အဖွဲ့အစည်းများ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

CRPHရွေးကောက်ခံကိုယ်စားလှယ်များ

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (The Committee Representing Pyidaungsu Hluttaw-CRPH) သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးနောက်တွင် လွှတ်တော် ကိုယ်စားလှယ် (၂၉၈) ဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တတိယအကြိမ် လွှတ်တော်၏ ပထမဆုံး အရေးပေါ် လွှတ်တော် အစည်းအဝေး တစ်ရပ်ကို ဗီဒီယို ကွန့်ဖရင့်မှ တဆင့် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် “ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ” အား လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် စတင်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကော်မတီသည် တိုင်းရင်းသားပါတီများမှ အဖွဲ့ဝင် (၂) ဦးအား ထပ်တိုး၍ စုစုပေါင်း အဖွဲ့ဝင် (၁၇) ဦးအထိ တိုးမြှင့်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ကော်မတီတွင် အဖွဲ့ဝင် (၃) ဦး ထပ်မံတိုးချဲ့ခဲ့သည်။ ဦးအောင်ကြည်ညွန့်အား ကော်မတီဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပြီး အတွင်းရေးမှူး အဖွဲ့ (၃) ဦးနှင့် အဖွဲ့ဝင် (၁၆) ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။  

CRPH သည် အောက်ပါ နိုင်ငံရေးမျှော်မှန်းချက် (၄) ရပ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။-
- စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး
- သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံး လွတ်မြောက်ရေး
- ဒီမိုကရေစီအပြည့်အဝ ရရှိစေရေး
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း၍ ဖက်ဒရယ်စနစ်ကို အခြေခံသော ဖွဲ့စည်းပုံအသစ်တစ်ရပ် ရေးဆွဲရေး

ပြည်ထောင်စု လွှတ်တော် ပထမအကြိမ်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး CRPH ကို ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စု လွှတ်တော် ဒုတိယ အကြိမ်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ တွင်လည်းကောင်း၊ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင်လည်းကောင်း၊ ပဉ္စမအကြိမ် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိသော်လည်းကောင်း ကျင်းပခဲ့ပြီ ဖြစ်သည်။

CRPH သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) အား အကြမ်းဖက် အုပ်စု အဖြစ် ကြေငြာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းခဲ့သည်။

CRPH သည် တရားမဝင်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် Civil Disobedience Movement (CDM) နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြကြသော ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို အသိအမှတ်ပြု အားပေးခဲ့သည်။ CRPH တွင် ဥပဒေရေးရာကော်မတီ၊ လွှတ်တော် ကိုယ်စားလှယ် စိစစ်ရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ ဖက်ဒရယ်ရေးရာ ကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးဆိုင်ရာ ကော်မတီ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရေးရာကော်မတီ၊ ပညာရေးကော်မတီ၊ အလုပ်သမားရေးရာ ကော်မတီ နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ကော်မတီတို့ဖြင့် ဖွဲ့စည်းထားပြီး၊ ၎င်းကော်မတီများနှင့် ဆက်စပ်သည့် လုပ်ငန်းစဉ်များကိုလည်း စဉ်ဆက်မပြတ် ထုတ်ပြန်ပေးနေသည်။

CRPH သည် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် အဖွဲ့ဝင် အဖွဲ့အစည်းအဖြစ်လည်း ပါဝင်ပါသည်။

References
1.     https://crphmyanmar.org/my/functions/