ယခုဆောင်းပါးသည် အများပြည်သူသို့ ထုတ်ပြန်ထားပြီးဖြစ်သည့် အချက်အလက်များကို အခြေခံ၍ ပြုစုထားခြင်းဖြစ်ပါသည်။ ပြင်ဆင်ရန် အဆိုပြုလိုသည့်အချက်အလက်များရှိပါက springsprouts@proton.me သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်စဉ်က အရပ်သား အစိုးရအား ဖြုတ်ချကာ စစ်တပ်အာဏာသိမ်းခြင်းမှာ မှန်ကန်သည့် နည်းလမ်း မဟုတ်ကြောင်းနှင့် ရွေးကောက်ပွဲအကြောင်းပြ လုပ်ဆာင်မှုမှာ မမှန်ကန်ကြောင်း ကုလသမဂ္ဂ အပါအဝင် ဒီမိုကရေစီရေး လိုလားသည့် ကမ္ဘာ့နိုင်ငံများက ကြေညာချက်ထုတ် ကန့်ကွက်ခဲ့ကြသည်။ အမေရိကန်၊ ဗြိတိန် ပါဝင်သည့် အနောက်နိုင်ငံအများစုက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသော်လည်း မြန်မာစစ်တပ်နှင့် အဆက်အဆံရှိသည့် ရုရှား၊ တရုတ်၊ ဂျပန်၊ ထိုင်း စသည့် နိုင်ငံများကမူ သတိဖြင့် ချဉ်းကပ်တုံ့ပြန်ခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က စစ်တပ်အာဏာသိမ်းပြီး နှစ်ရပ်အကြာ ဖေဖော်ဝါရီ ၃ ရက်တွင် "မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် အဲဒီလို ထင်မြင်ယူဆနေကြတာ မမှန်ပါဘူး။ မြန်မာနိုင်ငံတွင်း မတူကွဲပြားမှုတွေကို သင့်တော်တဲ့ နည်းလမ်းတွေနဲ့ ဘက်ပေါင်းစုံ ပါဝင်ဖြေရှင်းပြီး နိုင်ငံရေးအရရော လူမှုရေးအရပါ တည်ငြိမ်နေတာကိုပဲ ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုအနေနဲ့တွေ့ မြင်ချင်ပါတယ်” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
ဗြိတိန် နိုင်ငံက ဦးစီး၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးနှင့် အာဏာ သိမ်းစစ်တပ်အား အရေးယူနိုင်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဖေဖော်ဝါရီ ၃ ရက်က အစည်းအ ခေါ်ယူခဲ့ကာ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် Barbara Woodward က မြန်မာစစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်းနှင့် ဖမ်းဆီးထားသူများအား ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် အဖွဲ့ဝင် ၁၅ နိုင် ငံလုံးက သဘောတူညီချက် မရရှိခဲ့ဘဲ ၂၀၂၁ ခုနှစ် မတ်လ ၁၀ ရက်တွင် ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ရန်၊ အာဆီယံက မြန်မာ့အရေးအား ကူညီရန်၊ စစ်တပ်နှင့် ပြည်သူအကြား ဆွေးနွေးတိုင်ပင်ကြရန်သာ ကြေညာချက်ထုတ်နိုင်ခဲ့သည်။ ယင်းအစည်းအဝေး၌ အမြဲတမ်းအဖွဲ့ဝင်များ ဖြစ်သည့် တရုတ်နှင့် ရုရှားနိုင်ငံတို့က ဗီတို အာဏာသုံး၍ ထိုသို့ပြုလုပ်ရန် ပိတ်ပင်ခဲ့ခြင်း ဖြစ်ကာ တရုတ်က "အစိုးရ ပြန်လည်ဖွဲ့စည်းခြင်း" သာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။
NUG အား မြန်မာ့ ပြည်သူ့အစိုးရအဖြစ် အသိအမှတ်ပြုကြရန် နိုင်ငံတကာကုန်သွယ်ရေးသမဂ္ဂ အကျိုး တူပူးပေါင်းအဖွဲ့နှင့် အာဆီယံဒေသအတွင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ လွှတ်တော်ကိုယ်စားလှယ်များ ကလည်း ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်တွင် ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဏာသိမ်းစစ်အုပ်စု ကိုယ်စားလှယ်ထက် NUG ကိုသာ ဖိတ်ခေါ်သင့်ကြောင်း တိုက်တွန်းခဲ့သည်။ သို့သော် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ပြုလုပ်သည့် ယင်းထိပ်သီးအစည်းအဝေးသို့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက်ရန် ဖိတ်ကြား၊ တက်ရောက်စေခဲ့သည်။ NUG ဘက်က အာဆီယံအား ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေး သို့ ဖိတ်ခေါ်ခြင်း မပြုလုပ်ခဲ့ပေ။ ယင်းအစည်းအဝေး၌ မြန်မာ့အရေးနှင့် ပတ်သက်သည့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်အား ချမှတ်ထုတ်ပြန်ခဲ့သည်။
ယင်းအချက် ငါးရပ်မှာ -
၁။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်
၂။ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခု ရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြရန်
၃။ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးရန်
၄။ အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို အကူအညီများ ပေးရန်
၅။ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန် အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ရန် တို့ ဖြစ်သည်။
ယင်းသဘောတူညီချက် ငါးရပ်အရ ၂၀၂၁ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီး အီရီဝမ်ယူစွဖ်ပ်၊ ၂၀၂၂ ခုနှစ်တွင် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်၊ ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီတို့အား နှစ်အလိုက် ခန့်အပ်ခဲ့သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ – ၂၈ ရက်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဘရူးနိုင်း နိုင်ငံတွင် ကျင်းပမည့် အဖွဲ့ ထိပ်သီးအစည်းအဝေးအား အာဆီယံနိုင်ငံများက စစ်အုပ်စုအား တက်ရောက်ခွင့် ကန့်သတ်ခဲ့သည်။ ယင်းကန့်သတ်သည့် ဆုံးဖြတ်ချက်အား ကျန်အာဆီယံ ကိုးနိုင်ငံလုံးစလုံးက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကာ မြန်မာ့အရေးအတွက် ချမှတ် ထားသည့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်အား စစ်ကောင်စီဘက်မှ လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိသည့် အတွက် ဖြစ်သည်။
အမေရိကန် ပါဝင်သည့် အနောက်နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံရေးအရ ဖိအားပေး မှုကို တုံ့ပြန်နိုင်ရန်အတွက် အာဏသိမ်းစစ်ကောင်စီက ယင်းမတိုင်မီကတည်းက ကုလသမဂ္ဂ ဗီတိုအာဏာရှင် နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်မှုများ ကြိုတင်လုပ်ဆောင်ခဲ့သည်။
မြန်မာစစ်တပ်၏ အဓိက မိတ်ဆွေဟု သတ်မှတ်ရမည့် တရုတ်နိုင်ငံမှာ အာဏာသိမ်းမှုအပြီး ၎င်းတို့၏ သဘောထားဖြစ်သည့် "အစိုးရ ပြန်လည်ဖွဲ့စည်းခြင်း" ဟု ထုတ်ဖော်ပြောဆိုပြီး နောက်ပိုင်း နှုတ်ဆိတ်နေခဲ့သည်။ သို့သော် ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ရှိလာခြင်း၊ တရုတ်နိုင်ငံသားများနှင့် လုပ်ငန်းများအပေါ် သပိတ်မှောက်မှု လုပ်လာမှုများ ရှိချိန်တွင်မူ မြန်မာစစ်တပ်အား သံတမန်နည်းအရ ဖိအားပေး လုပ်ဆောင်ခိုင်းခဲ့သည်။
နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုမှာ ထိခိုက်မှုရှိသော်လည်း မိတ်ဆွေများဖြစ်သည့် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားတို့နှင့် ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ထုတ်ဖော်ပြောဆိုထားသည်။
မြန်မာစစ်တပ် အာဏသိမ်းပြီး တစ်နှစ်ခန့်အကြာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။ ယင်းမှာ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက် နိုင်ငံခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်လည်း ဖြစ်သည်။
ကမ္ဘာ့နိုင်ငံကြီး ရှစ်ခုတွင် NUG အစိုးရ၏ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်လာနိုင်ခဲ့သည်။ ၎င်းနိုင်ငံရှစ်ခု မှာ သြစတြေးလျ၊ ချက်၊ ပြင်သစ်၊ ဂျပန်၊ ဗြိတိန် ၊ နော်ဝေ၊ တောင်ကိုရီးယား နှင့် အမေရိကန်ပြည်ထောင်စု တို့၌ ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာရှိ လွှတ်တော်များနှင့် ထိတွေ့မှုများ ပိုမိုလုပ်ဆောင်လာနိုင်ခဲ့ကာ မြန်မာ့ဒီမိုကရေစီရေးနှင့် အာဏာသိမ်းစစ်တပ်က ကျူးလွန်နေသည့် ရာဇဝတ်မှုကိစ္စရပ်များအား တင်ပြ နိုင်ခဲ့ကြသည်။ အာဏာသိမ်းစစ်တပ်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး - ICC ၊ ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး - ICJ အပြင် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ တရားရုံး၊ ဂျာမနီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၌ စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှုများဖြင့် တရားစွဲဆိုထားသည်။
ထို့ပြင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တက်ကြွလှုပ်ရှားသူ၊ အဖွဲ့အစည်းများ ၁၀၀ ကျော်ကကလည်း ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်တွင် အာဏာသိမ်းစစ်တပ်အား အမြန်ဆုံးတရားစွဲနိုင်ရန်အတွက် ကုလ သမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တောင်းဆိုခဲ့သည်။ ယင်းမတိုင်မီ အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးယန္တရား - IIMM ကလည်း အာဏာသိမ်း စစ်တပ်ကျူးလွန်နေသည့် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပြင် ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူများအား တရားစွဲဆိုရာ၌ အထောက် အကူဖြစ်စေမည့် အမှုတွဲများ တည်ဆောက်နေပြီဟု ကြေညာထားခဲ့သည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အချက် ၁၅ ချက် ပါဝင်သော ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှုနှင့် ပတ်သက်သည့် အာဆီယံ ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက် ကို အာဆီယံထိပ်သီးအစည်းအဝေးက ထုတ်ပြန်ခဲ့သည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သည့် အင်ဒိုနီးရှားမှ လူ့အခွင့်အရေးလှုပ်ရှားသူများကလည်း လူ့အခွင့် အရေးချိုးဖောက်မှုများ ရှိသည့် မြန်မာ အာဏာသိမ်းစစ်တပ်အား တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခွင့်ရရေးအတွက် ၎င်းတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသို့ တင်သွင်းခြင်းအား ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတကာ အသိအမှတ်ပြုရရန်အတွက် ကြိုးပမ်းမှုမျာကြောင့် အသိအမှတ်ပြုခံရမှုများ ရှိလာခဲ့သည်။ ပြင်သစ် အထက်လွှတ်တော်၌လည်း NUG အစိုးရအား အသိအမှတ်ပြုရေးအဆိုမှာလည်း ကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုခဲ့သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်းက ပြုလုပ်သည့် ဥရောပသမဂ္ဂ – EU လွှတ်တော်၌လည်း မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်များအား ထပ်တိုးဒဏ်ခတ် အရေးယူရန်နှင့် NUG အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ရှုတ်ချကြောင်း ဆုံးဖြတ်ချက်တရပ်ကို ထောက်ခံမဲ ၁၂ မဲ၊ ကြားနေမဲ သုံးမဲဖြင့် ချမှတ်ခဲ့သည်။ ကြားနေခဲ့သည့် သုံးနိုင်ငံမှာ တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့ဖြစ်သည်။ အဆိုပါဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး ချမှတ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီလည်း ဖြစ်သည်။
မြန်မာ့နွေဦး တော်လှန်ရေး စတင်ချိန်တွင် နိုင်ငံ့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံက နှုတ်ဆိတ်နေခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ် မတ်လတွင် ပြုလုပ်သည့် Quad လေးနိုင်ငံ ထိပ်သီးအစည်းအဝေးတွင်မူ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တက်ရောက်ပြီး ယင်း လေးနိုင်ငံ ပူးတွဲကြေညာချက်များတွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ထည့်သွင်းထုတ်ပြန်လေ့ရှိသည်။ အိန္ဒိယသည် မြန်မာ့အရေးနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားသည့် သဘောထား ရပ်တည်ချက်ကို မထုတ်ပြန်ခဲ့ဘဲ ၎င်းပါဝင်သည့် အဖွဲ့အစည်း များအလိုက် ထုတ်ပြန်ချက်၌သာ မြန်မာ့အရေးကို ပူးတွဲပုံစံဖြင့် ထည့်သွင်းပြောဆိုခဲ့သည်။ ထို့အပြင် အိန္ဒိယသည် စစ်အုပ်စုနှင့် စီးပွားရေးအရ ဆက်ဆံမှုများ၊ အထူးသဖြင့် လက်နက်ပစ္စည်းရောင်းချမှုများ ပြုလုပ်သည်ဟု စွပ်စွဲခံထားရပြီး ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအား လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ကန့်သတ်ရေးဆုံးဖြတ်ချက်အား မဲခွဲစဉ်က အိန္ဒိယက မဲမပေးဘဲ ကြားနေခဲ့ဖူးသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် အိန္ဒိယတို့သည် Track 1.5 စကားဝိုင်းများကို ၂၀၂၃ ခုနှစ် မတ်လနှင့် ဧပြီလများတွင် အသီးသီး ပြုလုပ်ခဲ့ကြသည်။ အဆိုပါ စကားဝိုင်းများတွင် အခြားအိမ်နီးချင်းများဖြစ်သော တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် လာအိုတို့လည်း ပါဝင်ခဲ့ကြသလို အာဆီယံဥက္ကဌဟောင်းနှင့် လက်ရှိဥက္ကဌနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့လည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း နေပြည်တော်သို့ သွားရောက်ခဲ့ပြီး စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့သွားရောက်မှုတွင် တရုတ်-မြန်မာနယ်စပ်ကိုလည်း သွားရောက်ခဲ့သေးသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်က ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် နေပြည်တော် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူချင်းတွေ့ဆုံခွင့်ရခဲ့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တင်ပြခဲ့သည်။
စစ်အုပ်စု အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက်ပိုင်းတွင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များအဖြစ် ခရစ်စတင်း ဘာဂနာနှင့် နော်လင်း ဟေဇာတို့ တာဝန်ယူခဲ့ကြသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင် နော်လင်းဟေဇာ တာဝန်မှ ရပ်နားခဲ့သည်။
မူအားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်ခံထားရပြီဖြစ်သော တီမောနိုင်ငံသည် အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ခဲ့ပြီး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးကို သမ္မတမှ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံမှုများအပြီး သြဂုတ် ၂၈ ရက်နေ့တွင် တီမောနိုင်ငံ၏ သံရုံးယာယီတာဝန်ခံကို စစ်အုပ်စုက နိုင်ငံမှ ထွက်ခွာရန် နှင်ထုတ်ခဲ့သည်။
ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ်(ILO) သတ်မှတ်ချက် ၈၇ နှင့် ၂၉ အရ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အဓမ္မလုပ်အားခိုင်းစေမှုများနှင့် ပတ်သက်၍ မလိုက်နာမှုအပေါ် ILO အခြေခံဥပဒေအပိုဒ် - ၃၃ (Article 33) အရ ဆောင်ရွက်နိုင်ရေး မူကြမ်းရေးရန် ILO ညွှန်ကြားရေးမှူးချုပ်အား အုပ်ချုပ်မှုကော်မတီက တာဝန်ပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံက stakeholders များကိုယ်တိုင် ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ လုပ်ငန်းစဉ် ဖြစ်ဖို့၊ စစ်အာဏာရှင်စနစ်နှင့် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို နောက်ကြောင်းမပြန်စေမယ့်၊ ပြည်သူလူထုရဲ့ လိုလားမှုနဲ့လည်း ကိုက်ညီတဲ့၊ ဘုံနိုင်ငံရေးရည်မှန်းချက်ရရှိဖို့ တော်လှန်ရေးအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဥ်ကို အာဆီယံ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ကူညီထောက်ခံ အကျိုးဆောင်ပံ့ပိုးမှုများ ပေးအပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စကစက အဆိုပြုထားတဲ့ ရွေးကောက်ပွဲက ပဋိပက္ခတွေကို ပိုမို ပြင်းထန်စေမှာ ဖြစ်ပြီး တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ယူဆောင်ပေးမှာမဟုတ်ဘူး။
အောက်တိုဘာလသည် အာဆီယံထိပ်သီးအစည်းအဝေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံတို့နှင့် မြန်မာ့အရေးကိစ္စ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် တဖန် ပြန်လည်ဆွေးနွေးလာကြသည့် ကာလတစ်ခု ဖြစ်ခဲ့သည်။ အောက်တိုဘာလအတွင်း မြန်မာ့အရေး နိုင်ငံတကာခရီးဆန့်ခဲ့မှုကို အောက်တွင် ပြန်လည် အနှစ်ချုပ် အစီရင်ခံအပ်ပါသည်။
တိုက်ခိုက်ရေးအောင်ပွဲများမှသည် ပြည်သူ့နိုင်ငံရေးအောင်ပွဲများအထိ ဆက်လက် သယ်ဆောင် အနားသတ်ပေးနိုင်မှသာ တည်ငြိမ်အေးချမ်းမှု အစစ်အမှန်ကို ခံစားရမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy - SNLD) က အောက်တိုဘာ ၂၆ ရက်တွင် ၎င်းတို့၏နိုင်ငံရေး ရပ်တည်ချက်သဘောထားအား ထုတ်ပြန်ထားသည်။
ပြည်သူ့ညီလာခံဟူသည်မှာ တော်လှန်ရေးကာလ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာရွက်စာတမ်းတစ်စောင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) က ဦးဆောင်ကျင်းပသည့် ညီလာခံတစ်ရပ် ဖြစ်သည်။ တော်လှန်ရေးကာလတလျောက် ပြည်သူ့ညီလာခံကို နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ကာ ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့သည်။ ပဋိညာဉ်အရ ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ပြဌာန်းထားသော်လည်း (၂) နှစ်ကျော် ကြာပြီးမှသာ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ထပ်လောင်းအတည်ပြုထားသဖြင့် တတိယအကြိမ် ပြည်သူ့ညီလာခံကို မကြာမီ ကျင်းပလာနိုင်ဖွယ် ရှိသည်။
ပြည်ပနိုင်ငံအချို့က မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် စီစဉ်နေသဖြင့် အစိုးရဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင်များအား ခရီးသွားခွင့်၊ မြန်မာ့အရေးဆိုင်ရာ နိုင်ငံတကာအခင်းအကျင်းများ၌ ပါဝင်ခြင်းနှင့် သတင်းမီဒီယာများသို့ ဖြေကြားခွင့်ကို ကန့်သတ်သည့် အချက်လေးချက်အား အောက်တိုဘာ ၉ ရက် ရက်စွဲဖြင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က တရုတ်ဘာသာဖြင့် ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းရန် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကို ကမ်းလှမ်းသော ကြေညာချက်တစ်စောင်အား စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းဒုတိယအကြိမ်မြောက်ကမ်းလှမ်းမှုဖြစ်ကာ ၂၀၂၂ခုနှစ် ဧပြီလတွင် ပထမအကြိမ်အဖြစ်အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင်ရုပ်မြင်သံကြားမှတစ်ဆင့်ကမ်းလှမ်းခဲ့ဖူးသည်။မတူညီသည့်အချက်မှာ ယခုတစ်ကြိမ်ကမ်းလှမ်းချိန်၌ EROs၊PDFs များ၏စစ်ဆင်ရေးများကြောင့်အကြမ်းဖက်စစ်အုပ်စုဘက်မှစစ်စခန်းများ၊ စစ်ဌာနချုပ်များအပြင်မြို့များကိုပါ လက်လွှတ်နေရချိန်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စု၏ "နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ခြင်း"မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) များ သပ်လျှိုဖြိုခွဲရန်နှင့် နိုင်ငံတကာ အမြင်ကောင်းစေရန်အတွက် အားထုတ်မှုသာ ဖြစ်ပြီး ဟန်ပြသပ်သပ်သာ ဖြစ်သည့်အတွက် ပြတ်ပြတ်သားသား ပယ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က အောက်တိုဘာ ၁ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။.
အကြမ်းဖက်စစ်အုပ်စုက စစ်မှု မထမ်းမနေရ ဥပဒေပြဌာန်းခြင်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းကာ အသက် ၆၅ နှစ်အထိ သက်ကြီးပိုင်းများကိုပါ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းမှာ တိုင်းပြည်နှင့် ပြည်သူတစ်ရပ်လုံးအား လူသားဒိုင်းသဖွယ် အသုံးပြုရန်ကြိုးပမ်းခြင်းသာ ဖြစ်ပြီး နည်းလမ်းပေါင်းစုံဖြင့် ပြတ်သားစွာ ခုခံတော်လှန်၊ ဆန့်ကျင်ရန် တိုက်တွန်းနှိုးဆော်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တိုက်ပွဲများ ဖော်ဆောင်မှုအား ရပ်ဆိုင်းရန် တရုတ်နိုင်ငံ ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ခြိမ်းခြောက်စာပေးပို့ခဲ့မှုမှာ TNLA နှင့် မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပြစွာ ခြိမ်းခြောက်စော်ကားမှုဖြစ်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟူသည့် နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမည် မဟုတ်ဘဲ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာ လုယူခြင်း၊ လွတ်လပ်ရေး ရယူပြီး နိုင်ငံတော်သစ် ထူထောင်ခြင်းများကို လုံးဝပြုလုပ်မည် မဟုတ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)(ကိုးကန့်) စစ်ရေးကော်မတီက"လတ်တလော နိုင်ငံတော်အခြေအနေနှင့် ပတ်သက်၍ ရပ်တည်ချက်ထုတ်ပြန်ခြင်း" အမည်ဖြင့် စက်တင်ဘာ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား နိုင်ငံအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများအား ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ရေးအတွက် ၁၉၆၁ ခုနှစ်က တောင်ကြီးမြို့တွင် ဖွဲ့စည်းသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ၁၉၇၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ခွဲထုတ်ကာ လားရှိုးမြို့အခြေပြု ဖွဲ့စည်းထားသည်။ ၁၉၄၉ ခုနှစ်က မေမြို့ (ဝါ) ပြင်ဦးလွင်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း “ရမခ တိုင်းစစ်ဌာနချုပ်” သည် ၇၅ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ပထမဦးဆုံး ကျဆုံး လက်လွှတ်လိုက်သည့် တိုင်းစစ် ဌာနချုပ်အဖြစ် မှတ်တမ်းဝင်ထားသည်။
စစ်ကိုင်းတိုင်း(ဖက်ဒရယ်ယူနစ်) အတွင်း နိုင်ငံ့အခြေအနေများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်စွာ ရပ်တည်၊ လည်ပတ်နိုင်ရေး၌ စိန်ခေါ်မှုများရှိနေသော်လည်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသည့် အကြမ်းဖက်စစ်အုပ်စုနှင့် အကျိုးတူပူးပေါင်းနေခြင်းအား ရပ်တန့်ကာ စစ်ကိုင်းပြည်သူ့ဆန္ဒနှင့် အကျိုးစီးပွားကိုသာ အလေးထား၊ လက်တွဲလုပ်ကိုင်စေလိုကြောင်း စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့က သြဂုတ် ၃၁ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) အနေဖြင့် တိုက်ပွဲများအား ချက်ချင်းရပ်တန့်ရန်နှင့် မရပ်တန့်ပါက ရပ်တန့်ရေးအတွက် နည်းလမ်းများ ပိုမို လုပ်ဆောင်မည်ဖြစ်ကာ ဖြစ်ပေါ်သည့် အကျိုးဆက်များအားလုံးကိုလည်း ကိုယ်တိုင် တာဝန်ယူရမည်ဟု သြဂုတ် ၂၉ ရက်တွင် ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက "စစ်ရေးလေ့ကျင့်မှုအကြောင်းကြားကြော်ငြာချက်" ၌ ဖော်ပြထားသည်။
မြန်မာပြည်သူများ ဆန္ဒကို လေးစားသည့် အရပ်ဘက် အုပ်ချုပ်ရေးစနစ် အသွင်ကူးပြောင်းရေးကို အားပေးကာ ဒီမိုကရေစီလိုလားသူများအကြား စည်းလုံးညီညွတ်မှု တည်ဆောက်ရန် လိုလားကြောင်း မြန်မာ့နိုင်ငံရေး အင်အားစုနှင့် တိုင်းရင်းသားအင်အားစု ခေါင်းဆောင်များအား တွေ့ဆုံစဉ် အမေရိကန်အစိုးရဘက်က တိုက်တွန်းလိုက်သည်။
နိုင်ငံအတွင်း ဖြစ်တည်နေသည့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် သုံးသပ်မှုနှင့်အတူ ဒုတိယမြောက် ပြည်သူ့ညီလာခံက ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက် (၃) ရပ်၊ အကြံပြု တိုက်တွန်းချက် (၂၁) ရပ်နှင့် ပတ်သက်သည့် နောက်ဆက်တွဲဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စစ်အုပ်စုက စစ်ရေးနှင့် တိုက်ပွဲဇုန် မဟုတ်သည့် ဒေသများတွင် လေယာဉ်သုံး ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားများအား ပစ်မှတ်ထားသည့် ကြီးလေးသော ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိရာ အိမ်နီးချင်း တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးက ဝိုင်းဝန်းတားဆီး ဟန်တားပေးရန် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က သြဂုတ် ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
အခြေခံမှ အဆင်မြှင့်ပညာရေးနှင့် နိုင်ငံတကာ ပညာရေးအား လက်လှမ်းမီစေရေးအတွက် ဘာသာရပ် ခြောက်ခုဖြင့် ကယန်းအမျိုးသားတက္ကသိုလ်(Kayan National University - KyNU) အား သြဂုတ် ၆ ရက်တွင် စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း ကယန်းအမျိုးသား ပညာရေးကော်မတီ (KNEC) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်လိုက်သည်။
တရုတ်ဘာသာဖြင့် ရေးသားထားသည့် “တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်မှ ခွဲထွက်ပြီး နိုင်ငံအသစ် ထူထောင်တော့မည်" ခေါင်းစဉ်အပြင် အခြားသော ခေါင်းစဉ်များဖြင့် မိမိတို့ အဖွဲ့အစည်းတံဆိပ်များသုံးကာ ၁၀ စောင်ထက်မနည်းသော သတင်းတုများအား လူမှုကွန်ရက်များပေါ်၌ ထုတ်ပြန်ခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဖွဲ့အစည်းအပေါ် တိုက်ခိုက်သူများအား ရှာဖွေဖော်ထုတ်၍ ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့် မြန်မာပြည်မြောက်ပိုင်း တိုက်ပွဲများနှင့် ပတ်သက်၍ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား အရှိန်အဟုန်ဖြင့် ထိန်းသိမ်းထားရန် တွန်းအားပေးသွားမည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး MaoNing က ဇူလိုင်၂၅ ရက်တွင် ပြုလုပ်သည့် နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောဆိုသွားသည်။
မန္တလေးတိုင်းအတွင်းရှိ စစ်ကြောရေးစခန်းတစ်ခုအတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုက ထိန်းသိမ်းထားသူများအား အသက်သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့သည့်သက်သေခံ ရုပ်သံဖိုင်များအား လက်ခံရရှိထားကာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများအတွက် တာဝန်ခံလာစေမည့် သက်သေအထောက်အထားများဖြစ်ကြောင်း Fortify Rights အဖွဲ့က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုသည့်အမှုနှင့် ပတ်သက်၍ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ မြောက်အိုင်ယာလန်နှင့် မော်လ်ဒိုက်နိုင်ငံတို့အားပါဝင်ဆောင်ရွက်ခွင့်ပြုကြောင်းInternationalCourt of Justice (ICJ) က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဇွန် ၂၂ ရက်တွင် အကြမ်းဖက်စစ်အုပ်စုက လုယက်မီးရှို့ဖျက်ဆီးခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဂိုဒေါင်ဖြစ်စဉ် အပါအဝင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအား ဇူလိုင် ၃ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ "Any Other Business” ခေါင်းစဉ်အောက်မှ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
နိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စစ်ကိုင်းတိုင်အပါအဝင် မြန်မာနိုင်ငံ အခြားဒေသများမှ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလှုံနေကြရသည့် မြန်မာစစ်ရှောင်များအား လူသားချင်း စာနာထောက်ထားကာ ခေတ္တခိုလှုံခွင့်များ စီစဉ်ပေးရန်နှင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၉၇) ဦးကိုလည်း အမြန်ဆုံး လွှတ်ပေးရန် စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) က ဇွန် ၂၀ရက်တွင် အိန္ဒိယနိုင်ငံအစိုးရထံ အိတ်ဖွင့်ပေးစာ ပေးပို့၍ မေတ္တာရပ်ခံ ပန်ကြားထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင်နှင့် မြန်မာအလုပ်သမား တပ်ပေါင်းစု (MLA) ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ အုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်အဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) ၌ ထပ်မံ ရွေးချယ်လိုက်သည်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် စစ်အုပ်စုက လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်ဖြစ်ပွားစေရန် အရှိန်အဟုန်မြှင့်၍ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေသည့်အတွက် ၎င်းတို့အား ဆန့်ကျင်ရှုံချကာ နိုင်ငံတကာနှင့်အတူ လက်တွဲကာ လက်တွဲလုပ်ဆောင်ရသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း မတ် ၂၀ရက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ကမ်းလှမ်း ထုတ်ပြန်လိုက်သည်။
ဂျပန်အစိုးရအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်ကာ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရေးနည်းလမ်း ရှာဖွေ ကြိုးပမ်းရန် ဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် (EAOs) ကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန်လွှတ်တော် နိုင်ငံခြားရေးဆိုင်ရာ ဒုတိယဝန်ကြီး မစ္စတာ ကူမာရာမာဆာဟီရို (Mr. KUMURA Masahiro) တို့ မတ် ၁၄ ရက်က တွေ့ဆုံခဲ့ကြောင်း ဂျပန် နိုင်ငံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စတင်ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်အဖြစ် နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် လူထုဆက်ဆံရေးဆိုင်ရာ ကဏ္ဍခြောက်ရပ်နှင့် ပတ်သက်သည့်လုပ်ဆောင်နေမှု အခြေအနေများအား ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ထိုင်းအစိုးရက ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့၏ အမည်ရှေ့၌ "ယခင်"ဟု ထည့်သွင်းသုံးနှုန်းထားခြင်းသည် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုအား တရားဝင်မှုပေးသည့် အဓိပ္ပာယ်သက်ရောက်သည့်အတွက် ထိုင်း၊ မြန်မာနှင့် နိုင်ငံတကာမှ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၃၁၂ ဖွဲ့က ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးParnpree Bahiddha-Nukara အား လိပ်မူ၍ ဧပြီ ၂၁ ရက်က အိပ်ဖွင့်ပေးစာပို့ ကန့်ကွက်ထားသည်။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီမြို့နှင့် အနီးတဝိုက်၌ တော်လှန်ရေးအင်အားစုများနှင့် အကြမ်းဖက်စစ်အုပ်စု အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်အုပ်စုဘက်မှ အရပ်သားများကိုပါပစ်မှတ်ထား တိုက်ခိုက်သည့်အတွက် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြရသော မြန်မာစစ်ရှောင်များ ပိုများလာမည် ဖြစ်သည့်အတွက် ကူညီထောက်ပံ့ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၂၁ ရက်တွင် ထိုင်းအစိုးရထံ မေတ္တာရပ်ခံစာပေးပို့ထားသည်။
ညီညွတ်၍ အကျိုးသက်ရောက်မှုရှိသည့် ရိုဟင်ဂျာ နိုင်ငံရေးအင်အားစုတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ဦးဆောင်လှုပ်ရှားမှု (ယာယီ) အား တက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းများ၊ လူငယ်မျိုးဆက်သစ်နှင့်အမျိုးသမီးခေါင်းဆောင်များ၊ ရပ်ရွာအခြေပြု ခေါင်းဆောင်များဖြင် စုပေါင်းဖွဲ့စည်းလိုက်ကြောင်း ယာယီဦးဆောင်အဖွဲ့က မတ် ၂၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ်၂၇/၂၀၁၀ဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ဖြင့် ပြဌာန်းထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်အား ဥပဒေ အာဏာတည်သည့်နေ့ရက်အဖြစ် သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၄ ဖြင့် စစ်ကောင်စီဥက္ကဌ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။။
၂၀၂၄ခုနှစ်အတွင်း အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အစီအမံများနှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတို့အား အမြန်ဆုံး ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် "နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် နိုင်ငံရေးသဘောထား ကြေညာချက်" ၌ ထည့်သွင်း ဖော်ပြထားသည်။
အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်နှင့် စစ်တပ်အနေဖြင့် ပြုပြင်ပြောင်းလဲရန်၊ အရပ်သားများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးအား လွှတ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အပြည့်အဝရရှိခွင့်နှင့် သက်ဆိုင်သူများအားလုံး ပါဝင်ဆွေးနွေးနိုင်မည့် အခင်းအကျင်း ဖန်တီးရန် တိုက်တွန်းကြောင်း စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ပြည့်အဖြစ် နိုင်ငံကိုးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာနများက စုပေါင်း၍ ပူးတွဲကြေညာချက်တစ်ရပ်အား ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်လိုက်သည်။
“မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံနှင့် စပ်လျဉ်းသည့် ရပ်တည်ချက်” - “The National Unity Government’s Position on China” အား NUG က ဇန်နဝါရီ ၁ ရက်၌ ထုတ်ပြန်ထားရာ ယင်းရပ်တည်ချက်ကြေညာစာတမ်းသည် မိမိတို့၏ မူဝါဒနှင့် ရှုမြင်မှုအား ကိုယ်စားပြုခြင်း မဟုတ်ကြောင်း ဇန်နဝါရီ ၂၁ ရက်တွင် မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (Myanmar Labour Alliance - MLA) က ထုတ်ပြန်လိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ထားကာ တရုတ်နိုင်ငံ၏ တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံ ကျင့်သုံးမည်ဖြစ်ပြီး စစ်မှန်သည့် "ဆွေမျိုး - ပေါက်ဖော်" ဆက်ဆံရေး တည်ဆောက်သွားမည် ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ၁/၂၀၂၄ ဖြင့် ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်လိုက်သည်။
၂၀၂၄ ခုနှစ်တွင် တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရရှိရေး ကြိုးပမ်းနေသည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲ ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စစ်အုပ်စုက အရပ်သားများအပေါ် ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်နေမှုများအား နိုင်ငံတကာ အစိုးရများ သိစေရေးအတွက် လေယာဉ်ဆီဖြတ်တောက်ရေး အဖြူရောင်ကမ်ပိန်း "Ban Jet Fuel – White Campaign” အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါဝါရီလအထိ (အပတ်စဉ် တနင်္လာနေ့တိုင်း) ပြုလုပ်သွားရန် မြန်မာ့ဒီမိုကရေစီအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးအဖြစ် ကိုယ်စားပြုသူ ရွေးချယ်ရေးအား ကုလစိစစ်ရေးကော်မတီက ဆိုင်းငံ့လိုက်သည့်အတွက် လက်ရှိအသိအမှတ်ပြုခံထားရသူ ဦးကျော်မိုးထွန်းမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်ရှိနေမည် ဖြစ်သည်။
မြန်မာပြည်သူတစ်ရပ်လုံး ထောက်ခံ၊ ပါဝင်၊ ဆင်နွှဲနေသည့် မြန်မာ့နွေဦး တော်လှန်ရေးသည် ဖက်ဆစ် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ပြည်သူ့ကိုယ်စားပြု ဒီမိုကရေစီအစိုးရစနစ် ပေါ်ထွန်းရေး၊ လူမျိုးပေါင်းစုံ တန်းတူရည်တူရှိသည့် ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို ရှေးရှုကာ တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံတစ်ရပ်ရပ်၏ အကျိုးစီးပွားကို ထိခိုက်နစ်စေမှု လုံးဝ ဖြစ်စေမည် မဟုတ်သည့် ပြည်သူတော်လှန်ရေးသာ ဖြစ်ကြောင်း တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိထံ လိပ်မူ၍ ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာလူထုအခြေပြုနှင့် တော်လှန်ရေးအဖွဲ့အစည်း ၂၂၅ ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။
မုံရွာထောင်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ မတရားပုဒ်မ တပ်၍ ထောင်သွင်းအကျဉ်းကျခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား ထောင်အာဏာပိုင်များက စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ပြုလုပ်နေသည့်အပေါ် ချက်ချင်းရပ်တန့်ရန် သတိပေးလိုက်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စစ်အုပ်စု လိုအပ်သည့် လေယာဉ်ဆီနှင့် စစ်ဘက်/အရပ်ဘက် နှစ်မျိုးသုံး လောင်စာရရေးအတွက် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှ ဝယ်ယူရေးအတွက် ငွေကြေးလွှဲပြောင်းမှုနှင့် လောင်စာဆီတဆင့်သိုလှောင်ပေးမှု၌ ပါဝင်သည့် ကုမ္ပဏီများ၊ ရေကြောင်းအာမခံနှင့် သင်္ဘောအေဂျင်စီများအနေဖြင့် စီးပွားရေးပိတ်ဆို့ထားမှုအပေါ် ချိုးဖောက်သည့်အတွက် ပြစ်ဒဏ်ခတ်မှု ချမှတ်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ဂျပန်အစိုးရက ပေးအပ်နေသည့် ဖွံ့ဖြိုးရေးဆို်ငရာ တရားဝင်အကူအညီ (Official Development Assistance – ODA) ချေးငွေများ ပေးအပ်ခြင်း၊ ဂျပန်အစိုးရန်ပုံငွေဖြင့် လည်ပတ်နေသည့် ဂျပန်နိုင်ငံ၏ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (Japan Oversea Infrastructure Investment Corporation for Transport and Urban Development – JOIN) နှင့် ဂျပန်နိုင်ငံတကာကော်ပိုရေးရှင်းဘဏ် (Japan Bank for International Cooperation – JBIC) သည် စစ်သမိုင်းပြတိုက် ပြန်လည်ပြုပြင်ရေးစီမံကိန်းများ၌ ပါဝင်ပတ်သက်နေသည့်အတွက် အကြမ်းဖက်စစ်အုပ်စုအား အကျိုးဖြစ်ထွန်းနေစေသည့်အတွက် ၎င်းတို့အား ရပ်တန့်ရန် ဂျပန်အစိုးရအား ဦးတည်၍ ဒီဇင်ဘာ ၁ ရက်က နွေဦးတော်လှန်ရေး၌ ပါဝင်နေသည့် အရပ်ဘက်အဖွဲ့အစည်း ၈၅ ခုက တောင်းဆိုလိုက်သည်။
၂၀၂၃ ဘူဆန် ကမ္ဘာ့မိတ်ဖက် ဖိုရမ် (2023 Busan Blobal Partnership Fourm) အား အကြမ်းဖက်စစ်အုပ်စု ကိုယ်စားလှယ် ဖိတ်ကြားထားမှုအား ပြန်လည်ရုပ်သိမ်းရန်နှင့် မြန်မာပြည်သူများအား ထောက်ခံကြောင်း ပြသရန် မြန်မာ့အရပ်ဘက် အဖွဲ့အစည်း ၆၆၀ က နိုဝင်ဘာ ၂၉ ရက်တွင် အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်သည်။
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်ရေး တွန်းအားပေးရန်၊ မြန်မာ့အကျပ်အတည်းအား ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းနိုင်ရေး အတွက် အားလုံးပါဝင်သည့် ဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာ့အရေးအတွက် အဓိကပါဝင်ပတ်သက်နေသူများနှင့် ဂျကာတာမြို့တွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ပြုလုပ်ခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၌ "ပဋိပက္ခကျယ်ပြန့်လာသည့်အတွက်" သက်ဆိုင်သူအားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအား လိုက်နာရန်နှင့် အရပ်သားများအား အကာအကွယ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဖင်လန်နှင့် ဆွစ်ဇာလန်အစိုးရများက မြန်မာအကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တရားဝင်မှုပေးအပ်နေခြင်းအား မဖြစ်မနေ ရပ်တန့်ရမည်ဟု နွေဦးတော်လှန်ရေးနှင့် မြန်မာ့ ဒီမိုကရေစီရေးလုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်း ၆၆၁ ခုက နိုဝင်ဘာ ၁၁ ရက်တွင် အိတ်ဖွင့်ပေးစာထုတ် တားမြစ်ထားသည်။
မျိုးသားညီညွတ်ရေးအစိုးရ – NUG သည် တရားဝင်အစိုးရဖြစ်ကာ ၎င်းတို့နှင့် ပိုမိုလက်တွဲလုပ်ဆောင်ရန်အတွက် ကနေဒါပါလီမန်က ကနေဒါအစိုးရထံ တောင်းဆိုသည့်စာအား နိုဝင်ဘာ ၁၀ ရက်က ပေးပို့လိုက်သည်။
ထိုအရေးယူမှုများတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ဆက်စပ်နေသော လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှုများ ပါဝင်ပြီး၊ အမေရိကန်အစိုးရအနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးခြင်းမှ ပိတ်ဆို့အရေးယူခြင်းလည်းပါဝင်သည်။
ယင်း ပရာဟာပန်ကြားချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC ၊ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ - EROs နှင့် နွေဦးတော်လှန်ရေး အင်အားစုများက အောက်တိုဘာ ၁၆ ရက်တွင် စုပေါင်းရေးသား ပန်ကြားထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံမှု ရှိလာစေရေး ကုလသမဂ္ဂ အထွေထွေညီလာခံမှ ခိုင်မာ ပြတ်သားစွာ အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံအတွင်း၊ ဒေသအတွင်းနှင့် နိုင်ငံတကာမှ အရပ်ဘက်အဖွဲ့အစည်း ၄၄၀ ကျော်က အောက်တိုဘာ ၁၇ ရက်တွင် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့သည်။
လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis နှင့် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဝန်ကြီးများ စက်တင်ဘာ ၂၂ ရက်တွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုအတွင်း NUG နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးနှင့် ဒေသတွင်းဖွံ့ဖြိုးမှု ချိတ်ဆက်နေမှု၊ ကမ္ဘာတစ်ဝန်း ဒီမိုကရေစီ အကြပ်အတည်းဆိုက်မှုများနှင့် ချိတ်ဆက်နေမှုအား ရှင်းလင်းခဲ့သည့်အပြင် ဒီမိုကရက်တစ်နိုင်ငံငယ်များ၏ အခန်းကဏ္ဍ အရေးပါမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများ ဆွေးနွေးခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုသည့် တီမောနိုင်ငံ သမ္မတ Jose Ramos Horta နှင့် နယူးယောက်မြို့၌ ပြုလုပ်နေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ NUG ဝန်ကြီးများ စက်တင်ဘာ ၂၁ ရက်က တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့သည်။
မြန်မာကိုယ်စားပြု ကုလသမဂ္ဂသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဆဲဖြစ်ကြောင်း ညီလာခံဥက္ကဋ္ဌ ပြောရေးဆိုခွင့်ရှိသူ Monica Grayley က မီဒီယာများသို့ တရားဝင် ပြောဆိုထားသည်။
ကုလသမဂ္ဂညီလာခံ ကျင်းပနေသည့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးများနှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Joseph Kritenbrink တို့ စက်တင်ဘာ ၂၀ ရက်က တွေ့ဆုံခဲ့သည်။
စစ်အုပ်စု စိတ်ကြိုက်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကောင်စီ (MNHRC) အား အာရှ-ပစိဖိတ်ဖိုရမ် (APF) မှ အဖွဲ့ဝင်အဖြစ်မှ ဖယ်ထုတ်ရန် လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) CSO Working Group on Independent National Human Rights Institution (Burma/Myanmar) က စက်တင်ဘာ ၁၈ ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားသည်။
ပြည်သူ့အစိုးရ အသိအမှတ်ပြုရေးနှင့် စစ်ရာဇဝတ်ကောင်များအား ထိုက်သင့်သည့်ပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေး တရားဝင်မှုတိုက်ပွဲ (Credential Campaign) ၌ ပြည်သူတစ်ရပ်လုံးက မြေပြင်၊ အွန်လိုင်း၊ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု ပုံစံမျိုးစုံဖြင့် ဝိုင်းဝန်းပါဝင် ဆင်နွှဲကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ပန်ကြားထားသည်။
မြန်မာ့မြေတွင် လက်ခံပြုလုပ်မည့် (၂၀) ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေးပွဲအား နေရာရွှေ့ပြောင်း လုပ်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ - HRW အပါအဝင် လေ့လာသူများက ဝေဖန်ထားသည်။ ယင်းအစည်းအဝေးသို့ ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှား လေတပ်ဦးစီးချုပ်တို့က တက်ရောက်မည် မဟုတ်ပေ။
မြန်မာနိုင်ငံအား လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့်အတူ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron နှင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasinaနှင့် စက်တင်ဘာ ၁၁ ရက်က ဒါကာမြို့၌ တွေ့ဆုံမှုအပြီး ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီးဌာန ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။
စင်ကာပူက စစ်အုပ်စုထံ လက်နက်ဆက်မရောင်းရေးနှင့် ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ရေး တောင်းဆိုရန်အတွက် အွန်လိုင်းမှတစ်ဆင့် ထောက်ခံလက်မှတ် ကောက်ယူမှုအား "သင့်လက်မှတ်နဲ့ မြန်မာပြည်ကို ကယ်တင်လိုက်ပါ" ခေါင်းစဉ်ဖြင့် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ ကော်မတီ - SURC က စက်တင်ဘာ ၁၁ ရကတွင် စတင်လိုက်သည်။
(၄၃) ကြိမ်မြောက် အာဆီယံအစည်းအဝေးအား အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ စက်တင်ဘာ ၅ ရက်က ပြုလုပ်ပြီးနောက် မြန်မာအရေးနှင့် ပတ်သက်၍ ချမှတ်ထားသော ဘုံသဘောတူညီချက် (၅) အကောင်အထ ထည်ဖော်မှုနှင့် စပ်လျဉ်းသည့် သုံးသပ်ချက်၊ ဆုံးဖြတ်ချက်များအား ကြိုဆိုကာ အရေးယူဒဏ်ခတ်မှု အစီအစဉ်များ အမြန်ဆုံးချမှတ်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ - CRPH က စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာစစ်အုပ်စု နိုင်ငံအတွင်း အကွက်ချ ဖိနှိပ်မှုနှင့် နှိပ်ကွပ်မှုများ ပြုလုပ်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး မျှော်လင့်ချက် နင်းချခံထားရပြီဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် ဂူတားရက်စ်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် စက်တင်ဘာ ၇ ရက်က ပြုလုပ်သည့် အမေရိကန်၊ တရုတ်၊ အာဆီယံနှင့် ဒေသတွင်းခေါင်းဆောင်များ၌ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုလိုက်သည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံ၊ နေပြည်တော်တွင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို မတက်ရောက်ရန် အာဆီယံနိုင်ငံများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက စက်တင်ဘာ ၆ ရက်နေ့တွင် တောင်းဆိုခဲ့သည်။
(၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးရပ်အကောင်အထည်ဖော်မှုနှင့် ပတ်သက်သည့် ပြန်လည်သုံးသပ်မှုကို ၂၀၂၃ စက်တင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ရာ သုံးသပ်ချက် ရှစ်ရပ်နှင့် ဆုံးဖြတ်ချက် ၁၁ ရပ် ထွက်ရှိလာသည်။