အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ
အထွေထွေ သပိတ် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (General Strike Collaboration Committee-GSCC) ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည် တော်လှန်ရေး အင်အားစုတစ်ရပ်ဖြစ်သည်။
GSCC သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် သပိတ်တပ်ဦးများသို့ နှိုးဆော်အကြံပြုချက်ကိုလည်းကောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လူထုတိုက်ပွဲနည်းနာများ အကြံပြုချက်ကိုလည်းကောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရပ်ရွာအခြေပြုကော်မတီများအား အကြံပြုချက်ကိုလည်းကောင်း၊ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေး၊ CDM လှုပ်ရှားမှု အရှိန်မြှင့်ပေးကိုလည်းကောင်း ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် အာဆီယံ နိုင်ငံများသို့ လက်ရှိ စစ်အာဏာသိမ်းမှုအကြောင်းနှင့် စစ်အာဏာသိမ်းပြီး ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ အခြေအနေများကို ဖော်ပြထားသည့် အိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ပြည်ထောင်စုသဘောတူစာချုပ်အရ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အကောင်အထည်ဖော်မှုဆိုင်ရာ အကြံပြုတိုက်တွန်းချက် ကို ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ူက ရွေးချယ် တာဝန်ပေးအပ်ထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို အခြေခံလျက်၊ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေး အင်အားစုများ ပါဝင်သော အမျိုးသား ညီညွတ်ရေး အစိုးရ အမြန်ဆုံး ဖွဲ့စည်းရန်၊ အမျိုးသားညီညွတ်ရေး အစိုးရက ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံး ရေးဆွဲရန်နှင့် လူထုအရေးတော်ပုံကြီး၏ နည်းသဏ္ဍာန်ပေါင်းစုံဖြင့် တိုက်ပွဲလမ်းကြောင်းကို တာဝန်ယူ ဦးဆောင်ရန်၊ အမျိုးသား ညီညွတ်ရေး အစိုးရ ဦးဆောင်မှု ဖြင့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် အမြန်ဆုံး တည်ထောင်၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်သည် အထိ အောင်ပွဲရယူရန်၊ အစရှိသည့် နိုင်ငံရေး လုပ်ငန်းစဉ်များကို အကြံပြု ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ပရတ်ဆွတ်ခွန်၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် နိုင်ငံရေးအရ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများ ရေးသားပြုစုထားသည့် “ငရဲခန်းမှ လက်ရုံးများဆန့်တန်းခြင်း” စာအုပ်ကိုဖြန့်ချိခဲ့သည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် နွေဦးတော်လှန်ရေး လက်ရှိ အခြေအနေ သုံးသပ်ချက် (ရန်သူ့အခြေအနေ၊ တော်လှန်ရေး အင်အားစုများ အခြေအနေ၊ နွေဦးတော်လှန်ရေး တစ်စုံလုံးအခြေအနေ) နှင့် စစ်အာဏာရှင် စနစ် တစ်စမကျန် ဖျက်သိမ်းရေးအဆင့် (အကြံပြုချက်များ) ပါဝင်သည့် နွေဦးတော်လှန်ရေး ၅.၈ စစ်တမ်း ကို ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ သို့ အိတ်ဖွင့်ပေးစာ ကို ပေးပို့ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် “လူပုဂ္ဂိုလ်” အခြေမပြု၊ “နိုင်ငံရေးမူ” အခြေပြု နွေဦးတော်လှန်ရေးဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက် ကိုထုတ်ပြန်ခဲ့သည်။
GSCC သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်သည်။