Movement
TYY
TYY
ရန်ကုန် သျှမ်းလူငယ်များအသင်း
July 29, 2024

အရပ်ဘက် လူငယ်အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ရန်ကုန် သျှမ်းလူငယ်များအသင်း (Tai Youth Yangon) ကို ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်1 အခြေခံမူ ငါးချက်2ဖြင့် ဖွဲ့စည်းသည်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြ သပိတ်မှောက် လှည့်လည်ခြင်းများ၌ ပါဝင်လာခဲ့သည်။ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်မှု3အား မရမ်းကုန်းမြို့နယ် ကိုးမိုင်မှ ကမာရွတ်မြို့နယ် လှည်းတန်းအထိ ဖက်ဒရယ်ဒီမိုကရေစီ လိုလားသော ရှမ်းတိုင်းရင်းသားများဆိုင်းဘုတ် ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်မှုဖြင့် စတင်ခဲ့သည်။ ထို့နောက် "လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ4 (General Strike Committee of Nationalities - GSCN)" “ရှမ်းတိုင်းရင်းသားများ သပိတ်စစ်ကြောင်း5 တို့နှင့်အတူ ပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့သည်။ လှုပ်ရှားမှုများအတွင်း ပါဝင်သည့်အပြင် အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်၍ သေဆုံးခဲ့သည့် ဆန္ဒပြပြည်သူများ၏ ကျန်ရစ်သည့် မိသားစုဝင်များအား ကူညီမှု6များကို လုပ်ဆောင်ခဲ့သည်။

GSCN က ၂၀၂၁ ခုနှစ် မတ် ၂၂ ရက်တွင် ထုတ်ပြန်သည့် "လွတ်မြောက်ရေးသဘောတူ ကြေညာစာတမ်း" (The Freedom Charter)7 ၌ ပါဝင်ခဲ့သည့်အပြင် GSCN က ဦးဆောင်ပြုလုပ်သည့် ရန်ကုန်မြို့တွင်သာမက အခြားသော နိုင်ငံ့အနှံ့ မြို့ကြီးများ၌ပြုလုပ်သည့် "လူမျိုးပေါင်းစုံ အထွေထွေသပိတ်" စစ်ကြောင်းများဖြင့် ဆန္ဒထုတ်ဖော်မှုများ8၌လည်း ပါဝင်ခဲ့သည်။ အကြမ်းဖက်စစ်အုပ်စုက သပိတ်များအား အကြမ်းဖက်ဖြိုခွဲလာချိန်တွင် Silence Strike ကဲ့သို့သော အသံတိတ်သပိတ်များ ပြုလုပ်သည့်အခါ ပါဝင်ကြရန် လှုံ့ဆော်ပေးခဲ့သည့်အပြင် ပြောက်ကျားသပိတ်9များ ဆက်လက်လုပ် ဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ် မတ် ၂၈ ရက်တွင် GSCN အနေဖြင့် အကာအကွယ်မဲ့နေသည့် ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးရန် အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ခုထံ အိတ်ဖွင့်ပေးစာ10 ပေးပို့ခဲ့သည်။ အသင်းသည် ဒေသတွင်း သျှမ်းလူငယ်များ၏ သပိတ်လှုပ်ရှားမှုများ11အပြင် နိုင်ငံတကာရောက် သျှမ်းတိုင်းရင်းသားများ၏ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ပွဲသတင်းများ12ကိုလည်း ၎င်းတို့၏ လူမှုကွန်ရက်ပေ့ချ်မှတစ်ဆင့် ထုတ်ပြန်ပေးခဲ့သည်။

ရန်ကုန် သျှမ်းလူငယ်များအသင်းသည် AJMM နှင့် GSCN တို့နှင့် ရင်းနှီးခိုင်မာသော မိတ်ဖက်ဆက်ဆံရေးကို တည် ဆောက်ထားသည့်အပြင် Shan CSOs Network ၊ Dai Youth Conference Working Committee နှင့် Global Shan Network13 အဖွဲ့များနှင့် သျှမ်းပြည်ရေးရာကိစ္စရပ်များတွင် အတူ ပူးပေါင်းဆောင်ရွက်သည်။

၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်တွင် "ရှမ်းနိုင်ငံရေး ဘာလဲ ဘယ်လဲ ?” အမည်ဖြင့် ရှမ်းနိုင်ငံရေးခေါင်းဆောင်များ၊ ရှမ်းလက် နက်ကိုင်ခေါင်းဆောင်များ စုပေါင်းကာ လွတ်လပ်သော ဖက်ဒရယ်ရှမ်းပြည်ထောင်စုအား ကြေညာရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်းအသိပေးနှိုးဆော်14ခဲ့သည်။ ရှမ်းဒေသ တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့ ပူးပေါင်းကြရန်15အတွက်လည်း တိုက်တွန်းနှိုးဆော် ဆန္ဒထုတ်ဖော်ခဲ့သည်။ ရန်ကုန် သျှမ်းလူငယ်အသင်းသည် အခြား အသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ကရင်နီဒေသ စစ်ရှောင်များအား ကူညီခြင်း16၊ သျှမ်းကျောင်းသားများသမဂ္ဂ (TSU) နှင့်အတူ ရှမ်းပြည်အတွင်း စစ်ရှောင်ကူညီခြင်း17အား ဆက်တိုက်ပြုလုပ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန် ၁၁ ရက်တွင် တအာင်း (ပလောင်) ဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ (CRPH) လမ်းညွှန်ချက်နှင့်အညီ ဖွဲ့စည်းကာ သျှမ်းပြည်မြောက်ပိုင်းအတွင်းရှိ မြို့နယ် (၇) မြို့နယ်ကိုပါအုပ်ချုပ်ရေးအဖွဲ့အောက်သို့ တိုးချဲ့ဖွဲ့စည်းမည့် ကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၁၂ ရက်တွင် အိတ်ဖွင့်ပေးစာတစ်စောင်18အား သျှမ်းအဖွဲ့အစည်း ကိုးခုနှင့်အတူ ထုတ်ပြန်ခဲ့သည်။ အိတ်ဖွင့်ပေးစာ၌ ယင်းဒေသများတွင် တအာင်း (ပလောင်) လူမျိုးစုသာ နေထိုင်ခြင်း မဟုတ်သည့်အတွက် ထိုသို့ ထည့်သွင်းတိုးချဲ့ဖွဲ့စည်းခြင်းမှာ ဒေသတွင်း လူမျိုးစုပဋိ ပက္ခများ ဖြစ်ပေါ်စေရန် ပုံဖော်ရာရောက်သည့်အပြင် နိုင်ငံရေးမတည်ငြိမ်မှုများအား အခွင့်အကောင်းယူ အမြတ်ထုတ်ရာ ရောက်ကြောင်း၊ CRPH တွင် သျှမ်းအမျိုးသားကိုယ်စားပြု အဖွဲ့အစည်းများ၊ လက်နက်ကိုင်များ ပါဝင်ထားမှု မရှိသည်ကို တွေ့ရကာ CRPH/NUG သည် သျှမ်းပြည်နှင့် သျှမ်းတစ်မျိုးသားလုံးအား ကိုယ်စားမပြုသည့်အတွက် လူမျိုးစုပြဿနာများ ပေါ်ပေါက်လာပါက CRPH က တာဝန်ယူ၊ တာဝန်ခံရမည်ဟု ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဇွန် ၂၈ ရက်တွင် သျှမ်းလူငယ်များအဖွဲ့ (TYO) နမ့်ခမ်းမြို့နယ်ဒုဥက္ကဌ ဖြစ်သူ စိုင်းဆန်ခမ်းအိုက်အား RCSS/SSA နှင့်ပတ်သက်သည်ဟု စွပ်စွဲကာ SSPP/SSA က ဖမ်းဆီးထိန်းသိမ်းစဉ် သေဆုံးမှု ဖြစ်ခဲ့ရာ ပြည်သူ/ပြည်သူများအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို အကြမ်းဖက်ခြင်းမပြုရန် အဖွဲ့ ၁၈ ခုနှင့်အတူ ကြေညာချက်ထုတ်19 ကန့်ကွက်ရှုံ့ချခဲ့သည်။ ယင်းနောက်ပိုင်း ဒေသတွင်းအခြေစိုက် EAOs များအကြား လက်နက်ကိုင်တိုက်ပွဲ20များလည်း ဆက်တိုက်ရှိလာခဲ့ရာ ဆန္ဒပြသပိတ်မှောက်လှုပ်ရှားမှုများထက် စစ်ရှောင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ21အား အဓိကထား လုပ်ဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ် သြဂုတ် ၂ ရက်က မိုင်းငေါ့ဒေသခံ နှစ်ဦးအား TNLA ရိုက်နှက်မှု၊ ကျောက်မဲမြို့ ချုံးသစ်ကျေးရွာ၌ လူနေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးမှု ရုပ်သံဖိုင် ထွက်ပေါ်ခဲ့ရာ မိုင်းငေါ့မြို့နယ်အတွင်း နေရာအတော်များများနှင့် စစ်ရှောင်စခန်းများသို့ အရပ်ဝတ်များဖြင့် ဝင်ရောက်ကာ သတင်းပေးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သြဂုတ် ၆ ရက်တွင် အကြမ်းဖက်လုပ်ရပ်များအား လက်မခံ၊ ကန့်ကွက်ကြောင်း အဖွဲ့ကိုးဖွဲ့နှင့်အတူ ထုတ်ပြန်ခဲ့ကာ မိတ္တူအား ရန်ကုန်အခြေစိုက် တရုတ်သံရုံး22သို့ပါ ပေးပို့ခဲ့သည်။ ၂၀၂၂ ခုနှစ် မတ် ၁၆ ရက်တွင်လည်း သျှမ်းပြည်အတွင်း တရားခံမဲ့ လူသတ်မှုများအတွက် သဘောထားထုတ်ပြန်ချက်23အားထပ်မံထုတ်ပြန်ခဲ့သည်။

ဇွန် ၂၂ ရက်တွင် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တောင်ပိုင်း သျှမ်းနီစာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှု တာဝန်ခံ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်းအား ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဖမ်းဆီးမှု24နှင့် ပတ်သက်၍လည်း သဘောထားထုတ်ပြန်ချက်တစ်ရပ်အား ပြည်တွင်းနှင့် ပြည်ပအခြေစိုက် သျှမ်းအဖွဲ့ ၁၄ ဖွဲ့နှင့်အတူ ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၉ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် နောင်ပတ်ကျေးရွာ ဘုန်းကြီးကျောင်း ဦးဆောင်ဆရာတော်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များသမဂ္ဂ၏ ဘဏ္ဍာရှာဖွေရေးအဖွဲ့ အတွင်းရေးမှူး အတွင်းရေးမှူး ဦးဂန္ဓမာအား ကချင်လွတ်မြာက်ရေးတပ်မတော် (KIA) နှင့် PDF များ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်မှု၊ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအရေး တက်ကြွလှုပ်ရှားသူများအားဖမ်းဆီးသတ်ဖြတ်ခြင်းများအပေါ် အဖွဲ့ ၁၁ ခုနှင့် ပူးပေါင်းကာ ရှမ်း၊ မြန်မာ နှစ်ဘာသာ25ဖြင့် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ် ဧပြီ ၂၅ ရက်တွင် အကြမ်းဖက်စစ်အုပ်စုက ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် ဒုဌဝတီမြစ်ပေါ်၌ အထက်ရဲရွာနှင့် နမ္မတူ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မှုသည် သျှမ်းပြည်သူများအတွက် အ ကျိုးမရှိသော စီမံကိန်းများဖြစ်ကာ သက်ဆိုင်ရာ လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများအနေဖြင့် ယင်းစီမံကိန်းများအပြင် တည်ဆောက်ရန် ကျန်သေးသည့် အလယ်ရဲရွာစီမံကိန်းကိုပါ မည်သည့်နည်းနှင့်မဆို26 တားဆီးကူညီ ဆောင်ရွက်ပေးရန် သျှမ်းအဖွဲ့ ၁၃ ဖွဲ့နှင့်အတူ တောင်းဆိုခဲ့သည်။

“နောက်ဆုံးရ သျှမ်းပြည်မြောက်ပိုင်းရှိ စစ်ရှောင်ပြည်သူများ၏ သတင်းအချက်အလက်များနှင့် သျှမ်းလူငယ်အဖွဲ့အစည်းများ၏မေတ္တာရပ်ခံချက်" အား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် စုပေါင်းထုတ်ပြန်ခဲ့ကာ အရပ်သားများအား လူသားတံတိုင်းလုပ်ရှောင်တိမ်းခွင့် မပေးခြင်း၊ ဆေးကုသခွင့် မပေးခြင်းများအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ လားရှိုးမြို့အတွင်းရှိ အရေးပေါ်ထွက်ခွာရန် လိုနေသည့် စစ်ရှောင်ပြည်သူများအား ကူညီ၍ စစ်ရှောင်စခန်းများ ဖွင့်လှစ်ပေးရန်၊ လိုအပ်သော စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ ကူညီလှူဒါန်းပေးကြရန် မေတ္တာရပ်ခံ27ခဲ့သည်။

ရှမ်းမြောက်ဒေသ၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပြုလုပ်သည့် ၁၀:၂၇ စတင်လာချိန်တွင် စစ်ရေးပဋိပက္ခများအတွင်း နှစ်ဘက်လက်နက်ကိုင်တပ်များက ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိကြောင်း၊ BRI (ပိုးလမ်းမ) စီမံကိန်းထံမှအကျိုးအမြတ် ရရှိစေရန် ကြိုတင်ကြံစည်၍ ထိန်းချုပ်နယ်မြေလုယူနေကြခြင်း၊ လူမျိုးရေး ပဋိပက္ခဖြစ်စေ ရန် ဦးတည်၍ စည်းရုံးလှုံ့ဆော်ခြင်းများ ရှိလာသည့်အတွက် ပြဿနာများ ပိုမိုမကြီးမားလာစေရန်28 သက်ဆိုင်ရာများက ထိန်းကြောင်းပေးစေလိုကြောင်းပြည်တွင်းပြည်ပနေ သံဃာတော်များ၊ သျှမ်း ပြည်သူလူထုများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်အားနိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၂၉ ရက်တွင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA အကြား အပစ်အခတ် ရပ်စဲရေး ကြေညာချက်အပေါ် ထောက်ခံကြောင်း29 အစုအဖွဲ့ ၂၈ ဖွဲ့နှင့်အတူ ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် မေ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်တာ ကြာမြင့်သည့် ပထမအကြိမ် "တိုင်း" လူငယ်ထု ညီလာခံအား ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့ကာ သျှမ်း လူငယ်နှင့် ကျောင်းသားအဖွဲ့အစည်း၊ သျှမ်းလူထုအခြေပြု အရပ်ဘက်အဖွဲ့ အစည်း ၂၀ မှ လူငယ်များ ပါဝင်ခဲ့သည်။ ယင်းညီလာခံမှ မူဝါဒ၊ ရပ်တည်ချက် ခြောက်ချက် ထုတ်ပြန်ကာ ဆုံးဖြတ်ချက် သုံးရပ်အဖြစ် ဒေသအသီးသီးရှိသျှမ်း/တိုင်း လူငယ်များအကြား နာလည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းချိတ်ဆက် လုပ်ဆောင် ရေး၊ ကဏ္ဍအသီးသီး၌ ချိတ်ဆက်လုပ်ဆောင်ရေးအတွက် ပလက်ဖောင်း/Body လမ်းကြောင်းတစ်ခု စီစဉ်ဖန်တီးရေး၊ ယင်းအတွက် တက်ရောက်သည့် အဖွဲ့အစည်းများမှ မိခင်အဖွဲ့အစည်းကိုယ်စား တာဝန်လွှဲအပ်ခံရသူ တစ်ယောက်စီ ပါဝင်သည့် "Working Group/Team” အား သတ်မှတ်ထားရှိရန်တို့ ဖြစ်သည်။

ရှမ်းပြည်အတွင်း ဇွန်လကုန်ပိုင်းမှစ၍ စစ်ရေးပဋိပက္ခများ ပြန်လည်ပြင်းထန်လာပြီးနောက် ဇူလိုင် ၁ ရက်တွင် သျှမ်းလူငယ် အရပ်ဘက်အဖွဲ့အစည်းများ အမည်ဖြင့် "နောက်ဆုံးရ သျှမ်းမြောက် လူ့အခွင့်အရေးအခြေအနေ"30 စာတမ်းအား ထုတ်ပြန်ခဲ့သည်။ ထို့ပြင်ကျောက်မဲ၊ သီပေါမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းနှင့် စစ်ရှောင်အရေအတွက် ထုတ်ပြန် ပေးခြင်းများကို အသင်းပိုင်ပေ့ချ်မှထုတ်ပြန်ခဲ့ကာ နိုင်ငံတကာနှင့် ချိတ်ဆက်၍ ကူညီပေးနေမှု အခြေအနေများကိုလည်း ထုတ်ပြန်ပေးထားသည်။

Updates