အဖွဲ့အစည်းများ

ချင်းအမျိုးသားတပ်ဦး

CNFလူမျိုး/ပြည်နယ် အဖွဲ့အစည်း

CNF ကို ၁၉၈၈ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ချင်းလူမျိုးများ၏ ကိုယ်ပိုင်အခွင့်အရေးနှင့် မြန်မာနိုင်ငံတွင်း လွတ်လပ်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်နိုင်ရန် ဖွဲ့စည်းခဲ့သည်။ ချင်းအမျိုးသားတပ်ဦး၏ လက်နက်ကိုင် အဖွဲ့အစည်းမှာ (Chin National Army- CNA) ဖြစ်သည်။ဌာနချုပ်မှာ ထန်တလန် (ချင်းပြည်နယ်) ၊ ဗစ်တိုးရီးယားစခန်းဖြစ်သည်။ လှုပ်ရှား ဒေသမှာ ထန်တလန်မြို့နယ် တလန်ပိကျေးရွာအုပ်စု၊ ဒေါင်းကျေးရွာအုပ်စု ၊ ဇန်တလန်ကျေးရွာအုပ်စုတို့တွင် လှုပ်ရှားလျှက်ရှိသည်။  ခန့်မှန်းအင်အား ၂၀၀ ကျော် ရှိသည်။

CNF သည် ချင်းအမျိုးသားများ၏ ပိုင်နက်နယ်မြေနှင့် အမျိုးသား ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန် ၊ ဒီမိုကရေစီ စနစ်ကို အခြေခံသော အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် တောင်းဆိုထားသည်။

CNF ၏ ဥက္ကဌမှာ ပူးဇင်ကျုံးဖြစ်ပြီး၊ ဒုတိယ ဥက္ကဌမှာ ပူးနန်လျန်ထန် ဖြစ်သည်။ CNF သည် NCA ကို လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (၁၀) ဖွဲ့ထဲမှ တစ်ဖွဲ့ ဖြစ်သည်။

CNF ၏ ရည်ရွယ်ချက်များမှာ -

၁။ ချင်းအမျိုးသားများ၏ ပိုင်နက်နယ်မြေနှင့် အမျိုးသား ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန်

၂။ ချင်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန်

၃။ အမျိုးသားတပ်မတော်၏ ဂုဏ်အင်္ဂါရပ်များနှင့်ပြည့်စုံသည့် တပ်မတော်တည်ဆောက်ရန်

၄။ ချင်းအမျိုးသားတပ်ဦး၏ မူဝါဒလမ်းစဉ်များကို ကာကွယ်စောင့်ရှောက်ရန်တို့ ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်မှ အာဏာသိမ်းယူခြင်းသည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီ စံနှုန်းတို့နှင့် ဆန့်ကျင်သော လုပ်ဆောင်မှု ဖြစ်သောကြောင့် ကန့်ကွက်ကြောင်း လက်ရှိ နိုင်ငံရေး အခြေအနေများအပေါ် ချင်းအမျိုးသား တပ်ဦး၏ သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် စစ်တပ်မှ မင်းတပ်မြို့နယ်ရှိ ချင်းပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု အပေါ် ရှုတ်ချ ကန့်ကွက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဖြင့် အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် တန်းတူရေးအခြေခံဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အခြား အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုကိစ္စများပါဝင်သည့် နှစ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် CNF/CAN ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူးက စောင့်ရှောက်စရာ NCA မရှိတော့ကြောင်း၊ NCA ကို စစ်တပ်က ဖျက်ဆီးလိုက်ကြောင်း၊ CA အတွေ့အကြုံအရ အာဏာ မသိမ်းခင် NCA ရလဒ်တွေကိုတောင်မှ အကောင်အထည် မဖော်နိုင်ခဲ့ဘူး ဆိုတော့ ဒီနေ့မှာ NCA ရလဒ်တွေ ပြန်လည် အကောင်အထည် ဖော်ဖို့ဆိုတာ ဖြစ်နိုင်ခြေ မရှိတော့‌ကြောင်း ဖြေကြားထားသည်။

၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် စစ်အုပ်စု၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ကြားချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စု၏ ပြဿနာကို ပါဝင်သင့်သော Stakeholder များအားလုံး ပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန် လိုအပ်ကြောင်း၊ CNF အနေဖြင့် ပြည်သူလူထုနှင့် အတူရပ်တည်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် စစ်ရေးဆိုင်ရာ အသိပေး ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် CNF, ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၁၀၈) ဦး တို့သည် Pre-plenary meeting for Chinland Council ကို နယ်စပ်တစ်နေရာတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇-၉ အထိ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ တော်လှန်ရေး ကာလ ချင်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေ (Chinland Constitution) ပေါ်ပေါက်လာရေး၊ ချင်းပြည်ကောင်စီ (Chinland Council) ဖွဲ့စည်းရေး နှင့် ချင်းပြည် (Chinland) ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃) ရက် ဖွဲ့စည်းထူထောင်ရေးတို့ အတွက် ညီလာခံတစ်ရပ်‌ ခေါ်ယူရန်နှင့်၊ အဆိုပါ ညီလာခံ ဖြစ်မြောက်ရေး အတွက် Working Committee for Chinland Council Conference (WCCCC) ကို ဖွဲ့စည်းခဲ့ကြောင်း၊ WCCCC သည် ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (Chinland Constitution) မူကြမ်းရေး ဆွဲခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။