အဖွဲ့အစည်းများ

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး

PSLFလူမျိုး/ပြည်နယ် အဖွဲ့အစည်း

၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပလောင်အမျိုးသား တပ်ဦး (Palaung National Front-PNF) ကို ဖွဲ့စည်းခဲ့ပြီး ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် PSLA ဟူ၍ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

၁၉၉၁ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့တွင် နဝတနှင့် အပစ်ရပ် ငြိမ်းချမ်းရေး ယူခဲ့၍ ထိုအခြေအနေကို လက်မခံသော လူငယ်များက ထိုင်းနယ်စပ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (Palaung State Liberation Front– PSLF) ကို ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ကျင်းပသော PSLF ၏ တတိယညီလာခံတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (Ta’ang National Liberation Army –TNLA) ကို ဖွဲ့စည်းရေး အတည်ပြုခဲ့ကော၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလ တွင် KIA ၏ အကူအညီဖြင့် TNLA ကို အစပြုခဲ့သည်။

PSLF/TNLA ၏ ရည်ရွယ်ချက်မှာ -

(က) တအန်းတမျိုးသားလုံးအဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး။

(ခ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် တအန်းပြည်နယ် တည်ဆောက်ရေး။

(ဂ) အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး ဖြစ်သည်။

နိုင်ငံရေး လုပ်ငန်းစဉ်များမှာ (က) အမျိုးသားလွတ်မြောက်ရေးနှင့် ပြည်နယ်ရရှိရေး၊ (ခ) အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေး၊ နှင့် (ဂ)​ နိုင်ငံရေးအဖွဲ့အစည်း တည်ဆောက်ရေး တို့ပင် ဖြစ်သည်

PSLF/TNLA ၏ ဥက္ကဌမှာ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ဖြစ်သည်။ TNLA တွင် တပ်မဟာ (၇) ခုရှိပြီး၊ တပ်ရင်း ၃၅ တပ်ရင်း ရှိသည်။

PSLF/TNLA သည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အစုအဖွဲ့များထဲက တစ်ဖွဲ့ဖြစ်သည်။ စစ်ကောင်စီတပ်နှင့်လည်း ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF) တို့နှင့် ပူးတွဲကာ “ကနောင်စစ်ဆင်ရေး” ကိုလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ ဆောင်ရွက်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) တို့အကြား ထာဝရ မဟာမိတ်စာချုပ်ကို ဆက်လက် အသိအမှတ်ပြု ထိန်းသိမ်း အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

PSLF/TNLA  သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ(FPNC – Federal Political Negotiation and Consultative Committee)၏ အဖွဲ့ဝင်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ပန်ခမ်းမြို့၌ ကျင်းပခဲ့သော FPNCC လုပ်ငန်းအစည်းအဝေး ထုတ်ပြန်ချက်တွင် မြန်မာ့ပြည်တွင်းရေးနှင့် ပတ်သက်၍ မိမိတို့နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တရပ်ကို တည်ထောင်ကြရမည်ဟု ယူဆပြီး အဆိုပါအယူအဆကို မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုပြီး အကောင်အထည်ဖော်သွားရမည်ဟု ထုတ်ပြန်ခဲ့သည်။