အဖွဲ့အစည်းများ

ကရင်အမျိုးသားအစည်းအရုံး

KNUလူမျိုး/ပြည်နယ် အဖွဲ့အစည်း

KNU ၏ မစ်ရှင် (Mission) အလုံးစုံတို့သည် သဟဇာတရှိရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် ရှိသမျှသော ကရင်တစ်မျိုးသားလုံးနှင့်အတူ တိုင်းရင်းသားလူမျိုးအားလုံးတို့နှင့် ပူးပေါင်းကာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ခြင်းဖြစ်သည်။[i]

KNU ၏ ဌာနချုပ်မှာ ကလိုယော်လေးတွင် တည်ရှိပြီး KNU တွင် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် KNLA နှင့် KNDO တို့ ရှိသည်။ KNU ၏ အုပ်ချုပ်ရေး ယန္တရားအောက်တွင် ခရိုင် (၇) ခရိုင်ရှိသည်။ ၎င်းတို့မှာ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်/ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူးပလာယာခရိုင် နှင့် ဘားအံခရိုင်တို့ ဖြစ်သည်။ KNU တွင် နိုင်ငံခြားရေးဌာန၊ ကာကွယ်ရေးဌာန အပါအဝင် ဌာန ၁၄ ခုရှိသည်။

KNU သည် မြန်မာနိုင်ငံ အစိုးရ အဆက်ဆက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ပြုလုပ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပြည်နယ်/တိုင်း အဆင့် နှင့် ပြည်ထောင်စု အဆင့်တွင် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမသဘောတူညီချက် စာချုပ်များကို ချုပ်ဆိုနိုင်ခဲ့သည်။

KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)  ကို တခြားသော လက်နက်ကိုင် အဖွဲ့များနှင့် အတူ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က အတူတကွ လက်မှတ် ထိုးခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဦးဆောင်ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ငြိမ်းချမ်းရေးတွင် ပါဝင်မှုကို ရပ်ဆိုင်းခဲ့ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (၆) ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးမှ သဘောထားထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၁ဝရက်၊ ၂၀၁၈ ခုနှစ်တွင် ကြေငြာခဲ့ပါသည်။ ၂၀၂၀ခုနှစ် ဇူလိုင်လမှ စတင်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပြန်လည်ပါဝင်ခဲ့သော်လည်း ရလဒ်မထွက်နိုင်ဖြစ်ခဲ့သည်။ စစ်အုပ်စုမှ အာဏာသိမ်းရန် ကြိုးပမ်းမှု မပြုလုပ်ခင်ကတည်းကပင် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး အာဏာသိမ်းမည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည့်အချိန်တွင် KNU မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ ရက်စွဲဖြင့် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ကြေငြာခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အာဏာသိမ်းယူမှုနှင့် ပတ်သက်ပြီး သဘောထား ထုတ်ပြန်ကြေငြာခဲ့သည်။ ဖမ်းဆီးထားသူများအားလုံးကို လွတ်ပေးရန်နှင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် အလေးအနက် တောင်းဆိုခဲ့သလို၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အတူတကွ ရပ်တည်သွားမည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် KNU မှ အာဏာသိမ်းမှုဆန့်ကျင်ကြောင်း သဘောထားထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် KNU အုပ်ချုပ်မှု ယန္တရားအောက်ရှိ ခရိုင် အသီးသီးတို့ကလည်း အကြမ်းမဖက်ပဲ ဆန္ဒထုတ်ဖော် ဆန့်ကျင်မှုကို KNU မှ ထောက်ခံအားပေးပြီး အကူအညီကာကွယ်ပေးသွားမည် ဖြစ်ကြောင်း၊ ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။ စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ချိုးဖောက်မှုနှင့် ပတ်သက်၍လည်း ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်မှ ၃၁ ရက်နေ့အထိ စစ်အုပ်စုကလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်နှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။  ထို့ပြင် KNU ၏ ထိန်းချုပ်နယ်မြေများတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်း၊ CDM ဝန်ထမ်းများနှင့် အရပ်သားပြည်သူများအား အကာအကွယ်ပေးခြင်းများလည်း လုပ်ဆောင်ပေးနေသည်။ ထို့်နောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် “KNU principles on current situation” ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီမှ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖိတ်ခေါ်မှုကိုလည်း ၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်နေ့ ရက်စွဲဖြင့် သက်ဆိုင်သူများ အားလုံးပါဝင်ဆွေးနွေးသည့် အခင်းအကျင်း မဖြစ်သည့် အတွက် တတ်ရောက်နိုင်မည် မဟုတ်ပါ ဟူ၍ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ စစ်အာဏာရှင် ဆန့်ကျင်သည့် အခြားသော အစုအဖွဲ့ အဖွဲ့အစည်းများဖြစ်သည့် NUG, CRPH, KNU, KNPP, CNF, NLD, ABSDF တို့နှင့်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ စစ်အာဏာရှင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု လုပ်ရပ်များကို ဆန့်ကျင့်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပူးတွဲ ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့သည်။  

လက်ရှိတွင် KNU ၏ ထိန်းချုပ်နယ်မြေများဖြစ်သည် ခရိုင် (၇)ခရိုင်လုံးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်ဘက်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် အရပ်သားထိခိုက်မှုများရှိသလို၊ စစ်ဘေးရှောင်ရသည့် ပြည်သူများလည်း နေ့စဉ်နှင့်အမျှ တိုးလာခဲ့သည်။ KNU ၏ ထုတ်ပြန်ချက်များနှင့် လုပ်ဆောင်ချက်များကို ကြည့်ခြင်းအားဖြင့် KNU သည် အကြမ်းဖက်စစ်အုပ်စုအား တစ်စိုက်မတ်မတ် ဆန့်ကျင်ခဲ့သည်ကို တွေ့ရပါသည်။

KNU သည် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် အဖွဲ့ဝင် အဖွဲ့အစည်းအဖြစ်လည်း ပါဝင်ပါသည်။

References
1. https://www.knuhq.org/public/mm
2. https://www.khrg.org/my/reports