သဲပေါ်၌ ဆောက်သော အိမ် - စစ်အုပ်စု၏ ရွေးကောက်ပွဲအစီအစဉ်
မဲဆန္ဒနယ်မြေပုံကို လိုသလို ရေးဆွဲမှုများမှာ ပါတီတခုအတွက် လိုအပ်သော အနိုင်အရှုံးကို လိုသလို ပုံဖော်နိုင်စေရန်အတွက် ထောက်ခံမှုသေချာသည့် ဒေသများကို စုစည်းခြင်း၊ ခွဲဝေဖြန့်ကျက်ခြင်း ဖြစ်သည်။ စစ်အုပ်စုအတွက်မူ အဓိကအင်အားကြီးပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ကဲ့သို့သော ပါတီများကို ဖျက်သိမ်းထားပြီး နိုင်ငံရေးအရ ကျယ်ကျယ်ပြန့်ပြန့် သပိတ်မှောက်ခံထားရသည့် အခြေအနေတွင် ၎င်းကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ၎င်းကို ထောက်ခံသည့်ပါတီအချို့ကသာ ဝင်ရောက်ယှဉ်ပြိုင်၊ အနိုင်ရနိုင်သည့် အခြေအနေကို ဖန်တီးထားပြီးသား ဖြစ်သည်။ ထိုအခြေအနေတွင် ရွေးကောက်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်သည့် အသွင်သဏ္ဍာန်ကို ဖန်တီးနိုင်ရန် လိုအပ်သည့်အတွက် ဖြစ်သည်။



