၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေကို ဖျက်သိမ်းရန် လူထုသပိတ်လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပြီးနောက် မတ်လ ၃၁ ရက်တွင် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - Committee Representing Pyidaungsu Hluttaw (CRPH) က "ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အပြီးသတ်ဖျက်သိမ်းကြောင်း ကြေညာခြင်း" ဟူ၍ ကြေညာချက်အမှတ် ၂၀/၂၀၂၁ ဖြင့် ထုတ်ပြန်ခဲ့သည်။
CRPH ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာအပြီး NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ၏ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ - PPST က ဖွဲ့စည်းပုံ ပျက်သိမ်းကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကြေညာချက်အား ကြိုဆိုကြောင်း ဧပြီလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
၂၀၀၈ ခုနှစ် မေလ ၂၉ ရက်တွင် စစ်အာဏာရှင်စနစ်အောက် ကျင်းပသော လွတ်လပ်မှုမရှိသည့် ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံက ပေါက်ဖွားလာခြင်း ဖြစ်ကာ စစ်တပ်နှင့် ဒီမိုကရေစီလိုလားသူများအကြား အငြင်းပွားမှု အများဆုံး ဖြစ်ခဲ့သည့် ဥပဒေလည်း ဖြစ်သည်။ စစ်တပ်အား နိုင်ငံရေးအရ အသာပေးထားသည့် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၂၀၁၀ တွင် တက်လာသည့် ပြည်ခိုင်ဖြိုးပါတီ အစိုးရ - USDP၊ ၂၀၁၅ တွင် တက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD လက်ထက်တို့တွင် လွှတ်တော်အတွင်းမှ ကြိုးပမ်းခဲ့ကြဖူးသော်လည်း တပ်မတော်သားကိုယ်စားလှယ်များကြောင့် အောင်မြင်မှု မရခဲ့ပေ။
မေလ ၁၈ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရက "ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးရာကော်မရှင်" ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင် စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒုဥက္ကဋ္ဌဌ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်းက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပြီး တွဲဖက်အတွင်းရေးမှူး ၂ ဦးနှင့် အဖွဲဝင် ၁၁ ဦးတိုဖြင့် ဖွဲစည်းထားသည်။
ထို့နောက် မေလ ၂၀ ရက်တွင် ကော်မရှင်၏ ပထမအကြိမ် အစည်းအဝေး ပြုလုပ်ခဲ့ရာ ယာယီသမ္မတ ဒူဝါလရှီးလက ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံရေးဆွဲရာတွင် FCDCC နှင့် EAOs များရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်အခြေခံမူများ အပေါ်အခြေခံကာ နိုင်ငံအတွက် ပိုမိုပြည့်စုံသည့် ဖက်ဒရယ်ဖွဲ့စည်းပုံတရပ်ဖြစ်ရန် နှင့် အဆိုပါ ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရာတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ ပညာရှင်များကို ဖိတ်ခေါ်ရန် တိုက်တွန်းခဲ့သည်။ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေး တိုက်ပွဲဝင်နေသည့် အစိုးရဖြစ်သည့်အလျှောက် ယခုကဲ့သို့ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် ဖက်ဒရယ်ပြည်ထောင်စုအခြေခံဥပဒေရေးဆွဲရာတွင် ပြည်သူလူထု၏ သဘောထားအမြင်များလည်း အရေးကြီးကြောင်း၊ မြန်မာပြည်၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးမည့် ဖွဲ့စည်းပုံတရပ်ဖြစ်ရန်လိုအပ်ကြောင်း၊ လက်ရှိချိန်တွင် အခက်အခဲ စိန်ခေါ်မှုများ ရှိမည်ဖြစ်သော်လည်း ညီညွတ်မှုကို အဓိကထားကာ အားလုံးပါဝင်နိုင်မည့် အခင်းအကျင်းကို ဖန်တီးပြီး ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံတရပ် ရေးဆွဲ အတည်ပြုနိုင်ရန် တိုက်တွန်းခဲ့ပါသည်။
NUCC က ရေးဆွဲထုတ်ပြန်သည့် "ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်" - အစိတ်အပိုင်း (၁)၊ အခန်း (၄) ၌ "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း" ဟူသည့် အခန်းလည်း ပါဝင်သည်။
CRPH နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - National Unity Consultative Council (NUCC) တို့ ဆွေးနွေးညှိနှိုင်းချက်အရ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်က ဖွဲ့စည်းထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရ – National Unity Government (NUG) ကလည်း ကြားကာလ အမျိုးသားညီညတ်ရေး အစိုးရ၏ လုပ်ငန်းတာဝန်သုံးရပ်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပဋိညာဉ်၏ အစိတ်အပိုင်း (၁) ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့်ဆင့်တို့ကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းအတွက် "ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန်များ" တတိယအချက်အဖြစ် "အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်ရမည်" ဟု ထည့်သွင်းထားသည်။
"ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" "အစိတ်အပိုင်း (၁) ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု ကြေညာစာတမ်း နှင့် အစိတ်အပိုင်း (၂) ကြားကာလ ဖွဲံစည်းပုံအခြေခံဥပဒေ" အခန်း (၄) ၌လည်း ယခင်အတိုင်း ထပ်မံထည့်သွင်းထားသည်။ အခန်း (၁) "ဉီးတည်ချက်နှင့် ရည်ရွယ်ချက်" အခန်း၌လည်း "၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး" ကို ထည့်သွင်းထားသည်။
NUCC က အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ "အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းအဖွဲ့" - Transitional Constitution Working Group – TCWG ကို ဖွဲ့စည်းခဲ့သည်။
၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် NUG အစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ လမ်းညွှန်မှုဖြင့် "အသွင် ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းအဖွဲ့ - Transitional Constitution Preparation Team – TCPT ကို ဖွဲ့စည်းခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး - KNU ကလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတစ်ခုတွင် "KNU အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကတည်းက လက်မခံကြောင်း၊ စစ်တပ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ပျက်သွားပြီးဖြစ်" သည် ဟု ကရင်တိုင်းရင်းသားလူထုအား ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့သည်။
၂၀၂၃ ခုနှစ် မေလ ၁၅ ရက်တွင် CRPH က ပြုလုပ်သည့် ပဥ္စမအကြိမ်အစည်းအဝေး ဒုတိယနေ့တွင် "ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်" မှ "ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်" က "နွေဦး တော်လှန်ရေးအပြီးတွင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရန်အတွက် မြေပြန့် တောင်ပေါ် ဒေသမကျန် တိုင်းရင်းသားပြည်သူပေါင်းစုံ လက်ခံနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေအား မည်သို့သော အခြေခံမူများဖြင့် ရေးဆွဲပြဋ္ဌာန်းသွားမည်ကို သိလိုကြောင်း" မေးခွန်း မေးမြန်းခဲ့သည်။
ယင်းမေးမြန်းမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရဦဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး မိုင်းဝင်းထူးက NUCC နှင့် NUG အစိုးရတို့ ရေးဆွဲအကောင်အထည်ဖော်နေသည့် ဖက်ဒရယ်ပဋိညာဉ် အစိတ်အပိုင်း (၁)၊ (၂) ရေးဆွဲမှုနှင့် သက်ဆိုင်ရာနယ်မြေများအလိုက် ဖက်ဒရယ်ယူနစ်များ ပေါ် ထွန်းလာရေး ဆောင်ရွက်ချက်များအား ရှင်းလင်းခဲ့သည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကြိုးပမ်းမှုများတွင် နိုင်ငံရေးယန္တရားများအကြားတွင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ရေးဆွဲရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ရေးဆွဲရေးဟူသည့် လုပ်ငန်းနှစ်ရပ်ရှိနေကြောင်း တွေ့နိုင်သလို၊ တော်လှန်ရေးကာလကတည်းက ကျင့်သုံးရန် တောင်းဆိုမှုများလည်း ရှိနေသည်။
ရုရှားအစိုးရက အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ဝန်ဆောင်မှုပေးရန် ရုရှားနိုင်ငံသားနှင့် ၎င်းတို့အား စောင့်ရှောက်ရန် အကြောင်းပြချက်ဖြင့် လက်နက်ကိုင်များကိုပါ မြန်မာပြည်တွင်း စေလွှတ်နေမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရုရှားလက်နက်ကိုင်များသည် ၎င်းတို့နိုင်ငံသားများအား စောင့်ရှောက်ရန်အတွက်သာ ဖြစ်သည်ဟု ရုရှားအစိုးရဘက်က ထုတ်ပြန်ထားသော်လည်း ယင်းမှာ အကြမ်းမဖက် လူထုလှုပ်ရှားမှုများအား တိုက်ခိုက်ရန် ကြိုတင်စီမံချက်သာဖြစ်ပြီး စစ်အုပ်စုနှင့် ရုရှားအကြား တရားမဝင် ချုပ်ဆိုထားသည့် စာချုပ်နှင့် သဘောတူညီချက်များအား ဖက်ဒရယ်ပြည်ထောင်စုလက်ထက်တွင် ပယ်ဖျက်သွားမည်ဟုလည်း NUCC က သတိပေးထားသည်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဂုံညှင်းနွယ်ကျေးရွာတွင် ဖြစ်ပွားသည့် အဓမ္မပြုကျင့်၊ လူသတ်မှု ကျူးလွန်သူ ဦးစဆိုသူအား သေဒဏ်ပေးသည့်ကိစ္စမှာ စလင်းမြို့နယ် လူသားစာနာတာဝန်ခံ Heineken ၏ တစ်ဦးတည်းသဘောဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဒီဇင်ဘာ ၁ ရက်က မြို့နယ်ပအဖ တာဝန်ခံ နှင်းဆီအမည်ဖြင့် လူထုထံ အသိပေး ထုတ်ပြန်ထားသည်။
CJ Platform သတင်းပေ့ချ်က နိုဝင်ဘာ ၂၉ ရက်တွင် "စလင်းမှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်သူ NUG ကြန့်ကြာလို့ မြို့နယ်ပအဖ သေဒဏ်ချမှတ်" ခေါင်းစဉ်ဖြင့် သတင်းထုတ်လွှင့်ပြီးနောက် စလင်း ပဖအ အဖွဲ့က မိဘပြည်သူ/ပြည်သူလူထုထံသို့ သတင်းထုတ်ပြန်ချက် အမည်ဖြင့် ပြန်လည်ထုတ်ပြန်ထားခြင်း ဖြစ်သည်။
တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် မြောင်းသစ်နှင့် ဂုံညှင်းနွယ်ကျေးရွာကြားတွင် ဦးစ (၄၂နှစ်) က အမျိုးသမီးတစ်ဦးအား အောက်တိုဘာ၂၁ ရက်တွင် အဓမ္မပြုကျင့်/သတ်ဖြတ်ခဲ့ကြောင်း၊ အောက်တိုဘာ ၂၂ ရက်တွင် သံသယရှိသူအား ဖမ်းဆီးပြီးနောက် ပြစ်မှုကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း၊ ပြစ်မှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဌာနထံ ဆက်လက်စစ်ဆေး ပြစ်ဒဏ်ချမှတ်ပေးရန် တင်ထားသော်လည်း ကြန့်ကြာနေသည့်အတွက် နိုဝင်ဘာ ၁၅ ရက်တွင် စလင်းမြို့နယ် ပကဖက ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ (က) အရ သေဒဏ်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာ ၂၉ ရက်အထိ ၎င်းအား ပအဖအချုပ်ထောင်၌ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း စလင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၀င် မဟန်နီကယ်အား မေးမြန်း၍ CJ Platform က သတင်းအဖြစ် ဖော်ပြထားသည်။
စစ်အာဏာရှင်အစိုးရ အဆက်ဆက် အာဏာတည်မြဲရေးအတွက် ကချင်အထူးဒေသ (၁) ဟူ၍ ခွဲခြားအုပ်ချုပ်ထားမှုအား နိုဝင်ဘာ ၂၈ ရက်မှစ၍ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဗဟိုကော်မတီက ထုတ်ပြန်လိုက်သည်။
ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ (၁) ၏ နောက်ဆုံးလက်ကျန်ဖြစ်သည့် ကန်ပိုက်တီ (ကံပိုက်တည်) မြို့အား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က နိုဝင်ဘာ ၂၀ ရက်တွင် သိမ်းယူပြီးနောက် ထိုသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ကချင်လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲမှုမရှိဘဲ အတူတကွ တန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ (၁) ဟု ခွဲခြားသတ်မှတ်ထားသောနယ်မြေများကို တပေါင်းတစည်းတည်းဖြစ်အောင် အရယူခဲ့ခြင်းဖြစ်ကြောင်း၊ လူထု၏ လူမှုစီးပွားဘဝ ဆုံးရှုံးထိခိုက်မှု မဖြစ်စေဘဲ လူသားချင်း စာနာထောက်ထားမှုအခြေခံသည့် မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားတည်ဆောက်မည် ဖြစ်၍ အထူးဒေသ (၁) အုပ်ချုပ်မှုအောက်ရှိခဲ့သည့် ဌာနေပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံး စိုးရိမ်စိတ်မရှိဘဲ KIO နှင့်ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တည်ဆောက်သွားကြရန်လည်း ဖိတ်ခေါ်ထားသည်။
ကရင်နီပြည်နယ်၌ ကျင့်သုံးမည့် ကြားကာလ ကျန်းမာရေးမူဝါဒအား ပြင်ဆင်ဖြည့်စွက်ချက်များနှင့်အတူ ကောင်စီ၏ (၄၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဆုံးဖြတ်ချက်အမှတ် (၁/၄၁) ဖြင့် အတည်ပြု ပြဌာန်းလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) က နိုဝင်ဘာ ၁၉ ရက်တွင် ကောင်စီဥက္ကဋ္ဌလက်မှတ်ဖြင့် ထုတ်ပြန်လိုက်သည်။
ကြားကာလ ကျန်းမာရေးမူဝါဒ၌ နောက်ခံသမိုင်းကြောင်း၊ နိဒါန်း၊ အမည်/မျှော်မှန်းချက်/ဦးတည်လုပ်ငန်းစဉ်နှင့် ရည်ရွယ်ချက်၊ မူဝါဒ၏ စံတန်ဖိုးများနှင့် အခြေခံမူများ၊ ကျန်းမာရေးမူဝါဒ၊ ဘဏ္ဍာရေးဆိုင်ရာပြဌာန်းချက်၊ မူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ မူဝါဒအား ဖြည့်စွက်ခြင်း၊ အထွေထွေဟူ၍ ကဏ္ဍတစ်ခုစီအလိုက် ထည့်သွင်းပြဌာန်းထားသည်။
ကျန်းမာရေးမူဝါဒကဏ္ဍအောက်၌ အမျိုးသားကျန်းမာရေး၊ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးဆိုင်ရာကောင်စီများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကျန်းမာရေး ဟူ၍လည်း သီးခြားစီ အခန်းခွဲ ပြဌာန်းထားသည်။
စစ်ကိုင်းဖိုရမ်အင်အားစုများ အားလုံးတက်ရောက်သည့် စတုတ္ထအကြိမ်မြောက် ညီလာခံ၌ ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့အား စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း (Federationof Sagaing Forum) ဟု ပြောင်းလဲသတ်မှတ်ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်အသိပေးလိုက်သည်။
ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့များပါ ပါဝင်သည့် ညီလာခံ၌ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်း၊ ကိစ္စရပ်များနှင့် ကိုက်ညီမှုရှိမည့် အမည်သစ်အား ပြောင်းလဲသတ်မှတ်ရန် ဆွေးနွေးခဲ့ပြီးနောက် ထိုသို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက ကျင်းပရန် ရည်ရွယ်သည့် ရွေးကောက်ပွဲအပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအောက်မှ ဆောင်ရွက်မည့် မည်သည့်ကိစ္စမဆို လက်ခံ၊ အသိအမှတ်မပြုကြောင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အရ ကြားကာလ စစ်ကိုင်းဒေသအားစစ်ကိုင်း ဒေသသူ/သားများကိုယ်တိုင် စီမံပိုင်ခွင့်ရှိရမည်ဖြစ်ကာ အနာဂတ်၌ ထူထောင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တွင် ပြည်သူလူထု၏ သဘောဆန္ဒနှင့်အညီ ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်မည် ဖြစ်ကြောင်း၊ ယခုသဘောထားရပ်တည်ချက်အား ဖော်ဆောင်ရာ၌ ပြည်ထောင်စုနှင့် ပြည်နယ်၊ ဒေသအလိုက် ဖြစ်ပေါ်တိုးတက်လာသည့် တော်လှန်ရေး၊ နိုင်ငံရေးအခြေအနေများနှင့် ဟန်ချက်ညီ ပေါင်းစပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ညီလာခံအပြီး ထုတ်ပြန်သည့် ဖက်ဒရေးရှင်းနိုင်ငံရေးသဘောထားရပ်တည်ချက်၌ ဖော်ပြထားသည်။
ကျင်းပသည့်ရက်စွဲ - နိုဝင်ဘာ ၅ ရက်၊၂၀၂၄ ခုနှစ်
သတင်းစာရှင်းလင်းပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်-စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ဘုံသဘာထားရပ်တည်ချက်အား၂၀၂၄ ခုနှစ်ဇန်နဝါရီလ ၃၁ရက်တွင် ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းနိုင်ငံရေးအရပူးပေါင်းဆောင်ရွက်မှုများ၊ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ် သက်၍ ပြည်သူထံရှင်းလင်းတင်ပြရန်။
သတင်းစာရှင်းလင်းပွဲဦးဆောင်သူများ
• ဒေါ်ဇင်မာအောင်၊နိုင်ငံခြားရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
• ပဒိုတာဒိုမှူး၊ အထွေထွေအတွင်းရေးမှူး၊ကရင်အမျိုးသားအစည်းအရုံး(KNU)
• ဦးအောင်ဆန်းမြင့်၊အတွင်းရေးမှူး- ၁၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)
• ဆလိုင်းထက်နီ၊လက်ထောက်အထွေထွေအတွင်းရေးမှူး၊ချင်းအမျိုးသားတပ်ဦး(CNF)
NUG - လက်တွေ့အခြေအနေကို ထင်ဟပ်တဲ့ ဆွေးနွေးမှုတွေက မဟာမိတ်တွေ ကြားထဲမှာ ဆောင်ရွက်ဖို့ လိုခဲ့တဲ့အတွက် ဘုံနိုင်ငံရေးသဘောတူညီချက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ရရှိခဲ့တယ်။နိုင်ငံတကာ Advocacy၊ Humanitarian Aid ၊ အခြားသော Public Services တွေမှာလည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ပူးတွဲသတင်းစာရှင်းလင်းပွဲကနေ စစ်အာဏာရှင်စနစ် အဆက်ဆက်အောက်မှာ ပျောက်ဆုံးခဲ့ရတဲ့ တိုင်းပြည်ရဲ့ စုစည်းညီညွတ်မှုနှင့် ဂုဏ်သိက္ခာကို ဘယ်လိုအခြေခံကနေ ပြန်တည်ဆောက်ကြမလဲဆိုတဲ့အချက်ကို မဟာမိတ်များနှင့်အတူ ရှာဖွေနေကြတယ်ဆိုတဲ့ သတင်းစကားကို ပေးချင်ပါတယ်။
CNF - မင်းအောင်လှိုင်က နိုင်ငံရေးကို နိုင်ငံရေးပြဿနာနဲ့ ဖြေရှင်းဖို့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ကမ်းလှမ်းလာတာရှိတယ်။ ယနေ့နိုင်ငံရေး ပြဿနာက ၂၀၀၈ ဖွဲ့စည်းပုံက အခြေခံဖြစ်လို့ ဒီကမ်းလှမ်းချက်ကအဓိပ္ပါယ် မရှိဘူး။ NCA မှာ လက်မှတ်ရေးထိုးပြီးဖြစ်ကာ အဲဒီအတွေ့အကြုံအရ ၂၀၂၁ အာဏာသိမ်းတော့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် NUG အပါအဝင် ညီနောင် EROs၊ ဒေသန္တရတပ်ဖွဲ့ဝင်နဲ့အတူ တိုက်ပွဲဝင်နေတာဖြစ်တယ်။
KNPP - ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြမယ်လို့ ယေဘုယျ သဘောတူထားပေမယ့် ဖက်ဒရယ်စနစ်ပုံစံ၊ တိုင်းပြည်တည်ဆောက်မယ့်ပုံစံ၊ ပြည်ထောင်စုနှင့် ပြည်နယ်ကြားက လုပ်ပိုင်ခွင့်အာဏာ ခွဲဝေကျင့်သုံးမယ့်ပုံစံကို အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ရှင်းလင်းဖို့ လိုတယ်။ တိုင်းပြည်ကို ဗဟိုမှ ပြည်နယ်များသို့ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း ဖက်ဒရယ်စနစ် (သို့) ဗဟိုအခြေပြု ဖက်ဒရယ်စနစ် (Federalizing) နဲ့ပြည်ထောင်စုအသစ်ကို တည်ဆောက်လို့ မရပါဘူး၊ ဒါက ဗဟို ချုပ်ကိုင်မှုစနစ်ဖြစ်ပြီး အာဏာရှင်စနစ်ကို ပြန်ပေါ်ပေါက်စေနိုင်သည်။ Federating/Coming Together စနစ်ဖြစ်တဲ့ Bottom-up Federalism Approach နဲ့မှပဲ နှစ်ပေါင်း ၇၆ နှစ်ကျော် တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အမျိုးသားတန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးတွေ အပြည့်အဝ ရရှိမှာဖြစ်တယ်။
ဩဂုတ်လ ၂၆ ရက်ကနေ ၂၈ ရက်နေအထိ လုပ်ခဲ့တဲ့ KNU, KNPP, CNF, NUG တို့ရဲ့ လူတွေ့အစည်းအဝေးမှာလည်း Bottom-up Federalism နဲ့ချဉ်းကပ်ဖို့၊ NUG ဝန်ကြီးဌာနများနှင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်အတွင်းမှာရှိတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ လုပ်ပိုင်ခွင့်အာဏာတွေ ခွဲဝေကျင့်သုံးဖို့ သဘောတူခဲ့ပြီးဖြစ်တယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီတွေက အကြိမ်ကြိမ် တွေ့ဆုံပြီး Bottom-Up Federalism approach နဲ့တိုင်းပြည်တည်ဆောက်ဖို့အတွက် သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တယ်။
Bottom-Up Federalism ရဲ့ အခြေခံအယူအဆများမှာ (က) အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်များဟာ ပြည်နယ်နှင့် ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ပြည်သူများဖြစ်တယ်။ (ခ) ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေမှာ တရားမျှတရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတယ်။ (ဂ) Sovereignty, Solidarity, Subsidiarity နှင့် Division of Competencies Principles ကိုအခြေခံပြီး ပြည်ထောင်စုနှင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်ကြားမှာ လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး လုပ်ဆောင်သွားမယ်။ Bottom-Up Federalism တွေက ပဋိညာဉ် (FDC) အစိတ်အပိုင်း(၁)၊ အခန်း (၄)၊ အပိုင်း (၂) ရဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများမှာ ပါရှိပြီးဖြစ်သလို၊ အပိုင်း (၃) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒများမှာလည်း ပြည်ထောင်စု၏အသွင်သဏ္ဍာန်မှာလည်းအချက် ၃ ချက်နဲ့ ဖော်ပြထားပြီးဖြစ်တယ်။
KNU - Bottom-Up Federalism - ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်မှုများကို ထောက်ခံအားပေးပြီး၊ ပြည်ထောင်စုကို အောက်ခြေ အဆင့်ကနေ အခြေခံပြီး တည်ဆောက်တဲ့ ဖက်ဒရယ်စနစ်ချဉ်းကပ်မှု လမ်းကြောင်းအတိုင်း နိုင်ငံ ပြန်လည်တည်ဆောက်နေတာ ဖြစ်တယ်။
CNF - ချင်းက ၂၀၂၀ ရွေးကောက်ခံများအစုအဖွဲ့၊ ချင်းအမျိုးသားနှင့် ဒေသန္တရအစုအဖွဲ့က ကိုယ်စားလှယ်များနှင့် တော်လှန်ရေးကာလမှာ Chinland ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၃ မှာ ရေးဆွဲအတည်ပြုပြီး Chinland အစိုးရ၊ လွှတ်တော်ကို ဖွဲ့စည်းပြီး Chinland ကို တည်ဆောက်နိုင်တာ ဖြစ်တယ်။ ဒါက ဒီမိုကရေစီနှင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝ ရှိတဲ့ ပြည်နယ်များဖြင့် ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်တဲ့ နိုင်ငံရေး အနှစ်သာရ ဖြစ်တယ်။ နိုင်ငံရေးပြဿနာဟာ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံက အရင်းခံဖြစ်တယ်။
KNU - နိုင်ငံတကာက အာဆီယံ လုပ်ဆောင်ချက်ကိုသာ စောင့်ကြည့်နေကြတယ်။ အာဆီယံ အခြေခံမူ ၅ ချက်ကနေ အကောင်အထည်ဖော်လို့ မရကြောင်းကို နည်းလမ်းရှာဖွေအကြံပြုဖို့ တာဝန်ရှိပါတယ်။ ထုတ်ပြန်ခဲ့တဲ့ ဘုံနိုင်ငံရေး ဦးတည်ချက် (၆) ချက်ကို အနှစ်ချုပ်ရမယ်ဆိုရင် (၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး စစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ဖို့ (၂) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲပြဌာန်းဖို့နဲ့ (၃) နောက်ဆုံးအချက်က ပဋိပက္ခအတွင်း မတရားကျူးလွန်မှုခံရသူများအတွက် တရားမျှတမှုရရှိဖို့နှင့် အသွင်ကူးပြောင်းရေး တရားမျှတမှုလုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့ ဖြစ်တယ်။ ASEAN ရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ အဓိက (၃)ချက်ကို အကောင် အထည်ဖော်ဖို့ ခက်နေတာကို တွေ့ရတယ်။
(၁) De-escalation of violence(အကြမ်းဖက်မှုတွေလျှော့ချဖို့) - မြန်မာစစ်တပ်က လုံးဝဥဿုံစစ်ပွဲ (Total War) အသွင်နဲ့ အရှိန်မြှင့် လုပ်ဆောင်နေတယ်၊ တစ်နိုင်ငံလုံးရဲ့ ၇၁ ရာခိုင်နှုန်းက လက်နက်ကိုင်ပဋိပက္ခကို ခံစားနေရပြီး လေယာဉ်နှင့် ဗုံးကြဲတာကို တိုးမြှင့်လုပ်ဆောင်နေတယ်၊ ASEAN နှင့် UN ကို အကြံပြုလိုတာက စစ်ကောင်စီကို De-escalation လုပ်စေချင်ရင် စစ်ကောင်စီထံသို့ စစ်လက်နက်ပစ္စည်းများရောက်ရှိနိုင်မှု ရပ်တန့်ဖို့၊ သူတို့ကို သံတမန်ရေးရာအရ တရားဝင်မှု မပေးအပ်ဖို့၊ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူမှုကို ထိန်းချုပ်နိုင်ဖို့အတွက် သူတို့ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ဖို့ စတာတွေ လိုအပ်ကြောင်းကို ခိုင်မာစွာ ထောက်ပြဖို့ လိုပါတယ်။
(၂) Humanitarian Aid ပေးအပ်ခြင်း - မြန်မာနိုင်ငံမှာ Humanitarian Aid လိုအပ်နေတာက စစ်ကောင်စီလက်အောက်ကသူတင် မကပဲ၊ EROs, NUG ထိန်းချုပ်မှုအောက်က ပြည်သူတွေများစွာလည်း လိုအပ်နေတယ်။ ဒါကြောင့်မို့ အကူအညီလိုတဲ့သူတွေဆီကို ပေးပို့တဲ့အခါမှာ Humanitarian Principles နှင့် ကိုက်ညီတဲ့ပေးအပ်မှု ဖြစ်၊ မဖြစ်ဆိုတာကို စောင့်ကြည့်လေ့လာခြင်းနှင့်အတူ တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ Mechanism တွေ လိုအပ်ပါတယ်။ မရှိရင် စကစ ကို နိုင်ငံရေးအရ အသုံးချဖို့ ဖန်တီးပေးနေသလို ဖြစ်နေမှာပါ။ နိုင်ငံတကာကို ပြောလိုတဲ့ တစ်ချက်က Humanitarian principles ကို မလိုက်နာတဲ့ နိုင်ငံတကာက ပို့ဆောင်တဲ့ အကူအညီတွေကတိုင်းရင်းသားနှင့် NUG ရဲ့ အုပ်ချုပ်ရေးအောက်မှာရှိတဲ့ ဒုက္ခသည်တွေကို အကြီးအကျယ် ဒုက္ခတွေ့စေတဲ့အတွက် Parallel Delivery System ကို အသုံးပြုဖို့ တောင်းဆိုချင်ပါတယ်။
(၃) Inclusive dialogue (အားလုံးပါဝင်သောဆွေးနွေးပွဲ) - Inclusive dialogue (အားလုံးပါဝင်သော ဆွေးနွေးပွဲ) နှင့်ပတ်သက်လို့ နိုင်ငံရေးအရ သဘောတူညီပြီး ပြေလည်မှုရှိဖို့ နည်းလမ်းရှာဖွေမှသာ Sustainable solution လို့ခေါ်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဖြေကို ရရှိဖို့ တွေ့ဆုံဆွေးနွေးပွဲတွေကတော့ လိုအပ်ပါတယ်။ ဒါကြောင့် Inclusive Dialogue ဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့အဖြေရဖို့အတွက် “ဘုံ” နိုင်ငံရေးရည်မှန်းချက်ကို ညှိနှိုင်းကြဖို့ ပထမဆုံး လိုအပ်နေတာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် မြန်မာနိုင်ငံက stakeholders များကိုယ်တိုင် ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ လုပ်ငန်းစဉ် ဖြစ်ဖို့၊ စစ်အာဏာရှင်စနစ်နှင့် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို နောက်ကြောင်းမပြန်စေမယ့်၊ ပြည်သူလူထုရဲ့ လိုလားမှုနဲ့လည်း ကိုက်ညီတဲ့၊ ဘုံနိုင်ငံရေးရည်မှန်းချက်ရရှိဖို့ တော်လှန်ရေးအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဥ်ကို အာဆီယံ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ကူညီထောက်ခံ အကျိုးဆောင်ပံ့ပိုးမှုများ ပေးအပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စကစက အဆိုပြုထားတဲ့ ရွေးကောက်ပွဲက ပဋိပက္ခတွေကို ပိုမို ပြင်းထန်စေမှာ ဖြစ်ပြီး တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ယူဆောင်ပေးမှာမဟုတ်ဘူး။
NUG - တရုတ်နိုင်ငံခြားရေးဆီကို လိပ်မူပြီး ဒီဖိတ်ကြားမှုနှင့် ဆက်သွယ်ဆောင်ရွက်မှုကို သုံးသပ်ဖို့ မေတ္တာရပ်ခံစာ ပို့ခဲ့တယ်။ စကစကို အသိအမှတ်ပြုတာမျိုး မဖြစ်ဖို့လိုတယ်လို့ ပြောလိုက်တယ်။ တရုတ်-မြန်မာဆက်ဆံရေးကို အထောက်အကူဖြစ်တာထက် အဖုအတစ်ဖြစ်ပြီး စကစကို မျက်နှာမူတဲ့ စစ်ဆင်ရေး ဖြစ်နေသွားမှာ။ ဒါသည် State visit မဟုတ်ဘဲ Regional forum ကို တက်ရောက်တာဖြစ်တယ်လို့ သဘောထား ပြန်ရတယ်။ ASEAN envoy တွေနဲ့တော့ NUG နဲ့ ပူးပေါင်းဆောင်ရွက်တာ ရှိတယ်။ မဟာမိတ်တွေနဲ့လည်း ပူးပေါင်းတွေတာ၊ သီးခြားတွေ့တာ ရှိတယ်။ ဖိအားနဲ့ ပတ်သက်လို့ကတော့ နယ်စပ်က ဘယ်လို handle လုပ်ရမလဲ သိတယ်။ NUG နဲ့ တရုတ် ဆက်ဆံရေး Channel ရှိပေမယ့် ဘေဂျင်းက ဘယ်လောက် နားထောင်လဲဆိုတာက စိန်ခေါ်ချက်ရှိတယ်။
တခြားသောနိုင်ငံရေးအဖွဲ့တုံ့ပြန်မှု- တရုတ်ရဲ့ ဖိအားပေးမှု မည်သို့ပင်ရှိစေကာမူ တိုင်းရင်းသားလူမျိုးစုတွေက ဖိအားမှုကို ကြံ့ကြံ့ခိုင်ပြီး သွားနေတာ ရှိတယ်။ ဆေးမြီးတိုနဲ့ကုလို့ ရတဲ့ဟာမျိုး မဟုတ်ဘူး၊Sustain ဖြစ်တဲ့အဖြေကို ရှာဖို့လိုတယ်။ အဖြေကို ရှာနိုင်ဖို့ လုပ်နေတာ ဖြစ်တယ်။
NUG - Opportunity windows ကို မယူနိုင်ဘူးဆိုရင် သမိုင်းမှာ ဒီအခွင့်အရေးကို မယူနိုင်တဲ့သူတွေအနေနဲ့ ကျန်ခဲ့မှာဖြစ်တယ်။ မတူညီမှု၊ သဘောထား ကွဲပြားတာ ရှိတယ်၊ ဒါပေမဲ့ မျှော်ရည်ချက်တွေ တူတယ်။ နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို ဖော်ထုတ်ပြီး ညှိနှိုင်းသွားတဲ့ ပြည်ထောင်စုကို တည်ဆောက်သွားမယ်၊ အာဏာသိမ်းမှု အဆုံးသတ်ပြီး စနစ်ကိုပြောင်းလဲနိုင်မှသာလျှင် တိုင်းပြည်အလှည့်အပြောင်း၊ စနစ်ပြောင်းသွားမှာ ဖြစ်တယ်။ တစ်စုတစ်ဖွဲ့ချင်းရဲ့ commitment က အရေးကြီးသလို စုစည်းညီညွတ်မှုကလည်း အရေးကြီးတယ်။
KNU - နိုင်ငံတကာနဲ့ ပတ်သက်လို့ message ပေးချင်တာက corruptive environment ဖြစ်တဲ့ စစ်တပ်အုပ်စိုးနေသမျှ rule of law မရှိလို့၊ consequences က non-traditional security threat ကို ပေးနေတာ ဖြစ်တယ်။ နိုင်ငံတကာက ဒါကို သတိမထားရင် သတိထားမိတဲ့အချိန်ကျရင် နှောင်းသွားပါလိမ့်မယ်၊ အဲဒါကြောင့် UNSC 2669 ကို function ဖြစ်အောင် ကြိုးပမ်းရမယ်။
KNPP - ၂၀၂၁ ပေါ်လာတဲ့ လူထုတော်လှန်ရေးက တခြား တော်လှန်ရေးနဲ့ မတူဘူး၊ ဖိအားပေးနိုင်တာတွေ အများကြီးလုပ်နေပြီ၊ တက်ညီလက်ညီနဲ့ ညီညွတ်ရေးကို ထပ်တိုးလိုက်ရင် မင်းအောင်လှိုင်က နောက်နေ့မှာ ကျဆုံးနိုင်ပါတယ်။ နိုင်ငံရေးထွက်ပေါက်အနေနဲ့သူ ကြိုးစားနေတာ ရှိတယ်၊ ရွေးကောက်ပွဲ၊ စေ့စပ်ညှိနှိုင်းရေးနဲ့ ကြိုးစားနေတာ ရှိတယ်။ ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့အားလုံး လက်ထဲမှာ ရှိတယ်။
CNF - Stakeholders တွေအနေနဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ မှန်ကန်စွာချပြီး လုပ်ရမှာ ဖြစ်တယ်။ အမြဲသတိရဖို့က ၂၀၂၁ အာဏာသိမ်းစတုန်းက ပြည်သူလူထုရဲ့ အော်သံကို သတိရကြပါ၊ အဲဒီအော်သံကနေ ပေါက်ဖွားလာတာကနေ ဒီနေ့ လက်နက်ကိုင်တဲ့အဆင့်အထိ တိုးတက်လာတာ ဖြစ်တယ်။ ဘာမှ တွေဝေစရာ မရှိပါဘူး။
စစ်ခေါင်းဆောင်၏တရုတ်ခရီးစဉ်နှင့် ပတ်သက်ပြီး NUG အပါအဝင် မဟာမိတ်အဖွဲ့များ၏ဆောင်ရွက်ချက်များ၊ NUG နှင့် K2C တို့၏ သဘောထား ရပ်တည်ချက် ထုတ်ပြန်ပြီးနောက်ပိုင်း အခြားသော တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ တုံ့ပြန်ဆောင်ရွက်မှုများ၊ တရုတ်၏ ဖိအားပေးမှုအပေါ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ ပြန်လည်တုံပြန်ဆောင်ရွက်မှုများအပေါ် မှတ်ချက်ပေးရန်၊ EROs များ၏ နယ်မြေအတွင်း စစ်ရေးဖော်ဆောင်နေသည့် အင်အားစုများအကြား ချိတ်ဆက်ဆက်ဆံရေးများနှင့် အသစ်ပေါ်ပေါက်လာသော အင်အားစုများနှင့် ချိတ်ဆက်ဆက်ဆံရေးဆိုင်ရာ မေးခွန်းများကို မေးမြန်းခဲ့ပါသည်။
ပြည်သူ့ညီလာခံဟူသည်မှာ တော်လှန်ရေးကာလ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာရွက်စာတမ်းတစ်စောင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) က ဦးဆောင်ကျင်းပသည့် ညီလာခံတစ်ရပ် ဖြစ်သည်။ တော်လှန်ရေးကာလတလျောက် ပြည်သူ့ညီလာခံကို နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ကာ ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့သည်။ ပဋိညာဉ်အရ ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ပြဌာန်းထားသော်လည်း (၂) နှစ်ကျော် ကြာပြီးမှသာ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ထပ်လောင်းအတည်ပြုထားသဖြင့် တတိယအကြိမ် ပြည်သူ့ညီလာခံကို မကြာမီ ကျင်းပလာနိုင်ဖွယ် ရှိသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NationalUnity Consultative Council - NUCC) ကို ၂၀၂၁ ခုနှစ်၊ မတ် ၈ ရက်တွင် ကနဦးစုဖွဲ့မှုဖြင့် စတင်သည်။ NUCC သည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၁) နှင့် (၂) အား ၂၀၂၁ ခုနှစ်၊ မတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၆ ရက်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (National Unity Government - NUG) ကို ဖွဲ့စည်းပေးခဲ့သည်။ ထို့နောက် ပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေး ရည်မှန်းချက်ကို ပိုမို ထင်ဟပ်လာစေရန်အတွက် ပဋိညာဉ် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်ကို ၂၀၂၁ ခုနှစ် မေ ၂၄ ရက်တွင် စတင်လုပ်ဆောင်ပြီး ပြည်သူ့ညီလာခံ၌ အတည်ပြုသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ပထမအကြိမ် ပြည်သူ့ညီလာခံတွင် တက်ရောက်သူ စုစုပေါင်း ၃၈၈ ဦး ရှိခဲ့ပြီး အတည်ပြုဆုံးဖြတ်ချက် (၈) ချက် ချမှတ်နိုင်ခဲ့ကာ ဆုံးဖြတ်ချက်များထဲ၌ ပြင်ဆင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် (၂) အား အတည်ပြုမှု၊ NUCC ကို အဖွဲ့အစည်း (၃၃) ဖွဲ့ဖြင့် ဖွဲ့စည်းမှုအား အတည်ပြုမှု၊ NUG အား ထပ်လောင်း အတည်ပြုမှု၊ NUCC နှင့် NUG ၏ လုပ်ငန်းအစီရင်ခံစာများအား အတည်ပြုမှု၊ NUCC နှင့် NUG အကြား လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများကို ဖြည့်စွက်ပြင်ဆင်ရန် ဟူသည့် ဆုံးဖြတ်ချက် ပါဝင်ခဲ့သည်။
ခြောက်လ တစ်ကြိမ် ကျင်းပရမည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ နိုင်ငံရေး ဖြစ်ထွန်းမှုဖြစ်စဉ်များအရ နွေဦးတော်လှန်ရေးအား ပိုမိုထိရောက် အားကောင်းလာစေရန်အတွက် သုံးသပ်ပြင်ဆင်မှုများ လုပ်ဆောင်ရန် လိုအပ်ချက်ကြောင့် ထိုသို့ မကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း NUCC က ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည်။ ညီလာခံဆုံးဖြတ်ချက်တစ်ခုဖြစ်သည့် NUCC နှင့် NUG အကြား လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲမှု အခြေအနေကိုလည်း ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နွေဦးတော်လှန်ရေး ၃ နှစ် ပြည့်လူထုအစည်းအဝေးတွင် ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ကျင်းပရန် လျာထားကြောင်း NUCC က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ထပ်မံ ရက်ရွှေ့ခဲ့ရပြီး ကြိုတင် ညှိနှိုင်းပြင်ဆင်မှုများ ဆောင်ရွက်ရာ၌ အချိန်လုံလောက်မှု ရှိစေရေးအတွက် ပြည်သူ့ညီလာခံအား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၄၊ ၅၊ ၆) တွင် ကျင်းပသွားရန် ရက်သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့ပြီး ညီလာခံကိုယ်စားလှယ် ၂၀၄ ဦး၊ အထူးဖိတ်ကြားထားသူ ၁၀၄ ဦး၊ လေ့လာသူ ၁၂၈ ဦး တက်ရောက်ကြောင်း ဖော်ပြထားသည်။ ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စ၊ အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်း ဥပဒေကိစ္စ၊ မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂) ပယ်ဖျက်ရေးကိစ္စများအား ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့သည်။ ထို့ပြင် ပြည်သူ့ညီလာခံအား( ၆) လ တစ်ကြိမ် ကျင်းပမည် ဖြစ်ကြောင်းလည်း ထပ်လောင်း အတည်ပြုခဲ့သည်။ ညီလာခံ၏ အဆိုပြုချက်နှင့် အကြံပြုချက် ၂၁ ချက်ကိုလည်း မှတ်တမ်းတင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ညီလာခံ နောက်ဆုံးနေ့တွင် CRPH နှင့် NUG တက်ရောက်မှု မရှိခဲ့သည့်အပြင်၊ ညီလာခံအပြီး ဧပြီ ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NUCC ကောင်စီဝင်များအကြား အပြန်အလှန် တင်းမာသော ဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လူထု၏ ဝေဖန်မှု ခံခဲ့ရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် ဒုတိယအကြိမ် လူထုတွေ့ဆုံဆွေးနွေးပွဲ (Town Hall Meeting) အား တတိယအကြိမ် ပြည်သူ့ညီလာခံမတိုင်မီ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (သို့) ဩဂုတ်လတွင်ကျင်းပရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ကျင်းပနိုင်ခြင်းမရှိသည့်အပေါ် ပြည်သူလူထုအား မေတ္တာရပ်ခံ ပန်ကြားကြောင်း NUCC က ထုတ်ပြန်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလသည် (၆) လ တစ်ကြိမ် ကျင်းပရန် ဆုံးဖြတ်ထားချက်အရ တတိယအကြိမ် ပြည်သူ့ညီလာခံ ကျင်းပရမည့်အချိန်ဖြစ်သော်လည်း ညီလာခံကျင်းပမည့်ရက်ကိုထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။
အကယ်၍ မကြာမီကာလများအတွင်း တတိယအကြိမ် ပြည်သူ့ညီလာခံကျင်းပမည်ဆိုပါက ယခင်ညီလာခံများ၊ အထူးသဖြင့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၏ဆုံးဖြတ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကို ပြန်လည်၍ သုံးသပ်ကြမည်ဟု ယူဆရပါသည်။
မြေပြင်အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများ (ပသုံးလုံးယန္တရား) နှင့် နိုင်ငံသားဥပဒေဖျက်သိမ်းရေး ကိစ္စများကို တကျော့ပြန် သုံးသပ်မှုများ ရှိလာနိုင်သလို၊ ယခင်က အဆိုပြုချက်နှင့်အကြံပြုချက်အဖြစ် ထည့်သွင်းခဲ့သည့် အချက်များသည်လည်း တတိယအကြိမ် ညီလာခံတွင် အဆိုများအဖြစ် ပြန်လည်ပါဝင်ကောင်း ပါဝင်လာနိုင်ပါသည်။ ခွဲခြားဆက်ဆံမှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို လုံးဝလက်သင့်မခံခြင်း မူဝါဒကို အကောင်အထည်ဖော်ခြင်း၊ တော်လှန်ရေးကာလအတွင်း အခွန်အကောက်ဆိုင်ရာကိစ္စများ၊ ရိုဟင်ဂျာလူမျိုးဆိုင်ရာ မူဝါဒရေးဆွဲခြင်းနှင့်အကောင်အထည် ဖော်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံမှုကို ပိုမိုခိုင်မာစေခြင်း စသည့် အဆိုပြုချက်များကို တကျော့ပြန် တင်သွင်းမှုများ ရှိလာနိုင်ပါသည်။
ထို့အတူ တော်လှန်ရေး၏ နိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအရ အောက်မှအထက် ဖက်ဒရယ်စီးဆင်းမှုကိစ္စ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အစီအမံကိစ္စ၊ NUCC နှင့် NUG တို့က ကြေညာထားသလို ဒုတိယအကြိမ်ညီလာခံ၏ အဆိုပြုချက်များတွင်လည်း ပါဝင်ခဲ့သည် ဘုံနိုင်ငံရေး သဘောတူညီချက်ရရှိရေး ကြိုးပမ်းမှုကိစ္စများကိုလည်း ဆွေးနွေးလာနိုင်စရာ ရှိသည်ဟု ယူဆရပါသည်။ ထို့အတူ စစ်ရေးအောင်မြင်မှုများနှင့် အားသာချက်များ၊ ပြင်ပဖိအားများ၊ ပိုမိုကြပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည့် မြေပြင်လှုပ်ရှားမှုများ၊ အတုအယောင် သန်းခေါင်စာရင်းနှင့်အတူ အတုအယောင် ရွေးကောက်ပွဲအတွက် စစ်အုပ်စု၏ ပြင်ဆင်မှုများ အစရှိသဖြင့် အဆိုပြုချက်အသစ်များလည်း ပေါ်ထွက်လာနိုင်ပါသေးသည်။
ညီလာခံ ကျင်းပမည့်ရက်နှင့် အစီအစဉ်ကို ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ညီလာခံကျင်းပရန် အချိန်ကို ကျရောက်နေပြီဖြစ်သဖြင့် တတိယအကြိမ် ပြည်သူ့ညီလာခံသည် ယခုကာလအတွင်း စောင့်ကြည့်သင့်သည့် အခြေအနေတစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။
စစ်ကိုင်းဒေသအတွင်းရှိ နိုင်ငံရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးကော်မရှင်က မူကြမ်းအား တိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်ကြောင်း လွှတ်တော်က အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ကော်မရှင်အား ဖေဖော်ဝါရီ ၁ ရက်က ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်များ၊ CDM နိုင်ငံ့ဝန်ထမ်း၊ တိုင်းရင်းသားအင်အားစု၊ လေးစားယုံကြည်ရသူများနှင့် သပိတ်အင်အားစု၊ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းပြီးနောက် အစုအဖွဲ့များမှ အဖွဲ့ဝင် ၅၇ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
လွှတ်တော်အနေဖြင့် မူကြမ်းအား လွှတ်တော်လုပ်ထုံးလုပ်နည်းများနှင့်အညီ မဆောင်ရွက်မီ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဒေသတွင်း တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးအင်အားစုများအပြင် ကျန်ရှိနေသည့် ယူနစ်အတွင်း အခြားအင်အားစုများကိုပါ ပေးပို့၍ ပေါင်းစပ်ညှိနှိုင်းအကြံပြုချက်များ ရယူမည်ဟုလည်း ကြေညာချက်၌ ပါရှိသည်။
အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းရန် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကို ကမ်းလှမ်းသော ကြေညာချက်တစ်စောင်အား စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းဒုတိယအကြိမ်မြောက်ကမ်းလှမ်းမှုဖြစ်ကာ ၂၀၂၂ခုနှစ် ဧပြီလတွင် ပထမအကြိမ်အဖြစ်အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင်ရုပ်မြင်သံကြားမှတစ်ဆင့်ကမ်းလှမ်းခဲ့ဖူးသည်။မတူညီသည့်အချက်မှာ ယခုတစ်ကြိမ်ကမ်းလှမ်းချိန်၌ EROs၊PDFs များ၏စစ်ဆင်ရေးများကြောင့်အကြမ်းဖက်စစ်အုပ်စုဘက်မှစစ်စခန်းများ၊ စစ်ဌာနချုပ်များအပြင်မြို့များကိုပါ လက်လွှတ်နေရချိန်ဖြစ်သည်။
စစ်အုပ်စု ကမ်းလှမ်းချက်၌ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင် တိုက်ခိုက်သည့်နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့်အတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အဟန့်အတားဖြစ်ရကြောင်း ဖော်ပြထားကာ EROs နှင့်PDFs အဖွဲ့များအား လက်နက်ကိုင် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့်သော် လည်းကောင်း၊ရွေးကောက်ပွဲလမ်းကြောင်း မှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ဟု ပါရှိသည်။
ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်နေပြီး အောက်တိုဘာ ၁ ရက်မှ စတင်၍ မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် သန်းခေါင်စာရင်း စတင်ကောက်ယူတော့မည် ဖြစ်ကြောင်းပါရှိကာ လက်ရှိတွင်လည်း၎င်းတို့ အပြည့်အဝထိန်းချုပ်ထားနိုင်သောနေရာဒေသအချို့၌ စတင်ကောက်ယူနေပြီဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက ငြိမ်းချမ်းရေး ကမ်းလှမ်းပြီး နောက်တစ်ရက် ဖြစ်သည့် စက်တင်ဘာ ၂၇ ရက် နံနက်အစောပိုင်းတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) (ကိုးကန့်) သိမ်းပိုက်ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို လေကြောင်းမှ ဗုံး (၁၅) လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ ထိုနေ့ နံနက် ၃ နာရီခွဲတွင် လားရှိုးမြို့ ရပ်ကွက် (၁) ရှိ မြို့မဈေးနှင့် ရပ်ကွက် (၂) တို့ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲခဲ့ပြီး စက်တင်ဘာ ၂၈ ရက် ညတွင်လည်း လားရှိုးမြို့ ရပ်ကွက် (၈) အား ဂျက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၃၀ ရက် မနက်အစောပိုင်းနှင့် ညပိုင်းတွင် လားရှို့မြို့အတွင်းသို့ ထပ်မံ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ယင်းလေကြောင်းသုံး တိုက်ခိုက်မှုများအတွင်း အရပ်သား သေဆုံးမှုမျာနှင့် ဒဏ်ရာရမှုများရှိခဲ့သည့်အပြင် အရပ်သားပိုင် အဆောက်အဦ ပျက်စီးမှုများလည်း ရှိခဲ့ပါသည်။
အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် တရုတ်နိုင်ငံနှင့် ပတ်သက်သည့် သဘောထားဖော်ပြချက် သုံးစောင်ကို ဆက်တိုက်ထုတ်ပြန်သည်။ ထိုဖော်ပြချက်များ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အမေရိကန်အစိုးရထံမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း (၂၀၀) ဝန်းကျင် ရရှိနေကြောင်း စွပ်စွဲထားသည့်အပြင် MNDAA (ကိုးကန့်) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် NUG နှင့် စစ်ရေးမဟာမိတ်ဖွဲ့ကာ မြန်မာအစိုးရကို တိုက်ခိုက်နေကြောင်းပါ ထည့်သွင်းစွပ်စွဲထားသည်။
အထောက်အပံ့များ ရယူနေသည်ဆိုသည့် အကြမ်းဖက်စစ်အုပ်စု စွပ်စွဲမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ လုံးဝမဟုတ်ဘူး”ဟု ငြင်းဆိုသည်။
အကြမ်းဖက်စစ်အုပ်စုဘက်က စွပ်စွဲချက်များထုတ်အပြီး နောက်တစ်ရက်တွင် ထုတ်ပြန်ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ “အတုအယောင် ကမ်းလှမ်းချက်” ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော က တုံ့ပြန်လိုက်သည်။နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း “ဒီထုတ်ပြန်ချက်က သူ့အကျိုးစီးပွားအပေါ်မှာပဲ သက်ရောက်တယ်။ ငါပြောတဲ့အတိုင်း လိုက်လုပ်ဆိုတာ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာမှ မဟုတ်တာ” ဟု ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းခန်း၌ ထည့်သွင်း ပြောဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကလည်း “သေနတ်ပြပြီး အနိုင်ကျင့် ဗိုလ်ကျ အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက အခုချိန်မှာ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ကြဖို့ ထုတ်ပြန်လာတာဟာ အင်မတန် ရယ်စရာကောင်းပြီး အင်မတန် စက်ဆုပ်ရွံရှာစရာ ကောင်းတဲ့ ထုတ်ပြန်ချက်” ဟု တုံပြန်သည်။
ထို့ပြင် အကြမ်းဖက်စစ်အုပ်စု၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုသည် ဟန်ပြဖိတ်ခေါ်မှုသာ ဖြစ်သည့်အတွက် ပြတ်ပြတ်သားသား ပယ်ချကြောင်း အောက်တိုဘာ ၁ ရက်တွင် NUG နှင့်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)တို့က ပူးတွဲ ထုတ်ပြန်သည်။
တရားမဝင် အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်သည် လက်ရှိ နိုင်ငံရေး အကျပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှု တစ်ခုဖြစ်သည်ဟု ရှုမြင်သဖြင့် လက်ခံညှိနှိုင်းမည် မဟုတ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။ ထို့ပြင် “တခြားသော ပြည်နယ်များနှင့် ဖက်ဒရယ်ယူနစ်များအနေဖြင့် လူထုဆန္ဒအတိုင်း ညီညွတ်စွာ ဆက်လက် ရပ်တည်ကြရန်” တိုက်တွန်းနှိုးဆော်ထားသည်။
“စစ်ကောင်စီက ကျွန်မတို့ကို လက်နက်စွန့်ပါ၊ ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပြီးတော့မှ ရွေးကောက်ပွဲဝင်ပါ ဆိုတာက ကျွန်မတို့ဘက်ကတော့ မဖြစ်နိုင်တဲ့ ကိစ္စပါ” ဟု တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက တုံပြန်ထားသည်။အမေရိကန်မှ အထောက်အပံ့ ရယူထားသည်ဆိုသည့် အကြမ်းဖက်စစ်အုပ်စု စွပ်စွဲချက်ကိုလည်း ငြင်းပယ်ကြောင်း ဘီဘီစီသတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း၌ ထည်သွင်းဖြေကြားထားသည်။
လွေးယေဦးကပင် ဧရာဝတီ သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း၌ ငြိမ်းချမ်းရေးကမ်းလှမ်းမှုနှင့် ပတ်သက်ကာ “အမှန်က PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေက လက်နက်စွန့်ရမှာ မဟုတ်ဘူး။ စစ်ကောင်စီက လက်နက်စွန့်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို သူက လက်နက်အားကိုးပြီးတော့မှ လူထုတွေကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်တယ်။ ဒါကြောင့်မလို့ ဒီဖိတ်ခေါ်ချက်၊ ထုတ်ပြန်ချက်က ကျွန်မတို့အတွက်ရော၊ တခြား တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေအတွက်ရော မဖြစ်သင့်တဲ့ကိစ္စပါ”ဟု တုံပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီး က “စစ်တပ်က နိုင်ငံရေးကနေ ထွက်ရမယ်၊ အရပ်သားအုပ်ချုပ်မှုအောက်မှာ ရှိရမယ်၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေသစ် ရေးဆွဲတာကို လက်ခံရမယ်” ဟု တုံပြန်လိုက်ပြီး“အကြမ်းဖက် မင်းအောင်လှိုင်၏ နိုင်ငံရေးပြဿနာ ဖြေရှင်းရေး ဖိတ်ခေါ်ချက်သည် အရည်မရ အဖတ်မရ ဓာတ်ပြားဟောင်းသာဖြစ်ပြီး စစ်တပ်ကျူးလွန်သော ရာဇဝတ်မှု မှန်သမျှ အရေးယူရေးအပါအဝင် အချက် ၃ ချက် မရဘဲ ဆွေးနွေးစရာမရှိကြောင်း” ရန်ကုန်ခေတ်သစ်သတင်းဌာနသို့လည်း ဖြေကြားထားသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က “အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF များအနေဖြင့် လက်နက်စွန့်ပြီး ပါတီလမ်းကြောင်း၊ ရွေး ကောက်ပွဲလမ်းကြောင်းမှ နိုင်ငံရေးပြဿနာ ဖြေရှင်းရန် ဖိတ်ခေါ်ချက်သည် ခေါ်ပုံခေါ်နည်း လိုနေကြောင်း” ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတဆင့် ရေးသားတုံပြန်ခဲ့သည်။
“၂၀၀၈ က ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံရေးကို သွားလို့ မရဘူး။ ကျွန်တော်တို့ သွားချင်တာက တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဖြစ်တယ်။ ၂၀၀၈ အောက်ကနေ သွားမယ်ဆို စစ်တပ်အာဏာ တည်တံ့ခိုင်မြဲအောင် လုပ်ပြီးတော့မှ စစ်တပ်က နိုင်ငံရေးလောကထဲမှာ ဝင်ရောက်စွက်ဖက်တာကို ကျွန်တော်တို့က တွန်းအားပေးသလို ဖြစ်တယ်။ ဒီနေ့က ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံတော်သစ် တည်ဆောက်ဖို့အတွက် စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ရှားရမှာ ဖြစ်တယ်” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က တုံပြန်သည်။
ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က “အဓိကတော့ သူ့ရဲ့ ရေရှည် မြန်မာ့နိုင်ငံရေးမှာ ရပ်တည်ရေးအတွက် ပြည်သူနဲ့ နိုင်ငံတကာကို လှည့်စားနေတဲ့ လုပ်ရပ် ဖြစ်တယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအောက်ကနေ စစ်ကောင်စီက လုပ်ဆောင်မှု မှန်သမျှ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ပကနေ လုပ်ဆောင်မှု မှန်သမျှကတော့ လက်ခံနိုင်စရာအကြောင်းလည်း မရှိဘူး။ လက်တွေ့လည်း ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူး။ ကျွန်တော်တို့ ချင်းတောင်မှာဆိုရင် ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းက သူ့ဟာသူ စိုးမိုးထားတဲ့ ပြည်သူက အုပ်ချုပ်ရေး ဖော်ဆောင်မှုရှိနေတဲ့အချိန်မှာ စစ်ကောင်စီက သူ့ရဲ့ တချို့မြို့ပေါ်မှာပဲ လူအနည်းအကျဉ်းနဲ့ လုပ်နိုင်မှာ ဖြစ်တဲ့အတွက် ဒါကတော့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းလည်း မရှိဘူး။ နိုင်ငံတကာကို လှည့်စားနေတာလို့ပဲ ပြောချင်ပါတယ်” ဟု တုံပြန်သည်။
အကြမ်းဖက်စစ်အုပ်စု၏ ဆွေးနွေးပွဲဖိတ်ခေါ်မှုသည် နိုင်ငံရေး လှည့်ကွက်တစ်ခုဖြစ်ပြီး အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်သည်နှင့် တပြိုင်တည်း ဆွေးနွေးမှု ပြုလုပ်နိုင်ရေး အားထုတ်လာခြင်း ဖြစ်ကြောင်း၊ သို့သော် အရပ်သားများအား ပစ်မှတ်ထား၍ လေကြောင်းသုံး တိုက်ခိုက်ခြင်းများလည်း ရှိနေကာ ရိုးသားဖြောင်မှန်မှု မရှိသော လုပ်ရပ် ဖြစ်သည်ဟု မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC) ကစက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။
MSFC သည် စစ်တပ်အာဏာရရှိရေး ဒေါက်တိုင်ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သည့် မည်သည့် နိုင်ငံရေးဆွေးနွေးပွဲကိုမဆို ကြိုဆို ထောက်ခံကာ ပါဝင်ရန် အသင့်ရှိကြောင်း၊ စစ်အုပ်စု၏နိုင်ငံရေးလှည့်ကွက်အဖြစ် ဖန်တီးထားသည့် ဆွေးနွေးပွဲကိုမူ ပါဝင်ရန် လက်ခံစဉ်းစားမည် မဟုတ်ကြောင်း၊ ဘဝတူ တော်လှန်ရေး အဖွဲ့အစည်းများနှင့်လည်း လက်တွဲကာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး လုပ်ဆောင်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ကွပ်ကဲရေးမှူး မောင်ဆောင်းခက “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ တရားမျှတမှုလည်း မရှိနိုင်သလို ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်လို့ မရနိုင်တာမို့ စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုကို အဖွဲ့အနေနဲ့ စိတ်မဝင်စားဘူး” ဟု ပြတ်သားစွာ တုံပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) ၏စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်က “စစ်တပ်က နိုင်ငံရေးကနေ အပြီးအပိုင် ထွက်ရမယ်။ စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှုကို ခံယူရမယ်။ ဒီလိုခံယူနိုင်တယ်ဆိုရင် စကားဝိုင်းဆွေးနွေးပွဲဆိုတာ ဖြစ်လာပါလိမ့်မယ်” ဟု တုံပြန်သည်။
“PDF ဆိုတဲ့ စကားလုံးရှေ့မှာတောင် အကြမ်းဖက်လို့ သုံးနှုန်းထားသေးတာပဲဗျ။ တိုင်းပြည်မှာရှိနေတဲ့ ပဋိပက္ခတွေကို ကုန်ဆုံးချင်လို့ ကမ်းလှမ်းမှုမျိုးထက် သူ့ရဲ့ထွက်ပေါက်ကို လိုက်ပါစေချင်တဲ့ ကမ်းလှမ်းချက်မျိုးလို့ ထင်တယ်” ဟု 96 soldiers – PDF တပ်ဖွဲ့၏ တာဝန်ခံ ကိုဇေယျာလွင်က စစ်အုပ်စု ကမ်းလှမ်းမှုအပေါ် ၎င်း၏ သဘောထားအား ထုတ်ပြန်ပြောဆိုသည်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ၏တာဝန်ခံ ကိုနွေဦး က “ စစ်ကောင်စီ ရှိနေလို့သာ ဒါမျိုးတွေ ဖြစ်နေတဲ့အတွက် ဒီစစ်ကောင်စီ အသက်ဆက်ရှင်မယ့်နည်းလမ်းကိုတော့ ဘယ် PDF မှ ရွေးချယ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု တုံပြန်ခဲ့ပါသည်။
“တော်လှန်ရေးမှာ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ တိုက်နေကြတဲ့ အဖွဲ့တွေကို ဖိတ်ခေါ်လို့ မရဘူးဆိုတာ သူတို့လည်း သိတယ်။ ဟိုဘက်လည်း မရောက်၊ ဒီဘက်လည်း မရောက်တဲ့ ကြားအဖွဲ့တွေကို ခေါ်ချင်တာလို့ မြင်တယ်” ဟု ကျောင်းသားလက်ရုံးတပ်တော် (SAF) ၏ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က စစ်အုပ်စု ကမ်းလှမ်းမှုအပေါ် ယခုကဲ့သို့ မှတ်ချက်ပေးသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော် က “ရွေးကောက်ပွဲဆိုတဲ့ ထွက်ပေါက်ကနေ တစုံတရာ နိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ ကြိုးစားနေတာ ဖြစ်တယ်။ အဓိကကတော့ တော်လှန်တဲ့ အင်အားစုတွေကို ဖြိုခွဲဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ကျွန်တော် အဲဒီလိုပဲ နားလည်တယ်” ဟု တုံပြန်ထားပြီးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကလည်း “၂၀၂၁ နွေဦးတော်လှန်ရေးကနေ တောင်းဆိုနေတဲ့ စစ်အာဏာရှင်တွေ နိုင်ငံရေးနယ်ပယ်ကနေ လုံးဝဆုတ်ခွာသွားပြီး သူ့နေရာသူ နေဖို့ဆိုတာ လုံးဝမပါဘဲနဲ့ နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ တပ်ကနေ ဆက်ပြီးတော့ ဦးဆောင်ဦးရွက် ပြုမယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေပါတယ်။ လက်နက် စွန့်ရမယ်၊ လက်နက် ချရမယ်၊ နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်နိုင်ဖို့ဆိုရင် ပါတီထောင်ပြီး ပါဝင်ကြရမယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံစရာ အကြောင်း မရှိဘူး။ စစ်တပ်က ပြောတဲ့ကိစ္စတွေ ၁၀၀ ရာခိုင်နှုန်းနီးပါးလောက်က စိတ်ရင်းနဲ့ ပြောတာ မဟုတ်ဘူး။ သူတို့ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကနေ ထွက်ပေါက်ရဖို့အတွက် လိုက်ပြီးတော့ ထွက်ပေါက်ရှာနေတာလို့ပဲယူဆပါတယ်” ဟု မှတ်ချက်ပေးတုံ့ပြန်သည်။35
ယခင် စစ်အစိုးရ ကျောထောက်နောက်ခံပေး ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် စစ်အုပ်စု စိတ်ကြိုက်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားကြသော နိုင်ငံရေးပါတီ (၂၆) ခုကမူ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းမှုအား အပြည့်အဝ ထောက်ခံကြောင်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။
အရပ်သားအစိုးရတစ်ရပ်အားလက်နက်ဖြင့် အကြမ်းဖက်၍အာဏာသိမ်းခြင်းထားခြင်းအား“နိုင်ငံရေး ပြဿနာ” ဟုခေါင်းစဉ်တပ်ခြင်းမှာဆီလျော်မှု မရှိပေ။ ယင်းအပြင်မည်သည့်နည်းနှင့်မျှ လွတ်လပ်၍တရားမျှတစရာ မရှိသည့်အပြင်စနစ်တကျဖြင့် အကြမ်းဖက်မှုကျူးလွန်ရန် စစ်တပ်အားခွင့်ပြုထားသည့်၊ စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု၊လူမျိုးသုဉ်းသတ်ဖြတ်မှုများအားလွတ်မြောက်ခွင့်ပေးသည့်နိုင်ငံရေးအခင်းအကျင်းတစ်ခုအောက် သွတ်သွင်းရေးကြိုးပမ်းမှုကိုလည်း“နိုင်ငံရေးနည်းလမ်း” ဟုအမည်ပေး ကင်မွန်းတပ်ခြင်းမှာနိုင်ငံတကာအား မျက်လှည့်ပြရန်အတွက်အကြမ်းဖက်စစ်အုပ်စု၏ကြိုးပမ်းမှုသာ ဖြစ်သည်။ပြည်တွင်းရှိ တော်လှန်သောအင်အားစုများအား စည်းရုံးနိုင်ရေးမလွယ်နိုင်ကြောင်းအားတုံ့ပြန်မှုများ၌ ရှင်းရှင်းလင်းလင်းတွေ့မြင်ရမည် ဖြစ်သည်။
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအား အစုအဖွဲ့ ခြောက်ခုဖြင့် ဖွဲ့စည်းကြောင်း မန္တလေးတိုင်းလွှတ်တော်ကအောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကော်မတီအား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ၁၂ ဦး၊ နိုင်ငံရေးပါတီများဘက်မှ သုံးဦး၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မန္တလေးဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကဏ္ဍ အစုအဖွဲ့မှ လေးဦး၊ လူနည်းစု လူမျိုးစု အစုအဖွဲ့မှ လေးဦး၊ ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖွဲ့မှ ငါးဦး ပါဝင်မည် ဖြစ်သည်။
လူထုသပိတ်၊ CDM ၊ သမဂ္ဂနှင့် အရပ်ဖက်အဖွဲ့အစည်း၊ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီး၊ မသန်စွမ်း၊ LGBTIQ ၊ ကျောင်းသား/လူငယ်ရေးရာ အစုအဖွဲ့ဘက် ၁၅ ဦး ကော်မတီ၌ ပါဝင်မည် ဖြစ်ကာ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက်က ထုတ်ပြန်ထားသည့် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှု၊ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်း ရေးဆွဲရေး လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။
တောင်တရုတ်ပင်လယ် အခြေပြု တိုက်ခတ်ခဲ့သည့် ရာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ လျှပ်တပြတ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့မှုသည် နိုင်ငံအတွင်း လူထုအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ ယင်း ရေကြီးရေလျှံမှုသည် အကြမ်းဖက်စစ်အုပ်စုဘက်က ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ ဆည်များအား လူထုအား အသိမပေးဘဲ ဖောက်ချခြင်း၊ မိုးလေဝသဆိုင်ရာသတင်း ထုတ်ပြန်မှုအားနည်းခြင်းများကြောင့် ဝေဖန်မှုများ ရှိခဲ့သည်။
မုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံမှုသည် ကရင်နီ (ကယား)၊ မွန်၊ ကရင်၊ ရခိုင်နှင့် ရှမ်းတောင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊နေပြည်တော်ရှိ မြို့နယ်ပေါင်း ၆၅ ခု၌ ဖြစ်ပွားခဲ့ကာ စစ်ရေးပဋိပက္ခများကြောင့် ရှောင်တိမ်းနေရသည့် နေရပ်စွန့်ခွာပြည်သူများ အပါအဝင် ပြည်သူပေါင်း ၈၈၇,၀၀၀အထိ ထိခိုက်ခဲ့သည်ဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN-OCHA Myanmar) က စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။
ထို့ပြင် သေဆုံးသူ ၃၀၀ ကျော်နှင့် ဒဏ်ရာရသူ ၁၀၀ ကျော် ရှိကာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် စတင်ရေးအတွက် အရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေ (CERF) က အမေရိကန်ဒေါ်လာ လေးသန်း ခွဲဝေချထားပေးရန် ခွင့်ပြုထားသည်ဟု UN-OCHA (Myanmar) က ထုတ်ပြန်သည်။
ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှ ရေဘေးသင့်ပြည်သူများအတွက် သဘာဝဘေး ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ဒေါ်လာ ၅၀,၀၀၀ ပေးပို့သွားမည်ဟုလည်း စင်ကာပူကြက်ခြေနီအသင်း (SRC) ကစက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။2
မန္တလေးတိုင်းအတွင်း၌ ရေဘေးသင့်ကျေးရွာ ၁၅ ရွာ၌ လူပေါင်း ၂၃၀ ကျော် သေဆုံးကာ ဒဏ်ရာရသူ ၅၀ ကျော်အထိ ရှိသည်ဟုလည်း သတင်းမီဒီယာများက ထုတ်ဖော်ရေးသားထားသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ခရိုင် ခုနစ်ခုတွင် ရေကြီးရေလျှံမှုကို ကြုံတွေ့ခဲ့ရကာ ကျေးရွာပေါင်း ၅၄၂ ခု ထိခိုက်ခဲ့ကြောင်း စက်တင်ဘာ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
ဒူးသထူ၊ တောအူး၊ ခလယ်လွီထူ၊ မူတြော်၊ မြိတ်/ထားဝယ်၊ ဒူးပလာယာနှင့် ဖားအံခရိုင်၌ မြို့နယ် ၂၇ ခု ပါဝင်သည့်အနက် မြို့နယ် ၂၀ ခုတွင် ရေဘေးသင့်ခဲ့ကာ ဒူးသထူ (သထုံ)၊ ခလယ်လွီထူ (ညောင်လေးပင်)၊ တောအူး (တောင်ငူ) တို့၌ အဆုံးဝါးဆုံး ဖြစ်သည်။ ရေဘေးသင့်မှုကြောင့် လူဦးရေ ၃၈၀,၇၇၉ ဦး အပေါ် သက်ရောက်ခဲ့ကာ အိမ်ခြေပေါင်း ၇၃,၀၀၀အထိ ထိခိုက်ခဲ့ပြီး လတ်တလော အရေးကြီးလိုအပ်ချက် လေးခုရှိကြောင်း KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ ထုတ်ပြန်ချက်၌ ပါရှိသည်။
စစ်ရေးပဋိပက္ခများ ပြင်းထန်နေဆဲ ဖြစ်သည့် ကရင်နီပြည်နယ်သည်လည်း ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရကာ အထူးသဖြင့် ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ရှားတောမြို့နယ်များ၌ မြေပြိုမှုများအထိပင် ခံစားခဲ့ရသည်။ ယင်းမတိုင်ခင် စက်တင်ဘာ ၁၂ ရက်ကလည်း ရေဘေးန္တရာယ် ကာကွယ်ရေးနှင့်ပတ်သက်၍လည်း အရေးပေါ်သတိပေးချက်ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးခဲ့သည်။
ဖယ်ခုံတွင် စစ်ရှောင်ပြည်သူ ၂,၆၀၀ကျော် ရှိသည့် စစ်ရှောင်စခန်းသုံးခု၊ လွိုင်ကော်တွင် ကျေးရွာ သုံးခုနှင့် စစ်ရှောင်စခန်းတစ်ခုမှ ပြည်သူ ၅,၀၀၀ခန့်၊ ဒီးမော့ဆိုတွင် စစ်ရှောင်စခန်း ခုနစ်ခု အပါအဝင် ကျေးရွာအချို့မှ ပြည်သူ ၁၀,၀၀၀ဦး၊ ဖရူဆိုတွင် လူဦးရေ ၂၀၀ ခန့်၊ ရှားတော (ခ) ဆိုပိုပရေးဆိုးလေးတွင် စူးဖဲလော၊ နော်ပလု၊ ပွန်ချောင်ကျေးရွာနှင့် စစ်ရှောင်စခန်းတစ်ခုမှ ၁,၃၃၅ ဦး ထိခိုက်ခဲ့သည်ဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
ရေဘေးသင့် စစ်ရှောင်နှင့် ဒေသခံပြည်သူများအတွက် အရေးကြီးသည့် အကူအညီလိုအပ်ချက်သုံးရပ်ကိုလည်း IEC က ထုတ်ပြန်ထားကာ မုန်တိုင်းနောက်ဆက်တွဲ အန္တရာယ်များအတွက်လည်း စက်တင်ဘာ ၁၈ ရက်တွင် ထပ်မံထုတ်ပြန်ပေးထားသည်။
ရာဂီမုန်တိုင်း နောက်ဆက်တွဲနှင့် ရေကြီးရေလျှံမှုကြောင့် နိုင်ငံအတွင်း ရေဘေးသင့်ပြည်သူပေါင်း ၆၃၀,၀၀၀ ကျော် အထိ ရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကောက်ယူထားသည့် အချက်လက်များက ဖော်ပြလျက် ရှိသည်။ ထိခိုက်သူ အများဆုံးမှာ ရခိုင်ပြည်နယ်၌ ဖြစ်ကာ လူဦးရေ နှစ်သိန်းနီးပါးအထိ ထိခိုက်ခဲ့ပြီး ဒုတိယအများဆုံး ထိခိုက်သည့်ဒေသမှာ မွန်ပြည်နယ်ဖြစ်ကာ တစ်သိန်းကျော်အထိ ရှိသည်။ NUG အနေဖြင့် ၎င်းလက်အောက်ရှိ ဝန်ကြီးဌာနများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)7 များသုံး၍ ရေဘေးသင့်ပြည်သူ ကူညီမှုများအား လုပ်ဆောင်လျက်ရှိကာ ကနဦး ပံ့ပိုးကူညီမှုအဖြစ် ကျပ်သိန်းပေါင်း ၃,၁၆၀ အထိ အသုံးပြုထားသည်။
အာဏာသိမ်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက်စစ်အုပ်စုက ရာဂီမုန်တိုင်း ရေကြီးရေလျှံမှုသည် မြို့နယ် ပေါင်း ၁၁၀ အထိ ရှိကာ သေဆုံးသူပေါင်း ၄၃၃ ဦးအထိရှိပြီး ပျောက်ဆုံးသူ ၇၉ ဦးအထိ ရှိသည်ဟု စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
သီးနှံစိုက် ဧက ၈၀၀,၀၀၀နီးပါး ရေကြီးရေလျှံမှုကြောင့် ပျက်စီးကာ လယ်ယာသုံး ကျွဲ၊ နွားတိရစ္ဆာန် ၁၇၆,၀၀၀ကျော် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။ ထိခိုက်ဆုံးရှုံးမှုများသည် မုန်တိုင်း နောက်ဆက်တွဲကြောင့်သာ ဖြစ်ကာ ဆည်ရေလွှတ်ခြင်း၊ မိုးလေဝသ ဆိုင်ရာ သတင်းများ အချိန်နှင့် တပြေးညီမထုတ်ပြန်ခြင်းများကြောင့် မဟုတ်ဟု ငြင်းဆိုထားကာ ပျက်စီးသွားသည့် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ရေးအတွက်၂၀၂၅ ခုနှစ် မတ် ၁၅ ရက်အတွင်း အပြီးပြင်ဆင်မည်ဟုလည်း အကြမ်းဖက်စစ်အုပ်စုက ကြေညာထားသည်။
ရာဂီမုန်တိုင်းနောက်ဆက်တွဲ ရေဘေးနှင့် မြေပြိုပျက်စီးမှုများကြောင့် စစ်ဘေးသင့်များအပြင် ပြည်သူပေါင်း သန်းဂဏန်းနီးပါးအထိ ထိခိုက်ခဲ့ကာ ကုန်စည်စီးဆင်းမှုရပ်တန့်ခြင်းများရှိခဲ့သည်။ ရေဘေးသင့်ပြည်သူများအား အရပ်ဘက်အဖွဲ့အစည်းများက အရေးပေါ်ကူညီပေးခြင်းများရှိခဲ့သော်လည်း ၎င်းအား အအကြမ်းဖက်စစ်အုပ်စုဘက်မှ ဟန့်တား နှောင့်ယှက်မှု၊ ကယ်ဆယ်ရေး ဝန်ထမ်းများအား ဖမ်းဆီးငွေညှစ်မှုများရှိခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စိုးမိုးထားသည့် ဒေသအချို့၌ အရေးပေါ်ကူညီမှုများကိုလည်း အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ဟန့်တားမှုများလည်းရှိခဲ့သည်။
မုန်တိုင်းကြောင့် ပြင်းထန်သည့် ရေကြီးမှု၊ ထိခိုက်ပျက်စီးမှုများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကာ အကူအညီများအား အလိုအပ်ဆုံးဖြစ်သည့် အသိုက်အဝန်းများထံ ပေးပို့ရာ၌ ချောမွေ့မှုရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူကို တောင်းဆိုကြောင်း ရန်ကုန်အခြေစိုက်အမေရိကန် သံရုံးကစက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့ရသည်။
အကြမ်းဖက်စစ်အုပ်စုက လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ နိုင်ငံအနှံ သန်းခေါင်စာရင်း ကောက်ယူမည်ဟု ကြေညာထားသည်။ ၎င်းတို့လုပ်ဆောင်ရန် စိုင်းပြင်းနေသည့် ရွေးကောက်ပွဲအတွက်ဟု ထုတ်ပြန်ထားသည်။ နိုင်ငံအနှံ့ စစ်ရေးပဋိပက္ခအပြင် ရေကြီး၊ မြေပြိုမှုများကြောင့် ပြည်သူများ ထိခိုက်နေချိန်တွင် အရေးပေါ် ကူညီကယ်ဆယ်မှုများအား အကြမ်းဖက်စစ်အုပ်စုက နည်းလမ်းပေါင်းစုံဖြင့် ဟန့်တား၊ နှောင့်ယှက်သည့်အပြင် မည်ကာမတ္တ ပြုလုပ်ထားသည့် ၎င်းတို့၏ ရေဘေးသင့်ပြည်သူများ၊ ကူညီရေးစခန်းမှ ပြည်သူများကိုလည်း ပျက်စီးနေသည့် မူလနေရပ်ပြန်ပို့ရန်အတွက် လုပ်ဆောင်မှုများရှိသည်။
၂၀၀၈ ခုနှစ် နာဂစ်တိုက်ခတ်စဉ် နောက်ပိုင်းကာလကလည်း လက်ရှိ၎င်းတို့ ကျင့်သုံး၊ ကာကွယ်နေသည့် ၂၀၀၈ အခြေခံဥပဒေအတွက် ပြည်သူ့ဆန္ဒ ခံယူပွဲအား ဖြစ်သလို ကျင်းပကာ အတင်းအဓမ္မ အတည်ပြုခဲ့သည်။ ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာက ပေးပို့သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများအား တပ်အတွက် ဖြည့်တင်းခြင်းနှင့် စစ်အစိုးရလိုအပ်ချက်များအတွက်သုံးစွဲပြီးမှ ပိုသည့်အရာများကိုသာ လူထုအား ပေးအပ်ကူညီသည့်ဖြစ်စဉ်သက်သေများ ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် အရင်တုန်းက သဘာဝဘေးနှင့် ကြုံခဲ့တိုင်း နိုင်ငံတကာ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား စစ်အုပ်စုက အမြတ်ထုတ် အလွဲသုံးစားလုပ်လေ့ရှိခြင်းကြောင့် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မပြုလုပ်ကြရန်အတွက် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက စက်တင်ဘာ ၁၉ ရက်တွင် နိုင်ငံတကာသံတမန်များကို တောင်းဆိုခဲ့ပါသည်။
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက "စစ်ရှုံးနေတဲ့စစ်အုပ်စုဟာ ဒီလို သဘာဝဘေးအန္တရာယ်ကို သူတို့ အကျိုးစီးပွားများအတွက် မဖြစ်မနေ အသုံးချပါလိမ့်မယ်" ဟု စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားထားသည်။ထို့ပြင် ရာဂီမုန်တိုင်းဘေးအကြောင်းပြုကာ နိုင်ငံတကာတရားဝင်မှုရရှိရေးကို မဖြစ်မနေကြိုးပမ်းလာနိုင်သည့်အပြင်ရေဘေးကြောင့် ဒုက္ခခံစားနေရသောပြည်သူများ စိတ်ပျကအားလျော့ကာ တော်လှန်ရေး၌ မပါဝင်ချင်အောင်ဆောင်ရွက်နိုင်ကြောင်းလည်း သတိပေးထားသည်။
ပြည်သူ့ညီလာခံ တစ်ခုနှင့် တစ်ခုအကြား ပြည်သူများ ပါဝင်သည့် သတင်းအချက်အလက် ဖလှယ်ခြင်း၊ မေးမြန်းဖြေကြားခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ရမည့် TownHall Meeting အစီအစဉ်အား နိုင်ငံရေးလုပ်ငန်းစဉ်များ၊ အရေးပေါ် တုံ့ပြန်မှုဆိုင်ရာ အစီအစဉ်များ ပြုလုပ်နေရသည့်အတွက် မလုပ်ဆောင်နိုင်မှုအပေါ် မေတ္တာရပ်ခံတောင်းပန်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
တတိယအကြိမ် ပြည်သူ့ညီလာခံမတိုင်မီ ဇူလိုင် သို့မဟုတ် သြဂုတ်လတွင် Town Hall Meeting ထပ်မံကျင်းပနိုင်ရေး လုပ်ဆောင်ခဲ့သော်လည်း အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိရေး ကြိုးပမ်းမှု၊ NUCC ပြုပြင်ပြောင်းလဲရေးနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အစီအစဉ်များ ရေးဆွဲခြင်းလုပ်ငန်းများကြောင့် မအားလပ်သည့်အတွက် ပြည်သူလူထုတစ်ရပ်လုံးအား တာဝန်ရှိစွာ၊ တာဝန်သိစွာဖြင့် အလေးအနက် တောင်းပန်အပ်ပါသည်ဟုလည်း ဖော်ပြထားသည်။
နွေဦးတော်လှန်ရေး၌ ပါဝင်နေကြသည့် မွန်လူငယ်များ၏ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအား စက်တင်ဘာလအတွင်းက ပြုလုပ်ပြီးနောက် အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဘုံရည်မှန်းချက်များ အောင်မြင်စေရေးအတွက် အချက်လေးချက်ပါ ဘုံသဘောတူညီချက်အား စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
မွန်ပြည်တော်လှန်ရေးအဖွဲ့အားလုံး ပါဝင်ကာ မွန်ပြည်နှင့် မွန်လူထုကိုယ်စားပြုသည့် မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံး ဖွဲ့စည်းဖော်ဆောင်ရန်၊ အင်အားစုများအကြား တပ်ပေါင်းစုအသွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ စစ်အုပ်စု ပြုလုပ်မည့် ရွေးကောက်ပွဲအား ဆန့်ကျင်တော်လှန် တိုက်ဖျက်ရန်၊ မွန်ပြည်နှင့် ထိစပ်ဒေသများ၌ လူသားချင်းစာနာမှုအခြေအနေများအား ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရေး စနစ်တကျ ချိတ်ဆက်လုပ်ဆောင်ကြရန်တို့ ဖြစ်သည်။
ယင်းဘုံသဘောတူညီချက်အား မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ ရာမည ဖက်ဒရယ်အင်အားစုသစ် (NRFF) ၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ ရေးပြောက်ကျားတပ် (YGF)၊ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (Hurfom) နှင့် အမည်မဖော်လိုသည့် အစုအဖွဲ့လေးခုတို့ စုပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) နှင့် ပတ်သက်သည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ သဘောထားအား ပြည်နယ်အခြေပြု တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီရှစ်ခု၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပြည်ထောင်စုအားBottom-up Federalism ချဉ်းကပ်မှုဖြင့် တော်လှန်ရေး/ကြားကာလမှ စတင်၍ အတူတကွ တည်ဆောက်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားကာ ၎င်းအား အချုပ်အခြာအာဏာ၏မူလပိုင်ရှင်သည် ပြည်နယ်/ဖက်ဒရယ်ယူနစ်နှင့် ၎င်းအတွင်းရှိ ပြည်သူများဖြစ်သည်၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံသည်၊ အချုပ်အခြာအာဏာ/ သွေးစည်းညီညွတ်မှု/ လူထုနှင့်အနီးကပ်ဆုံးအာဏာ နှင့်အချိုးကျမှု အခြေခံမူများအတိုင်း လုပ်ပိုင်ခွင့်အာဏာ ခွဲဝေခြင်းကို ဆောင်ရွက်မည်ဟူသည့် အခြေခံမူသုံးချက်နှင့်အညီ တည်ဆောက်မည်ဟု ပါရှိသည်။
သဘောထားထုတ်ပြန်မှု၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ(TPCC) ၊ WLB တို့ပါဝင်သည်။
စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟူသည့် နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမည် မဟုတ်ဘဲ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာ လုယူခြင်း၊ လွတ်လပ်ရေး ရယူပြီး နိုင်ငံတော်သစ် ထူထောင်ခြင်းများကို လုံးဝပြုလုပ်မည် မဟုတ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)(ကိုးကန့်) စစ်ရေးကော်မတီက"လတ်တလော နိုင်ငံတော်အခြေအနေနှင့် ပတ်သက်၍ ရပ်တည်ချက်ထုတ်ပြန်ခြင်း" အမည်ဖြင့် စက်တင်ဘာ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၁၉ ရက်ကျမှ လူမှုကွန်ရက်၌ ဖော်ပြထားသည့် ယင်းထုတ်ပြန်ချက်၌ တရုတ် သို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြား အသိုင်းအဝိုင်းများနှင့် မပူးပေါင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည် MNDAA ၏ နိုင်ငံရေး Redline ဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်ချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးအား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း လုံးဝပြုလုပ်မည် မဟုတ်သော်လည်း မိမိ၏ ခုခံကာကွယ်ပိုင်ခွင့်ကို ဆက်လက်ကိုင်စွဲမည်ဟု ပါရှိသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ဆိုးဝါးလာနေသည့် မြန်မာ့အခြေအနေအား ကြားဝင်စေ့စပ် ဖြေရှင်းပေးရန် အထူးမေတ္တာရပ်ခံထားကာ MNDAA အနေဖြင့်လည်း ချက်ချင်းအပစ်အခတ်ရပ်စဲကာ တက်ကြွစွာ ပူးပေါင်း၍ ပဋိပက္ခများအား နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာ ဖြေရှင်းသွားမည်ဟုလည်း ရပ်တည်ချက်ထုတ်ပြန်မှု၌ ဖော်ပြထားသည်။
ကြားကာလ ဥပဒေပြုရေးကော်မတီအား ကရင်နီပြည်နယ် ကြားကာလလွှတ်တော် (Karenni State InterimParliament - KSIP) အဖြစ် ပြောင်းလဲရပ်တည် လည်ပတ်မှု တစ်နှစ်ပြည့်အစီရင်ခံစာအား သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
KSIP အား ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊ ကိုယ်စားလှယ် (၁၂) ဦးဖြင့် ကော်မတီမှ ကြားကာလလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်း လည်ပတ်ခဲ့သည့် တစ်နှစ်တာအတွင်း ဥပဒေပြုခြင်း၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွက် ရသုံးမှန်းခြေ ငွေစာရင်း အတည်ပြုခြင်း၊ ကရင်နီပြည် တရားရုံးချုပ် တရားသူကြီးများခန့်အပ်ခြင်း အပါအဝင် လွှတ်တော်၏မြေပြင်ကွင်းဆင်းမှုလုပ်ငန်းစဉ်များကိုလည်းအစီရင်ခံစာ၌ ဖော်ပြထားသည်။
စစ်ကိုင်းတိုင်း(ဖက်ဒရယ်ယူနစ်) အတွင်း နိုင်ငံ့အခြေအနေများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်စွာ ရပ်တည်၊ လည်ပတ်နိုင်ရေး၌ စိန်ခေါ်မှုများရှိနေသော်လည်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသည့် အကြမ်းဖက်စစ်အုပ်စုနှင့် အကျိုးတူပူးပေါင်းနေခြင်းအား ရပ်တန့်ကာ စစ်ကိုင်းပြည်သူ့ဆန္ဒနှင့် အကျိုးစီးပွားကိုသာ အလေးထား၊ လက်တွဲလုပ်ကိုင်စေလိုကြောင်း စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့က သြဂုတ် ၃၁ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ ငြိမ်းချမ်းမျှတ၊ ပွင့်လင်းသော လူ့ဘောင်ထူထောင်နိုင်ရေးအတွက် စနစ်ပြောင်း တော်လှန်ရေးတစ်ရပ်အား ပြည်သူတစ်ရပ်လုံးက ဆင်နွှဲနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ပြည်သူလူထုအတွက် ရေရှည်အကျိုးဖြစ်ထွန်းကာ ဒေသခံများ၏ လူမှုဘဝများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်၊ ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းပါးရပါမည်ဖြစ်ပြီး တိုင်းပြည်အပြောင်းအလဲအတွက် အထောက်အပံ့ကောင်းများလည်းဖြစ်ရန် လိုအပ်ကြောင်းလည်း မြန်မာ၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ အင်္ဂလိပ် ဘာသာငါးခုဖြင့် ရေးသားထားသော ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မွန်ပြည် ကိုယ်စားပြု တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစုများ အားလုံး နိုင်ငံရေးနှင့် စစ်ရေး၌ ပူးပေါင်းဆောင်ရွက်ကာ ဗဟာဗျူဟာကျ လှုပ်ရှား၍ မွန်ပြည်အစိုးရ တည်ထောင်မည်ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်တွင် ကျရောက်သည့် မွန်တော်လှန်ရေး (၇၇) နှစ်မြောက် အထိမ်းအမှတ် ထုတ်ပြန်ချက်မှ တဆင့် ရာမညဖက်ဒရယ်အင်အားစုသစ် (New Rehmonnya Federated Force- NRFF) က ထုတ်ပြန်ကြေညာလိုက်သည်။
နှစ်ပတ်လည် ကြေညာချက်၌ အချက်ငါးချက်ပါရှိကာ စစ်အုပ်စု မတရားပြဌာန်းသည့် စစ်မှုထမ်းဥပဒေအား မွန်ပြည်သူတစ်ရပ်လုံး ဆန့်ကျင်သွားရန်၊ တော်လှန်ရေးအရှိန် ပိုမိုအားကောင်းစေရန်နှင့် စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြန်ဆုံး ကွယ်ပျောက်ရေး ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ပေးရန်၊ စစ်အုပ်စု ပြုလုပ်မည့် ရွေးကောက်ပွဲအပါအဝင် ၎င်းတို့ကျောထောက်နောက်ခံ စီးပွားရေးထုတ်ကုန်များအား သပိတ်မှောက်ရန် တိုက်တွန်းထားကာ ဖိနှိပ်ခံရသည့်ကြားမှ တော်လှန်ရေးအတွက် လူထု၏ ကြံ့ကြံ့ခံကူညီထောက်ပံ့ပေးမှုအား ကျေးဇူးတင်ကြောင်းနှင့် လွတ်မြောက်သည်အထိ ပူးပေါင်းပါဝင်ပေးရန် ပန်ကြားထားသည်။
လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) ၏ ဒုတိယအကြိမ် ညီလာခံအား လူမျိုးစု ၁၉ ခုမှ ကိုယ်စားလှယ်များနှင့် လေ့လာသူ စုစုပေါင်း ၅၃ ဦးဖြင့် ပြုလုပ်ပြီးနောက် ကော်မတီအမည်အား"လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်ရေး မဟာမိတ်အင်အားစု" (Generation’s Solidarity Coalition of Nationalities – GSCN) အဖြစ် ပြောင်းလဲကြောင်း ထုတ်ပြန်လိုက်သည်။
ညီလာခံ၌ GSCN ဖွဲ့စည်းပုံအား နိုင်ငံရေးအင်အားစုတစ်ရပ်နှင့် လျော်ညီစွာ ပြင်ဆင်၍ လူမျိုးစုအသီးသီး၏ကိုယ်စားလှယ်များဖြင့် ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီတို့ကို ဖွဲ့စည်းခဲ့ကာ GSCN အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
မန္တလေးဒေသတွင် လက်ရှိ တော်လှန်ရေးကာလ (ကြားကာလ) အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကြားကာလ နိုင်ငံရေးအစီအမံ (Interim Political Arrangement) တစ်ရပ် ပြင်ဆင်ဖော်ထုတ်ရေး လုပ်ငန်းစဉ်အားမန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRMH) နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများက ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
လုပ်ငန်းစဉ်များ၌ အခန်း (၅) ခန်း ပါဝင်ကာ စံတန်ဖိုး၊ လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ အလုပ်တာဝန်၊ အတည်ပြုခြင်းနှင့် အထွေထွေတို့ ပါဝင်ကာ မန္တလေးဒေသဆိုသည်မှာ ယခင် အခေါ်အဝေါ်အားဖြင့်မန္တလေးတိုင်းဒေသကြီး နယ်မြေဒေသများကို ဆိုလိုသည်။
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီကို လွှတ်တော်အစုအဖွဲ့ (၁၂) ဦး၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ တစ်ပါတီလျှင် (၂) ဦးစီ၊ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မန္တလေးဒေသအတွင်း ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကဏ္ဍ အစုအဖွဲ့မှ (၄)ဦး၊ လူနည်းစု လူမျိုးစု အစုအဖွဲ့မှတစ်စုလျှင် (၂) ဦးစီ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့မှ(၄) ဦး၊ လူထုသပိတ်အဖွဲ့အစည်း /CDM / အရပ်ဖက်အဖွဲ့အစည်း/အလုပ်သမား/ လယ်သမား/ အမျိုးသမီး/ မသန်စွမ်း/ LGBTIQ / ကျောင်းသား/လူငယ်ရေးရာ အစုအဖွဲ့မှ (၁၅) ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်သည်။
လုပ်ငန်းစဉ်ထွက်ပေါ်ရေးအတွက် CRMH နှင့် တော်လှန်ရေးအင်အားစုများအကြား တစ်နှစ်တာအတွင်း စုံညီအစည်းအဝေး ၂၃ ကြိမ်၊ ခရိုင်အလိုက်အစည်းအဝေး ၁၀ ကြိမ်နှင့် မြေပြင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ထုတ်ပြန်ခြင်းလည်းဖြစ်သည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် ဆက်စပ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား တအာင်းနိုင်ငံရေ အတိုင်ပင်ခံကော်မတီ (TPCC) က ဦးဆောင်၍ မေ ၂၀ ရက်က မိုင်းငေါ့မြို့နယ်တွင် မိဘပြည်သူ ၁၇၅ ဦးဖြင့် ပြုလုပ်၊ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယင်းဆွေးနွေးပွဲသို့ အမျိုးသား ၄၈ ဦး၊ အမျိုးသား ၁၂၇ ဦးအထိ ပါဝင်တက်ရောက်ခဲ့ကာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အချက်အလက်များအား ဆွေးနွေးခြင်း၊ TPCC နှင့် ပတ်သက်သည့် အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလ ၁၃-၁၅ ရက်အတွင်း ကျင်းပခဲ့သော ပထမအကြိမ် သျှမ်းလူငယ်ညီလာခံတွင် သျှမ်းကျောင်းသား သမဂ္ဂမှ တင်သွင်းသည့် မူဝါဒ အကြံပြုစာတမ်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။ အဆိုပါ မူဝါဒ အကြံပြုစာတမ်းတွင် အဖွဲ့အစည်းမိတ်ဆက်၊ နောက်ခံ အကြောင်းအရာ၊ ပညာရေး၊ နိုင်ငံရေး၊ တော်လှန်ရေးနှင့် ပတ်သက်သော အကြံပြုလိုသော မူဝါဒများနှင့် အဆိုပြုချက်များပါဝင်သော အခန်းကဏ္ဍများ၊ သီးခြားအကြံပြုချက်များနှင့် အနှစ်ချုပ်တို့ ပါဝင်သည်။
အဖွဲ့အစည်းမိတ်ဆက်ရာတွင် သျှမ်းကျောင်းသား သမဂ္ဂကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း အပါအဝင် အဆိုပါ သမဂ္ဂ၏ မူဝါဒများ၊ လှုပ်ရှားမှုများကို ထည့်သွင်း ဖော်ပြခဲ့သည်။
ပညာရေး အခန်းကဏ္ဍတွင် သျှမ်းပညာရေး အခြေအနေ၊ အခြေခံပညာရေး၊ အဆင့်မြင့် ပညာရေး အခြေအနေ၊ အကြံပေးလိုသည့် မူဝါဒများနှင့် အဆိုပြုချက်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။ နိုင်ငံရေး အခန်းကဏ္ဍတွင် သျှမ်းနိုင်ငံရေး အခြေအနေ၊ သျှမ်းနိုင်ငံရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ၊ ဖက်ဒရယ်သျှမ်းပြည်နှင့် သျှမ်းအမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ဒေသများ အတွက် အနာဂတ်နှင့် ကြားကာလဆိုင်ရာ မူဝါဒအကြံပေးချက်များနှင့် အဆိုပြုချက်များ ပါဝင်ပါသည်။ တော်လှန်ရေး အခန်းကဏ္ဍတွင် သျှမ်းတော်လှန်ရေး အခြေအနေ၊ အကြံပြုလိုသော တော်လှန်ရေးဆိုင်ရာ မူဝါများ၊ နှင့်အဆိုပြုချက်များ ပါဝင်သည်။
သီးခြားအဆိုပြုချက်များတွင် သယံဇာတ တူးဖော်မှုမူဝါဒနှင့် ဒေသခံများ၏ ရပိုင်ခွင့်ကို လေးစားလိုက်နာရန်၊ CDM /NON-CDM ၀န်ထမ်းများကို နိုင်ငံရေး၊ တော်လှန်ရေး၊ ပညာရေး ကဏ္ဍအသီးသီးတွင် ပါဝင်ကူညီလာစေရန် လက်တွဲခေါ်ဆောင်သင့်ကြောင်း စသည့် အချက်တို့ ပါဝင်သည်။
တိုင်းအဆင့် စုဖွဲ့မှုတစ်ခု ပေါ်ပေါက်ရေးကို ဦးတည်သည့် စစ်ကိုင်းဖိုရမ်၏ တစ်နှစ်ပြည့် လူထုသို့အစီရင်ခံစာအား ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ဇွန် ၂ ရက်တွင် ထုတ်ပြန်ခဲ့ရာ နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ လူမျိုးစုရေး၊ စစ်ရှောင်ပြည်သူအရေးများနှင့် ပတ်သက်သည့် ရပ်တည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကိုပါ ဖော်ပြထားသည်။
နိုင်ငံရေးအရ တန်းတူရည်တူရှိသော စုပေါင်းခေါင်းဆောင်မှုကို အခြေခံကာ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး) သည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာ၌ ဗမာ (မြန်မာ) ပြည်နယ်ဖွဲ့စည်းရေးကို မူအားဖြင့် မဆန့်ကျင်သည့် အဖွဲ့အစည်းဖြစ်သည်ဟုလည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့အား လုပ်ငန်းကော်မတီ တစ်ဖွဲ့၊ လုပ်ငန်းအဖွဲ့ လေးဖွဲ့၊ အထောက်အူပြုအဖွဲ့ သုံးဖွဲ့၊ ဖိုရမ်အင်အားစု တစ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ ဖိုရမ်အင်အားစု၌ စစ်ကိုင်းဖိုရမ်နှင့် ဖိုရမ်တော်လှန်ရေးလမ်းကြောင်းအား ယုံကြည်အားပေးထောက်ခံသည့် စစ်ကိုင်းဒေသခံ တော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသည်။
တော်လှန်သော အင်အားစုများဖြင့် စစ်ကိုင်းဒေသတော်လှန်ရေး ရှေ့ခြေတစ်လှမ်း တက်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ပါ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှရေး အခွင့်အလမ်းများ စစ်ကိုင်းတိုင်းသားများရရှိရေး၊ တိုင်းအတွင်း နိုင်ငံရေးအစုအဖွဲ့တစ်ရပ် ပေါ်ပေါက်ရေး ဦးတည်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့် ဖိုရမ်တစ်နှစ်ပြည့်အဖြစ် လုပ်ဆောင်နိုင်ခဲ့သောလုပ်ငန်းစဉ် သုံးရပ်အား စစ်ကိုင်ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
အဆိုပါ ဦးတည်ချက် သုံးရပ်အား ဖိုရမ်စတင်ကျင်းပပြီး တစ်နှစ်အတွင်း တစိုက်မတ်မတ် ဆောင်ရွက်ခဲ့မှုရလဒ်အဖြစ် ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ် ကျင်းပကာ စစ်ကိုင်း ဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) ဖွဲ့စည်းခြင်း၊တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ဆွေးနွေးကာ ယုံကြည်မှု တည်ဆောက်ခြင်း၊ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက် ဖွဲ့စည်းကာ ပြည်သူ့အခြေပြု ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
ဖြစ်မြောက်ရေးအဖွဲ့အနေဖြင့် ယခုနှစ်အတွင်း ရရှိခဲ့သည့်ရလဒ်များအပေါ် အခြေခံကာ ပြည်သူ့အခြေပြု နိုင်ငံရေး၊ တော်လှန်ရေးလုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟုလည်းကြေညာချက်မှတစ်ဆင့် ထုတ်ပြန်ထားသည်။
မွန်ပြည် (နယ်) တွင် အာဏာသုံးရပ် ကျင့်သုံးရေးအတွက် ကောင်စီ ဒုတိယအကြိမ်ညီလာခံအပြီးတွင် အုပ်ချုပ်ရေးကော်မတီအား ကော်မတီ ဥက္ကဌ၊ ဌာနမှူးကြီးကိုးဦး၊ စုစုပေါင်း ၁၀ ဦးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်းမေ ၂၇ ရက်တွင် အမိန့်ထုတ်ပြန်ချက် ၁/၂၀၂၄ ဖြင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MNFC) က ထုတ်ပြန်လိုက်သည်။
ပြည်နယ်ကောင်စီ ဖွဲ့စည်းပုံ အခန်း (၈)၊ မွန်ပြည် ကြားကာလ (တော်လှန်ရေးကာလ) အုပ်ချုပ်ရေးအစီအမံအား ဆောင်ရွက်ရန် ဖွဲ့စည်းခြင်းဖြစ်ကာ ဥက္ကဌအဖြစ် နိုင်မွန်ဆိုင်းအား တာဝန်ပေးအပ်ထားသည်။ ဒုဥက္ကဌနှင့် ကာကွယ်ရေးဌာနမှူးအဖြစ် နိုင်ဒင်းပလဟံသာ၊ ဌာနမှူးများအဖြစ် နိုင်ပညာမာန် (ပြည်ထဲရေး)၊ မိသုတဂျော် (လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေး)၊ မိမူဘဲ့ (ပညာရေး)၊ မိမငေးသဇင် (ကျန်းမာရေး)၊ Dr. သီရိမွန်ချမ်း(သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေး)၊ မိသုဇာထော (လူငယ်၊ အမျိုးသမီး၊ ကလေးနှင့် ဂျန်ဒါတန်းတူရေး)၊ နိုင်သဟမွန် (ပြင်ပဆက်ဆံရေး)၊ မိဇဲ့ဟန်မွန် (ဘဏ္ဍာရေးနှင့် အခွန်ကောက်) တို့ဖြင့် ဖွဲ့စည်းထားကာ ကော်မတီသည် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၊ နွေဦးတော်လှန်ရေးအင်အားစု၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ရပ်ရွာအဖွဲ့အစည်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဟုလည်းထုတ် ပြန်ထားသည်။
ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အား ပြည်နယ် ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုကြောင်း၊ ပြည်နယ်လူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားကဏ္ဍများ၌ IEC နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းကြောင်းများ ဆွေးနွေးဖော်ထုတ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လူထုအရေးကိစ္စ ဆောင်ရွက်ရာ၌ ပြည်တွင်းနယ်စပ်ရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် ကရင်နီအင်အားစုများအကြား ဆက်စပ်ဆောင်ရွက်မှုနှင့် အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ကိုင်မည်ဖြစ်ကြောင်း ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ၏ရပ်တည်ချက်သဘောထားအား မေ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်အား အရပ်ဖက်အဖွဲ့အစည်း ၂၀ မှ ကိုယ်စားလှယ် ၃၈ ဦး ဖြင့်ထိုင်းနိုင်ငံ၌ ကရင်နီပြည် စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲနေသောအခြေအနေများကို သုံးသပ်သည့် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ပြီးနောက် ထုတ်ပြန်ခြင်း ဖြစ်သည်။
အရပ်ဖက် အဖွဲ့အစည်းများ၏ ရပ်တည်ချက်သဘောထား သုံးရပ်အပြင် သက်ဆိုင်ရာ အစုအဖွဲ့များသို့ တိုက်တွန်း တောင်းဆိုချက်များကိုလည်း ပူးတွဲထုတ်ပြန်ထားရာ IEC အား ရည်ညွန်းသည့် တိုက်တွန်းချက် ခြောက်ရပ်၊ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအတွက် ငါးချက်နှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ နှစ်ချက် ပါဝင်သည်။ IEC သို့ တိုက်တွန်းချက်၌ သက်ဆိုင်ရာအစုအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်း၍ ဒေသန္တရအုပ်ချုပ်ရေးယန္တရားများ ပီပြင်စွာ ဖော်ဆောင်ရန် အချက်လည်း ပါဝင်သည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေအတွင်း ကျင့်သုံးမည့် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး လက်စွဲဆိုင်ရာ "မဲ့ဝါးကလိုးကြေညာစာတမ်း" အား မြို့နယ် ၂၇ မြို့နယ်မှ မြို့နယ်ဥက္ကဌနှင့်မြို့နယ်ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာ ကတိကဝတ်ပြုပြီးနောက် မေ ၁၂ ရက်တွင် KNU ဗဟိုဌာနချုပ်က ထုတ်ပြန်လိုက်သည်။
ယင်းကြေညာစာတမ်းအား အခြေခံမူ ခြောက်ချက်အပေါ် အခြေခံထားသည်။ ၎င်းတို့မှာ "ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ကျွန်ုပ်တို့၏ ကတိကဝတ်"၊ "ကောင်းမွန်သောအုပ်ချုပ်ရေးကို လေးစားလိုက်နာခြင်း"၊ "ပြည်သူ့အခွင့်အရေးများကို ကာကွယ်ခြင်း"၊ "ပူးပေါင်းဆောင်ရွက်သော ကြိုးပမ်းမှု"၊ "ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေး"၊ "စဉ်ဆက်မပြတ်တိုးတက်မှု" တို့ဖြစ်သည်။
အဆိုပါ အခြေခံမူ ခြောက်ချက်သည် နောင်မျိုးဆက်များအတွက် သာယာဝပြောသော၊ အားလုံးပါဝင်နိုင်သော၊ တောင့်တင်းခိုင်မာသော ကော်သူလေးကို တည်ဆောက်ရခြင်း၏အကြောင်းရင်းဖြစ်ကြောင်းလည်း မဲ့ဝါးကလို ကြေညာစာတမ်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သတင်းမီဒီယာများ၏ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်၊ သတင်းရယူပိုင်ခွင့်၊ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည်ဟု ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁)၊ပုဒ်မ (၄၂) တွင် ပြဌာန်းထားသည့် အခြေခံမူဝါဒနှင့်အညီ အချက် ရှစ်ချက်ပါသည့် "စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထားရပ်တည်ချက်" အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ အချက်ရှစ်ချက်၌ ပြည်သူလူထု၏ အရေးကြီးသည့် ဆုံးဖြတ်ချက်များ မှန်ကန်စွာ ချမှတ်နိုင်ရေးအတွက် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် သတင်းမီဒီယာများ၏အခန်းကဏ္ဍ အထူးရေးပါသည်ကို လေးနက်စွာ အသိအမှတ်ပြုကြောင်း၊ ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာများ ခိုင်မာအားကောင်းစွာ ရပ်တည်ရေးကို အားပေးထောက်ခံကြောင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်အား ကန့်သတ် ချုပ်ခြယ် ပိတ်ပင်တားဆီးသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အခိုင်အမာ ဆန့်ကျင်ကြောင်း ပါရှိသည်။
ထို့ပြင် သတင်းမီဒီယာများ၏ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှု၊ ဓမ္မဓိဌာန်ကျမှုကို ထိခိုက်စေမည့် ကန့်သတ်တားဆီးချုပ်ခြယ်မှု မှန်သမျှအား ပြတ်သားစွာ ဆန့်ကျင်ကြောင်းနှင့် သတင်းမီဒီယာသမားများအားခြိမ်းခြောက် နှောင့်ယှက်မည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်ကာ ထိုလုပ်ရပ်များ ပပျောက်သွားစေရန်နှင့် သတင်းသမားများကို ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သဘောထားရပ်တည်ချက်၌ ထည့်သွင်းဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဦးဆောင်၍ ဧပြီ ၄ ရက်မှ ၉ ရက်အတွင်း ငါးရက်တာ ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ ဒေသန္တရအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စ၊ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်သုံးရပ်အား အတည်ပြု ဆုံးဖြတ်နိုင်ခဲ့ကြောင်း NUCC က ထုတ်ပြန်လိုက်သည်။
ညီလာခံသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ နွေဦးတော်လှန်ရေးအင်အားစု၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကောင်စီ အင်အားစုသည့် အစုအဖွဲ့ငါးခုမှ ကိုယ်စားလှယ် ၂၀၄ ဦး၊ အထူးဖိတ်ကြားထားသူ ၁၀၄ ဦးနှင့် လေ့လာသူ ၁၂၈ ဦး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယအကြိမ်ညီလာခံ၌ အဆိုပြုချက်နှင့် အကြံပြုချက် ၂၁ ချက်ကိုလည်း မှတ်တမ်းတင်ထားနိုင်ခဲ့ကာညီလာခံအား ခြောက်လ တစ်ကြိမ် ပုံမှန်ကျင်းပသွားရန်လည်း ညီလာခံက သဘောတူဆုံးဖြတ်ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း ပိတ်ဆို့သွားပြီ ဖြစ်ကာ မိမိတို့ မျှော်မှန်းသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အရေးပါသည့် နိုင်ငံရေးရပ်တည်ချက်အားမွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)- New Mon State Party – AD က ဧပြီ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
နိုင်ငံရေး ပန်းတိုင်အဖြစ် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံသော ပြည်နယ်များ(ဖက်ဒရယ်ယူနစ်) များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်း မွန်ပြည်ကို တည်ဆောက်မည်ဟု ချမှတ်ထားကာ "ပြည်ထောင်စု၏စံတန်ဖိုး"၊"ဦးတည်ချက်"၊"နိုင်ငံရေးရပ်တည်ချက်"၊"လုပ်ငန်းစဉ်များ(လမ်းပြမြေပုံ)”များကိုလည်း ထုတ်ပြန်ချက်၌ ကဏ္ဍတစ်ခုစီခွဲ၍ ဖော်ပြထားသည်။
NMSP - AD သည် NCA စာချုပ်ကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှုမှန်သမျှနှင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းမည့် ကြိုးပမ်းမှုမှန်သမျှအား လက်မခံဘဲ ဆန့်ကျင်သွားမည်ဖြစ်ကာ အနာဂတ်နိုင်ငံရေး၌ စစ်တပ်ပါဝင်ခွင့် မရှိစေရဟု ထုတ်ပြန်ထားသည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အရ ဖက်ဒရယ်ယူနစ်တစ်ရပ်အဖြစ် ရပ်တည်နိုင်ရေးအတွက် ဒုတိယအကြိမ် ညီလာခံအား ဖေဖော်ဝါရီ ၂၈ နှင့် ၂၉ ရက်တို့တွင် ပြုလုပ်ပြီးနောက် မွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (သုညမူကြမ်း) အား အတည်ပြုနိုင်ခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ -MSFC က ဖေဖော်ဝါရီ ၂၉ ရက်တွင် ထုတ်ပြန်သည်။
ညီလာခံသို့ ကောင်စီဝင်များ၊ ပြည်နယ်တွင်း တော်လှန်ရေးအင်အားစုနှင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစု၊ နွေဦးတော်လှန်ရေး အင်အားစု၊ မွန်လူထုအခြေပြု အဖွဲ့အစည်း၊ CDM အဖွဲ့အစည်း၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၈၂ ဦး၊ လေ့လာသူ ကိုးဦးဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သုညမူကြမ်းအား ဒေသအခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေးအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများနှင့်ဆွေးနွေးကာ အတည်ပြုချက်ရရှိအောင် ဆောင်ရွက်မည်ဟုလည်း MSFC က ထုတ်ပြန်ထားသည်။
အာဏာရှင်စနစ်ပပျောက်ရေး၊ ဒီမိုကရေစီအခွင့်အရေးနှင့် အခြေခံလူ့အခွင့်အရေးကို အာမခံသည့်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအဖြစ် ခိုင်မာအောင် တည်ဆောက်ရေးအတွက် အနာဂတ် ပြည်ထောင်စုတွင် ကျင့်သုံးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်အား တိုင်းရင်းသားပေါင်းစုံ စုပေါင်းပါဝင်သည့် ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ (People’s RepresentativeCommittee for Federal – PRCF) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဖွဲ့စည်းပုံအခြေခံအား စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းအင်အားဖြင့် စုပေါင်းပိုင်ဆိုင်သော ပြည်ထောင်စုကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်လျက် ရေးဆွဲပြဋ္ဌာန်းခြင်းဖြစ်ကြောင်းပါ ရှိကာ နိုင်ငံ့အာဏာသည် ပြည်သူတို့၏ လက်ထဲတွင်ရှိကြောင်း အစဉ် သေချာစေရမည်ဟု ဖော်ပြထားသည်။
ပြည်ထောင်စုစံတန်ဖိုးအဖြစ် "(က) ဒီမိုကရေစီအခွင့်အရေး၊ ဂျဲန်ဒါတန်းတူရေးနှင့် အခြေခံလူ့အခွင့်အရေးများ (ခ) တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ဂ) စုပေါင်းခေါင်းဆောင်မှု (ဃ) စုံလင်ကွဲပြားမှုကို လက်ခံခြင်း၊ သဟဇာတဖြစ်ခြင်း၊ ညီညွတ်ခြင်းနှင့် ခွဲခြားဆက်ဆံမှုမရှိခြင်း (င) လူနည်းစုအခွင့်အရေးကို ကာကွယ်ခြင်း"တို့ သတ်မှတ်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင်အချို့က အာဏာသိမ်းမှုအာ ဆန့်ကျင်ရန် ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးကော်မတီ (People Representativesfor Federal – PRF) ကိုဖွဲ့စည်းရန် ဆွေးနွေးခဲ့ကာ သြဂုတ် ၂၁ ရက်တွင် PRCF ကို ပါတီနှင့် အစုအဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကော်မတီတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ShanNationalities League for Democracy) - SNLD) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League forDemocracy - ALD) ၊ ကရင်အမျိုးသားပါတီ (KarenNational Party - KNP) ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress forDemocracy – ZCD) ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (Democratic Party for aNew Society – DPNS) ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီ (UnitedNationalities Democracy Party – UNDP) ၊ ဓနုတိုင်းရင်းသားလူမျိုးများပါတီ (Danu NationalitiesDemocracy Party – DNDP) ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ (Daingnet NationalDevelopment Party)၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ (Mro National DemocracyParty – MNDP) ၊ ကယန်းအမျိုးသားပါတီ (KayanNational Party – KNP) ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (Shan State KokangDemocratic Party – SSKDP) နှင့် မွန်ရေးရာအဖွဲ့ (MonAffair Association – MMA) တို့ ပါဝင်သည်။
၂၀၂၄ခုနှစ်အတွင်း အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အစီအမံများနှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတို့အား အမြန်ဆုံး ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် "နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် နိုင်ငံရေးသဘောထား ကြေညာချက်" ၌ ထည့်သွင်း ဖော်ပြထားသည်။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှာ ဘက်ပေါင်းစုံမှ ပြိုလဲနေပြီဖြစ်ပြီး ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ၂၀၂၄ ခုနှစ် မတ်လတွင် ကျင်းပရန်လျာထားကာ တော်လှန်ရေးအောင်နိုင်ရန် မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုမည် ဖြစ်ပြီး တော်လှန်ရေးအင်အားစုများအကြား ပိုမိုခိုင်မာသည့် ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် ရရှိရေး ဆက်လက်ကြိုးပမ်းမည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
တော်လှန်ရေးအလွန်ကာလ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအား တိုင်းပြုပြည်ပြုလွှတ်တော်၌ ရေးဆွဲရမည်ဟု NUCC ၏ နိုင်ငံရေး သဘောထားကြေညာချက်၌ ထည့်သွင်းထားကာ မြန်မာ့အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနှင့် နိုင်ငံတကာအစိုးရများအနေဖြင့်လည်း လက်ရှိ စစ်ရေး၊ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများအား ပြန်လည်သုံးသပ်ကာ မြန်မာ့အရေးချဉ်းကပ်မှု မူဝါဒများ ပြောင်းလဲရန်လည်း တိုက်တွန်းထားသည်။
ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉) နှင့် ပုဒ်မ – ၃၂ (က) အရ ချင်းပြည် (Chinland) အစိုးရအဖွဲ့အား အစိုးရအဖွဲ့၊ ရှေ့နေချုပ်၊ တရားလွှတ်တော်ချုပ်၊ စာရင်းစစ်ချုပ်များဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း Chinland Council က ထုတ်ပြန် ကြေညာလိုက်သည်။
အစိုးရဖွဲ့စည်းပုံအရဝန်ကြီးဌာန ၁၄ ခု ပါရှိကာ ဝန်ကြီးချုပ်အဖြစ် PuPa Thang ၊ တရားလွှတ်တော်ချုပ်အား တရားသူကြီးချုပ်အဖြစ် Pu Thomas Thang Nou အပါအဝင် သုံးဦး၊ ရှေ့နေချုပ်အဖြစ် Dr. Tial Hnin ၊ စာရင်းစစ်ချုပ် PuChan Ham တို့အား တာဝန်ပေး ဖွဲ့စည်းထားသည်။
ဇန်နဝါရီ၃၀ နှင့် ၃၁ ရက်တွင် ချင်းလုံမြို့၌ ပြုလုပ်သည့် ကောင်စီဝင် ၁၀၀ ဦး တက်ရောက်သော အစည်းအဝေး၌ ရွေးချယ်တင်မြှောက်ရေးကော်မတီ၏ အဆိုပြုတင်သွင်းချက်များအရ ဖွဲ့စည်း အတည်ပြုခဲ့ခြင်းလည်း ဖြစ်သည်။
"စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေသည့် အဖွဲ့များ၏ဘုံသဘောထားရပ်တည်ချက်"အမည်ဖြင့်ဦးတည်ချက် ခြောက်ရပ်အားအမျိုးသား ညီညွတ်ရေးအစိုးရ– NUG ၊ ကရင်အမျိုးသားအစည်းအရုံး- KNU ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ- KNPP ၊ ကချင်လွတ်မြောက်ရေးအဖွဲ့- KIO ၊ ချင်းအမျိုးသားတပ်ဦး -CNF တို့ ပူးပေါင်း၍ ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်လိုက်သည်။
ဦးတည်ချက်ခြောက်ရပ်၌ စစ်အာဏာသိမ်းမှုဖယ်ရှားကာ မြန်မာစစ်တပ်၏နိုင်ငံရေး၌ ပါဝင်နေခြင်းအားအဆုံးသတ်ရန် ပါဝင်ပြီးဖော်ပြပါ ဦးတည်ချက်များအားမြန်မာစစ်တပ် တာဝန်ရှိသူများလက်ခံလာပါက စစ်အာဏာသိမ်းမှုအဆုံးသတ်ခြင်း၊ အေးချမ်းငြိမ်းချမ်းစွာအာဏာလွှဲပြောင်းခြင်းဆိုင်ရာကိစ္စများ ဆွေးနွေးမည်ဟုလုပ်ငန်းစဉ်ဆိုင်ရာ လုပ်ငန်းများ၌ပါရှိသည်။
ထုတ်ပြန်ချက်၌မျှော်မှန်းချက်၊ဦးတည်ချက်ခြောက်ရပ်အပါအဝင်ရပ်တည်ချက် ကိုးရပ်၊လုပ်ငန်းစဉ်အဆင့်ဆင့်ခြောက်ရပ်ကိုလည်းထည့်သွင်းဖော်ပြထားသည်။
တော်လှန်ရေးကာလအတွင်းအသုံးပြုမည့် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၂၃)အားချင်းပြည်နယ်အတွင်းရှိတော်လှန်ရေးအင်အားစုများကပြဌာန်းထားခြင်းအပေါ်ဥပဒေစိုးမိုးရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရင်းခံစနစ် ရှုထောင့်မှသုံးသပ်ချက်အား ဥပဒေအထောက်အကူပြုကွန်ရက်(Legal Aid Network) က ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ချင်းပြည်ဖွဲ့စည်းပုံပြဌာန်းမှုနှင့် ပတ်သက်၍သဘောထားအမြင်ကွဲပြားမှုများရှိသော်လည်း သမိုင်းမှတ်ကျောက်တင်ရမည့်နိုင်ငံရေးအရွေ့တစ်ခုဖြစ်သည်ဟု LAN ကသတ်မှတ်ထားကာ ချင်းပြည်လွှတ်တော်အား၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များဖြင့်သာဖွဲ့စည်းထားခြင်း၊ ဥပဒေအရပြည်နယ်အား ဝန်ကြီးချုပ်စနစ်ဖြင့်ဖွဲ့စည်းမည်ဖြစ်သော်လည်းအစိုးရအစား ချင်းပြည်နယ်ကောင်စီအားတာဝန်ခံစေခြင်း၊ လွတ်လပ်သည့်တရားစီရင်ရေးဆိုင်ရာအခြေခံအချက်များ လုံလောက်စွာပြဌာန်းထားမှုမရှိခြင်း မရှိသည့်အပြင်တရားသူကြီးချုပ်နှင့်တရားသူကြီးများအား ကောင်စီအားတာဝန်ခံစေခြင်းများသည်တိုင်းပြည်ယန္တရားနှင့်တိုင်းပြည် အဆောက်အအုံများအကြားဖွဲ့စည်းတည်ရှိမှုဆိုင်ရာရှုပ်ထွေးမှု ဖြစ်ပေါ်လာနိုင်ကြောင်းအပြင်အကြံပြုချက် ငါးရပ်ကိုလည်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
နွေဦးတော်လှန်ရေးကာလအတွင်း ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ချင်းပြည်ကောင်စီ ဖွဲ့စည်းရေးနှင့် မဏ္ဍိုင်သုံးရပ် ထူထောင်ရေး အကြိုညီလာခံအား စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့ရာ ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြုအဖွဲ့အစည်းမှ စုစုပေါင်း ၁၀၈ ဦး ပါဝင်ခဲ့သည်။
အကြိုညီလာခံ ဆုံးဖြတ်ချက်အရ ဦးတည်ချက် သုံးရပ် အကောင်အထည်ဖော်ရေးအတွက် Working Committee for Chinland Council Conference (WCCCC) ကို ဖွဲ့စည်းခဲ့ကာ ယင်းကော်မတီက ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ရေးဆွဲမည် ဖြစ်သည်။
ပအိုဝ်းပြည်နည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပအိုဝ်းအျိုးသားဒေသများဆိုင်ရာ ပြုစုရေးဆွဲရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်သွားရန် ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့အစည်းအဝေး၌ ဆုံးဖြတ်ချက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်အမှတ် ၀၇/၂၀၂၃ ဖြင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ထုတ်ပြန်လိုက်သည်။
တိုးချဲ့အစည်းအဝေးအား ၄၈ နှစ်မြောက် ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အခမ်းအနားနှင့် တစ်ပြိုင်နက်တည်း ပြုလုပ်ခြင်း ဖြစ်ကာ ပအိုဝ်းပြည်သူများ၏ အန္တိမရည်မှန်းချက်မှာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝအာမခံချက်ရှိသည့် ပအိုဝ်းပြည်နယ်တစ်ရပ် ပေါ်ထွန်းဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
ကရင်နီပြည်နယ်အတွက် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီအား ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ - KSCC က စက်တင်ဘာ ၁၆ ရက်တွင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။
ကော်မတီအား KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ဦးဆောင်မည်ဖြစ်ကာ နော်ဖောဝါးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။
စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတိုင်းတို့တွင် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုလိုက်ပြီ ဖြစ်သည်။
၂၀၂၀ ရွေးကောက်ခံ တိုင်းကိုယ်စားလှယ်များအနေဖြင့် ဒေသတွင်းရှိ နွေဦးတော်လှန်ရေး၌ ပါဝင်နေသည့် အင်အားစုများအား ဖိတ်ခေါ်၍ ပူးပေါင်းအကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်ကိုလည်း ကြိုဆိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ဗဟိုအလုပ်ကော်မတီ - CWC က ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်အစည်းအဝေးအသီးသီးခေါ်ယူပြီး ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ/အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေတွေကို အတည်ပြုပြဌာန်းခဲ့ကြပါတယ်။
လွှတ်တော်အစည်းအဝေးတွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဌ/ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတနဲ့ ဝန်ကြီးချုပ် တို့က သဝဏ်လွှာတွေပေးပို့ခဲ့ကြပါတယ်။ ဥပဒေတွေအတည်ပြုနိုင်ခဲ့မှုနဲ့ ပတ်သက်ပြီး ပဲခူး၊ မန္တလေး၊ ဧရာဝတီ၊ ကရင်၊ ကချင်က ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဂုဏ်ပြုကြောင်း သဝဏ်လွှာတွေပေးပို့ခဲ့ကြပါတယ်။
စစ်ကိုင်းနဲ့ တနင်္သာရီလွှတ်တော်အစည်းအဝေးတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီ (CWC) က ကိုယ်စားလှယ်တွေလည်း လေ့လာသူတွေအနေနဲ့ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ လွှတ်တော်အစည်းအဝေးတွေ အပြီးမှာ NLD အနေနဲ့ ဥပဒေကြမ်းတွေ ပြဌာန်းနိုင်ခဲ့မှုကို ကြိုဆိုဂုဏ်ပြုကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဥပဒေတွေမှာ ဘာတွေပါဝင်လဲ
ဥပဒေကြမ်းသုံးခုဟာ ကွာခြားချက်အနည်းငယ်စီရှိကြပေမယ့် တူညီနေတဲ့အချက်တွေကတော့ ကြားကာလ ဖွဲ့စည်းပုံ သို့မဟုတ် အစီအမံရေးဆွဲရေးအတွက် ညှိနှိုင်းရေးအဖွဲ့၊ ထိုမှတဆင့် ကော်မရှင် ဖွဲ့စည်းရေးအတွက် ချဉ်းကပ်ပုံတူညီတာကို တွေ့ရပါတယ်။ စစ်ကိုင်းဥပဒေ ကတော့ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့သုံးစွဲပြီး၊ မကွေးဥပဒေနဲ့ တနင်္သာရီဥပဒေတွေမှာတော့ ကြားကာလအစီအမံလို့ သုံးစွဲပါတယ်။ ဥပဒေသုံးရပ်လုံးမှာ မူလ "တိုင်းဒေသကြီး" တွေကို "ဖက်ဒရယ်ယူနစ်" အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုဖော်ပြလာတာကို တွေ့ရပါတယ်။
တုံ့ပြန်မှုများ
ဒီဥပဒေတွေကို အတည်ပြုပြီး ရက်ပိုင်းအတွင်းမှာပဲ သက်ဆိုင်ရာ ဒေသအလိုက် နိုင်ငံရေးအင်အားစု တွေရဲ့ တုံ့ပြန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
တနင်္ဿာရီ
ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)၊ ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစု၊ Tanawthari Karen United for Liberation and Equality၊ မြိတ်ခရိုင်နိုင်ငံရေးအင်အားစု အပါအဝင် နိုင်ငံရေးအင်အားစုတွေက ဥပဒေပြဌာန်းမှုကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပါကြပါတယ်။
စစ်ကိုင်း
စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်း ၁၀၇ ဖွဲ့ နဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုတွေကလည်း ဒီလိုဥပဒေပြုမှုကို ဝေဖန်ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။
မကွေး
မကွေးဒေသမှာရှိတဲ့ သပိတ်ကော်မတီတွေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ကြသူတွေနဲ့ စုစည်းထားတဲ့ မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်ကလည်း သဘောထားထုတ်ပြန်ပြီး ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။
ဒီဝေဖန်မှုနဲ့ ကန့်ကွက်မှုတွေအားလုံးနီးပါးမှာ ကျယ်ပြန့်စွာ ဆွေးနွှေးညှိနှိုင်းတိုင်ပင်မှု မပြုလုပ်ပဲ ဥပဒေပြဌာန်းတာ၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ မဆောင်ရွက်ခဲ့တာတွေကို အဓိက ထောက်ပြဝေဖန်ထားပါတယ်။
မြင်ကွင်းကျယ်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တရက်တည်းမှာပဲ ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းမှုကို နိုင်ငံရေးမဏ္ဍိုင်ကြီး (၃) ရပ်ပါဝင်တဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) မှာ ဆွေးနွေးခဲ့ပြီး မူအရ သဘောတူညီချက်နဲ့ ဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး တော်လှန်ရေးမှာပါဝင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ဂုဏ်ပြုကြိုဆိုမှုကိုရရှိခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး လူထုလှုပ်ရှားမှုကနေ စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးမှာ “ဖက်ဒရယ် ဒီမိုကရေစီ” ကို အလေးပေးတောင်းဆိုခဲ့ကြပါတယ်။ ဒီဖက်ဒရယ်လှုပ်ရှားမှုမှာ ဗမာအများစုဒေသတွေကို တိုင်းဒေသကြီး ခုနစ်ခုအဖြစ် ဖွဲ့စည်းထားမှုအပေါ် ပြောင်းလဲဖို့ လှုံ့ဆော်ခဲ့ကြပေမယ့် ဘယ်လိုပြောင်းလဲမယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်မှုတွေတော့ မရှိသေးပါဘူး။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၂) ပုဒ်မ (၄၈) ရဲ့ အောက်ခြေမှတ်စုမှာတော့ “ယခုလက်ရှိဖြစ်တည်နေသော နိုင်ငံရေး၊ အုပ်ချုပ်ရေးအခြေအနေအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အပိုင်းအခြားများကို ကြားကာလအတွင်းတွင် ပြည်နယ်/ဖက်ဒရယ်ယူနစ်ဟု ခေါ်ဆိုသည်” လို့ ဖော်ပြထားပါတယ်။ ဒီလိုဖော်ပြမှုကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားတဲ့ တိုင်းဒေသကြီးတွေကို လက်ရှိကာလမှာ “ဖက်ဒရယ်ယူနစ်” ယူနစ်အဖြစ် စုစည်းသင့်တယ်လို့ ယူဆကြတာလည်း ရှိနိုင်ပါတယ်။ သို့သော် ကွဲပြားသော အမြင်များလည်း ရှိနေပါတယ်။
ပြည်နယ်တွေနဲ့ ပြည်နယ်သစ်ဖွဲ့စည်းဖို့ မျှော်မှန်းချက်ရှိကြတဲ့ လူမျိုးအခြေပြု ဒေသတွေမှာတော့ ဖက်ဒရယ်ကောင်စီ၊ လူမျိုးအခြေပြုကောင်စီ၊ ကော်မတီ စသည်ဖြင့် စုစည်းကြတာရှိပြီး လွှတ်တော်ကိုယ်စားလှယ်တွေအပြင် အခြားသောတော်လှန်ရေးအင်အားစုအသီးသီး ပါဝင်ကြတာကို တွေ့ရပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၂)၊ ပုဒ်မ (၅၂) မှာတော့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေရဲ့ ယန္တရားတွေကို “ဤပဋိညာဉ်ပါ ဖက်ဒရယ်တည်ဆောက်မှု အခြေခံဖြင့်” ဆောင်ရွက်ရမယ်လို့ ဖော်ပြပါတယ်။
နောက်တခုကတော့ “ကြားကာလ” ဆိုတဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်။ ဥပဒေကြမ်းသုံးခုမှာ ကြားကာလကို အဓိပ္ပာယ်ဖွင့်ဆိုမထားပေမယ့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာတော့ ကြားကာလဆိုတာဟာ စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီး အသွင်ကူးပြောင်းရေးကာလအစိုးရမဖွဲ့စည်းနိုင်ခင်ကာလကို ရည်ညွှန်းထားကြောင်း တွေ့နိုင်ပါတယ်။
ဒီလိုအငြင်းပွားမှုတွေဖြစ်ပွားနေတဲ့ကာလအတွင်းဖြစ်တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက “နိုင်ငံရေးအရ အင်အားစုဖွဲ့တည်ဆောက်ကြတဲ့အခါမှာ တတ်နိုင်သရွေ့ မိမိတို့ နိုင်ငံရေးအမြင်ကို ကျယ်သထက် ကျယ်အောင် ချဲ့ပြီး တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ်” လို့ သူ့ရဲ့ မိန့်ခွန်းထဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။
မကွေးတိုင်းဒေသကြီးလွှတ်တော်က မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေအား နိုဝင်လာဘ ၁၇ ရက်က ပြဋ္ဌာန်းသည့်အပေါ် မကွေးတိုင်းအတွင်းရှိ ချင်းတိုင်းရင်းသားများအစုအဖွဲ့က အသိအမှတ်မပြုကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
မကွေးတိုင်းလွှတ်တော်ရှိ လွှတ်တော်သုံးရပ်မှ ချင်းတိုင်းရင်းသားများအစုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ် ယင်းဥပဒေနှင့် ပတ်သက်၍ လုံးဝ ဆွေးနွေးထားမှု မရှိခြင်း၊ ထုတ်ပြန်လိုက်သည့် ဥပဒေ၌ တိုင်းရင်းသားများ အစုအဖွဲ့ အမည် သတ်မှတ်သုံးစွဲမှုနှင့် ပတ်သက်၍ ချင်းတိုင်းရင်းသားများ အစုအဖွဲ့ဟု ခေါ်ဆိုသတ်မှတ်ပေးရန် တောင်းဆိုထားသော်လည်း အသိအမှတ်ပြုသည့်အတွက် မကွေးလွှတ်တော် ထုတ်ပြန်ကြေညာချက်အား အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေညာချက်၌ ပါရှိသည်။
မကွေးတိုင်းအတွင်းရှိ ချင်းတိုင်းရင်းသားများအစုအဖွဲ့များ သဘောထားထုတ်ပြန်ချက်၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ အရှိုချင်းအမျိုးသားဖက်ဒရယ်ကောင်စီ၊ အရှိုချင်း အမျိုးသားကာကွယ်ရေးတပ် (ACDF) တို့ကလည်း ထောက်ခံ/ဝန်းရံအဖွဲ့အစည်းများအဖြစ် ပါဝင်သည်။
နွေဦးတော်လှန်ရေးကာလတွင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းအသစ်တစ်ရပ်အဖြစ် ပေါ်ထွက် လာခဲ့သော ကော်သူးလေတပ်မတော် (KTLA) ကို ဖွဲ့စည်းခဲ့သည့် ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြက သမ္မတအဖြစ် ဦးဆောင်ပါဝင်သော ကော်သူးလေ အစိုးရဖွဲ့စည်းမှုကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဗိုလ်မြ၏ သားတဦးဖြစ်ပြီး၊ KNU ၏ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်သော ကရင့်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO) ၏ စစ်ဦးစီးချုပ်ဟောင်းတဦး ဖြစ်သည်။ KNU လက်အောက်တွင် လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ရှိပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ကရင့်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO) တို့ဖြစ်သည်။
ကော်သူးလေတပ်မတော် (KTLA) ဖွဲ့စည်းခြင်း
ဒူးပလာယာခရိုင်၊ ဖလူး-ဝေါ်လေဒေသတွင် ဖြစ်ပေါ်ခဲ့သော ဥပဒေပြင်ပ သတ်ဖြတ်မှုနှင့် ပတ်သက်သည့် အမှုအတွက် ပြုလုပ်သည့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အတွက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် KNU အနေဖြင့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြအား တာဝန်မှ ယာယီရပ်ဆိုင်း ထားခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ဖမ်းဆီးရမိသည့် သုံ့ပန်း ၄၇ ဦးအနက် ၂၅ ဦးကို စစ်အုပ်စု၏ ထောက်လှမ်းရေးအဖြစ် စွတ်စွဲသတ်ဖြတ်မှုနှင့် ပတ်သက်သည့်အမှုဖြစ်သည်။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မတီ၏ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပူးပေါင်းပါဝင်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့တွင် တာဝန်နှင့် ရာထူးမှ လုံးဝရပ်ဆိုင်းခဲ့သည်။ လစ်လပ်သွားသည့် KNDOစစ်ဦးစီးချုပ်နေရာအား ဗိုလ်မှူးကြီး စောရှီးလေအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် KNU က ခန့်အပ်ခဲ့သည်။ ယင်းနောက် နှစ်ရက်အကြာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကော်သူးလေတပ်မတော် (KTLA) ဖွဲ့စည်းကြောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက စစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ KTLA တွင် Lion Battalion Commando၊ ဆင်ဖြူစစ်ကြောင်း၊ တပ်မဟာ (၄) မှ ခွဲထွက်ခဲ့သည့် အထူးတပ်ရင်းတို့အပြင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့မှ ခွဲထွက်လာသော တပ်ဖွဲ့ဝင်အချို့ ပါဝင်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင် KNU အရေးပေါ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးပြုလုပ်ပြီး ဗိုလ်မှူးချုပ် စောနယ်ဒါးမြအား KNU မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့သည်။ တနေ့တည်းမှာပင် KNLA နှင့် KNDO တို့အနေဖြင့် KTLA ဖွဲ့စည်းမှုသည် တပ်မှူးများ၏ အရေးပေါ် အစည်းအဝေး၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြောင်း ဖော်ပြပြီး “လုံးဝလက်ခံ အသိအမှတ် ပြုမည်မဟုတ်” ဟုတ် ထုတ်ပြန်ခဲ့သည်။
ကော်သူးလေတပ်မတော်သည် KNU လက်မှတ်ရေးထိုးထားခဲ့သော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ လွှမ်းမိုးချုပ်နှောင်မှုမရှိသော တပ်ဖွဲ့ဖြစ်ပြီး၊ စစ်အုပ်စုကို တော်လှန်နေသော ကရင့်တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဟု ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် KNU ၏ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးကNCA စာချုပ်သည် အနှစ်သာရအားဖြင့် ပျက်ဆီးပြီးဖြစ်သဖြင့် KNU အနေဖြင့် ၎င်းစာချုပ်နှင့် လုံးဝပတ်သက်ခြင်းမရှိတော့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
KNLA တပ်မဟာ (၄) (မြိတ်-ထားဝယ်ခရိုင်) နှင့် တပ်မဟာ (၇) (ဘားအံခရိုင်) တို့အနေဖြင့် KTLA အနေဖြင့် ၎င်းတို့နယ်မြေများအတွင်း လှုပ်ရှားခြင်းမပြုရန်၊ KTLA သို့ သွားရောက်ပူးပေါင်းခဲ့သော စစ်သည်များ မိခင်အဖွဲ့အစည်းများနှင့် ပြန်လည်ပူးပေါင်းရန် ထုတ်ပြန်မှုများရှိခဲ့သလို၊ အပြန်အလှန် ထိတွေ့ဖြစ်ခတ်မှုအချို့လည်း ဖြစ်ပွားခဲ့ပြီး၊ နှစ်ဘက် သေဆုံးမှုများ လည်း ရှိခဲ့သည်။
KTLA သည် မြေပြင်တွင် အခြားသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုတပ်ဖွဲ့များကို ပူးပေါင်းတိုက်ခိုက်မှုများရှိနေပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် တနင်္သာရီမြို့နယ်အခြေစိုက်သည့် ကော်သူးလေတပ်မတော် (KTLA)-ထီးစမယ်ယွာတပ်ရင်း၊ တပ်ခွဲ(၃)၊ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းနှင့် People Liberation Army (PLA) တို့ မဟာမိတ်တပ်ဖွဲ့ သုံးခုပေါင်းကာ တောင်းပိုင်ညီနောင်တပ်ပေါင်းစု (Southern Brothers Army - SBA) ကို ဖွဲ့စည်းထားသည်။
ကော်သူးလေအစိုးရဖွဲ့စည်းကြောင်းကြေညာခြင်း
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် KTLA မှ ကော်သူးလေ တပ်မတော်၊ နိုင်ငံရေးခံယူချက် ထုတ်ပြန်စာတမ်းနှင့် ဆက်စပ်နောက်ခံသမိုင်းကို ထုတ်ပြန်ခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် “အဓိကပန်းတိုင်များနှင့် အခြေခံမူများကို ဖော်ပြသည့် ပိုမိုကျယ်ပြန့်သော နိုင်ငံရေး ကြေငြာစာတမ်း (Political Manifesto-PM)” ကို ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် လက်ခံကျင့်သုံးလျက် ကော်သူးလေ အစိုးရ ဖွဲ့စည်းပုံ နှင့် အရာရှိများကို ဖော်ပြထားသည့်သည့် ကော်သူးလေအစိုးရဖွဲ့စည်းခြင်းကို ထုတ်ပြန်ခဲ့သည်။ အစိုးရအဖွဲ့တွင် စောနယ်ဘိုဒါးမြက သမ္မတအဖြစ် ပါဝင်သည်။
အခုလိုဖွဲ့စည်းမှုသည် ကော်သူးလေ ဖက်ဒရယ်ယူနစ်အစိုးရ ဖွဲ့စည်းမည်ဟု KNU က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့တာဖြစ်သည်။ စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီးနောက်မှာ KNU အနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ကော်သူးလေ ဖက်ဒရယ်ယူနစ်တစ်ခုကို တည်ထောင်မည်ဖြစ်ကြောင်း လည်း ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။
KNU အနေဖြင့် အုပ်ချုပ်ရေးကို အစိုးရတစ်ရပ်ကဲ့သို့ ပြည်စုံနိုင်ရေးအတွက် ဌာနအားလုံးနှင့် ကော်မတီအားလုံးက အပြင်းအထန် ကြိုးပမ်း အကောင်အထည်ဖော်နေသည့်အချိန်တွင် KNU က ဆောင်ရွက်နေသည့် အရာများအားလုံးကို လုပ်နေသယောင်ဖြင့်၊ နာမည်တူ ကော်သူးလေ အစိုးရ ဖွဲ့စည်းသည့်အတွက် အမြင်လွှဲမှားမှုများ ဖြစ်ပေါ်စေကြောင်း၊ မကြာခင်ပျောက်ကွယ်သွားမည့် “နေ့ခင်းဖက်အိပ်မက်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ KNU တွင် နိုင်ငံခြားရေးဌာန၊ ကာကွယ်ရေးဌာန အပါအဝင် ဌာန ၁၄ ခုရှိသည်။
KNU မှ ကရင်အဖွဲ့အစည်းအချို့ ခွဲထွက်ခဲ့ခြင်းမှာ ဤအဖြစ်အပျက်သည် ပထမအကြိမ်မဟုတ်ပဲ ၁၉၉၄ ခုနှစ်တွင် ဗိုလ်ချုပ် စောလားပွယ်သည် KNU မှ ခွဲထွက်၍ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ကို တည်ထောင်ခဲ့ခြင်း၊ KNU ၏ ခွင့်ပြုချက်မရဘဲ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည့်အတွက် ထုတ်ပယ်ခြင်းခံရ ပြီးနောက် ဗိုလ်မှူးချုပ်စောထိန်မောင် ဦး ဆောင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNLA (Peace Council) ကို ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းတို့လည်း ရှိခဲ့ပြီးဖြစ်သည်။
ကရင်ပြည် (ခေါ်) ကော်သူးလေ အသိအမှတ်ပြုမှု ရရှိရန်အတွက် KNU ကို ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ KNU ၏ ဦးဆောင်မှုဖြင့် ကော်သူးလေအစိုးရကို ၁၉၅၀ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းလည်ပတ်ခဲ့သည်။
(၁၇) ကြိမ်မြောက် KNU ကွန်ကရက်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့မှ မေလ (၄) ရက်နေ့အထိ ကျင်းပခဲ့ပြီး ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအလုပ်မှုဆောင်ကော်မတီတို့ကို ရွေးကောက် တင်မြှောက်ခဲ့သည်။
“ဖက်ဒရယ်စနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တန်းတူညီမျှမှုအခြေခံမူ - အမျိုးသမီးအခွင့်အရေးနှင့် ဂျဲန်ဒါတန်းတူမှုကို မဟာဗျူဟာမြောက်ချည်းကပ်ခြင်း” အမည်ဖြင့် စာတမ်းကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB က ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ဝေလိုက်သည်။
အနာဂတ်ပြည်ထောင်စု၌ ကျား-မ တန်းတူရေးနှင့် အမျိုးသမီးများ၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးစေသာ နယ်ပယ်အသီးသီးတွင် တန်းတူမှုဆိုင်ရာ အခွင့်အရေးများအား လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်ရန် စဉ်းစား ရာတွင် တန်းတူရေးအား ပြည်ထောင်စုစနစ်၏ အခြေခံမူအဖြစ် ထည့်သွင်းရန်၊ ပြည်နယ်များ၏ သက်ဆိုင်ရာအခြေခံ ဥပဒေများတွင်လည်း စနစ်တကျ ထည့်သွင်းရေးဆွဲပြဋ္ဌာန်းသွားနိုင်ရေး ရည်ရွယ်ထုတ်ဝေခြင်း ဖြစ်သည်။
စစ်တမ်း၌ အဓိကအခန်းကြီးသုံးခန်း ပါဝင်ကာ တန်းတူညီမျှမှုအခြေခံမူကို အလေးထားမှု၊ ပြည်ထောင်စုစနစ် အခြေခံမူနှင့် တန်းတူရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ပြည်နယ်ဖွဲ့စည်းပုံများ အခန်းကဏ္ဍတို့ ဖြစ်ကာ ရေးဆွဲရာ၌ အခြေခံ ရမည့် မူများကို ဖော်ပြထားသည်။
ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်အထိ ချင်းအမျိုးသားတပ်ဦး - CNF ဌာနချုပ် ဗစ်တိုးရီးယားစခန်းတွင် ပြုလုပ်သည့် ပထမအကြိမ် ချင်းပြည် (Chinland) ကောင်စီညီလာခံမှတစ်ဆင့် ဒီဇင်ဘာ ၆ ရက်တွင် ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုလိုက်ပြီ ဖြစ်သည်။
ယင်းနေ့တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ အနိုင်ရကာ စစ်အာဏာရှင်တော်လှန်ရေး၌ ပါဝင်သည့် ချင်းလွှတ်တော် ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြို့နယ်နှင့် ဒေသအဖွဲ့ကိုယ်စားလှယ်အဖွဲ့များဖြင့် ကောင်စီအား အစုအဖွဲ့သုံးမှ ကိုယ်စားလှယ် ၁၄၀ ဦးဖြင့် ဖွဲ့စည်းထားသည်။ ကောင်စီသည် ပြည်နယ်လွှတ်တော်၊ ပြည်အစိုးရအဖွဲ့နှင့် ပြည်နယ် တရားလွှတ်တော်ချုပ်တို့အား ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမည်လည်း ဖြစ်သည်။
နွေဦးတော်လှန်ရေးကာလအတွင်း ချင်းပြည်နှင့် ချင်းလူမျိုးကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများ ဦးစီး ဆောင်ရွက်ရေးအတွက် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Council – ICNCC) ကို ချင်းအမျိုးသားတပ်ဦး (CNF)၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကာ စစ်အုပ်စုအား ဆန့်ကျင်နေသည့် နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်း၊ သပိတ်အင်အားစု၊ အရပ်ဘက် အဖွဲ့အစည်း၊ လူငယ် အမျိုးသမီးများဖြင့် ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်တွင် စတင်ဖွဲ့စည်းသည်။စတင်ဖွဲ့စည်းခင်ကတည်းကပင် ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းရန်နှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများကို ကိုင်တွယ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် လည်း အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ်လည်း ပါဝင်လျက်ရှိသည်။
၂၀၂၁ ခုနှစ်၊ မေလတွင် အစိုးရပေါ်ပေါက်ရေးအတွက် ချင်းပဋိဉာဉ်ရရှိရေးအတွက် ချင်းပဋိဉာဉ်မူကြမ်း ရေးဆွဲရေးကော်မတီ ဖွဲ့ စည်းကား Single text drat ရရှိရေး၊ ရရှိလာသည်ကို ချင်းတော်လှန်ရေးအင်အားစုများနှင့် ကျယ်ပြန့်စွာ ဆွေးနွေးအတည်ပြုနိုင်ရေး ဆောင်ရွက်နေကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ် ဧပြီ ၄ ရက်တွင် CNF ဗဟိုအလုပ်မှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက် ၂ (က) အရ ကောင်စီမှ နုတ်ထွက်ကြောင်း ICNCC သို့ အကြောင်းကြားခဲ့သည်။
CNF သည် ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း (၁၀၈) ဦး ဖြင့် Pre-Plenary Meeting for Chinland Council ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ မှ ၉ ရက်အထိ ပြုလုပ်ခဲ့သည်။
ယင်းတွေ့ဆုံမှုအတွင်း တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (Chinland Constitution) ပေါ်ပေါက်ရေး၊ ချင်းပြည်ကောင်စီ (Chinland Council) ဖွဲ့စည်းရေး၊ ချင်းပြည် (Chinland) ၏ မဏ္ဍိုင်သုံးရပ် ဖွဲ့စည်းထူ ထောင်ရေးအတွက် ညီလာခံခေါ်ယူကျင်းပရန် သဘောတူခဲ့ကာ ညီလာခံဖြစ်မြောက်ရေး Working Committee for Chinland Council Conference (WCCCC) ကို ဖွဲ့စည်းခဲ့သည်။WCCCC သည် ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲခြင်းကို ဆောင် ရွက်ခဲ့သည်။
ချင်းပြည်တည်ထောင်ရေး၌ ပြည်နယ်အတွင်းရှိ အစုအဖွဲ့အသီးသီး စုံလင်စွာ ပါဝင်သော ဆွေးနွေးဆုံးဖြတ်ချက် မပါဘဲ ဆောင်ရွက်ခြင်းသည် မလိုလားအပ်သည့် ပဋိပက္ခများအား အစပျိုးရာ လမ်းကြောင်းတစ်ခုသို့ ရောက်ရှိစေမည်ကို စိုးရိမ်ကြောင်းနှင့် အားလုံးပါဝင်အောင် လုပ်ဆောင်ပြီးမှ ညီလာခံခေါ်သင့်ကြောင်း အလုပ်ကော်မတီထံ နိုဝင်ဘာ ၂၀ ရက် တွင် ကန်ပက်လက် မြို့နယ်ကောင်စီက သဘောထားပေးပို့ခဲ့သည်။
ညီလာခံသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် တန်းတူညီမျှမှု မရှိသောကြောင့် ချင်းအမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးကို ကိုယ်စားပြု ဖော်ဆောင်နိုင်မည်မဟုတ်ဟု သုံးသပ်သည့်အတွက် ညီလာခံတက်ရောက်မည် မဟုတ်ကြောင်း ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC-Mindat/CDF-Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့က ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်ထားသည်။
WCCCC ၏ ဦးဆောင်မှုဖြင့် CNF ဌာနချုပ်ရှိရာ ဗစ်တိုးရီးယားစခန်း၌ ချင်းပြည် (Chinland Council) ညီလာခံအား ဒီဇင်ဘာ ၄ – ၇ ရက်အထိ ပြုလုပ်ခဲ့သည်။ အစုအဖွဲ့ ကိုယ်စားပြုသူများအပါအဝင် ပြည်တွင်းပြည်ပ ဧည့်သည် ၂၃၅ ဦး ပါဝင်သည့် ယင်းညီလာခံက ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုလိုက်သည်။
တစ်ပြိုင်နက်တည်းပင် ယင်းအစုအဖွဲ့ သုံးခုမှ ကိုယ်စားလှယ် ၁၄၀ ဦးဖြင့် ကောင်စီအား လည်းကောင်း၊ ၂၃ ဦး ဖြင့် ကောင်စီ ဦးဆောင်အဖွဲ့အားလည်းကောင်း ဖွဲ့စည်းခဲ့ကာ ကောင်စီသည် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရန်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအား ရည်မှန်းချက်အဖြစ် ထားရှိကာ ကောင်စီဖွဲ့စည်းပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်နယ်လွှတ်တော်၊ ပြည်အစိုးရအဖွဲ့ နှင့် ပြည်နယ်တရားလွှတ်တော်ချုပ်တို့အား ဖွဲ့စည်းသွားမည်ဟု ကောင်စီက ကြေညာချက် ၁/၂၀၂၃ ဖြင့် ထုတ်ပြန်လိုက်သည်။
ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များ
အတည်ပြုလိုက်သည့် ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း (၁၀) ခန်း ပါရှိသည်။ ၎င်းတို့မှာ (၁) အခြေခံမူ (၂) ချင်းပြည် (Chinland) ဖွဲ့စည်းတည်ဆောက်ပုံ (၃) ချင်းပြည် (Chinland) ကောင်စီ (၄) ဥပဒေပြုရေး (၅) အုပ်ချုပ်ရေး (၆) တရားစီရင်ရေး (၇) ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (၈) ဒေသန္တရအုပ်ချုပ်ရေး (၉) ရွေးကေက် တင်မြှောက်ခြင်း (၁၀) အထွထွေပြဋ္ဌာန်းချက်များ တို့ ဖြစ်သည်။
ကောင်စီဦးဆောင်အဖွဲ့ဝင်များသည် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) အပြင် ပြည်နယ် အစိုးရ၊ လွှတ်တော်၊ တရားလွှတ်တော်ချုပ်နေရာများ၌ တာဝန်ထမ်းဆောင်ခွင့်မရှိဟု ကန့်သတ်ထားသည်။ အစိုးရအဖွဲ့ ဖွဲ့စည်းပုံ၌ ဝန်ကြီး ချုပ်အား အကြီးအကဲအဖြစ် သတ်မှတ်ထားသော်လည်း ချင်းပြည် (Chinland) ကောင်စီ ဥက္ကဋ္ဌသည် ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြည်နယ်အကြီးအကဲပင် ဖြစ်သလို ချင်းပြည် (Chinland) ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌ လည်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူသည်။
အစိုးရအဖွဲ့အား တော်လှန်ရေးကာလနှင့် အသွင်ကူးပြောင်းရေးကာလဟူ၍ နှစ်ပိုင်းခွဲခြားထားကာ တော်လှန် ရေးကာလ ပြီးဆုံးပါက ချင်းပြည် (Chinland) တော်လှန်ရေးကာလအစိုးရအဖွဲ့အား အသွင်ကူးပြောင်းရေးကာလ အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းရမည် ဖြစ်သည်။
ကဏ္ဍ ၁၂ ခုမှ နိုင်ငံရေးအင်အားစုများဖြင့် စုဖွဲ့ထားသည့် ဧရာဝတီဖက်ဒရယ်ကောင်စီအား ထပ်မံပါဝင်လာသည့် အင်အားစု နှစ်ခုနှင့် ပူးပေါင်းကာ "ဧရာဝတီ ဖက်ဒရယ်အင်အားစု" (Ayeyarwaddy Federal Force – AFF) ဟု ပြောင်းလဲကြောင်း ကြေညာချက်အမှတ် (၁/၂၀၂၃) ဖြင့် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
ကောင်စီအား ၂၀၁၂ ခုနှစ်ကတည်းက ဖွဲ့စည်းထားကာ ဧရာဝတီအမျိုးသားပြည်နယ် ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲလုပ်ငန်းများ လုပ်ဆောင်နေခြင်းဖြစ်ကာ နိုင်ငံရေးရည်မှန်းချက်အဖြစ် အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် ဧရာဝတီပြည်နယ်ဖွဲ့စည်းပုံမူကြမ်း ပေါ်ပေါက်ရေးတို့ ချမှတ်ထားသည်။
မြေပြင်၍ တော်လှန်ရေး အပြီးသတ် အောင်ပွဲခံနိုင်ရေး ဦးစားပေးဆောင်ရွက်ရမည် တော်လှန်ရေးဆိုင်ရာ ကိစ္စများအပြင် တိုင်းအတွင်း အစုအဖွဲ့အားလုံး လက်ခံနိုင်သည့် နိုင်ငံရေးသဘောတူညီမှု ရရှိအောင် ဆက်လက်ကြိုးပမ်းလိုခြင်းများကြောင့် စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့မှ နုတ်ထွက်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဒီဇင်ဘာ ၂၈ ရက်တွင် ကြေညာလိုက်သည်။
ဦးဆောင်ကော်မတီအနေဖြင့် မျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအကြား လက်ရှိကာလ နိုင်ငံရေးသဘောတူညီချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် - FDC ထက် ပိုမိုအားကောင်းခိုင်မာသည့် ဘုံနိုင်ငံရေးသဘောတူညီချက်နှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးအတွက် တက်ကြွစွာ ပူးပေါင်း ကြိုးပးမ်း အားထုတ်သွားမည်ဟုလည်း ကြေညာချက်၌ ပါရှိသည်။
၂၀၂၄ ခုနှစ်တွင် တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရရှိရေး ကြိုးပမ်းနေသည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲ ထုတ်ပြန်လိုက်သည်။
၂၀၂၃ ခုနှစ်သည် စစ်ရေးအရ သိသာထင်ရှား၍ လက်တွေ့ကျသည့် အောင်မြင်မှုများ ရရှိခဲ့သည့် နှစ်ဖြစ်ကာ လက်ရှိတွင် အကြမ်းဖက်စစ်အုပ်စု၏ အရေးပါသည့် စစ်စခန်းအများအပြားကို သိမ်းပိုက်ထားပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရရှိရေး ကြိုးပမ်းနေကာ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံတစ်ရပ် ပေါ်ပေါက်ရေး၊ တော်လှန် ရေးအလွန် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး၊ ညီညွတ်ရေး ပိုမို အားကောင်စေရေး အထူးသတိထား ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ကြေညာချက်၌ ပါရှိသည်။
ထို့အပြင် ဒေသတွင်းလုံခြုံရေးကိစ္စ၊ စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနထောက်ထားမှုအကူအညီများပေးအပ်ခြင်း၊ ပဋိပက္ခအတွင်း အရပ်သားများကို ကာကွယ်စောင့်ရှောက်မှုပေးခြင်းအကြောင်းအရာများကိုလည်း ပူးတွဲထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေးအား လုံးဝရပ်စဲမည် မဟုတ်ဘဲ ရှမ်းပြည်နယ် အထူးဒေသ (၁) အာဏာရရေးသည် မိမိတို့၏ အမျိုးသားရေးလုပ်ငန်းစဉ် ပထမခြေလှမ်းဖြစ်ကာ "အထူးဒေသ (၁) အခြေခံဥပဒေ" ကို အခြေခံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအား ကြိုးပမ်းအားထုတ်မည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) စစ်ဦးစီးချုပ်နှင့် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်တဲရင်၏ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာ၌ ဖော်ပြထားသည်။
စစ်တိုက်ခြင်းသည် ၎င်းတို့၏ ရည်မှန်းချက်မဟုတ်ဘဲ စစ်ရေးမှတစ်ဆင့် နိုင်ငံရေးရည်မှန်းချက်အား ဖော်ဆောင်ခြင်းဖြစ်ပြီး အမျိုးသားတန်းတူရေး၊ လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကောင်အထည် ဖော်နေခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် အထူးဒေသ (၁) ပြန်လည်ထူထောင်ရေးအတွက် အရေးကြီးသည့် အချိန်ကာလလည်း ဖြစ်ကြောင်းလည်း နှစ်ကူးသဝဏ်လွှာ၌ ထည့်သွင်းပြောဆိုထားသည်။
အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံ ပထမမူကြမ်းအားရေးဆွဲ မှတ်တမ်းတင်ထားပြီးကြောင်းဇန်နဝါရီ ၆ ရက်ကပြုလုပ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဒုတိယဗဟိုကော်မတီ၏ကြားကာလ တတိယအကြိမ် အစည်းအဝေအပြီးထုတ်ပြန်လိုက်သည်။
အစည်းအဝေးအားဗဟိုသဘာပတိအဖွဲ့ဝင် မန်းဂျော်နီကသဘာပတိအဖြစ် ပါဝင်ပြီးဗဟိုကော်မတီဝင် ၄၀ ဦး၊အရံဗဟိုကော်မတီဝင် ၁၃ ဦး၊တိုင်းနှင့် ပြည်နယ်အလုပ်အမှုဆောင် ၂၃ ဦး၊ဗဟိုရေးရာကော်မတီ ၁၇ ဦးဖြင့်ပြုလုပ်ခဲ့ရာ ဆုံးဖြတ်ချက်(၈)ချက်ချမှတ်ခဲ့သည့်အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပထမမူကြမ်းအား ရေးဆွဲမှတ်တမ်းတင်ထားကြောင့်ကြေညာချက်၌ ပါရှိသည်။
ချင်းပြည်နယ်ဖွဲ့စည်းပုံ(၂၀၂၃)နှင့်ချင်းပြည်ကောင်စီ ပြဌာန်း၊ဖွဲ့စည်းမှုကြောင့်ချင်းတော်လှန်ရေးအင်အားစုများအကြားစစ်ရေးနှင့် နိုင်ငံရေးပဋိပက္ခများအထိဦးတည်စေနိုင်သည့် အခြေအနေများတွေ့ရှိနေရသည့် ချင်းလူထုဆန္ဒနှင့်အာဏာရှင်စနစ် ဖြုတ်ချရေးရည်မှန်းချက်ကို ရှေ့ရှုထားရန်နှင့်စုပေါင်းအဖြေရှာညှိနှိုင်းဆောင်ရွက်ကြရန်ပြည်တွင်းပြည်ပရှိ ချင်းအဖွဲ့အစည်း၃၉ ဖွဲ့နှင့် လူပုဂ္ဂိုလ်၅၄၅ ဦးတို့က အချက်လေးချက်ပါတိုက်တွန်းချက်အား ဇန်နဝါရီ၁၉ ရက်က ထုတ်ပြန်လိုက်သည်။
သဘောထားကွဲလွဲမှုသည်ချင်းမျိုးနွယ်စုနိုင်ငံရေးအားအကဲဆက်ထိရှစေကာ လူထုအတွက်နိုင်ငံရေးဦးဆောင်လမ်းပြမှုအားဝေဝါးစေနိုင်ကြောင်း၊နိုင်ငံရေးအရလက်ဦးမှုရယူခြင်းထက် အချင်းချင်းညှိနှိုင်း အသိအသိအမှတ်ပြုတန်ဖိုးထားမှုသည် အရေးကြီးကြောင်း၊ပြည်နယ်သစ်ဖွဲ့စည်းရေးအတွက်အခြေခံဥပဒေ ရေးဆွဲရာ၌ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်ရေးနှင့်ပြည်နယ်လူထု အမြင်သဘောထားများအားထည့်သွင်းစဉ်းစားမှုနှင့်အမျိုးသမီးများ ပါဝင်မှုအားအလေးထားသင့်ကြောင့်တိုက်တွန်းချက်၌ ဖော်ပြထားသည်။