လှုပ်ရှားဆောင်ရွက်မှုများ
နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် အဖွဲ့အစည်းများ၊ ဆက်စပ်နေသည့် အကြောင်းအရာများနှင့် ပတ်သက်သော ဖြစ်ထွန်းတိုးတက်မှုများ
အဖွဲ့အစည်းအမည်ဖြင့် ရှာရန်
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.

မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များ၊ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) တို့ စစ်ကိုင်းတိုင်းအတွင်း စက်တင်ဘာ ၂၈ ရက်က တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ သပိတ်အင်အားစုများအားလုံး တွေ့ဆုံရေး၊ ကြားကာလ အစီအမံများ ရေးဆွဲရာ၌ အင်အားစုများ စုံညီစွာ ပါဝင်နိုင်ရေး၊ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ်များ၌ ပါဝင်သင့် ပါဝင်ထိုက်သည့် အင်အားစုများ ရာခိုင်နှုန်းအချိုးတူ ပါဝင်နိုင်ရေးအပြင် သပိတ်ကော်မတီများ ကြုံတွေ့နေရသည့် မြေပြင်အခြေအနေနှင့် အခက်အခဲများအား ဆွေးနွေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း (၃၅) နှစ်ပြည့်အဖြစ် ထုတ်ပြန်ချက်တစောင်ကို စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် စစ်အုပ်စုက ပြုလုပ်လာနိုင်သည့် ရွေးကောက်ပွဲအား အသိအမှတ်မပြု ဆန့်ကျင် သွားမည် ဖြစ်ကြောင်း၊ ဒေသအလိုက် တော်လှန်ရေးအင်အားစုများအပြင် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မရှိသည့် နိုင်ငံရေးပါတီများနှင့် ထိတွေ့ဆက်ဆံမှု ပြုလုပ်နေလျက် ရှိကြောင်း စသည်တို့ ပါဝင်သည်။

NLD ပါတီမှာ စစ်ကောင်စီက ပြင်ဆင်ပြဋ္ဌာန်းသည့် ပါတီမှတ်ပုံတင်ခြင်း ဥပဒေအား ဆန့်ကျင်ကာ ပြန်လည်မှတ်ပုံတင်ခြင်းမရှိသည့်အတွက် ပါတီအဖြစ်မှ ရုပ်သိမ်းခံထားရသည်။

ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FCSS) အစည်းအဝေး (၂/၂၀၂၃) ကို စက်တင်ဘာလ (၂၀) ရက်က်အနေ့တွင်တ ပြုလုပ်င်မျိုးပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၏ အဖွင့်မိန့်ခွန်းဖြင့် ဖွင့်လှစ်ခဲ့သည်။

ယာယီသမ္မတက တော်လှန်ရေးအင်အားစုများအကြား အခြေခံပဋိညာဉ်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း (၁) နှင့် (၂) အပေါ် ဆုံချက်ထား လုပ်ကိုင်ကြရန် တိုက်တွန်းခဲ့သည်။

ပအိုဝ်းပြည်နည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပအိုဝ်းအျိုးသားဒေသများဆိုင်ရာ ပြုစုရေးဆွဲရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်သွားရန် ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့အစည်းအဝေး၌ ဆုံးဖြတ်ချက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်အမှတ် ၀၇/၂၀၂၃ ဖြင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ထုတ်ပြန်လိုက်သည်။

တိုးချဲ့အစည်းအဝေးအား ၄၈ နှစ်မြောက် ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အခမ်းအနားနှင့် တစ်ပြိုင်နက်တည်း ပြုလုပ်ခြင်း ဖြစ်ကာ ပအိုဝ်းပြည်သူများ၏ အန္တိမရည်မှန်းချက်မှာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝအာမခံချက်ရှိသည့် ပအိုဝ်းပြည်နယ်တစ်ရပ် ပေါ်ထွန်းဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ (ညောင်လေးပင်ခရိုင်)၊ မူး (မုန်း) မြို့၌ စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ကရင်အမျိုးသမီးအစည်းရုံး၏ ကိုးကြိမ်မြောက် ကွန်ကရက်အား ကျေးရွာ/အုပ်စု ၁၀ ခုမှ အမျိုးသမီးခေါင်းဆောင်နှင့် ကိုယ်စားလှယ် စုစုပေါင်း ၅၂ ဦးဖြင့် ပြုလုပ်ခဲ့သည်။

ကွန်ကရက်အတွင်း အလုပ်အမှုဆောင်ကော်မတီ ကိုးဦး ရွေးချယ်ခြင်းအပြင် ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း အစည်းအရုံး၏ လုပ်ငန်းများအား ပြန်လည်သုံးသပ်ခြင်းနှင့် နောက်လာမည့် နှစ်နှစ်အတွင်း လုပ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်။ ကရင်အမျိုးသမီးအစည်းအရုံးအား နှစ်နှစ်လျှင် တစ်ကြိမ် ပြုလုပ်ခြင်း ဖြစ်သည်။

လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis နှင့် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဝန်ကြီးများ စက်တင်ဘာ ၂၂ ရက်တွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုအတွင်း NUG နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးနှင့် ဒေသတွင်းဖွံ့ဖြိုးမှု ချိတ်ဆက်နေမှု၊ ကမ္ဘာတစ်ဝန်း ဒီမိုကရေစီ အကြပ်အတည်းဆိုက်မှုများနှင့် ချိတ်ဆက်နေမှုအား ရှင်းလင်းခဲ့သည့်အပြင် ဒီမိုကရက်တစ်နိုင်ငံငယ်များ၏ အခန်းကဏ္ဍ အရေးပါမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများ ဆွေးနွေးခဲ့သည်။

ယင်းတွေ့ဆုံမှုအား ကုလသမဂ္ဂ ညီလာခံ ကျင်းပနေသည့် နယူးယောက်မြို့၌ ပြုလုပ်ခြင်းဖြစ်ကာ NUG သည် မြန်မာ့အရေး ထောက်ခံသည့် အမေရိကန်၊ တီမောနိုင်ငံ တာဝန်ရှိသူများ၊ သမ္မတများနှင့်လည်း ဆက်တိုက်တွေ့ဆုံထားသည်။

“ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ ကူ" ခေါင်းစဉ်ဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအား စက်တင်ဘာ ၂၃ ရက်တွင် ပြုလုပ်ခဲ့သည်။

နှီးနှော ဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ ဖက်ဒရယ်ယူနစ်များ၊ တော်လှန်ရေးအင်အားစုများနှင့် မြေပြင်သပိတ်အင်အားစုများ၊ နိုင်ငံတကာမှ အကူအညီပေးနေသည့် နိုင်ငံကိုယ်စားလှယ်များ၊ စုစုပေါင်း ၂၀၅ ဦးအထိ တက်ရောက်ခဲ့သည်။

နှီးနှောဖလှယ်ပွဲအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ အခက်အခဲများနှင့် ၎င်းတို့အား ဖြေရှင်းနိုင်မည့် နည်းလမ်းများ ဆွေးနွေးခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုသည့် တီမောနိုင်ငံ သမ္မတ Jose Ramos Horta နှင့် နယူးယောက်မြို့၌ ပြုလုပ်နေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ NUG ဝန်ကြီးများ စက်တင်ဘာ ၂၁ ရက်က တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့သည်။

NUG ဘက်မှ ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေး)၊ ဒေါက်တာဇော်ဝေစိုး (ပညာရေး၊ ကျန်းမာရေး)၊ ဦးထင်လင်းအောင်(ဆက်သွယ်ရေး) အပါအဝင် ဒုဝန်ကြီးများဖြစ်သည့် ဦးမိုးဇော်ဦး၊ မြန်မာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ ပါဝင်ကာ မြန်မာ့အရေး ဆွေးနွေးခဲ့သည်။ တီမောသမ္မတမှာ (၇၈) ကြိမ်မြောက် ကုလညီလာခံ၌ မြန်မာ့အရေးနှင့် မြန်မာပြည်သူများအတွက် နိုင်ငံတကာက ထိရောက်သည့် အကူအညီများ အမြန်ဆုံးပေးရေးအတွက် မိန့်ခွန်း၌ ထည့်သွင်းတိုက်တွန်း ပြောဆိုခဲ့သည်။

စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် နိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများကို စုစည်း၍ "မြန်မာနိုင်ငံအခြေအနေနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်" အမည်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်၌ စစ်အုပ်စုက အရပ်သားများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မှု၊ အခြေခံအဆောက်အဦများ ပျက်စီးရမှု၊ ဒီမိုကရေစီလှုပ်ရှားသူများအား ဖမ်းဆီး/သတ်ဖြတ်မှု အပါအဝင် နိုင်ငံတကာက မြန်မာနှင့် သတ်မှတ်ပြီး ချမှတ်ထားသည့် ဘုံသဘောတူညီချက်များအား မလိုက်နာဘဲ ချိုးဖောက်မှုအခြေအနေများအား စုစည်းဖော်ပြထားသည်။ ထို့ပြင် စစ်အုပ်စုအား လက်နက်ကိုင်တော်လှန်ရန် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDFနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း အချက် ခြောက်ချက်ထည့်သွင်းဖော်ပြထားသည်။

မြန်မာကိုယ်စားပြု ကုလသမဂ္ဂသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဆဲဖြစ်ကြောင်း ညီလာခံဥက္ကဋ္ဌ ပြောရေးဆိုခွင့်ရှိသူ Monica Grayley က မီဒီယာများသို့ တရားဝင် ပြောဆိုထားသည်။

ယင်းသို့ ဆက်ထားရန်အတွက်  ယခုကျင်းပ နေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုကိုယ် စားလှယ် စိစစ်ရေးကော်မတီ - Credential Committee က ရွေးချယ်ရမည်ဖြစ်ကာ ကော်မတီဘက်မှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ကုလသမဂ္ဂညီလာခံ ကျင်းပနေသည့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးများနှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Joseph Kritenbrink တို့ စက်တင်ဘာ ၂၀ ရက်က တွေ့ဆုံခဲ့သည်။

NUG ဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေး) နှင့် ဦးထင်လင်းအောင် (ဆက်သွယ်ရေး)၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးမိုးဇော်ဦးနှင့် ဦးအောင်ကျော်မိုး၊ မြန်မာနိုင်ငံ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ပါဝင်ကာ တွေ့ဆုံမှုအတွင်း မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအား တာဝန်ခံရန်နှင့် အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်မည်ဟု ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။

နွေဦးတော်လှန်ရေးကာလအတွင်း ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ချင်းပြည်ကောင်စီ  ဖွဲ့စည်းရေးနှင့် မဏ္ဍိုင်သုံးရပ် ထူထောင်ရေး အကြိုညီလာခံအား စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့ရာ ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြုအဖွဲ့အစည်းမှ စုစုပေါင်း ၁၀၈ ဦး ပါဝင်ခဲ့သည်။

အကြိုညီလာခံ ဆုံးဖြတ်ချက်အရ ဦးတည်ချက် သုံးရပ် အကောင်အထည်ဖော်ရေးအတွက် Working Committee for Chinland Council Conference (WCCCC) ကို ဖွဲ့စည်းခဲ့ကာ ယင်းကော်မတီက ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ရေးဆွဲမည် ဖြစ်သည်။

စစ်အုပ်စုက ဖြတ်လေးဖြတ် လုပ်ထားသည့် ကရင်နီပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လိုအပ်ချက်များအား ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)  ထုတ်ပြန်ပြီး ကူညီထောက်ပံ့မှုများကို ပန်ကြားထားသည်။

ကရင်နီပြည်နယ်အတွင်း စစ်အုပ်စုကြောင့် ဒေသတွင်း ရွှေ့ပြောင်းနေထိုင် စစ်ရှောင်ရသူ (IDP) ၂၅၀,၀၀၀ ကျော် ရှိကာ ၎င်းတို့အတွက် အစားအစာ၊ အမိုးအကာ၊ တကိုယ်ရည်သန့်ရှင်းမှု စသည့် အရေးပေါ်လိုအပ်ချက်သုံးမျိုးကူညီနိုင်ရေးအတွက် တစ်လစာ လိုအပ်သည့် ငွေပမာဏကိုလည်း ဖော်ပြထားသည်။

ထို့ပြင် ထိုင်းအစိုးရ၊ နိုင်ငံတကာ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့များနှင့် ကမ္ဘာတစ်ဝန်းရှိ ကရင်နီနှင့် ဗမာမိသားစုဝင်များထံသို့လည်း ကဏ္ဍအလိုက် ကူညီကြရေးအချက်များကိုလည်း IEC က ထည့်သွင်းဖော်ပြထားသည်။

လက်ပတောင်းတောင်ဒေသ၌ မြန်မာဝမ်ပေါင်-ယန်စီ ကုမ္ပဏီက ကုမ္ပဏီဝင်းအတွင်း စစ်အုပ်စုအား အခြေစိုက်ခွင့် ပြုထားခြင်းနှင့် စစ်စခန်းများ ပြင်ဆင်နိုင်ရန် ပူးပေါင်းပံ့ပိုးနေမှု အခြေအနေနှင့် ပတ်သက်၍ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူများက စက်တင်ဘာ ၂၀ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ဝမ်ပေါင်ကုမ္ပဏီက ၎င်းတို့လုပ်ငန်းများ ပြန်လည်လည်ပတ်ရေးအတွက် အဟန့်အတားဖြစ်နေသည့် စီမံကိန်းအား အလိုမရှိသည့် ကျေးရွာ ၂၆ ရွာအားလုံး စစ်အုပ်စုသုံး၍ မီးရှို့ခြင်း၊ မြေယာသိမ်းခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ဥပဒေမဲ့သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပါဝင်သည့် ဒေသခံ သပိတ်ခေါင်းဆောင်များ၊ ဒေသခံပြည်သူများက ထုတ်ဖော်ပြောဆိုထားသည်။

သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရသည့် အချက်လေးချက်မှာ ဝမ်ပေါင်နှင့် စစ်အုပ်စု ပူးပေါင်းလုပ်ဆောင်နေသည့် ရာဇဝတ်မှု၊ သတ်ဖြတ်မှုများအား ဖော်ထုတ်လိုခြင်း၊ ဒေသခံပြည်သူများအား ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခနှင့် အခက်အခဲအား နိုင်ငံတကာ သိရှိစေရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ – NUG နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ကူညီဖြေရှင်းပေးရေး၊ ထိခိုက်နစ်နာခဲ့သူများအဝွက် တရားမျှတမှု ပြန်လည်ရရှိစေရေးတို့ ဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC) ၊ မုံရွာလူထုသပိတ်တိုက်ပွဲကော်မတီ (MPSSC) နှင့် အမျိုးသမီးမဟာမိတ်အင်အားစု (WAB) တို့လည်း ပါဝင်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG နှင့် ပြည်သူ့သံအမတ် ဦးကျော်မိုးထွန်းအား အသိအမှတ်ပြုရေး၊ စစ်အုပ်စု ကိုယ်စားလှယ်အား အသိအမှတ်မပြုရေး "ငါတို့ သံအမတ် - ငါတို့အသံ" လှုပ်ရှားမှုမှာ နိုင်ငံအနှံ့ ပိုမိုအားကောင်းလာလျက် ရှိသည်။

ကမ္ဘာ့ကုလသမဂ္ဂ (UN) ၏ နှစ်စဉ် အထွေထွေညီလာခံ ကျင်းပနေချိန်အတွင်း တရားဝင်မှုတိုက်ပွဲ အဖြစ် ဒီမိုကရေစီရေးလှုပ်ရှားနေသည့် အဖွဲ့များက ဆင်နွှဲနေခြင်းဖြစ်ကာ မြေပြင် ဆန္ဒပြသပိတ်စစ်ကြောင်းများ၌ အဆိုပါစာသား ရေးသားထားသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်မှုများ နေရာအနှံ့ ရှိနေသည်။ လူငယ့်အားမာန်၊ ယင်းမာပင် ဆားလင်းကြီးရွာပေါင်းစုံသပိတ်လက်ပံ့တောင်းတောင် ပင်မသပိတ်နှင့် နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းများမှ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

စစ်အုပ်စုထံ စင်ကာပူနိုင်ငံမှတစ်ဆင့် စီးဝင်နေသည် "သွေးစွန်းငွေ ဖြတ်တောက်ရေး" လက်မှတ်ထိုး တောင်းဆိုမှုကမ်ပိန်းအား စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ် ထပ်တိုးထားကာ ပြည်သူများပါဝင်ပေးကြရန် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFFC) က တိုက်တွန်း နှိုးဆော်ထားသည်။

စင်ကာပူနိုင်ငံသည် စစ်အုပ်စု လိုအပ်သည့် လက်နက်နှင့် ဆက်စပ်ပစ္စည်း၊ လေယာဉ်ဆီ၊ နည်းပညာများ ဝယ်ယူရန် ကြားခံပေးထားသည့် နိုင်ငံဖြစ်ကာ နိုင်ငံခြားငွေလွှဲပြောင်းမှုအတွက်လည်း စင်ကာပူအခြေစိုက်ဘဏ်များကို စစ်အုပ်စုက အားထားနေရသည်။ ကောက်ယူရရှိသည့် လက်မှတ်များကို စုဆောင်း၍ စစ်အုပ်စုနှင့်အဆက်ဖြတ်ရန် စင်ကာပူအစိုးရအား တောင်းဆိုသွားမည် ဖြစ်သည်။

ခေါင်းဆောင်မှု (Leadership) နှင့် လူ့အခွင့်အရေး စံတန်ဖိုးများ ဖြစ်သည့် လူ့အခွင့်အရေး (Human Rights) ၊ ကျား/မတန်တူရေး (Gender Equality) အကြောင်း အရာများအား ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှုသပိတ်ကော်မတီ (Democracy Movement Strike Committee – Dawei) အဖွဲ့ဝင်များက တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်ရှိ ကျေးရွာအချို့သို့ ကွင်းဆင်း ဆွေးနွေးပေးမှုများအား စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့သည်။

DDMSC သည် ရေရှည်ရည်မှန်းချက် (Vision) ခြောက်ရပ်၊ လုပ်ငန်းစဉ် (Mission) လေးရပ် ချမှတ်ကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လုပ်ဆောင်နေသည့် သပိတ်အင်အားစုဖြစ်ကာ နည်းဗျုဟာပိုင်း၌လည်း လူထု စည်းရုံးရေးနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ထည့်သွင်းထားသည်။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁၆ နှစ်မြောက်အဖြစ် "လူထုအကျပ်အတည်း အရင်းခံ - စစ်အာဏာရှင်စနစ် အမြစ်လှန်" ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ ၁၀ ရက်တာ လူထုလှုပ်ရှားမှု ပြုလုပ်ရန် ကချင် ပြည်နယ် လူထုလှုပ်ရှားမှုအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

လူထုလှုပ်ရှားမှုအား ရွှေဝါရောင်အကြောင်း ဟောကြ/ပြောကြ၊ လူထုအသံနဲ့ အလံကို မြင့်မားစွာ လွှင့်ကြ၊ ဖက်ဆစ်ရွေးကောက်ပွဲကို သပိတ်မှောက်/ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်ကြ ဟူသည့် ကြွေးကြော်သံ သုံးရပ်ဖြင့် လုပ်ဆောင်မည် ဖြစ်ကာ လူထုတစ်ရပ်လုံး ပါဝင်ပေးရန် Strategic Initiative Forum – SIF ၏ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (ASECC) အဖွဲ့၀င် အဖွဲ့အစည်းများနှင့် မိတ်ဘက်အဖွဲ့အစည်းများကလည်း နှိုးဆော်ထားသည်။

"လူဖြစ်ခြင်းရဲ့ အဓိပ္ပာယ် ဒို့ တော်လှန်မှ ရမယ်...၊ နိုင်ငံရေးနဲ့ ကင်းတဲ့ ပြည်သူဆိုတာ မရှိဘူး" စာသားပါ ဘန်နာအား စက်တင်ဘာ ၁၇ ရက်က လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းတစ်ခုထဲအထိ ဝင်ရောက် ချိတ်ဆွဲ၍ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များက ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါ ဆန္ဒ ထုတ်ဖော်မှုအား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် လှိုင်သာယာမြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂတို့က ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။

စစ်အုပ်စု စိတ်ကြိုက်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကောင်စီ (MNHRC) အား အာရှ-ပစိဖိတ်ဖိုရမ် (APF) မှ အဖွဲ့ဝင်အဖြစ်မှ ဖယ်ထုတ်ရန် လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) CSO Working Group on Independent National Human Rights Institution (Burma/Myanmar) က စက်တင်ဘာ ၁၈ ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားသည်။

ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးအား စက်တင်ဘာ ၂၀ – ၂၁ ရက်တို့တွင် အိန္ဒိယနိုင်ငံ၌ ပြုလုပ်မည်ဖြစ်ကာ ယင်းအစည်းအဝေးအပြင် APF က ဆက်လက်ပြုလုပ်မည့် အစည်းအဝေးများ၌လည်း MNHRC အား အသိအမှတ်မပြုဘဲ ဖယ်ထုတ်ရန် အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား ပုံစံမျိုးစုံဖြင့် ကျူးလွန်နေကာ APF ရေးဆွဲထားသည့် စည်းကမ်းများနှင့် ကွဲလွဲနေကြောင်းလည်း ထောက်ပြထားသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု ကြိုးပမ်းမှုနောက်ပိုင်း စစ်တပ်၏ ညှင်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်သည့် "ညှင်းပန်းနှိပ်စက်ခွင့်လိုင်စင်” အစီရင်ခံစာအား Equality Myanmar အဖွဲ့က စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်စစ်တပ်၏ ညှင်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသူများ၏ ဖြစ်စဉ်ပေါင်း ၂၀၀ ကျော်ကို အခြေခံရေး သားထားသည့် အစီရင်ခံစာ၌ နိုင်ငံရေးသမားများ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများအပေါ် သတ်ဖြတ်မှုများအပါအဝင် မသန်စွမ်းသူများနှင့် လိင်စိတ်ကွဲပြားသူများ (LGBTQ) များအပေါ် ညှင်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုပါ ဖော်ထုတ်ထားသည်။ ထို့ပြင် ဖမ်းဆီးခံရစဉ်အတွင်း စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း ပြည်သူများ နှိပ်စက်ခံရ၍ သေဆုံးရမှု၊ မိသားစုဝင်များအား အလောင်းပြန် မပေးမှု ဖြစ်စဉ်များကိုလည်း မှတ်တမ်းတင်ထားသည်။

တွေ့ရှိမှုများကို အခြေခံ၍ ကုလသမဂ္ဂအတွက် အကြံပြုချက် သုံးချက်၊ အာဆီယံအတွက် သုံးချက်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ – NUG အတွက် လေးချက်ကိုလည်း အစီရင်ခံစာ၌ ထည့်သွင်းထားသည်။

ရဟန်းသံဃာတော်များအနေဖြင့် စစ်အုပ်စုနှင့် ၎င်းတို့ လက်ဝေခံ အပေါင်းအပါများအား ပတ္တနိကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်းဖြင့် နွေဦးတော်လှန်ရေး၌ ဦးဆောင်လမ်းပြ ပါဝင်ပေးရန် စစ်အာဏာရှင်စနစ် အပြီး တိုင်ပျက်သုန်းရေး လှုပ်ရှားဆောင်ရွက်နေသူများက ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ၁၆ နှစ်မြောက် ဖြစ်သည့် စက်တင်ဘာ ၁၈ ရက်တွင် ကြေညာချက်ထုတ်၍ ပန်ကြာထားသည်။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ စစ်အာဏရှင်စနစ်အောက် လူထု ကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်းများ ဖြေရှင်းပေးရန်အတွက် ၂၀၀၇ ခုနှစ်တွင် ရဟန်းသံဃာတော်များက စတင်ခဲ့သည့် လှုပ်ရှားမှု ဖြစ်သည်။ ယင်းလှုပ်ရှားမှုအတွင်း ပါဝင်ခဲ့ကာ ယနေ့အချိန်အထိ စစ်အုပ်စုနှင့် အပေါင်းအပါများအား ကံဆောင်သပိတ်မှောက်ထားနေဆဲ ဖြစ်သည့် ရဟန်းသံဃာတော်များ ရှိကာ လက်ရှိ စစ်အုပ်စု ဖိနှိပ်မှုများကိုလည်း ပူးပေါင်းတွန်းလှန်သွားရန် နွေဦးတော်လှန်ရေးအင်အားစုများက စုပေါင်း ပန်ကြားထားသည်။

နွေဦးတော်လှန်ရေးအတွက် တရားဝင်မှု၏ အရေးကြီးမှုနှင့် ပတ်သက်၍ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသည့် အဖွဲ့အစည်းများ၏ စက်တင်ဘာ ၁၆ ရက်တွင် အွန်လိုင်းအခြေပြု စကားဝိုင်းတစ်ရပ် ပြုလုပ်ခဲ့သည်။

“နွေဦးတော်လှန်ရေးအတွက် တရားဝင်မှုက ဘယ်လောက်အရေးကြီးသလဲ" ခေါင်းစဉ်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကာ နာင်းမို့မို့ (အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ)၊ ဦးမျိုးသန့် (Legal Aid Myanmar) ၊ ဆလိုင်းဒိုခါရပ် (India for Myanmar) နှင့် နော်တောင် (FJMM) တို့က ဦးဆောင်ခဲ့သည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် မတရားထောင်ဒဏ်ချမှတ်ခံထားရသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ မဆုရည်လင်းအား အရှေ့ပိုင်းခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) ဖြင့် ထပ်မံတရားစွဲထားသည်။

မဆုရည်လင်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စစ်အုပ်စုက ဖမ်းဆီးပြီးနောက် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်တွင် ထောင်တွင်းတရားရုံးက အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချထားခြင်း ဖြစ်သည်။ ထိုသို့ အမိန့်ချပြီး ၅၂၇ ရက်အကြာတွင် ထပ်မံတရားစွဲခြင်းလည်း ဖြစ်သည်။

ပြည်သူ့အစိုးရ အသိအမှတ်ပြုရေးနှင့် စစ်ရာဇဝတ်ကောင်များအား ထိုက်သင့်သည့်ပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေး  တရားဝင်မှုတိုက်ပွဲ (Credential Campaign) ၌ ပြည်သူတစ်ရပ်လုံးက မြေပြင်၊ အွန်လိုင်း၊ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု ပုံစံမျိုးစုံဖြင့် ဝိုင်းဝန်းပါဝင် ဆင်နွှဲကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ပန်ကြားထားသည်။

GSCB အား နွေဦးတော်လှန်ရေးပါဝင်သည့် ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ CDM ဝန်ထမ်းများ၊ တိုင်းရင်းသားအခြေပြု တော်လှန်ရေးအင်အားစုများဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်တွင် ဖွဲ့စည်းထားသည်။

နိုင်ငံတွင်း ဖြစ်ပွားနေသည့် "အထွေထွေ အကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆီသို့" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့ပေါ်၌ ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းဆန္ဒပြ လှုပ်ရှားမှုအား ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ၊ လူ့ဘောင်သစ်လူငယ် (YNS) ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) ၊ North Dagon Oppressed People's Strike Colition - NDOPSC ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရရတကသ) ၊ Burmese Youth Revolutionary Force (BYRF) တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနား၌ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများကလည်း နည်းလမ်းပေါင်းစုံဖြင့် ပါဝင်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ပြုလုပ်သည့် အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF များ၏ နိုင်ငံတကာဒီမိုကရေစီနေ့နှင့် ပတ်သက်သည့် ခံယူချက်များကိုလည်း NUG  ထုတ်လွှင့်ခဲ့သည်။ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားအား ၂၀၀၈ ခုနှစ်မှ စ၍ နိုင်ငံတကာ၌ ကျင်းပခြင်းဖြစ်ကာ ယခုနှစ် ဆောင်ပုဒ်မှာ "ဒီမိုကရေစီ အားကောင်းဖို့ မျိုးဆက်သစ်ကို မြှင့်တင်စို့" - “Empowering the next Generation” ဖြစ်သည်။ CRPH က ပြုလုပ်သည့် အခမ်းအနားသို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) ၊  နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၊ ဥရောပပါလီမန် (EU) နှင့်  International IDEA Myanmar တို့လည်း သဝဏ်လွှာ၊ မိန့်ခွန်းများပေးပို့ခဲ့သည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ - NUCC ၏ ယင်းနေ့သဝဏ်လွှာ၌ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်အသက်သွင်းရာ၌ အရေးကြီးသည့် တရားမျှတမှုဖော်ဆောင်ရေး၊ တိုင်းပြုပြည်ပြု ညီလာခံကျင်းပရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၌ လူငယ်များကပင် ဦးဆောင်ပါဝင်ဦးမည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။

စစ်အုပ်စု အာဏာသိမ်းပြီးချိန်မှစ၍ မူးယစ်ဆေးထုတ်လုပ်မှုနှင့် နယ်စပ်ဖြတ်ကျော် တရားမဝင် သယ်ဆောင်ရောင်းချမှု ပိုများလာကာ တားဆီးကာကွယ်ရေးရေးအား တော်လှန်ရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) က သတ်မှတ်ထုတ်ပြန်ကာ ပြည်သူလူထုပါဝင်ရေးမှာ အရေးကြီး၍ ပူးပေါင်းပါဝင်ပေးရန် ပန်ကြားထားသည်။

ရခိုင်ပြည်အတွင်း စစ်အုပ်စု ယန္တရားများက လူထုအပေါ် ဖိနှိပ်မှုများ ပိုများလာကာ စစ်တွေဆန်ပြဿနာနေ့ ဟောပြောမှုနှင့် ပတ်သက်၍ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးအား တရားရုံးတင် စစ်ဆေးမှု၊ ရက္ခိုင့်တပ်မတော် (AA) နှင့်  ဆက်စပ်သည်ဆိုကာ တစ်နှစ်ခွဲကျော် ထိန်းသိမ်းထားသည့် အမျိုးသားနှစ်ဦးအား ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်မှုများ ရှိသည်။

စစ်အုပ်စု လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှပင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အများသုံးသယ်ယူပို့ဆောင်ရေး ဘတ်စ်ကား များပေါ်၌ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုတစ်ရပ်အား စက်တင်ဘာလ (၁၃) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

လှုပ်ရှားမှုအတွင်း စစ်အာဏာရှင်စနစ် လှုပ်ရှားမှုများ၌ လူထုအနေဖြင့် ပူးပေါင်းပါဝင်ကြရန်လည်း ပန်ကြားပြောဆိုထားသည်။

နိုင်ငံအတွင်း စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အတွင်း အမျိုးသမီးများနှင့် သက်ဆိုင်သည့် နိုင်ငံရေးဖိနှိပ်မှု၊ စစ်ရေးပဋိပက္ခကြားညပ်မှု၊ ခက်ခဲကြမ်းတမ်းမှုနှင့် အလုပ်သမားရေးပြဿနာများအနက် ရုံးတွင်ဆန္ဒပြမှုဖြင့် စစ်တွေအခြေစိုက် INGO တစ်မှ အမျိုးသမီးဝန်ထမ်း ၃၇ ဦးအား အလုပ်မှ ထုတ်ပစ်ခဲ့သည့် ဖြစ်စဉ်လည်း ပါဝင်သည်။

စစ်အုပ်စု အာဏာသိမ်းပြီးနောက် ဖြစ်ပွားသည့် ပဋိပက္ခများအတွင်း အမျိုးသမီး ၆၀၀ ကျော် သေဆုံးထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ ယောဒေသအတွင်း တော်လှန်ရေးအင်အားစုများက အကောင်အထည်ဖော်နေသည့် ပညာရေးလုပ်ငန်းများမှာ နွေဦးတော်လှန်ရေး အောင်မြင်စေရန် အထောက်အပံ့ဖြစ်ကာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၌ သက်ဆိုင်ရာ ယူနစ်များအတွင်း ကဏ္ဍပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံ၌ ကျွမ်းကျင်သည့် မျိုးဆက်သစ်များ ဖြစ်ထွန်းရေးအပေါ် အကျိုးသက်ရောက်စေသည့်အတွက် ဝိုင်းဝန်းကူညီပေးကြရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (Pa-O National Federal Council – PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက တိုက်တွန်းထားသည်။

ယောဒေသများဖြစ်သည့် ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်များ၌ စစ်အုပ်စု၏ တိုက်ခိုက်ဖျက်စီး၊ မီးရှို့ သတ်ဖြတ်မှုများကြောင့် ကလေးငယ်များ  ပုံမှန်ပညာရေး (Formal Education) နှင့် အဆက်ပြတ်နေကာ တော်လှန်ရေးအင်အားစုများ၏ ရပ်ရွာအခြေပြု ကိုယ်ထူကိုယ်ထ ကျောင်းများဖြင့် ပညာရေးအား အသက်ဆက်ထားရသည်။ ထို့ပြင် ယင်းဒေသများအတွင်း စစ်အုပ်စုက အင်တာနက်ပါ ဖြတ်တောက်ထားသည့်အတွက် အွန်လိုင်းအခြေပြုပညာရေးကိုကိုပါ ကလေးငယ်များ ဆုံးရှုံးနေကြရသည်။

PNFC ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က ဖွဲ့စည်းထားကာ နိုင်ငံရေး၊ စစ်ရေး၊ စီမံခန့်ခွဲရေး ဌာနကြီး သုံးခုဖြင့် လည်ပတ်နေသည်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (General Strike Committee – GSC) ၏ ပထမအကြိမ် ညီလာခံအား လွတ်မြောက်ဒေသတစ်ခု၌ ခြောက်ရက်တိုင် ပြုလုပ်ပြီးနောက် မူဝါဒရေးရာစာတမ်း ထုတ်ပြန်လိုက်သည်။

မူဝါဒစာတမ်း၌ ကော်မတီ၏ တိုက်ပွဲရည်မှန်းချက် (၃) ရပ်၊ စံတန်ဖိုး (၈) ချက်၊ မူဘောင် (၆) ရပ် ပါဝင်ကာ နိုင်ငံရေးအင်အားစုအသီးသီး ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ ပါဝင်သော တပ်ပေါင်းစုတစ်ရပ် မဖြစ်မနေ ဖွဲ့စည်းရေးနှင့် ယင်းမှတစ်ဆင် တော်လှန်ရေးညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းသင့်သည်ဟု ပါရှိသည်။

ထို့ပြင် ကဏ္ဍအလိုက် မူဝါဒ ၁၁ ချက်အား ချမှတ်ထားကာ လက်နက်မဲ့ လူထုခုခံတော်လှန်မှု - CDM ၊ လူထုသပိတ်တိုက်ပွဲနှင့် လူထုလှုပ်ရှားမှု၊ လက်နက်ကိုင်လှုပ်ရှားမှု၊ တန်းတူရေး/ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ မဟာမိတ်ဆိုင်ရာမူဝါဒ၊ နိုင်ငံခြားရေး၊ မြေယာ၊ အလုပ်သမား အခွင့်အရေးတိုက်ပွဲ၊ CDM တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများဆိုင်ရာမူဝါဒ၊ အမျိုးသမီးနှင့် လိင်ဖြစ်တည်မှု ကွဲပြားသူများဆိုင်ရာမူဝါဒ၊ ပညာရေး စသည်တို့ ဖြစ်သည်။

GSC အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မုံရွာထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံ သပိတ်တိုက်ပွဲ ဆင်နွှဲမှုအား ထောင်အာဏာပိုင်များက စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း၌ လိုက်လျော လက်ခံလိုက်ရပြီ ဖြစ်သည်။

နိုင်/ကျဉ်းများက အကျဉ်းသားတစ်ဦးလျှင် ခွင့်ပြုထားသည့် စာအုပ်သုံးအုပ်စီအား သိမ်းဆည်းထားမှု ပြန်ပေးရန်၊ ပုံစံ သုံးစုံစီ ခွင့်ပြုထားပါလျက် သိမ်းဆည်းထားမှုအား ပြန်ပေးရန်၊ သိမ်းဆည်းသွားသည့် စားအိုးစားခွက်/ အစားအသောက်နှင့် ဟင်းများ ပြန်ပေးရန်၊ အကျဉ်းသားတစ်ဦးလျှင် စာ ၁၀ စောင်/ပုံ ၁၀ ပုံ ခွင့်ပြုထားလျက် သိမ်းဆည်းသွားသည်များကို ပြန်ပေးရန် နိုင်ကျဉ်း ၅၀ ကျော်က အစာငတ်ခံဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထောင်တွင်းအစာငတ်ခံ ဆန္ဒပြပွဲအား စက်တင်ဘာ ၈ ရက်တွင် စတင်ခြင်းဖြစ်ကာ ထောင်ပြင်ပရှိ နိုင်ငံရေးအင်အားစုများကလည်း ဝိုင်းဝန်းခဲ့ကြသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်နှစ်ခုတွင် "ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် - ပြည်သူ့ဘဏ္ဍာ တည်ဆောက်" အမည်ဖြင့် "စစ်တပ်ထုတ်ကုန် သပိတ်မှောက် လှုပ်ရှားမှု" အား ကျောင်းသားများက စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည်။

လှုပ်ရှားမှုပြုလုပ်ပြီး မကြာခင်ပင် အရပ်ဝတ်စစ်သားနှင့် ရဲများက ကျောင်းပရဝုဏ်အတွင်းသို့ ရောက်ရှိလာကာ စာသင်ခန်းများသို့ ဝင်ရောက်၍ တော်လှန်ရေးလှုပ်ရှားမှုများ၌ မပါဝင်ကြရန် ခြိမ်းခြောက်ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လအထိ ရှစ်လတာအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု၌ ပါဝင်သည့် CDM ပြည်သူ့ဝန်ထမ်း ၁.၆၂၄ ဦးအား ကူညီထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က ထုတ်ပြန်ထားသည်။

ကူညီမှုအား ပြည်သူ့ရေးရာကော်မတီမှတဆင့် လုပ်ဆောင်ခြင်းဖြစ်ကာ ကျန်းမာရေး၊ မီးဖွားမှု၊ စားဝတ်နေရေး၊ နေအိမ်ရွှေ့ပြောင်းရမှု၊ နေအိမ်မီးရှို့ခံရမှု၊ ဖမ်းဆီးခံရမှု၊ ကွယ်လွန်မှုများအလိုက် ကဏ္ဍခွဲ၍ ကူညီပံ့ပိုး ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။ ကူညီမှုများအနက် မီးဖွားစရိတ်နှင့် အရေးပေါ်ဆေးကုသစရိတ် အစီအစဉ်အား ပထမဦးစာပေးအဖြစ် သတ်မှတ်ကူညီပေးသည်။

မြန်မာ့မြေတွင် လက်ခံပြုလုပ်မည့် (၂၀) ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေးပွဲအား နေရာရွှေ့ပြောင်း လုပ်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ - HRW အပါအဝင် လေ့လာသူများက ဝေဖန်ထားသည်။ ယင်းအစည်းအဝေးသို့ ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှား လေတပ်ဦးစီးချုပ်တို့က တက်ရောက်မည် မဟုတ်ပေ။

မြန်မာစစ်အုပ်စု၏ လေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ထွန်းအောင်မှာ အမေရိကန်၊ ဗြိတိန်တို့၏ ဒဏ်ခတ်အရေးယူမှုစာရင်းအတွင်း ထည့်သွင်းခံထားရသည်။ မြန်မာစစ်တပ်က အရပ်သားပြည်သူများအပေါ် လေကြောင်းသုံး တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူများစွာ သေကြေထားရသည်။

မဟာဖိုဝါဒနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်မှုများအား ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် “မုဒိန်းကောင်တွေနဲ့ ဖိုဝါဒ၊ မုတ်သင်္ဂြိုဟ်ပြချာ အဆုံးသတ်ကြ" ကြွေးကြော်သံဖြင့် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂက ဦးဆောင်ကာ တနင်္သာရီတိုင်း၊ လောင်းလုံမြို့၌ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၌ စစ်အုပ်စုအပြင် နွေဦးတော်လှန်ရေးတပ်ဖွဲ့အချို့ကလည်း ကျူးလွန်နေကြောင်းနှင့် ကျူးလွန်သူများကို ထိရောက်စွာ အပြစ်ပေးရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကိုလည်း တိုက်တွန်းထားသည်။ နှင်းဆီရောင် အမျိုးသမီးသမဂ္ဂ (ထားဝယ်) သည် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (Democracy Movement Strike Committee – Dawei) အဖွဲ့ဝင်လည်း ဖြစ်သည်။

မုံရွာအကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေသူများအား ဝန်းရံရန်နှင့် ထောင်တွင်းထောင်ပြင် ဆန့်ကျင်မှုများအား ပေါင်းစပ်ရန်၊ သွေးစည်းကြရန် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု (Anti-Junta Mass Movement – AJMM) နှင့် PMYA က တိုက်တွန်း လှုံ့ဆော်ထားသည်။

မုံရွာထောင်အတွင်း ထောင်အာဏာပိုင်များမဟုတ်ဘဲ စစ်အုပ်စုလက်အောက်ခံ လက်နက်ကိုင်များက ဝင်ရောက်စီးနင်း၊ ရှာဖွေ သိမ်းဆည်းခြင်းများ ပြုလုပ်နေ၍ နိုင်ကျဉ်းများက အချက်သုံးချက် တောင်းဆိုကာ အစာငတ်ခံ ဆန္ဒပြနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအား လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့်အတူ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron နှင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasinaနှင့် စက်တင်ဘာ ၁၁ ရက်က ဒါကာမြို့၌ တွေ့ဆုံမှုအပြီး ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီးဌာန ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။

ပူးတွဲကြေညာချက်၌ "တရားမျှတမှုနှင့် တာဝန်ခံမှု ရှိစေရန် နိုင်ငံတကာ ကြိုးပမ်းမှုအား ထောက်ခံသောအားဖြင့် ဂမ်ဘီယာနှင့် မြန်မာအမှုကို နိုင်ငံတကာ တရားရုံးရှေ့မှောက်တွင် ကြားဝင်စွက်ဖက်ရန် ပြင်သစ်က ၎င်း၏ ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်" ဟု ဖော်ပြထားသည်။ ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ICJ ၌ တရားစွဲဆိုထားခြင်း ဖြစ်သည်။

စင်ကာပူက စစ်အုပ်စုထံ လက်နက်ဆက်မရောင်းရေးနှင့် ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ရေး တောင်းဆိုရန်အတွက် အွန်လိုင်းမှတစ်ဆင့် ထောက်ခံလက်မှတ် ကောက်ယူမှုအား "သင့်လက်မှတ်နဲ့ မြန်မာပြည်ကို ကယ်တင်လိုက်ပါ" ခေါင်းစဉ်ဖြင့် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ ကော်မတီ - SURC က စက်တင်ဘာ ၁၁ ရကတွင် စတင်လိုက်သည်။

စစ်အုပ်စုကြောင့် နိုင်ငံအနေဖြင့် ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့နေရကာ လက်နက်ကိုင် တော်လှန်မှု မပြုနိုင်သူများအနေဖြင့် ဖုန်း၊ ကွန်ပျူတာမှတစ်ဆင့် လက်မှတ်ထိုး တော်လှန်နိုင်ကြောင်းလည်း SURC က တိုက်တွန်းထားသည်။ SURC အား နိုင်ငံတစ်ဝန်းရှိ ကျောင်းသားသမဂ္ဂ (၁၁၇) ၏ ကိုယ်စားလှယ်များဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက်က ဖွဲ့စည်းထားသည်။

စစ်အုပ်စုက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ မူတြော်ခရိုင်အတွင်းရှိ အရပ်သားများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရခြင်း၊ စာသင်ကျောင်း၊ ကျောင်းဘော်ဒါဆောင်အပါအဝင် ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ် ပျက်စီးမှုများစွာ ရှိနေကြောင်း စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်

ယင်းမှာ စစ်ရာဇဝတ်မှုမြောက် လုပ်ရပ်ဖြစ်၍ ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများ၊ ဒေသတွင်း အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများက ထိရောက်သည့်နည်းလမ်းသုံး၍ တိုးချဲ့၊ ပိတ်ဆို့၊ အရေးယူဆောင်ရွက်ကြရန်လည်း KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီက တိုက်တွန်းထားသည်။

မုံရွာအကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများနှင့် အတူရပ်တည်ကြောင်း "သံဖြတ်လွှ" ဓာတ်ပုံကမ်ပိန်းအား မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဦးဆောင်ပြုလုပ်က ဒီမိုကရေစီရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းပါဝင်လျက်ရှိသည်။

အစာငတ်ခံဆန္ဒပြနေသူများက အထူးရှာဖွေရေးမှ သိမ်းဆည်းသွားသော အကျဉ်းသားများပိုင်ပစ္စည်းများကို ပြန်လည်ပေးအပ်ရန်၊ ပြင်ပမှပေးပို့သော ထောင်ဝင်စာပါဆယ်များအားကန့်သတ်ချုပ်ချယ်မူမရှိပဲလွတ်လပ်စွာပေးပို့ခွင့်ပြုရန် နှင့် အစာငတ်ခံဆန္ဒပြလျက်ရှိသော ရဲဘော်များ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား အပြည့်အဝတာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် ဆက်လက်ထားရှိရေးနှင့် စစ်တပ်ကိုယ်စားလှယ် လက်မခံရေး “ငါတို့ သံအမတ်၊ ငါတို့ အသံ၊ ငါတို့ ကိုယ်စားလှယ်" "Our Ambassador, Our Voice, Our Representative” –  ကမ်ပိန်းအား ဒီမိုကရေစီရေးနှင့် တော်လှန်ရေး လှုပ်ရှားနေသည့် အင်အားစုများက ဆက်တိုက်ပြုလုပ်လျက် ရှိသည်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) ၊ ဂျပန်ရောက် Voice of Justice အဖွဲ့နှင့် မြန်မာဒီမိုကရေစီရေး လိုလားသူများက အွန်လိုင်းအခြေပြုအပြင် မြေပြင်သပိတ်အင်အားစုဖြစ်သည့် "နောက်ကြောင်းပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း" နှင့် ပူးပေါင်း၍ လုပ်ဆောင်နေသည်။

နယ်ချဲ့အင်္ဂလိပ်အား တော်လှန်မှု၌ ထိပ်ဆုံးက ပါဝင်သည့် ဆရာတော် ဦးဥတ္တမ ပျံလွန်မှု အထိမ်းအမှတ်   (၈၄) နှစ်မြောက်အား ကြိုဆိုဂုဏ်ပြုကြောင်း လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (General Strike Committee of Nationalities – GSCN) က ထုတ်ပြန်ထားသည်။ ဆရာတော်မှာ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှား မှုများ၌ ပါဝင်မှု၊ အင်္ဂလိပ်ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါ် မြန်မာပြည်က ထွက်သွားရန် ပြောဆိုမှုများကြောင့် ထင်ရှားကာ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ပျံလွန်တော်မူခဲ့သည်။

အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်ခဲ့သည် စွပ်စွဲချက်များရှိသည့် နွေဦးဆရာတော် (Ke Sa Ra Account) အား လူမှုပြစ်ဒဏ်ပေးရန်အအတွက် ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးရန် တော်လှန်ရေး အင်အားစုများအားက လှုံ့ဆော်ထားသည်။ အမျိုးသမီးမဟာမိတ်အင်အားစု  (Women Alliance Burma – WAB) က ကျူးလွန်ခံရသူများနှင့် တွေ့ဆုံမေးမြန်းပြီးနောက် နွေဦးဆရာတော်အား ကျူးလွန်မှုအား ဝန်ခံရန်နှင့်  သာသနာတော်ညှိုးနွမ်းစေ၍ လူဝတ်လဲရန် အချက်နှစ်ချက်အား တောင်းဆိုထားသည်။

ယင်းလှုံ့ဆော်မှုကိုလည်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB)အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC – Mandalay) တို့ကလည်း WAB နှင့်အတူ တောင်းဆိုထားသည်။

ဆေးတက္ကသိုလ် (မန္တလေး) ကျောင်းသားများသမဂ္ဂ တော်လှန်ရေးတပ်ဦး - UMM-SURFက ဦးဆောင်ပြုလုပ်သည့် "စွယ်တော်ပွင့်သစ်" ကမ်ပိန်းအတွက် "စွယ်တော်ပွင့်သစ်" စကားဝိုင်းအား စက်တင်ဘာ ၉ ရက်တွင် ပြုလုပ်ခဲ့သည်။ စကားဝိုင်း၌ ဆေးပညာကျန်းမာရေးမိသားစုအတွင်းမှ စစ်အုပ်စုအား တော်လှန်နေသည့် အင်အားစုများ ပါဝင်ခဲ့ကာ အခြားမိတ်ဖက် အဖွဲ့အစည်းများကလည်းအဆိုပါစကားဝိုင်းအား ၎င်းတို့ကိုယ်ပိုင် လူမှုကွန်ရက်များမှတစ်ဆင့် တိုက်ရိုက်မျှဝေခဲ့သည်။

UMM-SURF ကို ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်တွင် ဆေးတက္ကသိုလ်-မန္တလေးကျောင်းသားကျောင်းသူများကို ကိုယ်စားပြု၍ တော်လှန်ရေးအား ရှေးရှုသည် လွတ်လပ်သည့်တပ်ဦးအဖြစ်ရပ်တည်ရေး အခြေခံမူဖြင့် ဖွဲ့စည်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် ဆက်လက်ထားရှိရေးနှင့် စစ်တပ်ကိုယ်စားလှယ် လက်မခံရေး  “ငါတို့ သံအမတ်၊ ငါတို့ အသံ၊ ငါတို့ ကိုယ်စားလှယ်" "Our Ambassador, Our Voice, Our Representative” –  ကမ်ပိန်းအား ဒီမိုကရေစီရေး လှုပ်ရှားနေသည့် အင်အားစုများက ဆက်တိုက်ပြုလုပ်လျက် ရှိသည်။

မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (Myanmar Labour Alliance – MLA)အမျိုးသမီး မဟာမိတ် အင်အားစု (Women Alliance Burma – WAB) တို့ အွန်လိုင်းအခြေပြုအပြင် မြေပြင်သပိတ်အင်အားစုများနှင့် ပူးပေါင်း၍ လုပ်ဆောင်နေသည်။

အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ - မန္တလေး (AFCC) က လူမှုကွန်ရက်အခြေပြု ကမ်ပိန်းပြုလုပ်ကာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ - DDMSC ကလည်း စက်တင်ဘာ ၉ ရက်က လုပ်သည့် မြေပြင်ဆန္ဒပြလှုပ်ရှားမှုများ ယင်းစာများ ရေးသားထားသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

စစ်အုပ်စုက ကျင်းပရန်အတွက် နည်းလမ်းပေါင်းစုံ လုပ်ဆောင်နေသည့် ရွေးကောက်ပွဲမှာ တရားမဝင် ကြောင်း ထုတ်ဖော်ပြသသွားရမည်ဟု မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ (Mon State Federal Council - MSFC) -  ပုံမှန်အစည်းအဝေး (၂၇/၂၀၂၃) ၌ ကောင်စီသဘာပတိ နိုင်သုဝဏ္ဏက ထည့်သွင်းပြောဆိုထားသည်။

အစည်းအဝေးအား စက်တင်ဘာ ၉ ရက်တွင် ပြုလုပ်ခြင်းဖြစ်ကာ ကရင်နီပြည်နယ် ကြားကာလအုပ် ချုပ်ရေးကောင်စီ - IEC ၏ ဖက်ဒရယ်ယူနစ် တည်ဆောက်ရေး လက်တွေ့အကောင်အထည်ဖော်နေမှုကို ချီးကျူးဂုဏ်ပြုကာ MSFC အနေဖြင်လည်း ချမှတ်ထားသည့် လမ်းစဉ်အတိုင်း အကောင်အထည်ဖော်ရန် တိုက်တွန်းထားသည်။

(၃၂) နှစ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ - KNPFအခမ်းအနား ကို သြဂုတ်လ ၉ ရက်နေ့တွင် ကျင်းပသည်။

KNPF ကို ပြည်သူ့လုံခြုံရေးနှင့် ဘဝအေးချမ်းသာယာရေး၊ အန္တရာယ်ပြုဖျက်ဆီးမည့်သူများဘေးမှ ကာကွယ်ရေးအပြင် ကရင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုအား ကောင်းရေးနှင့် ချိုးဖောက်သူများအား ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် KNU (၁၀) ကြိမ်မြောက် ကွန်ကရက် ကျင်းပသည့် ၁၉၉၁ ခုနှစ်၊ စက်တင်ဘာ ၈ ရက်တွင် စတင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်းမတိုင်မီက ရဲတပ်ဖွဲ့လုပ်ငန်းစဉ်များအား ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO က တာဝန်ယူ ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။

ဖက်ဒရယ်လစ်ဇင် ပညာရပ်နှင့် ပတ်သက်၍ စဉ်ဆက်မပြတ် လေ့လာမှုများ ပြုလုပ်နိုင်ရန်အတွက် ဖက်ဒရယ်ဂျာနယ်၊ မြန်မာနှင့် တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ - ENAC နှင့် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး - AASYC တို့ ပူးပေါင်းတင်ဆက်နေသည့် ဖက်ဒရယ်လစ်ဇင် ပညာရပ်ဆိုင်ရာ လေ့လာခြင်းအစီအစဉ်အား စက်တင်ဘာ ၈ ရက်တွင် ထုတ်လွှင့်လိုက်သည်။

ယင်းအစီအစဉ်အား ဖက်ဒရယ်ရေးရာ အသိပညာ လေ့လာသိရှိခွင့် ရရှိစေရေး၊ အနာဂတ် ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စု တည်ဆောက်ရေး၌ အထောက်အပံဖြစ်ရေး မျှော်ရည်ထားသည်။

မုံရွာအကျဉ်းထောင်အတွင်း ထောင်ဝန်ထမ်းများမဟုတ်ဘဲ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၈ ရက်တွင် အထူးရှာဖွေရေးလုပ်မှုအား ဆန့်ကျင်သည့်အနေဖြင့် ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများက  အစာငတ်ခံ ဆန္ဒပြလျက်ရှိကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ - MPSSC  ထုတ်ပြန်ထားသည်။

ရှာဖွေရေးအတွင်း နိုင်ငံရေးအကျဉ်းသားများပိုင် ကိုယ်ပိုင်ပစ္စည်းများဖြစ်သည့် အဝတ်အစား၊ အစားအသောက်နှင့် စာအုပ်များအား သိမ်းဆည်းသွားသည့်အတွက် ပြန်လည်ပေးရန် တောင်းဆိုသော်လည်း ထောင်အာဏာပိုင်များက ငြင်းဆိုသည့်အတွက် အစာငတ်ခံဆန္ဒပြနေခြင်း ဖြစ်သည်။

စက်တင်ဘာ ၈ ရက်တွင် ကျရောက်သည့် ကရင်နီအမျိုးသားအာဇာနည်နေ့အတွက် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council – KSCC) သဝဏ်လွှာပေးပို့ရာ၌ ကရင်နီအမျိုးသား ခေါင်းဆောင်၊ ရဲဘော်၊ ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းကာ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ စည်းလုံးညီညွတ်စွာ ချီတက်ကာ မတရားမှုများအား ဆက်လက်တွန်းလှန်မည် ဟု ကတိကဝတ်ပြုကြောင်း ဖော်ပြထားသည်။

ကရင်နီအမျိုးသားအာဇာနည်နေ့အား ကရင်နီအမျိုးသားခေါင်းဆောင် ဂိုဘီတူရီ ကျဆုံးသည့်နေ့အား အစွဲပြု၍ ကျင်းပလာခဲ့သည့်မှာ ၇၅ နှစ် ရှိပြီ ဖြစ်သည်။ KSCC သည် ကရင်နီ နိုင်ငံရေးအခန်းကဏ္ဍအား ဦးဆောင်ကာ ကြားကာလ ပြည်နယ် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍများအားအကောင်အထည်ဖော်ရေး ရည်မှန်းချက်များဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်တွင် စတင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

(၄၃) ကြိမ်မြောက် အာဆီယံအစည်းအဝေးအား အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ စက်တင်ဘာ ၅ ရက်က ပြုလုပ်ပြီးနောက် မြန်မာအရေးနှင့် ပတ်သက်၍ ချမှတ်ထားသော ဘုံသဘောတူညီချက် (၅) အကောင်အထ ထည်ဖော်မှုနှင့် စပ်လျဉ်းသည့် သုံးသပ်ချက်၊ ဆုံးဖြတ်ချက်များအား ကြိုဆိုကာ အရေးယူဒဏ်ခတ်မှု အစီအစဉ်များ အမြန်ဆုံးချမှတ်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ - CRPH က စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ကမ္ဘာ့နိုင်ငံများက စစ်အုပ်စုအား လေယာဉ်ဆီဖြတ်တောက်ခြင်း၊ ဘဏ္ဍာရေးဖြတ်တောက်ခြင်းနှင့် သံ တမန်ရေးအရ ဖိအားပေးခြင်းများ တိုးမြှင့်ချိန်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်း ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ကွန်ရက် စီစဉ်သည့် ၁၀၈ ကြိမ်မြောက် ဘာသာပေါင်းစုံ အတူလက်တွဲ စစ်အာဏာရှင်ဖြုတ်ချပွဲ စကားဝိုင်းအစီအစဉ်ဖြစ်သည့် "ပြစ်ဒဏ်ကင်းလွတ်နေသော ဖက်ဆစ်စစ်မိတစ္ဆာများနှင့် အနာဂတ် တရားမျှတမှု" စကားဝိုင်းတွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေး ပါဝင်ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုအတွင်း စစ်အုပ်စုက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုများမှာ ယခင်ကာလများထက် ယခုနွေဦးတော်လှန်ရေး ကာလ၌ ပိုများလာကြောင်း ထောက်ပြထားသည်။

စစ်အုပ်စုထံ စီးဝင်နေသည့် ဝင်ငွေများ ဖြတ်တောက်ရေးဆိုင်ရာ ဘဏ္ဍာရေးတိုက်ပွဲ ဆင်နွှဲသည့် "ဖက်ဆစ်စစ်ဝင်ငွေ ဖြတ်တောက် - ပြည်သူ့ဘဏ္ဍာ တည်ဆောက်" ကမ်ပိန်းနှင့် ပတ်သက်၍ နွေဦးတောလှန်ရေးအတွင်း ပါဝင်နေသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ကိုတေဇာစန်း၊ မချောစုစံ၊ မခတ်ဆစ် တို့ပါဝင်သည့် ရုပ်သံသတင်းစကားကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) က စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ကမ်ပိန်းသည် စစ်အုပ်စုဝင်ငွေ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျသွားရေး ရည်မှန်းထားကာ သပိတ်မှောက်ရမည့် ကုန်စည်များကိုလည်း ကြေညာထားသည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC-HA) က ရေးဆွဲကာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၁ ရက်တွင် "လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ မူဝါဒ" အား အတည်ပြုလိုက်သည်။

မူဝါဒအား လူနှင့် သဘာဝဘေးအန္တရာယ် ခံစားရသည့် ပြည်သူများအား အကူအညီပေးရေး၊ အကူအညီပေးသည့် အဖွဲ့အစည်းများက မူဝါဒအား အခြေခံလမ်းညွှန်ချက်အဖြစ် ကျင့်သုံးရေး၊ ဖက်ဒရယ်ပြည်ထောင်စု- ဖက်ဒရယ်ယူနစ်-ဒေသန္တရအဖွဲ့အစည်းအကြား အကူအညီပေးရေးလုပ်ဆောင်ရာ၌ နားလည်မှုရှိစွာ ချိတ်ဆက် ညှိနှိုင်းနိုင်ရေး ရည်ရွယ်ချက်များဖြင့် ရေးဆွဲထားသည်။

မူဝါဒဆိုင်ရာ ပြဋ္ဌာန်းချက် ခြောက်ချက်၊ စံတန်ဖိုး ငါးချက်၊ ကျင့်သုံးရမည့် အခြေခံမူ ၁၀ ချက်၊ လုပ်ငန်းတာဝန် ၁၁ ချက် ပါရှိကာ ၎င်းတို့အား ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေ၊ လိုအပ်ချက်များအပေါ် မူတည်၍ ပြန်လည်သုံးသပ်၊ ဖြည့်စွက်ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။ စံတန်ဖိုးများအဖြစ် လုပ်ငန်းများ လုပ်ဆောင်ရာ၌ လူသားချင်းစာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ လွတ်လပ်စွာ ဆောင်ရွက်ခြင်း၊ ဘက်မလိုက်ခြင်း စသည့် လမ်းညွှန်အခြေခံမူ လေးရပ်ကိုလည်း ထည့်သွင်းထားသည်။

NUCC အနေဖြင့် မူဝါဒစာတမ်းပါ စံတန်ဖိုး၊ လုပ်ငန်းစဉ်များအား တော်လှန်ရေး (ကြားကာလ) အတွင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများ ကျင့်သုံးရမည့် လမ်းပြမြေပုံအဖြစ် အသုံးပြုမည်ဟုလည်း ကြေညာထားသည်။

“ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း" နှစ်နှစ်ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန့်အား အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဒုတိယသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၇ တွင် ပြောကြားခဲ့သည်။

အခြေပြမိန့်ခွန်း၌ NUG လက်အောက်ရှိ အုပ်ချုပ်ရေးယန္တရားများဖြစ်သည့် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ - ပအဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ နှင့် တရားရေးဌာန တာဝန်ယူထားသူများ လိုက်နာရမည့် အခြေခံ အချက်များအား လမ်းညွှန်ထားကာ စစ်ရေး၌ စနစ်တကျ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု (Chain of Command) နှင့် စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း (Code of Conduct) အရေးကြီးမှုလည်း သတိပေးထားသည်။

နှစ်နှစ်ပြည့် မိန့်ခွန်း၌ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ စစ်ရေးအရ အရေးပါမှု ကို အသိအမှတ်ပြုထားကာ နိုင်ငံတကာမိတ်ဆွေများနှင့် ပတ်သက်၍ အမေရိကန်က Burma Act ဥပဒေ ပြဋ္ဌာန်းမှုကို ကျေးဇူးတင်ကြောင်းနှင့် ဥပဒေပါ အချက်အလက်များ အလျင်အမြန် အကောင်အထည်ဖော်ရေးအတွက် တိုက်တွန်းထားသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council – IEC) က ဌာနကြီး ငါးခုအတွက် ဌာနမှူးကြီးများနှင့် ဒုတိယဌာနမှူးများအား စက်တင်ဘာ ၇ ရက်တွင် ခန့်အပ်တာဝန်ပေးလိုက်သည်။ ပြည်ထဲရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနနှင့် စီမံကိန်၊ ဘဏ္ဍာရေးနှင့် အခွန်ဌာန တို့၏ ဌာနမှူးနှင့် ဒုဌာနမှူးများကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

IEC ကို ၂၀၂၃ ခုနှစ် ဇွန် ၆ ရက်က ဦးတည်ချက် ငါးရပ်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

(၇၅) နှစ်မြောက် ကရင်နီ အမျိုးသားအာဇာနည်နေ့သို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni Nationall Progressive Party – KNPP)  က စက်တင်ဘာ ၈ ရက်က သဝဏ်လွှာပေးပို့ရာ၌ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘဝတူ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ထည့်သွင်းဖော်ပြထားသည်။ လက်ရှိ နိုင်ငံ နိုင်ငံရေးအခင်းအကျင်းမှာ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ တစ်ပါတည်း ရှိနေကာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ပြီဖြစ်သည့် တော်လှန်ရေးအား ခွန်အားအသစ်များ ဆောင်ကြဉ်းပေးနေကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။ KNPP ကို ၁၉၄၈ ခုနှစ်ကတည်းက ဖွဲ့စည်းထားကာ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆေက်ရေးကို ရည်ရွယ်သည်။ ၎င်း လက်အောက်တွင် ကရင်နီတပ်မတော် (Karenni Army) ရှိကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ငြိမ်းချမ်းရေးဆွေးနွေးမှုများအား လက်မခံကြောင်း ပြတ်သားစွာ ငြင်းဆန်ထားသည်။

မြန်မာစစ်အုပ်စု နိုင်ငံအတွင်း အကွက်ချ ဖိနှိပ်မှုနှင့် နှိပ်ကွပ်မှုများ ပြုလုပ်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး မျှော်လင့်ချက် နင်းချခံထားရပြီဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် ဂူတားရက်စ်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် စက်တင်ဘာ ၇ ရက်က ပြုလုပ်သည့် အမေရိကန်၊ တရုတ်၊ အာဆီယံနှင့် ဒေသတွင်းခေါင်းဆောင်များ၌ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာ့အခြေအနေမှာ ယမန်နှစ်က ပိုမိုဆိုးရွားနေကာ ရက်စက်သည် အကြမ်းဖက်မှုနှင့် ဆင်းရဲမွဲတေမှုလည်း ပိုဆိုးရွားလာနေကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ၂၀၁၇ ခုနှစ်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရသည့် ရိုဟင်ဂျာများ ဘေးကင်းစွာပြန်နိုင်ရေးကို မမြင်ရသေးကြောင်း ဆိုထားသည်။

ဂူတားရက်စ်သည် ဖမ်းဆီးထားသည့် နိုင်ငံရေး ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးနှင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး ပြန်သွားရန် စစ်တိုအုပ်စုကို တိုက်တွန်းတောင်းဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန – MOD က ပြည်သူ့ ခုခံတွန်းလှစ်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာအား စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်၌ "မဟာဗျူဟာမြောက် တပ်တည်ဆောက်မှုနှင့် တပ်ဖြန့်နေရာယူနိုင်မှု"၊ "ခုခံတွန်းလှန် စစ် ပထမနှစ်နှင့် ဒုတိယနှစ် စစ်ရေးအခြေအနေ နှိုင်းယှဉ်သုံးသပ်ချက်"၊ "ခုခံစစ်အတွင်း စခန်းသိမ်းနိုင်မှု အခြေအနေ"၊ "ပြည်သူ့ရင်ခွင် ခိုလှုံမှုအခြေအနေ"၊ "မဟာဗျူဟာမြောက် ထိုးစစ်ပြင်ဆင်မှု" ဟူ၍ ကဏ္ဍခွဲကာ ဖော်ပြထားသည်။ စခန်းသိမ်းတိုက်ပွဲမှာ ပထမနှစ်အတွင်း ၂၈ ခုရှိကာ ဒုတိယနှစ်၌ ၁၀၇ ခုအထိ ရှိကာ ကရင်နီ၊ ကရင်နှင့် စစ်ကိုင်းတို့၌ ဖြစ်သည်။ ထို့ပြင် ခုခံတော်လှန်စစ် ဒုတိယနှစ်အား "မဟာဗျူဟာ ထိုးစစ်အကြိုကာလ" သို့ ကူးပြောင်းပြီ ဖြစ်ကြောင်း၊ တော်လှန်ရေးပန်းတိုင်မှာ "စနစ်ပြောင်းလဲရေး" ဖြစ်ပြီး စစ်အာဏာရှင်စနစ် အကြွင်းမဲ့ ချုပ်ငြိမ်းကာ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရန်၊ လုံခြုံရေးကဏ္ဍ၌ လူမျိုးကြီးဝါဒ လွှမ်းမိုးသော အာဏာရှင်စစ်တပ်အား ဖျက်သိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီနှင့် ဆီလျော်သည့် ဖက်ဒရယ်တပ်မတော် ထူထောင်သွားရန် ဖြစ်ကြောင်း အစီရင်ခံစာ၌ ပါဝင်သည်။

ပြည်သူ့ခုခံတော်လှန်စစ် ပြုလုပ်ရန် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ က ကြေညာခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် "လမ်းအားလုံး နေပြည်တော်သို့" အမည်ဖြင့် စစ်ရေးစီမံချက်များ ချမှတ်ထားသည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်၌ စစ်အုပ်စုသည် လေကြောင်းမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့ မနက် (၈း၅၀) မိနစ် အချိန်တွင် လော်မူသော ကျေးရွာအတွင်း နှင့် ဘုရားလေးကုန်းဘုန်းကြီးကျောင်း အနီးသို့ ဗုံးကြဲတိုက်ခိုက် ခဲ့သောကြောင့် စောချိုပီး၏ နေအိမ် (၁)လုံး ပျက်စီးကာ ဘုန်းကြီးကျောင်း (၁)လုံး အနည်းငယ် ပျက်စီး ခဲ့ရပြီး ဒေသခံပြည်သူလူထု (၇၀၀) နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ စာသင်ကျောင်း (၂) ကျောင်းလည်းယာယီပိတ်ထားခဲ့ရသည်။

စစ်အုပ်စု လက်အောက်ခံတပ်သားများ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံကြရန် CDM လှုပ်ရှားမှု၌ ပါဝင်ကြရန် စည်းရုံးလှုံ့ဆော်သည့် လှုပ်ရှားမှုများအဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လက်ကမ်းစာစောင် ၂၃၀၀ ကျော် ဖြန့်ဝေခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုများကို ဖက်ဆစ်တပ်၏ ဖိနှိပ်မှုများ ပြင်းထန်တင်းကြပ်နေသည့်ကြားမှ  ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် ပြည်သူ့ရင်ခွင် (People’s Embrace)၊ Kyimyindaing Networks - K.M.D18)၊ Mayangone Democratic Front (M.D.F) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံ၊ နေပြည်တော်တွင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို မတက်ရောက်ရန် အာဆီယံနိုင်ငံများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက စက်တင်ဘာ ၆ ရက်နေ့တွင် တောင်းဆိုခဲ့သည်။  

စစ်အုပ်စုနှင့် "ထိတွေ့ဆက်ဆံနေခြင်း၊ ပူးပေါင်းဆောင်ရွက်နေခြင်းတို့သည် အကြမ်းဖက်မှုနှင့် ဒေသတွင်း မတည်ငြိမ်မှုကို ပိုမို ဦးတည်စေနိုင်သည်" ဟု ထုတ်ပြန်ကြေညာချက်တွင် သတိပေးထားသည်။ 

(၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးရပ်အကောင်အထည်ဖော်မှုနှင့် ပတ်သက်သည့် ပြန်လည်သုံးသပ်မှုကို ၂၀၂၃ စက်တင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ရာ သုံးသပ်ချက် ရှစ်ရပ်နှင့် ဆုံးဖြတ်ချက် ၁၁ ရပ် ထွက်ရှိလာသည်။

သုံးသပ်ချက်များ၌ ဘုံသဘောတူညီချက်ကို စစ်ကောင်စီ အကောင်အထည်ဖော်မှု မပြနိုင်မှုအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ဖော်ပြထားကာ စကစ အပါအဝင် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် အရပ်သားများ၊ အခြေခံနှင့် ဘာသာရေးအဆောက်အဦများအား ပစ်မှတ်ထား တိုက်ခိုက်မှုများ ရပ်တန့်ရန်၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးမဟုတ်သော ကိုယ်စားပြုမှုအား ဆက်ထားရန်၊ ၂၀၂၆ အဖွဲ့ဥက္ကဋ္ဌအဖြစ် မြန်မာအစား ဖိလစ်ပိုင်မှ တာဝန်ယူရန်၊ မြန်မာ ပြည်တွင်း IDP များအား AHA Center မှ ဆက်လက်ကူညီပံ့ပိုးရန်နှင့် လာမည့်အစည်းအဝေးများ၌ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်များအား ပြန်လည်သုံးသပ်ကာ တိုးတက်မှု ရှိ၊ မရှိ စောင့်ကြည့်၍ ထိပ်သီးအစည်းအဝေး၌ တင်ပြရန် နိုင်ငံအလိုက် နိုင်ငံခြားရေးဝန်ကြီးများအား တာဝန်ပေးအပ်ထားသည်။

"မြန်မာနိုင်ငံက ပိုင်ဆိုင်ပြီး၊ မြန်မာနိုင်ငံကပင် ဦးဆောင်သော ဘက်စုံလွှမ်းခြုံသည့် နိုင်ငံရေး ဖြေရှင်းချက်" ပေါက်ထွက်ရေးကို ဆက်လက်တွန်းအားပေးထားပြီး၊ အာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှား၏ "သက်ဆိုင်ရာ အကျိုးသက်ဆိုင်သူများနှင့် အလွတ်သဘော ထိတွေ့ဆက်ဆံမှုများ" ဆက်လက်ပြုလုပ်ရမည်ဟု ဖော်ပြထားသည်။