၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဖြစ်ပွားလာသည့် နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်များ များစွာ ဖြစ်ပေါ်ခဲ့သည်။
အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်မှုများသည် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့် စစ်ရာဇတ်မှု (War Crime) ၊ အစုအပြုံလိုက် သတ်ဖြတ်မှု (Massacre) ၊ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crime Against Humanity) အဆင့်အထိသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျ၊ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိသည်။
၂၀၁၁ ခုနှစ် နောက်ပိုင်း ကျူးလွန်ခဲ့သည့် နိုင်ငံတကာ ရာဇဝတ်မှုများအား စုံစမ်းမှတ်တမ်းတင်ရန်၊ တာဝန်ရှိမှုကို သုံးသပ်ရန်အတွက် ကုလသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (International Investigative Mechanism of Myanmar - IIMM) ကို ဖွဲ့စည်းထားကာ ယင်းအား ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းတာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ IIMM သည် ၎င်းတို့ လုပ်ပိုင်ခွင့်အတွင်းမှ စုဆောင်း သုံးသပ်ထားသည့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထားများ အား နိုင်ငံတော်အဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် တရားရုံးများ၌ တရားစွဲဆိုသည့်အခါ သက်သေအ ထောက်အထားအဖြစ် အသုံးပြုနိုင်ရန် ရည်ရွယ်သည့် လုပ်ငန်းစဉ်ယန္တရားလည်း ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ နောက်ဆုံးအစီရင်ခံစာအရ အကြမ်းဖက်စစ် အုပ်စု၏ ဖမ်းဆီးခံ၊ နှိပ်စက်သတ်ဖြတ်ခံခဲ့ရသည့် မြန်မာပြည်သူပေါင်း ၁၅,၀၀၀ ထက်မနည်းရှိကာ မြေပြင်တွင် ယင်းပမာဏထက် များနိုင်ကြောင်း ထုတ်ပြန်ထားသည်။
စစ်အုပ်စုက အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၂၅,၄၈၄ ဦးအထိ ရှိကာ နိုင်ငံအတွင်း အကျဉ်းထောင်များ၌ မတရားဥပဒေပုဒ်မတပ် ထောင်ချခံထားရသူ ၁၉,၇၀၉ ဦးအထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသည်။ NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း ယင်းဖြစ်စဉ်များအား အချက်အလက်စု ဆောင်း ရယူထားကာ စစ်ကောင်စီဘက်မှ ကျူးလွန်ခဲ့သည့် ဖြစ်စဉ်နှင့် လအလိုက် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု၊ ဝန်ကြီးဌာန ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် အစီရင်ခံစာများကို ဝန်ကြီးဌာန ဝက်ဘ်ဆိုက်၌ ဖြစ်စဉ်တစ်ခုချင်းစီအလိုက် မှတ်တမ်းတင် ထုတ်ပြန်ထားသည်။
နိုင်ငံတကာရာဇဝတ်မှု မြောက်သည့် အကြမ်းဖက်စစ်အုပ်စုဘက်မှ ကျူးလွန်မှုများအတွက် လက်ရှိတွင် နိုင်ငံတကာ တရားရုံးများ၌ တရားစွဲဆိုမှုများ ရှိနေပြီ ဖြစ်ကာ အာဂျင်တီးနားနိုင်ငံ (ဗျူနိုအေးရိစ်မြို့တော် အစိုးရတရားရုံး)၊ ဂျာမနီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တူရကီနိုင်ငံ၊ ဖိလစ်ပိုင် စသည့် နိုင်ငံများ၌ အကြမ်းဖက်စစ်အုပ်စုအား တရားစွဲဆိုထားပြီ ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က တရားစွဲဆိုထားသည့် အမှု၌လည်း ယူနိုက်တက်ကင်းဒမ်း (UK) ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ မော်လ်ဒိုက် နိုင်ငံများကလည်း ခြောက်နိုင်ငံပူးပေါင်း၍ ကြားဝင်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလ သမဂ္ဂ၊ IIMM နှင့် NUG အစိုးရဘက်မှ မှတ်တမ်းတင်ကာ တရားစွဲဆိုမှုများ ပြုလုပ်နေသည့်နည်းတူ အရပ်ဘက်အဖွဲ့အစည်းများဘက်ကလည်း မှတ်တမ်းတင်ထားကာ နိုင်ငံတကာ တရားစီရင်ရေးစနစ်အတွင်း တရားစွဲ ဆိုသွားနိုင်ရေးအတွက် လုပ်ဆောင်မှုများ ရှိသည်။
အရပ်ဘက်လူထုအဖွဲ့အစည်းများဖြစ်သည့် ND Burma၊ AAPP၊ Equality Myanmar စသည့် အဖွဲ့အစည်းများကလည်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ သင်တန်းပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းကိစ္စများ ဆောင်ရွက်လျက်ရှိသည်။
လူ့အခွင့်အရေးကို လေးစားသည့် နိုင်ငံတကာနှင့် ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများက လူ့အခွင့် အရေးချိုးဖောက်မှုများအား တိကျစွာ မှတ်တမ်းတင်နိုင်ရေး ကြိုးပမ်းနေချိန်တွင် အကြမ်းဖက်စစ်အုပ်စုက လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်ဘက်အဆောက်အအုံများကိုပါ တိုက်ခိုက်မည် ဖြစ်ကြောင်း စစ်အုပ်စုပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။
ဒုတိယအကြိမ်မြောက် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံအား ဒီဇင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ လေးရက်တာ ကျင်းပပြီးနောက် အချက် ၁၀ ချက်ပါ သဘောထားအား ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။
CDM အင်အားစုအနေဖြင့် စနစ်သစ်နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက် ဆက်လက်တိုက်ပွဲဝင်မည် ဖြစ်ကာ အကြမ်းဖက်စစ်တပ်နှင့် အပေါင်းအပါများ၊ ၎င်းတို့အား ကူညီပံ့ပိုးနေသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း ဆန့်ကျင်တော်လှန်မည်ဟု ဖော်ပြထားသည်။ ထို့ပြင် တရားမဝင် စစ်အုပ်စုနှင့် ချုပ်ဆိုထားသော မည်သည့် နိုင်ငံတကာ စာချုပ်မျိုးကိုမဆို အသိအမှတ်ပြုမည် မဟုတ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြုလုပ်မည့် ရွေးကောက်ပွဲနှင့် မည်သည့် နိုင်ငံရေးအခင်းအကျင်းကိုမဆို ပြတ်ပြတ်သားသား ရှုတ်ချကာ လုံးဝလက်ခံမည် မဟုတ်ကြောင်းလည်း သဘောထားထုတ်ပြန်ချက်၌ ပါရှိသည်။
အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းလျက်ရှိသော Non CDM ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူလုထုနှင့် ပူးပေါင်းရန်၊ ပြည်သူလူထု ထိခိုက်နာကျင်စေမည့် လုပ်ရပ်များကို ပူးပေါင်းလုပ်ဆောင်လျက်ရှိသူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားရေးအတွက်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများအား တိုက်တွန်းထားသည်။
တားမြစ်ချက်များအား ကျူးလွန်သည်ဟု ထင်ရှားပါက သေဒဏ်အထိ ချမှတ်နိုင်သည့် တရားစီရင်ခြင်းဖြင့် ဒေသန္တရနည်းဥပဒေအတိုင်း ဆောင်ရွက်မည်ဟု စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ထုတ်ပြန်ခဲ့ရာ ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီးနောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဗဟိုဦးဆောင်ကော်မတီက ဒီဇင်ဘာ ၁၄ ရက်တွင် ပြန်လည်ထုတ်ပြန်ထားသည်။
ထပ်မံထုတ်ပြန်သည့် ဒေသန္တရ တားမြစ်ချက် (၂၃) ချက်တွင် စီးပွားဖြစ် သစ်ခုတ်ခြင်း၊ ဝါးခုတ်ခြင်းနှင့် မျှစ်ချိုးခြင်းများကို တားမြစ်ထားကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများအပေါ် ကိုယ်ထိလက်ရောက် ဖြစ်စေ၊ ပုန်ကန်ခြားနားခြင်း ပြုလုပ်ပါက ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူခြင်းခံရမည်ဟု ဖော်ပြထားသည်။
ယင်းပြန်လည်ပြင်ဆင်တားမြစ်ချက်များ မတိုင်မီက ထုတ်ပြန်ခဲ့မှုတွင် သစ်မခုတ်ရ၊ ဝါးမခုတ်ရ၊ မျှစ်မချိုးရဟု ပါရှိကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများအပေါ် နှုတ်ဖြင့် ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ ၊ စော်ကားခြင်း ပုန်ကန်ခြားနားခြင်း ပြုလုပ်သည်ဟု ယူဆရပါက ထိထိရောက်ရောက် အရေးယူခြင်းခံရမည်ဟု ပါရှိသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်၌ ဒီဇင်ဘာ ၁၃ ရက်က နှစ်စဉ် ပြုလုပ်နေကြဖြစ်သည့် Doi Loi Fa ပွဲ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမှုမှန် ဖော်ထုတ်ရေးလုပ်ငန်းများ၌ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအမြဲတမ်းကော်မတီက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပေါက်ကွဲမှုဖြစ်စဉ်၌ လေးဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာရရှိခဲ့ပြီး သံသယရှိ လူငယ်နှစ်ဦးအား ဖမ်းဆီးထားမိကြောင်း၊ တစ်ဦးမှာ KNU အဖွဲ့ဝင်ဖြစ်သည်ဟု ထိုင်းအာဏာပိုင်များအား ကိုးကား၍ Khaosad သတင်းဌာနက ရေးသားဖော်ပြပြီးနောက် အဆိုပါ သဘောထား ထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်၌ သေဆုံး၊ ဒဏ်ရာရသူများ၏မိသားစုဝင်များနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲကြောင်းနှင့် ယင်းကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကို လက်မခံသည့်အပြင် ပြုလုပ်သူများကိုလည်း ကန့်ကွတ်ရှုတ်ချကြောင်း ပါရှိသည်။
ကရင်နီနှင့် ရှမ်းပြည်နယ်စပ် မိုးဗြဲမြို့အနီး ဒီဇင်ဘာ ၇ နှင့် ၈ ရက် တိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က ဒရုန်းသုံး ဗုံးကြဲရာ၌ S-HPOS (အက်စ်ဖော့စ်) တံဆိပ်ပါ အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီဇင်ဘာ ၁၃ ရက်တွင် သက်သေများနှင့်တကွ ထုတ်ပြန်လိုက်သည်။
အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုတိုက်ခိုက်မှုကြောင့် ရဲဘော်များမှာ မူးဝေခြင်း၊ ခေါင်းမူးခြင်း၊ အော့အန်လိုခြင်း၊ အိပ်ချင်လာခြင်း၊ ခန္ဓာကိုယ်မလန်းဆန်းခြင်းနှင့် အားပြတ်ခြင်းများ ခံစားခဲ့ရကာ အများပြည်သူအနေဖြင့် မိမိတို့အနီးဝန်းကျင်၌ ဒရုန်းပျံဝဲခြင်း၊ တိုက်ခိုက်ခံရသည့်နေရာများအနီး ရှိနေပါက စူးစမ်းခြင်းများမလုပ်ဘဲ လုံခြုံရာနေရာများ၌ ပုန်းခို၊ ရှောင်ရှားနေကြရန်လည်း KNDF က အထူးသတိပေးထားသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) အား ထိုးစစ်ရက်ပေါင်း ၅၅ ရက်ခန့် ကြာမြင့်သည့် ဒီဇင်ဘာ ၈ ရက်တွင် အပြီးသတ် တိုက်ခိုက်ပြီးနောက် အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
နခခ-၅ ထိုးစစ်အတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ၄၅၀ ဦးနှင့်အထက် သေဆုံးခဲ့ကာ ဘူးသီးတောင်မြို့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) မှ ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ ၎င်း၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေလင်းအောင်တို့ အပါအဝင် RSO ၊ ARSA နှင့် အကြမ်းဖက်စစ်အုပ်စုက စစ်သင်တန်းပေးထားသူများကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
နေပြည်တော်-ကံပြားလမ်းပိုင်း၌ မဘသ မျိုးချစ်ခေါင်းဆောင် ပျူစောထီးအဖွဲ့ဝင် မင်းမင်းအား နိုဝင်ဘာ ၂၉ ရက်က ရှင်းလင်းရာ၌ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ (International Humanitarian Law and International Human Rights Law) နှင့် ငြိစွန်းခဲ့သည့်အတွက် ပါဝင်သူတပ်ဖွဲ့ဝင် လေးဦးအား ထောင်အချုပ် တစ်နှစ် ချမှတ်ကြောင်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ရှင်းလင်းမှုဖြစ်စဉ်၌ ပါဝင်ခဲ့သူများ ဖြစ်သည့် ရဲဘော် မောင်ဇင်နိုင်ဖြိုး၊ မောင်မင်းသူ၊ မောင်ကျော်ခိုင်၊ မောင်ဝေဇင်တို့အား ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် ခုံရုံးစစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီးနောက် IHL-IHR နှင့် ငြိစွန်းသည်ဟု ဆုံးဖြတ်သည့်အတွက် ထိုသို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ် အမည်ဖြင့် ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ နေထိုင်ခွင့်အပေါ် ဖြေလျော့မှုများ ရှိသော်လည်း အခက်အခဲ ဖြစ်စေမည့် အချက်သုံးချက် ပါဝင်နေသည့်အပေါ် ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးစေလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိုင်းအစိုးရထံ ဒီဇင်ဘာ ၄ ရက်က ပန်ကြားချက် ပေးပို့ထားသည်။
ထိုင်းအစိုးရက အထောက်အထားမရှိသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား Non Thai Identification Card (ပန်းရောင်ကတ်) ထုတ်ပေးခြင်း၊ တရားဝင် အထောက်အထားများ ဖြစ်သည့် နိုင်ငံကူးလက်မှတ် (Passport) ၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) (အစိမ်းရောင်စာအုပ်) ကိုင်ဆောင်ထားသူများအား မြန်မာနိုင်ငံသို့ ပြန်စရာမလိုဘဲ သက်တမ်းတိုးမှု ဆောင်ရွက်နိုင်ရေး အစီအစဉ်သစ်၌ အခက်အခဲဖြစ်စေမည့် အချက်များ ပါဝင်နေခြင်း ဖြစ်သည်။
NUG အလုပ်သမားဝန်ကြီးဌာနက ပေးပို့သည့် ပန်ကြားချက်၌ (၁) အလုပ်သမားများ၏ အချက်အလက်များအား စစ်ကောင်စီထံ ပေးပို့ခြင်း (၂) သက်တမ်းတိုးလျှောက်ထားရာ၌ သတ်မှတ်ထားသည့် ကုန်ကျစရိတ်အပြင် စစ်ကောင်စီထံ ပြည်ပလစာဝင်ငွေခွန် ဆောင်ထားကြောင်းနှင့် စစ်ကောင်စီ သတ်မှတ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများမှတဆင့် မြန်မာနိုင်ငံဗဟိုဘဏ်က သတ်မှတ်သော ငွေလဲနှုန်းထားအတိုင်း ပြည်တွင်းရှိ မိသားစုထံ ငွေလွှဲပြောင်းမှု အထောက်အထား ပြသရခြင်း (၃) ယခင်ကုန်ကျစရိတ်ထက် နှစ်ဆ မှ သုံးဆအထိ ရှိလာနိုင်ခြင်းတို့ကြောင့် ယခင်အတိုင်း သက်တမ်းတိုးပေးခြင်းနှင့် အထောက်အထား ထုတ်ပေးခြင်းလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စု အာဏာ မသိမ်းခင်က အထောက်အထားတစ်ခုခု ကိုင်ဆောင်ထားသူ နှစ်သန်းကျော်နှင့် အထောက်အထားမဲ့၁ ဒသမ ၅ သန်းကျော် ရှိခဲ့ကာ အာဏာသိမ်းပြီးနောက်ပိုင်း ယင်းပမာဏထက် ပိုမိုများပြားလာလျက် ရှိသည်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဂုံညှင်းနွယ်ကျေးရွာတွင် ဖြစ်ပွားသည့် အဓမ္မပြုကျင့်၊ လူသတ်မှု ကျူးလွန်သူ ဦးစဆိုသူအား သေဒဏ်ပေးသည့်ကိစ္စမှာ စလင်းမြို့နယ် လူသားစာနာတာဝန်ခံ Heineken ၏ တစ်ဦးတည်းသဘောဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဒီဇင်ဘာ ၁ ရက်က မြို့နယ်ပအဖ တာဝန်ခံ နှင်းဆီအမည်ဖြင့် လူထုထံ အသိပေး ထုတ်ပြန်ထားသည်။
CJ Platform သတင်းပေ့ချ်က နိုဝင်ဘာ ၂၉ ရက်တွင် "စလင်းမှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်သူ NUG ကြန့်ကြာလို့ မြို့နယ်ပအဖ သေဒဏ်ချမှတ်" ခေါင်းစဉ်ဖြင့် သတင်းထုတ်လွှင့်ပြီးနောက် စလင်း ပဖအ အဖွဲ့က မိဘပြည်သူ/ပြည်သူလူထုထံသို့ သတင်းထုတ်ပြန်ချက် အမည်ဖြင့် ပြန်လည်ထုတ်ပြန်ထားခြင်း ဖြစ်သည်။
တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် မြောင်းသစ်နှင့် ဂုံညှင်းနွယ်ကျေးရွာကြားတွင် ဦးစ (၄၂နှစ်) က အမျိုးသမီးတစ်ဦးအား အောက်တိုဘာ၂၁ ရက်တွင် အဓမ္မပြုကျင့်/သတ်ဖြတ်ခဲ့ကြောင်း၊ အောက်တိုဘာ ၂၂ ရက်တွင် သံသယရှိသူအား ဖမ်းဆီးပြီးနောက် ပြစ်မှုကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း၊ ပြစ်မှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဌာနထံ ဆက်လက်စစ်ဆေး ပြစ်ဒဏ်ချမှတ်ပေးရန် တင်ထားသော်လည်း ကြန့်ကြာနေသည့်အတွက် နိုဝင်ဘာ ၁၅ ရက်တွင် စလင်းမြို့နယ် ပကဖက ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ (က) အရ သေဒဏ်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာ ၂၉ ရက်အထိ ၎င်းအား ပအဖအချုပ်ထောင်၌ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း စလင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၀င် မဟန်နီကယ်အား မေးမြန်း၍ CJ Platform က သတင်းအဖြစ် ဖော်ပြထားသည်။
ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် ဖမ်းဝရမ်းထုတ်ရေး လျှောက်ထားမှု၌ ပူးပေါင်းသည့်အနေဖြင့် အစွမ်းကုန် အရှိန်မြှင့်ကြိုးပမ်း အားထုတ်မည်ဟု NUG-K2C က နိုဝင်ဘာ ၃၀ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
စစ်အုပ်စုခေါင်းဆောင်အား ဖမ်းဝရမ်းထုတ်ပေးရန် ICC ရှေ့နေချုပ် Karim AA Khan က ICC သို့ နိုဝင်ဘာ ၂၇ ရက်တွင် လျှောက်ထားခြင်းဖြစ်ကာ ဖမ်းဝရမ်းထုတ်ခံရမည့် တရားခံအား နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး၊ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများကိုလည်း ဖော်ထုတ်ကာ နိုင်ငံတကာ ဥပဒေများနှင့်အညီ ICC၊ ICJ စသည့် နိုင်ငံတကာ တရားစီရင်ရေးယန္တရားများမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန် အရှိန်မြှင့် ကြိုးပမ်းအားထုတ်သွားမည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
NUG-K2C စုဖွဲ့မှုတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ကာ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင် ဦးဆောင်လျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စုနှင့် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်နေသော ဆက်ဆံရေးများကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်ပွားခြင်းကို အားပေးသည့် အခြေအနေ မဖြစ်ပေါ်စေရေးအတွက် သတိမူကြရန် လိုအပ်လာပြီဖြစ်ကြောင်းလည်း သတိပေးထားသည်။
၂၀၁၆ - ၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများ လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်အား ဖမ်းဝရမ်းထုတ်နိုင်ရေးအတွက် လျှောက်ထားလိုက်ပြီ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(International Criminal Court– ICC) က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
ICC ရှေ့နေချုပ် Karim Khan ၏ ဖမ်းဝရမ်းထုတ်နိုင်ရေး လျှောက်ထားချက်၌ မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရိုဟင်ဂျာမဟုတ်သည့် သူများ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာစစ်တပ်သည် ယင်းရာဇဝတ်မှုများအား ကျူးလွန်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ခိုင်မာသည့် သက်သေများစွာ ရှိပြီ ဖြစ်ကြောင်း ပါရှိကာ လျှောက်ထားချက်အား တရားရုံးက စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိအား တရားသူကြီးများဘက်က ဆုံးဖြတ်ပေးရမည် ဖြစ်ကာ လက်ခံခဲ့ပါက တရားဥပဒေနှင့်အညီ ဖမ်းဆီးနိုင်ရေးအား ICC ရုံးဘက်က ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်သည်။
အောက်တိုဘာလသည် အာဆီယံထိပ်သီးအစည်းအဝေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံတို့နှင့် မြန်မာ့အရေးကိစ္စ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် တဖန် ပြန်လည်ဆွေးနွေးလာကြသည့် ကာလတစ်ခု ဖြစ်ခဲ့သည်။ အောက်တိုဘာလအတွင်း မြန်မာ့အရေး နိုင်ငံတကာခရီးဆန့်ခဲ့မှုကို အောက်တွင် ပြန်လည် အနှစ်ချုပ် အစီရင်ခံအပ်ပါသည်။
(၄၄) နှင့် (၄၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများကို လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ အောက်တိုဘာ ၈ ရက်က ပြုလုပ်ခဲ့သည်။ မြန်မာအရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာအားလုံး ပါဝင်နိုင်အောင် ချဉ်းကပ်လုပ်ဆောင်ရန် လိုအပ်သလို မြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့် ရက်စက်ကြမ်းကြုတ်မှုများအား အဆုံးသတ်ရန် အာဆီယံနိုင်ငံများအနေဖြင့် ပူးပေါင်းလုပ်ဆောင်ကြရန် လိုကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က ထိုအစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။
အစည်းအဝေးတွင် မြန်မာ့အရေးအတွက် တရုတ်အနေဖြင့် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးရန် အာဆီယံခေါင်းဆောင်များက တိုက်တွန်းခဲ့သည့်အပြင် မြန်မာ့ပြည်တွင်းစစ်ပြဿနာများမှာ ရှုပ်ထွေးပြီး ပြေလည်အောင် လုပ်ဆောင်ရန်အတွက် အချိန်ပေးဖို့လိုအပ်ကြောင်းအာဆီယံအတွင်းရေးမှူးချုပ်Kao Kim Hourn ကသတင်းထောက်များကိုပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကလည်း မြန်မာ့ပြဿနာအား အဖြေရှာရာ၌ စစ်ရေးအရ ဖြေရှင်း၍မရဘူးဆိုသည့်အချက်အား အာဆီယံအနေဖြင့် တညီတညွတ်တည်း တိုက်တွန်းပြောကြားရန် လိုအပ်သလို ပဋိပက္ခအဆုံးသတ်ရေး သက်ဆိုင်သူ အားလုံး မဖြစ်မနေ တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း၊ ဆွေးနွေးရေးအတွက် ထိုင်းနိုင်ငံက ကူညီရန် အဆင်သင့်ရှိကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိပ်သီးအစည်းအဝေးအပြီး အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်သည့် အာဆီယံဥက္ကဋ္ဌ၏ကြေညာချက်၌ သွေးထွက်သံယို ပဋိပက္ခများ ချက်ချင်းရပ်ရန်၊ စာနာမှု အကူအညီပေးနိုင်မည့် အခြေအနေများ ဖန်တီးရန်၊ မြန်မာနိုင်ငံက ကိုယ်တိုင်ဦးဆောင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန် ပါရှိသည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်နိုင်ခြေရှိသည့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲအား ယခုနှစ်နှောင်းပိုင်းတွင် ထိုင်းနိုင်ငံက ကမကထလုပ် ကျင်းပမည့်အစီအစဉ်ကိုလည်း ကြိုဆိုကြောင်း ပါရှိသည်။
အာဆီယံထိပ်သီးအစည်းအဝေး မစတင်မီ အောက်တိုဘာ ၆ ရက်တွင် လာအိုနိုင်ငံ၌ ပြုလုပ်မည့် မြန်မာအရေးဆိုင်ရာ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ မြန်မာနိုင်ငံ၏ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး အင်အားစုများဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) များနှင့် ပြည်တွင်းအင်အားစုများ ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်အားပြုလုပ်ခဲ့ရာမြန်မာဆိုင်ရာအထူးသံတမန်များ၊ကုလအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်၊ အာဆီယံ၊ဥရောပသမဂ္ဂ၊ ဗြတိန်၊အမေရိကန်၊ သြစတြေးလျ၊ထိုင်း၊ နော်ဝေ၊အိန္ဒိယ၊ ဂျပန်သံအမတ်များလည်းပါဝင်တက်ရာက်ခဲ့ကြသည်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ပ်(Ms. Julie Bishop) သည် မြန်မာ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီသို့ ပြောကြားသည့်အစီရင်ခံစာတွင် ထည့်သွင်းတင်ပြခဲ့သည်။ သူမအား ကုလအထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့သည့် ဧပြီလဆန်းက ခန့်ထားခြင်းဖြစ်ကာ ၎င်းတာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်တက်ရောက်သည့် အထွေထွေညီလာခံလည်း ဖြစ်သည်။
တိတ်တဆိတ် သွားရောက်ခဲ့သည့် မြန်မာပြည်ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (ERO) များနှင့်လည်း တွေ့ဆုံခဲ့သည်ဟုတင်ပြချက်၌ ပါရှိသည်။
မိန့်ခွန်း၌ မြန်မာ့အရေး၌ ပါဝင်ပတ်သက်သူအားလုံးသည် အရှုံးအနိုင် အပြီးသတ် အပြတ်ဖြတ်ရေး စိတ်ဓာတ်ဖြင့်လုပ်နေခြင်းကို စွန့်လွှတ်ရန်၊ အကြမ်းဖက်မှုများ အဆုံးသတ်ရေး တစ်ခုတည်းသော နည်းလမ်းမှာပြန်လည်သင့်မြတ်ရေးအတွက် လမ်းဖွင့်ပေးခြင်းသာ ဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခကြောင့် လူ ၃,၂၀၀,၀၀၀ ခန့် အိုးအိမ်မဲ့ ထွက်ပြေးနေရကာ လက်ရှိ ရင်ဆိုင်နေရသည့် လူသားချင်းစာနာမှု အကျပ်အတည်းသည် ယခင်က မကြုံဖူးသည့်အခြေအနေ ဖြစ်နေသည်ကို ပဋိပက္ခ၌ ပါဝင်နေသူအားလုံးလက်ခံကြရန်လည်း ဂျူလီဘိရှော့ပ်က ထည့်သွင်းပြောဆိုထားသည်။ တဖက်တွင်လည်း တာဝန်ခံမှုကို ဖော်ဆောင်ရန်ဟုလည်း ဖော်ပြခဲ့သည်။ ထို့ပြင် သူမအနေဖြင့် မြန်မာပြည်သို့ နောက်တစ်ကြိမ် ပြန်သွားမည်ဖြစ်သည်ဟုလည်း ကော်မတီအား အစီရင်ခံမှု၌ ထည့်သွင်းပြောကြားသွားခဲ့သည်။
မစ္စ ဂျူလီဘိရှော့ပ်သည် မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းဖြေရှင်းရေးအတွက် မြန်မာတွေပဲ ဦးဆောင်ပြီး အားလုံးပါဝင်သည့် ဖြစ်စဉ်တစ်ရပ်ပေါ်လာအောင် ကြိုးစားမှုအဖြစ် သြဂုတ် ၂၀ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံထားသေးသည်။ မြန်မာ့ကိစ္စ ဖြေရှင်းရာ၌ သဘောတူညီချက် ရရှိရေး တရုတ်၊ အာဆီယံနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းပြောဆိုခဲ့သည်ဟုလည်း တရုတ်အစိုးရပိုင် CGTN က ထုတ်ဖော်ရေးသားထားသည်။
“အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု” ကို ဦးတည်ဖော်ပြကြလေ့ရှိသော အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ သံတမန်ရေးကြိုးပမ်းမှုများတွင် “မြန်မာနိုင်ငံက ဦးဆောင်သော၊ မြန်မာနိုင်ငံက ပိုင်ဆိုင်သော” ဟူသည့်အချက်ကို ပုံမှန်ထည့်သွင်းလေ့ရှိသလို၊ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်မှုများအတွက် “တာဝန်ခံမှု” ကိုလည်း ထည့်သွင်းဖော်ပြကြသည်ဖြစ်ရာ ထိုစကားလုံးများအပေါ်အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်လာနိုင်သည်။
စစ်ဘေးဒဏ်သင့် ပြည်သူများအကျိုး ငဲ့ညှာထောက်ထားခြင်း၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြားဝင်ဆောင်ရွက်နေသည့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုအား အသိအမှတ်ပြုသည့်အနေဖြင့် နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က နိုဝင်ဘာ ၂၅ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။
မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၏ ၁၀:၂၇ စစ်ဆင်ရေးနောက်ပိုင်း စကစ-မြန်မာစစ်တပ်က လက်လွှတ်လိုက်ရသည့် နယ်မြေများရှိ ပြည်သူများအား ဦးတည်ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်နေမှုကြောင့်အပြစ်မဲ့ပြည်သူများ စစ်ဘေးဒဏ်ပေါင်းစုံ ဆိုးရွားပြင်းထန်စွာ ခံစားနေကြရမှုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေးအား ကိုင်စွဲ၍ ပြဿနာများဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အမြဲတမ်းအဆင်သင့်ရှိကြောင်းထုတ်ပြန်ချက်၌ ပါရှိသည်။
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထိန်းချုပ်ထားသည့် ကျေးရွာများအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မဟုတ်သည့် သီးခြားလက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်နေထိုင်ကာ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးကဏ္ဍများတွင် ဝင်ရောက်စွက်ဖက် နှောင့်ယှက်ပါက ပြင်းထန်စွာ အရေးယူခြင်း၊ မြို့နယ်တွင်း နေထိုင်မှုအား ဖယ်ရှားသွားမည်ဟု ပေါက်မြို့နယ်- ပကဖ တာဝန်ခံအမည်ဖြင့် နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားသည်။
စစ်ရေးအရ မြို့နယ်အတွင်း ဝင်ရောက်နေထိုင်ခြင်းအား တားဆီးဟန့်တားခြင်း မပြုလိုသော်လည်း ကျေးရွာနေ ပြည်သူများအား စည်းရုံး၍ စွက်ဖက်နှောင့်ယှက်လာပါက မည်သည့် မိတ်ဖက်အဖွဲ့အစည်းကိုမဆို စဉ်းစားနေလိမ့်မည် မဟုတ်ဘဲ အရေးယူမည်ဟုလည်း ကြေညာချက်၌ ပါရှိကာ ပေါက်မြို့နယ်သည် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသအောက်၌ ပါရှိသည်။
ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် လက်အောက်ခံ တပ်ဖွဲ့များအား လိုအပ်သည့် ထိန်းကြောင်းမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် တစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ခြောက်ဦးအား အရေးယူ အပြစ်ပေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
အကျဉ်းစစ်တရားရုံးမှ PDF တစ်ဦးနှင့် စစ်ခုံရုံးမှ ပကဖ တစ်ဦးအား ထောင်ဒဏ်ချမှတ်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးမှ ပကဖအဖွဲ့ဝင် လေးဦးအနက် တစ်ဦးအား ရာထူးမှ ထုတ်ပယ်ခြင်း၊ နှစ်ဦးအား တာဝန်မှ ခြောက်လ ယာယီရပ်ဆိုင်းခြင်း၊ တစ်ဦးအား စာဖြင့် အသိပေး အရေးယူခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသော်လည်း မည်သည့်ပြစ်မှုများ ကျူးလွန်ထားသည်ဆိုသည့်အချက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ သို့သော် မျှတသည့် တရားစီရင်မှု (Fair Trial) ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း အသိပေး ထုတ်ပြန်သည်ဟူ၍ ပါရှိသည်။
ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ်(ILO) သတ်မှတ်ချက် ၈၇ နှင့် ၂၉ အရ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အဓမ္မလုပ်အားခိုင်းစေမှုများနှင့် ပတ်သက်၍ မလိုက်နာမှုအပေါ် ILO အခြေခံဥပဒေအပိုဒ် - ၃၃ (Article 33) အရ ဆောင်ရွက်နိုင်ရေး မူကြမ်းရေးရန် ILO ညွှန်ကြားရေးမှူးချုပ်အား အုပ်ချုပ်မှုကော်မတီက တာဝန်ပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်ထားသည်။
ILO က သတ်မှတ်ထားသည့် စံနှုန်းများအား မလိုက်နာခြင်း၊ အကြံပြု ပြုပြင်ရန် တိုက်တွန်းချက်များအား မလိုက်နာပါက Article 33 အရ အရေးယူနိုင်ကာ မြန်မာစစ်တပ်အား အရေးယူပေးရန် ၂၀၂၁ ခုနှစ်ကတည်းက တောင်းဆိုထားခြင်းဖြစ်ပြီး မူကြမ်းရေးရန် နိုဝင်ဘာ ၆ ရက်က ပြုလုပ်သည့် ILO ညီလာခံဆုံးဖြတ်ချက်အရ အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ညီလာခံအား ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ ILO ရုံးချုပ်တွင် ပြုလုပ်ခြင်းဖြစ်ကာ ၂၀၀၀ ခုနှစ် စစ်တပ် ဦးဆောင်သည့် စစ်အစိုးရလက်ထက်ကလည်း ယင်း Article 33 ဖြင့်ပင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံအား အရေးယူခဲ့ဖူးသည်။ ယင်းမူကြမ်းအား၂၀၂၅ ခုနှစ် မတ်လတွင် ပြုလုပ်မည့် ILO အုပ်ချုပ်ရေးကော်မတီအစည်းအဝေးအမီ ရေးသားရမည် ဖြစ်ကာ ဇွန်လတွင် ပြုလုပ်မည့် ညီလာခံ၌ အတည်ပြုနိုင်ပါက စစ်အုပ်စုအား အလုံးစုံပိတ်ဆို့ အရေးယူနိုင်မည်ဖြစ်သည်။
ကျင်းပသည့်ရက်စွဲ - နိုဝင်ဘာ ၅ ရက်၊၂၀၂၄ ခုနှစ်
သတင်းစာရှင်းလင်းပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်-စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ဘုံသဘာထားရပ်တည်ချက်အား၂၀၂၄ ခုနှစ်ဇန်နဝါရီလ ၃၁ရက်တွင် ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းနိုင်ငံရေးအရပူးပေါင်းဆောင်ရွက်မှုများ၊ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ် သက်၍ ပြည်သူထံရှင်းလင်းတင်ပြရန်။
သတင်းစာရှင်းလင်းပွဲဦးဆောင်သူများ
• ဒေါ်ဇင်မာအောင်၊နိုင်ငံခြားရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
• ပဒိုတာဒိုမှူး၊ အထွေထွေအတွင်းရေးမှူး၊ကရင်အမျိုးသားအစည်းအရုံး(KNU)
• ဦးအောင်ဆန်းမြင့်၊အတွင်းရေးမှူး- ၁၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)
• ဆလိုင်းထက်နီ၊လက်ထောက်အထွေထွေအတွင်းရေးမှူး၊ချင်းအမျိုးသားတပ်ဦး(CNF)
NUG - လက်တွေ့အခြေအနေကို ထင်ဟပ်တဲ့ ဆွေးနွေးမှုတွေက မဟာမိတ်တွေ ကြားထဲမှာ ဆောင်ရွက်ဖို့ လိုခဲ့တဲ့အတွက် ဘုံနိုင်ငံရေးသဘောတူညီချက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ရရှိခဲ့တယ်။နိုင်ငံတကာ Advocacy၊ Humanitarian Aid ၊ အခြားသော Public Services တွေမှာလည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ပူးတွဲသတင်းစာရှင်းလင်းပွဲကနေ စစ်အာဏာရှင်စနစ် အဆက်ဆက်အောက်မှာ ပျောက်ဆုံးခဲ့ရတဲ့ တိုင်းပြည်ရဲ့ စုစည်းညီညွတ်မှုနှင့် ဂုဏ်သိက္ခာကို ဘယ်လိုအခြေခံကနေ ပြန်တည်ဆောက်ကြမလဲဆိုတဲ့အချက်ကို မဟာမိတ်များနှင့်အတူ ရှာဖွေနေကြတယ်ဆိုတဲ့ သတင်းစကားကို ပေးချင်ပါတယ်။
CNF - မင်းအောင်လှိုင်က နိုင်ငံရေးကို နိုင်ငံရေးပြဿနာနဲ့ ဖြေရှင်းဖို့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ကမ်းလှမ်းလာတာရှိတယ်။ ယနေ့နိုင်ငံရေး ပြဿနာက ၂၀၀၈ ဖွဲ့စည်းပုံက အခြေခံဖြစ်လို့ ဒီကမ်းလှမ်းချက်ကအဓိပ္ပါယ် မရှိဘူး။ NCA မှာ လက်မှတ်ရေးထိုးပြီးဖြစ်ကာ အဲဒီအတွေ့အကြုံအရ ၂၀၂၁ အာဏာသိမ်းတော့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် NUG အပါအဝင် ညီနောင် EROs၊ ဒေသန္တရတပ်ဖွဲ့ဝင်နဲ့အတူ တိုက်ပွဲဝင်နေတာဖြစ်တယ်။
KNPP - ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြမယ်လို့ ယေဘုယျ သဘောတူထားပေမယ့် ဖက်ဒရယ်စနစ်ပုံစံ၊ တိုင်းပြည်တည်ဆောက်မယ့်ပုံစံ၊ ပြည်ထောင်စုနှင့် ပြည်နယ်ကြားက လုပ်ပိုင်ခွင့်အာဏာ ခွဲဝေကျင့်သုံးမယ့်ပုံစံကို အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ရှင်းလင်းဖို့ လိုတယ်။ တိုင်းပြည်ကို ဗဟိုမှ ပြည်နယ်များသို့ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း ဖက်ဒရယ်စနစ် (သို့) ဗဟိုအခြေပြု ဖက်ဒရယ်စနစ် (Federalizing) နဲ့ပြည်ထောင်စုအသစ်ကို တည်ဆောက်လို့ မရပါဘူး၊ ဒါက ဗဟို ချုပ်ကိုင်မှုစနစ်ဖြစ်ပြီး အာဏာရှင်စနစ်ကို ပြန်ပေါ်ပေါက်စေနိုင်သည်။ Federating/Coming Together စနစ်ဖြစ်တဲ့ Bottom-up Federalism Approach နဲ့မှပဲ နှစ်ပေါင်း ၇၆ နှစ်ကျော် တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အမျိုးသားတန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးတွေ အပြည့်အဝ ရရှိမှာဖြစ်တယ်။
ဩဂုတ်လ ၂၆ ရက်ကနေ ၂၈ ရက်နေအထိ လုပ်ခဲ့တဲ့ KNU, KNPP, CNF, NUG တို့ရဲ့ လူတွေ့အစည်းအဝေးမှာလည်း Bottom-up Federalism နဲ့ချဉ်းကပ်ဖို့၊ NUG ဝန်ကြီးဌာနများနှင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်အတွင်းမှာရှိတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ လုပ်ပိုင်ခွင့်အာဏာတွေ ခွဲဝေကျင့်သုံးဖို့ သဘောတူခဲ့ပြီးဖြစ်တယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီတွေက အကြိမ်ကြိမ် တွေ့ဆုံပြီး Bottom-Up Federalism approach နဲ့တိုင်းပြည်တည်ဆောက်ဖို့အတွက် သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တယ်။
Bottom-Up Federalism ရဲ့ အခြေခံအယူအဆများမှာ (က) အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်များဟာ ပြည်နယ်နှင့် ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ပြည်သူများဖြစ်တယ်။ (ခ) ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေမှာ တရားမျှတရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတယ်။ (ဂ) Sovereignty, Solidarity, Subsidiarity နှင့် Division of Competencies Principles ကိုအခြေခံပြီး ပြည်ထောင်စုနှင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်ကြားမှာ လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး လုပ်ဆောင်သွားမယ်။ Bottom-Up Federalism တွေက ပဋိညာဉ် (FDC) အစိတ်အပိုင်း(၁)၊ အခန်း (၄)၊ အပိုင်း (၂) ရဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများမှာ ပါရှိပြီးဖြစ်သလို၊ အပိုင်း (၃) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒများမှာလည်း ပြည်ထောင်စု၏အသွင်သဏ္ဍာန်မှာလည်းအချက် ၃ ချက်နဲ့ ဖော်ပြထားပြီးဖြစ်တယ်။
KNU - Bottom-Up Federalism - ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်မှုများကို ထောက်ခံအားပေးပြီး၊ ပြည်ထောင်စုကို အောက်ခြေ အဆင့်ကနေ အခြေခံပြီး တည်ဆောက်တဲ့ ဖက်ဒရယ်စနစ်ချဉ်းကပ်မှု လမ်းကြောင်းအတိုင်း နိုင်ငံ ပြန်လည်တည်ဆောက်နေတာ ဖြစ်တယ်။
CNF - ချင်းက ၂၀၂၀ ရွေးကောက်ခံများအစုအဖွဲ့၊ ချင်းအမျိုးသားနှင့် ဒေသန္တရအစုအဖွဲ့က ကိုယ်စားလှယ်များနှင့် တော်လှန်ရေးကာလမှာ Chinland ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၃ မှာ ရေးဆွဲအတည်ပြုပြီး Chinland အစိုးရ၊ လွှတ်တော်ကို ဖွဲ့စည်းပြီး Chinland ကို တည်ဆောက်နိုင်တာ ဖြစ်တယ်။ ဒါက ဒီမိုကရေစီနှင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝ ရှိတဲ့ ပြည်နယ်များဖြင့် ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်တဲ့ နိုင်ငံရေး အနှစ်သာရ ဖြစ်တယ်။ နိုင်ငံရေးပြဿနာဟာ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံက အရင်းခံဖြစ်တယ်။
KNU - နိုင်ငံတကာက အာဆီယံ လုပ်ဆောင်ချက်ကိုသာ စောင့်ကြည့်နေကြတယ်။ အာဆီယံ အခြေခံမူ ၅ ချက်ကနေ အကောင်အထည်ဖော်လို့ မရကြောင်းကို နည်းလမ်းရှာဖွေအကြံပြုဖို့ တာဝန်ရှိပါတယ်။ ထုတ်ပြန်ခဲ့တဲ့ ဘုံနိုင်ငံရေး ဦးတည်ချက် (၆) ချက်ကို အနှစ်ချုပ်ရမယ်ဆိုရင် (၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး စစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ဖို့ (၂) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲပြဌာန်းဖို့နဲ့ (၃) နောက်ဆုံးအချက်က ပဋိပက္ခအတွင်း မတရားကျူးလွန်မှုခံရသူများအတွက် တရားမျှတမှုရရှိဖို့နှင့် အသွင်ကူးပြောင်းရေး တရားမျှတမှုလုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့ ဖြစ်တယ်။ ASEAN ရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ အဓိက (၃)ချက်ကို အကောင် အထည်ဖော်ဖို့ ခက်နေတာကို တွေ့ရတယ်။
(၁) De-escalation of violence(အကြမ်းဖက်မှုတွေလျှော့ချဖို့) - မြန်မာစစ်တပ်က လုံးဝဥဿုံစစ်ပွဲ (Total War) အသွင်နဲ့ အရှိန်မြှင့် လုပ်ဆောင်နေတယ်၊ တစ်နိုင်ငံလုံးရဲ့ ၇၁ ရာခိုင်နှုန်းက လက်နက်ကိုင်ပဋိပက္ခကို ခံစားနေရပြီး လေယာဉ်နှင့် ဗုံးကြဲတာကို တိုးမြှင့်လုပ်ဆောင်နေတယ်၊ ASEAN နှင့် UN ကို အကြံပြုလိုတာက စစ်ကောင်စီကို De-escalation လုပ်စေချင်ရင် စစ်ကောင်စီထံသို့ စစ်လက်နက်ပစ္စည်းများရောက်ရှိနိုင်မှု ရပ်တန့်ဖို့၊ သူတို့ကို သံတမန်ရေးရာအရ တရားဝင်မှု မပေးအပ်ဖို့၊ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူမှုကို ထိန်းချုပ်နိုင်ဖို့အတွက် သူတို့ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ဖို့ စတာတွေ လိုအပ်ကြောင်းကို ခိုင်မာစွာ ထောက်ပြဖို့ လိုပါတယ်။
(၂) Humanitarian Aid ပေးအပ်ခြင်း - မြန်မာနိုင်ငံမှာ Humanitarian Aid လိုအပ်နေတာက စစ်ကောင်စီလက်အောက်ကသူတင် မကပဲ၊ EROs, NUG ထိန်းချုပ်မှုအောက်က ပြည်သူတွေများစွာလည်း လိုအပ်နေတယ်။ ဒါကြောင့်မို့ အကူအညီလိုတဲ့သူတွေဆီကို ပေးပို့တဲ့အခါမှာ Humanitarian Principles နှင့် ကိုက်ညီတဲ့ပေးအပ်မှု ဖြစ်၊ မဖြစ်ဆိုတာကို စောင့်ကြည့်လေ့လာခြင်းနှင့်အတူ တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ Mechanism တွေ လိုအပ်ပါတယ်။ မရှိရင် စကစ ကို နိုင်ငံရေးအရ အသုံးချဖို့ ဖန်တီးပေးနေသလို ဖြစ်နေမှာပါ။ နိုင်ငံတကာကို ပြောလိုတဲ့ တစ်ချက်က Humanitarian principles ကို မလိုက်နာတဲ့ နိုင်ငံတကာက ပို့ဆောင်တဲ့ အကူအညီတွေကတိုင်းရင်းသားနှင့် NUG ရဲ့ အုပ်ချုပ်ရေးအောက်မှာရှိတဲ့ ဒုက္ခသည်တွေကို အကြီးအကျယ် ဒုက္ခတွေ့စေတဲ့အတွက် Parallel Delivery System ကို အသုံးပြုဖို့ တောင်းဆိုချင်ပါတယ်။
(၃) Inclusive dialogue (အားလုံးပါဝင်သောဆွေးနွေးပွဲ) - Inclusive dialogue (အားလုံးပါဝင်သော ဆွေးနွေးပွဲ) နှင့်ပတ်သက်လို့ နိုင်ငံရေးအရ သဘောတူညီပြီး ပြေလည်မှုရှိဖို့ နည်းလမ်းရှာဖွေမှသာ Sustainable solution လို့ခေါ်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဖြေကို ရရှိဖို့ တွေ့ဆုံဆွေးနွေးပွဲတွေကတော့ လိုအပ်ပါတယ်။ ဒါကြောင့် Inclusive Dialogue ဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့အဖြေရဖို့အတွက် “ဘုံ” နိုင်ငံရေးရည်မှန်းချက်ကို ညှိနှိုင်းကြဖို့ ပထမဆုံး လိုအပ်နေတာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် မြန်မာနိုင်ငံက stakeholders များကိုယ်တိုင် ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ လုပ်ငန်းစဉ် ဖြစ်ဖို့၊ စစ်အာဏာရှင်စနစ်နှင့် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို နောက်ကြောင်းမပြန်စေမယ့်၊ ပြည်သူလူထုရဲ့ လိုလားမှုနဲ့လည်း ကိုက်ညီတဲ့၊ ဘုံနိုင်ငံရေးရည်မှန်းချက်ရရှိဖို့ တော်လှန်ရေးအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဥ်ကို အာဆီယံ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ကူညီထောက်ခံ အကျိုးဆောင်ပံ့ပိုးမှုများ ပေးအပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စကစက အဆိုပြုထားတဲ့ ရွေးကောက်ပွဲက ပဋိပက္ခတွေကို ပိုမို ပြင်းထန်စေမှာ ဖြစ်ပြီး တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ယူဆောင်ပေးမှာမဟုတ်ဘူး။
NUG - တရုတ်နိုင်ငံခြားရေးဆီကို လိပ်မူပြီး ဒီဖိတ်ကြားမှုနှင့် ဆက်သွယ်ဆောင်ရွက်မှုကို သုံးသပ်ဖို့ မေတ္တာရပ်ခံစာ ပို့ခဲ့တယ်။ စကစကို အသိအမှတ်ပြုတာမျိုး မဖြစ်ဖို့လိုတယ်လို့ ပြောလိုက်တယ်။ တရုတ်-မြန်မာဆက်ဆံရေးကို အထောက်အကူဖြစ်တာထက် အဖုအတစ်ဖြစ်ပြီး စကစကို မျက်နှာမူတဲ့ စစ်ဆင်ရေး ဖြစ်နေသွားမှာ။ ဒါသည် State visit မဟုတ်ဘဲ Regional forum ကို တက်ရောက်တာဖြစ်တယ်လို့ သဘောထား ပြန်ရတယ်။ ASEAN envoy တွေနဲ့တော့ NUG နဲ့ ပူးပေါင်းဆောင်ရွက်တာ ရှိတယ်။ မဟာမိတ်တွေနဲ့လည်း ပူးပေါင်းတွေတာ၊ သီးခြားတွေ့တာ ရှိတယ်။ ဖိအားနဲ့ ပတ်သက်လို့ကတော့ နယ်စပ်က ဘယ်လို handle လုပ်ရမလဲ သိတယ်။ NUG နဲ့ တရုတ် ဆက်ဆံရေး Channel ရှိပေမယ့် ဘေဂျင်းက ဘယ်လောက် နားထောင်လဲဆိုတာက စိန်ခေါ်ချက်ရှိတယ်။
တခြားသောနိုင်ငံရေးအဖွဲ့တုံ့ပြန်မှု- တရုတ်ရဲ့ ဖိအားပေးမှု မည်သို့ပင်ရှိစေကာမူ တိုင်းရင်းသားလူမျိုးစုတွေက ဖိအားမှုကို ကြံ့ကြံ့ခိုင်ပြီး သွားနေတာ ရှိတယ်။ ဆေးမြီးတိုနဲ့ကုလို့ ရတဲ့ဟာမျိုး မဟုတ်ဘူး၊Sustain ဖြစ်တဲ့အဖြေကို ရှာဖို့လိုတယ်။ အဖြေကို ရှာနိုင်ဖို့ လုပ်နေတာ ဖြစ်တယ်။
NUG - Opportunity windows ကို မယူနိုင်ဘူးဆိုရင် သမိုင်းမှာ ဒီအခွင့်အရေးကို မယူနိုင်တဲ့သူတွေအနေနဲ့ ကျန်ခဲ့မှာဖြစ်တယ်။ မတူညီမှု၊ သဘောထား ကွဲပြားတာ ရှိတယ်၊ ဒါပေမဲ့ မျှော်ရည်ချက်တွေ တူတယ်။ နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို ဖော်ထုတ်ပြီး ညှိနှိုင်းသွားတဲ့ ပြည်ထောင်စုကို တည်ဆောက်သွားမယ်၊ အာဏာသိမ်းမှု အဆုံးသတ်ပြီး စနစ်ကိုပြောင်းလဲနိုင်မှသာလျှင် တိုင်းပြည်အလှည့်အပြောင်း၊ စနစ်ပြောင်းသွားမှာ ဖြစ်တယ်။ တစ်စုတစ်ဖွဲ့ချင်းရဲ့ commitment က အရေးကြီးသလို စုစည်းညီညွတ်မှုကလည်း အရေးကြီးတယ်။
KNU - နိုင်ငံတကာနဲ့ ပတ်သက်လို့ message ပေးချင်တာက corruptive environment ဖြစ်တဲ့ စစ်တပ်အုပ်စိုးနေသမျှ rule of law မရှိလို့၊ consequences က non-traditional security threat ကို ပေးနေတာ ဖြစ်တယ်။ နိုင်ငံတကာက ဒါကို သတိမထားရင် သတိထားမိတဲ့အချိန်ကျရင် နှောင်းသွားပါလိမ့်မယ်၊ အဲဒါကြောင့် UNSC 2669 ကို function ဖြစ်အောင် ကြိုးပမ်းရမယ်။
KNPP - ၂၀၂၁ ပေါ်လာတဲ့ လူထုတော်လှန်ရေးက တခြား တော်လှန်ရေးနဲ့ မတူဘူး၊ ဖိအားပေးနိုင်တာတွေ အများကြီးလုပ်နေပြီ၊ တက်ညီလက်ညီနဲ့ ညီညွတ်ရေးကို ထပ်တိုးလိုက်ရင် မင်းအောင်လှိုင်က နောက်နေ့မှာ ကျဆုံးနိုင်ပါတယ်။ နိုင်ငံရေးထွက်ပေါက်အနေနဲ့သူ ကြိုးစားနေတာ ရှိတယ်၊ ရွေးကောက်ပွဲ၊ စေ့စပ်ညှိနှိုင်းရေးနဲ့ ကြိုးစားနေတာ ရှိတယ်။ ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့အားလုံး လက်ထဲမှာ ရှိတယ်။
CNF - Stakeholders တွေအနေနဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ မှန်ကန်စွာချပြီး လုပ်ရမှာ ဖြစ်တယ်။ အမြဲသတိရဖို့က ၂၀၂၁ အာဏာသိမ်းစတုန်းက ပြည်သူလူထုရဲ့ အော်သံကို သတိရကြပါ၊ အဲဒီအော်သံကနေ ပေါက်ဖွားလာတာကနေ ဒီနေ့ လက်နက်ကိုင်တဲ့အဆင့်အထိ တိုးတက်လာတာ ဖြစ်တယ်။ ဘာမှ တွေဝေစရာ မရှိပါဘူး။
စစ်ခေါင်းဆောင်၏တရုတ်ခရီးစဉ်နှင့် ပတ်သက်ပြီး NUG အပါအဝင် မဟာမိတ်အဖွဲ့များ၏ဆောင်ရွက်ချက်များ၊ NUG နှင့် K2C တို့၏ သဘောထား ရပ်တည်ချက် ထုတ်ပြန်ပြီးနောက်ပိုင်း အခြားသော တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ တုံ့ပြန်ဆောင်ရွက်မှုများ၊ တရုတ်၏ ဖိအားပေးမှုအပေါ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ ပြန်လည်တုံပြန်ဆောင်ရွက်မှုများအပေါ် မှတ်ချက်ပေးရန်၊ EROs များ၏ နယ်မြေအတွင်း စစ်ရေးဖော်ဆောင်နေသည့် အင်အားစုများအကြား ချိတ်ဆက်ဆက်ဆံရေးများနှင့် အသစ်ပေါ်ပေါက်လာသော အင်အားစုများနှင့် ချိတ်ဆက်ဆက်ဆံရေးဆိုင်ရာ မေးခွန်းများကို မေးမြန်းခဲ့ပါသည်။
တိုက်ခိုက်ရေးအောင်ပွဲများမှသည် ပြည်သူ့နိုင်ငံရေးအောင်ပွဲများအထိ ဆက်လက် သယ်ဆောင် အနားသတ်ပေးနိုင်မှသာ တည်ငြိမ်အေးချမ်းမှု အစစ်အမှန်ကို ခံစားရမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy - SNLD) က အောက်တိုဘာ ၂၆ ရက်တွင် ၎င်းတို့၏နိုင်ငံရေး ရပ်တည်ချက်သဘောထားအား ထုတ်ပြန်ထားသည်။
ရပ်တည်ချက်သဘောထား၌ ၁၉၄၇ ပင်လုံစာချုပ်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူအရ တိုင်းပြည်တည်ဆောက်ကြရမည် ဖြစ်ကာ လူမျိုးရေးအစွန်းရောက် ကန့်သတ်ခွဲခြားမှု မလုပ်ဆောင်မိရန် လိုအပ်ပြီး တန်းတူညီမျှသည့် ပြည်ထောင်စုတည်ဆောက်ရေးကို မျက်ခြေမပြတ်ရန် အထူးလိုအပ်ကြောင်း ပါရှိသည်။
ထို့ပြင် မြန်မာ့ပြည်တွင်းရေးအား နိုင်ငံကြီးအချို့က စီးပိုးကြိုးကိုင်လျက် လူထုဆန္ဒအပေါ် လျစ်လျူရှု တဖက်သတ် ဆောင်ရွက်ရန် ကြိုးစားမှုအား ပြည်ထောင်စုစိတ်ဖြင့် ကျော်လွှားရန်၊ တိုင်းပြည်ပြဿနာအား ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဟု အသံကောင်းဟစ်ကာ လူထုအုပ်ချုပ်ရေး အစစ်အမှန်ပေါ်ပေါက်ရေးအား လက်တလုံးခြား ဆန့်ကျင်လျက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ကြိုးပမ်းမှုများအား မျက်နှာဖုံးခွာချကြရန် လိုအပ်ကြောင်း နိုင်ငံရေးသဘောထား ရပ်တည်ချက်မှတဆင့် သတိပေးထားသည်။
လူသားမျိုးနွယ် ချုပ်ငြိမ်းစေရေးကို တိုက်ဖျက်တွန်းလှန်ရုံဖြင့် မပြီးသေးဘဲ သဘာဝဂေဟ အလုံးစုံပျက်သုဉ်းရေးကိုပါ လူသားအသိကိုယ်စီရှိလျက် ဝိုင်းဝန်းကာကွယ်ကာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီမိတ်ဖက်အချင်းချင်း လက်တွဲညီ ချီတက်မည်ဟုလည်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ အမည်ဖြင့် ထုတ်ပြန်သည့် သဘောထားရပ်တည်ချက်၌ ပါရှိသည်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အောက်တိုဘာ ၁၁ ရက်မှ ၂၀ ရက်အထိ အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ အရပ်သားများအား ပစ်မှတ်ထား၍ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများသည် လူမျိုးအသီးသီး၏ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအပေါ် လက်စားချေရန်အတွက် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် စစ်ရေးနည်းဗျူဟာသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်သည်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန (MOHR) က ထုတ်ပြန်သည့် ယင်းထုတ်ပြန်ချက်၌ စက်တင်ဘာ၃၀ ရက်က ဘုတလင်မြို့နယ်၊ စီပါကျေးရွာအနီး အကြမ်းဖက်စစ်အုပ်စု၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ကြောင်း ထိခိုက်မှုများခဲ့ပြီးနောက် အောက်တိုဘာ ၁၁ ရက်မှ ၂၀ ရက်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက် (၁၇) ခုအား စီးနင်း၊ မီးရှို့၊ သတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၂၄ ဦးထက် မနည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရကြောင်း၊ အောက်တိုဘာ ၁၇ ၇က် စီပါကျေးရွာတွင် အရပ်သားခြောက်ဦးအား ခန္ဓာကိုယ်များ အစိတ်စိတ်အပိုင်းပိုင်းဖြတ်ကာ နေအိမ်ခြံစည်းရိုးများ၌ ချိတ်ဆွဲထားမှုများ၊ ၆၀ထက်မနည်းသော အရပ်သားများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများသည် စစ်ရေးနည်းဗျူဟာ တစ်ရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
စစ်အုပ်စုအား၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ဆက်လက်ခွင့်ပြုနေပါက ပိုမိုဆိုးရွား ယုတ်မာသည့် စစ်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် အယူဝါဒ ကိုင်ဆွဲထားသည့် ယန္တရား ဆက်လက်သက်ဆိုးရှည်ရုံသာမက ပိုမိုအတင့်ရဲလာမည် ဖြစ်၍ တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဦးတည် ကြိုးပမ်းဆောင်ရွက်ပေးကြရန် MOHR က တိုက်တွန်း တောင်းဆိုထားသည်။
အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းရန် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကို ကမ်းလှမ်းသော ကြေညာချက်တစ်စောင်အား စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းဒုတိယအကြိမ်မြောက်ကမ်းလှမ်းမှုဖြစ်ကာ ၂၀၂၂ခုနှစ် ဧပြီလတွင် ပထမအကြိမ်အဖြစ်အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင်ရုပ်မြင်သံကြားမှတစ်ဆင့်ကမ်းလှမ်းခဲ့ဖူးသည်။မတူညီသည့်အချက်မှာ ယခုတစ်ကြိမ်ကမ်းလှမ်းချိန်၌ EROs၊PDFs များ၏စစ်ဆင်ရေးများကြောင့်အကြမ်းဖက်စစ်အုပ်စုဘက်မှစစ်စခန်းများ၊ စစ်ဌာနချုပ်များအပြင်မြို့များကိုပါ လက်လွှတ်နေရချိန်ဖြစ်သည်။
စစ်အုပ်စု ကမ်းလှမ်းချက်၌ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင် တိုက်ခိုက်သည့်နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့်အတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အဟန့်အတားဖြစ်ရကြောင်း ဖော်ပြထားကာ EROs နှင့်PDFs အဖွဲ့များအား လက်နက်ကိုင် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့်သော် လည်းကောင်း၊ရွေးကောက်ပွဲလမ်းကြောင်း မှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ဟု ပါရှိသည်။
ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်နေပြီး အောက်တိုဘာ ၁ ရက်မှ စတင်၍ မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် သန်းခေါင်စာရင်း စတင်ကောက်ယူတော့မည် ဖြစ်ကြောင်းပါရှိကာ လက်ရှိတွင်လည်း၎င်းတို့ အပြည့်အဝထိန်းချုပ်ထားနိုင်သောနေရာဒေသအချို့၌ စတင်ကောက်ယူနေပြီဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက ငြိမ်းချမ်းရေး ကမ်းလှမ်းပြီး နောက်တစ်ရက် ဖြစ်သည့် စက်တင်ဘာ ၂၇ ရက် နံနက်အစောပိုင်းတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) (ကိုးကန့်) သိမ်းပိုက်ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို လေကြောင်းမှ ဗုံး (၁၅) လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ ထိုနေ့ နံနက် ၃ နာရီခွဲတွင် လားရှိုးမြို့ ရပ်ကွက် (၁) ရှိ မြို့မဈေးနှင့် ရပ်ကွက် (၂) တို့ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲခဲ့ပြီး စက်တင်ဘာ ၂၈ ရက် ညတွင်လည်း လားရှိုးမြို့ ရပ်ကွက် (၈) အား ဂျက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၃၀ ရက် မနက်အစောပိုင်းနှင့် ညပိုင်းတွင် လားရှို့မြို့အတွင်းသို့ ထပ်မံ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ယင်းလေကြောင်းသုံး တိုက်ခိုက်မှုများအတွင်း အရပ်သား သေဆုံးမှုမျာနှင့် ဒဏ်ရာရမှုများရှိခဲ့သည့်အပြင် အရပ်သားပိုင် အဆောက်အဦ ပျက်စီးမှုများလည်း ရှိခဲ့ပါသည်။
အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် တရုတ်နိုင်ငံနှင့် ပတ်သက်သည့် သဘောထားဖော်ပြချက် သုံးစောင်ကို ဆက်တိုက်ထုတ်ပြန်သည်။ ထိုဖော်ပြချက်များ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အမေရိကန်အစိုးရထံမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း (၂၀၀) ဝန်းကျင် ရရှိနေကြောင်း စွပ်စွဲထားသည့်အပြင် MNDAA (ကိုးကန့်) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် NUG နှင့် စစ်ရေးမဟာမိတ်ဖွဲ့ကာ မြန်မာအစိုးရကို တိုက်ခိုက်နေကြောင်းပါ ထည့်သွင်းစွပ်စွဲထားသည်။
အထောက်အပံ့များ ရယူနေသည်ဆိုသည့် အကြမ်းဖက်စစ်အုပ်စု စွပ်စွဲမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ လုံးဝမဟုတ်ဘူး”ဟု ငြင်းဆိုသည်။
အကြမ်းဖက်စစ်အုပ်စုဘက်က စွပ်စွဲချက်များထုတ်အပြီး နောက်တစ်ရက်တွင် ထုတ်ပြန်ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ “အတုအယောင် ကမ်းလှမ်းချက်” ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော က တုံ့ပြန်လိုက်သည်။နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း “ဒီထုတ်ပြန်ချက်က သူ့အကျိုးစီးပွားအပေါ်မှာပဲ သက်ရောက်တယ်။ ငါပြောတဲ့အတိုင်း လိုက်လုပ်ဆိုတာ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာမှ မဟုတ်တာ” ဟု ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းခန်း၌ ထည့်သွင်း ပြောဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကလည်း “သေနတ်ပြပြီး အနိုင်ကျင့် ဗိုလ်ကျ အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက အခုချိန်မှာ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ကြဖို့ ထုတ်ပြန်လာတာဟာ အင်မတန် ရယ်စရာကောင်းပြီး အင်မတန် စက်ဆုပ်ရွံရှာစရာ ကောင်းတဲ့ ထုတ်ပြန်ချက်” ဟု တုံပြန်သည်။
ထို့ပြင် အကြမ်းဖက်စစ်အုပ်စု၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုသည် ဟန်ပြဖိတ်ခေါ်မှုသာ ဖြစ်သည့်အတွက် ပြတ်ပြတ်သားသား ပယ်ချကြောင်း အောက်တိုဘာ ၁ ရက်တွင် NUG နှင့်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)တို့က ပူးတွဲ ထုတ်ပြန်သည်။
တရားမဝင် အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်သည် လက်ရှိ နိုင်ငံရေး အကျပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှု တစ်ခုဖြစ်သည်ဟု ရှုမြင်သဖြင့် လက်ခံညှိနှိုင်းမည် မဟုတ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။ ထို့ပြင် “တခြားသော ပြည်နယ်များနှင့် ဖက်ဒရယ်ယူနစ်များအနေဖြင့် လူထုဆန္ဒအတိုင်း ညီညွတ်စွာ ဆက်လက် ရပ်တည်ကြရန်” တိုက်တွန်းနှိုးဆော်ထားသည်။
“စစ်ကောင်စီက ကျွန်မတို့ကို လက်နက်စွန့်ပါ၊ ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပြီးတော့မှ ရွေးကောက်ပွဲဝင်ပါ ဆိုတာက ကျွန်မတို့ဘက်ကတော့ မဖြစ်နိုင်တဲ့ ကိစ္စပါ” ဟု တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက တုံပြန်ထားသည်။အမေရိကန်မှ အထောက်အပံ့ ရယူထားသည်ဆိုသည့် အကြမ်းဖက်စစ်အုပ်စု စွပ်စွဲချက်ကိုလည်း ငြင်းပယ်ကြောင်း ဘီဘီစီသတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း၌ ထည်သွင်းဖြေကြားထားသည်။
လွေးယေဦးကပင် ဧရာဝတီ သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း၌ ငြိမ်းချမ်းရေးကမ်းလှမ်းမှုနှင့် ပတ်သက်ကာ “အမှန်က PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေက လက်နက်စွန့်ရမှာ မဟုတ်ဘူး။ စစ်ကောင်စီက လက်နက်စွန့်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို သူက လက်နက်အားကိုးပြီးတော့မှ လူထုတွေကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်တယ်။ ဒါကြောင့်မလို့ ဒီဖိတ်ခေါ်ချက်၊ ထုတ်ပြန်ချက်က ကျွန်မတို့အတွက်ရော၊ တခြား တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေအတွက်ရော မဖြစ်သင့်တဲ့ကိစ္စပါ”ဟု တုံပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီး က “စစ်တပ်က နိုင်ငံရေးကနေ ထွက်ရမယ်၊ အရပ်သားအုပ်ချုပ်မှုအောက်မှာ ရှိရမယ်၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေသစ် ရေးဆွဲတာကို လက်ခံရမယ်” ဟု တုံပြန်လိုက်ပြီး“အကြမ်းဖက် မင်းအောင်လှိုင်၏ နိုင်ငံရေးပြဿနာ ဖြေရှင်းရေး ဖိတ်ခေါ်ချက်သည် အရည်မရ အဖတ်မရ ဓာတ်ပြားဟောင်းသာဖြစ်ပြီး စစ်တပ်ကျူးလွန်သော ရာဇဝတ်မှု မှန်သမျှ အရေးယူရေးအပါအဝင် အချက် ၃ ချက် မရဘဲ ဆွေးနွေးစရာမရှိကြောင်း” ရန်ကုန်ခေတ်သစ်သတင်းဌာနသို့လည်း ဖြေကြားထားသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က “အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF များအနေဖြင့် လက်နက်စွန့်ပြီး ပါတီလမ်းကြောင်း၊ ရွေး ကောက်ပွဲလမ်းကြောင်းမှ နိုင်ငံရေးပြဿနာ ဖြေရှင်းရန် ဖိတ်ခေါ်ချက်သည် ခေါ်ပုံခေါ်နည်း လိုနေကြောင်း” ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတဆင့် ရေးသားတုံပြန်ခဲ့သည်။
“၂၀၀၈ က ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံရေးကို သွားလို့ မရဘူး။ ကျွန်တော်တို့ သွားချင်တာက တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဖြစ်တယ်။ ၂၀၀၈ အောက်ကနေ သွားမယ်ဆို စစ်တပ်အာဏာ တည်တံ့ခိုင်မြဲအောင် လုပ်ပြီးတော့မှ စစ်တပ်က နိုင်ငံရေးလောကထဲမှာ ဝင်ရောက်စွက်ဖက်တာကို ကျွန်တော်တို့က တွန်းအားပေးသလို ဖြစ်တယ်။ ဒီနေ့က ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံတော်သစ် တည်ဆောက်ဖို့အတွက် စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ရှားရမှာ ဖြစ်တယ်” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က တုံပြန်သည်။
ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က “အဓိကတော့ သူ့ရဲ့ ရေရှည် မြန်မာ့နိုင်ငံရေးမှာ ရပ်တည်ရေးအတွက် ပြည်သူနဲ့ နိုင်ငံတကာကို လှည့်စားနေတဲ့ လုပ်ရပ် ဖြစ်တယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအောက်ကနေ စစ်ကောင်စီက လုပ်ဆောင်မှု မှန်သမျှ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ပကနေ လုပ်ဆောင်မှု မှန်သမျှကတော့ လက်ခံနိုင်စရာအကြောင်းလည်း မရှိဘူး။ လက်တွေ့လည်း ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူး။ ကျွန်တော်တို့ ချင်းတောင်မှာဆိုရင် ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းက သူ့ဟာသူ စိုးမိုးထားတဲ့ ပြည်သူက အုပ်ချုပ်ရေး ဖော်ဆောင်မှုရှိနေတဲ့အချိန်မှာ စစ်ကောင်စီက သူ့ရဲ့ တချို့မြို့ပေါ်မှာပဲ လူအနည်းအကျဉ်းနဲ့ လုပ်နိုင်မှာ ဖြစ်တဲ့အတွက် ဒါကတော့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းလည်း မရှိဘူး။ နိုင်ငံတကာကို လှည့်စားနေတာလို့ပဲ ပြောချင်ပါတယ်” ဟု တုံပြန်သည်။
အကြမ်းဖက်စစ်အုပ်စု၏ ဆွေးနွေးပွဲဖိတ်ခေါ်မှုသည် နိုင်ငံရေး လှည့်ကွက်တစ်ခုဖြစ်ပြီး အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်သည်နှင့် တပြိုင်တည်း ဆွေးနွေးမှု ပြုလုပ်နိုင်ရေး အားထုတ်လာခြင်း ဖြစ်ကြောင်း၊ သို့သော် အရပ်သားများအား ပစ်မှတ်ထား၍ လေကြောင်းသုံး တိုက်ခိုက်ခြင်းများလည်း ရှိနေကာ ရိုးသားဖြောင်မှန်မှု မရှိသော လုပ်ရပ် ဖြစ်သည်ဟု မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC) ကစက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။
MSFC သည် စစ်တပ်အာဏာရရှိရေး ဒေါက်တိုင်ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သည့် မည်သည့် နိုင်ငံရေးဆွေးနွေးပွဲကိုမဆို ကြိုဆို ထောက်ခံကာ ပါဝင်ရန် အသင့်ရှိကြောင်း၊ စစ်အုပ်စု၏နိုင်ငံရေးလှည့်ကွက်အဖြစ် ဖန်တီးထားသည့် ဆွေးနွေးပွဲကိုမူ ပါဝင်ရန် လက်ခံစဉ်းစားမည် မဟုတ်ကြောင်း၊ ဘဝတူ တော်လှန်ရေး အဖွဲ့အစည်းများနှင့်လည်း လက်တွဲကာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး လုပ်ဆောင်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ကွပ်ကဲရေးမှူး မောင်ဆောင်းခက “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ တရားမျှတမှုလည်း မရှိနိုင်သလို ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်လို့ မရနိုင်တာမို့ စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုကို အဖွဲ့အနေနဲ့ စိတ်မဝင်စားဘူး” ဟု ပြတ်သားစွာ တုံပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) ၏စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်က “စစ်တပ်က နိုင်ငံရေးကနေ အပြီးအပိုင် ထွက်ရမယ်။ စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှုကို ခံယူရမယ်။ ဒီလိုခံယူနိုင်တယ်ဆိုရင် စကားဝိုင်းဆွေးနွေးပွဲဆိုတာ ဖြစ်လာပါလိမ့်မယ်” ဟု တုံပြန်သည်။
“PDF ဆိုတဲ့ စကားလုံးရှေ့မှာတောင် အကြမ်းဖက်လို့ သုံးနှုန်းထားသေးတာပဲဗျ။ တိုင်းပြည်မှာရှိနေတဲ့ ပဋိပက္ခတွေကို ကုန်ဆုံးချင်လို့ ကမ်းလှမ်းမှုမျိုးထက် သူ့ရဲ့ထွက်ပေါက်ကို လိုက်ပါစေချင်တဲ့ ကမ်းလှမ်းချက်မျိုးလို့ ထင်တယ်” ဟု 96 soldiers – PDF တပ်ဖွဲ့၏ တာဝန်ခံ ကိုဇေယျာလွင်က စစ်အုပ်စု ကမ်းလှမ်းမှုအပေါ် ၎င်း၏ သဘောထားအား ထုတ်ပြန်ပြောဆိုသည်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ၏တာဝန်ခံ ကိုနွေဦး က “ စစ်ကောင်စီ ရှိနေလို့သာ ဒါမျိုးတွေ ဖြစ်နေတဲ့အတွက် ဒီစစ်ကောင်စီ အသက်ဆက်ရှင်မယ့်နည်းလမ်းကိုတော့ ဘယ် PDF မှ ရွေးချယ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု တုံပြန်ခဲ့ပါသည်။
“တော်လှန်ရေးမှာ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ တိုက်နေကြတဲ့ အဖွဲ့တွေကို ဖိတ်ခေါ်လို့ မရဘူးဆိုတာ သူတို့လည်း သိတယ်။ ဟိုဘက်လည်း မရောက်၊ ဒီဘက်လည်း မရောက်တဲ့ ကြားအဖွဲ့တွေကို ခေါ်ချင်တာလို့ မြင်တယ်” ဟု ကျောင်းသားလက်ရုံးတပ်တော် (SAF) ၏ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က စစ်အုပ်စု ကမ်းလှမ်းမှုအပေါ် ယခုကဲ့သို့ မှတ်ချက်ပေးသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော် က “ရွေးကောက်ပွဲဆိုတဲ့ ထွက်ပေါက်ကနေ တစုံတရာ နိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ ကြိုးစားနေတာ ဖြစ်တယ်။ အဓိကကတော့ တော်လှန်တဲ့ အင်အားစုတွေကို ဖြိုခွဲဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ကျွန်တော် အဲဒီလိုပဲ နားလည်တယ်” ဟု တုံပြန်ထားပြီးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကလည်း “၂၀၂၁ နွေဦးတော်လှန်ရေးကနေ တောင်းဆိုနေတဲ့ စစ်အာဏာရှင်တွေ နိုင်ငံရေးနယ်ပယ်ကနေ လုံးဝဆုတ်ခွာသွားပြီး သူ့နေရာသူ နေဖို့ဆိုတာ လုံးဝမပါဘဲနဲ့ နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ တပ်ကနေ ဆက်ပြီးတော့ ဦးဆောင်ဦးရွက် ပြုမယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေပါတယ်။ လက်နက် စွန့်ရမယ်၊ လက်နက် ချရမယ်၊ နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်နိုင်ဖို့ဆိုရင် ပါတီထောင်ပြီး ပါဝင်ကြရမယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံစရာ အကြောင်း မရှိဘူး။ စစ်တပ်က ပြောတဲ့ကိစ္စတွေ ၁၀၀ ရာခိုင်နှုန်းနီးပါးလောက်က စိတ်ရင်းနဲ့ ပြောတာ မဟုတ်ဘူး။ သူတို့ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကနေ ထွက်ပေါက်ရဖို့အတွက် လိုက်ပြီးတော့ ထွက်ပေါက်ရှာနေတာလို့ပဲယူဆပါတယ်” ဟု မှတ်ချက်ပေးတုံ့ပြန်သည်။35
ယခင် စစ်အစိုးရ ကျောထောက်နောက်ခံပေး ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် စစ်အုပ်စု စိတ်ကြိုက်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားကြသော နိုင်ငံရေးပါတီ (၂၆) ခုကမူ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းမှုအား အပြည့်အဝ ထောက်ခံကြောင်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။
အရပ်သားအစိုးရတစ်ရပ်အားလက်နက်ဖြင့် အကြမ်းဖက်၍အာဏာသိမ်းခြင်းထားခြင်းအား“နိုင်ငံရေး ပြဿနာ” ဟုခေါင်းစဉ်တပ်ခြင်းမှာဆီလျော်မှု မရှိပေ။ ယင်းအပြင်မည်သည့်နည်းနှင့်မျှ လွတ်လပ်၍တရားမျှတစရာ မရှိသည့်အပြင်စနစ်တကျဖြင့် အကြမ်းဖက်မှုကျူးလွန်ရန် စစ်တပ်အားခွင့်ပြုထားသည့်၊ စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု၊လူမျိုးသုဉ်းသတ်ဖြတ်မှုများအားလွတ်မြောက်ခွင့်ပေးသည့်နိုင်ငံရေးအခင်းအကျင်းတစ်ခုအောက် သွတ်သွင်းရေးကြိုးပမ်းမှုကိုလည်း“နိုင်ငံရေးနည်းလမ်း” ဟုအမည်ပေး ကင်မွန်းတပ်ခြင်းမှာနိုင်ငံတကာအား မျက်လှည့်ပြရန်အတွက်အကြမ်းဖက်စစ်အုပ်စု၏ကြိုးပမ်းမှုသာ ဖြစ်သည်။ပြည်တွင်းရှိ တော်လှန်သောအင်အားစုများအား စည်းရုံးနိုင်ရေးမလွယ်နိုင်ကြောင်းအားတုံ့ပြန်မှုများ၌ ရှင်းရှင်းလင်းလင်းတွေ့မြင်ရမည် ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက စစ်မှု မထမ်းမနေရ ဥပဒေပြဌာန်းခြင်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းကာ အသက် ၆၅ နှစ်အထိ သက်ကြီးပိုင်းများကိုပါ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းမှာ တိုင်းပြည်နှင့် ပြည်သူတစ်ရပ်လုံးအား လူသားဒိုင်းသဖွယ် အသုံးပြုရန်ကြိုးပမ်းခြင်းသာ ဖြစ်ပြီး နည်းလမ်းပေါင်းစုံဖြင့် ပြတ်သားစွာ ခုခံတော်လှန်၊ ဆန့်ကျင်ရန် တိုက်တွန်းနှိုးဆော်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
NUG ထုတ်ပြန်ကြေညာချက်၌ "စစ်အာဏာရှင်စနစ်ဘေးဆိုးသည် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး တဦးတယောက်ချင်းစီတိုင်းအပေါ် ကျရောက်လာပြီ ဖြစ်သလို မည်သူမျှ မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်တော့သည်မှာ ပိုမိုထင်ရှားလာပြီ ဖြစ်သည်။ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေး၏ အင်အားကို အထင်သေးလျှော့တွက်သော အကြမ်းဖက် စစ်အုပ်စုအား “မိမိတို့ ပြည်သူလူထုတရပ်လုံးသည် စစ်အာဏာရှင်ပြုသမျှ ခေါင်းငုံ့ခံမည့် သူများမဟုတ်” ဆိုသည်ကို အခိုင်အမာပြသ" ရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။
နိုင်ငံတကာအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ကြုံတွေ့နေရသည့် နာကျင်ခံစားရမှုအားလုံး၏ အရင်းအမြစ်မှာ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်သားများကြောင့်ဖြစ်ကြောင်း သိရှိနားလည်ရန် လိုအပ်ကြောင်း၊ လူသားဒိုင်းအဖြစ် အသုံးချလာသည့် လုပ်ရပ်များ ရပ်တန့်ရေး ထိရောက်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။
တောင်တရုတ်ပင်လယ် အခြေပြု တိုက်ခတ်ခဲ့သည့် ရာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ လျှပ်တပြတ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့မှုသည် နိုင်ငံအတွင်း လူထုအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ ယင်း ရေကြီးရေလျှံမှုသည် အကြမ်းဖက်စစ်အုပ်စုဘက်က ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ ဆည်များအား လူထုအား အသိမပေးဘဲ ဖောက်ချခြင်း၊ မိုးလေဝသဆိုင်ရာသတင်း ထုတ်ပြန်မှုအားနည်းခြင်းများကြောင့် ဝေဖန်မှုများ ရှိခဲ့သည်။
မုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံမှုသည် ကရင်နီ (ကယား)၊ မွန်၊ ကရင်၊ ရခိုင်နှင့် ရှမ်းတောင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊နေပြည်တော်ရှိ မြို့နယ်ပေါင်း ၆၅ ခု၌ ဖြစ်ပွားခဲ့ကာ စစ်ရေးပဋိပက္ခများကြောင့် ရှောင်တိမ်းနေရသည့် နေရပ်စွန့်ခွာပြည်သူများ အပါအဝင် ပြည်သူပေါင်း ၈၈၇,၀၀၀အထိ ထိခိုက်ခဲ့သည်ဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN-OCHA Myanmar) က စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။
ထို့ပြင် သေဆုံးသူ ၃၀၀ ကျော်နှင့် ဒဏ်ရာရသူ ၁၀၀ ကျော် ရှိကာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် စတင်ရေးအတွက် အရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေ (CERF) က အမေရိကန်ဒေါ်လာ လေးသန်း ခွဲဝေချထားပေးရန် ခွင့်ပြုထားသည်ဟု UN-OCHA (Myanmar) က ထုတ်ပြန်သည်။
ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှ ရေဘေးသင့်ပြည်သူများအတွက် သဘာဝဘေး ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ဒေါ်လာ ၅၀,၀၀၀ ပေးပို့သွားမည်ဟုလည်း စင်ကာပူကြက်ခြေနီအသင်း (SRC) ကစက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။2
မန္တလေးတိုင်းအတွင်း၌ ရေဘေးသင့်ကျေးရွာ ၁၅ ရွာ၌ လူပေါင်း ၂၃၀ ကျော် သေဆုံးကာ ဒဏ်ရာရသူ ၅၀ ကျော်အထိ ရှိသည်ဟုလည်း သတင်းမီဒီယာများက ထုတ်ဖော်ရေးသားထားသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ခရိုင် ခုနစ်ခုတွင် ရေကြီးရေလျှံမှုကို ကြုံတွေ့ခဲ့ရကာ ကျေးရွာပေါင်း ၅၄၂ ခု ထိခိုက်ခဲ့ကြောင်း စက်တင်ဘာ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
ဒူးသထူ၊ တောအူး၊ ခလယ်လွီထူ၊ မူတြော်၊ မြိတ်/ထားဝယ်၊ ဒူးပလာယာနှင့် ဖားအံခရိုင်၌ မြို့နယ် ၂၇ ခု ပါဝင်သည့်အနက် မြို့နယ် ၂၀ ခုတွင် ရေဘေးသင့်ခဲ့ကာ ဒူးသထူ (သထုံ)၊ ခလယ်လွီထူ (ညောင်လေးပင်)၊ တောအူး (တောင်ငူ) တို့၌ အဆုံးဝါးဆုံး ဖြစ်သည်။ ရေဘေးသင့်မှုကြောင့် လူဦးရေ ၃၈၀,၇၇၉ ဦး အပေါ် သက်ရောက်ခဲ့ကာ အိမ်ခြေပေါင်း ၇၃,၀၀၀အထိ ထိခိုက်ခဲ့ပြီး လတ်တလော အရေးကြီးလိုအပ်ချက် လေးခုရှိကြောင်း KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ ထုတ်ပြန်ချက်၌ ပါရှိသည်။
စစ်ရေးပဋိပက္ခများ ပြင်းထန်နေဆဲ ဖြစ်သည့် ကရင်နီပြည်နယ်သည်လည်း ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရကာ အထူးသဖြင့် ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ရှားတောမြို့နယ်များ၌ မြေပြိုမှုများအထိပင် ခံစားခဲ့ရသည်။ ယင်းမတိုင်ခင် စက်တင်ဘာ ၁၂ ရက်ကလည်း ရေဘေးန္တရာယ် ကာကွယ်ရေးနှင့်ပတ်သက်၍လည်း အရေးပေါ်သတိပေးချက်ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးခဲ့သည်။
ဖယ်ခုံတွင် စစ်ရှောင်ပြည်သူ ၂,၆၀၀ကျော် ရှိသည့် စစ်ရှောင်စခန်းသုံးခု၊ လွိုင်ကော်တွင် ကျေးရွာ သုံးခုနှင့် စစ်ရှောင်စခန်းတစ်ခုမှ ပြည်သူ ၅,၀၀၀ခန့်၊ ဒီးမော့ဆိုတွင် စစ်ရှောင်စခန်း ခုနစ်ခု အပါအဝင် ကျေးရွာအချို့မှ ပြည်သူ ၁၀,၀၀၀ဦး၊ ဖရူဆိုတွင် လူဦးရေ ၂၀၀ ခန့်၊ ရှားတော (ခ) ဆိုပိုပရေးဆိုးလေးတွင် စူးဖဲလော၊ နော်ပလု၊ ပွန်ချောင်ကျေးရွာနှင့် စစ်ရှောင်စခန်းတစ်ခုမှ ၁,၃၃၅ ဦး ထိခိုက်ခဲ့သည်ဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
ရေဘေးသင့် စစ်ရှောင်နှင့် ဒေသခံပြည်သူများအတွက် အရေးကြီးသည့် အကူအညီလိုအပ်ချက်သုံးရပ်ကိုလည်း IEC က ထုတ်ပြန်ထားကာ မုန်တိုင်းနောက်ဆက်တွဲ အန္တရာယ်များအတွက်လည်း စက်တင်ဘာ ၁၈ ရက်တွင် ထပ်မံထုတ်ပြန်ပေးထားသည်။
ရာဂီမုန်တိုင်း နောက်ဆက်တွဲနှင့် ရေကြီးရေလျှံမှုကြောင့် နိုင်ငံအတွင်း ရေဘေးသင့်ပြည်သူပေါင်း ၆၃၀,၀၀၀ ကျော် အထိ ရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကောက်ယူထားသည့် အချက်လက်များက ဖော်ပြလျက် ရှိသည်။ ထိခိုက်သူ အများဆုံးမှာ ရခိုင်ပြည်နယ်၌ ဖြစ်ကာ လူဦးရေ နှစ်သိန်းနီးပါးအထိ ထိခိုက်ခဲ့ပြီး ဒုတိယအများဆုံး ထိခိုက်သည့်ဒေသမှာ မွန်ပြည်နယ်ဖြစ်ကာ တစ်သိန်းကျော်အထိ ရှိသည်။ NUG အနေဖြင့် ၎င်းလက်အောက်ရှိ ဝန်ကြီးဌာနများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)7 များသုံး၍ ရေဘေးသင့်ပြည်သူ ကူညီမှုများအား လုပ်ဆောင်လျက်ရှိကာ ကနဦး ပံ့ပိုးကူညီမှုအဖြစ် ကျပ်သိန်းပေါင်း ၃,၁၆၀ အထိ အသုံးပြုထားသည်။
အာဏာသိမ်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက်စစ်အုပ်စုက ရာဂီမုန်တိုင်း ရေကြီးရေလျှံမှုသည် မြို့နယ် ပေါင်း ၁၁၀ အထိ ရှိကာ သေဆုံးသူပေါင်း ၄၃၃ ဦးအထိရှိပြီး ပျောက်ဆုံးသူ ၇၉ ဦးအထိ ရှိသည်ဟု စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
သီးနှံစိုက် ဧက ၈၀၀,၀၀၀နီးပါး ရေကြီးရေလျှံမှုကြောင့် ပျက်စီးကာ လယ်ယာသုံး ကျွဲ၊ နွားတိရစ္ဆာန် ၁၇၆,၀၀၀ကျော် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။ ထိခိုက်ဆုံးရှုံးမှုများသည် မုန်တိုင်း နောက်ဆက်တွဲကြောင့်သာ ဖြစ်ကာ ဆည်ရေလွှတ်ခြင်း၊ မိုးလေဝသ ဆိုင်ရာ သတင်းများ အချိန်နှင့် တပြေးညီမထုတ်ပြန်ခြင်းများကြောင့် မဟုတ်ဟု ငြင်းဆိုထားကာ ပျက်စီးသွားသည့် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ရေးအတွက်၂၀၂၅ ခုနှစ် မတ် ၁၅ ရက်အတွင်း အပြီးပြင်ဆင်မည်ဟုလည်း အကြမ်းဖက်စစ်အုပ်စုက ကြေညာထားသည်။
ရာဂီမုန်တိုင်းနောက်ဆက်တွဲ ရေဘေးနှင့် မြေပြိုပျက်စီးမှုများကြောင့် စစ်ဘေးသင့်များအပြင် ပြည်သူပေါင်း သန်းဂဏန်းနီးပါးအထိ ထိခိုက်ခဲ့ကာ ကုန်စည်စီးဆင်းမှုရပ်တန့်ခြင်းများရှိခဲ့သည်။ ရေဘေးသင့်ပြည်သူများအား အရပ်ဘက်အဖွဲ့အစည်းများက အရေးပေါ်ကူညီပေးခြင်းများရှိခဲ့သော်လည်း ၎င်းအား အအကြမ်းဖက်စစ်အုပ်စုဘက်မှ ဟန့်တား နှောင့်ယှက်မှု၊ ကယ်ဆယ်ရေး ဝန်ထမ်းများအား ဖမ်းဆီးငွေညှစ်မှုများရှိခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စိုးမိုးထားသည့် ဒေသအချို့၌ အရေးပေါ်ကူညီမှုများကိုလည်း အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ဟန့်တားမှုများလည်းရှိခဲ့သည်။
မုန်တိုင်းကြောင့် ပြင်းထန်သည့် ရေကြီးမှု၊ ထိခိုက်ပျက်စီးမှုများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကာ အကူအညီများအား အလိုအပ်ဆုံးဖြစ်သည့် အသိုက်အဝန်းများထံ ပေးပို့ရာ၌ ချောမွေ့မှုရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူကို တောင်းဆိုကြောင်း ရန်ကုန်အခြေစိုက်အမေရိကန် သံရုံးကစက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့ရသည်။
အကြမ်းဖက်စစ်အုပ်စုက လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ နိုင်ငံအနှံ သန်းခေါင်စာရင်း ကောက်ယူမည်ဟု ကြေညာထားသည်။ ၎င်းတို့လုပ်ဆောင်ရန် စိုင်းပြင်းနေသည့် ရွေးကောက်ပွဲအတွက်ဟု ထုတ်ပြန်ထားသည်။ နိုင်ငံအနှံ့ စစ်ရေးပဋိပက္ခအပြင် ရေကြီး၊ မြေပြိုမှုများကြောင့် ပြည်သူများ ထိခိုက်နေချိန်တွင် အရေးပေါ် ကူညီကယ်ဆယ်မှုများအား အကြမ်းဖက်စစ်အုပ်စုက နည်းလမ်းပေါင်းစုံဖြင့် ဟန့်တား၊ နှောင့်ယှက်သည့်အပြင် မည်ကာမတ္တ ပြုလုပ်ထားသည့် ၎င်းတို့၏ ရေဘေးသင့်ပြည်သူများ၊ ကူညီရေးစခန်းမှ ပြည်သူများကိုလည်း ပျက်စီးနေသည့် မူလနေရပ်ပြန်ပို့ရန်အတွက် လုပ်ဆောင်မှုများရှိသည်။
၂၀၀၈ ခုနှစ် နာဂစ်တိုက်ခတ်စဉ် နောက်ပိုင်းကာလကလည်း လက်ရှိ၎င်းတို့ ကျင့်သုံး၊ ကာကွယ်နေသည့် ၂၀၀၈ အခြေခံဥပဒေအတွက် ပြည်သူ့ဆန္ဒ ခံယူပွဲအား ဖြစ်သလို ကျင်းပကာ အတင်းအဓမ္မ အတည်ပြုခဲ့သည်။ ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာက ပေးပို့သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများအား တပ်အတွက် ဖြည့်တင်းခြင်းနှင့် စစ်အစိုးရလိုအပ်ချက်များအတွက်သုံးစွဲပြီးမှ ပိုသည့်အရာများကိုသာ လူထုအား ပေးအပ်ကူညီသည့်ဖြစ်စဉ်သက်သေများ ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် အရင်တုန်းက သဘာဝဘေးနှင့် ကြုံခဲ့တိုင်း နိုင်ငံတကာ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား စစ်အုပ်စုက အမြတ်ထုတ် အလွဲသုံးစားလုပ်လေ့ရှိခြင်းကြောင့် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မပြုလုပ်ကြရန်အတွက် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက စက်တင်ဘာ ၁၉ ရက်တွင် နိုင်ငံတကာသံတမန်များကို တောင်းဆိုခဲ့ပါသည်။
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက "စစ်ရှုံးနေတဲ့စစ်အုပ်စုဟာ ဒီလို သဘာဝဘေးအန္တရာယ်ကို သူတို့ အကျိုးစီးပွားများအတွက် မဖြစ်မနေ အသုံးချပါလိမ့်မယ်" ဟု စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားထားသည်။ထို့ပြင် ရာဂီမုန်တိုင်းဘေးအကြောင်းပြုကာ နိုင်ငံတကာတရားဝင်မှုရရှိရေးကို မဖြစ်မနေကြိုးပမ်းလာနိုင်သည့်အပြင်ရေဘေးကြောင့် ဒုက္ခခံစားနေရသောပြည်သူများ စိတ်ပျကအားလျော့ကာ တော်လှန်ရေး၌ မပါဝင်ချင်အောင်ဆောင်ရွက်နိုင်ကြောင်းလည်း သတိပေးထားသည်။
အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပပေးရန် အကြောင်းပြချက်ဖြင့် သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုမှာ မြို့ပြတော်လှန်ရေးအင်အားစုများ အပါအဝင် ပြည်သူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ရယူရန် ကြိုးပမ်းမှုသာ ဖြစ်ကာ နည်းလမ်းမျိုးစုံသုံး ဆန့်ကျင်ကြရန် ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များက စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
သန်းခေါင်စာရင်းသည် ရွေးကောက်ပွဲအတွက် ဟန်ပြပြင်ဆင်မှုသာ ဖြစ်ကာ မြို့နယ်၊ ရပ်ကွက်များအလိုက် စစ်မှုထမ်းနိုင်သည့် လူငယ်များ၏အရေအတွက်များ၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသည့် ကျောင်းသားလူငယ်များနှင့် ပြည်သူ့ဝန်ထမ်းများ၏ အခြေအနေများ၊ မြို့ပြနေ သပိတ်ရဲဘော်များနှင့် တော်လှန်ရေး အင်အားစုများ၏ အချက်အလက်များကို ရှာဖွေဖော်ထုတ်ရန် ကြံစည်မှုဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
သပိတ်အင်အားစုများ၏ ထုတ်ပြန်ချက်၌ သန်းခေါင်စာရင်းကောက်ယူမှုအား ဆန့်ကျင်နိုင်သည့် နည်းလမ်းများကို ဖော်ပြထားကာ စစ်အုပ်စု ဖိအားပေးမှုကြောင့် သန်းခေါင်စာရင်းကောက်ယူမှုတွင် ဝင်ရောက်လုပ်ကိုင်ကြရသည့် Non-CDM ဝန်ထမ်းများအနေဖြင့် ကောက်ယူမှုလုပ်ငန်းများ နှောင့်နှေးစေရန်နှင့် အချက်အလက်များ မှားယွင်းစေရန် နည်းလမ်းမျိုးစုံ ပြုလုပ်ကာ ပြည်သူလူထုဘက်၌ ရပ်တည်နိုင်သည်ဟုလည်း တိုက်တွန်းထားသည်။
ဇူလိုင် ၃ -ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှို့မြို့အား မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်မတော်)(Myanmar National Democratic AllianceArmy - MNDAA) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်တွင် စတင် ဝင်ရောက်တိုက်ခိုက်သည်။
ဇူလိုင် ၅ – လားရှိုးမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ အကြမ်းဖက်စစ်အုပ်စု၏ခြေလျင်တပ်ရင်း (ခလရ) ၂၉၁ အား တိုက်ခိုက်သိမ်းပိုက်သည်.
ဇူလိုင် ၇ – လားရှိုးမြို့ပေါ် ရပ်ကွက် (၅) နှင့် နီးကပ်သည့် ခြေမြန်တပ်ရင်း(ခမရ) ၅၀၇ အား တိုက်ခိုက်သိမ်းပိုက်သည်။ ယင်းနေ့ ညပိုင်းမှစတင်ကာ ဇူလိုင် ၈ ကရက် နံနက်ပိုင်းအထိ ရပ်ကွက် (၅) အား အကြမ်းဖက် စစ်အုပ်စုက လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဇူလိုင် ၁၈ – တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်စိုးလှိုင်အား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်သည်။
ဇူလိုင် ၂၁ – လားရှိုး၌ တိုက်ပွဲဝင်နေသည့် အကြမ်းဖက်စစ်အုပ်စုဘက်မှ ဒုတိယ ဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်မှူး နှစ်ဦး၊ ဗိုလ်ကြီးငါးဦး အပါအဝင် စစ်သည် ၃၁၇ ဦး ကိုးကန့်တပ်ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ လက်နက်ချ အလင်းဝင်ပြီးနောက် မဟာမိတ်တပ်ဖွဲ့များ၏တိုက်ခိုက်မှု၌ ပူးပေါင်းပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုသည်။
ဇူလိုင် ၂၃ – လားရှိုးအထိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် အနီးရှိ ထောက်ပံ့ရေး(ထပရ) ၆၂၆၊ ကုတင် (၁၀၀) ဆေးတပ်ရင်းနေရာများအား တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ဇူလိုင်၂၄ – ကိုးကန့်တပ်နှင့်အတူ ၁၀:၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၌ လက်တွဲတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDF –PDF) က မန္တလေးတိုင်းနှင့် ရှမ်းပြည်အစပ် ပတ္တမြားနယ်မြေ မိုးကုတ်အား သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် လားရှိုးအထိုင် ရမခ တိုင်းစစ်ဌာနချုပ်အား ဝန်းရံထားသည့် ခြေလျင်တပ်ရင်း (ခမရ) ၄၁ နှင့် ၆၈၊ ခြေမြန်တပ်ရင်း(ခမရ) ၅၀၇ နှင့် ၅၂၂ တို့ အနက် ခလရ ၄၁ နှင့် ခမရ ၅၀၇ အား MNDAA ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်သည်။ ယင်းညပိုင်းတွင် ရမခ တိုင်းဌာနချုပ် အပါအဝင် လားရှိုးလေယာဉ်ကွင်းအနီးရှိ ခလရ ၆၈ နှင့် ခမရ ၅၂၂ တို့ကိုပါ ပိတ်ဆို့၍ ထိုးစစ်ဆင် တိုက်ခိုက်သည်။
ဇူလိုင်၂၅ – လားရှိုးအထိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကိုးကန့်တပ်(MNADD) က ထုတ်ပြန်လာသည်။ ယင်းရက်တွင်ပင် လားရှိုးမြို့တွင်း ၄ ၊ ၅ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ရပ်ကွက်တို့တွင်တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်အုပ်စုဘက်မှ လေကြောင်းသုံး တိုက်ခိုက်မှုများရှိသည်။ ယင်းနေ့တွင်ပင် MNDAA စစ်ရေးကော်မတီက လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရာများကို ဆက်ခံလိုက်ပြီ ဖြစ်ကြောင်းနှင့် လားရှိုးမြို့ လုံးဝလွတ်မြောက်သွားပြီ ဖြစ်ကြောင်း၊ မြို့အုပ်ချုပ်ရေးယန္တရားအား ပြည်ထောင်စု မြန်မာနိုင်ငံအထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီ၊ မြို့လုံခြုံရေးအား အထူးဒေသ (၁) ရဲတပ်ဖွဲ့နှင့် မြို့ကာကွယ်ရေးအား MNDAA က ဆက်ခံလိုက်ကြောင်း ပါရှိသည်။ ယင်းနေ့တွင်ပင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်အတူ ရှမ်းမြောက်ဒေသ စစ်ဆင်ရေးများတွင် ပါဝင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း (NorthernShan State Alliance Army – NSSAA) က ထုတ်ပြန်သည်။
ဇူလိုင် ၂၆ – ယင်းနေ့ ညနေပိုင်းတွင် MNDAA အမြောက်တပ်ရင်းများ ပူးပါင်း၍ လားရှိုးမြို့ ဟိုပိတ်တိုးဂိတ်ရှိ လက်ကျန် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ကာ သိမ်းပိုက်သည်။
ဇူလိုင် ၂၇ – အကြမ်းဖက်စစ်အုပ်စု တပ်စွဲထားသည့် လားရှိုးမြို့ ဆင်တောင်ထိပ် အသံလွှင့်ကုန်းမြင့်စခန်းအား MNDAA က ယင်းနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်သည်။ နေ့လယ်ပိုင်းတွင် AD တိုးဂိတ်စခန်းနှင့် လားရှိုးမြို့ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (၉၁၂) အား ဆက်လက် သိမ်းပိုက်သည်။ ယင်းရက်တွင်ပင် လားရှိုးမြို့၌ အထူးအုပ်ချုပ်ရေး ဒေသ (၁) အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း MNDAA က ထုတ်ပြန်သည်။
ဇူလိုင် ၂၈ – လားရှိုး ဘူတာရုံအား သိမ်းပိုက်သည်။ ယင်းရက်တွင်ပင် လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် “နိုင်ငံတော်မှ ခွဲထွက်ခြင်း” ဟူသော တရုတ်ဘာသာဖြင့် ရေးသားထားသည့် သတင်းအတုများနှင့် ပတ်သက်၍ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ကာယင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားဖိအားပေးရန်၊ အိမ်နီးချင်းနိုင်ငံများကအထင်အမြင်လွဲစေရန်၊မင်းအောင်လှိုင် ခေါင်းဆောင်သောအာဏာသိမ်း လက်က်ကိုင်အဖွဲ့အားအသက်ရှူ အနားယူခွင့်ရရှိစေရန်ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းပါရှိသည်။
ဇူလိုင် ၂၉ – လားရှိုးမြို့ ပြည်သူ့လုံခြုံရေးအတွက် အထူးအုပ်ချုပ်ရေးဒေသ (၁) ရဲစခန်းမှ လုံခြုံရေးအဖွဲ့ဝင်များ စတင် တာဝန်ထမ်းဆောင်နေကြောင်း MNDAA ထုတ်ပြန်သည်။
ဇူလိုင် ၃၀ – တန့်ယန်းဘက်မှ ချီတက်အားဖြည့်လာသည့် အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းအား နမ့်ပေါင်ရွာအနီး မရောက်ခင် MNDAA နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BamarPeople's Liberation Army – BPLA) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ဆယ်နှင့်ချီ သေဆုံးခဲ့သည်။ ယင်းနေ့တွင် လားရှိုးလေဆိပ်နှင့် ခြံဝင်းသာ ခြားသည့် တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာအတွင်းထဲအထိ ထိုးဖောက် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းရက်တွင်ပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ထမ်းများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာထုတ်ပြန်ချက်အားMNDAAစစ်ရေးကော်မတီကထုတ်ပြန်သည်။
ဇူလိုင် ၃၁ – တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်ကြားဝင်ပေးမှုဖြင့် ရှမ်းမြောက်စစ်ဆင်ရေးနှင့် ပတ်သက်သော ဟိုင်ဂင်အစည်းအဝေးအား ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA ၊ အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော်လည်း အကြမ်းဖက်စစ်အုပ်စုဘက်မှ တက်ရောက်ခြင်း မရှိပေ။ ယင်းနေ့တွင် အကြမ်းဖက်စစ်အုပ်စုက အရေးပေါ်ကာလသက်တမ်းအား သြဂုတ် ၁ ရက်မှစ၍ နောက်ထပ် ခြောက်လ ထပ်တိုးကြောင်း ကြေညာသည်။
သြဂုတ် ၁ – လားရှိုးအခြေစိုက် အကြမ်းဖက်စစ်အုပ်စု အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အား MNDAA နှင့်မဟာမိတ်များက အပြင်းအထန် ထိုးစစ်ဆင်သည်။ ရမခ ဧရိယာအတွင်းရှိ ကုတင် ၁၀၀ ဆံ့ စစ်ဆေးရုံ၌ စွန့်ပစ်ထားခံရသည့် ဒဏ်ရာရ အကြမ်းဖက် စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ဆေးဝန်ထမ်း စုစုပေါင်း ရာနှင့်ချီ MNDAA ထံ လက်နက်ချခဲ့သည်။ စစ်ဆေးရုံအား MNDAA ဘက်မှ ဝင်ရောက် စီးနင်းနိုင်သော်လည်းလက်ကျန် စစ်အုပ်စု တပ်ဖွဲ့ဝင်များနှင့် ဆက်လက်တိုက်ပွဲ ဖြစ်ပွားသည်။ ယင်းညပိုင်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံအထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီ ရုံးစိုက်ရာ လောက်ကိုင်မြို့အား ည ၁၁ နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အထူးဒေသ (၁) အမှတ် (၂) ပြည်သူ့ဆေးရုံနှင့် အရပ်သားနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားသည့်အတွက် ဆေးရုံလုံခြုံရေးဝန်ထမ်းတစ်ဦး ပွဲချင်းပြီး သေဆုံးကာဆေးရုံတက်လူနာ နှစ်ဦး အပြင်းအထန် ဒဏ်ရာရပြီး အသေးစားဒဏ်ရာရသူ အမြောက်အမြား ရှိခဲ့သည်။
သြဂုတ် ၂ – နံနက် ၁ နာရီခွဲခန့်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းမြို့၊ ထိုင်ဖျင်တိုက်နယ်၊ ရှီးယွမ်ကျည်ရွာအား အကြမ်းဖက်စစ်အုပ်စုက ဗုံးသီး ၁၇ လုံး အထိ လာရောက်ကြဲ ချတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် အမြောက်အမြား ပျက်စီးခဲ့ကာ မိမိတို့ အဖွဲ့အစည်းအနေဖြင့် လူနေအိမ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများအား ပစ်မှတ်ထားသည့် စစ်ဆင်ရေးကို လုံးဝဖော်ဆောင်မည် မဟုတ်ကြောင်း၊ လားရှိုးမြို့အတွင်းရှိ လူနေအိမ်များ၊ ဆေးရုံများ၊ ဘုရားကျောင်းများ၊ စာသင်ကျောင်းများကို စစ်ကောင်စီက တိုက်ခိုက်ဖျက်ဆီးနေခြင်းဖြစ်ကာ ယခုကဲ့သို့ ပစ်မှတ်ထားတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးကိုပြင်းပြင်းထန်ထန် ချိုးဖောက်နေခြင်းဖြစ်သည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ပြင်းထန်စွာ အရေးယူပေးစေလိုကြောင်း အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်သည်။
သြဂုတ် ၃ – သြဂုတ် ၃ ရက် နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား အပြည့်အဝ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA က ထုတ်ပြန်သည်။ ယင်းနေ့တွင်ပင် MNDAA သည်တပ်မတော် စစ်ဆေးရုံအား တိုက်ခိုက်ခြင်း၊ လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ၊ Drone များဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်မှုများ ရှိကာ စစ်ရာဇဝတ်မှု မြောက်ကြောင်းနှင့် လက်ခံနိုင်ဖွယ်မရှိကြောင်း အကြမ်းဖက်စစ်အုပ်စု လက်အောက်တွင် လည်ပတ်နေသည့် ပြည်တွင်းအခြေစိုက် ဘာသာရေး၊ သတင်းမီဒီယာနှင့် စာရေးဆရာ၊ အားကစား၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဟာသပညာရှင်များ အစည်းအရုံးနှင့်အရပ်ဘက် အဖွဲ့အစည်းအချို့က ကန့်ကွက်ရှုတ်ချကြောင်း ဝိုင်းဝန်းထုတ်ပြန် ကြသည်။
သြဂုတ် ၄ – အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အား ကိုးကန့်တပ်မတော် (MNDAA) နှင့်မဟာမိတ် ပူးပေါင်း အဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည့်အပေါ် ဝမ်းသာဂုဏ်ယူကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပူးတွဲထုတ်ပြန်သည်။ ကရင်နီပြည် တပ်ပေါင်းစုံ စစ်ဦးစီးကော်မတီ ကလည်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့သည်။ ယင်းညပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရမခ ဌာနချုပ်နှင့် သြဂုတ်၃ ရက် ညပိုင်းမှ စ၍ အဆက်အသွယ် ပြတ်တောက်ကာ အရာရှိအချို့ ဖမ်းဆီးခံထားရကြောင်းသတင်းမီဒီယာများမှ တဆင့်ထုတ်ပြန်သည်။
သြဂုတ် ၅/၇ – ချင်းညီနောင် (ChinBrotherhood) ၊ ပအိုဝ်းအမျိုးသာဖက်ဒရယ်ကောင်စီ (PNFC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)(NMSP-AD) တို့ကလည်း ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့သည်။
သြဂုတ် ၈ – ခြောက်ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်ခဲ့သော်လည်း အကြမ်းဖက်စစ်အုပ်စုဘက်မှ မတက်သည့်အတွက် ပွဲပျက်ခဲ့သည်။ ယင်းရက်တွင်ပင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနေပြည်တော်သို့ လာရောက်ကာအကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုအတွင်းနယ်စပ်ဒေသတည်ငြိမ်ရေး၊အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့်တရားမဝင်လုပ်ငန်းများနှိမ်နင်းရေးအပြင် ရွေးကောက်ပွဲအတွက်ကြိုတင်ဆောင်ရွက်မှုဆွေးနွေးခဲ့သည်ဟုစစ်အုပ်စုက သတင်းထုတ်ပြန်သည်။
သြဂုတ် ၁၂ – ၁၀:၂၇ စစ်ဆင်ရေးများနှင့်အတူ ရရှိခဲ့သည့် အောင်မြင်မှု၊ မြို့သိမ်းတိုက်ပွဲများအတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၊ စစ်ဆင်ရေးနှင့်အတူ အဖွဲ့အစည်းအား ထောက်ခံအားပေးသည့် အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးအား လေးနက်စွာ ကျေးဇူးတင်ကြောင်း၊ စစ်ဆင်ရေး ရည်မှန်းချက် လက်ကျန်နှင့် ပြည်သူများ လိုလားသည့်နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေး၊ တစ်သားတည်း အတူရှိနေကြောင်း ညီနောင်သုံးဖွဲ့က ကျေးဇူးတင်လွှာ ထုတ်ပြန်သည်။
ကရင်နီပြည်နယ်အတွင်း လူမှုဘဝ လုံခြုံကာ မျှတစွာ ရှင်သန်ရပ်တည်ခွင့်ရှိစေရေးအတွက် မူးယစ်ဆေး၊ တော်လှန်ရေးနှင့် လူမှုကျင့်ဝတ် မညီသောလုပ်ငန်းများ၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု၊ မြေပြင်နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း စသည့် ကဏ္ဍလေးခုအား ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) နှင့် ပူးပေါင်းကာ တရားဥပဒေစိုးမိုးရေးစီမံချက် ချမှတ်၍ တားမြစ်သွားမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကြေညာချက်အမှတ် (၃/၂၀၂၄) ဖြင့် စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
စီမံချက်သတိပေးကာလအား စက်တင်ဘာ ၄ ရက်မှ ၂၄ ရက်အထိ သတ်မှတ်ကာ စက်တင်ဘာ ၂၅ ရက်မှစ၍ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အလုပ်အဖွဲ့(Task Force) နှင့် အထူးတပ်ဖွဲ့ (Special Force) တို့ကိုဖွဲ့စည်းကာ ၎င်းတို့အား ညွှန်ကြားချက်များနှင့် လုပ်ပိုင်ခွင့်များပေး၍ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
တရားဥပဒေစိုးမိုးရေးစီမံချက်အရ တားမြစ်မည့် ကဏ္ဍလေးခုတွင် ကဏ္ဍတစ်ခုချင်းစီအလိုက် အဓိပ္ပာယ် ဖွင့်ဆိုတားမြစ်ထားသည့်လုပ်ငန်းများကိုပါ တပါတည်းဖော်ပြထားကာ တရားမဝင် လက်နက်ကိုင်ဆောင်၊ရောင်းဝယ်မှုနှင့် ပတ်သက်၍ ရပ်ရွာလူထု ကိုင်ဆောင်ထားသည့် လက်နက်မျိုးစုံအတွက်လည်း စာရင်းကောက်ယူခြင်း၊ မှတ်ပုံတင်ခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ကိုင်ဆောင်စေခြင်းတို့ လုပ်ဆောင်သွားမည်ဟုလည်း IEC က ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ထုန်းမောင်းဒေသ၊ နမ့်ခမ်းမြို့တွင် အကြမ်းဖက်စစ်အုပ်စုဘက်က အရပ်သားများအား ပစ်မှတ်ထား၍ လူနေရပ်ကွက်အတွင်း ဖျက်အားပြင်းဗုံးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်မှုကြောင့်ကလေးသူငယ် ကိုးဦးထက်မနည်း သေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ဆန့်ကျင် ရှုတ်ချကန့်ကွက်ကြောင်း ရန်ကုန်သျှမ်းလူငယ်များအသင်း (Tai Youth Yangon) က စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
စက်တင်ဘာ ၆ရက် နံနက်အစောပိုင်း အများအိပ်စက်ချိန် ၁ နာရီခွဲဝန်းကျင်ခန့်တွင် အကြမ်းဖက်စစ်အုပ်စုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်အုပ်စုအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အရပ်သား လူနေရပ်ကွက်များအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသားဒိုင်းပြုလုပ်ကာ တိုက်ပွဲဖော်ဆောင်နေမှုများရပ်တန့်ပေးရန် အပါအဝင် အချက်လေးချက်ကိုလည်း TYY က တောင်းဆိုထားသည်။
နမ့်ခမ်းတိုက်ခိုက်မှုအတွင်း ကိုယ်ဝန်ဆောင်၊ ကလေးငယ်အပါအဝင် ၁၁ ဦးအထိ သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိထားသည်ဟု BBC Burmese သတင်းဌာနက ထုတ်ဖော်ရေးသားထားသည်။
အာရက္ခတပ်တော် (AA) က စစ်သုံ့ပန်းများအား ထိန်းသိမ်းထားသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာနှင့် မောင်တောမြို့နယ်၊ လေးမိုင်(နခခ– ၂) စခန်းတို့အား အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းနှင့် အရပ်သားအကျဉ်းသား ၆၇ ဦးကျော် သေဆုံးခဲ့သည်။
ဂျက်တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ခံရသည့် ပေါက်တောဖြစ်စဉ်၌ ၁၇ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာ ၉ ရက် ည ၉ နာရီခွဲခန့်တွင် ဂျက်တိုက်လေယာဉ်နှစ်စင်းဖြင့် တိုက်ခိုက်ခံရသည့် မောင်တော၊ လေးမိုင်စခန်း တိုက်ခိုက်ခံရမှု၌ ၅၀ ဦးကျော် ပွဲချင်းပြီးသေဆုံးကာ အသက်အန္တရာယ် စိုးရိမ်ရသည့်အထိ ဒဏ်ရာရရှိသူများလည်း ရှိကြောင်းAA က ရုပ်သံဖိုင်နှင့်တကွ ထုတ်ပြန်ထားသည်။
လေးမိုင်စခန်းတိုက်ခိုက်ခံရမှု သေဆုံးသူများ၌ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံပန်းများ၊ ARSA နှင့် RSO အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများမှဖမ်းဆီးထားသူများ၊ ULA/AA အဖွဲအစည်းနှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) နှင့် ဆက်စပ်နေသောသူများ၊ သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့ ပါဝင်သည်။
မြန်မာပြည်သူများ ဆန္ဒကို လေးစားသည့် အရပ်ဘက် အုပ်ချုပ်ရေးစနစ် အသွင်ကူးပြောင်းရေးကို အားပေးကာ ဒီမိုကရေစီလိုလားသူများအကြား စည်းလုံးညီညွတ်မှု တည်ဆောက်ရန် လိုလားကြောင်း မြန်မာ့နိုင်ငံရေး အင်အားစုနှင့် တိုင်းရင်းသားအင်အားစု ခေါင်းဆောင်များအား တွေ့ဆုံစဉ် အမေရိကန်အစိုးရဘက်က တိုက်တွန်းလိုက်သည်။
အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ Tom Sullivan ၊ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) လက်ထောက်အုပ်ချုပ်ရေးမှူး Michael Schiffef နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ သြဂုတ် ၁၆ ရက်က အွန်လိုင်းအခြေပြု တွေ့ဆုံစဉ် ထိုသို့ တိုက်တွန်းခဲ့ခြင်းကြောင်း သြဂုတ် ၁၉ ရက်တွင် အမေရိကန်အစိုးရဘက်က ထုတ်ပြန်သည်။
ဆွေးနွေးမှုအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ပေးအပ်ရန်နှင့် ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက် အကူအညီများအား ဆက်လက်တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာပြည်တွင်း ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကျူးလွန်သူများအား တာဝန်ခံမှု ဆက်လက်မြှင့်တင်သွားစေမည် ဖြစ်ကြောင်းနှင့် မြန်မာ့အရေးအတွက် အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ကတိပြု ပြောကြားခဲ့ကြောင်း အမေရိကန်အစိုးရဘက်က ထုတ်ပြန်ထားသည်။
နိုင်ငံအတွင်း ဖြစ်တည်နေသည့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် သုံးသပ်မှုနှင့်အတူ ဒုတိယမြောက် ပြည်သူ့ညီလာခံက ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက် (၃) ရပ်၊ အကြံပြု တိုက်တွန်းချက် (၂၁) ရပ်နှင့် ပတ်သက်သည့် နောက်ဆက်တွဲဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
အချက် (၁၃) ချက်ပါရှိသည့် ကောင်စီထုတ်ပြန်ချက်၌ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှု အခြေအနေ၊ တိုးမြှင့်ရမည့် နိုင်ငံတကာ ပိတ်ဆို့မှုအခြေအနေ၊ စစ်ရေးအရ အောင်မြင်မှုများအား ဂုဏ်ပြုကြောင်းနှင့် အရပ်သားကာကွယ်ရေးကိစ္စများ၌ ပူးပေါင်းပါဝင်မည့် ကိစ္စများအပြင် ညီလာခံက ချမှတ်ထားသည့် ဆုံးဖြတ်ချက်၊ တိုက်တွန်းချက်များအတွက် ဆောင်ရွက်နေမှု အခြေအနေများကို သီးခြားစီ ဖော်ပြထားသည်။
ရန်ကုန်မြို့အတွင်း နေထိုင်နေသည့် တော်လှန်သော ပြည်သူများအနေဖြင့် မြို့သို့ ရောက်ရှိလာမည့် စစ်ဘေးရှောင်ပြည်သူများနှင့် ပတ်သက်၍ "ပြည်သူချင်းဖေးမကူကြ" ရန် အတွက် အချက်ငါးချက်ပါ "ရန်ကုန်မြို့နေပြည်သူတရပ်လုံးသို့ တိုက်တွန်းနှိုးဆော်ချက်" အား ရန်ကုန်အခြေပြု တော်လှန်ရေးအင်အားစုများက သြဂုတ် ၁၃ရက်တွင် ထုတ်ပြန်ထားသည်။
အနယ်နယ် အရပ်ရပ်မှ စစ်ဖြစ်ပွားရာဒေသမှ ရောက်ရှိလာနိုင်မည့် စစ်ဘေးရှောင် ပြည်သူများနှင့်ပတ်သက်၍ နွေးထွေးပျူငှာစွာ ကြိုဆိုဆက်ဆံပေးရန်၊ အိမ်ငှားခများ/အဆောင်ငှားရမ်းခများကို စျေးနှုန်းလျှော့၍ ငှားရမ်းပေးရန်၊ မိမိ၏ ကာယအား/ဉာဏအား/ဓနအင်အားများအလိုက် နေထိုင်စားသောက်ဖို့အတွက် ကူညီစီစဉ်ပေးရန်၊ စစ်ဘေးရှောင် ပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမည့် အပြုအမူ/အပြောအဆိုများ၊ ပြောဆိုရေးသားချက်များကို ရှောင်ရှားရန်နှင့် ပြုလုပ်သူများကို ဝိုင်းဝန်းကန့်ကွက်ရှုတ်ချရန်၊ စစ်ကောင်စီတပ်များ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စစ်ရှောင်များအပေါ် ကျူးလွန်ဖိနှိပ်မှုများကို ဖော်ထုတ်အသိပေးခြင်းများ ပြုလုပ်ပေးကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။
၁၀:၂၇ စစ်ဆင်ရေး အပိုင်း (၁) နှင့် (၂) အတွင်း ထိန်းချုပ်ထားနိုင်သည့် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါ စသည့် မြို့နယ် (၁၂) ခုတွင်ဗဟို၊ ခရိုင် နှင့် မြို့နယ်တရားသူကြီးများ၊ ဥပဒေရှေ့နေများအား လုပ်ငန်းတာဝန်များ လွှဲပြောင်း၊ ခန့်အပ်ကာ တရားရေးယန္တရား စတင်လည်ပတ်နေပြီဖြစ်ကြောင်း ပလောင်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်သည်။
တရားစီရင်ရေးစနစ် အားကောင်းရေး၊ ဥပဒေ စိုးမိုးရေးနှင့် တရားမျှတရေးအတွက် ဗဟိုတရားသူကြီး (၃)ဦး၊ ခရိုင်တရားသူကြီး (၄)ဦး၊ မြို့နယ်တရားသူကြီး (၈)ဦး၊ ဥပဒေရှေ့နေ (၇) ဦးတို့အား PSLF/TNLA ဗဟိုအလုပ်အမှုဆောင် ကော်မတီက အမိန့်စာထုတ် ခန့်အပ်ခြင်း ဖြစ်ကာ ခန့်အပ်ပွဲသို့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူဂျာ၊ ဒုဌာနမှူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော် အပါအဝင် တအာင်းပြည် တရားရေးဌာန တာဝန်ရှိသူများပါ တက်ရောက်ခဲ့သည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် (၈)ရပ်ကွက်၊ ကညင်တန်းရွာတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်အချို့က လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားသည့် ဒေသခံပြည်သူ ၅၀၀ ခန့်အား သြဂုတ် ၈ ရက် ညနေပိုင်းက လုံခြုံရာနေရာသို့ ကယ်ထုတ်ခဲ့သည့် ရုပ်သံမှတ်တမ်းဖိုင်အား အာရက္ခတပ်တော် (ULA/AA) ထုတ်ပြန်လိုက်သည်။
သြဂုတ် ၈ ရက်နေ့လယ်ပိုင်းကလည်း မောင်တောမြို့နယ်၊ ဗိုလ်မှူး (မူဆလင်) ရွာ မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးပိတ်လှောင်ခံထားရသူ မူဆလင် သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် ၃၀၀ ခန့်အားလည်းကောင်း၊ သြဂုတ် ၇ ရက်ကလည်း မောင်တောမြို့နယ်၊ လသာရွာ ၌ လူသားဒိုင်းလုပ်ခံထားရသူ ပြည်သူအများအပြားကိုလည်း ကယ်ထုတ်ခဲ့ရကြောင်းULA/AA က ရုပ်သံဖိုင်များနှင့်တကွ ဆက်တိုက် ထုတ်ပြန်နေခြင်းဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက စစ်ရေးနှင့် တိုက်ပွဲဇုန် မဟုတ်သည့် ဒေသများတွင် လေယာဉ်သုံး ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားများအား ပစ်မှတ်ထားသည့် ကြီးလေးသော ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိရာ အိမ်နီးချင်း တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးက ဝိုင်းဝန်းတားဆီး ဟန်တားပေးရန် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က သြဂုတ် ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်ရှုံးနေသည့် အကြမ်းဖက်စစ်အုပ်စုက မြောက်ပိုင်းသုံးဖွဲ့ ထိန်းချုပ်ထားသည့် လောက်ကိုင်၊ သိန်းနီ (သိန္နီ)၊ ကွက်ခိုင်၊ နမ့်ဆန်နှင့် မြောက်ဦးမြို့နယ်များတွင် ပေါင် (၅၀၀) ဗုံးများ၊ ဖျက်အားပြင်းဗုံး အမျိုးမျိုးသုံး၍ လေကြောင်းမှ ကြဲချတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်မှုများအပြင် စျေး၊ကျောင်း၊ ဆေးရုံနှင့် နေအိမ်များစွာ ပျက်စီးနေကြောင်း ထုတ်ပြန်ချက်၌ ပါရှိကာ ထိန်းချုပ်ပြီး နယ်မြေများအတွင်းရှိတိုင်းရင်းသား မိဘပြည်သူများအနေဖြင့်လည်း လေကြောင်းတိုက်ခိုက်မှုမှ ကင်းဝေးစေရန် လမ်းညွှန်ချက်များအတိုင်း သွားလာနေထိုင်၊ ပူးပေါင်းပေးရန် အထူးမေတ္တာရပ်ခံထားသည်။
ကွတ်ခိုင်မြို့တွင် သြဂုတ် ၅ ရက်က အကြမ်းဖက် စစ်အုပ်စုဘက်မှ ပေါင် (၅၀၀)ဗုံး (၇) လုံး သုံး၍ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား ခြောက်ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရသည့်အပြင် နေအိမ် ၁၀ လုံးထက်မနည်း၊ ဆိုင်ခန်းပေါင်း ၄၀၁ ခန်း မီးလောင်ပျက်စီးခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယ သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်အား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့်ပတ်သက်၍ တိုင်ကြားခံရပြီးနောက် သြဂုတ် ၁ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီးဌာနက သြဂုတ် ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဆလိုင်းအိုက်ဇက်ခင်သည် လက်အောက်ဝန်ထမ်း အတွင်းရေးမှူး အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု၊ လုပ်ပိုင်ခွင့်အာဏာအား မလျော်သြဇာသုံး၍ ကျူးလွန်ခံရသူအား အလုပ်မှ ထုတ်ပယ်ခြင်းတို့ကြောင့် တိုင်ကြားခံရပြီးနောက် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ ဗဟိုကော်မတီ၏ သုံးသပ်ဆုံးဖြတ်ချက်များနှင့်အညီ ရာထူးမှ ထုတ်ပယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျွန်းဒတ်ကျေးရွာနေ ဦးဆန်းလွင်အား မူးယစ်ဆေး သံသယမှုဖြင့် မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးပြီးနောက် ညနေပိုင်းတွင် မိသားစုအား အလောင်းလာရောက်ထုတ်ယူခိုင်းမှုနှင့် ပတ်သက်၍ အသက်သေဆုံးသည်အထိ ရိုက်နှက်မှုနှင့် မိသားစုဝင်များအား အမှုကျေအေးရန် ကြိုးစားနေမှုများအား ပြင်းထန်စွာ ကန့်ကွက်ရှုံချကြောင်း ဒေသအခြေပြု အရပ်ဘက် အဖွဲ့အစည်းနှင့် တော်လှန်ရေးအင်အားစုများက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဖွဲ့ငါးခု စုပေါင်းထားသည့် GlobalYaw Funding (GYF) ၊ နှလုံးလှ လူမှုကူညီရေးအသင်း (ဂန့်ဂေါမြို့)၊ ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPDF) နှင့် CDF KKG တို့က စုပေါင်းထုတ်ပြန်ခြင်းဖြစ်ကာသေဆုံးသူခန္ဓာကိုယ်တွင် များစွာသည့် ဒဏ်ရာဒဏ်ချက်များ တွေ့ရှိခဲ့ရကာ ဇူလိုင် ၁၈ ရက်တွင် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူများက သေဆုံးသူ၏ အမျိုးသမီးအား သေဆုံးမှုအတွက် ဆက်လက် အမှုမဖွင့်တော့ကြောင်းနှင့် ကျေအေးကြောင်း လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
စစ်ကြောရေး၌ ဦးဆန်လွင် သေဆုံးမှုနှင့် ပတ်သက်၍ တာဝန်ရှိသည့် ပလဖ တာဝန်ခံနှင့် ပါဝင်ပတ်သက်သူများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမြန်ဆုံး ထိရောက်စွာ ဖော်ထုတ်အရေးယူပေးရန်လည်း တောင်းဆိုထားသည်။
အကြမ်းဖက်စစ်အုပ်စု၏မိုးဗြဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၄၂၂) တပ်က ဇူလိုင် ၂၅ ရက် နံနက်အစောပိုင်းတွင် မိုးဗြဲရေကာတာ ရေတံခါးအား အဆင်ခြင်မဲ့ ဖွင့်ချလိုက်ခြင်းသည် ဒေသခံတောင်သူများနှင့် ပြည်သူများ အတိဒုက္ခရောက်စေရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး ရေကြီးမှုအန္တရာယ်အား သတိပြုကြရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အရေးပေါ်ကြေညာချက် ၁/၂၀၂၄ ဖြင့် ထုတ်ပြန်လိုက်သည်။
ရေကာတာတံခါးဖွင့်မှုကြောင့် မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာနှင့် ဘုရားဖြူကျေးရွာတို့၌ လက်ရှိတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း၊ လွိုင်ကော်အနီးတဝိုက် လူနေရပ်ကွက်နှင့် ကျေးရွာများ၊ ဘီလူးချောင်း ဘေးဝဲယာတစ်လျှောက် အနိမ့်ပိုင်းများ၌ ရေကြီးမှုများကြုံနိုင်ကာ စပါးခင်းဧက ၁,၀၀၀ ခန့်လည်း ပျက်စီးဆုံးရှုံးနိုင်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ယင်းဒေသများရှိ ဒေသခံများအနေဖြင့် လိုအပ်ပါက ဘေးလွတ်ရာ အမြန်ဆုံး ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ကြရန်နှင့် အရေးပေါ် အကူအညီများအတွက် IEC ပြည်ထဲရေးဌာန (အရေးပေါ် ကူညီကယ်ဆယ်ရေးဌာနခွဲနှင့် လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန) များသို့ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားသည်။
မိုးဗြဲရေကာတာသည် ကရင်နီပြည်အတွင်းရှိ ဘီလူးချောင်း ဓာတ်အားပေးစက်ရုံအတွက် အဓိကကျသည့် ရေလှောင်ကန်ဖြစ်ကာ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်နယ်စပ်အနီး မိုးဗြဲတွင်တည်ရှိသည်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ အသက် ၁၆ နှစ်အရွယ် ရဲဘော်မြင့်မြတ်ဦး ဇူလိုင် ၈ ရက်က သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တရားမျှတမှု ပြန်လည်ရှာဖွေရန်နှင့် ပြစ်မှုကျူးလွန်သူများအား ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ် အရေးယူပေးရန် တော်လှန်ရေးအင်အားစုများက အိတ်ဖွင့်ပေးစာနှင့် သဘောထားကြေညာချက်များ ထုတ်ပြန်ထားသည်။
ရဲဘော်မြင့်မြတ်ဦးမှာ ရွာပြင်သုဿန်၌ အင်တာနက်သွားသုံးပြီး အပြန်လမ်းတွင် လည်ပင်းလှီး သတ်ဖြတ်ခံရခြင်းဖြစ်ကာ ကျေးရွာအတွင်း မည်သူနှင့်မျှရန်ငြိုးရန်စ ရှိသူ မဟုတ်ကြောင်း၊ ယင်းကိစ္စအား ဖြေရှင်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်များထံ ဆက်သွယ်ထားသော်လည်း တုံ့ပြန်မှု မရှိကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အဖွဲ့အစည်းနှင့် အမြန်ဆုံး တွေ့ဆုံစကားပြော ဖြေရှင်းရန် နောက်ဆုံးအကြိမ် တောင်းဆိုကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) (AFCC-Mandalay) ကလည်း ဇူလိုင် ၁၁ ရက်တွင် ကြေညာချက်အမှတ် (၄/၂၀၂၄) ဖြင့် ယင်းလုပ်ရပ်အတွက် ကျူးလွန်သည့်သူတစ်ဦးချင်းစီကို ပြင်းထန်စွာ ရှုံ့ချကြောင်း၊ ဝက်လက်ဒေသအတွင်းရှိ တာဝန်ရှိသူများ အပါအဝင် NUG အနေဖြင့် တရားမျှတမှု ရှာဖွေပေးရေးနှင့် ပြစ်မှုကျူးလွန်သူအား ပြစ်ဒဏ်များ ချမှတ်အရေးယူပေးရေး တောင်းဆိုထားသည်။ အရပ်သားပြည်သူတစ်ဦးချင်းစီ၏ လူမှုဘဝလုံခြုံရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ကောင်းလာစေရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးက ထိရောက်စွာ ဝိုင်းဝန်းအဖြေရှာဆောင်ရွက်ရန် လိုအပ်ကြောင်းလည်းတိုက်တွန်းထားသည်။
မန္တလေးတိုင်းအတွင်းရှိ စစ်ကြောရေးစခန်းတစ်ခုအတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုက ထိန်းသိမ်းထားသူများအား အသက်သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့သည့်သက်သေခံ ရုပ်သံဖိုင်များအား လက်ခံရရှိထားကာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများအတွက် တာဝန်ခံလာစေမည့် သက်သေအထောက်အထားများဖြစ်ကြောင်း Fortify Rights အဖွဲ့က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ရုပ်သံဖိုင်များအား အသက် ၃၅ နှစ်အရွယ် အကြမ်းဖက်စစ်အုပ်စုအဖွဲ့ဝင်တစ်ဦးက လျှို့ဝှက်ရိုက်ကူးခဲ့ခြင်းဖြစ်ကာ ၎င်း ထွက်ပြေးလွတ်မြောက်လာပြီး ၂၀၂၃ ခုနှစ် မတ်လတွင် လက်ခံရရှိခဲ့ကြောင်း၊ ရရှိထားသည့် သက်သေခံ ရုပ်သံဖိုင်(၁၀) ခုတွင် စစ်ကြောရေး၌ ဖမ်းဆီးခံရသူ အမျိုးသား ၄၆ ဦးနှင့် အမျိုးသမီးနှစ်ဦးအား အသက်သေဆုံးသည်အထိ ညှင်းပန်းရိုက်နှက်မှု၊ ကိုယ်လုံးတီး ကြိုးတုပ်၍ ရိုက်နှက်မှု၊ လျှပ်စစ်ရှော့တိုက် နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်ထားသည့် သက်သေအထောက်အထားများ ပါဝင်သည်။
အကြမ်းဖက်နှိပ်စက်သူများတွင် စစ်သား၊ လေတပ်၊ စစ်ထောက်လှမ်းရေး(စရဖ) တို့မှ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်အဆင့်ရှိသူများ ပါဝင်ကြောင်း၊ အထောက်အထားများ ရယူပေးသူအား ကာကွယ်ပေးရန်နှင့် ယင်းအကြမ်းဖက်မှုများအား ချက်ချင်း စုံစမ်းအရေးယူပေးရန်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့လည်း Fortify Rights အဖွဲ့က တောင်းဆိုထားသည်။
Fortify Rights သည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ စုံစမ်း၊ ဖော်ထုတ်၊ တောင်းဆိုမှုများအား ၂၀၁၃ခုနှစ်ကတည်းက စတင်လုပ်ဆောင်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
မွန်ဒေသ၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ခြောက်လတာအတွင်း ဖြစ်ပွားခဲ့သည့် ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဉ်များ စုစည်းမှတ်တမ်းထားသည့်"မွန်ဒေသ ၆ လတာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အစီရင်ခံစာ" အား ရာမည ဖက်ဒရယ်အင်အားစုသစ် (NewRehmonnya Federated Force – NRFF) က ထုတ်ဝေသည့် လဂွန်းအိမ်စာစဉ်က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
အစီရင်ခံစာ၌ ခြောက်လတာအတွင်း မွန်ဒေသ၌ ဖမ်းဆီးခံရသူ၊ ထိခိုက်ဒဏ်ရာရသူနှင့် သတ်ဖြတ်ခံရသူများ စာရင်း၊ အကြမ်းဖက်စစ်အုပ်စုနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဒေသအလိုက် တိုက်ပွဲဖြစ်ပွားမှု အခြေအနေ၊ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု၊ နေအိမ်နှင့် ဘာသာရေး အဆောက်အအုံများ ထိခိုက်မှုအခြေအနေကို အချက်အလက်များဖြင့် ဖော်ပြထားကာ နိုင်ငံတကာနှင့် မြေပြင်အဖွဲ့အစည်းများသို့တိုက်တွန်းနှိုးဆော်ချက် ခြောက်ချက်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုသည့်အမှုနှင့် ပတ်သက်၍ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ မြောက်အိုင်ယာလန်နှင့် မော်လ်ဒိုက်နိုင်ငံတို့အားပါဝင်ဆောင်ရွက်ခွင့်ပြုကြောင်းInternationalCourt of Justice (ICJ) က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
ICJ Article36 အရ ထိုသို့ ဆောင်ရွက်ခွင့်ပြုခြင်းဖြစ်ကာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ပါဝင်ဆောင်ရွက်ခွင့်ပြုရန် တောင်းဆိုထားမှုအား ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။ ယင်းခွင့်ပြုချက်အရ အဆိုပါနိုင်ငံများသည်စွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ ၎င်းတို့၏ လေ့လာတွေ့ရှိချက်များအား ရေးသားတင်သွင်းခွင့် ရရှိမည်ဖြစ်သည်။
အဖွဲ့အခြေစိုက်ဒေသနှင့် စစ်ရေးလှုပ်ရှားနေသည့်နေရာများ၌ အဖွဲ့အစည်းအမည်ခံ၍ ကိုယ်ကျိုးရှာ လက်နက်ခဲယမ်း ရောင်းဝယ်ခြင်း၊ သယံဇာတ သယ်ယူရောင်းချခြင်းနှင့် ငွေကြေး တောင်းခံ၊ ကောက်ယူခြင်းများရှိနေသည့်အတွက် ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဆက်လက်လုပ်ဆောင်ပါက ပြဌာန်းထားသည့် တပ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊အမိန့်၊ ညွှန်ကြားချက်နှင့်အညီ အရေးယူသွားမည်ဟု ယောဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် အာရက္ခတပ်တော် (ULA/AA) တို့က ထုတ်ပြန်လိုက်သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ လက်မှတ်ထိုးကာ ဇူလိုင် ၃ ရက်ရက်စွဲဖြင့် ထုတ်ပြန်သည့် YPDF သတိပေးထုတ်ပြန်ချက်၌ တော်လှန်ရေးရန်ပုံငွေအလို့ငှာ ငွေကြေးခွဲတမ်းချခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဓားမြတိုက်ခြင်း၊ ဂိတ်ဖွင့်ငွေတောင်းခံခြင်း၊ တရားမဲ့ပြုကျင့်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ခဲ့ဘဲ ဂုဏ်သိက္ခာရှိရှိဖြင့် တော်လှန်ရေးကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်နေသော တပ်ဖွဲ့ဖြစ်ကြောင်းနှင့်"ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါရှိသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုအား အာရက္ခတပ်တော် (ULA/AA) ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကာ တိုင်ပွဲပြင်းထန်နေမှုအား အခွင့်ကောင်းယူလျက် အဖွဲ့အမည်ခံကာ သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များထံမှ ငွေလိမ်လည် တောင်းခံကောက်ယူမှုများ ရှိနေကြောင်းနှင့် ယင်းလုပ်ရပ်အား ချက်ချင်းရပ်တန့်ရန်သတိပေးကြောင်း ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ထားသည်။ ULA/AA အနေဖြင့် ယင်းလုပ်ရပ်မျိုး မလုပ်ဟု မိဘပြည်သူများအား သတိပေးကြောင်းနှင့် ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းများ ထပ်မံရှိလာပါက ဗဟိုဌာနချုပ်နှင့် သံတွဲဒေသတာဝန်ခံထံ တိုက်ရိုက်ဆက်သွယ်မေးမြန်းရန်လည်း သတိပေးထားသည်။
အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းရန် စတင်ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်ကတည်းကပင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ စသည့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအပြင် ပြည်သူများ၏ အခွင့်အရေးများကို နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ပိတ်ပင်ခဲ့သည်မှာ ထင်ရှားပါသည်။ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ၏ သပိတ်မှောက်ဆန္ဒပြမှုများကို အကြမ်းဖက်ခြင်းအပါအဝင် နည်းမျိုးစုံဖြင့် ဖိအားပေးနှိမ်နင်းရန် ကြိုးပမ်းမှုကြောင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများ ပုံမှန်အတိုင်း မလည်ပတ်နိုင်တော့သည်မှာ လွန်ခဲ့သည့် သုံးနှစ်ကျော် ကာလကတည်းကပင် ဖြစ်သည်။ အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲမှုနှင့်အတူ ယခင် ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသော လူမျိုးအလိုက် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများကို ဖိအားပေး ချေမှုန်းနိုင်ရန်အတွက် မြို့များ၊ ရွာများကို ဖျက်ဆီးခြင်း၊ စီးနင်းခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများသည်လည်း ဆိုးရွားစွာ ထိခိုက်ခဲ့ရသည်။ ထို့အပြင် ၂၀၂၄ ခုနှစ် အစပိုင်းတွင် စစ်မှုထမ်းဥပဒေကို တရားမဝင် အသက်သွင်းရန် ကြိုးပမ်းမှုစတင်ခဲ့ပြီးနောက် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းလိုစိတ်မရှိသော လုပ်သားအင်အားစု အများစုမှာ နယ်စပ်ဒေသများနှင့် အိမ်နီးချင်းနိုင်ငံများသို့ အလုံးအရင်းနှင့် ထွက်ပြေး တိမ်းရှောင်မှုများ ရှိလာခဲ့သည်။
အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသော နိုင်ငံ၏ စီးပွားရေးကို ဖျက်လိုဖျက်ဆီး ပြုလုပ်ရန် ရည်ရွယ်ရင်း ရှိချင်မှ ရှိမည်ဖြစ်သော်လည်း ဖိနှိပ်မှု ယန္တရား၏ နောက်ဆက်တွဲအဖြစ် တိုင်းပြည်၏ စီးပွားရေးမှာ ဆိုးရွားသည့် အခြေအနေတစ်ရပ်အတွင်း ဝင်ရောက်လျက် ရှိနေပြီ ဖြစ်သည်။ အဆိုပါ အကျပ်အတည်းအတွင်း စုစုပေါင်း လူဦးရေ၏ သုံးပုံ တစ်ပုံကျော်မှာ စားနပ်ရိက္ခာ မလုံခြုံမှုကို ကြုံတွေ့နေရပြီး၊ အခြားသော ပြည်သူများမှာ နှစ်စဉ်နှင့် လစဉ် ဆတိုးတိုးနေသည့် စားနပ်ရိက္ခာ စရိတ်ကြီးမြင့်မှုကို ရင်ဆိုင်နေရသည်။
၂၀၂၄ ခုနှစ်၊ နှစ်စမှ စတင်၍ ကုန်ဈေးနှုန်း သိသိသာသာ မြင့်တက်ပြီး လူထုအပေါ် သက်ရောက်မှုအား ကြီးခဲ့သည်။ ၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း အခြေခံ စားသောက်ကုန် အပါအဝင် လူသုံးကုန်ပစ္စည်း ဈေးနှုန်းများ သုံးဆအထိ မြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်ဟု သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အခြေခံ စားနပ်ရိက္ခာစျေးနှုန်း အချက်အလက်များက လွန်ခဲ့သည့် တစ်နှစ်အတွင်း ယေဘုယျအားဖြင့် စျေးနှုန်း ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် အာဏာမသိမ်းမီက အခြေအနေနှင့် ယှဉ်လျှင် ၃၀၀ ရာခိုင်နှုန်းနီးပါး (သုံးဆ) မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြနေသည်။
စားအုန်းဆီ တစ်ပိဿာပေါက်ဈေးမှာ စစ်တပ်အာဏာမသိမ်းခင်က ၁,၈၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုအချိန်တွင် စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ရည်ညွှန်းစျေးသည်ပင် တစ်ပိဿာ ၅,၃၇၀ ကျပ်အဖြစ် သတ်မှတ်ထားသည့် အခြေအနေဖြစ်သည်။ သို့သော် တိုက်ပွဲများရှိနေသည့် ဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဆီတစ်ပိဿာ ၃၅,၀၀၀ ကျပ် ဝန်းကျင်အထိ မြင့်တက်နေသည်လည်း ရှိသည်။
အချို့ ဝေးလံခေါင်သီသော ဒေသများနှင့် စစ်ရေးပဋိပက္ခ ဖြစ်ပေါ်နေသော ဒေသများတွင် ဆန်အပါအဝင် အခြေခံ စားသောက်ကုန် ပြတ်တောက်မှုများ ဖြစ်ပေါ်လျက် ရှိနေသည်။ ထို့အပြင် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ရပ်တန့်ကုန်သည့်အတွက် တောင်သူများ အပါအဝင် ကုန်သွယ်ရေး ကဏ္ဍတစ်ခုလုံးအပေါ် ရိုက်ခတ်မှုများ ရှိလာနေသည်။ အကြမ်းဖက်စစ်အုပ်စု ကိုယ်တိုင် ထိန်းသိမ်းထားသော အချက်အလက်များတွင်ပင်လျှင် နယ်စပ်နှင့် ရေကြောင်းကုန်သွယ်မှု ပမာဏ သိသိသာသာ လျော့ကျလာ သည်ကို ဖော်ပြလျက်ရှိသည်။
ပြည်တွင်းစားသုံးမှု၏ အခြေခံအကျဆုံးဖြစ်သည့် ဆန်စျေးမြင့်တက်မှုအပေါ် အကြမ်းဖက် စစ်အုပ်စု၏ တုံ့ပြန်မှုသည် ၎င်းတို့၏ စီးပွားရေးကဏ္ဍ စီမံခန့်ခွဲမှုပုံစံကို နမူနာ ဖော်ပြလျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၂ ရက်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့် ဆန်များ ရောင်းချပေးမည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဇွန်လ ၂၄ ရက်တွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဆန်စပါးကုန်စည်ဒိုင်တွင် အိမ်ထောင်စု စာရင်းတစ်ခုလျှင် တစ်ဦးနှုန်း စတင် ဝယ်ယူခွင့် ပြုခဲ့သည်။ ဇွန် ၂၅ ရက်တွင် အိမ်ထောင်စု တစ်စုအတွက် တစ်လလျှင် အမျိုးအစားမတူသော ဆန်နှစ်အိတ် ရောင်းချပေးမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အခြေခံပြည်သူအချို့မှာမူ ရောင်းချပေးသည့်ဆန်ထက် ဈေးသက်သာသည့် ဆန်ကွဲရော ဆန်ကိုသာ ဝယ်ယူစားသုံးရသည့် အခြေအနေရှိကာ တိရစ္ဆာန်အစာအဖြစ် သုံးသော ရေစို၍ အဝါဖောက်ကာ ပျက်စီးနေသည့် ဆန်များကို ဝယ်ယူစားသုံးရမှုများလည်း ရှိနေသည်။
ထိုသို့ မြန်မာနိုင်ငံ ဆန်အသင်းချုပ် (MRF) ၏ တုံ့ပြန်မှုမှာ အကြမ်းဖက်စစ်အုပ်စု၏ ဖိအားနှင့်ကင်းသော တုံ့ပြန်မှု မဟုတ်ပေ။ အကြမ်းဖက်စစ်အုပ်စုက ဇွန် ၂၀ ရက်မှ စတင်၍ ဈေးကွက်အတွင်း ဆန်ဈေးများ အဆမတန် မြင့်တက်လာမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆန်အသင်းချုပ် ဥက္ကဋ္ဌ၊ ဒုဥက္ကဌအပါအဝင် ဆန်ကုန်သည်များကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဇွန် ၂၁ ရက်တွင် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်ဝန်းအတွင်းက ဆန်ပွဲရုံအချို့အား ချိတ်ပိတ်သိမ်းဆည်းခြင်း၊ ဆိုင်ကြီးများသို့ ဆန်သွင်းနေသော ပွဲစားများကို ဖမ်းဆီးခြင်းများ ပြုလုပ်ကာ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ဇွန် ၂၅ ရက်တွင် အကြမ်းဖက်စစ်အုပ်စုက One Stop Mart ၊ Makro ၊ Market Place ၊ City Mart ၊ စိန်ဂေဟာ၊ ဂမုန်းပွင့် အပါအဝင် ရန်ကုန်မြို့ရှိ နာမည်ကြီး လက်လီရောင်း ဈေးဝယ်စင်တာများတွင် ဆန်မရောင်းရန် တားမြစ်မှုများ ပြုလုပ်ခဲ့သည်။ ဇွန် ၃၀ ရက်တွင် ဆန်စပါးအသင်းချုပ်က သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုမို ရောင်းချသည်ဟူသော စွပ်စွဲချက်ဖြင့် City Mart ၊ One Stop Mart ၊ စိန်ဂေဟာ၊ Aeon Orange တို့၏ အမှုဆောင် အရာရှိချုပ် (CEO) များ၊ ဒါရိုက်တာများ၊ အုပ်ချုပ်မှု ဒါရိုက်တာများ အပါအဝင် လုပ်ငန်းရှင် အချို့ကို အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ဖြင့် အရေးယူကြောင်း အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့သည်။
ဆန်စပါးသည် ထင်သာမြင်သာသည့် ကဏ္ဍဖြစ်သည့် ဥပမာတစ်ခုဖြစ်သည့်တိုင် အခြားသော ကဏ္ဍများသည်လည်း အကြမ်းဖက်စစ်အုပ်စု၏ ကြမ်းတမ်းသော ဖိအားဒဏ်မှ ကင်းလွတ်ခွင့် မရကြပေ။
အဘက်ဘက်မှ ကုန်ဈေးနှုန်းမြှင့်တက်နေသည့်အချိန်တွင် ပြည်တွင်းရှိ လုပ်ငန်းရှင်အချို့က ဝန်ထမ်းလစာ တိုးမြှင့်ပေးမှုများ ရှိကာ လုပ်ခလစာတိုးမြှင့်ပေးကြောင်း ထုတ်ပြန်ကြေညာခဲ့သော လုပ်ငန်းအချို့လည်း အမှန်တရားကို ဖုံးကွယ်ထားလိုသည့် အကြမ်းဖက်စစ်အုပ်၏ ဒေါသသင့်မှုကို ခံခဲ့ကြရသည်။ ၂၀၂၄ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ဝန်ထမ်းလစာတိုးပေးသည့် လုပ်ငန်းရှင်အချို့အား မတည်မငြိမ်ဖြစ်စေသည် စွပ်စွဲချက်ဖြင့် အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့သည်။
ထိုမတိုင်မီ ဇွန် ၂ ရက်တွင် အကယ်ဒမီ၊ အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်ကဲ့သို့သော ရွှေဆိုင်နှင့် ရွှေလုပ်ငန်းရှင်များအား အမှန်တကယ် အရောင်းအဝယ် မဖြစ်သည့် ဈေးနှုန်းများဖြင့် ဈေးကစား၍ နိုင်ငံ့ စီးပွား မငြိမ်မသက်အောင် ဆောင်ရွက်သည်ဟု စွပ်စွဲကာ ၎င်းတို့ကို အရေးယူမည်ဟု အကြမ်းဖက်စစ်အုပ်စုက ကြေညာခဲ့သည်။
ထို့အပြင် ကျပ်ငွေတန်ဖိုး အလျင်အမြင် ကျဆင်းလာနေသည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် ဟွန်ဒီလုပ်ငန်းနှင့် ငွေလဲ လုပ်ငန်းလုပ်ကိုင်သူများကိုလည်း အရေးယူမည်ဟု ကြေညာခဲ့သေးသည်။
နောက်ဆုံးဖြစ်စဉ်တစ်ခုအနေဖြင့် ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး အိမ်ရာဘဏ် အပါအဝင် ဘဏ် (၇) ခုအား အိမ်ရာချေးငွေများကို များစွာထုတ်ချေးလျက်ရှိသည့်အပြင် ဗဟိုဘဏ် သတ်မှတ် ရာခိုင်နှုန်းထက် ကျော်လွန်ထုတ်ချေးထားကြောင်း စွပ်စွဲချက်ဖြင့် ဘဏ်တာဝန်ရှိသူများ အား ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း အကြမ်းဖက်စစ်အုပ်စုက ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၄ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့သော ဆင်းရဲမွဲတေမှုသည် ၂၀၂၃ ခုနှစ်တွင် ၃၂ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ အကြမ်းဖက် ဖိအားပေး ကိုင်တွယ်မှုများဖြင့် ဆိုးရွားစွာ ပျက်ဆီးလာနေသော စီးပွားရေးကဏ္ဍတွင် လူ့အခွင့်အရေး၊ နိုင်ငံရေး အခွင့်အရေး စသည်တို့ ဆိတ်သုဉ်းလျက် နေ့စဉ်နှင့်အမျှ ဖိနှိပ်မှု အမျိုးမျိုးရင်ဆိုင်နေရသော မြို့ပြနေ ပြည်သူများအနေဖြင့် ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်မှုကို ခံစားနေကြရသလို၊ နေ့စဉ် အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းမှ တိုက်ခိုက်မှုများ၊ ဝင်ရောက်စီးနင်းမှုများ၊ မီးရှို့ဖျက်ဆီးမှုများကို ရင်ဆိုင်နေရသည့် ပြည်သူလူထုအနေဖြင့်လည်း စားနပ်ရိက္ခာပြတ်လပ်မှုများကို ရင်ဆိုင်နေကြရသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဇွန် ၂၂ ရက်တွင် အကြမ်းဖက်စစ်အုပ်စုက လုယက်မီးရှို့ဖျက်ဆီးခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဂိုဒေါင်ဖြစ်စဉ် အပါအဝင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအား ဇူလိုင် ၃ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ "Any Other Business” ခေါင်းစဉ်အောက်မှ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ထိုသို့ဆွေးနွေးရန်အတွက် တောင်ကိုရီးယား၊ ယူကေနှင့် အမေရိကန်တို့က တောင်းဆိုခဲ့ခြင်း ဖြစ်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အ ထွေထွေအတွင်းရေးမှူးချုပ် Joyce Msuya ကတင်ပြသွားရန် မျှော်မှန်းထားသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်အား အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ သင်တန်းပေးထားသည့် မူဆလင်များက ဇွန် ၂၁ ရက်ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးကာ ပစ္စည်းများ ယူဆောင်သွားသည့် ရုပ်သံဖိုင်အား အာရက္ခတပ်တော် (AA) က ဇွန် ၂၅ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ဝန်ခံခဲ့ရသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများ၏ ကျောင်းဝင်ခွင့်လျှောက်ထားသူများ လိုက်နာရမည့်စည်းကမ်းချက်များ၌ လွတ်လပ်စွာပြောဆိုခွင့်၊ အသင်းအဖွဲ့၌ ပါဝင်ခွင့် ကန့်သတ်ချက်များပါရှိကာ "လူတိုင်းလွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိသည်" ဆိုသည့် အခြေခံလူ့အခွင့်အရေးအား ချိုးဖောက်ရာ ရောက်သည့်အတွက် ပုလဲမြို့နယ် ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့်ဒေသခံ ပြည်သူများက ဇွန် ၃၀ ရက်တွင် ကျောင်းအာဏာပိုင်နှင့် NUG ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ "ပ"သုံးလုံးအဖွဲ့အား ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သည်။
"စစ်သုံးစစ်ကို တိုက်ဖြတ်ကြ"၊ "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်"၊ "တန်ပြန်တော်လှန်ရေးလုပ်ရပ်များ ဆန့်ကျင်ကြ"၊ "ကျောင်းသားများကို ဖိနှိပ်မှု အလိုမရှိ"၊ "ပသုံးလုံး အလိုမရှိ"၊ "ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ မုချ အောင်ရမည်" ဟု ရေးသားထားသည့် ဗီနိုင်းများကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြရာတွင် ပါဝင်သည့် ရဲဘော်များအား"ပ"သုံးလုံးအဖွဲ့ဝင်များက ဆိုက်ကယ်ဖြင့် တိုက်ခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများလည်း ရှိနေသည်ဟု ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
ကောင်စီ၌ ပါဝင်သည့် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရှေ့တန်းစစ်မျက်နှာ၌ ဖမ်းဆီးမိသည့် စစ်သုံ့ပန်းများအပေါ် ဂျနီဗာကွန်ဗင်းရှင်းပါ စစ်ဘက်ဆိုင်ရာကျင့်ဝတ် မလိုက်နာခဲ့သည့် ပြစ်မှုကျူးလွန်ထားသည့် ရုပ်သံဖိုင်များ လူမှုကွန်ရက်၌ ပျံ့နှံ့လျက်ရှိကာ ၎င်းအား စုံစမ်းဖော်ထုတ်၍ အပြစ်ပေးအရေးယူရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်(Chinland) ကောင်စီက ဇွန် ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
၅/၂၀၂၄ ဖြင့် ထုတ်ပြန်သည့် ကြေညာချက်၌ ကောင်စီ၌ ပူးပေါင်းပါဝင်သည့် ကာကွယ်ရေးတပ်ဖွဲ့များအား စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ အထူးသိရှိလိုက်နာရန် တပ်ရင်းတပ်ဖွဲ့အသီးသီးမှ ညွှန်ကြားသင်ကြားထားပြီးဖြစ်သည်ဟု ပါရှိကာ ကောင်စီ၌ ချင်းအမျိုးသားတပ်ဦး(CNF) ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြုအဖွဲ့အစည်းများ ပါဝင်သည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ World Food Programme – WFP ဂိုဒေါင်နှင့် လူနေအိမ်အချို့အား အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ သင်တန်းပေးထားသည့် လက်နက်ကိုင် မူဆလင်များက ဇွန် ၂၁ ရက်၊ ညနေ (၅)နာရီအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့် ရုပ်သံဖိုင်အား အာရက္ခတပ်တော် (AA) က ဇွန် ၂၅ ရက် ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။
ဂိုဒေါင်အား မီးရှို့ဖျက်ဆီးပြီးနောက် ဘိလပ်မြေဟု ယူဆရသည့် အထုပ်များအား ယူဆာင်ကာ ခရိုင်ကျေးလက်ရုံး၌ ခံစစ်ပြင်ဆင်နေသည်ဟုလည်း AA ထုတ်ပြန်ချက်၌ ပါရှိသည်။
အဆိုပါ သိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀အတွက် တစ်လစာ ဖူလုံစေမည့် ကယ်ဆယ်ရေးရိက္ခာ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန် သိုလှောင်ထားကာ ယင်းသို့ မီးရှို့မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ကူညီထောက်ပံ့ရေး ကြိုးပမ်းမှုများအား ထိခိုက်စေမည့် ယင်းလုပ်ရပ်အား ချက်ချင်းရပ်တန့်ရန်လိုကြောင်း ထုတ်ပြန်ထားသည်ဟု WFP ကိုကိုးကား၍ မီဒီယာများက ရေးသားဖော်ပြထားသည်။
အကြမ်းဖက်စစ်အုပ်စုက အသက်သွင်းလိုက်သည့် မတရားစစ်မှုထမ်းဥပဒေ၌ အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည်ဟု ပါရှိကာ ယင်းနောက်ဆက်တွဲ သက်ရောက်မှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းမှ အမျိုးသမီးများအား မေးမြန်းကာ လေ့လာသုံးသပ်ထားသည့် "မတရားစစ်မှုထမ်းဥပဒေများနှင့် အမျိုးသမီးများအပေါ်သက်ရောက်မှုများ"စစ်တမ်းအား မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ဇွန် ၁၉ ရက်တွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်လိုက်သည်။
စစ်တမ်းအတွက် အချက်အလက်များအား ၂၀၂၄ ခုနှစ် ဧပြီလအတွင်း တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်၍ ရယူထားခြင်းဖြစ်ကာ ယုံကြည်ခိုင်မာသည့် သတင်းမီဒီယာများမှ အချက်အလက်များကိုလည်း ကိုးကားအသုံးပြုထားသည်။ စစ်တမ်းအား "အာဏာသိမ်းရန် ကြိုးပမ်းသည့်ကာလမှ လက်နက်ကိုင်ပဋိပက္ခ အခြေအနေ"၊ "တရားမဝင် စစ်မှုထမ်းဥပဒေနှင့် အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရန် စိန်ခေါ်မှုများ"၊ "စစ်မှုထမ်းဥပဒေနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စိုးရိမ်မှုများ"၊ "အမျိုးသမီးများ၏ စားဝတ်နေရေး အကြပ်အတည်းနှင့် စစ်မှုထမ်းဥပဒေ"၊ "အတင်းအကြပ် လက်ထပ်ထိမ်းမြှားခြင်းနှင့်အိမ်တွင်းအကြမ်းဖက်မှုများ" စသည်ဖြင့် ကဏ္ဍအလိုက် ခွဲ၍ ဖော်ပြထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင်နှင့် မြန်မာအလုပ်သမား တပ်ပေါင်းစု (MLA) ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ အုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်အဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) ၌ ထပ်မံ ရွေးချယ်လိုက်သည်။
ညီလာခံအားဇွန် ၃ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်ကာ နိုင်ငံတကာ အလုပ်သမားကိုယ်စားလှယ် ၁၂၆ ဦး အနက် ၉၃ ဦး၏ ထောက်ခံမဲဖြင့် ဒုတိယအကြိမ် ထပ်မံရွေးချယ်ခံရခြင်းဖြစ်သည်။ ဒေါ်ဖြိုးစန္ဒာစိုးသည် အုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်အဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ပထမအကြိမ် ရွေးချယ်ခံခဲ့ရဖူးကာ ဒုတိယအကြိမ် ရွေးချယ်ခံရမှုအတွက် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
ဒေါ်ဖြိုးစန္ဒာစိုးသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်မှ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားပြုအဖြစ် အမည်စာရင်းတင်သွင်းကာ ညီလာခံ တက်ရောက်၍ ရွေးချယ်ခံရခြင်း ဖြစ်ကာဇွန် ၁၀ ရက်က ILO ဌာနချုပ်တွင် ပြုလုပ်သည့် မြန်မာ့အရေးဆိုင်ရာ လှုပ်ရှားမှု၌ ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၃) ကို အခြေခံ၍ အကြမ်းဖက်စစ်အုပ်စုအား အရေးယူပေးရန်လည်း တောင်းဆိုထားသည်။
ပုဒ်မ (၃၃) တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက နိုင်ငံတကာ အလုပ်သမားစံနှုန်းများကို ချိုးဖောက်ခဲ့ပါက ယင်းနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုပြုလုပ်နိုင်ကြောင်း ပြဌာန်းထားသည်။
ဇွန် ၁၃ ရက်ကလည်း CTUM ဗဟိုအလုပ်အမှုဆောင်နှင့် IWFM ဥက္ကဌဖြစ်သူ ဒေါ်ခိုင်ဇာအောင်မှာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ArthurSvensoon Prize ဆုတံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ဆုပေးပွဲအခမ်းအနား၌ သူမက စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု၊ စစ်အုပ်စုဒေါက်တိုင် စီးပွားရေးလုပ်ငန်းများအား ပိတ်ဆို့အရေးယူရေး စသည့် အကြောင်းအရာများအား ထည့်သွင်း ပြောကြားခဲ့သည်။ ထို့ပြင် ဥရောပသမဂ္ဂအနေဖြင့် အလုပ်သမားနှင့် အခြေခံလူ့အခွင့်အရေးများအား မလေးစားသည့် အကြမ်းဖက်စစ်အုပ်စု ကုန်သွယ်ရေးဆိုင်ရာ EBA အထောက်အပံ့များအားရပ်ဆိုင်းပစ်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောဆိုထားသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆက်ရိုးကျရပ်ကွက် (ဗျိုင်းဖြူရွာ) တွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်တွေ ဒကစ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက မေ ၂၉ ရက်တွင် အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီးနောက်အမျိုးသား ၄၈ ဦး၊ အမျိုးသမီးငါးဦး၊ စုစုပေါင်း ၅၃ ဦးအားရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် ပြည်တွင်း၊ ပြည်ပရှိ အင်အားစုအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC) က ဇွန် ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
သေဆုံးသူများအနက် အမျိုးသမီးနှစ်ဦးမှာ အဓမ္မပြုကျင့်ခံရပြီးမှ သတ်ဖြတ်ခံရခြင်းဖြစ်ကာ အရွယ်မရောက်သေးသည့်လူငယ်များနှင့် ကျောင်းသားများ ပါဝင်ကြောင်း၊ အမျိုးသားအချို့မှာလည်း ထပ်မံဖမ်းဆီး စစ်ဆေးခံနေရခြင်းများရှိကာ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ရုံတင်မက စစ်ရာဇဝတ်မှုအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း AASYC ထုတ်ပြန်ချက်၌ ပါရှိသည်။
ထို့ပြင် စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် ရခိုင်ဒေသအနှံ့ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း ဝေဖန်သံများ ကြားသိရသည့်အတွက် အစဉ်အလာရှိသည့် ALPအမည်အား သုံး၍ လူထုဆန့်ကျင်ရေးလုပ်ငန်းများ၌ ပါဝင်နေမည်ဆိုပါက ရခိုင်အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းမှ သွေဖီမည်ကို အထူးသတိပြုရန်လိုကြောင်းလည်း သတိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဗျိုင်းဖြူရွာဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန် ၃ ရက် ကြေညာချက်ထုတ်ပြန်ကာ အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့သော ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အားလုံးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးအား တရားဥပဒေရှေ့မှောက်သို့ အမြန်ဆုံးပို့ဆောင်ပြီး ကျူးလွန်ခံရသူများအားလုံးအတွက် တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါအဝင် တရားမျှတမှုကို လိုလားသော မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပါရှိသည်။ NUG ထုတ်ပြန်ချက်၌မူ အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး သုံးဦး၊ စုစုပေါင်း ၅၁ ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည်ဟု ပါရှိသည်။
ပိုမိုကျယ်ပြန့်လာသောAA ၏ နယ်မြေစိုးမိုးမှု
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် အကြမ်းဖက်စစ်အုပ်စုအကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည်။ တိုက်ပွဲများအတွင်း ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲ အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝအထိ မြို့နယ် ဆယ်ခု အထိ AA က သိမ်းပိုက်ထားနိုင်ကာ ကျန်ပြည်နယ်တွင်း မြို့နယ်များ၌လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက် ရှိသည်။
ဘူးသီးတောင်မြို့နယ်ကို သိမ်းပိုက်ခြင်း
ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ပြီး ဘူးသီးတောင်မြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စု စခန်းများအားAA စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေ ၁၈ ရက်နေ့လယ်တွင် မြို့နယ်တစ်ခုလုံးအား အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စု၏ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခြေလျင်နှင့် ခြေမြန်တပ်ရင်း (၁၁) ခု အထိ အခြေစိုက်ထားကာ အမှတ် ၃၇၈ (အမြောက်) တပ်ရင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အမှတ် (၃) နှင့်(၈) တို့ရှိခဲ့ပြီး ၎င်းစခန်းများအားလုံးကို AA က သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စု ဖန်တီးသည့် လူမျိုးရေးပဋိပက္ခ ထောင်ချောက်
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရခိုင်စစ်မျက်နှာပြင်၌ အကြမ်းဖက်စစ်အုပ်စုက စစ်ရှုံးလာနေသည့် အချိန်၌ လူမျိုးရေးပဋိပက္ခများ ဖန်တီးရန် ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာများအား အတင်းအကြပ် တပ်သားသစ် စုဆောင်းခြင်း၊ ၎င်းတို့ ထိန်းချုပ်မှုအောက် ရောက်ရှိနေဆဲ ဖြစ်သည့် စစ်တွေနှင့် ဘူးသီတောင်မြို့များတွင် ရိုဟင်ဂျာလူမျိုးအချို့အား အသုံးပြု၍ AA ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်စေခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲတစ်ရပ်ကို ဘူးသီးတောင်မြို့တွင် မတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်အား AA က တိုက်ခိုက်နေစဉ်အတွင်း အကြမ်းဖက်စစ်အုပ်စုသည် ရိုဟင်ဂျာလူမျိုး အချို့အား အတင်းအကြပ် စစ်သားစုဆောင်းခြင်း၊ စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးကာ တိုက်ပွဲများတွင် ပါဝင်စေခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် ARSA၊ RSO၊ ARA အစရှိသည့် ရိုဟင်ဂျာ အဖွဲ့များကိုလည်း AA အား တိုက်ခိုက်သည့် စစ်ဆင်ရေးများ၌ အသုံးပြုခဲ့သည်။ အဆိုပါအဖွဲ့များသည် ရိုဟင်ဂျာ ပြည်သူများကို ကိုယ်စားမပြုကြောင်း ရိုဟင်ဂျာအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
AA က ရသေ့တောင်မြို့နယ် အခြေစိုက် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ခမရ ၅၃၆၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်းများအား မတ် ၂၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက်တွင် ရိုဟင်ဂျာ လူမျိုးများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။ ဘူးသီးတောင် အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်အားAA က မေ ၆ ရက်တွင် သိမ်းပိုက်ပြီးနောက် စစ်သုံ့ပန်းများအတွင်း ရိုဟင်ဂျာများ ပါဝင်နေသည်ဟု AA က ဆိုသည်။
ဧပြီ ၁၂ ရက် ဘူးသီးတောင်မြို့နယ်အား အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားစဉ် ကာလအတွင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရုံးခန်း အပါအဝင် ရခိုင်၊ ဟိန္ဒူနှင့် အခြားလူမျိုးများ ပိုင်ဆိုင်သည့် နေအိမ်၊ အဆောက်အအုံ အများအပြား မီးရှို့ဖျက်ဆီးခံရမှု ဖြစ်ပွားသည်။ ယင်းမီးရှို့ဖျက်ဆီးမှုအား အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ ကျောထောက်နောက်ခံပေးထားသည့် ARSA၊ RSO၊ ARA နှင့် အတင်းအကြပ် စစ်သားစုဆောင်းခြင်းခံထားရသည့် ရိုဟင်ဂျာများက ကျူးလွန်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် AA ဘက်က ထုတ်ဖော်ပြောဆိုသည်။ မီးရှို့ဖျက်ဆီးခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်သည့်ရုပ်သံမှတ်တမ်းတစ်ခုကိုလည်းAA ဘက်က ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည်။
မေ ၉ ရက်တွင် မောင်တောမြို့နယ်၊ ရွှေရင်အေး ရခိုင်ရွာနှင့် ဝေသာလီရွာရှိ အိမ်များအား ရိုဟင်ဂျာတချို့က မီးရှို့နေသည့် ရုပ်သံမှတ်တမ်းတစ်ခု မေ ၁၄ ရက်တွင် ထွက်ပေါ်လာခဲ့သည်။
AA က ဘူးသီးတောင်မြို့နယ်အား သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မေလ ၁၈ ရက်တွင် ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး ရိုဟင်ဂျာလူမျိုး အမြောက်အများ ရွှေ့ပြောင်းခဲ့ကြရသည်။ ၎င်းမတိုင်မီ ဒေသခံများ ရွှေ့ပြောင်းရန်အတွက် AA က ရပ်ရွာလူကြီးများမှတဆင့်ညွှန် ကြားခဲ့ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။ အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး AA က ဆောင်ရွက်သည်ဟု စွပ်စွဲမှုများရှိသော်လည်း၊AA ဘက်ကမူ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ထားသည်။
အရပ်ဘက်အဖွဲ့အစည်းများ၏ တုံ့ပြန်မှု
ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK) အပါအဝင် နိုင်ငံတကာရှိ ရိုဟင်ဂျာအဖွဲ့အစည်း၂၈ ခုက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ အဓမ္မ နေရပ်စွန့်ခွာစေမှုများအဆုံးသတ်ရန်နှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေအား လိုက်နာစေရေးအတွက် AA အား နိုင်ငံတကာက ဖိအားပေးရန် မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။
မေ ၂၂ ရက်တွင် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း (၁၉၅) ဖွဲ့ ပေါင်းကာ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်သည်။ ကြေညာချက်၌AA အနေဖြင့်လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန်၊ ကျူးလွန်မှုများ အမှန်တကယ် ရှိပါက ကျူးလွန်သူများအား အပြစ်ပေး အရေးယူပေးရန် တောင်းဆိုကာ ရိုဟင်ဂျာခေါင်းဆောင်များနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ တုံ့ပြန်မှု
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေ ၂၁ ရက်နေ့တွင် ဘူးသီးတောင် အခြေအနေနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဆိုးရွားနေသော အခြေအနေများ ဆက်လက်ဖြစ်ပွားနေမည်ကို အထူးစိုးရိမ်ကြောင်းနှင့် အရပ်သားပြည်သူများနှင့် ပြည်သူပိုင်ပစ္စည်းများအား တိုက်ခိုက်ဖျက်ဆီးနေခြင်းအား ရပ်တန့်ရန် တောင်းဆိုနေကြသော အခြားအဖွဲ့အစည်းများနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်ကြေညာသည်။
နိုင်ငံတကာ၏ တုံ့ပြန်မှု
ရခိုင်ပြည်မြောက်ပိုင်း ရိုဟင်ဂျာများ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ မဖြစ်စေရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ကာကွယ်ဆောင်ရွက်ပေးရန် လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင်အာရှ ပါလီမန်အမတ်များအဖွဲ့ (APHR) က မေ ၁၈ ရက်တွင် တောင်းဆိုသည်။ နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ လိုက်နာစောင့်ထိန်းရမည့် စည်းမျဥ်းဥပဒေများနှင့် စစ်ဘက်ဆိုင်ရာ စစ်သည်တော်တို့ လိုက်နာရမည့် ကျင့်ဝတ်ဥပဒေများကိုပါအပြည့်အဝ လေးစား လိုက်နာကြရန်လည်း တိုက်တွန်းခဲ့သည်။
ဘူးသီးတောင် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အထူးစိုးရိမ်ထိပ်လန့်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မေ ၁၉ ရက်တွင် ပြောကြားခဲ့ကာ နိုင်ငံတကာဥပဒေများအား လိုက်နာရန်အကြမ်းဖက်စစ်အုပ်စုနှင့် AA တို့အား တောင်းဆိုခဲ့သည်။
မေ ၂၀ ရက်တွင် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ အကြမ်းဖက်ခံရမှုအား နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ကြောင်းနှင့် မေ ၂၁ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရခိုင်ဒေသတွင်း အခြေအနေကို လွန်စွာ စိုးရိမ်ကြောင်း သတင်းထုတ်ပြန်သည်။
သြစတေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယား၊ မော်တာ၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်နိုင်ငံများကလည်း မေလ ၂၄ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ အတင်းအကြပ် စစ်သားစုဆောင်းမှု၊ စစ်မှုထမ်းဥပဒေ အသက်သွင်းမှုများကြောင့် လူထုများအကြား ကွဲပြားမှု ပိုမိုဖြစ်ပွားစေခြင်းကို ထောက်ပြလျက် အရပ်သားများကို ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းခဲ့သည်။
AA ၏ ပြန်လည်တုံ့ပြန်မှု
ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ၎င်း၏ မေလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်၌ AA ကြောင့် ဘူးသီးတောင်မြို့အတွင်းရှိ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှု သတင်းမှာ မိမိတို့နှင့် မသက်ဆိုင်ကြောင်းနှင့် တစ်ဖက်သပ် စွပ်စွဲချက်ဖြစ်ကြောင်း၊ ဘူးသီးတောင်-မောင်တောဒေသ လက်ရှိ အရေးကိစ္စနှင့် ပတ်သက်၍ ဘက်မလိုက်သည့် မည်သည့်အဖွဲ့အစည်းများနှင့်မဆို ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ကမ်းလှမ်းသည်။
အဖွဲ့အစည်း(၁၉၅) ဖွဲ့ကြေညာချက်နှင့် ပတ်သက်၍ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က မေ ၂၄ ရက်နေ့တွင် အဆိုပါ ပူးတွဲထုတ်ပြန်ချက်၌ ပါရှိသည့် အချက်အလက်အချို့မှာ မှားယွင်းကြောင်း ငြင်းဆိုခဲ့ပြီး “ပြင်းထန်စွာ ကန့်ကွက်ကြောင်း” ထုတ်ပြန်ခဲ့သည်။
ပိုမိုများပြားလာသည့် ဒုက္ခသည်များနှင့် အန္တရာယ်ကြားက အရပ်သားများ
OCHA ၏မေလတွင် ထုတ်ပြန်သော အချက်အလက်များအရ ဧပြီလကတည်းကပင် ဘူးသီးတောင်မြို့နယ်၏ ကျေးလက်နေ ရိုဟင်ဂျာထောင်ပေါင်းများစွာသည် မြို့ပေါ်သို့ ရွှေ့ပြောင်းခဲ့ကြရသလို၊ ဘူးသီးတောင်မြို့ပေါ်မှ ရခိုင်လူမျိုး ထောင်ပေါင်းများစွာသည်လည်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပြီး ဘူးသီးတောင်မြို့နယ်တွင် ဧပြီလမှစပြီး စစ်ဘေးရှောင် တစ်သောင်း နီးပါး ရှိနေသည်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် စစ်အုပ်စုက လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်ဖြစ်ပွားစေရန် အရှိန်အဟုန်မြှင့်၍ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေသည့်အတွက် ၎င်းတို့အား ဆန့်ကျင်ရှုံချကာ နိုင်ငံတကာနှင့်အတူ လက်တွဲကာ လက်တွဲလုပ်ဆောင်ရသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း မတ် ၂၀ရက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ကမ်းလှမ်း ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် အကြမ်းဖက်စစ်အုပ်စုက ဘူးသီးတောင်မြို့နယ်အတွင်း ပြည်သူများ ပိုင်ဆိုင်သည့် နေအိမ်များအား ပစ်မှတ်ထား မီးရှို့ဖျက်ဆီးခြင်းများရှိကာ ULA/AA က လုပ်ဆောင်သည့်ပုံစံ တန်ပြန်သတင်းလွှင့်နေကြောင်း၊ ULA/AA အနေဖြင့် စစ်ရေးပဋိပက္ခတင်းမာနေမှုများကြောင့် တိုက်ပွဲများ မဖြစ်ခင်ကတည်းကပင် ဒေသခံများအား လွတ်မြောက်ဒေသများသို့ ခေတ္တယာယီ ပြောင်းရွှေ့နေထိုင်ကြရန်နှင့် ရွှေ့ပြောင်းလိုသူများအားကူညီပေးခြင်းတို့အား လက်ရှိအချိန်အထိ ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
ထို့ပြင် အာရက္ခတပ်တော်မှ ဒရုန်းဗုံးချသဖြင့် ဘူးသီးတောင်မြို့အတွင်းမှ အရပ်သားပြည်သူအချို့ သေဆုံး၊ ရာချီ ဒဏ်ရာရ ဟူသော သတင်းနှင့်ပတ်သက်၍လည်း မိမိတို့နှင့် သက်ဆိုင်ခြင်းမရှိကာ အခြေအမြစ်မရှိ တစ်ဖက်သတ်စွပ်စွဲချက်သာ ဖြစ်ကြောင်း ငြင်းဆိုထားသည်။
ဘူးသီးတောင်၊ မောင်တောဒေသ လက်ရှိအရေးကိစ္စနှင့် ပတ်သက်၍ ဘက်မလိုက်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆိုအတူ ပူးပေါင်းဆောင်ရွက်သွားရန်အသင့်ရှိကြောင်းလည်း ထုတ်ပြန်ကြေညာချက်၌ပါရှိသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဦးဆောင်၍ ဧပြီ ၄ ရက်မှ ၉ ရက်အတွင်း ငါးရက်တာ ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ ဒေသန္တရအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စ၊ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်သုံးရပ်အား အတည်ပြု ဆုံးဖြတ်နိုင်ခဲ့ကြောင်း NUCC က ထုတ်ပြန်လိုက်သည်။
ညီလာခံသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ နွေဦးတော်လှန်ရေးအင်အားစု၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကောင်စီ အင်အားစုသည့် အစုအဖွဲ့ငါးခုမှ ကိုယ်စားလှယ် ၂၀၄ ဦး၊ အထူးဖိတ်ကြားထားသူ ၁၀၄ ဦးနှင့် လေ့လာသူ ၁၂၈ ဦး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယအကြိမ်ညီလာခံ၌ အဆိုပြုချက်နှင့် အကြံပြုချက် ၂၁ ချက်ကိုလည်း မှတ်တမ်းတင်ထားနိုင်ခဲ့ကာညီလာခံအား ခြောက်လ တစ်ကြိမ် ပုံမှန်ကျင်းပသွားရန်လည်း ညီလာခံက သဘောတူဆုံးဖြတ်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ– NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ အားလုံး လိုက်နာရမည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်အား မတ် ၂၂ ရက်က ယာယီသမ္မတ ဒူဝါလရှီးလ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကာ လိုက်နာမှုမရှိသူအား တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူမည်ဟု ဖော်ပြထားသည်။
စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များအဖြစ် စစ်သည်တော် ကျင့်ဝတ်စည်းကမ်း (၁၀) ချက်၊ ပစ်မှတ်သတ်မှတ်ခြင်း (၇) ချက်၊ ဖမ်းဆီးထိန်းသိမ်းထားသူများအပေါ် ပြုမူဆက်ဆံခြင်း (၈) ချက်၊ အရပ်သားပြည်သူများအပေါ် ပြုမူဆက်ဆံခြင်း (၁၁) ချက်၊ အမျိုးသမီး/လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTIQ) နှင့် ကလေးများအပေါ် ပြုမူဆက်ဆံခြင်း(၆) ချက်တို့ ပါဝင်သည်။
"အရပ်သား" အား မိမိရန်သူ၏ စစ်သားမဟုတ်သည့်အပြင် တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိသူ ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားကာ အဖွဲ့အစည်းအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို လေးစားလိုက်နာ ကျင့်သုံးရမည်ဟုလည်း စစ်ဘက်ဆိုင်ရာကျင့်ဝတ်၌ ဖော်ပြထားသည်။
အကြမ်းဖက်စစ်အုပ်စု၏ အတင်းအကြပ် စစ်မှုထမ်းခေါ်ယူရန်ကြိုးပမ်းမှုသည် လူ့အခွင့်အရေးနှင့် မကိုက်ညီသော ဖိနှိပ်မှုဖြစ်ပြီး မြန်မာလူထု၏ အကျပ်အတည်း၊အခက်အခဲများကို ပိုမိုဆိုးရွားစေကာ ဒေသတွင်းတည်ငြိမ်မှုကို ပိုမိုလျင်မြန်၊ သိသာစွာဆိုးရွားလာစေမည် ဖြစ်သည်။
စစ်အာဏာရှင်သန်းရွှေခေတ်၏ နောက်ဆုံးရက်များ ဖြစ်သည့် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် ပြဌာန်းခဲ့သည့်“ပြည်သူ့စစ်မှုထမ်းဥပဒေ” ကို အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီလ၁၀ ရက်တွင် စတင်အသက် ဝင်ကြောင်း ကြေညာခဲ့သည်။ ထိုပြဌာန်းမှု၏ နောက်ဆက်တွဲအ ဖြစ် စစ်အုပ်စုနှင့်၎င်း၏ လက်အောက်ခံ ပျူစောထီးများ၏ ဖမ်းဆီးမှုကြောင့် အနည်းဆုံး ကျား ၆၅ ဦး၊ မ ၃၄ ဦး၊ကျား/မ အတည် မပြုနိုင်သူ ၉၆၄ ဦးအထိ ဖမ်းဆီးခံထားရပြီး ဖြစ်ကြောင်း အွန်လိုင်းမှတဆင့် စုစည်းရသမျှ အချက်အလက်များက ဖော်ပြနေ သည်။ တရားဥပဒေမဲ့ ထိုသို့ ဖမ်းဆီးခံရသူ၊ပျောက် ဆုံးသွားသူ အများစုမှာ အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ်အကြား ဖြစ်ကြပြီး ရခိုင်ပြည်ရှိစစ်ဘေးရှောင်ပြည်သူများ အနက် လူငယ်ရာနှင့်ချီ၍ စစ်မှု ထမ်းရန်အတွက် ဖမ်းဆီးခံရသည်။ဒေသအလိုက် ဖမ်းဆီးခံရသည့် လူဦးရေတွင် ရခိုင် (၂၇၉ ဦး) နှင့် စစ်ကိုင်း (၂၇၈ ဦး) သည်အများဆုံးဖြစ်ကာ ရန်ကုန်တွင် ၁၉၄ ဦး ဖမ်းဆီးခံရပြီး တတိယအများဆုံးဖြစ်သည်။
ယခုစစ်မှုထမ်းဥပဒေအသက်ဝင်မှုသည် သန်းရွှေ၏ စစ်အစိုးရခေတ်က ပြဌာန်းခဲ့သည့် ဥပဒေဖြင့် စစ်အာဏာရှင်လက်သစ်မင်းအောင်လှိုင်၏ ဖိနှိပ်မှု ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စစ်မှုထမ်း ဥပဒေဖြင့်မဖြစ်မနေ စစ်မှု ထမ်းစေခြင်းရှိကြောင်း ထောက်ပြကြမှုများရှိသော်လည်း ထိုထောက်ပြမှုသည်အချက်နှစ်ချက်အားဖြင့် လွဲမှားသည်ဟု ဆိုနိုင်ပါသည်။
ပထမအချက်မှာ၎င်းတို့၏ ရှေ့မျိုးဆက် စစ်အာဏာရှင်များ၏ အလိမ်အညာ လူထုဆန္ဒခံယူပွဲမှတဆင့် အတည်ပြုခဲ့သည့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှအစ အခြားသော ဥပဒေများအဆုံး ဥပဒေအမျိုးမျိုးကို လိုသလိုအဓိပ္ပာယ်ဖွင့်ကာ ချိုးဖောက်အသုံးချနေသော မင်းအောင်လှိုင်၏ စစ်အုပ်စုသည် ဥပဒေတရပ်ကိုထိုသို့ အသက်သွင်းရန် တရားဝင်မှု မရှိခြင်းဟူသည့် အချက်ဖြစ်သည်။
ဒုတိယအချက်မှာလူ့အခွင့်အရေးကို လေးစားလိုက်နာသည့် နိုင်ငံများတွင် မဖြစ်မနေ စစ်မှုထမ်းမှုကို ဥပဒေဖြင့်ပြဌာန်းကျင့်သုံးကျပါကလည်း ယုံကြည်ချက်ကြောင့် စစ်မှုထမ်းမှုကို ငြင်းပယ်ခွင့် (Right to Conscientious Objection) ကို အာမခံကြရမည်ဖြစ်သည်။အဆိုပါက ယုံကြည်ချက်ဆိုသည်မှာ ယုံကြည်ကိုးကွယ်မှုထက် ပိုလွန်ပြီး မိမိ၏ ခံယူချက်၊ ယုံကြည်ချက်တခုခုကြောင့်ငြင်းပယ်ခွင့်လည်း ပါဝင်သည်။ မိမိ၏ ခံယူချက်၊ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းအဖြစ် ပါဝင်ရန်ငြင်းဆန်သူများအတွက် ငြင်းဆိုခွင့် အခွင့်အရေး ရှိရမည်ဖြစ်သည်။ စစ်အာဏာရှင်တို့ ပြဌာန်း၊အသုံးချရန် ကြိုးပမ်းလျက်ရှိသော ဥပဒေသည် ထိုအခွင့်အရေးများကို အာမခံခြင်းမရှိ၍ အင်အားသုံးဖိနှိပ်ရန် ကြိုးပမ်းမှု သက်သက်သာ ဖြစ်သည်။
၂၀၁၉သန်းခေါင်းစာရင်းအချက်အလက်များအရ လူငယ် အနည်းဆုံး ၁၁ သန်းကျော်မှာ စစ်အုပ်စု၏ စစ်မှုထမ်းဥပဒေ အသက်သွင်းမှုကြောင့်ထိခိုက်သက်ရောက်မှု ရှိနိုင်သည်။ အကြမ်းဖက်စစ်အုပ်စုကမူ စစ်မှုထမ်းဥပဒေဖြင့်ခေါ်ယူနိုင်သူ ၁၃ သန်းရှိသည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ ကချင်၊ ရခိုင်၊ ကရင်၊ကရင်နီ၊ ချင်း၊ ရှမ်းမြောက်၊ စစ်ကိုင်းဒေသများကဲ့သို့သော တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နယ်မြေများမှလူငယ်များအနေဖြင့် အခြားဒေသများမှ လူငယ်များနှင့် ယှဉ်လျှင် အနည်းငယ် စိတ်အေးနိုင်ဖွယ်ရှိသည့်တိုင်၊စစ်အုပ်စုက ၎င်း၏ ထိန်းချုပ်မှုလက်အောက်ရှိ ဒေသများမှ လူငယ်များကို ပိုမိုပစ်မှတ်ထားနိုင်သည်။ လူငယ်များအနေဖြင့် တော်လှန်ရေးအင်အားစုများ၏ထိန်းချုပ်နယ်မြေများသို့ ခိုလှုံခြင်း၊ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာခြင်းများရှိလာနေပြီ ဖြစ်သည်။
စစ်မှုထမ်းဥပဒေသက်ရောက်မှုကြောင့်မိမိ၏ နေရပ်စွန့်ခွာ ထွက်ပြေးကြမည့် လူငယ်များသည် စစ်ဘေးရှောင် ပြည်သူများရှိပြီးဖြစ်သည့်ဒေသများအပေါ်သို့ သက်ရောက်မှုများ ရှိလာနိုင်သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မတ်လ ၁၁ ရက်အထိ အချက်အလက်များအရ မြန်မာနိုင်ငံ၏ စစ်ဘေးရှောင်ပြည်သူ ၂.၈ သန်းကျော်အထိရှိပြီဖြစ်ပြီး၊ စစ်ကိုင်းတွင် ၁.၁ သန်း၊ ရခိုင်တွင် ၃၄၉,၁၀၀ ဦး၊ မကွေးတွင် ၂၃၅,၈၀၀ဦးအထိ ရှိနေသည်။
IOM၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနှင့် ထိုင်းနယ်စပ်တွင် ထိုင်းနိုင်ငံသား မဟုတ်သူ လူဦးရေ ၁.၄ သန်းရှိနေပြီးထိုအထဲမှ ၆၃,၀၀၀ ဦးခန့်မှာ စစ်အာဏာသိမ်းမှုစတင်ပြီး နောက်ပိုင်း ရွှေ့ပြောင်းလာသူများဖြစ်သည်။
ထို့အတူမြန်မာပြည်သူ ၅၀,၆၀၀ ခန့်မှာ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းခဲ့ကြရသည်။၂၀၂၃ ခုနှစ်၊ ဇွန်လ (၃၀) ရက်အထိ UNHCR အချက်အလက်များအရ မြန်မာပြည်သူ ၁.၁ သန်းကျော်မှာ အိမ်နီးချင်းနိုင်ငံများတွင်ဒုက္ခသည် သို့မဟုတ် နိုင်ငံရေးခိုလှုံခွင့်တောင်းခံနေသူများအဖြစ် ရောက်ရှိနေကြသည်။
အကြမ်းဖက်စစ်အုပ်စု၏ပေါ်ပေါ်ထင်ထင် ဖမ်းဆီးခြင်း၊ အတင်းအဓမ္မပေါ်တာဆွဲ၊ စစ်မှုထမ်းခေါ်ဆောင်ခြင်း ဖိအားများကြောင့်အလျင်စလို နေရပ်စွန့်ခွာကြမည့် လူငယ်များအနေဖြင့် လူကုန်ကူးခံရနိုင်မှုပြဿနာများ၊ တရားမဝင် အလိမ်အညာ (ကျားဖြန့်) လုပ်ငန်းများသို့ ရောက်ရှိနိုင်သည့် အခြေအနေများလည်း ရှိနေသည်။
အကြံပြုချက်များ
တော်လှန်ရေးအင်အားစုများအနေဖြင့်အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် စစ်မှုထမ်းခေါ်ယူမှုကို တုံ့ပြန် ဆောင် ရွက်ကြရာတွင်အောက်ပါအချက်များကို ထည့်သွင်း အလေးထားဆောင်ရွက်သင့်ပြီး၊ လက်တွေ့ လုပ်ဆောင်နိုင် သည့်လုပ်ငန်းများ၊ အကန့်အသတ်များကိုလည်း လူထုထံ ရှင်းရှင်းလင်းလင်း တင်ပြရန် လိုသည်။
· ပြည်တွင်းရှိပြည်သူအချင်းချင်းကြား ပံ့ပိုးကူညီမှုဖြင့် ရပ်ရွာ၏ ခံနိုင်ရည်ကို မြှင့်တင်ရန် ကြိုးပမ်းမှုများကိုအားပေးခြင်း၊ ပံ့ပိုးကူညီခြင်း
· လွတ်မြောက်နယ်မြေသို့ခိုလှုံလာနိုင်သည့် လူထုအား လက်ခံနေရာချထားပေးခြင်း
· နယ်စပ်ဒေသများမှတဆင့်လူမှောင်ခိုကူးခံရမှုများ မရှိစေရန်အတွက် လုံခြုံစိတ်ချရသော ရွေ့ပြောင်း နေထိုင်မှုများဖြစ်လာစေရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ညှိနှိုင်းပူးပေါင်းခြင်း၊ ပံ့ပိုးကူညီခြင်း
· နိုင်ငံရပ်ခြားအထူးသဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေသည့် ပြည်သူများအတွက် သက်ဆိုင်ရာအစိုးရများ၏ဖြေလျော့မှုများ ခံစားရစေရန် ဆွေးနွေးညှိနှိုင်းတောင်းဆိုခြင်း
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ်၂၇/၂၀၁၀ဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ဖြင့် ပြဌာန်းထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်အား ဥပဒေ အာဏာတည်သည့်နေ့ရက်အဖြစ် သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၄ ဖြင့် စစ်ကောင်စီဥက္ကဌ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။
၂၀၁၀ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင်ပင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့်လည်း အရန်တပ်ဖွဲ့ဥပဒေ ကို ပြဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင်အမိန့်ကြော်ငြာစာအမှတ် ၃၂/၂၀၂၄ ဖြင့် အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့် နေ့ရက် သတ်မှတ်ကြောင်း စစ်ကောင်စီ ဥက္ကဌ လက်မှတ်ဖြင့် ဆက်လက်ထုတ်ပြန်ခဲ့သည်။ တစ်ဆက်တည်းမှာပင် အဆိုပါဥပဒေကို အကောင်အထည်ဖော်ရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄ ဖြင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း ထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း၏ တုံ့ပြန်မှု
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ဧပြီလ နှစ်သစ်ကူးအပြီးတွင် လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆောင်ရွက်နေကြောင်း၊ အပတ်စဉ်တစ်ခုကို ၅,၀၀၀ လောက် ခေါ်ဖို့ ရည်မှန်းထားကြောင်း၊ ဆိုင်းငံ့ထားလို့ရတယ်ဆိုပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်ထမ်းဆောင်ရမှာ ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရမည့်သူများကို အချိုးကျ ထည့်သွားမှာဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ ကာကွယ်ရေးနဲ့ ပတ်သက်တာကို နိုင်ငံသူ နိုင်ငံသားတိုင်း တက်မြောက်ဖို့အတွက်ပဲ ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မှုက ကျွမ်းကျင်မှုအလိုက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ကြောင်း၊ဆိုင်းငံ့ကိစ္စက ကာယကံရှင်ကိုယ်တိုင်က တင်ပေးရမှာ ဖြစ်ပြီး ၃၅ နှစ်ပြည့်ပြီးလည်း ဆိုင်းငံ့တာပြီးရင် ပြန်တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်း၊ တပ်မတော်ရဲ့ စစ်သားစုဆောင်းမှုက ပုံမှန်ထက် အနည်းငယ် နည်းသွားတာသာဖြစ်ပြီးစစ်သားစုဆောင်းမှုက ၂၀၂၁-၂၀၂၂ မှာ ကိုဗစ်ကာလရယ်၊ နိုင်ငံရေးအနေအထားကြောင့်သာ နည်းတာဖြစ်ခဲ့ကြောင်း၊ တပ်မတော်သားအင်အားစုအများစုရဲ့ မိသားစုတွေသည် အရန်အင်အားထဲမှာပါထားပြီးသားဖြစ်ပြီး ကာကွယ်ရေးအခြေခံကို သင်ကြားထားပြီးသူဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင်၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်း ဥပဒေနှင့်ကိုက်ညီသည့် အမျိုးသား ၆ ဒသမ၃သန်း၊ အမျိုးသမီး ၇ ဒသမ၇သန်း ရှိပြီး စစ်မှုထမ်းသူများကို လစာနှင့် ရိက္ခာအပြင် လိုအပ်သည့်အရာများကိုလည်း ပေးမည်ဖြစ်ကြောင်း၊ Longterm Plan မှာ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့စွမ်းရည်၊ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့စွမ်းအား၊ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ပညာ နိုင်ငံသားအားလုံး တတ်သွားဖို့လိုအပ်ကြောင်းထုတ်ဖော် ပြောကြားခဲ့သည်။
NUCC ၏တုံ့ပြန်မှု
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက"ယင်းဥပဒေအား အသက်သွင်းခြင်းသည် တိုင်းပြည်အနာဂတ်ဖြစ်သော ကျောင်းသား၊ လူငယ်များအား စစ်မြေပြင်သို့ အတင်းအကျပ် တွန်းပို့ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုရန် ကြံစည်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ဗြောင်ကျကျကျူးလွန်ခြင်း ဖြစ်သည်"ဟု တုံပြန်ထားသည်။
နိုင်ငံတကာက အကြမ်းဖက်စစ်အုပ်စု ကျူးလွန်သည့်ရာဇဝတ်မှုများအား ထိရောက်စွာ ဟန့်တား အရေးယူနိုင်ခြင်းမရှိသည့်အတွက် ပိုမိုပြင်းထန်သည့် ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်လာခြင်းဖြစ်ကာ ဒေသတွင်း မတည်ငြိမ်ကို ပို၍ ပြင်းထန်ဆိုးရွားစေမည်ဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနှင့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့် အလျင်အမြန် တုံ့ပြန်ရန်၊ ထွက်ပြေးတိမ်းရှောင်ရမည့် ပြည်သူများနှင့် လူငယ်များအား လူသားချင်းစာနာထောက်ထားမှုဖြင့် ကူညီကာကွယ်ကြရန် တိုက်တွန်းထားသည်။
တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း မိမိတို့၏ လုံခြုံရေးစည်း မကျိုးပေါက်စေဘဲ ယင်းအခြေအနေအား အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ရေး အသင့်ပြင်ဆင်ထားရန်၊ အတင်းအဓမ္မ စုဆောင်းမခံလိုသည့် ပြည်သူနှင့် လူငယ်များအနေဖြင့် ၎င်းတို့နှင့် ချိတ်ဆက်၍ လွတ်မြောက်နယ်မြေများသို့ လာရောက်ပူးပေါင်းကာ နွေဦးတော်လှန်ရေး၌ ပြတ်သားစွာပါဝင်ကြရန်၊ NUCC အနေဖြင့် NUG ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်နှင့် အစီအမံများအား အမြန်ဆုံးဖော်ဆောင်မည်ဟု ထုတ်ပြန်ထားသည်။
EROs များနှင့် ဖက်ဒရယ်ယူနစ်များ၏ တုံ့ပြန်မှု
KNU ပြောခွင့်ရသူ ပဒိုစောတောနီးက “စစ်တပ်က တရားမဝင်တဲ့ အဖွဲ့ဖြစ်ကြောင်း၊ တရားမဝင် အဖွဲ့ဖြစ်တဲ့အတွက် သူ ပြောတာက တရားမဝင်ကြောင်း၊ သူ ဘာပဲ ထုတ်ပြန်ပါစေ အသိအမှတ်မပြုကြောင်း”ဆွေးနွေးခဲ့သည်။
KNDF ဥက္ကဌ ခွန်းဘီထူးက “စစ်ကောင်စီအနေနဲ့ ဒီလုပ်ရပ်က အောင်မြင်ဖို့ ခက်ခဲကြောင်း၊ စစ်ကောင်စီတပ် အချင်းချင်းတောင် ရှေ့တန်းထွက်ဖို့ ခက်ခဲနေကြောင်း၊ စစ်ကောင်စီကို မကြိုက်တဲ့သူတွေက စစ်ထဲဝင်ရောက်ပြီး၊ စစ်ကောင်စီထဲမှာ တပ်တွင်းပုန်ကန်မှုတွေ များလာမှာ ဖြစ်ကြောင်း၊ စစ်သား စုဆောင်းတဲ့ Process က ခက်ခဲမည် ဖြစ်ကြောင်း၊ စစ်ကောင်စီက လူတွေကို လိုက်ဖမ်းပြီး စစ်မှုထမ်းခိုင်းလျှင် ဒီနည်းက သူ့အတွက် အကောင်အထည်ဖော်ရင်း ဒီ Process က လုံးပတ်ချာ လိုက်သွားနိုင်ကြောင်း၊ လူတွေကို စုဆောင်းပြီး ကြားညှပ်ပြီး ရှေ့တန်းထွက်ခိုင်းရင်လည်း နောက်ကျောမလုံ၊ အုပ်ချုပ်ရေးတာဝန် ပေးရင် တပ်တွင်းပုန်ကန်မှု၊ သတင်းပေါက်ကြားမှုတွေ ဖြစ်လာမှာဖြစ်ကြောင်း၊ အခုရက်ပိုင်းမှာ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ်ပြီးRegister လုပ်လာတာ ပိုများလာကြောင်း၊ လူထုရဲ့ လိုလားချက်ကို အာဏာသိမ်းစစ်ကောင်စီက အမြန်ဆုံးလိုက်လျောဖို့ လိုကြောင်း၊ ဒီအတိုင်း ရှေ့ဆက်သွားရင် နေရာတိုင်းမှာ သွေးထွက်သံယိုတွေ ပိုဖြစ်လာမှာ ဖြစ်တယ်။ ပြည်ပရန်ကို ကာကွယ်ဖို့ရှိမှသာလျှင် စစ်မှုမထမ်းမနေရကလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ စကစက သူ့ရဲ့ အာဏာသိမ်းမှုကို ကာကွယ်နိုင်ဖို့ လုပ်တာဖြစ်ကြောင်း၊ ဒီဗျူဟာကို ကျင့်သုံးရင် သူ့တပ်ထဲမှာ ပိုပြိုကွဲမှာ ဖြစ်ကြောင်း” ဆွေးနွေးခဲ့သည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ အုပ်ချုပ်ရေးကော်မတီဥက္ကဌ နိုင်မွန်စိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် လူငယ်တွေကို စစ်တပ်ထဲဝင်ဖို့ ဖိအားပေးနိုင်ကြောင်း၊ သို့ရာတွင် မွန်ပြည်နယ်မှာရှိသည့် မွန်လူမျိုးတော်တော်များများက ထိုင်း၊ မလေးရှားမှာ အလုပ်လုပ်ကြကြောင်း၊ သို့သော် ဒီဥပဒေကြောင့် စစ်တပ်ထဲဝင်ပြီးမှပဲ Passport ထုတ်ပေးမယ်ဆိုရင် ထိုင်းကို တရားမဝင် ဝင်ရောက်တာ များသွားနိုင်ကြောင်း၊ရဟန်းသံဃာတွေကိုလည်းဖိအားပေးပြီး ပျူစောထီးတပ်ထဲ ဝင်အောင် ဖိအားပေးနေတာ တွေ့ရကြောင်း၊ စစ်ကောင်စီရဲ့ တပ်အင်အားက တော်တော်နည်းနေတော့ နည်းမျိုးစုံနဲ့ လုပ်နိုင်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဟန်းသံဃာတော်တွေက တဆင့် ဖိအားပေးနိုင််ကြောင်း၊ နိုင်ငံခြားထွက်တဲ့ကိစ္စရယ်၊ သန်းခေါင်စာရင်းကို ကြည့်ပြီး မိဘတွေကို ဖိအားပေးနိုင်ကြောင်း၊ တော်လှန်ရေးတပ် တစ်နေရာရာမှာ ဝင်ရောက်ပြီး တော်လှန်ရေးထဲ ဝင်ရောက်ဖို့ဖိတ်ခေါ်သွားလိုကြောင်း" ဆွေးနွေးခဲ့သည်။
NUG ၏ တုံ့ပြန်မှု
အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေရမည်ဟု ထုတ်ပြန်လာခြင်းသည် တရားဝင်မှု အလျဉ်းမရှိသည့်လုပ်ရပ်သာ ဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် လုံးဝ လိုက်နာရန်မလိုကြောင်း၊ စစ်အုပ်စု၏ အကျိုးစီးပွားအာဏာကို အကာအကွယ်ယူရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကိုအကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသူမှန်သမျှနှင့် သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှု ကျူးလွန်သည့် ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်ပြီး ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ NUG နှင့် မဟာမိတ်အဖွဲ့အစည်များ ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း“ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်”ကို ထုတ်ပြန်ခဲ့သည်။
ထို့နောက် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် ရက်စွဲဖြင့် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်လျက်ရှိသည့် နိုင်ငံတကာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ထပ်မံကျူးလွန်ရန် အသင့်ရှိနေကြောင်း ထပ်မံဖော်ပြလိုက်သည့် သက်သေသာဓကဖြစ်ကာ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သည့်အခြေအနေကို ထပ်လောင်းဖန်တီးလိုက်ခြင်းဖြစ်ကြောင်း၊ NUG အနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်အသီးသီးအား အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များကို ထိရောက်စွာ တားဆီးနိုင်မည့် အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက်ပါရန် တိုက်တွန်းအပ်ကြောင်း"ပြည်သူ့စစ်မှုထမ်းဥပဒေအားအသက်သွင်းရန် အကြမ်းဖက်စစ်အုပ်စု၏ကြိုးစားအားထုတ်မှုအပေါ်သတင်းထုတ်ပြန်ချက်"ကိုထုတ်ပြန်ခဲ့သည်။
CRPH ၏ တုံ့ပြန်မှု
CRPH အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် တရားမဝင် အာဏာသိမ်းစစ်အုပ်စုက နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများအပေါ် သတ်မှတ်ပြဋ္ဌာန်းသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် တစ်စုံတစ်ရာသည် တရားဝင်မှု မရှိသည့်အတွက် ပြည်သူများအနေဖြင့် လက်ခံလိုက်နာစရာ လုံးဝမလိုအပ်ကြောင်း၊၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ကြေညာချက်အမှတ် (၃/၂၀၂၁) ဖြင့်လည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ဖက်ဆစ်စစ်ကောင်စီသည် မတရားသည့် အမိန့်အာဏာဖြင့် အာဏာတည်မြဲရေးအတွက် အလွဲအသုံးချရန် ကြိမ်းပမ်းနေကြောင်း၊ ပြည်သူကို ထပ်မံဖိနှိပ်ရေး စစ်ယန္တရားအဆင့်ဆင့်တွင် ပါဝင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းသည် ကြီးလေးသော စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်း ဖြစ်ကြောင်း၊ ရှောင်တိမ်းနေရသော ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်တိုင်းရင်းသား မဟာမိတ်များအနေဖြင့် ဒေသအလိုက် လုံခြုံရေးကဏ္ဍကို သတိပြုလျက် စနစ်တကျ ပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက်ပါရန်လည်း တိုက်တွန်းအပ်ကြောင်း၊ ILO အနေဖြင့် စစ်အုပ်စုအပေါ် ပြဋ္ဌာန်းချက်များနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအစိုးရများ၊ လွှတ်တော်များအနေဖြင့် အထူးအလေးထား၍ လက်တွေ့ကျကျ ကာကွယ်ကူညီပေးပါရန် တောင်းဆိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။
CSOs၊ သပိတ်အဖွဲ့များ၏ တုံ့ပြန်မှု
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်က “အလုပ်သမားတွေကို အချိန်မရွေး ဖမ်းလို့ရ၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ လူငယ်တွေကို ဖမ်းနိုင်ကြောင်း၊ စက်မှုဇုန်က လူငယ်တွေက ကျီးလန့်စာ စားနေရကြောင်း၊ ကုန်ထုတ်လုပ်မှု ကျဆင်းပြီး စျေးနှုန်းတွေ တက်နိုင်ကြောင်း၊ လူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် သွားလာလှုပ်ရှားမှုကို ဂရုစိုက်ရမည်ဖြစ်ကြောင်း” ဆွေးနွေးထားသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု (Anti-JuntaMass Movement - AJMM) ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ -(General Strike Committee - GSC) နှင့် လူမျိုးပေါင်းစုံ အထွေထွေသပိတ် ကော်မတီ (General Strike Committee of Nationalities - GSCN) တို့ ပူးပေါင်းပြီး “အာဏာသိမ်းစစ်အုပ်စုက အဓမ္မ စစ်သားစုဆောင်းခြင်းသည် လူမျိုးပေါင်းစုံ ပြည်သူလူထု သိရှိပြီးဖြစ်သည့်အတိုင်း စစ်မျက်နှာအသီးသီးတွင် ၎င်းတို့ ကျရှုံးနေပြီဖြစ်ကြောင်းကို မဖြစ်မနေ ဝန်ခံရခြင်းဖြစ်ကြောင်း၊ ယိုယွင်းနေသည့် အခြေအနေကို အခွင့်ကောင်းယူပြီးစစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲကို လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးက တညီတညွတ်တည်း အပြီးသတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလွန်အမင်း စိုးရိမ်မှုဖြစ်ပေါ်ကာ အလျင်စလို တုံ့ပြန်ဆောင်ရွက်ခြင်းမပြုဘဲ အခြေအနေကိုလိုက်၍ စုပေါင်းမဟာဗျူဟာနှင့် တုံ့ပြန်ရန် အရေးကြီးကြောင်း၊ ဥပဒေပါ ကင်းလွတ်ခွင့်နှင့် ဟာကွက်များကို အသုံးပြုလျက် တကိုယ်ရည် လွတ်မြောက်ရေးကြိုးပမ်းမှုများက အဖြေ မဟုတ်ကြောင်း၊ ဖြစ်ပေါ်လာမည့် အမျိုးမျိုးသော အခြေအနေများကို တုံ့ပြန်နိုင်ရန် မိမိကိုယ်တိုင်၊ မိသားစု၊ မိတ်ဆွေအသိုင်းအဝိုင်းနှင့် ရပ်ရွာ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ဘက်ပေါင်းစုံမှ မြှင့်တင်ထားရန် အရေးကြီးကြောင်း စသည့်အချက်တို့ ပါဝင်သည့် စစ်အာဏာသိမ်းမှုကို လက်မခံသောလူငယ်များ၊ လူမျိုးပေါင်းစုံ ပြည်သူလူထုကို ရက်ရက်စက်စက် ဖမ်းဆီး ညှင်းပန်းသတ်ဖြတ်နေသည့် ဖက်ဆစ်စစ်တပ်ထံသို့ မဝင်ရောက်လိုသည့် လူငယ်များအတွက်သော် လည်းကောင်း၊ လက်နက်ကိုင် တပ်ဖွဲ့များအပါအဝင် အဖွဲ့အစည်းများအတွက်သော်လည်းကောင်း၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများအတွက်သော် လည်းကောင်း၊နိုင်ငံတကာ (အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ) အတွက်သော်လည်းကောင်း တိုက်တွန်းနှိုးဆော်ချက်များပါရှိသည့် အရေးပေါ်နှိုးဆော်ချက်”ကို ထုတ်ပြန်ခဲ့သည်။
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်အဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)က“ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းဥပဒေကိုတုန့်ပြန်ရာတွင်ပြည်သူလူထုအနေဖြင့်အတတ်နိုင်ဆုံးတည်ငြိမ်မှုရှိရန် လိုအပ်ကြောင်း၊ပြည်သူ့စစ်မှုထမ်းဥပဒေသည်ပြည်သူလူထုအား အဆုံးစွန်ဖိနှိပ်သည့်အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များအဖြစ် လူထုတရပ်လုံးက ဆန့်ကျင်မှုပြုလုပ်ရာတွင်ပါဝင်ရန် လိုအပ်ကြောင်းစသည့် အချက်များ ပါဝင်သည့်အသိပေးချက်နှင့်အမျိုးသားညီညွတ်ရေးအစိုးရ၊လူမျိုးစုတော်လှန်ရေးအင်အားစုများနှင့်နွေဦးတော်လှန်ရေးအင်အားစုအသီးသီးအနေဖြင့်ဤပြည်သူစစ်မှုထမ်းဥပဒေ၏နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည်ပြည်သူလူထု၏ အခက်အခဲအကြပ်အတည်းများကိုညှိနှိုင်းအဖြေရှာကာ ထိရောက်စွာကူညီဆောင်ရွက် ပေးကြပါရန်တိုက်တွန်းနှိုးဆော်ချက်တို့ပါဝင်သည့်” သဘောထား ထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးပါတီ၏ တုံ့ပြန်မှု
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် "စစ်ဘီလူးရဲ့ သွေးရူးသွေးတမ်းလုပ်ရပ်များနဲ့ ပတ်သက်၍ "လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏နိုင်ငံရေးအမြင်သဘောထား (၃/၂၀၂၄) ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါသဘောထားထဲတွင် (၁) လုပ်ခွင့်မရှိသူရဲ့ တရားမဝင်လုပ်ရပ် (၂) လူထုကို နှိပ်စက်ခြိမ်းခြောက် ဓားပြတိုက်မယ့်လုပ်ရပ် (၃) မတည်ငြိမ်မှုတွေ ဆိုးဆိုးဝါးဝါး ပြင်းထန်လာစေမယ့် လုပ်ရပ်နှင့် (၄) သွေးရူးသွေးတမ်းဖြစ်နေတဲ့ စစ်အုပ်စုရဲ့ တိုင်းပြည်ကို မြေလှန်ဖျက်ဆီးဖို့ ခြေလှမ်းပြင်တဲ့ လုပ်ရပ်များသာ ဖြစ်ကြောင်း” စသည့် အချက်တို့ ပါဝင်ခဲ့ပါသည်။