စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တွင် နိုင်ငံတဝှမ်းလုံးရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများအား ဟန်ချက်ညီ ပူးပေါင်းလုပ် ဆောင်နိုင်ရန်အလို့ငှါ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးဟူသော ဘုံတူညီချက်များကို အခြေခံ၍ ဤစစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီအား ဖွဲ့စည်းခဲ့သည်။
ရည်မှန်းချက်များမှာ
(၁) စစ်အာဏာရှင်စနစ် (စစ်အစိုးရ၊ စစ်ဗျူရိုကရက်ယန္တရား၊ စစ်အုပ်စု) အပါအဝင် အာဏာရှင် စနစ်များ အကုန်အစင် ဖျက်သိမ်းရေး၊
(၂) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပြီးအပိုင် ဖျက်သိမ်းရေး၊
(၃) အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ပင် ဖြစ်သည်။
ဆောင်ရွက်မည့် လုပ်ငန်းစဉ်များမှာ -
(က) ဒေသအလိုက် သပိတ်ကော်မတီများ ဖွဲ့စည်းရေး၊
(ခ) CDM လှုပ်ရှားမှုတွင် ပါဝင်သူများအားကူညီပံ့ပိုးရေး၊
(ဂ) စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲများအား စုပေါင်းဖော်ဆောင်နိုင်ရေး၊
(ဃ) တိုက်ပွဲအရှိန်အဟုန်အားထိန်းညှိရေး၊
(င) လူထုလှုပ်ရှားမှုများအား စုပေါင်းကိုယ်စားပြုရေး တို့ ဖြစ်သည်။
GSC သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ အာဏာသိမ်းစစ်အုပ်စုမှ ပြုလုပ်ခဲ့သော ရက်စက်ယုတ်မာသတ်ဖြတ်မှုများအပေါ် သဘောထား ထုတ်ပြန်ချက် ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီအရေး တိုက်ပွဲဝင်စုဝေး ပြည်လုံးကျွတ် လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် GSC နှင့် နိုင်ငံရေးအင်အားစုများ၊ သပိတ်ဆိုင်ရာအစုအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ စုစုပေါင်း ၄၁၈ ဖွဲ့၏ ဒီမိုကရေစီရေးတိုက်ပွဲဝင်နေသော ထိုင်းပြည်သူများနှင့် အတူရပ်တည်ကြောင်း ကြေညာချက် ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တော်လှန်ရဲဘော်များအား မတရားဖမ်းဆီး ညှဥ်းပန်းနှိပ်စက်နေမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM - နိုင်ငံဝန်ထမ်းဆိုင်ရာမူဝါဒ နှင့်ပတ်သက်၍ “စစ်အာဏာရှင်၏ ထောက်တိုင်များအဖြစ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ၊ ရာဇဝတ်မှုများ အား တက်ကြွစွာ စိတ်လိုလက်ရပါ၀င်ကျူးလွန်ခဲ့ကြသည့် Non -CDM များအတွက်သာ တိတိကျကျ အရေးယူ နိုင်ရန် ထည့်သွင်း ရေးဆွဲရမည်” ဟူသည့် GSC ၏ ရပ်တည်ချက်ကို ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - General Strike Committee (GSC)၏ ပထမအကြိမ် ညီလာခံအား လွတ်မြောက်ဒေသတနေရာတွင် ခြောက်ရက်တိုင်တိုင် ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - General Strike Committee(GSC)၏ မူဝါဒများ၊ စုဖွဲ့မှုပုံစံများ နှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး ဆုံးဖြတ်နိုင်ခဲ့ကြသည်။ ဆွေးနွေးဆုံးဖြတ်ချက်များနှင့်အညီ၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ - General Strike Committee(GSC)၏ ပထမအကြိမ် ညီလာခံမှ အတည်ပြုလိုက်သော မူဝါဒရေးရာစာတမ်းအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရွှေဝါရောင်တော်လှန်ရေး (၁၆) နှစ်မြောက် နှစ်ပတ်လည်နေ့ ထုတ်ပြန်ကြေညာချက် ကို ထုတ်ပြန်ခဲ့သည်။
GSC သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်သည်။