အဖွဲ့အစည်းများ

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ

KSCCလူမျိုး/ပြည်နယ် အဖွဲ့အစည်း

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council-KSCC) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် ကရင်နီပြည်နယ်အတွင်းရှိ ၂၀၂၀ ခုနှစ် ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များအားလုံး စုစည်း၍ ဖွဲ့စည်းခဲ့သည်။

အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် လက်ရှိတော်လှန်ရေး ကာလ/ကြားကာလတွင် ကရင်နီပြည်နယ်အတွင်းရှိ အင်အားစုများအကြား ချိတ်ဆက်ဆောင်ရွက်မှု အားကောင်စေရေး၊ သွေးစည်းညီညွတ်မှု ရရှိစေရေး၊ ကရင်နီပြည်နယ်၏ နိုင်ငံရေး ဦးတည်ချက်များအား အင်အားစုများအကြား ဘုံရပ်တည်ချက်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးကို ရည်ရွယ်ထားသည်။

KSCC ၏ ပထမအကြိမ်ညီလာခံကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အင်အားစု (၆)ခု ဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ကရင်ပြည်နယ် ကြားကာလဥပဒေပြုရေးအဖွဲ့၊ ကရင်နီပြည် အမျိုးသမီးများ အင်အားစု၊ ကရင်နီပြည်နယ်လူမျိုးစု လူငယ်အင်အားစု၊ ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်း၊ နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် တို့ မှ အမည်စာရင်းတင်သွင်းလာသည့် ကိုယ်စားလှယ်များဖြင့် ပြည်နယ် အတိုင်ပင်ခံကောင်စီ (၁၁) ဦးအား ရွေးချယ် အတည်ပြုဖွဲ့စည်းခဲ့ပြီး KSCC ၏ အလုပ်အမှုဆောင်အဖွဲ့ (၇)ဦးအား လျှို့ဝှက်မဲဖြင့် ရွေးချယ်အတည်ပြုခဲ့သည်။

KSCC ၏ အဓိက နိုင်ငံရေး ဦးတည်ချက်ကြီး (၄) ရပ်မှာ စစ်အာဏာရှင်နှင့် အာဏာရှင် ဟူသမျှ ချုပ်ငြိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် အမျိုးသားတန်းတူရေး၊ တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အား အပြည့်အဝ အာမခံပေးနိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ စနစ်အား အခြေခံသည့် ဖွဲ့စည်းပုံတစ်ရပ် ပေါ်ထွန်းရေးနှင့် ကရင်နီပြည်နယ်အတွင်း ကိုယ်ပိုင် ပြဌာန်းခွင့်ကို အပြည့်အဝ ကျင့်သုံး ဖော်ဆောင်နိုင်ရေး တို့ဖြစ်ပါသည်။ KSCC ၏ နိုင်ငံရေး လမ်းညွှန်မှုအောက်တွင်တည်ရှိသော ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) ကို ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ဖွဲ့စည်းပြီး KNDF သည် တပ်ရင်း (၂၂) ရင်း၊ စစ်ဗျူဟာ (၆)ခု ခွဲကာ ကရင်နီပြည်နေရာအနှံ့တွင် တိုက်ပွဲဝင်နေသည်။ ထို့ပြင် KSCC ၏ လမ်းညွှန်မှုဖြင့် ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (Karenni State Police- KSP) ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ KSP သည် ကရင်နီနယ်မြေအတွင်း ရဲစခန်း (၁၂) ခုအထိ ဖွင့်လှစ်နိုင်ခဲ့သည်။

KSCC တွင် နေရပ်စွန့်ခွာသည့် စစ်ဘေးရှောင်ပြည်သူများ၏ အချက်အလက် ကောက်ယူခြင်း၊ မှတ်တမ်းပြုစုခြင်း၊ စစ်ဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံအားပေးနှစ်သိမ့်ပေးခြင်း၊ အခြေခံစားနပ်ရိက္ခာများ ပံ့ပိုးခြင်းတို့ကို လုပ်ဆောင်ပေးနေသည့် ကရင်နီပြည်နယ် လူသားချင်း စာနာထောက်ထားရေး ကော်မတီ ရှိသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော CDM များ အကူအညီအထောက်အပံ့များ ရရှိနိုင်ရန် NGO, နိုင်ငံတကာ အလှူရှင်များနှင့် အမျိုးသား ညီညွတ်ရေး အစိုးရတို့နှင့် ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနေသည့် CDM ကော်မတီ၊ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ဖွဲ့စည်းခဲ့သော ကရင်နီပြည်နယ် ပညာရေးကော်မတီ နှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနိုင်ရန် ကရင်နီပြည်နယ် ကျန်းမာရေးကော်မတီတို့ ရှိသည်။

KSCC ၏ လုပ်ငန်းစဉ်များ၊ ဗျူဟာများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အစည်းအဝေးများ ဖြစ်မြောက် အတွက် လိုအပ်သည့် လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့တွင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ နည်းပညာဆိုင်ရာ အတွင်းရေးမှူး အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ KSCC သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၇-၂၀) ရက်နေ့တွင် ပထမအကြိမ် ညီလာခံကို ပြုလုပ်နိုင်ခဲ့ပြီး ကောင်စီဝင်များနှင့် အလုပ်အမှုဆောင်အဖွဲ့များကို ရွေးချယ်ဖွဲ့စည်း အတည်ပြုနိုင်ခဲ့သည်။ အဆိုပါ ညီလာခံတွင် မူကြမ်းရေးဆွဲရေးကော်မတီ မှ တင်သွင်းသော ကရင်နီပြည်နယ် ကြားကာလ အစီအမံ (မူကြမ်း) ကို အတည်ပြုနိုင်ခဲ့သည်။ KSCC မှ ဆက်လက် အကောင်အထည်ဖော်မည့် ဗျူဟာများမှာ KSCC ပိုမိုအားကောင်းလာစေရေး အတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်ခြြင်း၊ မဟာမိတ်ဆက်ဆံရေးအတွက် ဗျူဟာများ ဖော်ထုတ်ခြင်း၊ မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်တွေ့ဖော်ဆောင်ကျင့်သုံးခြင်း၊ မိမိတို့ ပြည်နယ်၏ လုံခြုံရေး အစီအမံများ ဖော်ထုတ်ခြင်းနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းခြင်းတို့ဖြစ်ပါသည်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ Karenni State Consultative Council-KSCC သည် ဖက်ဒရယ်ပဋိညာဉ် အပိုင်း(၁) ဖက်ဒရယ်ပြည်ထောင်စုကြေညာစာတမ်း နဲ့ ဖက်ဒရယ် ပဋိညာဉ် အပိုင်း(၂) ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံများကို ကယောဘာသာ၊ မနုမနော (ကော်ယော်) ဘာသာ၊ ဂေဘားဘာသာ၊ နှင့် ကယန်းဘာသာ ဖြင့် ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များ၏ ဘဝဒုက္ခများ၊ စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများ၊ ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ အသိပေးချက်များ၊ နှင့် မိတ်ဖက်ဆောင်ရွက်နေသည့် ကိစ္စရပ်များကို စဉ်ဆက်မပြတ် ထုတ်ပြန်ကြေငြာပေးသည်။

KSCC ၏ နိုင်ငံရေး ဦဆောင်မှုနှင့် မူဝါဒလမ်းညွှန်ချက်များအတိုင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State-IEC) အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ KSCC သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်သည်။

References
1. https://www.facebook.com/Karenni-State-Consultative-Council-KSCC-104059661838891/photos/pcb.547960297448823/547960257448827