အဖွဲ့အစည်းများ

CDM Medical Network

CDMMNလူထုလှုပ်ရှားမှု

Civil Disobedience Movement MedicalNetwork - (CDMMN) ကွန်ရက်သည် အကြမ်းဖက် စစ်အုပ်စု အာဏာသိမ်းပြီး ပထမဆုံးဖြစ်ပေါ်လာသည့် အကြမ်းမဖက် အာဏာဖီဆန်ခြင်း လှုပ်ရှားမှု - CDM ကွန်ရက်ဖြစ်သည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ နွေဦးတော်လှန်ရေး၌ ပါဝင်ကာ CDM ပြုလုပ်ထားကြသည့်ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်နှင့် အခြားဆေးဘက်ဆိုင်ရာ နှီးနွယ်ဌာနများမှဝန်ထမ်းများအကြား ချိတ်ဆက်ရေး၊ ထောက်ပံ့ရေးအတွက် ရည်ရွယ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၄ ရက်တွင် စတင်ဖွဲ့စည်းသည်။

ဖွဲ့စည်းစဉ်ကဆေးလောက CDMများအတွက်သာ ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းနှင့် ကွန်ရက်နှင့် ချိတ်ဆက်မိသည့်အခြားသော နယ်ပယ်မှ CDMဝန်ထမ်းများကိုပါ လိုအပ်သည့် အကူအညီ၊ အထောက်အပံ့ များ ပေးခဲ့သည်။ ကူညီထောက်ပံ့မှုများအား တတ်နိုင်သူများ ထည့်ဝင်မှုဖြင့် စတင်ပြီးနောက် ပါဝင်လှူဒါန်းလိုသူများအတွက် FundRaising Campaign များ ပြုလုပ်ကာ ရန်ပုံငွေ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

CDMMN သည်အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီး ငါးလအတွင်း CDM ပြုလုပ်သူ ၃၀၀ခန့်အား ကူညီထောက်ပံ့ခဲ့သည့်အပြင် နိုင်ငံအတွင်း ကိုဗစ်ကူးစက်မြန်ရောဂါဖြစ်ပွားစဉ် အောက်ဆီဂျင်စက် လိုအပ်သူ များအား ကူညီခြင်းများကိုလည်းအရပ်ဘက်အဖွဲ့အစည်းအသွင်သဏ္ဍာန်ဖြင့် လုပ်ဆောင်ခဲ့သည်။

ကွန်ရက်မှစုစည်းထားသည့် အချက်အလက်များအရ နိုင်ငံတစ်ဝန်းတွင်း ဆေးပညာနယ်ပယ်မှ CDM လုပ်ထားသူပေါင်း၃၀,၀၀၀ကျော်အထိ ရှိသည်။ ၂၀၂၂ ခုနှစ် မတ် ၂၇ ရက်တွင် CDMMN သည် ပညာရေး CDM အင်အားစုများနှင့်စုစည်းကာ "CDMလှုပ်ရှားမှုနှင့် တိုက်ပွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ"ကို ဖွဲ့စည်းကာ နိုင်ငံရေးအရ လှုပ်ရှားမှု များ၌ ပိုမို ပါဝင်ခဲ့သည်။ ယင်းနေ့တွင်ကွန်ရက်၌ ပါဝင်သူ မန္တလေးမြို့မှ ဒေါက်တာသီဟတင်ထွန်းမှာ ဆန္ဒပြလူငယ်များအားအကြမ်းဖက်ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းစဉ် ထိခိုက်ဒဏ်ရာရသူများအား ကူညီပေးနေစဉ်ရဲတပ်ဖွဲ့ ပစ်ခတ်မှုဖြင့် ကျဆုံးခဲ့ရသည်။ ယင်းမတိုင်ခင် မတ် ၁၄ ရက်ကလည်းဆေးတက္ကသိုလ် (၁) မှ ဒေါက်တာခန့်ငြားဟိန်းမှာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၌ကျဆုံးခဲ့သည်။ ၂၀၂၁ ခုနှစ် သြဂုတ်တွင် ထောက်ပံ့၊ ကူညီမှုများတွင် အသုံးပြုသည့်ကွန်ရက်၏ Kpayနှင့် WaveAccount များ ပိတ်ခံခဲ့ရကာ ငွေကျပ် သိန်း ဆယ်နှင့်ချီဆုံးရှုံးခဲ့ရသည်။

CDMMN သည်အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB အဖွဲ့ဝင်ဖြစ်ကာနိုင်ငံတကာ အစိုးရနှင့် အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ သို့ နိုင်ငံရေးအရ တောင်းဆို၊တိုက်တွန်းမှုများ ပြုလုပ်ရာ၌လည်း ပါဝင်ခဲ့သည်။ CDM ကူညီထောက်ပံ့ရေးနှင့်နိုင်ငံရေးအရ လှုပ်ရှားမှုများအပြင် ကွန်ရက်သည် အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ၊လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ပြုလုပ်သည့် ရန်ပုံငွေ ရှာဖွေရေးလုပ်ငန်းများ၌ပါ တက်ကြွစွာ ပါဝင်ခဲ့ကာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ -CRPH တရားအဝင်အသိအအမှတ်ပြုထားသည့် ရန်ပုံငွေ မြှင့်တင်ရေးအဖွဲ့လည်း ဖြစ်သည်။ Click2Donate နှင့်ပူး ပေါင်း၍ တပ်ရင်းတပ်ဖွဲ့များ ရန်ပုံငွေအဖြစ် CDM Clicker ကမ်ပိန်း ၊"နွေဦးကျန်းမာရေး သူရဲကောင်းအဖွဲ့ဝင်" (Spring Healthcare Heros – SHH) ၊"ဆေးလွယ်အိတ် ကမ်ပိန်း" အမည်များဖြင့်လည်း မြေပြင်၌တော်လှန်ရေးအဖွဲ့ဝင်များနှင့် စစ်ရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် CDMကျန်းမာရေးဝန်ထမ်းများအား ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ရာ မြေပြင်ဝန်ထမ်း ၄,၀၀၀ ကျော်ရှိသည့်အနက် SHHအစီအစဉ်တစ်ခုတည်းဖြင့်ပင် ၁,၆၀၀ကျော်အား ထောက်ပံ့ပေးနိုင်ခဲ့သည်။ ထို့ပြင် လက်နက် ကိုင်တော်လှန်ရေးအင်အားစုနှင့်စစ်ရှောင်ပြည်သူများ ကြုံတွေ့ရသည့် ငှက်ဖျားရောဂါအတွက်လည်း ဆေး ဘက်ဆိုင်ရာအကူအညီပေးအပ်ရေး လုပ်ငန်းများ၌လည်း ပါဝင်ခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှု၊CDM ကူညီထောက်ပံရေး၊မြေပြင်ကုသရေးနှင့် ထောက်ပို့လုပ်ငန်းများ၌ ပါဝင်နေသည့် CDMMN ကွန်ရက်အဖွဲ့ဝင်အချို့မှာအကြမ်းဖက်စစ်အုပ်စု လက်ချက်ဖြင့် ရက်စက်စွာ မီးရှို့၊ သတ်ဖြတ်ခံရမှုများလည်းကြုံတွေ့ခဲ့သည်။ မကွေးတိုင်း၊ ဆောမြို့နယ် CDM ကျန်းမာရေးဝန်ထမ်းကိုအောင်ကိုလင်းမှာ ၂၀၂၂ ခုနှစ် ဇွန် ၂ ရက်က စစ်ကြောရေး၌ လည်းကောင်း၊ ဇွန် ၁၀ရက်တွင် မြိုင်နယ်အနီး ဒါန်းပင်ကန်ရွာမှာ အထက်တန်းသူနာပြု ဒေါ်ဇာလီနိုင်မှာညှင်းပန်းနှိပ်စက်ခံရပြီးနောက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။

၂၀၂၃ ခုနှစ် မေ၁၁ ရက်တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ပခုက္ကူ) မှ သူနာပြုနှင့်သားဖွားဒီပလို (၃) နှစ်သင်တန်း ဒုတိယနှစ်ကျောင်းသား မောင်စိုးမိုးနိုင် (၂၃ နှစ်)မှာ မကွေးတိုင်း၊ ထီးလင်းတွင် ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခအတွင်း ဒဏ်ရာရသည့်ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDFအား ကုသမှု ပေးစဉ် အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်၍ လည်းကောင်း၊ မေ ၂၂ ရက်တွင်ဆေးပညာအခြေခံနှစ် (FoundationYear) ကျောင်းသား မောင်စွမ်းထက် (၂၀ နှစ်) မှာ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၌ နွေဦးတော် လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသည်။

မကွေးဆေးတက္ကသိုလ် CDMလှုပ်ရှားမှု၌ ပါဝင်ကာ စစ်ကိုင်းတိုင်းအတွင်း စစ်ရှောင်ပြည်သူများအားဆေးကုသမှုပေးနေသည့် ကချင်တိုင်းရင်းသား ဒေါက်တာဇော်ထွယ်အောင်မှာ ဖမ်းဆီးခံရပြီးမုံရွာအကျဉ်း ထောင်၌ ထိန်းသိမ်းခံရပြီး ထောင်ပြောင်းစဉ် ၂၀၂၃ ခုနှစ် သြဂုတ် ၁၅ရက်၌ ကျဆုံးခဲ့ရသည်။

CDM ကျန်းမာရေးဝန်ထမ်းများအပေါ်အကြမ်းဖက်စစ်အုပ်စု အလိုကျ ဖိနှိပ်နေသည့် Non-CDM များနှင့်ပတ်သက်၍လည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်က အခြားဆေးလောက CDM အဖွဲ့ခုနစ်ဖွဲ့နှင့် ပူးပေါင်း၍ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကာ ဖိနှိပ်မှုများချက်ချင်းရပ်တန့်ရန်၊ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံဝန်ထမ်း CDM မူဝါဒ(CDMPolicy) ကို နှောင့်နှေးခြင်းမရှိဘဲ အမြန်ဆုံး အတည်ပြုပေးရန်တိုက်တွန်းခဲ့သည်။

CDMMN သည်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပြုလုပ်သည့် "၁၀:၂၇" စစ်ဆင်ရေးစတင်ပြီးချိန်၌လည်း စစ်ဆင်ရေးကာလအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များ၊ ဒဏ်ရာရပြည်သူများနှင့် ရဲဘော်များအတွက် အ ခြားအဖွဲ့များနှင့် ပူးပေါင်းကာ ငွေကျပ် သိန်း၄,၀၀၀ကိုလည်း လှူဒါန်းခဲ့ကာ စစ်ဆင်ရေးကို ထောက်ခံကြောင်းကိုလည်း အခြားအဖွဲ့ခုနစ်ဖွဲ့နှင့် ပူးပေါင်း၍ ပူးတွဲထုတ်ပြန်ခဲ့သည်။

ကွန်ရက်သည်၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှု၊ တော်လှန်ရေးဆိုင်ရာ တပ်လှန့်နှိုးဆော်မှုများအပြင် CDM ဝန်ထမ်းများ ကြုံတွေ့နေရသည့် အဖြစ်အပျက်များအတွက် “CDM ရင်ဖွင့်သံကဏ္ဍ"အမည်ဖြင့် ဖော်ပြမှုများ ရှိနေသည့်အပြင် အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ရန်ပုံငွေ ရှာဖွေရေး လုပ်ငန်းစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်လျက်ရှိသည်။

ဆက်သွယ်ရန်

contact@cdmmn.org

ကိုးကား

https://www.facebook.com/cdmmn/posts/pfbid02GSpiqHd2WLXvdHQxPM1WEGBxoy1fLsuGkT38CqWwVHj7Z4B5xY5Jcm2FdMwmZjESl

https://www.facebook.com/cdmmn

https://www.facebook.com/photo/?fbid=106154295025159&set=pb.100070112090549.-2207520000

https://www.facebook.com/cdmmn/posts/pfbid02GSpiqHd2WLXvdHQxPM1WEGBxoy1fLsuGkT38CqWwVHj7Z4B5xY5Jcm2FdMwmZjESl

https://www.facebook.com/photo/?fbid=278678184439435&set=pb.100070112090549.-2207520000

https://www.facebook.com/photo/?fbid=323550213285565&set=pb.100070112090549.-2207520000

https://www.facebook.com/photo/?fbid=409760207997898&set=pb.100070112090549.-2207520000

https://www.facebook.com/photo/?fbid=476096041364314&set=pb.100070112090549.-2207520000

https://www.facebook.com/photo/?fbid=650475363966194&set=pb.100070112090549.-2207520000

https://www.facebook.com/photo/?fbid=679371217743275&set=pb.100070112090549.-2207520000