၂၀၂၄ လည်ပြန် - ပိုမိုမြင်သာလာခဲ့သည့် အိမ်နီးချင်းနိုင်ငံများ၏ ကြားဝင်ဆောင်ရွက်မှုများ
၂၀၂၄ ခုနှစ်အတွင်းတွင်အိမ်နီးချင်းနိုင်ငံများ၏ ကြားဝင်ဆောင်ရွက်မှုများကို ပိုမိုမြင်သာလာခဲ့သည်။အထူးသဖြင့် တရုတ်၏ ကြားဝင်ဆောင်ရွက်မှုများမှာ ၂၀၂၄ တလျောက် ပိုမိုထင်သာမြင်သာရှိလာခဲ့သည်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ ထိုင်းနှင့် အိန္ဒိယတို့၏လှုပ်ရှားမှုများကိုလည်း မြင်တွေ့ခဲ့ကြရသည်။
မြောက်ပိုင်းတွင် တပ်သားအကျအဆုံးနှင့် တပ်စခန်းပေါင်းများစွာ ဆုံးရှုံးရသည့် အကြမ်းဖက် စစ်အုပ်စုအနေဖြင့်ကတရုတ်၏ ကြားဝင်ပေးမှုဖြင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ ၂၀၂၄ ခုနှစ်ဇန်နဝါရီ ၁၀ နှင့် ၁၁ ရက်တို့တွင် သုံးကြိမ် မြောက်ဆွေးနွေးပြီးနောက် ၁၁ ရက်ညပိုင်းတွင်နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ အငြင်းပွား ဖွယ်ရာနှင့် ပစ်ခတ်မှုများဖြစ်ပေါ်ပါကတွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ဖြင့် ဖြေရှင်းရေးစသည့် အချက်သုံးချက်အား သဘောတူအပစ်ရပ်[1]ကြောင်းကြေညာခဲ့သည်။ ထို့ပြင် ရှမ်းမြောက်ဒေသ စစ်ကောင်စီစခန်းနှင့် ဗျူဟာကုန်းများအားထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုလုပ်ရေးနှင့် စစ်ကောင်စီဘက်မှမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ထိန်းချုပ်၊ သိမ်းယူထားသည့် နေရာများသို့လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ မပြုလုပ်ရန်၊ တရုတ်-မြန်မာနယ်စပ်ရှိတရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ် ရင်းနှီးမြှုပ်နှံမှုများလုံခြုံရေးအား မထိခိုက်ရန်၊ မဖျက်ဆီးရန်ကိုပါ သဘောတူခဲ့သည်။
သဘောတူညီချက် ထုတ်ပြန်ပြီးနောက် MNDAA နှင့် TNLA တို့ ၎င်းတို့သိမ်းပိုက်ထားသည့်နယ်မြေများ၌ ပြန်လည်ထူထောင်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများအား ဆက်တိုက်အကောင်အထည်ဖော်ခဲ့သည်။ ယင်း အခြေအနေတွင် အကြမ်းဖက်စစ်တပ်ဘက်မှ TNLA ၊ MNDAAထိန်းချုပ်ထားသည့်ဒေသများအား လေ ကြောင်းမှ တိုက်ခိုက်ခြင်း၊လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ စတင်လုပ်ဆောင်လာခဲ့သည့်အတွက် ဇွန် ၂၄ ရက်တွင် TNLAအထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ကရှမ်းမြောက်ဒေသတွင်း ဖြစ်ပွားနေသည့် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများအားရှင်းလင်းသည့် ရုပ်သံဖိုင်အား ထုတ်လွှင့်ပြီး “စစ်တပ်ဟာဟိုင်ဂင် သဘောတူညီချက်ကို ကျော်လွန်ပြီ ဖြစ်ကြောင်းနှင့် ပြည်သူလူထုကိုအကောင်းဆုံး ခုခံကာကွယ်သွားရန် တာဝန်ရှိပါတယ်” ဟုထုတ်ဖော်ပြောဆိုသည်။
ထိုသို့ ထုတ်ပြန်ပြီးနောက်တစ်ရက်ဖြစ်သည့် ဇွန် ၂၅ ရက်တွင် TNLA နှင့် ပူးပေါင်းတပ်များကရှမ်းမြောက်ဒေသရှိ ကျောက်မဲ၊ နောင်ချို၊ မန္တလေးတိုင်း မိုးကုတ်မြို့နယ်များအားဝင်ရောက်တိုက်ခိုက် ကာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ခဲ့ပြီး သဘောတူညီချက်ပျက်ဆီးခဲ့ပြီး ပြင်ပက ကြားဝင်မှု ဖြင့် အပစ်ရပ်စဲခြင်း၏ အလုပ်မဖြစ်မှုကို ဖော်ပြခဲ့သည်။
၁၀၂၇ ဒုတိယလှိုင်းတွင် ရခမကျဆုံးပြီးနောက် ဇူလိုင် ၃၁ ရက်တွင် တရုတ်ကြားဝင်မှုဖြင့်ရှမ်းမြောက်စစ်ဆင်ရေးနှင့် ပတ်သက်သော ဟိုင်ဂင်အစည်းအဝေးအား တရုတ်နိုင်ငံ၊ကူမင်းမြို့၌ ထပ်မံပြုလုပ်ရာ မဟာမိတ်ညီနောင်သုံးဖွဲ့ဘက်မှ တက်ရောက်သော်လည်းအကြမ်းဖက်စစ်အုပ်စု ဘက်မှ မတက်ရောက်သည့်အပြင် သြဂုတ် ၁ ရက်တွင် အရေးပေါ်ကာလသက်တမ်းအား နောက်ထပ် ခြောက်လ ထပ်တိုးကြောင်း ကြေညာခဲ့သည်။ ထို့ပြင် သြဂုတ် ၅ရက်တွင် အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်က MNDAA နှင့် TNLA တို့အသုံးပြုသည့် Drop Bomb နှင့် ရှော့တိုက်ဒုံးများအား ပြင်ပကြေးစားနည်းပညာရှင်များနှင့် ပူးပေါင်းကာ နည်းပညာအဆင်မြှင့်တင်ထားကြောင်း၊တရုတ်-မြန်မာနယ်စပ်ရှိ ERO နယ်မြေအချို့တွင်လက်နက်ခဲယမ်းစက်ရုံများ တည်ထောင်ကာ PDF နှင့် အခြား EROများကို ထောက်ပံ့ရောင်းချ[2]နေကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။
သြဂုတ် ၈ ရက်တွင် ဟိုင်ဂင်ဆွေးနွေးပွဲ (ခြောက်ကြိမ်မြောက်) ပြုလုပ်ရန် ပြင်ဆင်ခဲ့သော်လည်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ထပ်မံပျက်ကွက်ခဲ့သည်။ ယင်းနေ့တွင်ပင်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီ့ကျွင်းနေပြည်တော်သို့ လာရောက်ကာ စစ်အုပ်စုခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။တွေ့ဆုံမှုအတွင်း နယ်စပ်ဒေသတည်ငြိမ်ရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့်တရားမဝင်လုပ်ငန်းများ နှိမ်နင်းရေးအပြင် ရွေးကောက်ပွဲအတွက် ကြိုတင်ဆောင်ရွက်မှုဆွေးနွေးခဲ့သည်ဟု စစ်အုပ်စုဘက် သတင်းထုတ်ပြန်ခဲ့သည်။ ရမခ ကျပြီး ၁၁ရက်မြောက်နေ့ဖြစ်သည့် သြဂုတ် ၁၄ ရက်တွင် တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိနေပြည်တော်သို့ လာရောက်ကာ အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ စစ်အုပ်စုခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့နှင့် တွေ့ဆုံခဲ့ကာမြန်မာနိုင်ငံအတွင်းရှိ တရုတ်ဝန်ထမ်းများနှင့် စီမံကိန်းများ လုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ထိန်းသိမ်းပေးမှု[3]ကိုလိုလားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်တွေ့ဆုံစဉ် ဝမ်ယိက “အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင်ပြေ ချောမွေ့စွာ ကျင်းပပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ပြန်လည်စတင်ရန် အမြဲတစေ ထောက်ခံပါတယ်”၊ စစ်အုပ်စုခေါင်းဆောင်နှင့် တွေ့ ဆုံစဉ်တွင် “ရှေ့လုပ်ငန်းစဉ်ငါးရပ် အကောင်အထည်ဖော်တာကို အခိုင်အမာ ထောက်ခံအားပေးတယ်” ဟုပြောကြားခဲ့ကြောင်း ခရီးစဉ်နှင့် ပတ် သက်သည့် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သြဂုတ် ၂၇ ရက်တွင် တရုတ် အာရှရေးရာအထူးကိုယ်စားလှယ် တိန်ရှီ့ကျွင်းသည် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) ခေါင်းဆောင်များဖြစ်သည့်ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကောအန်း၊ ဒုတိယအထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်းနှင့်ဗဟိုကော်မတီရုံး ဒုတိယဌာနကြီးမှူး မောဇစ်ရုန်တို့နှင့် ယူနန်တောင်ပိုင်းဖူးအာမြို့၌ တွေ့ဆုံခဲ့သည်။ ပြင်ပသို့ ပေါက်ကြားလာသည့် တွေ့ဆုံမှုအစည်းအဝေးမှတ်တမ်း၌ မြန်မာစစ်တပ် ပြိုကျမည်ကို မလိုလားကြောင်းနှင့် NUG – PDF များ အနိုင်ရမည်ကို လုံးဝလက်ခံ မည် မဟုတ်ကြောင်း၊ လားရှိုးမြို့မှကိုးကန့်တပ်များ မဆုတ်သွားမခြင်း ကိုးကန့်ဒေသအား ပိတ်ဆို့ထားမှုကို ရုပ်သိမ်းမည်မဟုတ်သည့်အပြင် ပိုမိုပြင်းထန်သည့် အရေးယူမှု လုပ်ဆောင်မည်ဟု “ဝ” ခေါင်းဆောင်များအား ပြောကြားသည်။ “ဝ” အနေဖြင့်လည်း တရုတ်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန်နှင့် မပူးပေါင်းပါက “ဝ” ပြည်ကို လည်း ပိတ်ဆို့အရေးယူမည်ဟုခြိမ်းခြောက်ဖိအားပေးခဲ့သည်။
ကိုးကန့် (MNDAA) နှင့် ပတ်သက်သည့် သဘောထားလေးချက်ကိုလည်း ရှင်းလင်းရာ၌ လားရှိုးမြို့သိမ်းပိုက်ထားခြင်းအား အသိအမှတ်မပြုကြောင်း၊ MNDAA သည်စစ်ကောင်စီပြုတ်ကျရေး ရှေ့တန်းတပ်ဦး အဖြစ် ဦးဆောင်နေကြောင်း၊ တရုတ်အစိုးရအားပူးပေါင်းဟန်ဆောင်၍ “ဟန်” တရုတ်လူမျိုးလွတ်မြောက် ရေး အယူအဆ ဖြန့်ချိခြင်းနှင့် PDF များနှင့်လျှို့ဝှက်ပူးပေါင်းကာ မန္တလေးမြို့အား သိမ်းပိုက်ရန် ကြံစည်နေ ကြောင်း၊ကျားဖြန့်ဂိုဏ်းများအား တရုတ်အစိုးရနှင့် ပူးပေါင်းသည်ဟု အကြောင်းပြလိမ်လည်ကာ ၁၀၂၇စစ်ဆင်ရေးဖြင့် လောက်ကိုင်၊ ကိုးကန့်ဒေသတစ်ခုလုံး သိမ်းပိုက်ရုံမကလားရှိုးမြို့ကိုပါ ကျူးကျော်သိမ်းပိုက် ထားကြောင်းများလည်း ပါရှိသည်။ ထို့ပြင် MNDAAအနေဖြင့် လားရှိုးမှ ချက်ချင်းမဆုတ်ခွာပါက ကိုးကန့်ဒေသ ငါးခုမြောက်မိသားစုအဖြစ် ချေမှုန်းခံရမည်၊ TNLA ကိုလည်းအရေးယူပိတ်ဆို့မှု လုပ်ဆောင်မည်ဟု တိန်ရှီ့ကျွင်းက ပြောဆိုခဲ့သည်။
ထို့ပြင် တရုတ်အထူးကိုယ်စားလှယ်တိန့်ရှီကျွင်းသည် “ဝ” ခေါင်းဆောင်များလိုက်နာရမည့် အချက်လေးချက်အဖြစ် (၁) MNDAA ကိုလက်နက်ရောင်းချခြင်း လုံးဝမပြုလုပ်ရ၊ (၂) “ဝ” ပြည်မှ ကိုးကန့်ဒေသထဲသို့ သွားရောက်သည့် ယာဥ်မှန်သမျှ လက်နက်၊စစ်အသုံးအဆောင်ပစ္စည်း၊ လောင်စာဆီ၊ ဆေးဝါး၊ ရိက္ခာ လုံးဝသယ်ဆောင်ခြင်းကိုခွင့်မပြုရ၊ (၃) ကိုးကန့်ဒေသကို အဝင်အထွက်လုပ် သော လူပုဂ္ဂိုလ်တိုင်း၏ အချက်အလက်များကို သေချာစိစစ်ပြီး၊ စစ်ရေးနှင့် နည်းပညာကျွမ်းကျင်းသူများ “ဝ” ပြည်ထဲမှတစ်ဆင့် မဝင်ရောက် နိုင်ရန်ပိတ်ပင်ရေးနှင့် (၄) PDF ၊ ကရင်နီ နှင့် တောင်ပိုင်းကလက်နက်ကိုင်အဖွဲ့ များကို လက်နက်ရောင်းချခြင်း လုံးဝမပြုလုပ်ရ ဟု တားမြစ်ခဲ့သည်။ထိုသို့ မလုပ်ပါက တရုတ်အစိုးရက “ဝ” ပြည်ကိုပေးအပ်နေသော သက်မွေးဝမ်းကြောင်းမှုဆိုင်ရာ အထောက်အပံ့အားလုံး ရပ်ဆိုင်းမည်၊ “ဝ” ပြည်နှင့် ကုန်သွယ်မှု၊ အကန့်အ သတ်မရှိရပ်ဆိုင်းမည်၊ သတ္တုမိုင်းလုပ်ငန်း၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုနှင့်ရေအားလျှပ်စစ် စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုများအားလုံး ရပ်ဆိုင်းမည် ဟု “ဝ” ခေါင်းဆောင်များကို ခြိမ်းခြောက် အကျပ်ကိုင်[4]ခဲ့သည်။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် သြဂုတ်လ ၁၆ ရက်က ပြုလုပ်သည့် မဲခေါင်-လျန်ချန်းပူးပေါင်းဆောင်ရွက် ရေး အစည်းအဝေးတွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကမြန်မာ့အရေးတွင် ကျော်လွန်မရသည့် စည်းသုံးခု ရှိကာ ခိုင်မာစွာ ထိန်းသိမ်းရန်နိုင်ငံတကာသို့ သတိပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းမတည် မငြိမ်ဖြစ်မှုနှင့်ပြည်တွင်းစစ် ဖြစ်ပွား၍ မရခြင်း၊ အာဆီယံမိသားစုလမ်းကြောင်းမှ ကင်းကွာ၍ မရခြင်း၊ပြင်ပ အင်အားစုများ ထင်သလို စိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းစည်းတို့ ဖြစ်သည်။
တရုတ်က MNDAA နည်းတူ PSLF/TNLA ကိုလည်းရှမ်းမြောက်တိုက်ပွဲများ ရပ်ဆိုင်းရန် သြဂုတ် ၂၉ ရက်တွင် ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီ[5]ကဖိအားပေးခဲ့သည်။
“ဝ” မှသွယ်ဝိုက်လာသည့် ဖိအား၊ တိုက်ရိုက်ဖိအားများကို ဟန့်တားနိုင်မည့် ကြေညာချက်တစောင်အား MNDAA က စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီး NUGနှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမည် မဟုတ်[6]သလိုမန္တလေးနှင့် တောင်ကြီးမြို့အား ထိုးစစ်ဆင်မည် မဟုတ်ကြောင်း ပါရှိသည်။ယင်းကြေညာချက်အား ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာ၌ ခဏသာ ဖော်ပြပြီးနောက် နှစ်ပတ်အကြာစက်တင်ဘာ ၁၈ ရက်တွင် ထပ်မံ လွှင့်တင်ခဲ့သည်။ MNDAA ကအောက်တိုဘာ ၉ ရက်တွင် တရုတ်ဘာသာဖြင့်[7]ပြည်ပနိုင်ငံ အချို့က မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် စီစဉ်နေသဖြင့်ကန့်သတ်ချက်လေးရပ်အား ထုတ်ပြန်ခဲ့ရာ အာဆီယံ၊ အမေရိကန် အပါအဝင်အနောက်နိုင်ငံများသို့ ခွင့်ပြုချက်မရှိဘဲ ခရီးသွားခြင်း၊ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်သည့် နိုင်ငံတကာအခင်းအကျင်းများ၌ ပါဝင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အမေရိကန်အပါအဝင် အနောက်နိုင်ငံပိုင် မီဒီယာများသို့ မဖြေကြားရန်၊ အဖွဲ့အစည်းအမည်ဖြင့်မြန်မာ့နိုင်ငံရေး အခင်းအကျင်း၏ ဖြစ်ပေါ်လာနိုင်သည့် လျှို့ဝှက်ကိစ္စများနှင့်မြန်မာနိုင်ငံရေးကိစ္စရပ်များအပေါ် သဘောထားများ မထုတ်ပြန်ရန်တို့ ဖြစ်သည်။
PSLF/TNLA လည်းတရုတ်ပိတ်ဆို့မှုကြောင့် ဒေသခံပြည်သူများ အခက်အခဲ ကြုံတွေ့နေရမှု ဖြေရှင်းရေးအတွက်မြန်မာပြည် (မန္တလေး) မှ ပြည်နယ်အတွင်း တင်သွင်းမည့်ကုန်စည်များအပေါ် အောက်တိုဘာ၂၅ ရက်မှစ၍ အခွန်ကင်းလွတ်ခွင့်ပြုမည်[8]ဟုကြေညာခဲ့သည်။
တရုတ်၏ ဖိအား၊အကြမ်းဖက်စစ်အုပ်စု၏ တန်ပြန်တိုက်ခိုက်မှုများအောက်၌ပင် MNDAA နှင့် TNLA တို့သည် ၎င်းတို့သိမ်းပိုက် ထိန်းချုပ်ထားသည့် မြို့များ၌ အုပ်ချုပ်ရေးယန္တရားများတည်ဆောက်ခြင်းအား ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ နိုဝင်ဘာ တတိယပတ်ခန့်တွင် MNDAAတပ်ဖွဲ့ခေါင်းဆောင် ဖုန်တာရွှင်အား တရုတ်နိုင်ငံသို့ ရောက်ရှိစဉ်တရုတ်အစိုးရက ထိန်းသိမ်း[9]ထားကြောင်းသတင်းများ ထွက်ပေါ်ခဲ့ရာ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၁၉ရက်တွင် ၎င်းအား တရုတ်နိုင်ငံ၌ ဆေးကုသဖို့ ခွင့်တောင်းခဲ့သည့်အတွက်ဆေးကုသမှုခံယူပြီး ပြန်လည်နာလန်ထလာနေပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Lin Jian က ဘေဂျင်းမြို့တော်၌ ပြုလုပ်သည့်ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
ပြင်းထန်လာသည့်တရုတ်ဖိအားကြောင့် ကိုးကန့်တပ်နှင့် ပူးပေါင်းတိုက်ခိုက်နေသည့် BPLA နှင့် အခြား မဟာမိတ်တပ်များမှာ ကိုးကန့်ထိန်းချုပ်ရာနယ်မြေမှ TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ နှင့်သီပေါမြို့များသို့ တပ်ပြောင်းရွှေ့ထားရသည်။
အောက်တိုဘာ ၁၇ ရက်နေ့တွင်ယူနန်ပြည်နယ်၊ ရင်ချန်းမြို့၌ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွီကျွင်းနှင့် KIA ခေါင်းဆောင်ပိုင်းအချို့ တွေ့ဆုံခဲ့ကာ KIA ဘက်မှထိုးစစ်များအား ရောက်သည့် နေရာ၌ ရပ်တန့်ရန်အတွက် တရုတ်ဘက်က ဖိအားပေးခဲ့သည်။ယင်းနေ့ တွေ့ဆုံပွဲအပြီး နောက်တရက် ဖြစ်သည့် အောက်တိုဘာ ၁၈ ရက်တွင် KIA ထိန်းချုပ်နယ်မြေများနှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်များအား တရုတ်ဘက်ကပိတ်ပစ်[10]ခဲ့သည်။KIA ဘက်မှလည်း တရုတ်ဘက်မှ ပိတ်ထားသည့် နယ်စပ်ဂိတ်များအားတန်ပြန်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ကချင်ပြည်နယ်၏ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်နှင့် မံစီမြို့များအား ဒီဇင်ဘာလဆန်းပိုင်းတွင် KIAက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့တွင်းသို့ပင်ခြေချထားနိုင်ပြီ ဖြစ်သည်။ ဗန်းမော်သည် တရုတ်အစိုးရ အကောင်အထည်ဖော်နေသည့် “တရုတ်-မြန်မာ ဧရာဝတီမြစ် စီးပွားရေးရပ်တန်း” သို့မဟုတ်“တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်း” စီမံကိန်းရှိရာမြို့လည်း ဖြစ်သည်။ တရုတ်အစိုးရ ဖိတ်ကြားမှုဖြင့် KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လနှင့်အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်နေစဉ် ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်း တွင် KIAဘက်က ကချင်-တရုတ်နယ်စပ်ဂိတ် များအား ပြန်လည်ဖွင့်လှစ်[11]ပေးခဲ့သည်။
နိုဝင်ဘာ ၂၅ ရက်တွင်PSLF/TNLA က စစ်ရေးတင်းမာမှုအတွက် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အခွင့်အရေးအား ကိုင်စွဲ၍ ပြဿနာများ ဖြေရှင်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရန်[12]အမြဲတမ်းအဆင်သင့်ရှိကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။
MNDAA စစ်ရေးကော်မတီကလည်းဒီဇင်ဘာ ၃ ရက်တွင် “ပြည်တွင်းစစ်ရေးပဋိပက္ခကိုနိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုလားပါကြောင်း ထုတ်ပြန်ချက်”[13] အား ထုတ်ပြန်ရာ MNTJP/MNDAA သည် နိုင်ငံသစ် တည်ထောင်မည်မဟုတ်ကြောင်း၊ ယနေ့မှစ၍ အစပြု ထိုးစစ်ဆင်မည် မဟုတ်ကြောင်းနှင့် တရုတ်၏ကြားဝင်စေ့စပ်မှုအတိုင်း တက်ကြွစွာ ပူးပေါင်းမည်ဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှမြန်မာနိုင်ငံအနှံ့ ဖော်ဆောင်နေသည့် ဝေဟင်နှင့် မြေပြင်ထိုးစစ်ဆင်မှုများအားရပ်ဆိုင်းပေးရမည်၊ တွေ့ဆုံဆွေးနွေးစဉ် MNTJP/MNDAA ဘက်မှအဆင်မြင့်ကိုယ်စားလှယ် စေလွှတ်မည်ဖြစ်ကာ ပဋိပက္ခနှင့် အမြင်သဘောထားကွဲမှုများအားနိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် မျှော်လင့်ကြောင်း၊ နိုင်ငံရေးနည်းလမ်းကိုအားပေးထောက်ခံသော်လည်း MNDAA အနေဖြင့် မိမိကိုယ်ကိုခုခံကာကွယ်ခွင့်အား ယခင်နည်းတူ ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း ပါရှိသည်။
အာရက္ခတပ်တော် (AA) အနေဖြင့်လည်းနယ်နိမိတ်ထိစပ်မှု ရှိသည့် အိန္ဒိယနှင့်လည်း ဆက်ဆံရေး တည်ဆောက်မှုများ ရှိခဲ့သည်။၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် Vanlalvena နှင့်နှစ်နိုင်ငံနယ်စပ်တွင် တွေ့ဆုံ[14]ခဲ့သည်။တွေ့ဆုံမှုအတွင်း မြန်မာ-အိန္ဒိယ ကုလားတန်စီမံ ကိန်း အစိတ်အပိုင်းဖြစ်သည့်လမ်းပိုင်းဆောက်လုပ်ရေးအတွက် ဖြစ်ကာ မီဇိုရမ်ပြည်နယ် အရှေ့ပိုင်း လိုင်ရမ်၊ဇိုရမ်ပူနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ ဆက်သွယ်နိုင်မည့်စီမံကိန်းလမ်းပိုင်းလည်း ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းစစ်ရေးပဋိပက္ခများကြောင့် ရပ်ဆိုင်းထားရာမှ ပလက်ဝမြို့အား AA သိမ်းပိုက်ပြီးနောက် တွေ့ဆုံမှု စတင်ခဲ့ခြင်းလည်း ဖြစ်သည်။ မီဇိုရမ်ဝန်ကြီးချုပ်ကလည်းအမေရိကန်နိုင်ငံတွင် စက်တင် ဘာ ၄ ရက်က ချင်းလူမျိုးများနှင့် တွေ့ဆုံစဉ်ယင်းစီမံကိန်းအတွက် AA နှင့်မိတ်ဆွေဖွဲ့သင့်[15]ကြောင်းထုတ် ဖော်ပြောဆိုခဲ့သည်။ အိန္ဒိယဗဟိုအစိုးရဘက်ကမူ AA နှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန်ခြင်း မရှိသော် လည်းရက္ခိုင့်တပ်တော်အနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား ဘလူးတုနှင့်ဝိုင်ဖိုင်နည်းပညာသုံး၍ တိုက်ခိုက် နေသည့် ဖြစ်စဉ်များအား အိန္ဒိယထောက်လှမ်းရေးကစောင့်ကြည့်နေကြောင်းအား အိန္ဒိယနိုင်ငံ Zeeသတင်း ဌာန[16]ကထုတ်ပြန်ရေးသားခဲ့ကာ မီဇိုရမ်ပြည်နယ်တွင်လည်း အခြေချထားကြောင်း သတင်း၌ ပါရှိသည်။
စက်တင်ဘာ ၂၃ ရက်တွင်အိန္ဒိယအစိုးရရန်ပုံငွေဖြင့် နိုဝင်ဘာလအတွင်း ပြုလုပ်ရန် အိန္ဒိယကောင်စီ (ICWA) ကဦးဆောင်စီစဉ်ထားသည့် "ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်"ဆွေးနွေးပွဲ[17]သို့AA အပါအဝင်KIA, ချင်းအမျိုးသားတပ်ဦး(CNF) နှင့် NUG တို့ကိုဖိတ်ထားကြောင်း ရိုက်တာသတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။
အာရက္ခတပ်တော်၏နယ်မြေသိမ်းပိုက်မှုများ အားကောင်းလာချိန်တွင် ကျောက်ဖြူစီမံကိန်းတွင်ဒေါ်လာဘီလျံနှင့်ချီ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်က ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများနှင့် ၎င်းတို့၏ နိုင်ငံသားများ အား ကာကွဘ်ရန်အတွက်ပူးတွဲလုံခြုံရေးကုမ္ပဏီ တည်ထောင်ရန် ပြင်ဆင်ခဲ့သည်။ အောက်တိုဘာ ၂၂ ရက်တွင်ယင်းကိစ္စ အကောင်အထည်ဖော်ရေး နားလည်မှုစာချွန်လွှာ (MoU) ရေးဆွဲရေးကော်မတီ[18]အားဖွဲ့စည်းခဲ့ သည်။ တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အတွက်အဓိကကျသော အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာစင်္ကြန် (CMEC) အောက်တွင်ရှိသည့် လားရှိုးမြို့အား စစ်အုပ်စု လက်လွှတ်ရပြီးနောက် ဒုတိယ မြောက် အရေးပါပါဝင်သည့် ကျောက်ဖြူမြို့ ရှိ စီမံကိန်းအတွက် ပြင်ဆင်လာခြင်းပင် ဖြစ်သည်။
ဒီဇင်ဘာလ ၁၉-၂၀ ရက်နေ့များတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သောမြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတရပ်ကို ထိုင်းအစိုးရက ကမကထပြုကျင်းပခဲ့ပြီးအိမ်နီးချင်းနိုင်ငံ များဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် လာအို နိုင်ငံများမှနိုင်ငံခြားရေး ဝန်ကြီး၊ ဒုဝန်ကြီး များ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့တက်ရောက်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးကိုလည်းဖိတ်ခေါ်ခဲ့သည်။
References:
[1]https://t.me/threebrotherhoodalliance/780
[2]https://www.bbc.com/burmese/articles/c20l1lp5k2lo
[3]https://www.bbc.com/burmese/articles/c20l1lp5k2lo
[4]https://myanmar-now.org/mm/news/58133/?fbclid=IwY2xjawF0tLhleHRuA2FlbQIxMAABHf2jXpQ-Bcq13nfaAif1oqf4nR4h1-nqlCetuOUidFpcpfazHPWjvDVuQQ_aem_SEQ6swoU9vun2RsMJuBOBQ
[5]https://t.me/spmnewsagency2019/10134
[6]https://myanmar-now.org/mm/news/57840/
[7]https://www.facebook.com/kokang0123/posts/pfbid02XhTPTF7BK71qwdeaPpagJHKtKPPbSvDWrjHpCGyGKq9PA7CNMvLkzrm3FGNENFT3l
[8]https://t.me/taangtv2023/3985
[9]https://burmese.voanews.com/a/mndaa-leader-myanmar-rebel-leader-medical-care-kumin-/7868973.html
[10]https://www.bbc.com/burmese/articles/cly4kk7jk5po
[11]https://bur.mizzima.com/2024/12/13/41377
[12]https://t.me/taangtv2023/4119
[13]https://www.facebook.com/photo?fbid=903358505232857&set=pcb.903358578566183
[14]https://myanmar-now.org/mm/news/49761/
[15]https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8/thoeanarg.html
[16]https://burma.irrawaddy.com/news/2019/09/13/203747.html
[17]https://westernnewsmm.com/news/5305/
[18]https://bur.mizzima.com/2024/12/03/40563
Photo by Ajay Karpur on Unsplash