up Federalism နဲ့ ချဉ်းကပ်ရန်၊NUG ဝန်ကြီးဌာနများနှင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်အတွင်းမှာ ရှိတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာလုပ်ပိုင်ခွင့် အာဏာတွေ ခွဲဝေ ကျင့်သုံးဖို့ရန် သဘောတူခဲ့ပြီး ဖြစ်ကြောင်း KNPP က ထုတ်ဖော်ပြောဆိုထားခဲ့သည်။[1]

ထို့နောက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင်ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ  (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊  ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (MNSP-AD)၊ မွန်ပြည်ဖက်ဒရယ်‌ကောင်စီ(MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ(WLB) စသည့် အဖွဲ့များက စုပေါင်းပြီး “အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် သဘောထား ထုတ်ပြန်ချက်” ကို ထုတ်ပြန်ခဲ့သည်။[2]

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG), ကရင်အမျိုးသားအစည်းအရုံး (KNU), ကရင်နီအမျိုးသား တိုးတက်ရေးပါတီ​ (KNPP), နှင့်ချင်းအမျိုးသားတပ်ဦး (CNF) တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲ၌ KNPP မှ Bottom-Up Federalism ရဲ့ အခြေခံအယူအဆများကို တင်ပြခဲ့သည်။

KNU ကလည်း Bottom-Up Federalism - ဒေသတွင်းကိုယ်ပိုင်အုပ်ချုပ်မှုများကို ထောက်ခံအားပေးပြီး၊ ပြည်ထောင်စု ကို အောက်ခြေ အဆင့်ကနေအခြေခံပြီး တည်ဆောက်သည့် ဖက်ဒရယ်စနစ် ချဉ်းကပ်မှုလမ်းကြောင်းအတိုင်းနိုင်ငံပြန်လည် တည်ဆောက်နေတာ ဖြစ်ကြောင်း ဆွေးနွေးသွားခဲ့သည်။ CNF က ဒီမိုကရေစီနှင့်အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝ ရှိတဲ့ ပြည်နယ်များဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်၊ ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်တဲ့နိုင်ငံရေး အနှစ်သာရဖြ်စသည့်ချင်းလူမျိုးများ ကိုယ်တိုင် ရေးဆွဲသည့် ဖွဲ့စည်းပုံ ဖြစ်သည့် Chin Land ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၃ မှာ ရေးဆွဲအတည်ပြုပြီး ဖြစ်ကြောင်း ဆွေးနွေးထားပြီး၊ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်နိုင်ဖို့,နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်မှု ကင်းစင်တဲ့ ဖွဲ့စည်းပုံကို ရေးဆွဲဖို့ ကြိုးပမ်းနေကြောင်းလည်းထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ NUG က ၎င်းတို့၏Bottom-Up Federalism နှင့်ပတ်သက်ပြီး သိသာထင်ရှားသည့် သဘောထား ဆွေးနွေးချက်များ မပြုလုပ်ခဲ့ပေ။

References:

[1] https://www.youtube.com/watch?v=VEGrcC8aUhI

[2] https://westernnewsmm.com/news/politic/4051/

Photo by Hlaing Kyaw Phyoe on Unsplash

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.