လှုပ်ရှားဆောင်ရွက်မှုများ
နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် အဖွဲ့အစည်းများ၊ ဆက်စပ်နေသည့် အကြောင်းအရာများနှင့် ပတ်သက်သော ဖြစ်ထွန်းတိုးတက်မှုများ
အဖွဲ့အစည်းအမည်ဖြင့် ရှာရန်
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.

ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား မတ်လအတွင်း ကျင်းပရန် ပြင်ဆင်ထားသော်လည်း ညှိနှိုင်းပြင်ဆင်မှုများ ဆောင်ရွက်ရာ၌ အချိန်လုံလောက်စွာရရှိရေးအတွက် ဧပြီ ၄ ရက်မှ၆ ရက်အထိ ပြောင်းလဲပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က မတ် ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်လူထုအစည်းအဝေး (Town-hallMeeting) ၌ ညီလာခံအား မတ်လအတွင်းကျင်းပမည်ဟု ပြည်သူလူထုထံအစီရင်ခံထားသော်လည်း ညှိနှိုင်းပြင်ဆင်ရမှုများကြောင့် ရက်ရွှေ့ပြောင်းလိုက်ခြင်းဖြစ်ကာ ညီလာခံနှင့် ပတ်သက်သည့်သတင်းအချက်အလက်များကိုလည်း ဆက်လက်အသိပေး ထုတ်ပြန်မည်ဟု NUCC ထုတ်ပြန်ချက်၌ ပါရှိသည်။

ညီညွတ်၍ အကျိုးသက်ရောက်မှုရှိသည့် ရိုဟင်ဂျာ နိုင်ငံရေးအင်အားစုတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ဦးဆောင်လှုပ်ရှားမှု (ယာယီ) အား တက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းများ၊ လူငယ်မျိုးဆက်သစ်နှင့်အမျိုးသမီးခေါင်းဆောင်များ၊ ရပ်ရွာအခြေပြု ခေါင်းဆောင်များဖြင် စုပေါင်းဖွဲ့စည်းလိုက်ကြောင်း ယာယီဦးဆောင်အဖွဲ့က မတ် ၂၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

လက်ရှိ ရိုဟင်ဂျာများ အခြအနေ၊ မြန်မာနိုင်ငံအခြေအနေနှင့် ဖြစ်ပေါ်နေသည့် ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေးအခြေအနေများကြောင့် လည်းကောင်း၊ ရိုဟင်ဂျာလူမျိုးစုအရေးအား နယ်ပယ်အသီးသီးမှ အင်အားစုအသီးသီး ကိုယ်စားပြုမှု အစုံအလင်နှင့် ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး၊ ရိုဟင်ဂျာများ၏ဘဝအပေါ် သက်ရောက်မှုရှိသော ဆုံးဖြတ်ချက်ချသည့် ကဏ္ဍ၌ ရိုဟင်ဂျာလူထုအသံအား ကိုယ်စားပြုနိုင်ရေးအတွက်ရည်ရွယ် ဖွဲ့စည်းသည်။

ယာယီ ဦးဆောင်အဖွဲ့အား အဖွဲ့အစည်း ရှစ်ခု၊ လူပုဂ္ဂိုလ်၂၅ ဦးဖြင့် ဖွဲ့စည်းထားသည်။

၁၀:၂၇စစ်ဆင်ရေးအတွင်း သိမ်းယူထားသည့်မြို့များနှင့် စီမံအုပ်ချုပ်နေသည့် မြို့နယ်များ၌ အရပ်ဘက် အုပ်ချုပ်ရေးအစိုးရ ပေါ်ထွန်းရေးအတွက် တအာင်းပြည် တော်လှန်ရေးကာလအစီအမံအား ရေးဆွဲဆွေးနွေးပြီးနောက် မူကြမ်းအဖြစ် လက်ခံအတည်ပြုကာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရေး ရှေ့လုပ်ငန်းစဉ်များ သဘောတူပြီးဖြစ်ကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (Ta’ang Political Consultative Committee – TPCC) က မတ် ၂၅ ရက်တွင် ထုတ်ပြန်သည်။

TPCC နှစ်ပတ်လည် အစည်းအဝေးအား မတ် ၁၉ မှ ၂၁ ရက်အထိ တအာင်းပြည်နယ်၊ နမ့်ဆန်ခရိုင်၊ နန့်ဆန်မြို့၌ ကော်မတီဝင်၊ အရံကော်မတီဝင်၊ အစုအဖွဲ့ ခေါင်းဆောင်နှင့် လူငယ်ကိုယ်စားလှယ် စုစုပေါင်း၈၆ ဦးဖြင့် ပြုလုပ်ပြီးနောက် ထိုသို့ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေး၌ TPCC ၏လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့် တအာင်း (ပလောင်)ဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်ကို ဆက်လက်မထားရှိတော့ရန်လည်း သဘောတူဆုံးဖြတ်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ– NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ အားလုံး လိုက်နာရမည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်အား မတ် ၂၂ ရက်က ယာယီသမ္မတ ဒူဝါလရှီးလ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကာ လိုက်နာမှုမရှိသူအား တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူမည်ဟု ဖော်ပြထားသည်။

စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များအဖြစ် စစ်သည်တော် ကျင့်ဝတ်စည်းကမ်း (၁၀) ချက်၊ ပစ်မှတ်သတ်မှတ်ခြင်း (၇) ချက်၊ ဖမ်းဆီးထိန်းသိမ်းထားသူများအပေါ် ပြုမူဆက်ဆံခြင်း (၈) ချက်၊ အရပ်သားပြည်သူများအပေါ် ပြုမူဆက်ဆံခြင်း (၁၁) ချက်၊ အမျိုးသမီး/လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTIQ) နှင့် ကလေးများအပေါ် ပြုမူဆက်ဆံခြင်း(၆) ချက်တို့ ပါဝင်သည်။

"အရပ်သား" အား မိမိရန်သူ၏ စစ်သားမဟုတ်သည့်အပြင် တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိသူ ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားကာ အဖွဲ့အစည်းအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို လေးစားလိုက်နာ ကျင့်သုံးရမည်ဟုလည်း စစ်ဘက်ဆိုင်ရာကျင့်ဝတ်၌ ဖော်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စု၏ အတင်းအကြပ် စစ်မှုထမ်းခေါ်ယူရန်ကြိုးပမ်းမှုသည် လူ့အခွင့်အရေးနှင့် မကိုက်ညီသော ဖိနှိပ်မှုဖြစ်ပြီး မြန်မာလူထု၏ အကျပ်အတည်း၊အခက်အခဲများကို ပိုမိုဆိုးရွားစေကာ ဒေသတွင်းတည်ငြိမ်မှုကို ပိုမိုလျင်မြန်၊ သိသာစွာဆိုးရွားလာစေမည် ဖြစ်သည်။

စစ်အာဏာရှင်သန်းရွှေခေတ်၏ နောက်ဆုံးရက်များ ဖြစ်သည့် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် ပြဌာန်းခဲ့သည့်“ပြည်သူ့စစ်မှုထမ်းဥပဒေ” ကို အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီလ၁၀ ရက်တွင် စတင်အသက် ဝင်ကြောင်း ကြေညာခဲ့သည်။ ထိုပြဌာန်းမှု၏ နောက်ဆက်တွဲအ ဖြစ် စစ်အုပ်စုနှင့်၎င်း၏ လက်အောက်ခံ ပျူစောထီးများ၏ ဖမ်းဆီးမှုကြောင့် အနည်းဆုံး ကျား ၆၅ ဦး၊ မ ၃၄ ဦး၊ကျား/မ အတည် မပြုနိုင်သူ ၉၆၄ ဦးအထိ ဖမ်းဆီးခံထားရပြီး ဖြစ်ကြောင်း အွန်လိုင်းမှတဆင့် စုစည်းရသမျှ အချက်အလက်များက ဖော်ပြနေ သည်။ တရားဥပဒေမဲ့ ထိုသို့ ဖမ်းဆီးခံရသူ၊ပျောက် ဆုံးသွားသူ အများစုမှာ အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ်အကြား ဖြစ်ကြပြီး ရခိုင်ပြည်ရှိစစ်ဘေးရှောင်ပြည်သူများ အနက် လူငယ်ရာနှင့်ချီ၍ စစ်မှု ထမ်းရန်အတွက် ဖမ်းဆီးခံရသည်။ဒေသအလိုက် ဖမ်းဆီးခံရသည့် လူဦးရေတွင် ရခိုင် (၂၇၉ ဦး) နှင့် စစ်ကိုင်း (၂၇၈ ဦး) သည်အများဆုံးဖြစ်ကာ ရန်ကုန်တွင် ၁၉၄ ဦး ဖမ်းဆီးခံရပြီး တတိယအများဆုံးဖြစ်သည်။  

ဘာ့ကြောင့်လက်မခံကြသလဲ

ယခုစစ်မှုထမ်းဥပဒေအသက်ဝင်မှုသည် သန်းရွှေ၏ စစ်အစိုးရခေတ်က ပြဌာန်းခဲ့သည့် ဥပဒေဖြင့် စစ်အာဏာရှင်လက်သစ်မင်းအောင်လှိုင်၏ ဖိနှိပ်မှု ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စစ်မှုထမ်း ဥပဒေဖြင့်မဖြစ်မနေ စစ်မှု ထမ်းစေခြင်းရှိကြောင်း ထောက်ပြကြမှုများရှိသော်လည်း ထိုထောက်ပြမှုသည်အချက်နှစ်ချက်အားဖြင့် လွဲမှားသည်ဟု ဆိုနိုင်ပါသည်။

ပထမအချက်မှာ၎င်းတို့၏ ရှေ့မျိုးဆက် စစ်အာဏာရှင်များ၏ အလိမ်အညာ လူထုဆန္ဒခံယူပွဲမှတဆင့် အတည်ပြုခဲ့သည့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှအစ အခြားသော ဥပဒေများအဆုံး ဥပဒေအမျိုးမျိုးကို လိုသလိုအဓိပ္ပာယ်ဖွင့်ကာ ချိုးဖောက်အသုံးချနေသော မင်းအောင်လှိုင်၏ စစ်အုပ်စုသည် ဥပဒေတရပ်ကိုထိုသို့ အသက်သွင်းရန် တရားဝင်မှု မရှိခြင်းဟူသည့် အချက်ဖြစ်သည်။

ဒုတိယအချက်မှာလူ့အခွင့်အရေးကို လေးစားလိုက်နာသည့် နိုင်ငံများတွင် မဖြစ်မနေ စစ်မှုထမ်းမှုကို ဥပဒေဖြင့်ပြဌာန်းကျင့်သုံးကျပါကလည်း ယုံကြည်ချက်ကြောင့် စစ်မှုထမ်းမှုကို ငြင်းပယ်ခွင့် (Right to Conscientious Objection) ကို အာမခံကြရမည်ဖြစ်သည်။အဆိုပါက ယုံကြည်ချက်ဆိုသည်မှာ ယုံကြည်ကိုးကွယ်မှုထက် ပိုလွန်ပြီး မိမိ၏ ခံယူချက်၊ ယုံကြည်ချက်တခုခုကြောင့်ငြင်းပယ်ခွင့်လည်း ပါဝင်သည်။ မိမိ၏ ခံယူချက်၊ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းအဖြစ် ပါဝင်ရန်ငြင်းဆန်သူများအတွက် ငြင်းဆိုခွင့် အခွင့်အရေး ရှိရမည်ဖြစ်သည်။ စစ်အာဏာရှင်တို့ ပြဌာန်း၊အသုံးချရန် ကြိုးပမ်းလျက်ရှိသော ဥပဒေသည် ထိုအခွင့်အရေးများကို အာမခံခြင်းမရှိ၍ အင်အားသုံးဖိနှိပ်ရန် ကြိုးပမ်းမှု သက်သက်သာ ဖြစ်သည်။

ဒေသအလိုက်သက်ရောက်နိုင်သည့် လူဦးရေ

၂၀၁၉သန်းခေါင်းစာရင်းအချက်အလက်များအရ လူငယ် အနည်းဆုံး ၁၁ သန်းကျော်မှာ စစ်အုပ်စု၏ စစ်မှုထမ်းဥပဒေ အသက်သွင်းမှုကြောင့်ထိခိုက်သက်ရောက်မှု ရှိနိုင်သည်။ အကြမ်းဖက်စစ်အုပ်စုကမူ စစ်မှုထမ်းဥပဒေဖြင့်ခေါ်ယူနိုင်သူ ၁၃ သန်းရှိသည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ ကချင်၊ ရခိုင်၊ ကရင်၊ကရင်နီ၊ ချင်း၊ ရှမ်းမြောက်၊ စစ်ကိုင်းဒေသများကဲ့သို့သော တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နယ်မြေများမှလူငယ်များအနေဖြင့် အခြားဒေသများမှ လူငယ်များနှင့် ယှဉ်လျှင် အနည်းငယ် စိတ်အေးနိုင်ဖွယ်ရှိသည့်တိုင်၊စစ်အုပ်စုက ၎င်း၏ ထိန်းချုပ်မှုလက်အောက်ရှိ ဒေသများမှ လူငယ်များကို  ပိုမိုပစ်မှတ်ထားနိုင်သည်။ လူငယ်များအနေဖြင့် တော်လှန်ရေးအင်အားစုများ၏ထိန်းချုပ်နယ်မြေများသို့ ခိုလှုံခြင်း၊ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာခြင်းများရှိလာနေပြီ ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများသို့သက်ရောက်နိုင်မှု

စစ်မှုထမ်းဥပဒေသက်ရောက်မှုကြောင့်မိမိ၏ နေရပ်စွန့်ခွာ ထွက်ပြေးကြမည့် လူငယ်များသည် စစ်ဘေးရှောင် ပြည်သူများရှိပြီးဖြစ်သည့်ဒေသများအပေါ်သို့ သက်ရောက်မှုများ ရှိလာနိုင်သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မတ်လ ၁၁ ရက်အထိ အချက်အလက်များအရ မြန်မာနိုင်ငံ၏ စစ်ဘေးရှောင်ပြည်သူ ၂.၈ သန်းကျော်အထိရှိပြီဖြစ်ပြီး၊ စစ်ကိုင်းတွင် ၁.၁ သန်း၊ ရခိုင်တွင် ၃၄၉,၁၀၀ ဦး၊ မကွေးတွင် ၂၃၅,၈၀၀ဦးအထိ ရှိနေသည်။

IOM၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနှင့် ထိုင်းနယ်စပ်တွင် ထိုင်းနိုင်ငံသား မဟုတ်သူ လူဦးရေ ၁.၄ သန်းရှိနေပြီးထိုအထဲမှ ၆၃,၀၀၀ ဦးခန့်မှာ စစ်အာဏာသိမ်းမှုစတင်ပြီး နောက်ပိုင်း ရွှေ့ပြောင်းလာသူများဖြစ်သည်။

ထို့အတူမြန်မာပြည်သူ ၅၀,၆၀၀ ခန့်မှာ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းခဲ့ကြရသည်။၂၀၂၃ ခုနှစ်၊ ဇွန်လ (၃၀) ရက်အထိ  UNHCR အချက်အလက်များအရ မြန်မာပြည်သူ ၁.၁ သန်းကျော်မှာ အိမ်နီးချင်းနိုင်ငံများတွင်ဒုက္ခသည် သို့မဟုတ် နိုင်ငံရေးခိုလှုံခွင့်တောင်းခံနေသူများအဖြစ် ရောက်ရှိနေကြသည်။

အကြမ်းဖက်စစ်အုပ်စု၏ပေါ်ပေါ်ထင်ထင် ဖမ်းဆီးခြင်း၊ အတင်းအဓမ္မပေါ်တာဆွဲ၊ စစ်မှုထမ်းခေါ်ဆောင်ခြင်း ဖိအားများကြောင့်အလျင်စလို နေရပ်စွန့်ခွာကြမည့် လူငယ်များအနေဖြင့် လူကုန်ကူးခံရနိုင်မှုပြဿနာများ၊ တရားမဝင် အလိမ်အညာ (ကျားဖြန့်) လုပ်ငန်းများသို့ ရောက်ရှိနိုင်သည့် အခြေအနေများလည်း ရှိနေသည်။

အကြံပြုချက်များ

တော်လှန်ရေးအင်အားစုများအနေဖြင့်အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် စစ်မှုထမ်းခေါ်ယူမှုကို တုံ့ပြန် ဆောင် ရွက်ကြရာတွင်အောက်ပါအချက်များကို ထည့်သွင်း အလေးထားဆောင်ရွက်သင့်ပြီး၊ လက်တွေ့ လုပ်ဆောင်နိုင် သည့်လုပ်ငန်းများ၊ အကန့်အသတ်များကိုလည်း လူထုထံ ရှင်းရှင်းလင်းလင်း တင်ပြရန် လိုသည်။

·      ပြည်တွင်းရှိပြည်သူအချင်းချင်းကြား ပံ့ပိုးကူညီမှုဖြင့် ရပ်ရွာ၏ ခံနိုင်ရည်ကို မြှင့်တင်ရန် ကြိုးပမ်းမှုများကိုအားပေးခြင်း၊ ပံ့ပိုးကူညီခြင်း

·      လွတ်မြောက်နယ်မြေသို့ခိုလှုံလာနိုင်သည့် လူထုအား လက်ခံနေရာချထားပေးခြင်း

·      နယ်စပ်ဒေသများမှတဆင့်လူမှောင်ခိုကူးခံရမှုများ မရှိစေရန်အတွက် လုံခြုံစိတ်ချရသော ရွေ့ပြောင်း နေထိုင်မှုများဖြစ်လာစေရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ညှိနှိုင်းပူးပေါင်းခြင်း၊ ပံ့ပိုးကူညီခြင်း

·      နိုင်ငံရပ်ခြားအထူးသဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေသည့် ပြည်သူများအတွက် သက်ဆိုင်ရာအစိုးရများ၏ဖြေလျော့မှုများ ခံစားရစေရန် ဆွေးနွေးညှိနှိုင်းတောင်းဆိုခြင်း

အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လာစေရေးအတွက် သက်ဆိုင်သူအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲများအား စဉ်ဆက်မပြတ် ကျင်းပခြင်း လုပ်ဆောင်သွားမည်ဟု အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့- EAOs ခုနစ်ဖွဲ့က မတ် ၁၈ ရက်တွင် ထုတ်ပြန်သည်။

အဖွဲ့ခုနစ်ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးအား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ မတ် ၁၇ – ၁၈ ရက်တွင် ပြုလုပ်ပြီးနောက် ထုတ်ပြန်လာခြင်းဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 Ethnic ArmedOrganization Alliance – 7 EAO Alliance) ကိုလည်း စုံညီစည်းဝေးပွဲ၌ ဖွဲ့စည်းသည်။

နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ်လိုက်၍ 7 EAO Alliance က နိုင်ငံရေးသဘောထားများကိုလည်း ချမှတ်ခဲ့ကာ ယင်းအား အကောင်အထည်ဖော်ရန်အတွက် ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် နိုင်အောင်မင်းတို့အားဦးဆောင်စေကာ ဦးဆောင်အဖွဲ့ ဖွဲ့စည်း၊ တာဝန်ပေးထားသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အရ ဖက်ဒရယ်ယူနစ်တစ်ရပ်အဖြစ် ရပ်တည်နိုင်ရေးအတွက် ဒုတိယအကြိမ် ညီလာခံအား ဖေဖော်ဝါရီ ၂၈ နှင့် ၂၉ ရက်တို့တွင် ပြုလုပ်ပြီးနောက် မွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (သုညမူကြမ်း) အား အတည်ပြုနိုင်ခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ -MSFC က ဖေဖော်ဝါရီ ၂၉ ရက်တွင် ထုတ်ပြန်သည်။

ညီလာခံသို့ ကောင်စီဝင်များ၊ ပြည်နယ်တွင်း တော်လှန်ရေးအင်အားစုနှင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစု၊ နွေဦးတော်လှန်ရေး အင်အားစု၊ မွန်လူထုအခြေပြု အဖွဲ့အစည်း၊ CDM အဖွဲ့အစည်း၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၈၂ ဦး၊ လေ့လာသူ ကိုးဦးဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သုညမူကြမ်းအား ဒေသအခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေးအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများနှင့်ဆွေးနွေးကာ အတည်ပြုချက်ရရှိအောင် ဆောင်ရွက်မည်ဟုလည်း MSFC က ထုတ်ပြန်ထားသည်။

မွန်လူငယ်များအား အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်းဥပဒေဖြင့် စစ်တပ်အတွင်း သွပ်သွင်းရန် ကြိုးပမ်းနေခြင်းကြောင့် ရပ်တည်ရေး ပိုမိုခက်ခဲလာသည်ကို တွေ့နေရကာ မိမိတို့ အမျိုးသားများ၏ နိုင်ငံရေးအာဏာကို ရယူရာတွင် လက်နက်ကိုင် တော်လှန်သည့်လမ်းစဉ်မှတပါး အခြားမရှိသည့်အတွက် အတူတကွ ပူးပေါင်းပါဝင် တော်လှန်ကြရန် မွန်ဖက်ဒရယ်ကောင်စီ (MonState Federal Council - MSFC) ကဖေဖော်ဝါရီ ၂၅ ရက်တွင် ကျရောက်သည့် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့၌ ထုတ်ပြန်သည်။

စာပေ၊ စကား၊ ယဉ်ကျေးမှုများအား မည်သို့ပင် ထိန်းသိမ်းစောင့်ရှောက်သည်ဖြစ်စေကာမူ နိုင်ငံရေးအာဏာ လက်ဆုပ်လက်ကိုင် မရှိပါက မိမိတို့၏ အမျိုးသားလက္ခဏာ လူမျိုး တိမ်ကောပျောက်မှုကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရမည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။ MSFC သည် မွန်ပြည်တွင်း နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့များဖြင့် စုဖွဲ့ထားကာ မွန်ပြည်တော်လှန်ရေးတပ်(MSRF) ကိုလည်း ဖွဲ့စည်းတည်ထောင်ပြီး အခြားမွန်တပ်ဖွဲ့များ၊ မဟာမိတ်တပ်ပေါင်းစုများနှင့် လက်တွဲကာ တိုက်ပွဲဖော်ဆောင်လျက်ရှိသည်။

လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသည့် အမျိုးသားရေးဝါဒကို ဆန့်ကျင်ကာ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဦးတည်ထားသည့် မိမိတို့အနေဖြင့် လက်ရှိတွင် စစ်အာဏာရှင်တို့က နည်းလမ်းပေါင်းစုံဖြင့်လူထုအပေါ် ပိုမိုဖိနှိပ်လာသည့်အတွက် တော်လှန်ရေးလမ်းစ ရှာဖွေနေသည့် အဖိနှိပ်ခံ ပြည်သူများအနေဖြင့် အဖွဲ့၏ ဦးတည်ချက်၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းတို့ကို လက်ခံယုံကြည်လိုက်နာပါက လူမျိုးဘာသာမရွေး ကြိုဆိုကြောင်းရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန် လိုက်သည်။

SSPP/SSA သည် အာဏာရှင်စနစ် ကျဆုံးရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးကို အစဉ်တစိုက် ဦးတည်ကာ လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ရှမ်းမြောက်ဒေသ အခြေပြု တိုင်းရင်းသားလက်နက်ကိုင် အင်အားစု ဖြစ်သည်။

၁၀ :၂၇ စစ်ဆင်ရေးအတွင်း သိမ်းယူထားသည့် မြို့ ခုနစ်မြို့ အပါအဝင် တပ်ဦးအခြေစိုက်သည့် နယ်မြေဒေသများ၌ လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်ရေး ၂၀၂၅ နှစ်သစ်တွင် ကြိုးပမ်းဆောင်ရွက်မည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ၏ နှစ်ပတ်လည် အစည်းအဝေး ထုတ်ပြန်ချက် ၂/၂၀၂၄ တွင် ဖော်ပြထားသည်။

PSLF ၏နှစ်ပတ်လည် အစည်းအဝေးအား ဗဟိုနှင့် အရံကော်မဝင်များ၊ တပ်မှူးများ၊ လုပ်ငန်းဌာနမှူးများ၊ အရာရှိ/အရာခံများနှင့် ဖိတ်ကြားထားသည့် မိဘပြည်သူ ၁၈၅ ဦးဖြင့် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်အထိ ပြုလုပ်ပြီးနောက် ထုတ်ပြန်ခြင်း ဖြစ်သည်။ PSLF သည် ထိန်းချုပ်နယ်မြေများအတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးကိစ္စများအား ပိုမိုတိုးတက်စေရန် ဦးဆောင်စီမံအုပ်ချုပ်မည်ဟုလည်း နှစ်ပတ်လည်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထို့ပြင် တအာင်းဒေသအတွင်း အခြားလူမျိုးအဖွဲ့အစည်းများက အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ အခွန်ကောက်ခြင်း၊လူထုစီမံအုပ်ချုပ်ရေးလုပ်ငန်းများကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်ခြင်းမပြုနိုင်စေရန်လည်း ကာကွယ်သွားမည်ဟု ပါရှိသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ်၂၇/၂၀၁၀ဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ဖြင့် ပြဌာန်းထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်အား ဥပဒေ အာဏာတည်သည့်နေ့ရက်အဖြစ် သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၄ ဖြင့် စစ်ကောင်စီဥက္ကဌ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။

၂၀၁၀ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင်ပင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့်လည်း အရန်တပ်ဖွဲ့ဥပဒေ ကို ပြဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင်အမိန့်ကြော်ငြာစာအမှတ် ၃၂/၂၀၂၄ ဖြင့် အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့် နေ့ရက် သတ်မှတ်ကြောင်း စစ်ကောင်စီ ဥက္ကဌ လက်မှတ်ဖြင့် ဆက်လက်ထုတ်ပြန်ခဲ့သည်။ တစ်ဆက်တည်းမှာပင် အဆိုပါဥပဒေကို အကောင်အထည်ဖော်ရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄ ဖြင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ တုံ့ပြန်မှု

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ဧပြီလ နှစ်သစ်ကူးအပြီးတွင် လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက်‌ ဆောင်ရွက်နေ‌ကြောင်း၊ အပတ်စဉ်တစ်ခုကို ၅,၀၀၀ လောက် ခေါ်ဖို့ ရည်မှန်းထားကြောင်း၊ ဆိုင်းငံ့ထားလို့ရတယ်ဆိုပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်ထမ်းဆောင်ရမှာ ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရမည့်သူများကို အချိုးကျ ထည့်သွားမှာဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ ကာကွယ်ရေးနဲ့ ပတ်သက်တာကို နိုင်ငံသူ နိုင်ငံသားတိုင်း တက်မြောက်ဖို့အတွက်ပဲ ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မှုက ကျွမ်းကျင်မှုအလိုက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ကြောင်း၊ဆိုင်းငံ့ကိစ္စက ကာယကံရှင်ကိုယ်တိုင်က တင်ပေးရမှာ ဖြစ်ပြီး ၃၅ နှစ်ပြည့်ပြီးလည်း ဆိုင်းငံ့တာပြီးရင် ပြန်တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်း၊ တပ်မတော်ရဲ့ စစ်သားစုဆောင်းမှုက ပုံမှန်ထက် အနည်းငယ် နည်းသွားတာသာဖြစ်ပြီးစစ်သားစုဆောင်းမှုက ၂၀၂၁-၂၀၂၂ မှာ ကိုဗစ်ကာလရယ်၊ နိုင်ငံရေးအနေအထားကြောင့်သာ နည်းတာဖြစ်ခဲ့ကြောင်း၊ တပ်မတော်သားအင်အားစုအများစုရဲ့ မိသားစုတွေသည် အရန်အင်အားထဲမှာပါထားပြီးသားဖြစ်ပြီး ကာကွယ်ရေးအခြေခံကို သင်ကြားထားပြီးသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင်၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်း ဥပဒေနှင့်ကိုက်ညီသည့် အမျိုးသား ၆ ဒသမ၃သန်း၊ အမျိုးသမီး ၇ ဒသမ၇သန်း ရှိပြီး စစ်မှုထမ်းသူများကို လစာနှင့် ရိက္ခာအပြင် လိုအပ်သည့်အရာများကိုလည်း ပေးမည်ဖြစ်ကြောင်း၊ Longterm Plan မှာ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့စွမ်းရည်၊ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့စွမ်းအား၊ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ပညာ နိုင်ငံသားအားလုံး တတ်သွားဖို့လိုအပ်ကြောင်းထုတ်ဖော် ပြောကြားခဲ့သည်။

NUCC ၏တုံ့ပြန်မှု

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက"ယင်းဥပဒေအား အသက်သွင်းခြင်းသည် တိုင်းပြည်အနာဂတ်ဖြစ်သော ကျောင်းသား၊ လူငယ်များအား စစ်မြေပြင်သို့ အတင်းအကျပ် တွန်းပို့ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုရန် ကြံစည်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ဗြောင်ကျကျကျူးလွန်ခြင်း ဖြစ်သည်"ဟု တုံပြန်ထားသည်။

နိုင်ငံတကာက အကြမ်းဖက်စစ်အုပ်စု ကျူးလွန်သည့်ရာဇဝတ်မှုများအား ထိရောက်စွာ ဟန့်တား အရေးယူနိုင်ခြင်းမရှိသည့်အတွက် ပိုမိုပြင်းထန်သည့် ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်လာခြင်းဖြစ်ကာ ဒေသတွင်း မတည်ငြိမ်ကို ပို၍ ပြင်းထန်ဆိုးရွားစေမည်ဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနှင့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့် အလျင်အမြန် တုံ့ပြန်ရန်၊ ထွက်ပြေးတိမ်းရှောင်ရမည့် ပြည်သူများနှင့် လူငယ်များအား လူသားချင်းစာနာထောက်ထားမှုဖြင့် ကူညီကာကွယ်ကြရန် တိုက်တွန်းထားသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း မိမိတို့၏ လုံခြုံရေးစည်း မကျိုးပေါက်စေဘဲ ယင်းအခြေအနေအား အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ရေး အသင့်ပြင်ဆင်ထားရန်၊ အတင်းအဓမ္မ စုဆောင်းမခံလိုသည့် ပြည်သူနှင့် လူငယ်များအနေဖြင့် ၎င်းတို့နှင့် ချိတ်ဆက်၍ လွတ်မြောက်နယ်မြေများသို့ လာရောက်ပူးပေါင်းကာ နွေဦးတော်လှန်ရေး၌ ပြတ်သားစွာပါဝင်ကြရန်၊ NUCC အနေဖြင့် NUG ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်နှင့် အစီအမံများအား အမြန်ဆုံးဖော်ဆောင်မည်ဟု ထုတ်ပြန်ထားသည်။

EROs များနှင့် ဖက်ဒရယ်ယူနစ်များ၏ တုံ့ပြန်မှု

KNU ပြောခွင့်ရသူ ပဒိုစောတောနီးက “စစ်တပ်က တရားမဝင်တဲ့ အဖွဲ့ဖြစ်ကြောင်း၊ တရားမဝင် အဖွဲ့ဖြစ်တဲ့အတွက် သူ ပြောတာက တရားမဝင်ကြောင်း၊ သူ ဘာပဲ ထုတ်ပြန်ပါစေ အသိအမှတ်မပြုကြောင်း”ဆွေးနွေးခဲ့သည်။

KNDF ဥက္ကဌ ခွန်းဘီထူးက “စစ်ကောင်စီအနေနဲ့ ဒီလုပ်ရပ်က အောင်မြင်ဖို့ ခက်ခဲကြောင်း၊ စစ်ကောင်စီတပ် အချင်းချင်းတောင် ရှေ့တန်းထွက်ဖို့ ခက်ခဲနေကြောင်း၊ စစ်ကောင်စီကို မကြိုက်တဲ့သူတွေက စစ်ထဲဝင်ရောက်ပြီး၊ စစ်ကောင်စီထဲမှာ တပ်တွင်းပုန်ကန်မှုတွေ များလာမှာ ဖြစ်ကြောင်း၊ စစ်သား စုဆောင်းတဲ့ Process က ခက်ခဲမည် ဖြစ်ကြောင်း၊ စစ်ကောင်စီက လူတွေကို လိုက်ဖမ်းပြီး စစ်မှုထမ်းခိုင်းလျှင် ဒီနည်းက သူ့အတွက် အကောင်အထည်ဖော်ရင်း ဒီ Process က လုံးပတ်ချာ လိုက်သွားနိုင်ကြောင်း၊ လူတွေကို စုဆောင်းပြီး ကြားညှပ်ပြီး ရှေ့တန်းထွက်ခိုင်းရင်လည်း နောက်ကျောမလုံ၊ အုပ်ချုပ်ရေးတာဝန် ပေးရင် တပ်တွင်းပုန်ကန်မှု၊ သတင်းပေါက်ကြားမှုတွေ ဖြစ်လာမှာဖြစ်ကြောင်း၊ အခုရက်ပိုင်းမှာ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ်ပြီးRegister လုပ်လာတာ ပိုများလာကြောင်း၊ လူထုရဲ့ လိုလားချက်ကို အာဏာသိမ်းစစ်ကောင်စီက အမြန်ဆုံးလိုက်လျောဖို့ လိုကြောင်း၊ ဒီအတိုင်း ရှေ့ဆက်သွားရင် နေရာတိုင်းမှာ သွေးထွက်သံယိုတွေ ပိုဖြစ်လာမှာ ဖြစ်တယ်။ ပြည်ပရန်ကို ကာကွယ်ဖို့ရှိမှသာလျှင် စစ်မှုမထမ်းမနေရကလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ စကစက သူ့ရဲ့ အာဏာသိမ်းမှုကို ကာကွယ်နိုင်ဖို့ လုပ်တာဖြစ်ကြောင်း၊ ဒီဗျူဟာကို ကျင့်သုံးရင် သူ့တပ်ထဲမှာ ပိုပြိုကွဲမှာ ဖြစ်ကြောင်း” ဆွေးနွေးခဲ့သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ အုပ်ချုပ်ရေးကော်မတီဥက္ကဌ နိုင်မွန်စိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် လူငယ်တွေကို စစ်တပ်ထဲဝင်ဖို့ ဖိအားပေးနိုင်ကြောင်း၊ သို့ရာတွင် မွန်ပြည်နယ်မှာရှိသည့် မွန်လူမျိုးတော်တော်များများက ထိုင်း၊ မလေးရှားမှာ အလုပ်လုပ်ကြကြောင်း၊ သို့သော် ဒီဥပဒေကြောင့် စစ်တပ်ထဲဝင်ပြီးမှပဲ Passport ထုတ်ပေးမယ်ဆိုရင် ထိုင်းကို တရားမဝင် ဝင်ရောက်တာ များသွားနိုင်ကြောင်း၊ရဟန်းသံဃာတွေကိုလည်းဖိအားပေးပြီး ပျူစောထီးတပ်ထဲ ဝင်အောင် ဖိအားပေးနေတာ တွေ့ရကြောင်း၊ စစ်ကောင်စီရဲ့ တပ်အင်အားက တော်တော်နည်းနေတော့ နည်းမျိုးစုံနဲ့ လုပ်နိုင်‌ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဟန်းသံဃာတော်တွေက တဆင့် ဖိအားပေးနိုင််ကြောင်း၊ နိုင်ငံခြားထွက်တဲ့ကိစ္စရယ်၊ သန်းခေါင်စာရင်းကို ကြည့်ပြီး မိဘတွေကို ဖိအားပေးနိုင်ကြောင်း၊ တော်လှန်ရေးတပ် တစ်နေရာရာမှာ ဝင်ရောက်ပြီး တော်လှန်ရေးထဲ ဝင်ရောက်ဖို့ဖိတ်ခေါ်သွားလိုကြောင်း" ဆွေးနွေးခဲ့သည်။

NUG ၏ တုံ့ပြန်မှု

အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေရမည်ဟု ထုတ်ပြန်လာခြင်းသည် တရားဝင်မှု အလျဉ်းမရှိသည့်လုပ်ရပ်သာ ဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် လုံးဝ လိုက်နာရန်မလိုကြောင်း၊ စစ်အုပ်စု၏ အကျိုးစီးပွားအာဏာကို အကာအကွယ်ယူရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကိုအကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသူမှန်သမျှနှင့် သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှု ကျူးလွန်သည့် ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်ပြီး ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ NUG နှင့် မဟာမိတ်အဖွဲ့အစည်များ ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း“ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်”ကို ထုတ်ပြန်ခဲ့သည်။

ထို့နောက် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် ရက်စွဲဖြင့် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်လျက်ရှိသည့် နိုင်ငံတကာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ထပ်မံကျူးလွန်ရန် အသင့်ရှိနေကြောင်း ထပ်မံဖော်ပြလိုက်သည့် သက်သေသာဓကဖြစ်ကာ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သည့်အခြေအနေကို ထပ်လောင်းဖန်တီးလိုက်ခြင်းဖြစ်ကြောင်း၊ NUG အနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်အသီးသီးအား အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များကို ထိရောက်စွာ တားဆီးနိုင်မည့် အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက်ပါရန် တိုက်တွန်းအပ်ကြောင်း"ပြည်သူ့စစ်မှုထမ်းဥပဒေအားအသက်သွင်းရန် အကြမ်းဖက်စစ်အုပ်စု၏ကြိုးစားအားထုတ်မှုအပေါ်သတင်းထုတ်ပြန်ချက်"ကိုထုတ်ပြန်ခဲ့သည်။

CRPH ၏ တုံ့ပြန်မှု

CRPH အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် တရားမဝင် အာဏာသိမ်းစစ်အုပ်စုက နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများအပေါ် သတ်မှတ်ပြဋ္ဌာန်းသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် တစ်စုံတစ်ရာသည် တရားဝင်မှု မရှိသည့်အတွက် ပြည်သူများအနေဖြင့် လက်ခံလိုက်နာစရာ လုံးဝမလိုအပ်ကြောင်း၊၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ကြေညာချက်အမှတ် (၃/၂၀၂၁) ဖြင့်လည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ဖက်ဆစ်စစ်ကောင်စီသည် မတရားသည့် အမိန့်အာဏာဖြင့် အာဏာတည်မြဲရေးအတွက် အလွဲအသုံးချရန် ကြိမ်းပမ်းနေကြောင်း၊ ပြည်သူကို ထပ်မံဖိနှိပ်ရေး စစ်ယန္တရားအဆင့်ဆင့်တွင် ပါဝင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းသည် ကြီးလေးသော စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်း ဖြစ်ကြောင်း၊ ရှောင်တိမ်းနေရသော ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်တိုင်းရင်းသား မဟာမိတ်များအနေဖြင့် ဒေသအလိုက် လုံခြုံရေးကဏ္ဍကို သတိပြုလျက် စနစ်တကျ ပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက်ပါရန်လည်း တိုက်တွန်းအပ်ကြောင်း၊ ILO အနေဖြင့် စစ်အုပ်စုအပေါ် ပြဋ္ဌာန်းချက်များနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအစိုးရများ၊ လွှတ်‌တော်များအနေဖြင့် အထူးအလေးထား၍ လက်တွေ့ကျကျ ကာကွယ်ကူညီပေးပါရန် တောင်းဆိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

CSOs၊ သပိတ်အဖွဲ့များ၏ တုံ့ပြန်မှု

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်က “အလုပ်သမားတွေကို အချိန်မရွေး ဖမ်းလို့ရ၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ လူငယ်တွေကို ဖမ်းနိုင်ကြောင်း၊ စက်မှုဇုန်က လူငယ်တွေက ကျီးလန့်စာ စားနေရကြောင်း၊ ကုန်ထုတ်လုပ်မှု ကျဆင်းပြီး စျေးနှုန်းတွေ တက်နိုင်ကြောင်း၊ လူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် သွားလာလှုပ်ရှားမှုကို ဂရုစိုက်ရမည်ဖြစ်ကြောင်း” ဆွေးနွေးထားသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု (Anti-JuntaMass Movement - AJMM) ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ -(General Strike Committee - GSC) နှင့် လူမျိုးပေါင်းစုံ အထွေထွေသပိတ် ကော်မတီ (General Strike Committee of Nationalities - GSCN) တို့ ပူးပေါင်းပြီး “အာဏာသိမ်းစစ်အုပ်စုက အဓမ္မ စစ်သားစုဆောင်းခြင်းသည် လူမျိုးပေါင်းစုံ ပြည်သူလူထု သိရှိပြီးဖြစ်သည့်အတိုင်း စစ်မျက်နှာအသီးသီးတွင် ၎င်းတို့ ကျရှုံးနေပြီဖြစ်ကြောင်းကို မဖြစ်မနေ ဝန်ခံရခြင်းဖြစ်ကြောင်း၊ ယိုယွင်းနေသည့် အခြေအနေကို အခွင့်ကောင်းယူပြီးစစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲကို လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးက တညီတညွတ်တည်း အပြီးသတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလွန်အမင်း စိုးရိမ်မှုဖြစ်ပေါ်ကာ အလျင်စလို တုံ့ပြန်ဆောင်ရွက်ခြင်းမပြုဘဲ အခြေအနေကိုလိုက်၍ စုပေါင်းမဟာဗျူဟာနှင့် တုံ့ပြန်ရန် အ‌ရေးကြီးကြောင်း၊ ဥပဒေပါ ကင်းလွတ်ခွင့်နှင့် ဟာကွက်များကို အသုံးပြုလျက် တကိုယ်ရည် လွတ်မြောက်ရေးကြိုးပမ်းမှုများက အဖြေ မဟုတ်ကြောင်း၊ ဖြစ်ပေါ်လာမည့် အမျိုးမျိုးသော အခြေအနေများကို တုံ့ပြန်နိုင်ရန် မိမိကိုယ်တိုင်၊ မိသားစု၊ မိတ်ဆွေအသိုင်းအဝိုင်းနှင့် ရပ်ရွာ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ဘက်ပေါင်းစုံမှ မြှင့်တင်ထားရန် အရေးကြီးကြောင်း စသည့်အချက်တို့ ပါဝင်သည့် စစ်အာဏာသိမ်းမှုကို လက်မခံသောလူငယ်များ၊ လူမျိုးပေါင်းစုံ ပြည်သူလူထုကို ရက်ရက်စက်စက် ဖမ်းဆီး ညှင်းပန်းသတ်ဖြတ်နေသည့် ဖက်ဆစ်စစ်တပ်ထံသို့ မဝင်ရောက်လိုသည့် လူငယ်များအတွက်သော် လည်းကောင်း၊ လက်နက်ကိုင် တပ်ဖွဲ့များအပါအဝင် အဖွဲ့အစည်းများအတွက်သော်လည်းကောင်း၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများအတွက်သော် လည်းကောင်း၊နိုင်ငံတကာ (အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ) အတွက်သော်လည်းကောင်း တိုက်တွန်းနှိုးဆော်ချက်များပါရှိသည့် အရေးပေါ်နှိုးဆော်ချက်”ကို ထုတ်ပြန်ခဲ့သည်။

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်အဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)က“ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းဥပဒေကိုတုန့်ပြန်ရာတွင်ပြည်သူလူထုအနေဖြင့်အတတ်နိုင်ဆုံးတည်ငြိမ်မှုရှိရန် လိုအပ်ကြောင်း၊ပြည်သူ့စစ်မှုထမ်းဥပဒေသည်ပြည်သူလူထုအား အဆုံးစွန်ဖိနှိပ်သည့်အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များအဖြစ် လူထုတရပ်လုံးက ဆန့်ကျင်မှုပြုလုပ်ရာတွင်ပါဝင်ရန် လိုအပ်ကြောင်းစသည့် အချက်များ ပါဝင်သည့်အသိပေးချက်နှင့်အမျိုးသားညီညွတ်ရေးအစိုးရ၊လူမျိုးစုတော်လှန်ရေးအင်အားစုများနှင့်နွေဦးတော်လှန်ရေးအင်အားစုအသီးသီးအနေဖြင့်ဤပြည်သူစစ်မှုထမ်းဥပဒေ၏နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည်ပြည်သူလူထု၏ အခက်အခဲအကြပ်အတည်းများကိုညှိနှိုင်းအဖြေရှာကာ ထိရောက်စွာကူညီဆောင်ရွက် ပေးကြပါရန်တိုက်တွန်းနှိုးဆော်ချက်တို့ပါဝင်သည့်” သဘောထား ထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးပါတီ၏ တုံ့ပြန်မှု

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် "စစ်ဘီလူးရဲ့ သွေးရူးသွေးတမ်းလုပ်ရပ်များနဲ့ ပတ်သက်၍ "လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏နိုင်ငံရေးအမြင်သဘောထား (၃/၂၀၂၄) ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါသဘောထားထဲတွင် (၁) လုပ်ခွင့်မရှိသူရဲ့ တရားမဝင်လုပ်ရပ် (၂) လူထုကို နှိပ်စက်ခြိမ်းခြောက် ဓားပြတိုက်မယ့်လုပ်ရပ် (၃) မတည်ငြိမ်မှုတွေ ဆိုးဆိုးဝါးဝါး ပြင်းထန်လာစေမယ့် လုပ်ရပ်နှင့် (၄) သွေးရူးသွေးတမ်းဖြစ်နေတဲ့ စစ်အုပ်စုရဲ့ တိုင်းပြည်ကို မြေလှန်ဖျက်ဆီးဖို့ ခြေလှမ်းပြင်တဲ့ လုပ်ရပ်များသာ ဖြစ်ကြောင်း” စသည့် အချက်တို့ ပါဝင်ခဲ့ပါသည်။

အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် နိုင်ငံ့အာဏာသိမ်းယူထားသည့် စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ယုံကြည်သည့်အတွက် ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ်ဗိုလ်မှူးချပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်နှင့် ပါတီဝင်များ၊ တပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်အုပ်စုအား ဆန့်ကျင်တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလက်တွဲကာတိုက်ခိုက်သွားမည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေး၊စစ်ရေးဦးဆောင်အဖွဲ့က ဖေဖော်ဝါရီ၁၄ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယင်း ယုံကြည်ချက်၊ ရပ်တည်ချက်အား (၁၁) ကြိမ်မြောက်ပါတီညီလာခံ၌ အကျေအလည် ဆွေးနွေးခဲ့သော်လည်း ၂၀၂၃ ခုနှစ် နှစ်ဖက်သဘောတူအပစ်ရပ်စာချုပ် (BilateralCeasefire Agreement) အတိုင်းရပ်တည်ကာ အကြမ်းဖက်စစ်အုပ်စုနှင့် ဆက်ဆံရန် ဆုံးဖြတ်သည့်အပေါ် လက်မခံနိုင်သည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုသည် မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် ပြည်သူလူထုအပေါ် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြေင်းမှ တိုက်ခိုက်ခြင်း၊ နေအိမ် မီးရှို့မှုများပိုမိုပြုလုပ်လာသည့်အတွက် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်တော့ဟုလည်းကြေညာချက်၌ ဖော်ပြထားသည်။

NMSP သည်၁၉၉၅ ခုနှစ်ကတည်းက နိုင်ငံရေး ပြဿနာအားနိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စစ်အစိုးရနှင့် ဦးသိန်းစိန် အစိုးရလက်ထက်တို့တွင် အပစ်ရပ်ရေး သဘောတူခဲ့ကာ အမျိုးသားညီညွတ်ရေးအစိုးရ– NLD လက်ထက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) စာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးထားသည်။

မွန်ပြည်သစ်ပါတီ၏စစ်အာဏာရှင်တိုက်ဖျက်ရေး ထုတ်ပြန်ချက်အား ကြိုဆိုထောက်ခံကာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများအား ဆောင်ရွက်ပြီး နိုင်ငံရေးအရ ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ(MonState Federal Council – MSFC) က စာအမှတ် ၃/၂၀၂၄ ဖြင့် ထုတ်ပြန်ထားသည်။

အာဏာရှင်စနစ်ပပျောက်ရေး၊ ဒီမိုကရေစီအခွင့်အရေးနှင့် အခြေခံလူ့အခွင့်အရေးကို အာမခံသည့်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအဖြစ် ခိုင်မာအောင် တည်ဆောက်ရေးအတွက် အနာဂတ် ပြည်ထောင်စုတွင် ကျင့်သုံးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်အား တိုင်းရင်းသားပေါင်းစုံ စုပေါင်းပါဝင်သည့် ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ (People’s RepresentativeCommittee for Federal – PRCF) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဖွဲ့စည်းပုံအခြေခံအား စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းအင်အားဖြင့် စုပေါင်းပိုင်ဆိုင်သော ပြည်ထောင်စုကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်လျက် ရေးဆွဲပြဋ္ဌာန်းခြင်းဖြစ်ကြောင်းပါ ရှိကာ နိုင်ငံ့အာဏာသည် ပြည်သူတို့၏ လက်ထဲတွင်ရှိကြောင်း အစဉ် သေချာစေရမည်ဟု ဖော်ပြထားသည်။

ပြည်ထောင်စုစံတန်ဖိုးအဖြစ် "(က) ဒီမိုကရေစီအခွင့်အရေး၊ ဂျဲန်ဒါတန်းတူရေးနှင့် အခြေခံလူ့အခွင့်အရေးများ (ခ) တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ဂ) စုပေါင်းခေါင်းဆောင်မှု (ဃ) စုံလင်ကွဲပြားမှုကို လက်ခံခြင်း၊ သဟဇာတဖြစ်ခြင်း၊ ညီညွတ်ခြင်းနှင့် ခွဲခြားဆက်ဆံမှုမရှိခြင်း (င) လူနည်းစုအခွင့်အရေးကို ကာကွယ်ခြင်း"တို့ သတ်မှတ်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင်အချို့က အာဏာသိမ်းမှုအာ ဆန့်ကျင်ရန် ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးကော်မတီ (People Representativesfor Federal – PRF) ကိုဖွဲ့စည်းရန် ဆွေးနွေးခဲ့ကာ သြဂုတ် ၂၁ ရက်တွင် PRCF ကို ပါတီနှင့် အစုအဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကော်မတီတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ShanNationalities League for Democracy) - SNLD) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League forDemocracy - ALD) ၊ ကရင်အမျိုးသားပါတီ (KarenNational Party - KNP) ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress forDemocracy – ZCD) ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (Democratic Party for aNew Society – DPNS) ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီ (UnitedNationalities Democracy Party – UNDP) ၊ ဓနုတိုင်းရင်းသားလူမျိုးများပါတီ (Danu NationalitiesDemocracy Party – DNDP) ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ (Daingnet NationalDevelopment Party)၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ (Mro National DemocracyParty – MNDP) ၊ ကယန်းအမျိုးသားပါတီ (KayanNational Party – KNP) ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (Shan State KokangDemocratic Party – SSKDP) နှင့် မွန်ရေးရာအဖွဲ့ (MonAffair Association – MMA) တို့ ပါဝင်သည်။

စစ်အာဏာရှင်စနစ်အား ဆန့်ကျင်သော ညီညွတ်ရေးတပ်ပေါင်းစုတစ်ရပ် လိုအပ်ချက်အရ လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူမျိုးစုလူငယ်များ၊ ကျောင်းသားသမဂ္ဂဝင်ဟောင်းများ၊ နွေဦးတော်လှန်ရေး၌ ပေါက်ဖွားလာသည့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ(Local PDFs) ၊CDM ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းများ၊ လူငယ်သမဂ္ဂနှင့် လူငယ်တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်သည့် လူမျိုးပေါင်းစုံပြည်သူ့ညီညွတ်ရေးတပ်ဦး(People's United Front) ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် မူဝါဒသုံးရပ်ဖြင့် ဖွဲ့စည်းလိုက်သည်။

ချမှတ်ထားသည့်မူဝါဒနှင့် ကိုက်ညီကာ ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်မည့် မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့်မဆို လက်တွဲပူးပေါင်းတိုက်ပွဲဝင်မည်ဟု PUF က ကြေညာထားကာ (၁)စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အပြီးတိုင် ဖျက်သိမ်းရေး၊ လူမျိုးပေါင်းစုံ လူထုတရပ်လုံး လုံးဝလွတ်မြောက်ရေး၊ တော်လှန်ရေးအဖွဲ့အစည်းများအားလုံး သွေးစည်းညီညွတ်ရေးအား မူဝါဒအဖြစ် ချမှတ်ထားသည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ကြားကာလဖက်ဒရယ်ယူနစ်ဆိုင်ရာ မူဝါဒရပ်တည်ချက်အား နိုင်ငံရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အာဏာခွဲဝေကျင့်သုံးမှု၊ ဖက်ဒရယ်ယူနစ်အချင်းချင်းကြား ဆက်ဆံရေး၊ ပြည်သူ့လုံခြုံရေး၊ မြေယာ/အခွန်/သယံဇာတခွဲဝေသုံးစွဲမှု၊ စီးပွားရေး၊လူမျိုးစုရေးရာဟူ၍ ကဏ္ဍကိုးခုခွဲကာ ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

PRA (Magway) သည် မကွေးတိုင်းအတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ကျောင်းသားများ၊ မြေပြန့်ချင်းတိုင်းရင်းသားလူမျိုးစု အပါအဝင် ကျေးလက်နှင့် မြို့ပြနေပြည်သူများ စုဖွဲ့ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကာ သက်ဆိုင်ရာ ပြည်သူလူထု၊ ဒေသတွင်း နိုင်ငံရေးဦးဆောင်သူများ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

မကွေးဖက်ဒရယ်ယူနစ်သည် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် အဖွဲ့ဝင်ယူနစ်တစ်ခု၏ ရှေ့ပြေးနမူနာ ဖြစ်ရမည်ဟု နိုင်ငံရေးမူဝါဒ၌ ထည့်သွင်းဖော်ပြထားကာ အာဏာခွဲဝေရေးအတွက် ဖက်ဒရယ်ယူနစ်ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် ပြည်ထောင်စုအဆင့်၌ ခွဲဝေပေးသော နိုင်ငံရေး အခွင့်အာဏာ/လုပ်ပိုင်ခွင့်ဟု၍ ခွဲခြားထားသည်။ မြေယာ/အခွန်/သယံဇာတခွဲဝေသုံးစွဲမှုနှင့် ပတ်သက်၍ ဒေသတွင်း ကောက်ခံရရှိသည့်အခွန်ပမာဏ၏ ၇၀ % အား ယူနစ်အတွင်းရှိ ပြည်သူ့ဝန်ဆောင်မှု၊ အုပ်ချုပ်မှုလုပ်ငန်းများအတွက် ရယူသုံးစွဲခွင့် ရှိရမည်ဟု မူဝါဒအဖြစ် ထည့်သွင်းထားသည်။

တအာင်းမိသားစုများအတွင်း အသက် (၁၈) နှစ်ပြည့်၍ (၃၅) နှစ်အောက်ရှိသည့် အမျိုးသားနှစ်ဦးနှင့် အထက်ရှိသော မိသားစုများအနေဖြင့် တစ်ဦးကျစီ အမျိုးသားရေးသမိုင်းပေးတာဝန်အရ စစ်မှုမထမ်းမနေရ လာရောက်ရမည့် တပ်ဖွဲ့စုဆောင်းခြင်းဆိုင်ရာမူဝါဒအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PNLF) က ထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည့် ယင်းမူဝါဒ၌ အမျိုးသမီးအနေဖြင့် အသက် (၁၈) နှစ်မှ (၂၅) နှစ် အောက်ရှိသော သမီးမိန်းကလေး နှစ်ဦးနှင့်အထက်ရှိသော မိသားစုတိုင်းမှလည်း တစ်ဦး လာရောက်တာဝန်ထမ်းဆောင်ရမည်ဟု ပါရှိသည်။

ကင်းလွတ်ခွင့်အနေဖြင့် သားယောကျ်ားလေး နှစ်ဦး ရှိသည့်မိသားစုများ၌ တပ်သားသစ်စုဆောင်းရေးကာလ မတိုင်မီသုံးနှစ်ကတည်းက သာသနာ့ဘောင်အတွင်း၌ ရှိနေခြင်း၊ နာတာရှည်ရောဂါ၊ စိတ်ပိုင်းဆိုင်ရာရောဂါခံစားနေရသူ၊ ကိုယ်လက်အင်္ဂါမပြည့်စုံသူ၊ အခြားနည်းဖြင့် သန်စွမ်းသူရှိနေပါက ကျန်တစ်ဦးအား ကင်းလွတ်ခွင့်ပေးမည် ဖြစ်ကာ ပြစ်မှုတစ်ခုခုကြောင့်နှစ်ရှည်ထောင်ဒဏ် ကျနေသည့်ကာလအတွင်း ကျန်တစ်ဦးအား စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုမည် ဖြစ်သည်။

မိသားစုအတွင်း သားယောကျ်ားလေးနှစ်ဦးရှိပြီး တစ်ဦးမှာ မြန်မာအစိုးရဝန်ထမ်းဖြစ်သော်လည်း ကျန်တစ်ဦးကိုမူ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုမည်မဟုတ်သည့်အပြင် စစ်မှုထမ်းရန် လုံလောက်ပြည့်စုံသော်လည်း စစ်မှုထမ်းခြင်းမှ လွတ်မြောက်လိုသည့်အနေဖြင့် အခြားဒေသသို့ ရွှေ့ပြောင်းအခြေချနေထိုင်သော်လည်း စစ်မှုထမ်းခြင်းမှကင်းလွတ်ခြင်းမပြုဘဲ တပ်ဖွဲ့စင်စာရင်းအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။

အကြမ်းဖက် စစ်အုပ်စုအာဏာသိမ်းမှု သုံးနှစ်ပြည့်အဖြစ် ထုတ်ပြန်သည့် "စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်" ပါ လုပ်ငန်းစဉ်အဆင့်ဆင့်အား အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဖေဖော်ဝါရီ ၆ ရက်တွင် အစိုးရအဖွဲ့အစည်းအဝေး (၅/၂၀၂၄) အား ပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပြင် ပြည်ထောင်စု ဝန်ကြီးနှင့် ဒုဝန်ကြီးများ တက်ရောက်ခဲ့ကာ ယင်းဘုံသဘောတူညီချက်အားNUG ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ-KNPP ၊ ကချင်လွတ်မြောက်ရေးအဖွဲ့-KIO ၊ ချင်းအမျိုးသားတပ်ဦး -CNFတို့ ပူးပေါင်းထုတ်ပြန်ထားခြင်းဖြစ်ကာ အချက် ခြောက်ချက် ပါဝင်သည်။

ဘုံသဘောထားရပ်တည်ချက်ရဲ့လုပ်ငန်းစဉ် အဆင့်ဆင့်၌ အကြမ်းဖက် စစ်ကောင်စီ/မြန်မာစစ်တပ်အား စစ်ရေး၊ နိုင်ငံရေး(ပြည်တွင်း/ပြည်ပ) ဖိအားပေးခြင်း၊ မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံပါက စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာအာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက်ဆွေးနွေးခြင်း အပါအဝင်လုပ်ငန်းစဉ် ၆ ချက်ပါဝင်သည်။

၂၀၂၄ခုနှစ်အတွင်း အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အစီအမံများနှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတို့အား အမြန်ဆုံး ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် "နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် နိုင်ငံရေးသဘောထား ကြေညာချက်" ၌ ထည့်သွင်း ဖော်ပြထားသည်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှာ ဘက်ပေါင်းစုံမှ ပြိုလဲနေပြီဖြစ်ပြီး ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ၂၀၂၄ ခုနှစ် မတ်လတွင် ကျင်းပရန်လျာထားကာ တော်လှန်ရေးအောင်နိုင်ရန် မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုမည် ဖြစ်ပြီး တော်လှန်ရေးအင်အားစုများအကြား ပိုမိုခိုင်မာသည့် ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် ရရှိရေး ဆက်လက်ကြိုးပမ်းမည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

တော်လှန်ရေးအလွန်ကာလ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအား တိုင်းပြုပြည်ပြုလွှတ်တော်၌ ရေးဆွဲရမည်ဟု NUCC ၏ နိုင်ငံရေး သဘောထားကြေညာချက်၌ ထည့်သွင်းထားကာ မြန်မာ့အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနှင့် နိုင်ငံတကာအစိုးရများအနေဖြင့်လည်း လက်ရှိ စစ်ရေး၊ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများအား ပြန်လည်သုံးသပ်ကာ မြန်မာ့အရေးချဉ်းကပ်မှု မူဝါဒများ ပြောင်းလဲရန်လည်း တိုက်တွန်းထားသည်။

ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉) နှင့် ပုဒ်မ – ၃၂ (က) အရ ချင်းပြည် (Chinland) အစိုးရအဖွဲ့အား အစိုးရအဖွဲ့၊ ရှေ့နေချုပ်၊ တရားလွှတ်တော်ချုပ်၊ စာရင်းစစ်ချုပ်များဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း Chinland Council က ထုတ်ပြန် ကြေညာလိုက်သည်။

အစိုးရဖွဲ့စည်းပုံအရဝန်ကြီးဌာန ၁၄ ခု ပါရှိကာ ဝန်ကြီးချုပ်အဖြစ် PuPa Thang ၊ တရားလွှတ်တော်ချုပ်အား တရားသူကြီးချုပ်အဖြစ် Pu Thomas Thang Nou အပါအဝင် သုံးဦး၊ ရှေ့နေချုပ်အဖြစ် Dr. Tial Hnin ၊ စာရင်းစစ်ချုပ် PuChan Ham တို့အား တာဝန်ပေး ဖွဲ့စည်းထားသည်။

ဇန်နဝါရီ၃၀ နှင့် ၃၁ ရက်တွင် ချင်းလုံမြို့၌ ပြုလုပ်သည့် ကောင်စီဝင် ၁၀၀ ဦး တက်ရောက်သော အစည်းအဝေး၌ ရွေးချယ်တင်မြှောက်ရေးကော်မတီ၏ အဆိုပြုတင်သွင်းချက်များအရ ဖွဲ့စည်း အတည်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်နှင့် စစ်တပ်အနေဖြင့်ပြုပြင်ပြောင်းလဲရန်၊အရပ်သားများအပေါ် အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးအား လွှတ်ပေးရန်နှင့်လူသားချင်းစာနာထောက်ထားမှုအပြည့်အဝရရှိခွင့်နှင့်သက်ဆိုင်သူများအားလုံးပါဝင်ဆွေးနွေးနိုင်မည့်အခင်းအကျင်း ဖန်တီးရန်တိုက်တွန်းကြောင်းစစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်အဖြစ်နိုင်ငံကိုးနိုင်ငံမှနိုင်ငံခြားရေးဝန်ကြီးဌာနများကစုပေါင်း၍ ပူးတွဲကြေညာချက်တစ်ရပ်အားဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်လိုက်သည်။

သြစတြေးလျ၊ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ယူနိုက်တက်ကင်းဒမ်း၊အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏နိုင်ငံခြားရေးဝန်ကြီးဌာနများပူးတွဲကြေညာချက်၌ မြန်မာနိုင်ငံဆိုင်ရာအာဆီယံ ဘုံသဘောတူညီချက်ငါးရပ်နှင့် အထူးသံတမန်များ၏မြန်မာ့အရေးအတွက် ကြိုးပမ်းမှုများအားချီးကျူးကာ စစ်ကောင်စီအနေဖြင့်၎င်းတို့နှင့် အဓိပ္ပာယ်ရှိကာအပြုသဘောဆောင်သည့်ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန်လည်းတောင်းဆိုထားသည်။ ကုလလုံခြုံရေးကောင်စီအနေဖြင့်လည်းဆုံးဖြတ်ချက် ၂၆၆၀ (၂၀၂၂)ကိုအပြည့်အဝ အကောင်အထည်ဖော်ရန်နှင့်မြန်မာနိုင်ငံ ကြိုးပမ်းအားထုတ်မှုများအားကောင်းလာစေရန်၊အရေးပေါ်လူသားချင်းစာနာမှုအကူအညီများ ဖြည့်ဆည်းပေးရန်အတွက်တောင်းဆိုထားသည်။ ထို့ပြင်နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်းစစ်အုပ်စုက အကြမ်းဖက်မှုများရပ်တန့်ကာ ယုံကြည်စိတ်ချရပြီးငြိမ်းချမ်းသည့် ဒီမိုကရေစီအနာဂတ်ထူထောင်နိုင်ရေးအတွက် စစ်မှန်၍အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများဖြစ်ပေါ်လာရေးအတွက်ဝိုင်းဝန်းတွန်းအားပေးကြရန်လည်းတိုက်တွန်းထားသည်။

"စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေသည့် အဖွဲ့များ၏ဘုံသဘောထားရပ်တည်ချက်"အမည်ဖြင့်ဦးတည်ချက် ခြောက်ရပ်အားအမျိုးသား ညီညွတ်ရေးအစိုးရ– NUG ၊ ကရင်အမျိုးသားအစည်းအရုံး- KNU ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ- KNPP ၊ ကချင်လွတ်မြောက်ရေးအဖွဲ့- KIO ၊ ချင်းအမျိုးသားတပ်ဦး -CNF တို့ ပူးပေါင်း၍ ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်လိုက်သည်။

ဦးတည်ချက်ခြောက်ရပ်၌ စစ်အာဏာသိမ်းမှုဖယ်ရှားကာ မြန်မာစစ်တပ်၏နိုင်ငံရေး၌ ပါဝင်နေခြင်းအားအဆုံးသတ်ရန် ပါဝင်ပြီးဖော်ပြပါ ဦးတည်ချက်များအားမြန်မာစစ်တပ် တာဝန်ရှိသူများလက်ခံလာပါက စစ်အာဏာသိမ်းမှုအဆုံးသတ်ခြင်း၊ အေးချမ်းငြိမ်းချမ်းစွာအာဏာလွှဲပြောင်းခြင်းဆိုင်ရာကိစ္စများ ဆွေးနွေးမည်ဟုလုပ်ငန်းစဉ်ဆိုင်ရာ လုပ်ငန်းများ၌ပါရှိသည်။

ထုတ်ပြန်ချက်၌မျှော်မှန်းချက်၊ဦးတည်ချက်ခြောက်ရပ်အပါအဝင်ရပ်တည်ချက် ကိုးရပ်၊လုပ်ငန်းစဉ်အဆင့်ဆင့်ခြောက်ရပ်ကိုလည်းထည့်သွင်းဖော်ပြထားသည်။

ချင်းပြည်သူများ၏လိုအပ်ချက်များအား ထိရောက်စွာ ပိုမိုဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်သူ့အုပ်ချုပ်ရေးကော်မတီအား ဖွဲ့စည်းလိုက်ပြီ ဖြစ်ကာ ကော်မတီသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) မှ တစ်ဆင့်ချိတ်ဆက်ဆောင်ရွက်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်ချက်အမှတ် (၂/၂၀၂၄) ဖြင့်  ICNCC က ထုတ်ပြန်လိုက်သည်။

ICNCC သည် ချင်းတစ်မျိုသားလုံး စည်းလုံးညီညွတ်ရေးကို ရှေးရှုလျက် ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်းအကြား မလိုလားအပ်သည့်ပဋိပက္ခများ မဖြစ်ပေါ်ရေး၊ ချင်းအမျိုးသားရေးအတွက် တွေ့ဆုံသင့် တွေ့ဆုံထိုက်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ကာ နိုင်ငံရေးအရ သဘောတူညီမှုရရှိနိုင်ရန် ကြိုးစားလုပ်ဆောင်မည့်အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂)၊ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ၊ အခန်း (၈) – အပိုဒ်(၅၂)အရ ချင်းပြည်နယ်အစိုးရအား ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ပါရှိသည်။

“စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွဲသွားမည်" ဟု ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ၏ထုတ်ပြန်ချက်အား အလေးအနက်ထား ကြိုဆိုကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) က "ပအိုဝ်းဒေသတွင်းအခြေအနေနှင့် စပ်လျဉ်း၍ထုတ်ပြန်ကြေညာချက်" အမည်ဖြင့်ဇန်နဝါရီ ၂၇ ရက်က ထုတ်ပြန်လိုက်သည်။

PNLO သည် အပစ်ရပ်သဘောတူစာချုပ် (NCA) အား လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်ကာ စစ်ကောင်စီ စီမံခန့်ခွဲမှုအောက်တွင် ရပ်တည်နေသော ပအိုဝ်းအမည်ခံလက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်သွားရန် လေးနက်စွာ တိုက်တွန်းကြောင်း ဗဟိုကော်မတီက ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကာ ရရှိပြီးသောသွေးစည်းညီညွတ်ရေးကို အခြေခံ၍ ပအိုဝ်းအချင်းချင်းကြား ပဋိပက္ခမဖြစ်စေရေးကို PNO/PNA က ပူးပေါင်းဆောင်ရွက်ပေးရန်လည်းPNFC က ပန်ကြားထားသည်။

အကြမ်းဖက်စစ်အုပ်စုလက်မှသိမ်းယူထားပြီး ဖြစ်သည့်မြို့နယ် (၇)ခု၌တော်လှန်ရေးနှင့်ဒေသအကျိုးပြုလုပ်ငန်းများဖော်ဆောင်ရာ၌အကြမ်းမဖက်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (CivilDisobedienceMovement– CDM) တွင်ပါဝင်သည့် ပြည်သူ့ဝန်ထမ်းများအားပူးပေါင်းဆောင်ရွက်ရန်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) က ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ဖိတ်ခေါ်လိုက်သည်။

အာဏာရှင်စနစ်ကင်းစင်ပြီဖြစ်သည့် တအောင်းဒေသ၌CDMပြည်သူ့ဝန်ထမ်းများအနေဖြင့်ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့်အာဏာရှင်စနစ်ကျဆုံးပျက်သုဉ်းရေးလုပ်ငန်းစဉ်များအားပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်ဖိတ်ခေါ်ရခြင်း ဖြစ်ကြောင်းလည်းထုတ်ပြန်ချက်၌ ပါရှိသည်။

ကရင်နီပြည်နယ်အတွင်းတပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံတပ်ရင်းများအနေဖြင့်ပြည်သူ့ဘက်သို့ ဘက်ပြောင်းရန်နှင့်ဘက်ပြောင်းရေးအစီအမံအရလက်ရှိ ရာထူးများအတိုင်းပြန်လည်ထမ်းဆောင်ခွင့်နှင့်မိသားစုအလိုက် ဘက်ပြောင်းသူများအားအထူးအကျိုးခံစားခွင့်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကရင်နီအမျိုးသားကာကွယ်ရေးတပ်(Karenni Nationalities Defense Force – KNDF) ကဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

ကရင်နီပြည်နယ်အတွင်းအစုလိုက် အပြုံလိုက်မီးရှို့သတ်ဖြတ်မှု၊ပြည်သူ့အိုးအိမ်စည်းစိမ်များအားမီးရှို့ဖျက်ဆီးမှုစသည့်စစ်ရာဇဝတ်မှုကျူးလွန်ထားသူများအားKNDF အနေဖြင့်အပြီးသတ် ချေမှုန်းရန် ယတိပြတ်မူဝါဒချမှတ်ထားပြီး ဖြစ်ကာဒေသအတွင်း အခြေစိုက်ထားသည့်ခြေမြန်၊ ခြေလျင်၊အမြောက်တပ်ရင်းများအနေဖြင့်ဒေသအတွင်း နှစ်ရှည်လများမှီတင်းနေထိုင်ခဲ့သည်များကိုထောက်ထားကာ ကရင်နီပြည်သူများနှင့်အတူရပ်တည်ကာ အာဏာရှင်အားဆန့်ကျင်ရန်အတွက် ပြည်သူ့ဘက်သို့ဘက်ပြောင်းရန်လည်းအထူးတိုက်တွန်းထားသည်။

“မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ၏တရုတ်နိုင်ငံနှင့် စပ်လျဉ်းသည့်ရပ်တည်ချက်” - “The NationalUnity Government’s Position on China” အားNUG ကဇန်နဝါရီ ၁ ရက်၌ ထုတ်ပြန်ထားရာယင်းရပ်တည်ချက်ကြေညာစာတမ်းသည်မိမိတို့၏ မူဝါဒနှင့်ရှုမြင်မှုအား ကိုယ်စားပြုခြင်းမဟုတ်ကြောင်း ဇန်နဝါရီ ၂၁ရက်တွင် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MyanmarLabour Alliance - MLA) က ထုတ်ပြန်လိုက်သည်။

NUG  နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ထုတ်ပြန်သည့် တရုတ်မူဝါဒဆိုင်ရာကြေညာချက် အမှတ် (၇)၌" တရုတ်နိုင်ငံ၏စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့်အခြားလူမှုစီးပွားလုပ်ငန်းများ၏လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည်”ဟု ပါရှိရာ ၎င်းသည်MLA ကအဖွဲ့ဝင်အဖြစ် ပါဝင်သည့်အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့်NUG တို့၂၀၂၂ ခုနှစ် မေလက သဘောတူရေးဆွဲထားသည့်မဟာဗျူဟာစာတမ်းပါအချက်နှင့် ကွဲလွဲနေသည့်အတွက်ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ထို့ပြင်တရုတ်တနိုင်ငံတည်းမူဝါဒ(One China Policy) အားမြန်မာနိုင်ငံ၏ အမျိုးသားရေးမူဝါဒကဲ့သို့ထည့်သွင်းဖော်ပြထားခြင်းအပေါ်နွေဦးတော်လှန်ရေး၌ ပါဝင်သည်အင်အားစုအားလုံး မူဝါဒအဖြစ်သဘောတူနိုင်မည် မဟုတ်သည့်အတွက်ကန့်ကွက်ကြောင်းကိုလည်းထုတ်ပြန်ချက်၌ ပါရှိကာယင်းမူဝါဒများနှင့် ပတ်သက်၍ပိုမိုကောင်းမွန်သည်ဆွေးနွေးဖလှယ်မှုများပြုလုပ်နိုင်ရန် အဆင်သင့်ရှိကြောင်းလည်းဖော်ပြထားသည်။

တော်လှန်ရေးကာလအတွင်းအသုံးပြုမည့် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၂၃)အားချင်းပြည်နယ်အတွင်းရှိတော်လှန်ရေးအင်အားစုများကပြဌာန်းထားခြင်းအပေါ်ဥပဒေစိုးမိုးရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရင်းခံစနစ် ရှုထောင့်မှသုံးသပ်ချက်အား ဥပဒေအထောက်အကူပြုကွန်ရက်(Legal Aid Network) က ဇန်နဝါရီ ၁၉ ရက်တွင်  ထုတ်ပြန်လိုက်သည်။

ချင်းပြည်ဖွဲ့စည်းပုံပြဌာန်းမှုနှင့် ပတ်သက်၍သဘောထားအမြင်ကွဲပြားမှုများရှိသော်လည်း သမိုင်းမှတ်ကျောက်တင်ရမည့်နိုင်ငံရေးအရွေ့တစ်ခုဖြစ်သည်ဟု LAN ကသတ်မှတ်ထားကာ ချင်းပြည်လွှတ်တော်အား၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များဖြင့်သာဖွဲ့စည်းထားခြင်း၊ ဥပဒေအရပြည်နယ်အား ဝန်ကြီးချုပ်စနစ်ဖြင့်ဖွဲ့စည်းမည်ဖြစ်သော်လည်းအစိုးရအစား ချင်းပြည်နယ်ကောင်စီအားတာဝန်ခံစေခြင်း၊ လွတ်လပ်သည့်တရားစီရင်ရေးဆိုင်ရာအခြေခံအချက်များ လုံလောက်စွာပြဌာန်းထားမှုမရှိခြင်း မရှိသည့်အပြင်တရားသူကြီးချုပ်နှင့်တရားသူကြီးများအား ကောင်စီအားတာဝန်ခံစေခြင်းများသည်တိုင်းပြည်ယန္တရားနှင့်တိုင်းပြည် အဆောက်အအုံများအကြားဖွဲ့စည်းတည်ရှိမှုဆိုင်ရာရှုပ်ထွေးမှု ဖြစ်ပေါ်လာနိုင်ကြောင်းအပြင်အကြံပြုချက် ငါးရပ်ကိုလည်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကရင်ဘာသာစကား၊ယဉ်ကျေးမှု၊ သမိုင်းနှင့်ဝိသေသလက္ခဏာများအပြင်ဒေသန္တရအုပ်ချုပ်ရေးထိန်းသိမ်းမြှင့်တင်ရေးအတွက်လုပ်ဆောင်နေသည့် KarenTeacher Working Group – KTWG မှာလက်ရှိတွင် ကျောင်းပေါင်း၂,၁၆၇ကျောင်း တည်ထောင်ထားနိုင်ပြီဖြစ်ကာဆရာ/ဆရာမ၁၂,၀၃၅ဖြင့် လည်ပတ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

KTWG  အားမြန်မာနိုင်ငံရှိ ကရင် အပါအဝင်အခြားသော ဌာနေတိုင်းရင်းသားကလေးသူငယ်များ အရည်အသွေးမှီပညာရေးအား လက်လှမ်းမီနိုင်ရေးအတွက်၁၉၉၇ ခုနှစ်ကတည်းကစတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။KTWG သည်လက်ရှိတွင် မြန်မာပြည်အရှေ့ပိုင်းဒေသကျောင်းပညာရေးအစီအစဉ် (EasternBurma Community Schooling Project) ကိုလည်းအကောင်အထည်ဖော်နေကာကျောင်းသားပေါင်း ၄၈၇,၆၅၅ဦးအထိ ပညာသင်ကြားပေးထားနိုင်ပြီဖြစ်သည်။

ချင်းပြည်နယ်ဖွဲ့စည်းပုံ(၂၀၂၃)နှင့်ချင်းပြည်ကောင်စီ ပြဌာန်း၊ဖွဲ့စည်းမှုကြောင့်ချင်းတော်လှန်ရေးအင်အားစုများအကြားစစ်ရေးနှင့် နိုင်ငံရေးပဋိပက္ခများအထိဦးတည်စေနိုင်သည့် အခြေအနေများတွေ့ရှိနေရသည့် ချင်းလူထုဆန္ဒနှင့်အာဏာရှင်စနစ် ဖြုတ်ချရေးရည်မှန်းချက်ကို ရှေ့ရှုထားရန်နှင့်စုပေါင်းအဖြေရှာညှိနှိုင်းဆောင်ရွက်ကြရန်ပြည်တွင်းပြည်ပရှိ ချင်းအဖွဲ့အစည်း၃၉ ဖွဲ့နှင့် လူပုဂ္ဂိုလ်၅၄၅ ဦးတို့က အချက်လေးချက်ပါတိုက်တွန်းချက်အား ဇန်နဝါရီ၁၉ ရက်က ထုတ်ပြန်လိုက်သည်။

သဘောထားကွဲလွဲမှုသည်ချင်းမျိုးနွယ်စုနိုင်ငံရေးအားအကဲဆက်ထိရှစေကာ လူထုအတွက်နိုင်ငံရေးဦးဆောင်လမ်းပြမှုအားဝေဝါးစေနိုင်ကြောင်း၊နိုင်ငံရေးအရလက်ဦးမှုရယူခြင်းထက် အချင်းချင်းညှိနှိုင်း အသိအသိအမှတ်ပြုတန်ဖိုးထားမှုသည် အရေးကြီးကြောင်း၊ပြည်နယ်သစ်ဖွဲ့စည်းရေးအတွက်အခြေခံဥပဒေ ရေးဆွဲရာ၌ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်ရေးနှင့်ပြည်နယ်လူထု အမြင်သဘောထားများအားထည့်သွင်းစဉ်းစားမှုနှင့်အမျိုးသမီးများ ပါဝင်မှုအားအလေးထားသင့်ကြောင့်တိုက်တွန်းချက်၌ ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ညပိုင်းမှစ၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှု မရှိစေရေး၊ အငြင်းပွားဖွယ်ရာနှင့် ပစ်ခတ်မှုများ ဖြစ်ပေါ်ပါက တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့် အချက် (၃) ချက်ဖြင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) အကြား တရုတ်ကြားဝင်စေ့စပ်မှုဖြင့် သဘောတူအပစ်ရပ်လိုက်ကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ကြေညာထားသည်။


ဇန်နဝါရီ ၁၀-၁၁ ရက် နှစ်ဖက်အဖွဲ့များအကြား တတိယအကြိမ် ဆွေးနွေးမှုအဖြစ် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ပြုလုပ်ခဲ့ပြီးနောက် ဟိုင်ဂင်သဘောတူညီချက် (Haigeng Agreement) အရ မြောက်ပိုင်းမဟာမိတ်များအနေဖြင့် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီ စခန်းနှင့် ဗျူဟာကုန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှု မပြုလုပ်ရေးနှင့် စစ်ကောင်စီဘက်မှလည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ထိန်းချုပ်၊ သိမ်းယူထားသည့် နေရာများသို့ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု မပြုလုပ်ရေးတို့ ပါဝင်သည်။ ထို့ပြင် တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများ လုံခြုံရေးအား မထိခိုက်စေရန်နှင့် မဖျက်ဆီးရန်အချက်ကိုပါ သဘောတူညီခဲ့ကြသည်။

ထိန်းသိမ်းထားသည့်မြို့နယ်များအတွင်းအကြမ်းဖက်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့သည့် ဒေသခံမိဘပြည်သူများ၏အိုးအိမ်များ ပြန်လည်ထူထောင်ရေးအားကနဦး ဦးစားပေးအဆင့်အဖြစ်ဆောင်ရွက်မည် ဖြစ်ကြောင်းပလောင်င်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ဥက္ကဌဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းကဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သည့်(၆၁)နှစ်မြောက်တအာင်းတော်လှန်ရေးနေ့ဂုဏ်ပြုမိန့်ခွန်း၌ထည့်သွင်းပြောဆိုထားသည်။

လူမျိုးစုPSLF/TNLA သည်နိုင်ငံရေး အန္တိမပန်းတိုင်အဖြစ်အချက် (၃)ချက်ချမှတ်ထားကာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့်ပူးတွဲဖော်ဆောင်နေသည့် ၁၀:၂၇စစ်ဆင်ရေးပန်းတိုင်ဖြစ်သည့်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ပြည်သူလူထု အသက်အိုးအိမ်ကာကွယ်နိုင်ရေးနှင့် မိမိဒေသအားပိုမိုထိန်းချုပ်နိုင်ရေးအတွက်စစ်အာဏာရှင်စနစ်အား တော်လှန်နေသည့်ပြည်သူများနှင့်ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်းဂုဏ်ပြုမိန့်ခွန့်၌ ပါရှိသည်။

“သင်္ချိုင်းတံခါးဝရောက်စစ်အာဏာရှင်စနစ်"ခေါင်းစဉ်ဖြင့်လူ့ဘောင်သစ်ဒီမိုကရစ်တစ်ပါတီ(DPNS) က၎င်းတို့၏ နိုင်ငံရေးအမြင်သဘောထားအား၁/၂၀၂၄ဖြင့် ဇန်နဝါရီ ၁၂ ရက်တွင်ထုတ်ပြန်ထားရာ နွေဦးတော်လှန်ရေးသည်လူမျိုးစုံပြည်သူများဖောက်ထားသည့် လမ်းဖြစ်ကာတော်လှန်ရေးတိုက်ပွဲ၏ရပ်တည်ချက် နှင့် တိမ်းညွှတ်မှုအားမည်သည့်အင်အားစုမျိုးမှလမ်းလွှဲမှု၊ သွေဖီမှုမျိုးမှကျော်လွန်၍ မဖြစ်နိုင်ဟုဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ်အတွင်းတပ်တွင်းအကျပ်အတည်းများပေါ်ပေါက်နေကာ ၎င်းအားလျော့ချရေးအတွက် လူမျိုးစုချင်းပဋိပက္ခများ ရှုပ်လာမည်ဆိုသည့်အသုံးအနှုန်းဖြင့် စစ်ဘုရင်ဝါဒခြိမ်းခြောက်မှုများရှိလာနေကြောင်း၊ စစ်အာဏာရှင်စနစ်သုတ်သင်သည့် တိုက်ပွဲ၌စစ်အာဏာရှင်စနစ်ထက်ပိုခေတ်နောက်ကျသည့်မည်သည့်စနစ်မျိုး၊မည်သည့်တိမ်းညွှတ်မှုများကိုမဆိုခေါင်းဆောင်ခွင့်ပေးမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ပါရှိသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့ကဇန်နဝါရီ ၅ ရက်တွင်အကြမ်းဖက်စစ်အုပ်စုလက်မှတိုက်ခိုက်သိမ်းယူထားသည့်ဟိုပန်နှင့် ပန်လုံဒေသနှစ်ခုအားဇန်နဝါရီ ၁၀ ရက်တွင် "ဝ"ပြည်နယ်ပြည်သူ့အစိုးရထံသို့ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ်သည်။

ယင်းဒေသများသည်"ဝ"လူမျိုးပိုင်မြို့များဖြစ်ကာ၁၉၉၀ ခုနှစ် ဗိုလ်ချုပ်စောမောင်လက်ထက်UWSA ထံလွှဲပြောင်းရန် ကျန်ရှိခဲ့သည့်မြို့များလည်း ဖြစ်သည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရဟိုပန်မြို့သည် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့တော်ဖြစ်ကာ ၃၄ နှစ်ကြာပြီးမှ"ဝ"လက်အောက်သို့ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

စစ်ကိုင်း၊ရှမ်းမြောက်အပါအဝင်နိုင်ငံ့နေရာအနှံ့အကြမ်းဖက်စစ်အုပ်စုကကျူးလွန်နေသည့် ဆိုးဝါးသည့်စစ်ရာဇဝတ်မှုနှင့်လူမျိုးသုဉ်းသတ်ဖြတ်မှုများအားအစိုးရနှင့် အဖွဲ့အစည်းအကျိုးစီးပွားအတွက်နှုတ်ဆိတ်နေမှုအား ရပ်တန့်ကာဖိအားပေးဆန့်ကျင်ကန့်ကွက်ရုံသာမကနိုင်ငံတကာ ယန္တရားများ၌တရားစွဲဆို အပြစ်ပေးနိုင်ရေးဝိုင်းဝန်းကြိုးပမ်းစေလိုကြောင်းအထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB) ကဇန်နဝါရီ ၈ ရက်တွင်သဘောထား ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်စစ်အုပ်စုမှာလေကြောင်း၊မှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ပြည်သူ ဆယ်နှင့်ချီအားတပြိုင်နက်တည်းမီးရှို့သတ်ဖြတ်ခြင်းကဲ့သို့သောစစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်းအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကျူးလွန်ခြင်းများအားဆက်တိုက်လုပ်နေကာ သေဆုံးသည့်အရေအတွက်များကိုပင်တုန်လှုပ်မှုမရှိဘဲ လျစ်လျူရှုလျက်ရှိသည်ကို ရင်နာဖွယ်မြင်တွေ့နေရပြီး နစ်နာခဲ့သူများအတွက်ထိရောက်အကျိုးရှိသည့်ပံ့ပိုးကူညီမှုများပြုလုပ်ပေးကြရန်လည်း GSCBကတိုက်တွန်းတောင်းဆိုထားသည်။

အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံ ပထမမူကြမ်းအားရေးဆွဲ မှတ်တမ်းတင်ထားပြီးကြောင်းဇန်နဝါရီ ၆ ရက်ကပြုလုပ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဒုတိယဗဟိုကော်မတီ၏ကြားကာလ တတိယအကြိမ် အစည်းအဝေအပြီးထုတ်ပြန်လိုက်သည်

အစည်းအဝေးအားဗဟိုသဘာပတိအဖွဲ့ဝင် မန်းဂျော်နီကသဘာပတိအဖြစ် ပါဝင်ပြီးဗဟိုကော်မတီဝင် ၄၀ ဦး၊အရံဗဟိုကော်မတီဝင် ၁၃ ဦး၊တိုင်းနှင့် ပြည်နယ်အလုပ်အမှုဆောင် ၂၃ ဦး၊ဗဟိုရေးရာကော်မတီ ၁၇ ဦးဖြင့်ပြုလုပ်ခဲ့ရာ ဆုံးဖြတ်ချက်(၈)ချက်ချမှတ်ခဲ့သည့်အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပထမမူကြမ်းအား ရေးဆွဲမှတ်တမ်းတင်ထားကြောင့်ကြေညာချက်၌ ပါရှိသည်။

တည်ထောင်မှုသက်တမ်းနှစ်နှစ်ခွဲကျော်ရှိလာပြီဖြစ်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA) က၎င်းတို့ ကျင့်သုံးမည့်နိုင်ငံရေးနှင့် စစ်ရေးမူဝါဒအားဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးမူဝါဒ၌နိုင်ငံရေး၊ လုံခြုံရေး၊အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု၊ လူမှုရေးတရားမျှတမှုဟူ၍မူဝါဒများအား သီးခြားစီထည့်သွင်းထားကာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရာ၌ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ်ဗမာဖက်ဒရယ်ယူနစ် (သို့မဟုတ်)ဗမာပြည်/ဗမာပြည်နယ်ပါဝင် တည်ဆောက်ရေးအား မူဝါဒအဖြစ်ထည့်သွင်းထားသည်။

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီး တစ်နှစ်ခွဲအကြာ အပြောင်းအလဲနှင့် စိန်ခေါ်မှုများအပေါ် နိုင်ငံအနှံ့ရှိ အမျိုးသမီးခေါင်းဆောင်များ၏ ခံယူချက်များအား "Building The Triple Resistance” အမည်ဖြင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

စစ်တမ်း၌ အာဏာသိမ်းမှုကြောင့် ပုဂ္ဂိုလ်ရေးအရ သက်ရောက်မှု၊ ပါဝင်မှုပုံစံသစ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုပုံစံသစ်များ၊ အမျိုးသားသာ ပါဝင်လေ့ ရှိသည့် နယ်ပယ်၌ အမျိုးသမီးများ ပါဝင်လာမှု၏ အကျိုးအမြတ်၊ အပြောင်းအလဲများနှင့်အတူ အမျိုးသမီးအဖွဲ့အစည်းများအတွင်း လိုက်လျောညီထွေဖြစ်အောင် ပြန်လည်တည်ဆောက်ခြင်း၊ အမျိုးသမီးများအတွက် ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စရပ်များ စသဖြင့် ကဏ္ဍများခွဲ၍ စစ်တမ်း၌ ဖော်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက် လူငယ်များ ကြုံတွေ့နေရသည့် အကျပ်အတည်းနှင့် စိန်ခေါ်မှု ၁၅ ချက်အား နယ်ပယ် ၁၃ ခုတွင် ပါဝင်လှုပ်ရှားနေသည့် လူငယ်များက  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ၊ ဖက်ဒရယ်ကောင်စီများနှင့် လူမျိုးစုတော်လှန်ရေးအင်အားစုများအား လိပ်မူ၍ အိတ်ဖွင့်ပေးစာ ထုတ်ပြန်လိုက်သည်။

အဆိုပါ အကျပ်အတည်းနှင့် စိန်ခေါ်မှုများမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ နယ်ပယ် ၁၃ ခုမှ လူငယ် ၈၀ ကျော် ပါဝင်ခဲ့သည့် "တော်လှန်လူငယ်တွေ့ဆုံပွဲ" မှ ထွက်ပေါ်လာသည့် ရလဒ်ဖြစ်ကာ ၎င်းတို့အား ဖြေရှင်းသင့်သည့် အဆိုပြုနည်းလမ်း ၁၈ ချက်ကို အဆိုပါ အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။

စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) ဖွဲ့စည်းနိုင်ရေးအတွက် ကိုယ်စားလှယ်အဖွဲ့အား အစုအဖွဲ့ ငါးခုမှ ကိုယ်စားလှယ် ၃၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်အား ဇန်နဝါရီ ၃ ရက်မှ ၅ ရက်အထိ ပြုလုပ်ပြီးနောက် နိုင်ငံရေး၊ စစ်ရေး၊ လူသားချင်းစာနာထောက်ထားရေး၊ လူမျိုးစုနှင့် ၂၀၂၀ ရွေးကောက်ခံ စသည့ အစုအဖွဲ့ ငါးခုမှ ကိုယ်စားလှယ်များအား ဖိုရမ်မှ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ဖြစ်ကာ လတ်တလောတွင် ၂၀၂၀ ရွေးကောက်ခံအစုအဖွဲ့များနှင့် ပါဝင်နိုင်သေးခြင်း မရှိပေ။

ပထမအကြိမ် ဖိုရမ်၌ တိုင်းအတွင်းရှိ အင်အားစုများ စုပေါင်းထားသည့် အစုအဖွဲ့ ပေါ်ပေါက်ရေးဟူသည် နိုင်ငံရေးရည်မှန်းချက် ချမှတ်ထားကာ ယင်းရည်မှန်းချက် အကောင်အထည်ဖော်သည့်အနေဖြင့် ဒုတိယအကြိမ် ညီလာခံ၌ စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) ဖွဲ့စည်းရေး မူဘောင်များအား ပြင်ဆင်ဖြည့်စွက်၊ အကြံပြုချက်များဖြင့် အတည်ပြုလိုက်ပြီလည်း ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးအား လုံးဝရပ်စဲမည် မဟုတ်ဘဲ ရှမ်းပြည်နယ် အထူးဒေသ (၁) အာဏာရရေးသည် မိမိတို့၏ အမျိုးသားရေးလုပ်ငန်းစဉ် ပထမခြေလှမ်းဖြစ်ကာ "အထူးဒေသ (၁) အခြေခံဥပဒေ" ကို အခြေခံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအား ကြိုးပမ်းအားထုတ်မည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) စစ်ဦးစီးချုပ်နှင့် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်တဲရင်၏ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာ၌ ဖော်ပြထားသည်။

စစ်တိုက်ခြင်းသည် ၎င်းတို့၏ ရည်မှန်းချက်မဟုတ်ဘဲ စစ်ရေးမှတစ်ဆင့် နိုင်ငံရေးရည်မှန်းချက်အား ဖော်ဆောင်ခြင်းဖြစ်ပြီး အမျိုးသားတန်းတူရေး၊ လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကောင်အထည် ဖော်နေခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် အထူးဒေသ (၁) ပြန်လည်ထူထောင်ရေးအတွက် အရေးကြီးသည့် အချိန်ကာလလည်း ဖြစ်ကြောင်းလည်း နှစ်ကူးသဝဏ်လွှာ၌ ထည့်သွင်းပြောဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ထားကာ တရုတ်နိုင်ငံ၏ တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံ ကျင့်သုံးမည်ဖြစ်ပြီး စစ်မှန်သည့် "ဆွေမျိုး - ပေါက်ဖော်" ဆက်ဆံရေး တည်ဆောက်သွားမည် ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ၁/၂၀၂၄ ဖြင့် ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်လိုက်သည်။

နှစ်နိုင်ငံကြား လူမှုစီးပွားအရ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို အစဉ်သဖြင့် ထိန်းသိမ်း၊ မြှင့်တင်ဆောင်ရွက်မည် ဖြစ်ကာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်မီ နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်များအပါအဝင် နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကို မြန်မာနိုင်ငံမှ တာဝန်ယူဆက်ခံမည်ဟုလည်း ကြေညာချက်၌ ပါရှိသည်။

ချင်းပြည်နှင့် ချင်းအမျိုးသားရေး၌ နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရန်အတွက် ဇိုမီးဖက်ဒရယ် အစည်းအရုံး (Zomi Federal Union) ၊ ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization) ၊ ချင်းအမျိုးသားကောင်စီ - မင်းတပ် (Chin National Council – Mindat) တို့ ပေါင်းကာ "ချင်းညီနောင်" အဖွဲ့ ဖွဲ့စည်းကြောင်း ဒီဇင်ဘာ ၃၀ ရက်က ကြေညာလိုက်သည်။

၎င်းတို့သည် ချင်းပြည်နယ်နှင့် ချင်းတစ်မျိုးသားလုံးဆိုင်ရာကိစ္စရပ်များ၌ ဘုံသဘောတူညီချက်ဖြင့် ပူးပေါင်းပါဝင်ကြမည်ဟု ထုတ်ပြန်ထားကာ ၎င်းတို့၏ ဘုံသဘောတူညီချက်ဖြင့် ကိုက်ညီသည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့်လည်း ချင်းပြည်အရေးသာမက ပြည်ထောင်စုအရေးကိစ္စများ၌ပါ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မည်ဟု ကြေညာချက်၌ ပါရှိသည်။

၂၀၂၄ ခုနှစ်တွင် တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရရှိရေး ကြိုးပမ်းနေသည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲ ထုတ်ပြန်လိုက်သည်။

၂၀၂၃ ခုနှစ်သည် စစ်ရေးအရ သိသာထင်ရှား၍ လက်တွေ့ကျသည့် အောင်မြင်မှုများ ရရှိခဲ့သည့် နှစ်ဖြစ်ကာ လက်ရှိတွင် အကြမ်းဖက်စစ်အုပ်စု၏ အရေးပါသည့် စစ်စခန်းအများအပြားကို သိမ်းပိုက်ထားပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရရှိရေး ကြိုးပမ်းနေကာ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံတစ်ရပ် ပေါ်ပေါက်ရေး၊ တော်လှန် ရေးအလွန် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး၊ ညီညွတ်ရေး ပိုမို အားကောင်စေရေး အထူးသတိထား ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ကြေညာချက်၌ ပါရှိသည်။

ထို့အပြင် ဒေသတွင်းလုံခြုံရေးကိစ္စ၊ စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနထောက်ထားမှုအကူအညီများပေးအပ်ခြင်း၊ ပဋိပက္ခအတွင်း အရပ်သားများကို ကာကွယ်စောင့်ရှောက်မှုပေးခြင်းအကြောင်းအရာများကိုလည်း ပူးတွဲထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

မြေပြင်၍ တော်လှန်ရေး အပြီးသတ် အောင်ပွဲခံနိုင်ရေး ဦးစားပေးဆောင်ရွက်ရမည် တော်လှန်ရေးဆိုင်ရာ ကိစ္စများအပြင် တိုင်းအတွင်း အစုအဖွဲ့အားလုံး လက်ခံနိုင်သည့် နိုင်ငံရေးသဘောတူညီမှု ရရှိအောင်  ဆက်လက်ကြိုးပမ်းလိုခြင်းများကြောင့် စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့မှ နုတ်ထွက်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဒီဇင်ဘာ ၂၈ ရက်တွင် ကြေညာလိုက်သည်။

ဦးဆောင်ကော်မတီအနေဖြင့် မျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအကြား လက်ရှိကာလ နိုင်ငံရေးသဘောတူညီချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် - FDC ထက် ပိုမိုအားကောင်းခိုင်မာသည့် ဘုံနိုင်ငံရေးသဘောတူညီချက်နှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးအတွက် တက်ကြွစွာ ပူးပေါင်း ကြိုးပးမ်း အားထုတ်သွားမည်ဟုလည်း ကြေညာချက်၌ ပါရှိသည်။

ကရင့်ပြည်သူ့တပ်မတော် ( Kawathoolei Army – ကော်သူးလေ) လက်အောက်ခံ စစ်ကြောင်းဖြစ် ရပ်တည်ခဲ့ရာမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှစ၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ကွပ်ကဲမှုအောက်သို့ တရားဝင် ကူးပြောင်းပြီ ဖြစ်ကြောင်း Lion Battalion Commando စစ်ကြောင်းက ထုတ်ပြန်လိုက်သည်။

စစ်ကြောင်းမှူး ဗိုလ်အယ်စေးဝါး အမည်ဖြင့် ထုတ်ပြန်သည့် ယင်းကြေညာချက်၌ ရှေ့ဆက်လုပ်ဆောင်မည့် စစ်ရေးတာဝန်များအား KNLA တပ်မဟာ (၆) ၏ ကွပ်ကဲမှုအောက်တွင် KNLA စည်းမျည်းစည်းကမ်းများ နှင့်အညီ အာဏာရှင်စနစ် ကျဆုံးရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပါရှိသည်။

ကဏ္ဍ ၁၂ ခုမှ နိုင်ငံရေးအင်အားစုများဖြင့် စုဖွဲ့ထားသည့် ဧရာဝတီဖက်ဒရယ်ကောင်စီအား ထပ်မံပါဝင်လာသည့် အင်အားစု နှစ်ခုနှင့် ပူးပေါင်းကာ "ဧရာဝတီ ဖက်ဒရယ်အင်အားစု" (Ayeyarwaddy Federal Force – AFF) ဟု ပြောင်းလဲကြောင်း ကြေညာချက်အမှတ် (၁/၂၀၂၃) ဖြင့် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

ကောင်စီအား ၂၀၁၂ ခုနှစ်ကတည်းက ဖွဲ့စည်းထားကာ ဧရာဝတီအမျိုးသားပြည်နယ် ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲလုပ်ငန်းများ လုပ်ဆောင်နေခြင်းဖြစ်ကာ နိုင်ငံရေးရည်မှန်းချက်အဖြစ် အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် ဧရာဝတီပြည်နယ်ဖွဲ့စည်းပုံမူကြမ်း ပေါ်ပေါက်ရေးတို့ ချမှတ်ထားသည်။

အကြမ်းဖက်စစ်အုပ်စုက အရပ်သားများအပေါ် ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်နေမှုများအား နိုင်ငံတကာ အစိုးရများ သိစေရေးအတွက် လေယာဉ်ဆီဖြတ်တောက်ရေး အဖြူရောင်ကမ်ပိန်း "Ban Jet Fuel – White Campaign” အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါဝါရီလအထိ (အပတ်စဉ် တနင်္လာနေ့တိုင်း) ပြုလုပ်သွားရန် မြန်မာ့ဒီမိုကရေစီအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။

တနင်္လာနေ့တိုင်း၌ အဖြူရောင်အိင်္ကျီ၊ အဖြူရောင်အမှတ်အသားပါသော အဝတ်အထည်များ ဝတ်ဆင်ခြင်းဖြင့် ကမ်ပိန်း၌ ပါဝင်ရန် နှိုးဆော်ထားကာ နိုင်ငံတကာအနေဖြင့်လည်း စစ်အုပ်စုထံ လေယာဉ်ဆီ တင်သွင်းရောင်းချနေမှုများအား တားဆီးပိတ်ဆို့ အရေးယူပေးရန်နှင့် လေယာဉ်ဆီ ရောင်းချပေးနေသည့် နိုင်ငံတကာကုမ္ပဏီများအနေဖြင့် ရောင်းချမှုအား ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးအဖြစ် ကိုယ်စားပြုသူ ရွေးချယ်ရေးအား ကုလစိစစ်ရေးကော်မတီက ဆိုင်းငံ့လိုက်သည့်အတွက် လက်ရှိအသိအမှတ်ပြုခံထားရသူ ဦးကျော်မိုးထွန်းမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်ရှိနေမည် ဖြစ်သည်။

၂၀၂၃ ခုနှစ် သြဂုတ်လ ၁၆ ရက်က ဦးကျော်မိုးထွန်းနှင့် အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဌာနဘက်က အမည်စာရင်းတင်သွင်းထားခဲ့ရာ ကိုယ်စားလှယ်ရွေးချယ်ရေးကော်မတီက ဒီဇင်ဘာ ၆ ရက်တွင် အစည်းအဝေးပြုလုပ်ပြီးနောက် မြန်မာအပါအဝင် အာဖဂန်နစ္စတန်နိုင်ငံများ၏ ကိုယ်စားပြုမှုအရေးကို ဆိုင်းငံ့ထားရန် ကော်မတီဥက္ကဋ္ဌ Ms. Jane Mugafalu Kabui က အဆိုပြုခဲ့ မဲမခွဲဘဲ အတည်ပြုခဲ့သည်အတွက် ရှိရင်းစွဲ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းမှာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်ရှိနေဦးမည် ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်မှုများ ကာကွယ်ရန် ချင်းအမျိုးသားတပ်ဦး - CNF ၊ မြို့နယ်ကာကွယ် ရေးတပ်ဖွဲ့ ကိုးဖွဲ့၊ ဒေသကာကွယ်ရေးအဖွဲ့ ခုနစ်ဖွဲ့၊ CDF KKG ၊ စုစုပေါင်း ၁၈ ဖွဲ့ဖြင့် ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်းက စတင်ပူးပေါင်းဖွဲ့စည်းထားသည့် Chinland Joint Defense Committee – CJDC  အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ – ၁၆ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးအပြီး ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

ချင်းပြည်နယ်ကောင်စီဥပဒေအရ ချင်းပြည်နယ်အစိုးရအောက်၌ ကာကွယ်ရေးတပ်တစ်ခုတည်းရှိရမည် ဖြစ်သည့်အတွက် ထိုသို့ ဖျက်သိမ်းလိုက်ခြင်းဖြစ်ကာ လက်ရှိအဖွဲ့အစည်းများအတွင်းမှ ၁၄ ဖွဲ့မှာ ကောင်စီ၌ ပါဝင်ရန် အလားအလာ ရှိကာ ကျန်အဖွဲ့များမှာမူ သီးခြားရပ်တည်ဖွယ် ရှိသည်။ CJDC အစည်းအဝေးသို့ အဖွဲ့ဝင် ဖြစ်သည့် CDF-Daai ကမူ တက်ရောက်ခဲ့ခြင်း မရှိပေ။

မြန်မာပြည်သူတစ်ရပ်လုံး ထောက်ခံ၊ ပါဝင်၊ ဆင်နွှဲနေသည့် မြန်မာ့နွေဦး တော်လှန်ရေးသည် ဖက်ဆစ် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ပြည်သူ့ကိုယ်စားပြု ဒီမိုကရေစီအစိုးရစနစ် ပေါ်ထွန်းရေး၊ လူမျိုးပေါင်းစုံ တန်းတူရည်တူရှိသည့် ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို ရှေးရှုကာ တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံတစ်ရပ်ရပ်၏ အကျိုးစီးပွားကို ထိခိုက်နစ်စေမှု လုံးဝ ဖြစ်စေမည် မဟုတ်သည့် ပြည်သူတော်လှန်ရေးသာ ဖြစ်ကြောင်း  တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိထံ လိပ်မူ၍ ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာလူထုအခြေပြုနှင့် တော်လှန်ရေးအဖွဲ့အစည်း ၂၂၅ ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။

ယခု အိတ်ဖွင့်ပေးစာသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ဘုံအကျိုးစီးပွားများ ထိန်းသိမ်းမြှင့်တင်ရေး၊ စစ်မှန်သည့် "ဆွေမျိုးပေါက်ဖော်" ဆက်ဆံအား တည်ဆောက်နိုင်ရန် မျှော်ရည်ကြောင်းနှင့် မင်းအောင်လှိုင် ခေါင်းဆောင်သည့် ဖက်စစ် စစ်အုပ်စု၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကာ မြန်မာပြည်သူတစ်ရပ်လုံး၏ အသံနှင့် သဘောထားဆန္ဒကို အလေးထားရန် တောင်းဆိုထားသည်။

မုံရွာထောင်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ မတရားပုဒ်မ တပ်၍ ထောင်သွင်းအကျဉ်းကျခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား ထောင်အာဏာပိုင်များက စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ပြုလုပ်နေသည့်အပေါ် ချက်ချင်းရပ်တန့်ရန် သတိပေးလိုက်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်လိုက်သည်

ထောင်အတွင်းရှိ နိုင်/ကျဉ်းများ၏ ကိုယ်ပိုင်ပစ္စည်းများအား ဖျက်လို့ဖျက်ဆီး ပြုလုပ်ခြင်းသည့်အပြင် ထောင်တာဝန်ခံအရာရှိ ဇော်မြင့်ဦးနှင့် ဦးစီးမှူး တင်အောင်ဆန်းဝင်းတို့အား တွေ့ဆုံပြောကြားသော်လည်း ထောင်ပိုင်ရုံးခန်းသို့ ခေါ်ယူ၍ ရိုက်နှက်ခံရခြင်း၊ ခြိမ်းခြောက်ခြင်း၊ ထောင်ဝင်စာဌာန၌လည်း နိုင်/ကျဉ်းမိသားစုဝင်များ ထောင်ဝင်စာပို့သည့်အခါ အကြောင်းမဲ့ ငေါက်ငမ်းအော်ဟစ်ခြင်းနှင့် ပြဿနာရှာခြင်းများ ရှိနေကြောင်း၊ ၎င်းတို့အား မှတ်တမ်းတင်ထားကာ ပြန်လည်တရားစွဲဆိုသွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စု လိုအပ်သည့် လေယာဉ်ဆီနှင့် စစ်ဘက်/အရပ်ဘက် နှစ်မျိုးသုံး လောင်စာရရေးအတွက် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှ ဝယ်ယူရေးအတွက် ငွေကြေးလွှဲပြောင်းမှုနှင့် လောင်စာဆီတဆင့်သိုလှောင်ပေးမှု၌ ပါဝင်သည့် ကုမ္ပဏီများ၊ ရေကြောင်းအာမခံနှင့် သင်္ဘောအေဂျင်စီများအနေဖြင့် စီးပွားရေးပိတ်ဆို့ထားမှုအပေါ် ချိုးဖောက်သည့်အတွက် ပြစ်ဒဏ်ခတ်မှု ချမှတ်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)  ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်

တောင်းဆိုချက်၌ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း စစ်အုပ်စုထံ လောင်စာတင်သွင်းပို့ဆောင်သည့် ဆီသယ်သင်္ဘော ၁၂ စင်း၏ စာရင်းကိုပါ ပူးတွဲဖော်ပြထားကာ အပြည်ပြည်ဆိုင်ရာမှ ဒဏ်ခတ်ခြင်းကို ညှိနှိုင်းကျင့်သုံးမှုသည် အကြမ်ဖက်စစ်အုပ်စု၏ ကျဆုံးခန်းသို့ လျင်မြန်စွာ ရောက်ရှိစေကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ လမ်းခင်းပေးရာ ရောက်ကြောင်း၊ စစ်အုပ်စုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုဆိုင်ရာ စည်းမျဉ်းများ ချိုးဖောက်သူအဖြစ် ပါဝင်ပတ်သက်သည့် ကုမ္ပဏီများအား ပြစ်ဒဏ်ချမှတ်ကျင့်သုံးရန် ပါရှိသည်။

နှစ်ဖက်ခေါင်းဆောင်းများ ဆွေးနွေးပြီးနောက် မွန်ပြည်တော်လှန်ရေးတပ် (Mon State Revolutionary Force – MSRF) အား မွန်ပြည်ဖက်ဒရယ်ကောင်စီ (Mon State Federal Council – MSFC) တပ်အဖြစ် ပြောငးလဲရပ်တည်ကာ ဆက်လက်တိုက်ပွဲ သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်က ထုတ်ပြန်လိုက်သည်

MSFC ၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုကို ခံယူကာ ပြည်နယ်တပ်အဖြစ် ရပ်တည်မည်ဖြစ်ကာ စစ်ဘက်ရေးရာလိုအပ်ချက်များကိုလည်း MSFC က တာဝန်ယူဖြည့်ဆည်းသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

CDM လှုပ်ရှားမှု၌ ပါဝင်သည့် ကျောင်းသား/သူ များအတွက် တရားမျှတမှု ပြန်လည်ရှာဖွေရေးမှာ အရေးကြီးကာ ၎င်းတို့၏ ပညာရေးအခွင့်အလမ်း၊ ပညာရေးအာမခံချက်၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် မူဝါဒတစ်ရပ်အား ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် ရေးဆွဲအတည်ပြုပေးစေလိုကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် သက်ဆိုင်သူအားလုံးအား အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (BEGSC-CEC) က ဒီဇင်ဘာ ၁၄ ရက်တွင် တိုက်တွန်းထုတ်ပြန်ထားသည်။

လက်ရှိတွင် CDM နှင့် အခြားသော CDM အစုအဖွဲ့များနှင့် ပတ်သက်သည့် မူဝါဒများ ရှိလာပြီ ဖြစ်ကာ ယင်းမူဝါဒများ၌ CDM ကျောင်းသားဟူသည့် စကားရပ်ပါဝင်သော်လည်း သီးခြားကဏ္ဍ ပြဋ္ဌာန်းထားခြင်းများ မရှိပေ။

နွေဦးတော်လှန်ရေးကာလအတွင်း ချင်းပြည်နှင့် ချင်းလူမျိုးကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများ ဦးစီး ဆောင်ရွက်ရေးအတွက် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Council – ICNCC) ကို ချင်းအမျိုးသားတပ်ဦး (CNF)၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကာ စစ်အုပ်စုအား ဆန့်ကျင်နေသည့် နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်း၊ သပိတ်အင်အားစု၊ အရပ်ဘက် အဖွဲ့အစည်း၊ လူငယ် အမျိုးသမီးများဖြင့် ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်တွင် စတင်ဖွဲ့စည်းသည်။စတင်ဖွဲ့စည်းခင်ကတည်းကပင် ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းရန်နှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများကို ကိုင်တွယ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် လည်း အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ်လည်း ပါဝင်လျက်ရှိသည်။

၂၀၂၁ ခုနှစ်၊ မေလတွင် အစိုးရပေါ်ပေါက်ရေးအတွက် ချင်းပဋိဉာဉ်ရရှိရေးအတွက် ချင်းပဋိဉာဉ်မူကြမ်း ရေးဆွဲရေးကော်မတီ ဖွဲ့ စည်းကား Single text drat ရရှိရေး၊ ရရှိလာသည်ကို ချင်းတော်လှန်ရေးအင်အားစုများနှင့် ကျယ်ပြန့်စွာ ဆွေးနွေးအတည်ပြုနိုင်ရေး ဆောင်ရွက်နေကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ် ဧပြီ ၄ ရက်တွင် CNF ဗဟိုအလုပ်မှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက် ၂ (က) အရ ကောင်စီမှ နုတ်ထွက်ကြောင်း ICNCC သို့ အကြောင်းကြားခဲ့သည်။

CNF သည် ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း (၁၀၈) ဦး ဖြင့် Pre-Plenary Meeting for Chinland Council ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ မှ ၉ ရက်အထိ ပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံမှုအတွင်း တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (Chinland Constitution) ပေါ်ပေါက်ရေး၊ ချင်းပြည်ကောင်စီ (Chinland Council) ဖွဲ့စည်းရေး၊ ချင်းပြည် (Chinland) ၏ မဏ္ဍိုင်သုံးရပ် ဖွဲ့စည်းထူ ထောင်ရေးအတွက် ညီလာခံခေါ်ယူကျင်းပရန် သဘောတူခဲ့ကာ ညီလာခံဖြစ်မြောက်ရေး Working Committee for Chinland Council Conference (WCCCC) ကို ဖွဲ့စည်းခဲ့သည်။WCCCC သည် ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲခြင်းကို ဆောင် ရွက်ခဲ့သည်။

ချင်းပြည်တည်ထောင်ရေး၌ ပြည်နယ်အတွင်းရှိ အစုအဖွဲ့အသီးသီး စုံလင်စွာ ပါဝင်သော ဆွေးနွေးဆုံးဖြတ်ချက် မပါဘဲ ဆောင်ရွက်ခြင်းသည် မလိုလားအပ်သည့် ပဋိပက္ခများအား အစပျိုးရာ လမ်းကြောင်းတစ်ခုသို့ ရောက်ရှိစေမည်ကို စိုးရိမ်ကြောင်းနှင့် အားလုံးပါဝင်အောင် လုပ်ဆောင်ပြီးမှ ညီလာခံခေါ်သင့်ကြောင်း အလုပ်ကော်မတီထံ နိုဝင်ဘာ ၂၀ ရက် တွင် ကန်ပက်လက် မြို့နယ်ကောင်စီက သဘောထားပေးပို့ခဲ့သည်

ညီလာခံသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် တန်းတူညီမျှမှု မရှိသောကြောင့် ချင်းအမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးကို ကိုယ်စားပြု ဖော်ဆောင်နိုင်မည်မဟုတ်ဟု သုံးသပ်သည့်အတွက် ညီလာခံတက်ရောက်မည် မဟုတ်ကြောင်း ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC-Mindat/CDF-Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့က ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

WCCCC ၏ ဦးဆောင်မှုဖြင့် CNF ဌာနချုပ်ရှိရာ ဗစ်တိုးရီးယားစခန်း၌ ချင်းပြည် (Chinland Council) ညီလာခံအား ဒီဇင်ဘာ ၄ – ၇ ရက်အထိ ပြုလုပ်ခဲ့သည်။ အစုအဖွဲ့ ကိုယ်စားပြုသူများအပါအဝင် ပြည်တွင်းပြည်ပ ဧည့်သည် ၂၃၅ ဦး ပါဝင်သည့် ယင်းညီလာခံက ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုလိုက်သည်။

တစ်ပြိုင်နက်တည်းပင် ယင်းအစုအဖွဲ့ သုံးခုမှ ကိုယ်စားလှယ် ၁၄၀ ဦးဖြင့် ကောင်စီအား လည်းကောင်း၊ ၂၃ ဦး ဖြင့် ကောင်စီ ဦးဆောင်အဖွဲ့အားလည်းကောင်း ဖွဲ့စည်းခဲ့ကာ ကောင်စီသည် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရန်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအား ရည်မှန်းချက်အဖြစ် ထားရှိကာ ကောင်စီဖွဲ့စည်းပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်နယ်လွှတ်တော်၊ ပြည်အစိုးရအဖွဲ့  နှင့် ပြည်နယ်တရားလွှတ်တော်ချုပ်တို့အား ဖွဲ့စည်းသွားမည်ဟု ကောင်စီက ကြေညာချက် ၁/၂၀၂၃ ဖြင့် ထုတ်ပြန်လိုက်သည်။

ပုံ။ အဓိကကျသော အဖြစ်အပျက်များ၏ အချိန်ဇယား။

ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များ

အတည်ပြုလိုက်သည့် ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း (၁၀) ခန်း ပါရှိသည်။ ၎င်းတို့မှာ (၁) အခြေခံမူ (၂) ချင်းပြည် (Chinland) ဖွဲ့စည်းတည်ဆောက်ပုံ (၃) ချင်းပြည် (Chinland) ကောင်စီ (၄) ဥပဒေပြုရေး (၅) အုပ်ချုပ်ရေး (၆) တရားစီရင်ရေး (၇) ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (၈) ဒေသန္တရအုပ်ချုပ်ရေး (၉) ရွေးကေက် တင်မြှောက်ခြင်း (၁၀) အထွထွေပြဋ္ဌာန်းချက်များ တို့ ဖြစ်သည်။

ကောင်စီဦးဆောင်အဖွဲ့ဝင်များသည် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) အပြင် ပြည်နယ် အစိုးရ၊ လွှတ်တော်၊ တရားလွှတ်တော်ချုပ်နေရာများ၌ တာဝန်ထမ်းဆောင်ခွင့်မရှိဟု ကန့်သတ်ထားသည်။ အစိုးရအဖွဲ့ ဖွဲ့စည်းပုံ၌ ဝန်ကြီး ချုပ်အား အကြီးအကဲအဖြစ် သတ်မှတ်ထားသော်လည်း ချင်းပြည် (Chinland) ကောင်စီ ဥက္ကဋ္ဌသည် ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြည်နယ်အကြီးအကဲပင် ဖြစ်သလို ချင်းပြည် (Chinland) ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌ လည်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူသည်။

အစိုးရအဖွဲ့အား တော်လှန်ရေးကာလနှင့် အသွင်ကူးပြောင်းရေးကာလဟူ၍ နှစ်ပိုင်းခွဲခြားထားကာ တော်လှန် ရေးကာလ ပြီးဆုံးပါက ချင်းပြည် (Chinland) တော်လှန်ရေးကာလအစိုးရအဖွဲ့အား အသွင်ကူးပြောင်းရေးကာလ အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းရမည် ဖြစ်သည်။

ကရင်နီပြည်နယ်အတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့၊ တပ်ရင်းများအနေဖြင့် အသက်အာမခံချက်အပြင် နိုင်ငံ့ကာကွယ်ရေးတာဝန် ပြန်လည်ထမ်းဆောင်ခွင့်ကိုပါ အာမခံသည့် ဘက်ပြောင်းရေးအစီအမံများ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ - IEC က ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်

တပ်မတော်သားများ၏ ဂုဏ်သိက္ခာ၊ ရာထူး ထိခိုက်မှုနည်းစေရန်နှင့် သွေးစွန်းမှုမရှိဘဲ တိုင်းပြည် ပြန်လည်တည်ငြိမ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့၌ ပူးပေါင်းဆောင်ရွက်ရန် အတွက် ထိုသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ဘက်ပြောင်းမှုများအား စီမံရန်အတွက် IEC က "ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီ" ကို အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့စည်းထားပြီး ဘက်ပြောင်းလိုသူများ ၏ အသက်ရှင်ပိုင်ခွင့်၊ လုံခြုံသောနေရာ၌ နေထိုင်နိုင်ခွင့်၊ တာဝန်ပြန်လည်ထမ်းဆောင်ပိုင်ခွင့်၊ CDM မူဝါဒများအရ ဆုကြေးနှင့် ပံ့ပိုးမှုများ ရပိုင်ခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်အပါအဝင် လွတ်လပ်စွာ လူမှုဘဝ ထူထောင်ခွင့်များကိုပါ အာမခံထားသည်။

ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်အထိ ချင်းအမျိုးသားတပ်ဦး - CNF ဌာနချုပ် ဗစ်တိုးရီးယားစခန်းတွင် ပြုလုပ်သည့် ပထမအကြိမ် ချင်းပြည် (Chinland) ကောင်စီညီလာခံမှတစ်ဆင့် ဒီဇင်ဘာ ၆ ရက်တွင် ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုလိုက်ပြီ ဖြစ်သည်။

ယင်းနေ့တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ အနိုင်ရကာ စစ်အာဏာရှင်တော်လှန်ရေး၌ ပါဝင်သည့် ချင်းလွှတ်တော် ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြို့နယ်နှင့် ဒေသအဖွဲ့ကိုယ်စားလှယ်အဖွဲ့များဖြင့် ကောင်စီအား အစုအဖွဲ့သုံးမှ ကိုယ်စားလှယ် ၁၄၀ ဦးဖြင့် ဖွဲ့စည်းထားသည်။ ကောင်စီသည် ပြည်နယ်လွှတ်တော်၊ ပြည်အစိုးရအဖွဲ့နှင့် ပြည်နယ် တရားလွှတ်တော်ချုပ်တို့အား ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမည်လည်း ဖြစ်သည်။

“ဖက်ဒရယ်စနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တန်းတူညီမျှမှုအခြေခံမူ - အမျိုးသမီးအခွင့်အရေးနှင့် ဂျဲန်ဒါတန်းတူမှုကို မဟာဗျူဟာမြောက်ချည်းကပ်ခြင်း” အမည်ဖြင့် စာတမ်းကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB က ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ဝေလိုက်သည်

အနာဂတ်ပြည်ထောင်စု၌ ကျား-မ တန်းတူရေးနှင့် အမျိုးသမီးများ၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးစေသာ နယ်ပယ်အသီးသီးတွင် တန်းတူမှုဆိုင်ရာ အခွင့်အရေးများအား လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်ရန် စဉ်းစား ရာတွင် တန်းတူရေးအား ပြည်ထောင်စုစနစ်၏ အခြေခံမူအဖြစ် ထည့်သွင်းရန်၊ ပြည်နယ်များ၏ သက်ဆိုင်ရာအခြေခံ ဥပဒေများတွင်လည်း စနစ်တကျ ထည့်သွင်းရေးဆွဲပြဋ္ဌာန်းသွားနိုင်ရေး ရည်ရွယ်ထုတ်ဝေခြင်း ဖြစ်သည်။

စစ်တမ်း၌ အဓိကအခန်းကြီးသုံးခန်း ပါဝင်ကာ တန်းတူညီမျှမှုအခြေခံမူကို အလေးထားမှု၊ ပြည်ထောင်စုစနစ် အခြေခံမူနှင့် တန်းတူရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ပြည်နယ်ဖွဲ့စည်းပုံများ အခန်းကဏ္ဍတို့ ဖြစ်ကာ ရေးဆွဲရာ၌ အခြေခံ ရမည့် မူများကို ဖော်ပြထားသည်။

နွေဦးတော်လှန်ရေးကာလတွင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းအသစ်တစ်ရပ်အဖြစ် ပေါ်ထွက် လာခဲ့သော ကော်သူးလေတပ်မတော် (KTLA) ကို ဖွဲ့စည်းခဲ့သည့် ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြက သမ္မတအဖြစ် ဦးဆောင်ပါဝင်သော ကော်သူးလေ အစိုးရဖွဲ့စည်းမှုကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဗိုလ်မြ၏ သားတဦးဖြစ်ပြီး၊ KNU ၏ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်သော ကရင့်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO) ၏ စစ်ဦးစီးချုပ်ဟောင်းတဦး ဖြစ်သည်။ KNU လက်အောက်တွင် လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ရှိပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ကရင့်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO) တို့ဖြစ်သည်။

ကော်သူးလေတပ်မတော် (KTLA) ဖွဲ့စည်းခြင်း

ဒူးပလာယာခရိုင်၊ ဖလူး-ဝေါ်လေဒေသတွင် ဖြစ်ပေါ်ခဲ့သော ဥပဒေပြင်ပ သတ်ဖြတ်မှုနှင့် ပတ်သက်သည့် အမှုအတွက် ပြုလုပ်သည့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အတွက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် KNU အနေဖြင့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြအား တာဝန်မှ ယာယီရပ်ဆိုင်း ထားခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ဖမ်းဆီးရမိသည့် သုံ့ပန်း ၄၇ ဦးအနက် ၂၅ ဦးကို စစ်အုပ်စု၏ ထောက်လှမ်းရေးအဖြစ် စွတ်စွဲသတ်ဖြတ်မှုနှင့် ပတ်သက်သည့်အမှုဖြစ်သည်။  လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မတီ၏ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပူးပေါင်းပါဝင်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့တွင် တာဝန်နှင့် ရာထူးမှ လုံးဝရပ်ဆိုင်းခဲ့သည်။ လစ်လပ်သွားသည့် KNDOစစ်ဦးစီးချုပ်နေရာအား ဗိုလ်မှူးကြီး စောရှီးလေအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် KNU က ခန့်အပ်ခဲ့သည်။ ယင်းနောက် နှစ်ရက်အကြာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကော်သူးလေတပ်မတော် (KTLA) ဖွဲ့စည်းကြောင်း  ဗိုလ်မှူးချုပ် စောနယ်ဒါးမြက စစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ KTLA တွင် Lion Battalion Commando၊ ဆင်ဖြူစစ်ကြောင်း၊ တပ်မဟာ (၄) မှ ခွဲထွက်ခဲ့သည့် အထူးတပ်ရင်းတို့အပြင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့မှ ခွဲထွက်လာသော တပ်ဖွဲ့ဝင်အချို့ ပါဝင်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင် KNU အရေးပေါ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးပြုလုပ်ပြီး ဗိုလ်မှူးချုပ် စောနယ်ဒါးမြအား KNU မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့သည်။ တနေ့တည်းမှာပင် KNLA နှင့် KNDO တို့အနေဖြင့် KTLA ဖွဲ့စည်းမှုသည် တပ်မှူးများ၏ အရေးပေါ် အစည်းအဝေး၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြောင်း ဖော်ပြပြီး “လုံးဝလက်ခံ အသိအမှတ် ပြုမည်မဟုတ်” ဟုတ် ထုတ်ပြန်ခဲ့သည်။

ကော်သူးလေတပ်မတော်သည် KNU လက်မှတ်ရေးထိုးထားခဲ့သော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ လွှမ်းမိုးချုပ်နှောင်မှုမရှိသော တပ်ဖွဲ့ဖြစ်ပြီး၊ စစ်အုပ်စုကို တော်လှန်နေသော ကရင့်တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဟု ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် KNU ၏ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးကNCA စာချုပ်သည်  အနှစ်သာရအားဖြင့် ပျက်ဆီးပြီးဖြစ်သဖြင့် KNU အနေဖြင့် ၎င်းစာချုပ်နှင့် လုံးဝပတ်သက်ခြင်းမရှိတော့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

KNLA တပ်မဟာ (၄) (မြိတ်-ထားဝယ်ခရိုင်) နှင့် တပ်မဟာ (၇) (ဘားအံခရိုင်) တို့အနေဖြင့် KTLA အနေဖြင့် ၎င်းတို့နယ်မြေများအတွင်း လှုပ်ရှားခြင်းမပြုရန်၊ KTLA သို့ သွားရောက်ပူးပေါင်းခဲ့သော စစ်သည်များ မိခင်အဖွဲ့အစည်းများနှင့် ပြန်လည်ပူးပေါင်းရန် ထုတ်ပြန်မှုများရှိခဲ့သလို၊ အပြန်အလှန် ထိတွေ့ဖြစ်ခတ်မှုအချို့လည်း ဖြစ်ပွားခဲ့ပြီး၊ နှစ်ဘက် သေဆုံးမှုများ လည်း ရှိခဲ့သည်။

KTLA သည် မြေပြင်တွင် အခြားသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုတပ်ဖွဲ့များကို ပူးပေါင်းတိုက်ခိုက်မှုများရှိနေပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် တနင်္သာရီမြို့နယ်အခြေစိုက်သည့် ကော်သူးလေတပ်မတော် (KTLA)-ထီးစမယ်ယွာတပ်ရင်း၊ တပ်ခွဲ(၃)၊ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းနှင့် People Liberation Army (PLA) တို့ မဟာမိတ်တပ်ဖွဲ့ သုံးခုပေါင်းကာ တောင်းပိုင်ညီနောင်တပ်ပေါင်းစု (Southern Brothers Army - SBA) ကို ဖွဲ့စည်းထားသည်။

ကော်သူးလေအစိုးရဖွဲ့စည်းကြောင်းကြေညာခြင်း

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် KTLA မှ ကော်သူးလေ တပ်မတော်၊ နိုင်ငံရေးခံယူချက် ထုတ်ပြန်စာတမ်းနှင့် ဆက်စပ်နောက်ခံသမိုင်းကို ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် “အဓိကပန်းတိုင်များနှင့် အခြေခံမူများကို ဖော်ပြသည့် ပိုမိုကျယ်ပြန့်သော နိုင်ငံရေး ကြေငြာစာတမ်း (Political Manifesto-PM)” ကို ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် လက်ခံကျင့်သုံးလျက် ကော်သူးလေ အစိုးရ ဖွဲ့စည်းပုံ နှင့် အရာရှိများကို ဖော်ပြထားသည့်သည့် ကော်သူးလေအစိုးရဖွဲ့စည်းခြင်းကို ထုတ်ပြန်ခဲ့သည်။ အစိုးရအဖွဲ့တွင် စောနယ်ဘိုဒါးမြက သမ္မတအဖြစ် ပါဝင်သည်။

အခုလိုဖွဲ့စည်းမှုသည် ကော်သူးလေ ဖက်ဒရယ်ယူနစ်အစိုးရ ဖွဲ့စည်းမည်ဟု KNU က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့တာဖြစ်သည်။ စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီးနောက်မှာ KNU အနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ကော်သူးလေ ဖက်ဒရယ်ယူနစ်တစ်ခုကို တည်ထောင်မည်ဖြစ်ကြောင်း လည်း ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။

KNU အနေဖြင့် အုပ်ချုပ်ရေးကို အစိုးရတစ်ရပ်ကဲ့သို့ ပြည်စုံနိုင်ရေးအတွက် ဌာနအားလုံးနှင့် ကော်မတီအားလုံးက အပြင်းအထန် ကြိုးပမ်း အကောင်အထည်ဖော်နေသည့်အချိန်တွင် KNU က ဆောင်ရွက်နေသည့် အရာများအားလုံးကို လုပ်နေသယောင်ဖြင့်၊ နာမည်တူ ကော်သူးလေ အစိုးရ ဖွဲ့စည်းသည့်အတွက် အမြင်လွှဲမှားမှုများ ဖြစ်ပေါ်စေကြောင်း၊ မကြာခင်ပျောက်ကွယ်သွားမည့် “နေ့ခင်းဖက်အိပ်မက်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ KNU တွင် နိုင်ငံခြားရေးဌာန၊ ကာကွယ်ရေးဌာန အပါအဝင် ဌာန ၁၄ ခုရှိသည်။

ပုံ။ အဓိကကျသော အဖြစ်အပျက်များ၏ အချိန်ဇယား။

KNU မှ ကရင်အဖွဲ့အစည်းအချို့ ခွဲထွက်ခဲ့ခြင်းမှာ ဤအဖြစ်အပျက်သည် ပထမအကြိမ်မဟုတ်ပဲ ၁၉၉၄ ခုနှစ်တွင် ဗိုလ်ချုပ် စောလားပွယ်သည် KNU မှ ခွဲထွက်၍ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ကို တည်ထောင်ခဲ့ခြင်း၊ KNU ၏ ခွင့်ပြုချက်မရဘဲ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည့်အတွက် ထုတ်ပယ်ခြင်းခံရ ပြီးနောက် ဗိုလ်မှူးချုပ်စောထိန်မောင် ဦး‌ ဆောင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNLA (Peace Council) ကို ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းတို့လည်း ရှိခဲ့ပြီးဖြစ်သည်။

ကရင်ပြည် (ခေါ်) ကော်သူးလေ အသိအမှတ်ပြုမှု ရရှိရန်အတွက် KNU ကို ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ KNU ၏ ဦးဆောင်မှုဖြင့် ကော်သူးလေအစိုးရကို ၁၉၅၀ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းလည်ပတ်ခဲ့သည်။​

(၁၇) ကြိမ်မြောက် KNU ကွန်ကရက်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့မှ မေလ (၄) ရက်နေ့အထိ ကျင်းပခဲ့ပြီး ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအလုပ်မှုဆောင်ကော်မတီတို့ကို ရွေးကောက် တင်မြှောက်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်အား အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် သိမ်းယူပြီးနောက် ဒီဇင်ဘာ ၃ ရက်မှစ၍ ပြည်သူ့အုပ်ချုပ်ရေးစတင်ပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ထုတ်ပြန်ကြေညာလိုက်သည်။

ပြည်သူ့အုပ်ချုပ်ရေးအား ကဏ္ဍခြောက်ခုဖြင့် လည်ပတ်မည်ဖြစ်ကာ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် တရားစီရင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုပေးရေး၊ တရားစီရင်ရေး၊ ဘဏ်လုပ်ငန်းများ စီမံခန့်ခွဲရေး၊ Non-CDM ဝန်ထမ်းများအရေးတို့ ဖြစ်သည်။ ကာကွယ်ရေးနှင့် တရားစီရင်ရေးကဏ္ဍအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)  ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) နှင့် ပြည်သူ့ရဲတပ်ဖွဲ့ ပေါင်းစပ်ကာ စည်းသုံးစည်း ဖြင့် တာဝန်ယူမည် ဖြစ်ကာ အရပ်ဘက် တရားစီရင်ရေးကဏ္ဍအတွက် သင့်တော်သည့် တရားသူ ကြီးများ ခန့်အပ်ကာ တရားရုံးများဖွင့်၍ လုပ်ဆောင်မည် ဖြစ်သည်။

မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ဂျပန်အစိုးရက ပေးအပ်နေသည့် ဖွံ့ဖြိုးရေးဆို်ငရာ တရားဝင်အကူအညီ (Official Development Assistance – ODA) ချေးငွေများ ပေးအပ်ခြင်း၊ ဂျပန်အစိုးရန်ပုံငွေဖြင့် လည်ပတ်နေသည့် ဂျပန်နိုင်ငံ၏ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (Japan Oversea Infrastructure Investment Corporation for Transport and Urban Development – JOIN) နှင့် ဂျပန်နိုင်ငံတကာကော်ပိုရေးရှင်းဘဏ် (Japan Bank for International Cooperation – JBIC) သည် စစ်သမိုင်းပြတိုက် ပြန်လည်ပြုပြင်ရေးစီမံကိန်းများ၌ ပါဝင်ပတ်သက်နေသည့်အတွက် အကြမ်းဖက်စစ်အုပ်စုအား အကျိုးဖြစ်ထွန်းနေစေသည့်အတွက် ၎င်းတို့အား ရပ်တန့်ရန် ဂျပန်အစိုးရအား ဦးတည်၍ ဒီဇင်ဘာ ၁ ရက်က နွေဦးတော်လှန်ရေး၌ ပါဝင်နေသည့် အရပ်ဘက်အဖွဲ့အစည်း ၈၅ ခုက တောင်းဆိုလိုက်သည်

ဂျပန်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးနှင့် မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးတို့အား လိပ်မူထားသည့် ယင်းအိပ်ဖွင့်ပေးစာ၌ အကြမ်းဖက်အုပ်စု အာဏာသိမ်းစဉ်က ဂျပန် ODA ချေးငွေဖြင့် ပြုလုပ်နေသည့် စီမံကိန်းများအား ပြန်လည်သုံးသပ်ရမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနဘက်မှ ထုတ်ဖော်ပြောဆိုထားသော်လည်း ယနေ့အထိ တိုးတက်မှု မရှိလာကြောင်း ဖော်ပြထားသည်။

အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု - CDM နှင့် ပတ်သက်သည့် မူဝါဒအား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC က ကောင်စီ၏ ဒီဇင်ဘာ ၁ ရက်အစည်းအဝေးမှတစ်ဆင့် အတည်ပြု ထုတ်ပြန်လိုက်သည်

မူဝါဒ၌ အပိုင်း (၄) ပိုင်းပါဝင်ကာ အပိုင်း (၁) မူဝါဒ၏ အကျိုးသက်ရောက်မှု၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ရည်ရွယ်ချက်များ၊ အပိုင်း (၂) အကြမ်းမဖက် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု၊ အပိုင်း (၃) အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုဆိုင်ရာမူဝါဒ၊ အပိုင်း (၄) အကြမ်းမဖက်အာဏာဖီဆန်ရေး "လူထု" လှုပ်ရှားမှုနှင့် သက်ဆိုင်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုမူဝါဒများ တို့ဖြစ်သည်။ အပိုင်း (၄) ပိုင်းတွင် အခန်း (၅) ပါဝင်ပြီး တရားမျှတမှုမူဝါဒအပိုင်း၌ အသိအမှတ်ပြုခြင်း၊ အမှန်တရား ရှာဖွေခြင်း၊ နစ်နာမှုများကို ပြန်လည်ကုစားခြင်း၊ အပြစ်ပေးအရေးယူခြင်း၊ အဆိုးကျော့သံသရာကို ရိုက်ချိုးခြင်းဟူ၍ ကဏ္ဍများခွဲကာ မူဝါဒအသေးစိပ်အား ထည့်သွင်းဖော်ပြထားသည်။

အပြစ်ပေးအရေးယူခြင်း၌ ကျူးလွန်ခဲ့သူများအား တရားစွဲဆိုရန် သင့်၊ မသင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းအပါအဝင် လူအခွင့်အရေးချိုးဖောက်မှု ကျူးလွန်ကြောင်း ထင်ရှားသူများအား တရားရုံး/ခုံရုံးတင်ခြင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှု/စစ်ရာဇဝတ်မှု/လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ပြစ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်၌ ပါဝင်ပတ်သက်ခဲ့သူတိုင်း တရားဥပဒေ ရှေ့မှောက်၌ ခြွင်းချက်မရှိ တရားစီရင်ခံရမည် ဖြစ်ကာ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် လုံးဝမရှိစေရဟု မူဝါဒ၌ ဖော်ပြထားသည်။

မွန်ပြည်နယ်အတွင်းရှိ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု -  CDM၌ ပါဝင်သည့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဌာနမှ ဝန်ထမ်းအစုအဖွဲ့ သုံးဖွဲ့ ပူးပေါင်း၍ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) အား ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွဲ့စည်းလိုက်သည်။

နွေဦးတော်လှန်ရေးကာလအတွင်း သီးခြားစုဖွဲ့ရန် လိုအပ်ချက်အရ မွန်ပြည်နယ်အတွင်းရှိ CDM နိုင်ငံ့ဝန်ထမ်းများ ကိုယ်စားပြုအဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်ရေးအတွက် ရည်ရွယ်ချက် သုံးရပ်အား လုပ်ဆောင်ရန် ဖွဲ့စည်းခြင်းလည်း ဖြစ်သည်။

၎င်းတို့မှာ ဌာနအသီးသီးမှ CDM များ ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းပါဝင်နိုင်စေရန်၊ ကြားကာလဝန်ထမ်းယန္တရားနှင့် မူဝါဒများပေါ်ထွက်စေရန်၊ စွမ်းဆောင်ရည်ပြည့်သည့် ဝန်ထမ်းယန္တရား ပေါ်ထွန်းစေရေးတို့ ဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများအား ပြန်လည်သုံးသပ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကဏ္ဍများ ပိုမိုအားကောင်းရေး၊ တော်လှန်ရေး အောင်မြင်ရေးအတွက် လက်တွဲလုပ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် Kachin Political Interim Coordination Team (KPICT) တို့ နိုဝင်ဘာ ၃၀ ရက်က တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုအတွင်း KPICT ဘက်မှ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ဗိုလ်ချုပ်ဂွမ်မော်၊ KPICT ဥက္ကဋ္ဌ ဆရာကြီးတူးရှန် ဦးဆောင်သည့် အဖွဲ့ ပါဝင်ခဲ့ကာ NUG ဘက်မှ ကော်မတီအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီး၊ အကြံပေးနှင့် အတွင်းရေးမှူးများ ပါဝင်ခဲ့သည်။

၂၀၂၃ ဘူဆန် ကမ္ဘာ့မိတ်ဖက် ဖိုရမ် (2023 Busan Blobal Partnership Fourm) အား အကြမ်းဖက်စစ်အုပ်စု ကိုယ်စားလှယ် ဖိတ်ကြားထားမှုအား ပြန်လည်ရုပ်သိမ်းရန်နှင့် မြန်မာပြည်သူများအား ထောက်ခံကြောင်း ပြသရန် မြန်မာ့အရပ်ဘက် အဖွဲ့အစည်း ၆၆၀ က နိုဝင်ဘာ ၂၉ ရက်တွင် အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်သည်

ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ (Global Partnership for Effective Development Cooperation – GPEDC) က စစ်အုပ်စု၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ဖိတ်ကြားထားခြင်းဖြစ်ကာ ဖိုရမ်အား တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ဒီဇင်ဘာ ၅ ရက်မှ ၆ ရက်အထိ ပြု လုပ်မည် ဖြစ်သည်။

အိတ်ဖွင့်ပေးစာ၌ ယင်းဝန်ကြီးဌာန ဝန်ကြီး ဦးကံဇော်အား အမေရိကန်နှင့် ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့ထားကာ စစ်အုပ်စုသည် မြန်မာပြည်သူ အကျိုးစီးပွားမဟုတ်သော ဆုံးဖြတ်ချက်များအား ပြည်သူ့ကိုယ်စားချမှတ်နေသည့်အပြင် ဖိုရမ်ပြုလုပ်မည့် Lotte Hottel ဟိုတယ်အုပ်စုသည် စစ်အုပ်စု၏ အကျင့်ပျက်စီးပွားရေးကွန်ရက်၌ ပါဝင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ဖိုရမ်အနေဖြင့် စစ်အုပ်စုအား နိုင်ငံရေးထောက်ခံမှုနှင့် မှားယွင်းသော တရားဝင်မှု မပေးရန်နှင့် မြန်မာလူထုက ရွေးကောက်တင်မြှောက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ အသိအမှတ်ပြုရန်လည်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။

ရှမ်းပြည်လူထု၏ သဘောဆန္ဒအရ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား အပစ်အခတ်ရပ်စဲပြီဖြစ်ကြောင်း  နိုဝင်ဘာ ၂၉ ရက်တွင် အဖွဲ့နှစ်ခုပေါင်း၍ ထုတ်ပြန်လိုက်သည်

SSPP/SSA ကိုယ်စားလှယ် သုံးဦး၊ RCSS/SSA ကိုယ်စားလှယ်လေးဦးတို့ နိုဝင်ဘာ ၂၉ ရက်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း ရှမ်းဘာသာဖြင့် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ ထို့ပြင် ရှမ်းပြည်သူလူထု၊ သံဃာတော်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိနှင့် တပ်သားများအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်အား သိရှိစေရန်အတွက် ပူးတွဲကြေညာခြင်း ဖြစ်ကြောင်းလည်း ကြေညာချက်ပါ ပါရှိသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော်က မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေအား နိုဝင်လာဘ ၁၇ ရက်က ပြဋ္ဌာန်းသည့်အပေါ် မကွေးတိုင်းအတွင်းရှိ ချင်းတိုင်းရင်းသားများအစုအဖွဲ့က အသိအမှတ်မပြုကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

မကွေးတိုင်းလွှတ်တော်ရှိ လွှတ်တော်သုံးရပ်မှ ချင်းတိုင်းရင်းသားများအစုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ် ယင်းဥပဒေနှင့် ပတ်သက်၍ လုံးဝ ဆွေးနွေးထားမှု မရှိခြင်း၊ ထုတ်ပြန်လိုက်သည့် ဥပဒေ၌ တိုင်းရင်းသားများ အစုအဖွဲ့ အမည် သတ်မှတ်သုံးစွဲမှုနှင့် ပတ်သက်၍ ချင်းတိုင်းရင်းသားများ အစုအဖွဲ့ဟု ခေါ်ဆိုသတ်မှတ်ပေးရန် တောင်းဆိုထားသော်လည်း အသိအမှတ်ပြုသည့်အတွက် မကွေးလွှတ်တော် ထုတ်ပြန်ကြေညာချက်အား အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေညာချက်၌ ပါရှိသည်။

မကွေးတိုင်းအတွင်းရှိ ချင်းတိုင်းရင်းသားများအစုအဖွဲ့များ သဘောထားထုတ်ပြန်ချက်၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ အရှိုချင်းအမျိုးသားဖက်ဒရယ်ကောင်စီ၊ အရှိုချင်း အမျိုးသားကာကွယ်ရေးတပ် (ACDF) တို့ကလည်း ထောက်ခံ/ဝန်းရံအဖွဲ့အစည်းများအဖြစ် ပါဝင်သည်။

အကြမ်းဖက်စစ်အုပ်စု လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့တွင် လူထုသပိတ်တိုက်ပွဲများ ပြန်လည် စတင်လာပြီ ဖြစ်ကာ နိုဝင်ဘာ ၂၅ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့် သပိတ်အင်အားစုများ ပူးပေါင်း၍ သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့သည်။

ယင်းသပိတ်တိုက်ပွဲ၌ ဦးဆောင်ပါဝင်သူ ကိုနန်းလင်းက သပိတ်အတွင်း လက်ရှိ နွေဦးတော်လှန်ရေး အခြေအနေများအား ပြည်သူလူထုထံ အကျဉ်းချုံး အစီရင်ခံဟောပြောခဲ့ရာ ရန်ကုန်မြို့ခံများလည်း သပိတ်၌ ပါဝင်ခဲ့ကြသည်။ သပိတ်လှုပ်ရှားမှုအပြီး အ ကြမ်းဖက်စစ်အုပ်စုက ယင်း သပိတ်ပြုလုပ်သည့် နေရာအနီးမှ စျေးအား ဖျက်ဆီးခြင်း၊ အရပ်သားများအား ရန်ရှာ ဖမ်းဆီးမှုများကို ဆက်တိုက်ကျူးလွန်လျက် ရှိသည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်ရေး တွန်းအားပေးရန်၊ မြန်မာ့အကျပ်အတည်းအား ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းနိုင်ရေး အတွက် အားလုံးပါဝင်သည့် ဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာ့အရေးအတွက် အဓိကပါဝင်ပတ်သက်နေသူများနှင့် ဂျကာတာမြို့တွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ပြုလုပ်ခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းအစည်းအဝေးသို့ မြန်မာ့နွေဦးတော်လှန်ရေးအား ကိုယ်စားပြုသည့် အစုအဖွဲ့ပေါင်းစုံ၊ အကြမ်း ဖက်စစ်အုပ်စုဘက်မှ ကိုယ်စားလှယ်များ၊ အပစ်ရပ်ငြိမ်းချမ်းရေးစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များအား ကိုယ်စားပြုသည့် PPST အဖွဲ့တို့ တက်ရောက်ခဲ့သည်။ အင်ဒိုသည် လက်ရှိတွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကာ ၂၀၂၄ ခုနှစ်တွင် ဥက္ကဋ္ဌတာဝန်ယူမည့် လာအိုနိုင်ငံအစိုးရကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကာ အစုအဖွဲ့များအား သီးခြားစီ တွေ့ဆုံခဲ့ခြင်းဖြစ်ကာ နွေဦးတော်လှန်ရေးအင်အားစုထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လည်း ပါဝင်သည်။ အင်ဒိုသည် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားချိန်အတွင်း အကြမ်းဖက်စစ်အုပ်စု ကိုယ်စားလှယ်များအပြင် အခြားသော အင်အားစုများနှင့် ထိတွေ့ဆက်ဆံမှုပေါင်း အကြိမ် ၁၈၀ ကျော် ပြုလုပ်ထားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ စစ်ကိုင်းမကွေးနဲ့ တနင်္သာရီ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်အစည်းအဝေးအသီးသီးခေါ်ယူပြီး ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ/အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေတွေကို အတည်ပြုပြဌာန်းခဲ့ကြပါတယ်။

လွှတ်တော်အစည်းအဝေးတွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဌ/ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတနဲ့ ဝန်ကြီးချုပ် တို့က သဝဏ်လွှာတွေပေးပို့ခဲ့ကြပါတယ်။ ဥပဒေတွေအတည်ပြုနိုင်ခဲ့မှုနဲ့ ပတ်သက်ပြီး ပဲခူးမန္တလေးဧရာဝတီကရင်ကချင်က ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဂုဏ်ပြုကြောင်း သဝဏ်လွှာတွေပေးပို့ခဲ့ကြပါတယ်။

စစ်ကိုင်းနဲ့ တနင်္သာရီလွှတ်တော်အစည်းအဝေးတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီ (CWC) က ကိုယ်စားလှယ်တွေလည်း လေ့လာသူတွေအနေနဲ့ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ လွှတ်တော်အစည်းအဝေးတွေ အပြီးမှာ NLD အနေနဲ့ ဥပဒေကြမ်းတွေ ပြဌာန်းနိုင်ခဲ့မှုကို ကြိုဆိုဂုဏ်ပြုကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဥပဒေတွေမှာ ဘာတွေပါဝင်လဲ

ဥပဒေကြမ်းသုံးခုဟာ ကွာခြားချက်အနည်းငယ်စီရှိကြပေမယ့် တူညီနေတဲ့အချက်တွေကတော့ ကြားကာလ ဖွဲ့စည်းပုံ သို့မဟုတ် အစီအမံရေးဆွဲရေးအတွက် ညှိနှိုင်းရေးအဖွဲ့၊ ထိုမှတဆင့် ကော်မရှင် ဖွဲ့စည်းရေးအတွက် ချဉ်းကပ်ပုံတူညီတာကို တွေ့ရပါတယ်။ စစ်ကိုင်းဥပဒေ ကတော့ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့သုံးစွဲပြီး၊ မကွေးဥပဒေနဲ့ တနင်္သာရီဥပဒေတွေမှာတော့ ကြားကာလအစီအမံလို့ သုံးစွဲပါတယ်။ ဥပဒေသုံးရပ်လုံးမှာ မူလ "တိုင်းဒေသကြီး" တွေကို "ဖက်ဒရယ်ယူနစ်" အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုဖော်ပြလာတာကို တွေ့ရပါတယ်။

ဥပဒေကြမ်းသုံးရပ်အား နှိုင်းယှဉ်ကြည့်ခြင်း

တုံ့ပြန်မှုများ

ဒီဥပဒေတွေကို အတည်ပြုပြီး ရက်ပိုင်းအတွင်းမှာပဲ သက်ဆိုင်ရာ ဒေသအလိုက် နိုင်ငံရေးအင်အားစု တွေရဲ့ တုံ့ပြန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တနင်္ဿာရီ

ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစုTanawthari Karen United for Liberation and Equalityမြိတ်ခရိုင်နိုင်ငံရေးအင်အားစု အပါအဝင် နိုင်ငံရေးအင်အားစုတွေက ဥပဒေပြဌာန်းမှုကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပါကြပါတယ်။

စစ်ကိုင်း

စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်း ၁၀၇ ဖွဲ့ နဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုတွေကလည်း ဒီလိုဥပဒေပြုမှုကို ဝေဖန်ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

မကွေး

မကွေးဒေသမှာရှိတဲ့ သပိတ်ကော်မတီတွေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ကြသူတွေနဲ့ စုစည်းထားတဲ့ မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်ကလည်း သဘောထားထုတ်ပြန်ပြီး ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

ဒီဝေဖန်မှုနဲ့ ကန့်ကွက်မှုတွေအားလုံးနီးပါးမှာ ကျယ်ပြန့်စွာ ဆွေးနွှေးညှိနှိုင်းတိုင်ပင်မှု မပြုလုပ်ပဲ ဥပဒေပြဌာန်းတာ၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ မဆောင်ရွက်ခဲ့တာတွေကို အဓိက ထောက်ပြဝေဖန်ထားပါတယ်။

မြင်ကွင်းကျယ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တရက်တည်းမှာပဲ ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းမှုကို နိုင်ငံရေးမဏ္ဍိုင်ကြီး (၃) ရပ်ပါဝင်တဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) မှာ ဆွေးနွေးခဲ့ပြီး မူအရ သဘောတူညီချက်နဲ့ ဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး တော်လှန်ရေးမှာပါဝင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ဂုဏ်ပြုကြိုဆိုမှုကိုရရှိခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး လူထုလှုပ်ရှားမှုကနေ စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးမှာ “ဖက်ဒရယ် ဒီမိုကရေစီ” ကို အလေးပေးတောင်းဆိုခဲ့ကြပါတယ်။ ဒီဖက်ဒရယ်လှုပ်ရှားမှုမှာ ဗမာအများစုဒေသတွေကို တိုင်းဒေသကြီး ခုနစ်ခုအဖြစ် ဖွဲ့စည်းထားမှုအပေါ် ပြောင်းလဲဖို့ လှုံ့ဆော်ခဲ့ကြပေမယ့် ဘယ်လိုပြောင်းလဲမယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်မှုတွေတော့ မရှိသေးပါဘူး။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၂) ပုဒ်မ (၄၈) ရဲ့ အောက်ခြေမှတ်စုမှာတော့ “ယခုလက်ရှိဖြစ်တည်နေသော နိုင်ငံရေး၊ အုပ်ချုပ်ရေးအခြေအနေအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အပိုင်းအခြားများကို  ကြားကာလအတွင်းတွင် ပြည်နယ်/ဖက်ဒရယ်ယူနစ်ဟု ခေါ်ဆိုသည်” လို့ ဖော်ပြထားပါတယ်။ ဒီလိုဖော်ပြမှုကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားတဲ့ တိုင်းဒေသကြီးတွေကို လက်ရှိကာလမှာ “ဖက်ဒရယ်ယူနစ်” ယူနစ်အဖြစ် စုစည်းသင့်တယ်လို့ ယူဆကြတာလည်း ရှိနိုင်ပါတယ်။ သို့သော် ကွဲပြားသော အမြင်များလည်း ရှိနေပါတယ်။

ပြည်နယ်တွေနဲ့ ပြည်နယ်သစ်ဖွဲ့စည်းဖို့ မျှော်မှန်းချက်ရှိကြတဲ့ လူမျိုးအခြေပြု ဒေသတွေမှာတော့ ဖက်ဒရယ်ကောင်စီ၊ လူမျိုးအခြေပြုကောင်စီ၊ ကော်မတီ စသည်ဖြင့် စုစည်းကြတာရှိပြီး လွှတ်တော်ကိုယ်စားလှယ်တွေအပြင် အခြားသောတော်လှန်ရေးအင်အားစုအသီးသီး ပါဝင်ကြတာကို တွေ့ရပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၂)၊ ပုဒ်မ (၅၂) မှာတော့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေရဲ့ ယန္တရားတွေကို “ဤပဋိညာဉ်ပါ ဖက်ဒရယ်တည်ဆောက်မှု အခြေခံဖြင့်” ဆောင်ရွက်ရမယ်လို့ ဖော်ပြပါတယ်။

နောက်တခုကတော့ “ကြားကာလ” ဆိုတဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်။ ဥပဒေကြမ်းသုံးခုမှာ ကြားကာလကို အဓိပ္ပာယ်ဖွင့်ဆိုမထားပေမယ့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာတော့ ကြားကာလဆိုတာဟာ စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီး အသွင်ကူးပြောင်းရေးကာလအစိုးရမဖွဲ့စည်းနိုင်ခင်ကာလကို ရည်ညွှန်းထားကြောင်း တွေ့နိုင်ပါတယ်။

ဒီလိုအငြင်းပွားမှုတွေဖြစ်ပွားနေတဲ့ကာလအတွင်းဖြစ်တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက “နိုင်ငံရေးအရ အင်အားစုဖွဲ့တည်ဆောက်ကြတဲ့အခါမှာ တတ်နိုင်သရွေ့ မိမိတို့ နိုင်ငံရေးအမြင်ကို ကျယ်သထက် ကျယ်အောင် ချဲ့ပြီး တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ်” လို့ သူ့ရဲ့ မိန့်ခွန်းထဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF ၏ ၁၂ ကြိမ်မြောက် ညီလာခံမှ နိုင်ငံရေးရည်မှန်းချက် ငါးရပ်နှင့် ရပ်တည်ချက် ခြောက်ရပ်အား ထုတ်ပြန်လိုက်ကာ လက်နက်ကိုင်တိုက်ပွဲ အဓိကထားကာ အခြားတိုက်ပွဲပုံသဏ္ဍန်နှင့်ပါ ပေါင်းစပ်တိုက်ပွဲဝင်မည်ဟု ပါရှိသည်။

ညီလာခံအား နိုဝင်ဘာ ၁ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ခဲ့ကာ နိုင်ငံရေး၌ စစ်တပ်ပါဝင်မှုအား အဆုံး သတ်ကာ ပြင်ဆင်ဖွဲ့စည်း၍ အရပ်သားအစိုးရ လက်အောက် ထားရန်၊ သက်ဆိုင်သူအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန် နိုင်ငံရေးရည်မှန်းချက်  ချမှတ်ထားသည်။

ညီလာခံ၌ ဗဟိုကော်မတီအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားကာ ညီလာခံမှ ချမှတ်ထားသည့် နိုင်ငံရေးရည်မှန်းချက်အား လက်မခံဘဲ အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်ပါက မည်သည့်ဆွေးနွေးပွဲကိုမျှ တက်ရောက်မည် မဟုတ်ဘဲ စနစ်အပြောင်းအလဲ၌ အာဏာရှင်အရပ်သားအစိုးရပုံစံဖြင့် ပြောင်းလဲမှု၊ နိုင်ငံရေးအခွင့်ထူးခံများ အချင်းချင်းကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကိုလည်း လက်မခံဟူ၍ မကဒတ၏ ရပ်တည်ချက်ကိုလည်း ထုတ်ပြန်ထားသည်။

လူထုအား ကိုယ်စားပြုမှု၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်အား စောင့်ကြည့်ထိန်းညှိရန်အတွက် ကရင်နီကြားကာလ လွှတ်တော်အား ၂၀၂၀ ရွေးကောက်ပွဲ၌ ဒေသတွင်း အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် နိုဝင်ဘာ ၁၇ ရက်တွင် စတင်ဖွဲ့စည်းလိုက်သည်

ကိုယ်စားလှယ်များမှာ ယခင်က ကြားကာလ ဥပဒေပြုရေးကော်မတီအား ကရင်နီပြည်နယ် အတိုင် ပင်ခံကောင်စီ (KCSS) တို့ တင်ပြကာ မူအရ သဘောတူညီပြီး ဖြစ်သဖြင့် ၂၀၂၃ ခုနှစ်ကတည်းက "ကရင်နီပြည်နယ် ကြားကာလလွှတ်တော်" အဖြစ် ရပ်တည်ခဲ့ပြီးနောက် ယခုအခါ ကနဦးဖွဲ့စည်းကြောင်း ကြေညာခြင်း ဖြစ်သည်။

ကြားကာလလွှတ်တော်အနေဖြင့် လုပ်ငန်းစဉ် ငါးရပ်ချမှတ်ထားကာ ဒေသတွင်း နိုင်ငံရေးအင်အားစုများ၏ ညီညွတ်ရေးနှင့် ပူးပေါင်းပါဝင်ရေး၊ ပြည်တွင်း/ပြည်ပ နိုင်ငံရေးအင်အားစုများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ခြင်းများလည်း ပါဝင်သည်။

စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတိုင်းတို့တွင် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုလိုက်ပြီ ဖြစ်သည်။  

၂၀၂၀ ရွေးကောက်ခံ တိုင်းကိုယ်စားလှယ်များအနေဖြင့် ဒေသတွင်းရှိ နွေဦးတော်လှန်ရေး၌ ပါဝင်နေသည့် အင်အားစုများအား ဖိတ်ခေါ်၍ ပူးပေါင်းအကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်ကိုလည်း ကြိုဆိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ဗဟိုအလုပ်ကော်မတီ - CWC က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၌ "ပဋိပက္ခကျယ်ပြန့်လာသည့်အတွက်" သက်ဆိုင်သူအားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအား လိုက်နာရန်နှင့် အရပ်သားများအား အကာအကွယ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

ကုလအတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) အရ အကြမ်းဖက်မှုများအား အဆုံးသတ်ရေး ဒေသတွင်းနှင့် နိုင်ငံတကာ မဟာမိတ်များ လက်တွဲဆောင်ရန်၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့်အညီ အရပ်သားများအား အကာအကွယ်ပေးရန်နှင့် ချိုးဖာက်သူများအား တာဝန်ခံစေမည်ဟု ပါရှိသည်။

ကုလအတွင်းရေးမှူးချုပ်က လူသားချင်းစာနာမှုအကူအညီ ပေးရန်အတွက် အတားအဆီးမဲ့ ဝင်ခွင့် တောင်းဆိုထားကာ ကုလအေဂျင်စီနှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်များအတွက် လုံခြုံရေးလည်း အရေးကြီးကြောင်း ထည့်သွင်း ဖော်ပြထားသည်။

"အားလုံးပါဝင်မှုရှိသော၊ တရားမျှတသော၊ ငြိမ်းချမ်းသော အနာဂတ်အတွက်" မြန်မာပြည်သူများ၏ မျှော်လင့်ချက်များကိုလည်း အတွင်းရေးမှူးချုပ်က အားပေးထောက်ခံကြောင်း ထပ်လောင်းဖော်ပြခဲ့သည်။

ဖင်လန်နှင့် ဆွစ်ဇာလန်အစိုးရများက မြန်မာအကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တရားဝင်မှုပေးအပ်နေခြင်းအား မဖြစ်မနေ ရပ်တန့်ရမည်ဟု နွေဦးတော်လှန်ရေးနှင့် မြန်မာ့ ဒီမိုကရေစီရေးလုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်း ၆၆၁ ခုက နိုဝင်ဘာ ၁၁ ရက်တွင် အိတ်ဖွင့်ပေးစာထုတ် တားမြစ်ထားသည်။

ဖင်လန်အစိုးရက CMI – Matti Ahtisaari Peace Foundation မှတစ်ဆင့် စစ်အုပ်စု၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနှင့် လျှို့ဝှက်တွေ့ဆုံနေခြင်း၊ ဆွစ်ဇာလန်အစိုးရက Centre for Humanitarian Dialogue ၊ Swisspeace တို့နှင့် ပူးတွဲ၍ အပစ်ရပ်ငြိမ်းချမ်းရေးစာချုပ် - NCA နှင့် ဆက်စပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်  ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ယင်းနှစ်နိုင်ငံက အခြားနိုင်ငံအချို့နှင့် တွဲကာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ - JMC ၏ လုပ်ငန်းကော်မတီဖြစ်သည့် နည်းပညာအထောက် အကူပြု အတွင်းရေးမှူးရုံး - TSC မှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီများပေးအပ်ရန် ကြိုးစားမှုများ ရှိနေကြောင်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။

ထိုသို့ လုပ်ဆောင်ခြင်းမှာ စစ်အုပ်စုအား တရားဝင်မှု ပေးနေခြင်းပင်ဖြစ်ကာ ထိတွေ့ဆက်ဆံမှုအားလုံးချက်ချင်းရပ်ဆိုင်းရန်၊ လူသားချင်းစာနာမှု အကူအညီအား ဒေသအခြေပြုနှင့် လူထုအခြေပြုအဖွဲ့အစည်းများထံ မှသာ တိုက်ရိုက်ပေးအပ်ရန်နှင့် မြန်မာပြည်သူလူထုဘက်တွင်သာ ပြတ်ပြတ်သားသား ရပ်တည်ရန်လည်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။

သပြေခတ်ကို အသုံးပြုမည့် "တစ်လေးလုံး လူထုလှုပ်ရှားမှု" အား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ဆင်နွှဲနေသည့် စစ်ဆင်ရေး အောင်မြင်မှုအား ကြိုဆိုကြောင်းနှင့် စစ်အုပ်စုလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်းသည့်အနေဖြင့် နိုဝင်ဘာ ၁၁ ရက်တွင် စတင်နေပြီ ဖြစ်သည်။ ထို့အတူ ကရင်နီပြည်တွင် "Operation 1111 - 4K" ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF မှ အခြားသော တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဖော်ဆောင်နေသည်။

တစ်လေးလုံးလှုပ်ရှားမှု အဖြစ် သပြေအောင်ပန်းများအား ဘုရား၌ ကပ်လှူခြင်း၊ ပန်ဆင်ခြင်း၊ ရင်ဘက်၌ ထိုးခြင်းအပါအဝင်  မိမိအသုံးပြုနေသည့် လူမှုကွန်ရက်စာမျက်နှာ အောင်သပြေပန်းပုံများ တင်ခြင်း၊ Profile ပုံများ တင်ခြင်းများ ပြုလုပ်ကြရန်လည်း ဒီမိုကရေစီအင်အားစုများက တိုက်တွန်းထားသည်။

ကရင်နီပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF တို့ ပူးပေါင်းသည့် "Operation 1107” ကို စတင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက်တွင် ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) က သတင်းမီဒီယာများသို့ တရားဝင် အတည်ပြု ပြောဆိုထားသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဆင်နွှဲနေသည့် "Operation 1027” အား အားပေးသည့်အနေဖြင့် ဒေသတွင်း စစ်ဆင်ရေးဖော်ဆောင်ခြင်းဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု၌ ပါဝင်သည့် CDM ဝန်ထမ်းများ၏ တတိယအကြိမ် နိုင်ငံဝန်ထမ်းထုညီလာခံအား ရည်ရွယ်ချက် ငါးရပ်ဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ ဖြစ်မြောက်ရေးကော်မတီက နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်မှာ အများပြည်သူနှင့် မချိတ်ဆက်မိသေးသော CDM ဝန်ထမ်းများ သိရှိစေရန်အတွက် အဓိကထား ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။ နိုဝင်ဘာ ၄ ရက်ကလည်း ကော်မတီ၏ တိုက်တွန်းနှိုးဆော်ချက်နှင့် မေတ္တာရပ်ခံချက်တစ်စောင်အား ထုတ်ပြန်ထားသေးကာ ကော်မတီသည် အလုပ်အဖွဲ့သာ ဖြစ် ကြောင်းနှင့် မည်သည်ကိုမှ ကြိုတင်ဆုံးဖြတ်နိုင်သော အခွင့်အာဏာမရှိဘဲ ညီလာခံ၍ CDM ဝန်ထမ်းများ တက်ရောက်ဆွေးနွေးနိုင်ရေး စုစည်းမိရန်၊ အချင်းချင်း ကူညီရန်နှင့် CDM ထု၏ အင်အားကို ဖော်ထုတ်နိုင်ရေးကိုသာ ရည်ရွယ်ကြောင်း ပါရှိသည်။

မျိုးသားညီညွတ်ရေးအစိုးရ – NUG သည် တရားဝင်အစိုးရဖြစ်ကာ ၎င်းတို့နှင့် ပိုမိုလက်တွဲလုပ်ဆောင်ရန်အတွက် ကနေဒါပါလီမန်က ကနေဒါအစိုးရထံ တောင်းဆိုသည့်စာအား နိုဝင်ဘာ ၁၀ ရက်က ပေးပို့လိုက်သည်။

ကနေဒါအစိုးရ၏ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ လိပ်မူထားသည့် ယင်းတောင်းဆိုစာ၌ NUG ၏ စိုးမိုးနယ်မြေများသို့ အကူအညီများ တိုက်ရိုက်ပေးပို့ရေး၊ ဆက်သွယ်ရေးနည်းပညာ အကူအညီပေးရေးအပါအဝင် အခြားအကူအညီပေးရေးကိစ္စများကိုပါ ထည့်သွင်းတောင်းဆိုထားသည်။

အမေရိကန်ဗြိတိန် နှင့် ကနေဒါ သုံးနိုင်ငံတို့သည် အကြမ်းဖက်စစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှုများကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပူးပေါင်းထုတ်ပြန်ကြေညာခဲ့ကြသည်။

ထိုအရေးယူမှုများတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ဆက်စပ်နေသော လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှုများ ပါဝင်ပြီး၊ အမေရိကန်အစိုးရအနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးခြင်းမှ ပိတ်ဆို့အရေးယူခြင်းလည်းပါဝင်သည်။

မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းနှင့် အရှ့တောင်ဘက်၌ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ မဟာမိတ်ပူးပေါင်းတပ်များနှင့် အကြမ်းဖက်စစ်အုပ်စုအကြား အောက်တိုဘာ ၂၆ ရက်မှစ၍ စစ်ရေးပဋိပက္ခ ပြင်းထန်လာကာ ပြည်သူ ၂၅,၇၀၀ ခန့် အိုးမဲ့အိမ်မဲ့ စစ်ရှောင်နေကြရသည်ဟု UN-OCHA က ထုတ်ပြန်ထားသည်

ရှမ်းမြောက်ဒေသ မြို့နယ် ၂၂ ခုအနက် ကိုးမြို့နယ်၌ တိုက်ပွဲများဖြစ်နေကာ စစ်ရှောင်ပြည်သူ ၂၃,၀၀၀ ကျော် ရှိနေပြီး ယခင်ရှိပြီး စစ်ရေးပဋိပက္ခများကြောင့် ၃၇,၄၀၀၀ ကျော်အထိ ရှိလာနေပြီ ဖြစ်သည်။ စစ်ရေးပဋိပက္ခကြောင့် ကူးသန်းသွားလာရေးလမ်းကြောင်းများအား နှစ်ဖက်တပ်များက ပိတ်ဆို့ထားသည့်အပြင် ဆက်သွယ်ရေးလိုင်းများပါ ဖြတ်တောက်ခံထားရသည်။ ရှမ်းမြောက်ဒေသ IDP များအား ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများက ထောက်ပံ့ကူညီမှုများ ပြုလုပ်နေသော်လည်း စစ်ရှောင်တိုးလာသည်နှင့်အမျှ ကူညီနိုင်မှု အကန့်အသတ်မှာ ကြီးမာလာလျက်ရှိသည်။

အပစ်ရပ်စာချုပ် - NCA ရှစ်နှစ်ပြည့်ပွဲနှင့် ဆက်စပ်၍ NCA လုပ်ငန်းစဉ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ - JMC ကို ကြားနေအဖွဲ့အစည်းအဖြစ် နိုင်ငံအတွင်းရှိ သံတမန်အဖွဲ့များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက အဆိုပြု အားပေးမြှင့်တင်မှုမှာ စိုးရိမ်ရသည့် အချက်ဖြစ်ကြောင်း ယခင် အပစ်ရပ်စာချုပ်၌ လက်မှတ်ထိုးထားသည့် အဖွဲ့သုံးဖွဲ့က အောက်တိုဘာ ၂၇ တွင် ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်စစ်အုပ်စုက အောက်တိုဘာ ၁၅ ရက်တွင် ဦးဆောင်သည့် ပြုလုပ်သည့် NCA စာချုပ် ရှစ်နှစ်ပြည့်ပွဲ၌ ယင်းလုပ်ငန်းစဉ်အား KNU သဘောတူညီကြောင်းနှင့် ပါဝင်တက်ရောက်သည်ကိုးကြား၍ တစ်ဖက်သပ် ထုတ်ပြန်ခဲ့မှုအပေါ် ကရင်အမျိုးသားအစည်းအရုံး - KNU ၊ ချင်းအမျိုးသားတပ်ဦး - CNF နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက် တစ်ကျောင်းသားများတပ်ဦး - ABSDF တို့က မြန်မာနိုင်ငံဆိုင်ငံဆိုင်ရာ ကုလရုံးအဖွဲ့ - UNCT ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် - UNSE ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် Joint Peace Fund – JFP တို့ကို ဦးတည်၍ တုံ့ပြန် အိတ်ဖွင့်ပေးစာ ထုတ်ပြန်ခြင်း ဖြစ်သည်။

JMC အပေါ် ကြားနေအဖွဲ့အဖြစ် ဆက်လက်မြှင့်တင်လိုသည့်အပေါ် စိတ်ပျက်မိကြောင်း၊ စစ်အုပ်စုက လူသား ချင်းစာနာမှုအကူအညီများအား လက်နက်သဖွယ် အသုံးချမှုကို အားပေးခြင်းသာ ဖြစ်ကြောင်း ပါရှိသည်။ NCA အား စစ်အုပ်စုက အာဏာသိမ်းခြင်းနည်းဖြင့် ဖျက်ဆီးလိုက်ပြီ ဖြစ်ကာ တွေ့ဆုံဆွေးနွေးရေးအား ပဋိပက္ခဖြေရှင်းရေးနည်းလမ်းအဖြစ် ယုံကြည်သော်လည်း ပြည်သူလူထုအား တိုက်ခိုက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်များအား ကျူးလွန်နေပါက တွေ့ဆုံဆွေးနွေးရေး ရှိနိုင်မည် မဟုတ်ဟုလည်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ – EU အဖွဲ့ဝင်နိုင်ငံများသို့ မြေပြင်၌ ဖြစ်ပေါ်နေသည့် အခြေအနေမှန်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်၌ ပံ့ပိုးကူညီရေး ပူးတွဲတောင်းဆိုချက် "ပရာဟာပန်ကြားလွှာ" အား ချက်သမ္မတနိုင်ငံခြားရေးဝန်ကြီး Jan Lipavsky နှင့် တွေ့ဆုံစဉ် ပေးအပ်ခဲ့သည်။

ယင်း ပရာဟာပန်ကြားချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC ၊ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ - EROs နှင့် နွေဦးတော်လှန်ရေး အင်အားစုများက အောက်တိုဘာ ၁၆ ရက်တွင် စုပေါင်းရေးသား ပန်ကြားထားခြင်း ဖြစ်သည်။

ပန်ကြားလွှာ၌ နိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ထားသည့် အချက်အလက်များအား ဖော်ပြထားကာ ပန်ကြားချက်၌ ပါဝင်သည့် အဖွဲ့အစည်းများသည် ဒီမိုကရေစီနှင့် ကိုယ်စားပြုအုပ်ချုပ်မှုနှင့် မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်အာဏာရှင်ကွင်းဆက်ကို အဆုံးသတ်နိုင်ရေးအတွက် မဟာမိတ်ပြုထားကာ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံစ်အပေါ် အခြေခံသည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ အားလုံး၏ ဘုံနိုင်ငံရေး ရည်မှန်းချက် ဖြစ်ကြောင်း ပါရှိသည်။

လက်ရှိကာလသည် အပစ်အခတ်ရပ်စဲရေးနှင့် စေ့စပ်ညှိနှိုင်းရေး လုပ်ဆောင်ရမည့် အချိန်မဟုတ်ကာ အကြမ်းဖက်စစ်အုပ်စုနှင့် အဖွဲ့အစည်းတစ်ခုခုအကြား အာဏာခွဲဝေရေးအစီအစဉ်နှင့် အလားအလာမှန်သမျှကို ကန့်ကွက်ကြောင်း ဖော်ပြထားကာ EU အနေဖြင့် ကြားဝင်စေ့စပ်မှုများ မပြုလုပ်ကြရန် ပန်ကြားထားသည်။

နိုင်ငံတကာ မျက်နှာစာ၌ စစ်အုပ်စုအား မည်သည့်နည်းလမ်းမျှဖြင့် အသိအမှတ်မပြုရန်နှင့် ပန်ကြားချက်ပါ အဖွဲ့အစည်းများအနေဖြင့် မြေပြင်၌ ပြည်သူ့ဝန်ဆောင်မှုနှင့် အုပ်ချုပ်မှု ယန္တရားများ တည်ဆောက်ထားသည့် လက်တွေ့ကျသော ပြည်သူ့အင်အားစုများဖြစ်ကြောင်း အသိအမှတ်ပြုရန် ထည့်သွင်းထားသည်။

ရှမ်းမြောက်ဒေသ၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အကြမ်းဖက်စစ်အုပ်စုအား Operation 1027 ကြေညာကာ တိုက်ခိုက်သည့် စစ်ရေးပဋိပက္ခအတွင်း လားရှိုးမြို့နယ်တစ်ခုတည်း၌ စစ်ရှောင် - IDPs ၃,၀၀၀ ကျော် ရှိလာပြီ ဖြစ်သည်။

လားရှိုး မန်ဆူဘုရားကျောင်း၌ ၂,၀၀၀ ဦး၊ မိုင်းတင်ဘုန်းကြီးကျောင်း၌ ၅၀၀ ဦး၊ ဟိုပိတ်ဘုန်းကြီးကျောင်း၌ ၁၀၀ ဦးနှင့် ကုန်းသာကျေးရွာ၌ ၄၅၀ ဦးအထိ ရှိနေပြီ ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟု လူသိများသည့် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့က စစ်ကောင်စီနှင့် ပြည်သူ့စစ်များအား ရည်ရွယ်ချက်လေးရပ်ဖြင့် Operation 1027 အမည်ဖြင့် အောက်တိုဘာ ၂၇ ရက်တွင် စစ်ဆင်ရေး စတင်ပြုလုပ်နေပြီ ဖြစ်သည်။

ပြည်သူလူထုအား ကာကွယ်ရေး၊ စစ်အုပ်စု အကြမ်းဖက်မှုအား ဟန့်တားရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် အွန်လိုင်းလောင်းကစားမှုများ ပပျောက်ရေးအတွက် ဖြစ်သည်ဟု မဟာမိတ် သုံးဖွဲ့ ကြေညာချက်၌ ဖော်ပြထားသည်။ ကြေညာချက်ထုတ်သည့်နံနက်ပိုင်းတွင်ပင် လားရှိုး၊ သိန္နီ၊ ကျောက်မဲ၊ နောင်ချို၊ ကွမ်းလုံ၊ ကွတ်ခိုင်၊ လောက်ကိုင်၊ ချင်းရွှေဟော် စသည့် မြို့နယ်များ၌ တပြိုင် နက်တည်း စစ်ဆင်ရေး စတင်နေကာ လားရှိုး-ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းများကိုလည်း မဟာ မိတ်များဘက်မှ အရေးပေါ် ပိတ်ထားလိုက်ပြီ ဖြစ်သည်။

MNDAA ရှမ်းပြည်နယ် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီဘက်ကလည်း ပြည်သူလူထုတစ်ရပ်လုံးသို့ အိတ်ဖွင့်ပေးစာ တစ်စောင်အား ထုတ်ပြန်ထားကာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ရှိ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များအနေဖြင့်လည်း လက်နက်ချ အလင်းဝင်ရန် တိုက်တွန်းထားသည်။

ကရင်နီပြည်နယ်အတွက် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီအား ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ - KSCC က စက်တင်ဘာ ၁၆ ရက်တွင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

ကော်မတီအား KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ဦးဆောင်မည်ဖြစ်ကာ နော်ဖောဝါးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံမှု ရှိလာစေရေး ကုလသမဂ္ဂ အထွေထွေညီလာခံမှ ခိုင်မာ ပြတ်သားစွာ အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံအတွင်း၊ ဒေသအတွင်းနှင့် နိုင်ငံတကာမှ အရပ်ဘက်အဖွဲ့အစည်း ၄၄၀ ကျော်က အောက်တိုဘာ ၁၇ ရက်တွင် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့သည်။

အိတ်ဖွင့်ပေးစာအား ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) အဖွဲ့ဝင်နိုင်ငံများနှင့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်တို့ထံ လိပ်မူထားကာ နိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု ကျူးလွန်မှုများအား စုစည်းထားကာ မြန်မာ့အရေးဆိုင်ရာ UNSC ဆုံးဖြတ်ချက် ၂၆၉၉ အပေါ် စိတ်ပျက်မိကြောင်းလည်း ဖော်ပြထားသည်။

ပေးစာ၌ ကုလညီလာခံ နှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်သူများအတွက် ၎င်းတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရမည့်အချိန် ကျရောက်နေပြီး ဖြစ်ကြေင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေး လိုလားသော မြန်မာပြည်သူများ၏ စိတ်ဆန္ဒကို မမှိတ်မသုန် ထောက်ခံအားပေးရမည်ဟုလည်း ဖော်ပြထားသည်။

မှတ်ချက်။ ။ အိတ်ဖွင့်ပေးစာတွင် Spring Sprouts အနေဖြင့် လက်မှတ်ရေးထိုးပါဝင်ခဲ့သည်။

အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန ဌာနမှူးကြီးနှင့် ဒုတိယဌာနမှူးအဖြစ် အမျိုးသမီးသုံးဦးအား ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အောက်တိုဘာ ၁၈ ရက်တွင် အမိန့်အမှတ် ၁၈/၂၀၂၃ ဖြင့် ခန့်အပ်တာဝန်ပေးလိုက်သည်။

IEC သည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား ခိုင်မာရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာန ဌာနမှူးကြီးအပါအဝင်နှင့် ဒုတိယဌာနမှူး နှစ်ဦးကိုလည်း စက်တင်ဘာ ၇ ရက်က တာဝန်ပေးထားသည်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေးဦးဆောင်မှုဖြင့် IEC ကို ၂၀၂၃ ခုနှစ် ဇွန် ၆ ရက်တွင် ဖွဲ့စည်းထားကာ လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ ပြည်ထဲရေးဌာန များကိုလည်း ဖွဲ့စည်းလည်ပတ်နေပြီ ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်C (NCA) သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် မူတည်သည့် သဘောတူစာချုပ် ဖြစ်ကာ အကြမ်းဖက်စစ်တပ်က ဖွဲ့စည်းပုံကို ကျော်လွန်ကာ အာဏာသိမ်းလိုက်သည့်အတွက် ဖွဲ့စည်းပုံအပြင် NCA သည်ပါ ပျက်ပြယ်ပြီဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ထုတ်ပြန်လိုက်သည်။

NCA အပါအဝင် ဖွဲ့စည်းပုံကို အခြေခံသည့် ဆွေးနွေးပွဲနှင့် ဖွဲ့စည်းပုံပြင်ရေး ဆွေးနွေးပွဲများ၊ အကြမ်း ဖက်စစ်အုပ်စုက ပြောဆိုနေသည့် ရွေးကောက်ပွဲများသည် ဟန်ပြသာ ဖြစ်ကာ ရှစ်နှစ်ပြည့် NCA နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်မည် မဟုတ်ကြောင်း၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေး နိုင်ငံရေးဘုံသဘောတူညီချက်တစ်ခုတည်းအောက်၌ အခြားသော အင်အားစုများနှင့် ကြိုးပမ်း မည်ဟုလည်း ပါရှိသည်။

၁၉၈၈ လူထုအရေးတော်ပုံမှ ပေါက်ဖွားလာသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်းမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ၃၅ နှစ် ပြည့်ပြီဖြစ်ကာ နွေဦးတော်လှန်ရေး၌ ၎င်းတို့ ကိုင်ဆွဲထားသည့် ရည်မှန်းချက်သုံးရပ်အား ထုတ်ပြန်လိုက်သည်။

၎င်းတို့မှာ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ကာ မိတ်ဆွေအင်အားစုများ၊ လူမျိုးပေါင်းစုံ ပြည်သူလူထုနှင့် လက်တွဲအကောင်အထည်ဖော် တိုက်ပွဲဝင်မည်ဟု ပါတီသဘော၏ သဘောထားကိုလည်း ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း သို့မဟုတ် မန္တလေးဖက်ဒရယ်ယူနစ်အတွင်းရှိ တော်လှန်ရေးအင်အားစုများအကြား အလွတ်သဘဘော တွေ့ဆုံဆွေးနွေးမှုတစ်ရပ်အား အွန်လိုင်းအခြေပြု၍ အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) အပါအဝင် အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းကော်မတီ (AFCC-Mdy) ၊ လူထုသပိတ်တိုက်ပွဲ ခေါင်းဆောင်များ၊ CDM တွင် ပါဝင်သူများအပြင် တော်လှန်ရေး၌ အပြည့်အဝ ပါဝင်နေသည့် နိုင်ငံရေးပါတီများလည်း ပါဝင်ခဲ့သည်။ တွေ့ဆုံမှုအတွင်း တော်လှန်ရေးကာလ သို့မဟုတ် ကြားကာလအတွင်း နိုင်ငံရေး၊ တော်လှန်ရေး၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ကိစ္စများအား ဆွေးနွေးခဲ့သည်။

နွေဦးတော်လှန်ရေး နှစ်နှစ်ခွဲကျော်ကာလအတွင်း တော်လှန်ရေး၌ ပါဝင်သည့် အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ အမြတ်ထုတ်မှု၊ မဖွယ်မရာလုပ်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်စော်ကားခြင်းများ ရှိနေကာ အရေးမယူနိုင်သည့်အပြင် နစ်နာသူများကိုပါ အကာအကွယ်မပေးနိုင်ဖြစ်နေသည့်အတွက် ထိန်းကြောင်းရန် တော်လှန်ရေးအင်အားစု အဖွဲ့ ၂၃ ဖွဲ့နှင့် တသီးပုဂ္ဂလ ပါဝင်နေသူများက တောင်းဆိုထားသည်။

NUG ဝန်ကြီးဌာနများနှင့် နှင့် NUCC အား မိတ္တူတွဲထားသည့် ယင်းတောင်းဆိုမှု၌ ယင်းဖြစ်စဉ်များအား တားဆီးရေး အားလုံးပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းရန်၊ နစ်နာသူများ တိုင်ကြားနိုင်မည့် လုံခြုံရေးမထိခိုက်စေသော Hotline တစ်ခု ဖန်တီးရန် တိုက်တွန်းထားကာ ကျူးလွန်သူမျာအား ထိရောက်သည့် အရေးယူမှု၊ တရားမျှတမှု မတွေ့မြင်ရသရွေ့ နစ်နာသူများအတွက် တိုက်ပွဲဝင်မည်ဟုလည်း အသိပေးထားသည်။

အကြမ်းဖက်စစ်အုပ်စု အာဏသိမ်းခြင်းမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ အခြေခံမူနှင့် ရည်ရွယ်ချက်ကို ဖျက်ဆီးခြင်းဖြစ်ကာ ပြည်သူများအား နည်းလမ်းပေါင်းစုံဖြင့် အင်အားသုံးပြီး ထပ်ခါတလဲလဲ တိုက်ခိုက်နေမှုသည် NCA ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေကာ ညှိနှိုင်းအဖြေရှာခြင်း နည်းလမ်းကို စွန့်လွှတ်ကြောင်း ပေါ်လွင်နေပြီ ဖြစ်သည်ဟု NCA လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကျောင်းသားတပ်မတော် (ABSDF) တို့ ပူးတွဲထုတ်ပြန်လိုက်သည်။

NCA အခြေပြုဆွေးနွေးပွဲများသည် နိုင်ငံ့အကျပ်အတည်းအား ပိုမိုနက်ရှိုင်းစေကာ ပဋိပက္ခ ရှည်လျားအောင် ပြုလုပ်နေခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ထုတ်ပြန်ချက်၌ အဖွဲ့သုံးဖွဲ့၏ ဘုံနိုင်ငံရေးရည်မှန်းချက် ငါးရပ်၊ ဘုံနိုင်ငံရေးရပ်တည်ချက် ခြောက်ချက်ကို ဖော်ပြထားကာ ကျန် NCA လက်မှတ်ထိုးထားသည့်အဖွဲ့များအနေဖြင့်လည်း စစ်အာဏာရှင်သက်ဆိုးရှည်စေမည့် အကြမ်းဖက်စစ်အုပ်စု လုပ်ဆောင်မှုများ၌ ပါဝင်ခြင်းမပြုဘဲ ချမှတ်ထားသည့် ရည်မှန်းချက်၊ ရပ်တည်ချက်များ ဖော်ဆောင်ရေး၌ ပံ့ပိုးကူညီဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

စက်တင်ဘာ ၂၃ မှ ၂၆ ရက်အထိ လေးရက်တာ ပြုလုပ်ခဲ့သည့် "ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူ" နှီးနှောဖလှယ်ပွဲ၏ ရလဒ်အဖြစ် အကြံပြုတိုက်တွန်းချက်စာတမ်းကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းဖလှယ်ပွဲအား ရည်ရွယ်ချက်လေးရပ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ အစုအဖွဲ့ ၁၅ ဖွဲ့ပါသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်ရေးကော်မတီ (JCC-HA) နှင့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကာ ကိုယ်စားလှယ် ၃၁၂ ဦး တက်ရောက်ခဲ့သည်။

စာတမ်း၌ ပြည်တွင်း၊ နိုင်ငံတကာအသိုင်းအဝန်း၊ အလှူရှင်အဖွဲ့အစည်းများနှင့် အစိုးရများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အာဆီယံအသိုက်အဝန်း၊ NUG နှင့် အခြားသော ဆက်စပ် နှီးနွှယ်သည့် တာန်ရှိ အဖွဲ့အစည်းများသို့ ဟူ၍ ကဏ္ဍခွဲ၍ အကြံပြုတိုက်တွန်းချက်များ ပါရှိသည်။

ဖြစ်စဉ်

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက် ည (၁၁) နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုကြောင့် ကလေးသူငယ် (၁၃) ဦးအပါအဝင် အရပ်သား စစ်ရှောင်ပြည်သူ (၃၂) ဦး သေဆုံးခဲ့ကာ (၂၀) ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။ သေဆုံးသူအများစုမှာ အမျိုးသမီးများ ဖြစ်ပြီး စစ်ရှောင်နေအိမ် ၅၀ ကျော်လည်း ပျက်စီးခဲ့သည်။

KIA

“ဒါဟာ တိုင်းရင်းသားပြည်သူတွေအပေါ် ပြုလုပ်တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုလို့ပဲ ပြောချင်တယ်" - ဗိုလ်မှူးကြီးနော်ဘူ (KIA) (နယူးယောက်တိုင်းမ်သတင်းဌာနသို့ ဖုန်းဖြင့် ဖြေဆိုထားမှု)

NUG

မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ၇၈ ကြိမ်မြောက် ကမ္ဘာ့ကုလ သမဂ္ဂ ညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) တွင် အောက် တိုဘာ ၁၀ ရက်က ပြုလုပ်သည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားပြု မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့သည်။  တင်ပြမှုအတွင်း မြန်မာပြည်သူများအပေါ် လူမဆန်သည့် ရက်စက်ယုတ်မာ သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်အုပ်စုလုပ်ရပ်များ ရပ်တန့်ရေးအတွက် အပြည့်အဝ လက်နက်ပိတ်ပင်ခြင်း၊ လေယာဉ်ဆီတင်ပို့မှု ရပ်ဆိုင်ခြင်းတို့အား ဆောင်ရွက်ပေးရန်ပါ ထည့်သွင်းတင်ပြခဲ့သည်။

GSCB

အကြမ်းဖက်စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများအတွက် ဖိအားပေးဆန့် ကျင်ကန့်ကွက်ရုံမကဘဲ နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်သည့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကာ နိုင်ငံ တကာ တရားရေးယန္တရားများ၌ တရားစွဲဆို အပြစ်ပေးနိုင်ရေး ကြိုးပမ်းပေးရန်၊ နစ်နာခဲ့ရသူများအတွက် ထိရောက်အကျိုးရှိမည့် ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးရန် GSCB က ကြေညာချက်ထုတ်ပြန်သည်

KSCC

အကြမ်းဖက်စစ်အုပ်စု၏ စစ်ဘေးရှောင်စခန်းအား လူမဆန်စွာ တိုက်ခိုက်မှုသည် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရန် ကြိုးပမ်းနေသူများအတွက် လက်မခံနိုင်သော လုပ်ရပ်ဖြစ်ကြောင်း စစ်အာဏာရှင်များနှင့် အာဏာရှင်ဟူသမျှ ကျရှုံးသည်အထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်

NUG

အကြမ်းဖက်စစ်အုပ်စု၏ ယခုကဲ့သို့ ကျူးလွန်မှုများနှင့် အလားတူ ထပ်မံကျူးလွန်မှုများ မရှိစေရန် နိုင်ငံတကာအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပိုဒ် ၂၆၆၉ အရ အချိန်နှင့်တပြေးညီ  ပြင်းထန်ထိရောက်စွာ ဟန့်တားအရေးယူပေးပါရန် ထုတ်ပြန်ကြေညာသည်။

ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network)

ဥပဒေစိုးမိုးရေး အခြေခံအရ ပြစ်မှုကျူးလွန်သူကို အပြစ်ပေးကာ တရားမျှတမှု ရှာဖွေေရမည့် မူကို ပြတ်သားစွာ ကိုင်စွဲလျက် အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာ ဥပဒေရှုထောင့်မှ ကြိုးစားသွားမည်ဟု ထုတ်ပြန်သည်။

စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့

အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်သည့် အကြမ်းဖက်စစ်အုပ်စုအား အပြီးတိုင်ဖယ်ရှားရုံမှတစ်ပါး အခြားမရှိသည့်အတွက် သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများနှင့် ပေါင်းစည်းကာ ပြတ်ပြတ်သားသား ချေမှုန်းသွားရန် လိုကြောင်း ထုတ်ပြန်ကြေညာထားသည်။

AFCC

ပစ်ခတ်တိုက်ခိုက်မှုသည် ရောမစာချုပ် အပိုဒ် (၈) ပါ လိုက်နာရမည့် စည်းမျဉ်းများအား ချိုးဖောက်ကျူးလွန်သည့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်သည့်အချိန်တွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးနှင့် ခံစားနစ်နာခဲ့သူများအား တရားမျှတမှု ပြန်လည်ဆောင်ကျဉ်းပေးနိုင်နိုင်ရန် လုပ်ဆောင်မည်ဟု ထုတ်ပြန်ထားသည်။

SURC

အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူကို ခြောက်လှန့်နိုင်ရေးနှင့် စစ်ရေးဆုံးရှုံးမှု များလာတိုင်း အပြစ်မဲ့ အရပ်သားပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်သည့် လုပ်ရပ်မှာ အောက်တန်းကျလွန်းကြောင်းနှင့် တရားမျှတမှု ရရှိရေးနှင့် တော်လှန်ရေးအောင်မြင်ရေးအတွက် နိုင်ငံတစ်ဝှမ်းပြည်သူများအားလုံး အားမလျှော့ဘဲ အစွမ်းကုန်ပါဝင်ကြရန် တိုက်တွန်းထားသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့ (MNTJP/PSLF/ULA)

အကြမ်းဖက်စစ်အုပ်စုသည် စစ်ရေးနှင့် နိုင်ငံရေးအရ ရှုံးနိမ့်မှုကြောင့် အရပ်သားပြည်သူများအပေါ် အငြိုးအတေး၊ အာဃာတကြီးစွာ ပစ်မှတ်ထား တိုက်ခိုက်မှုမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှုကျူး လွန်ခြင်းဖြစ်ကာ တရားမျှတမှုနှင့် အမှန်တရားရရှိရေးအတွက် ကချင်ပြည်သူလူထု၊ ကချင်လွတ်မြောက်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) နှင့် တစ်သွေး တစ်သားတည်း ရှိကြောင်း ထုတ်ပြန်လိုက်သည်။ မုန်လိုင်ခတ် စစ်ရှောင်စခန်း တိုက်ခိုက်ခံရချိန်၌ပင် လိုင်ဇာရှိ AA တပ်စခန်းတစ်ခုကိုပါ စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့သည်။

CRPH

အကြမ်းဖက်စစ်အုပ်စုအား နိုင်ငံတကာ အသိုင်းအ ဝန်းက ထိရောက်သည့် အရေးယူဆောင်ရွက်ခြင်းဖြင့်သာ ၎င်းတို့ ကျူးလွန်နေသည့် လူမဆန်သော အကြမ်း ဖက်မှုများ ရပ်တန့်စေနိုင်မည်ဆိုသည့်အချက်အား နိုင်ငံတကာ အသိုင်းအဝန်းကိုယ်တိုင် သတိပြုရန်နှင့် မုန်လိုင်ခတ် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပြင် အခြားသော ရာဇဝတ်မှုကျူးလွန်ခြင်းများအတွက် တာဝန်ခံမှု ရှိစေရေးအတွက် လက်နက်တင်ပို့မှု ပိတ်ပင်ရေး၊ ပိုမိုပြင်းထန်သည့် အရေးယူပိတ်ဆို့မှု တိုးမြှင့်လုပ်ကိုင်ရေးအတွက် လက်တွဲလုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။

PRA – Magway

မုန်လိုင်ခတ် စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက စစ်သားပီပီ တိုက်ပွဲမဝင်ဘဲ သူရဲဘောင်ကြောင်စွာ တိုက်ခိုက်ခြင်းဖြစ်ကာ အာဏာသိမ်းပြီးနောက် ပိုင်း ဆက်တိုက်ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် သူရဲဘောကြောင်မှုများအတွက် အသွင်ကူး ပြောင်းရေးကာလ၌ မလွဲမသွေ တာဝန်ယူရမည်ဟု PRA Magway ထုတ်ပြန်ထားသည်။ သူရဲဘောကြောင် တိုက်ခိုက်မှုကြောင့် တော်လှန်ရေးစိတ်ဓာတ်အား ရိုက်ချိုးနိုင်မည် မဟုတ်ဘဲ လူထု၏ ဒေါသနှင့် ရင်ဆိုင်ရမည် ဖြစ်ကာ နိုင်ငံရေး၊ စစ်ရေး နည်းလမ်းပေါင်းစုံဖြင် တိုက်ခိုက်ချေမှုန်းမည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

KSCM

လိုင်ဇာ၊ မုန်လိုင်ခတ် စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စု ရက်ရက်စက်စက် ဗုံးကြတိုက်ခိုက်မှုသည် ကချင်ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ  တိုက်ခိုက်ခြင်းဖြစ်ကာ ၎င်းတို့ အမြစ်မပြတ် ရှိနေသေးသရွေ့ အလားတူ အကြမ်းဖက်သတ်ဖြတ်မှုများ ပိုမို ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးနေခြင်းဖြစ်ကာ ကချင်ပြည်သူများနှင့်အတူ အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်သွားမည် ဖြစ်ကာ ဒီမိုကရေစီလိုလားသည့် ပြည်သူများအနေဖြင့် မြန်မာစစ်အုပ်စုအား သပိတ် မှောက်ခြင်းနည်းလမ်းအပြင် ရရာနည်းဖြင့် အဆုံးထိ ပါဝင်ပေးကြရန် တိုက်တွန်းထားသည်။

DPNS

လိုင်ဇာ မုန်လိုင်ခတ်အပါအဝင် ဖားကန့် အနန့်ပါ၊ စစ်ကိုင်း ပဇီကြီး၊ ကရင်နီ ဖရူဆိုမြို့များတွင် အကြမ်းဖက်စစ်အုပ်စု အရပ်သားများအား ပစ်မှတ်ထား ဗုံးကြဲပစ်ခတ်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်းစသည့် စစ်ရာဇဝတ်မှုများအား အကြိမ်ကြိမ် ကျူးလွန်ကာ ၎င်းတို့အား အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်ခြင်းမရှိသရွေ့ ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးများအား ထပ်မံကြုံတွေ့နေကြရဦးမည်ဟု ရှုမြင်ကာ စစ်အာ ဏာရှင်စနစ် အပြီးအပိုင် ဖျက်သိမ်းပစ်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစု၊ လူမျိုးစုံ ပြည်သူလူထုနှင့်အ တူ ကျရာအခန်းကဏ္ဍမှ တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်ထားသည်

မကွေးလူထုတိုက်ပွဲကော်မတီ

အရပ်သားအများအပြား သေဆုံးသည့် မုန်လိုင်ခတ် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှု အပါအဝင် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများအတွက် နိုင်ငံတကာ အစိုးရနှင့် အဖွဲ့အစည်းများက ဖိအားပေး ကန့်ကွက်ရုံအပြင် လက်တွေ့ကျစွာ နိုင်ငံတကာ တရားစီရင်ရေးယန္တရားများ၌ တရားစွဲဆို အပြစ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးရန် မကွေးတိုင်း လူထု/သပိတ်ကော်မတီများက ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်၌ ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီ၊ ယောလူထု တိုက်ပွဲကော်မတီ၊ ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပါဝင်ကာ အကြမ်းဖက်စစ်အုပ်စုအား အပြီးတိုင်ဖယ်ရှားအတွက် တော်လှန်ရေး၌ ပါဝင်ရုန်းကန်ခြင်းသည်သာ အဖြေဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။ 

ကချင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)

မုန်လိုင်ခတ် စစ်ရှောင်စခန်း တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကာ အကြမ်းဖက်စစ်အုပ်စု၏ မတရားအကြမ်းဖက်မှုများကို ပံ့ပိုးကူညီနေသော အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကို ထိရောက်စွာ အရေးယူနိုင်ရေးနှင့် စစ်ရာဇဝတ်မှုအား တိုက်ရိုက်ကျူး လွန်သည့် စစ်အုပ်စုအား နိုင်ငံတကာခုံရုံး၌ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားသည်

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)  

စစ်ဘေးရှောင်စခန်းအား ပစ်မှတ်ထားတိုက်ခိုက်မှုသည် လူမဆန်သည့် လုပ်ရပ်အပြင် စစ်သားဟုပင် မခေါ်ဆိုထိုက်သည့် စစ်ရာဇဝတ်မှုလုပ်ရပ်၊ သူရဲဘောကြောင်လုပ်ရပ် သာဖြစ်ပြီး အဖိနှိပ်ခံပြည်သူ၊ လူမျိုးစု၊ တိုင်းရင်းသားညီအစ်အကိုများနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ် သည်အထိ တော်လှန်တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်သည်

ကျောင်းသားသမဂ္ဂများ

အရပ်သားများအား ပစ်မှတ်ထား၍ လေကြောင်းသုံး တိုက်ခိုက်နေသည့် အကြမ်းဖက် စစ်အုပ်စုလုပ်ရပ် ရပ်တန့်စေရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လေကြောင်းအသုံးပြုမှု ရပ်တန့်ရန် မပျံသန်းရဇုန် (No Fly Zone)  အဖြစ် သတ်မှတ်ရန်နှင့် စစ်အုပ်စုအား လက်နက်ပံ့ပိုးရောင်းချမှု၊ လေယာဉ်ဆီ တင်ပို့မှုအား ချက်ချင်းရပ်တန့်စေရေး အရေးယူပိတ်ဆို့မှု  ပြုလုပ်ပေးရန် ကချင်အခြေပြု ကျောင်းသားသမဂ္ဂများအပြင် မန္တလေးနှင့် မုံရွာအခြေပြု ကျောင်းသားသမဂ္ဂက ကြေညာချက်ထုတ် တောင်းဆိုထားသည်။ ပူးတွဲတောင်းဆိုရာ၌ ကျောင်းသားသမဂ္ဂပေါင်း ၁၈ ခု ပါဝင်ကာ မြစ်ကြီးနားတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၊ မြစ်ကြီးနားနည်းပညာတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား) မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၊ မြစ်ကြီးနားသူနာပြုသင်တန်းကျောင်း၊ မြစ်ကြီးနား သားဖွားသင်တန်းကျောင်း၊ မိုးညှင်းတက္ကသိုလ်၊ မိုးညှင်းအစိုးရနည်းပညာကောလိပ်၊ ဗန်းမော်တက္ကသိုလ်၊ ဗန်းမော်ကွန်ပျူတာ တက္ကသိုလ်၊ ဗန်းမော်သူနာပြုသင်တန်းကျောင်း၊ ဆေးတက္ကသိုလ်-မန္တလေး၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မန္တလေးစက်မှုလက်မှုသိပ္ပံကျောင်းတို့မှာ ကျောင်းသားသမဂ္ဂများ ပါဝင်သည်။

ICNCC

မုန်လိုင်ခတ် စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက တိုက်ခိုက်မှုမှာ  အရပ်သားပြည်သူများ၏ အသက်ရှင်သန်ပိုင်ခွင့်ကို မျက်ကွယ်ပြုကာ လူနည်းစု တိုင်းရင်းသားများအား လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်သည့် လုပ်ရပ်ဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ၎င်းတို့အား ဝိုင်းပယ် ကန့်ကွက်ကြရန် ပန်ကြားထားသည်။ နိုင်ငံသမိုင်းအတွက် အလွန်အရေးကြီးကာလလည်း ဖြစ်ရာ ကချင်နှင့် ချင်းလူမျိုးများအပါအဝင် လူနည်းစုတိုင်းရင်းသားနှင့် နွေဦးတော်လှန်ရေးအင်အားစုများအနေဖြင့်လည်း စည်းလုံးညီညွတ်စွာ အချင်းချင်း လက်တွဲ မဖြုတ်စတမ်း ဘုံရည်မှန်းချက်ပန်းတိုင် ရောက်ရေး အစွမ်းကုန်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်

CNF

ပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးကာ ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည့် မုန်လိုင်ခတ် စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်မှုမှာ စက်ဆုပ်ဖွယ်လုပ်ရပ်ဖြစ်ကာ ကြီးလေးသည့် စစ်ရာဇဝတ်မှုကို ကျူးလွန်သော လူမျိုးသုဉ်း သတ်ဖြတ်မှုဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ စစ်အုပ်စုအား နည်းလမ်းပေါင်းစုံသုံး ဝိုင်းဝန်း ဖယ်ကျဉ် ကန့်ကွက်အပြစ်ပေးရန်တောင်းဆိုထားကာ တအူတုံဆင်း ကချင်ညီနောင်များနှင့်အတူ ဆက်လက်တိုက်ခိုက်မည်ဟုလည်း ကြေညာချက်၌ ပါရှိသည်။

PNFC

မုန်လိုင်ခတ် စစ်ရှောင်စခန်းအား တိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်အုပ်စု၏ "အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေရန် တင်ကူးရည်ရွယ်ချက်" ဖြင့် စစ်ရာဇဝတ်မှုဖြစ်ကြောင်းနှင့် စစ်တပ်သည် လူထုရန်သူဖြစ်နေကာ ကချင်ပြည်သူများအပါအဝင် တောင်တန်း၊ မြေပြန့်ဒေသအသီးသီးရှိ ပြည်သူတစ်ရပ်လုံးနှင့် ပအိုဝ်းပြည်သူများ ပူးပေါင်းတော်လှန်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

TPCC

အရပ်သားများအား ပစ်မှတ်ထားကာ မုန်လိုင်ခတ် စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက တိုက်ခိုက်မှုသည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများအား ချိုးဖောက်သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုသာ ဖြစ်ကြောင်း မှတ်ယူကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများအပြင် နိုင်ငံတကာကပါ ၎င်းတို့အား ဝိုင်းဝန်းဖယ်ကျဉ် ကန့်ကွက်ကြရန် တောင်းဆိုထားသည်။

သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု (BMC) / GSCN

အကြမ်းဖက်စစ်အုပ်စုသည် အာဏာတည်မြဲရေးအတွက် ပြည်သူလူထုအပေါ် မည်သည့် စစ်ရာဇဝတ်မှုကိုမဆို ကျူးလွန်ရန် လက်မတွန့်ကြောင်း မုန်လိုင်ခတ် စစ်ရှောင်စခန်း ဖြစ်စဉ်က သက်သေပြနေကာ ကျူးလွန်သူများအား အပြစ်ပေးရေးအပြင် လေယာဉ်ဆီအပါအဝင် ဆက်စပ်ပစ္စည်းများ၊ ဖျက်အားပြင်း လက်နက်များ လက်ဝယ်မရရှိစေရေး ပိတ်ဆို့အရေးယူမှု တိုးမြှင့်ပေးရန် နိုင်ငံတကာအသိုင်းအဝန်းသို့ တောင်းဆိုဆော်သြထားသည်။

WLB

ကချင်ပြည်နယ်၊ လိုင်ဇာအနီး မုန်လိုင်ခတ် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းသာ ဖြစ်ကာ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းရင်းသားများအား တိုက်ခိုက်နေသည့်အတွက် လူ့အခွင့်အရေးနှင့် လူသားဆန်မှုများပါ ထိခိုက်နေရကြောင်း၊ နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား လေယာဉ်ဆီ ပိတ်ဆို့မှုအပါအဝင် အခြားသော အရေးယူပိတ်ဆို့ခြင်းများနှင့် နစ်နာခဲ့သူများအား ကူညီပေးရေးအတွက် တောင်းဆိုထားသည်။

(မှတ်ချက်။ ။ ဆက်လက်စုစည်းဖော်ပြသွားပါမည်။)

မြန်မာ့နိုင်ငံရေးကဏ္ဍနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး၌ အမျိုးသမီးနှင့် လူငယ်များ ပါဝင်မှုအခန်းကဏ္ဍ မြှင့်တင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက် (MWPN) တို့ အောက်တိုဘာ ၃ ရက်က အွန်လိုင်းအခြေပြု ဆွေးနွေးခဲ့သည်။

CRPH ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီမှတစ်ဆင့် တွေ့ဆုံခြင်းဖြစ်ကာ စစ်ရှောင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအား ကူညီရေး၊ အမျိုးသမီးနှင့် ကလေးငယ်များအား ဖက်ဒရယ်ဆိုင်ရာ သင်တန်းနှင့် ဆွေးနွေးပွဲပြုလုပ်ရေးကိစ္စများ အဓိကထား ဆွေးနွေးခဲ့သည်။

MPWN အား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် နိုင်ငံအတွင်း လွှတ်တော်အသီးသီးမှ ရွေးကောက်ခံအမျိုးသမီးကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာအား စစ်အုပ်စုလက်အောက်ရှိ တမခ – ၃၃ လလက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၁၂၀ အထိုင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဆရာမတစ်ဦး အပြင် ကလေးငယ် ၂၀ ဦး ထိခိုက်ခဲ့မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

တိုက်ခိုက်မှုဖြစ်စဉ်မှာ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခြင်းဖြစ်သည်။ စစ်အုပ်စုက ဂျိုးတောင်ရွာမရွာ ဘူတာစုရပ်ရှိ ဘုန်းကြီးကျောင်းသို့ ဦးတည်ပစ်ခတ်စဉ် ဘုန်းကြီးကျောင်းဆောင်အပြင် အနီးရှိ ကျေးရွာအခြေပြု ပြည်သူ့ပညာရေးစာသင်ကျောင်းကိုပါ ထိမှန်ခဲ့ခြင်းဖြစ်ကာ ဒဏ်ရာရ ကလေးငယ်များအနက် ခုနစ်ဦးခန့်မှာ ဒဏ်ရာပြင်းထန်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍လည်း NUG ပညာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

စစ်အုပ်စု ခေါင်းဆောင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်းတို့ စက်တင်ဘာ ၃၀ ရက်က နေပြည်တော်၌ တွေ့ဆုံမှုမှာ အဖွဲ့အစည်းနှင့် လုံးဝ ပတ်သတ်ခြင်းမရှိကြောင်း KNU ဗဟိုဌာနချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီက အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်သည်။

ယင်းတွေ့ဆုံမှု၌ KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအပြင် KNU-CEC ဟောင်း ပဒို စောရောဂျာခင်၊ ဒူးပလာယာခရိုင်ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းတို့ ပါဝင်သည်။

KNU က သြဂုတ်လ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် First 100 Days : KNU IN NEW ERA သတင်းစာ ရှင်းလင်းပွဲ၌ စစ်အုပ်စုသည် နိုင်ငံရေးအရ တရားဝင်မဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန် လုံးဝမရှိကြောင်း တရားဝင် ကြေညာထားသည်။ KNU သည် အပစ်ရပ်စာချုပ် NCA ၌ ပါဝင်လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သော်လည်း စစ်အုပ်စု အာဏာသိမ်းမှုကြောင့် NCA ပျက်ပြီဖြစ်ကြောင်းလည်း သဘောထား ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေး၌ အမျိုးသမီးများ ပါဝင်မှု အခန်းကဏ္ဍအပြင် မြေပြင်၌ ကြုံတွေ့နေရသည့် လိင်အခြေပြု အကြမ်းဖက်အခြေအနေ၊ နိုင်ငံတကာယန္တရားများဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး ရည်ရွယ်ချက်ဖြင့် စက်တင်ဘာ ၁၉ မှ ၂၀ ရက်အထိ "ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်" ကို ပြုလုပ်ခဲ့သည်။

ဖိုရမ်အား စီဒေါမဟာမိတ်အဖွဲ့က ဦးဆောင်ခြင်းဖြစ်ကာ ဒေသအသီးသီးရှိ အမျိုးသမီးနှင့် မိတ်ဆက် အဖွဲ့အစည်းများမှ အမျိုးသမီး ၂၃၀ ပါဝင်ခဲ့သည်။ ဖိုရမ်အတွင်း နိုင်ငံရေးနှင့် စစ်ရေးကဏ္ဍများ၌ အမျိုးသမီးများ ဖိနှိပ်ခံရမှုနှင့် ဖယ်ကျဉ်ထားခံရမှုအား အဓိကထား ဆွေးနွေးခဲ့ကြကာ ဆွေးနွေးမှုအပြီး၌ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ တိုက်တွန်းတောင်းဆိုချက်များကို ထုတ်ပြန်ထားသည်။

စီဒေါမဟာမိတ်အဖွဲ့တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ၊ ကျား/မတန်းတူညီမျှရေးကွန်ရက် (GEN) အမျိုးသမီးများကွန်ရက် (WON) ၊ စီဒေါဆိုင်ရာ လှုပ်ရှားသူများအဖွဲ့ (CAM) တို့အပြင် အခြား အမျိုးသမီးရေး ဆောင်ရွက်နေသည့်အဖွဲ့များလည်း ပါဝင်သည်။ CEDAW မှာ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှဒ အားလုံးဖျက်သိမ်းရေး သဘောတူစာချုပ် ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နွေဦးတော်လှန်ရေး၌ ပါဝင်နေကြသည့် လူထုသပိတ် တိုက်ပွဲ  ဦးဆောင်ကော်မတီဝင်များ တွေ့ဆုံမှုအား အောက်တိုဘာ ၁ ရက်က ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲ၌ ဆက်သွယ်ရေး အခက်အခဲကြောင့် မတက်ရောက်သည့် အင်အားစုအချို့သာ ရှိခဲ့သည်။

တွေ့ဆုံမှုအတွင်း လူထုလှုပ်ရှားမှု ပြန်လည်အားကောင်းရေးနှင့် မြေပြင်၌ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား နိုင်ငံရေး၊ စစ်ရေးအပေါ် အခြေခံ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစု လုပ်ငန်းကော်မတီနှင့် လူထုတိုက်ပွဲနည်းနာပိုင်းဆိုင်ရာ မူဝါဒရေးဆွဲရေးကော်မတီ နှစ်ရပ်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။