ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Council – ICNCC) ကို ချင်းပြည်နှင့် ချင်းလူမျိုးကိုယ်စား နိုင်ငံရေး ဆိုင်ရာ လုပ်ငန်းများကို ဦးစီးဆောင်ရွက်ရန် အတွက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။
ICNCC အား ချင်းအမျိုးသားတပ်ဉီး၊ ၂၀၂၀ ပြည်နှစ်ရွေးကောက်ပွဲတွင်အနိုင်ရရှိပြီး စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြုသည့် ပြည်နယ်အတွင်းရှိနိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၊ CDM ဝန်ထမ်းများ ၊ သပိတ် ကော်မတီများ ၊ အရပ်ဘက်အဖွဲ့အစည်းများ ၊ လူငယ်အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသည်။ (ICNCC ထုတ်ပြန်ချက် အမှတ် ၃/၂၀၂၂) ICNCC သည် အာဏာရှင်စနစ်ကို အဆုံးတိုင် ဆန့်ကျင်တော်လှန်ရန်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် ချင်းပြည်နယ်တည်ဆောက်ရန် နှင့် တန်းတူရေး အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ၁/၂၀၂၁ ဖြင့် ထုတ်ပြန်ကြေငြာခဲ့သည်။
ထို့ပြင် ချင်းပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းရန်နှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စရပ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် NUCC နှင့် NUG ဖွဲ့စည်းထူထောင်ရေးအတွက် ကိုယ်စားလှယ်များကို စေလွှတ်မည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ကြေငြာခဲ့သည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ ချင်းပြည်နယ်၊ ထန်တလန်မြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူနေအိမ်၊ ဘုရားကျောင်း၊ သာသနိက အဆောက်အဦများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် ICNCC သည် စစ်ကောင်စီမှ စစ်ရာဇဝတ်ချိုးပေါက်မှုများကို ရပ်တန့်ပြီး နိုင်ငံတော်အာဏာကို ပြည်သူ့အစိုးရထံ ပြန်လည်အပ်နှံရန်၊ UNSC အနေဖြင့် အထူးအစည်းအဝေးတစ်ရပ်ခေါ်ယူပြီး ကြိုးပမ်းဆောင်ရွက်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိနိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီကို ဖိအားပေး လုပ်ဆောင်ရန် ကို တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်သည့် ထုတ်ပြန်မှုများကိုလည်း အကြမ်းဖက်မှုဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များနှင့်အတူ ထုတ်ပြန်ခဲ့သည်။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ICNCC တစ်နှစ်ပြည့် ထုတ်ပြန်ချက်တွင် ချင်းပဋိညာဉ်နှင့် ချင်းလဲန်းအစိုးရ ပေါ်ပေါက်လာနိုင်ရေးတို့အတွက် ဆက်စပ်သက်ဆိုင်သည့် အစုအဖွဲ့အသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်းကာ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းကို ဖော်ပြခဲ့ပါသည်။[i]
၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး ချင်းဒေသများအတွက် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်ကို စတင်ရောင်းချရန် ပြင်ဆင်ဆောင်ရွက်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ထို့နောက် မေလ ၁၅ ရက်နေ့တွင် ကြားကာလပညာရေး လုပ်ငန်းများအား အသိအမှတ်ပြုကြောင်းနှင့် NUG ပညာရေးဝန်ကြီးဌာနအပါအဝင် ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းပြီး လိုအပ်သည့် ချင်းပြည်ပညာရေး မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ပေါ်ထွက်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းကြေငြာခဲ့သည်။
မေလ ၃၀ ရက်နေ့တွင် ချင်းပြည်အစိုးရ ပေါ်ပေါက်နိုင်ရေး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံထားသည့် ချင်းပဋိညာဉ်ရေး ရရှိနိုင်ရေး အတွက် ချင်းပဋိညာဉ်မူကြမ်းရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းကာ Single text draft ရရှိရေး၊ ရရှိလာသည့် Single text draft ကို ချင်းတော်လှန်ရေး အင်အားစုများနှင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးအတည်ပြုနိုင်ရေး ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သည်။
ဇွန်လ ၂၉ ရက်နေ့တွင် ကြားကာလပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အစည်းများအား အသိအမှတ်ပြုကြောင်း ကြေငြာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီသည် ICNCC အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သည့် ချင်းအမျိုးသားတပ်ဦးဌာနချုပ်တည်ရှိရာ Camp Victoria စခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ ကျူးလွန်မှုသည် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာ ရောက်ကြောင်းနှင့် စစ်ကောင်စီကို ဆက်၍ တွန်းလှန်ခုခံသွားမည် ဖြစ်ကြောင်း ICNCC က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် စိန်ရတု ချင်းအမျိုးသားနေ့တွင် ICNCC က အာဏာသိမ်းစစ်အုပ်စု၏ သွေးထိုးလှုံ့ဆော်မှုကို နှင့် ခြိမ်းခြောက်မှုများကို သတိပြုရန်နှင့် ချင်းလူမျိုးများ အချင်းချင်း အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှု၊ လိုအပ်မှုတို့ကို ဗဟိုပြုကာ ချင်းတို့၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန် တိုက်တွန်းခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး၏ ဗဟို အလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက် ၂(က) အရ ချင်းအမျိုးသားတပ်ဦးသည် ICNCC အစုအဖွဲ့မှ နှုတ်ထွက်ကြောင်း ICNCC ကို အကြောင်းကြားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ICNCC ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
ICNCC သည် ချင်းပဋိညာဉ်ရေးဆွဲအတည်ပြုပြဌာန်းနိုင်ရေး လုပ်ငန်းစဉ်အပါအဝင် ချင်းပြည်အုပ်ချုပ်ရေး ယန္တရားဖော်ထုတ်ဆောင်ရွက်နိုင်ရေးနှင့် ချင်းတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော တော်လှန်ရေးကာလ အရေးအရာများကို ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ကောင်စီအပေါ် အားမလို အားမရမှုများ ဖြစ်နေသည်ကို ကောင်းစွာသိရှိပြီး အဘက်ဘက်မှ ပြုပြင်းပြောင်းလဲမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ချင်းတစ်မျိုးသားလုံး၏ ရည်မှန်းချက် ပြည့်မြောက်သည်အထိ တော်လှန်ရေး သတိရှိရှိဖြင့် ဆက်လက်၍ ကြံ့ခိုင်သန်မာစွာ ရပ်တည်ကြိုးစားပေးကြပါရန် အစရှိသည့်အချက်များ ပါဝင်သည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။
ICNCC သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်သည်။
References
1. https://www.facebook.com/icncc
2. https://www.mizzimaburmese.com/article/104663[i]
3. https://m.facebook.com/story.php?story_fbid=pfbid02Nv23NLuuGfpMufETCPvzZATD8pP2q6tBukAraAj6FRymqeme93xmumQN2Nnm6sCql&id=103317455221474&mibextid=Nif5oz