နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ အရေးကြီးသည့် အကြောင်းအရာများ
အရပ်သားများကို ကာကွယ်ပေးခြင်း
အရပ်သားများကို ကာကွယ်ပေးခြင်း
Last updated on 
October 16, 2024

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက် ဖြိုခွဲခဲ့သည်။ ယင်းနောက်ဆက်တွဲအဖြစ် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အတွက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန် သူများ ရှိလာခဲ့သည်။ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့ (Local Defense Force – LDF) များအပြင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defense Force – PDF) လည်း ရှိလာခဲ့သည်။ ထို့ပြင် ယခင်ကတည်းက နိုင်ငံအတွင်း ရှိနှင့်ပြီးသား ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုမှာလည်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ နိုင်ငံအနှံ့ ၎င်းတို့ အခြေစိုက်ရာ ဒေသများ၌ လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်လာလျက် ရှိသည်။

အကြမ်းဖက်စစ်အုပ်စုသည် လက်နက်ကိုင်ပဋိပက္ခများ အားမကောင်းခင်အချိန်ကပင် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်၊ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား သေသည်အထိ ပစ်ခတ်သတ်ဖြတ်ခြင်း၊ အသက်မသေဖမ်း ဆီးခံရသူများမှာ စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခံရခြင်း၊ တော်လှန်ရေးအင်အားစုများ ရှိရာ ဒေသများတွင် အရပ်သားများအား ဖြတ်လေးဖြတ် စစ်ဆင်ရေးဖြင့် ကျေးရွာများ အား မီးရှို့ဖျက်ဆီးခြင်း၊ ဘာသာရေးနှင့် အများပြည်သူနှင့် ဆက်စပ်သော ကျန်းမာရေးဌာန၊ ပညာရေးကျောင်း များအား မီးရှို့ဖျက်ဆီးခြင်း၊ အများပြည်သူပိုင် ဓနဥစ္စာများအား သိမ်းယူခြင်းများ၊ PDF/LDF ဟု အမည်တပ်ကာ သတ်ဖြတ်ခြင်းများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည့်အတွက် အရပ်သားထိခိုက်မှုများ များစွာ ကြုံတွေ့ခဲ့ရသည်။

နိုင်ငံအနှံ့ စစ်ရေး အရှိန်မြင့်တက်လာသည်နှင့်အမျှ ပြည်သူများအား အကာအကွယ်ပေးရေးမှာ အရေးကြီးလာလျက် ရှိသည်။ အကြမ်းဖက်စစ်အုပ်စုအား လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၌လည်း ပြည်သူလူထုအပေါ် ဆက်ဆံရမည့် ကျင့်ဝတ် များအား စစ်သည်တော်ကျင့်ဝတ် (Military Code of Conduct) အဖြစ် ရေးဆွဲ ကျင့်သုံးလျက် ရှိသည်။

NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန (Ministry of Defense) က ၎င်းလက်အောက်ရှိ စစ်သည်တော်များ လိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များအား ၂၀၂၁  ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သည်။ စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်းအပြင် အရပ်သားပြည်သူများ၊ အမျိုးသမီးနှင့် ကလေးငယ်များအပေါ် လိုက်နာရမည့် ကျင့်ဝတ်များကို ကဏ္ဍခွဲ၍ ပြဋ္ဌာန်းကျင့်သုံးလျက် ရှိသည်။ ထို့ပြင် "လက်နက်ချအညံ့ခံသူများနှင့် စစ်သုံ့ပန်းများအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များ" ကို တိကျစွာ ပြဋ္ဌာန်းပေးထားသည်။ MOD အပါအဝင် NUG လက်အောက်ရှိ ဝန်ကြီးဌာနများသည် အစိုးရအဖွဲ့လက်အောက်ရှိ  တပ်ရင်း၊ တပ်ဖွဲ့များအား စစ်သည်တော်ကျင့်ဝတ်၊ စည်းကမ်းများအပြင် ဂျနီဗာကွန်ဗန်းရှင်းဥပဒေများအား သင်ကြားပို့ချပေးသည့် အစီအစဉ်ကိုလည်း ဒေသအလိုက် ပြုလုပ်ပေးလျက် ရှိသည်။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကရေးဆွဲပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် အတည်ပြုကာ စတင်ကျင့်သုံးခဲ့သည်။ ထို့အပြင် စစ်သည်တော်ကျင့်ဝတ်ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး တိုင်ကြားရေးကော်မတီ တရပ်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

အကြမ်းဖက်စစ်အုပ်စုအား လက်နက်ကိုင်တော်လှန်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တွင်လည်း တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်များအား ၂၀၂၂ ခုနှစ် ဇူလိုင်လက ပြဋ္ဌာန်းကျင့်သုံးစေရာ၌ ပြည်သူလူထုနှင့် ဆက်ဆံရာတွင် လိုက်နာရမည့် စည်းကမ်းရှစ်ချက်၊ "လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် အနိုင်ကျင့်စော်ကားခြင်းမှ ကာကွယ်တားဆီးခြင်းဆိုင်ရာမူဝါဒ" ကိုလည်း ၂၀၂၃ ခုနှစ် သြဂုတ်လ၌ ထုတ်ပြန် ကျင့်သုံးစေခဲ့သည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army – PLA) ဗဟိုနိုင်ငံရေးဌာနက ထုတ်ပြန်ထားသည့် ၎င်းတို့၏ တပ်မတော်သားလက်စွဲတွင် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရာ၌ ပြုကျင့်ရမည့် ကျင့်ဝတ်အစား "ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ စည်းကမ်းကြီး (၃) ရပ်နှင့် သတိပြုရန် (၈) ချက်" အောက်တွင် အများပြည်သူနှင့် ဆက်ဆံရမည့် သတိပြုရန်အချက်များအား ထည့်သွင်းထားသည်။

နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ပေါက်ဖွားလာသည့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ အကြား စစ်သည်တော်နှင့် အရပ်သားများအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များနှင့် ပတ်သက်၍ တိကျစွာ ပြဋ္ဌာန်း ထားသည့်နည်းတူ ယခင်ရှိပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၌လည်း စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ ထားရှိထားကြသည်။

ကရင်အမျိုးသားအ စည်းအရုံး (KNU) နှင့် Research Institute for Society and Ecology (RISE) က မြန်မာ၊ စကောကရင်၊ ပိုးကရင်၊ ပအိုဝ်းလေးဘာသာဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် စီစစ်ထုတ်ဝေသည့် နှစ်ဖက်လေးစားလိုက်နာရမည့် ကျင့်ဝတ်များ၌ "အရပ်သားပြည်သူများနှင့် ပတ်သက်၍ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ" အခန်း ပါဝင်သည်။ ယင်းကျင့်ဝတ်စည်းကမ်း၌ အချက်ခွဲ ၁၇ ချက် ပါဝင်ကာ ပြည်သူလူထု၏ နေ့စဉ်ဘဝ ရပ်တည်မှု၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ အများပြည်သူပိုင် အခြေခံဝန်ဆောင်မှု အဆောက်အဦများ (ကျန်းမာရေး၊ ပညာရေး)၊ အမျိုးသမီးနှင့် ကလေးငယ်များအား အကာအကွယ်ပေးရမည့် အချက်များ ပါဝင်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့သည် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့တွင် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် Geneva Call ၏ ကလေးသူငယ်များကို လက်နက်ကိုင်ပဋိပက္ခများ၏ သက်ရောက်မှုမှ ကာကွယ်ပေးရေးဆိုင်ရာ သန္ဓိဌာန်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသန္ဓိဌာန်အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကာကွယ်ပေးခြင်းနှင့် ဂျန်ဒါခွဲခြားမှုမှ ကာကွယ်တားဆီးခြင်း သန္ဓိဌာန်ကို ချင်းအမျိုးသားတပ်ဦး (CNF) က ၂၀၁၄ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ကလေးသူငယ်များကို လက်နက်ကိုင်ပဋိပက္ခများ၏ သက်ရောက်မှုမှ ကာကွယ်ပေးရေးဆိုင်ရာ သန္ဓိဌာန်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ရေးထိုးခဲ့သည်။

အချက် ၁၀ ချက်ပါ သဘောထားအား ဒုတိယအကြိမ် CDM ညီလာခံ ထုတ်ပြန်

December 15, 2024

ဒုတိယအကြိမ်မြောက် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံအား ဒီဇင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ လေးရက်တာ ကျင်းပပြီးနောက် အချက် ၁၀ ချက်ပါ သဘောထားအား ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

CDM အင်အားစုအနေဖြင့် စနစ်သစ်နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက် ဆက်လက်တိုက်ပွဲဝင်မည် ဖြစ်ကာ အကြမ်းဖက်စစ်တပ်နှင့် အပေါင်းအပါများ၊ ၎င်းတို့အား ကူညီပံ့ပိုးနေသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း ဆန့်ကျင်တော်လှန်မည်ဟု ဖော်ပြထားသည်။ ထို့ပြင် တရားမဝင် စစ်အုပ်စုနှင့် ချုပ်ဆိုထားသော မည်သည့် နိုင်ငံတကာ စာချုပ်မျိုးကိုမဆို အသိအမှတ်ပြုမည် မဟုတ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြုလုပ်မည့် ရွေးကောက်ပွဲနှင့် မည်သည့် နိုင်ငံရေးအခင်းအကျင်းကိုမဆို ပြတ်ပြတ်သားသား ရှုတ်ချကာ လုံးဝလက်ခံမည် မဟုတ်ကြောင်းလည်း သဘောထားထုတ်ပြန်ချက်၌ ပါရှိသည်။

အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းလျက်ရှိသော Non CDM ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူလုထုနှင့် ပူးပေါင်းရန်၊ ပြည်သူလူထု ထိခိုက်နာကျင်စေမည့် လုပ်ရပ်များကို ပူးပေါင်းလုပ်ဆောင်လျက်ရှိသူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားရေးအတွက်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများအား တိုက်တွန်းထားသည်။

သေဒဏ် မပါတော့သည့် ဒေသန္တရတားမြစ်ချက် ကျောတိုက်နယ်-ပအဖ ထပ်မံထုတ်ပြန်

December 14, 2024

တားမြစ်ချက်များအား ကျူးလွန်သည်ဟု ထင်ရှားပါက သေဒဏ်အထိ ချမှတ်နိုင်သည့် တရားစီရင်ခြင်းဖြင့် ဒေသန္တရနည်းဥပဒေအတိုင်း ဆောင်ရွက်မည်ဟု စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ထုတ်ပြန်ခဲ့ရာ ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီးနောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဗဟိုဦးဆောင်ကော်မတီက ဒီဇင်ဘာ ၁၄ ရက်တွင် ပြန်လည်ထုတ်ပြန်ထားသည်။

ထပ်မံထုတ်ပြန်သည့် ဒေသန္တရ တားမြစ်ချက် (၂၃) ချက်တွင် စီးပွားဖြစ် သစ်ခုတ်ခြင်း၊ ဝါးခုတ်ခြင်းနှင့် မျှစ်ချိုးခြင်းများကို တားမြစ်ထားကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများအပေါ် ကိုယ်ထိလက်ရောက် ဖြစ်စေ၊ ပုန်ကန်ခြားနားခြင်း ပြုလုပ်ပါက ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူခြင်းခံရမည်ဟု ဖော်ပြထားသည်။

ယင်းပြန်လည်ပြင်ဆင်တားမြစ်ချက်များ မတိုင်မီက ထုတ်ပြန်ခဲ့မှုတွင် သစ်မခုတ်ရ၊ ဝါးမခုတ်ရ၊ မျှစ်မချိုးရဟု ပါရှိကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများအပေါ် နှုတ်ဖြင့် ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ ၊ စော်ကားခြင်း ပုန်ကန်ခြားနားခြင်း ပြုလုပ်သည်ဟု ယူဆရပါက ထိထိရောက်ရောက် အရေးယူခြင်းခံရမည်ဟု ပါရှိသည်။

အုန်းဖျန်ပေါက်ကွဲမှု အမှုမှန်ပေါ်ရေး ထိုင်းနှင့် ပူးပေါင်းမည်ဟု KNU ထုတ်ပြန်

December 14, 2024

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်၌ ဒီဇင်ဘာ ၁၃ ရက်က နှစ်စဉ် ပြုလုပ်နေကြဖြစ်သည့် Doi Loi Fa ပွဲ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမှုမှန် ဖော်ထုတ်ရေးလုပ်ငန်းများ၌ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအမြဲတမ်းကော်မတီက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပေါက်ကွဲမှုဖြစ်စဉ်၌ လေးဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာရရှိခဲ့ပြီး သံသယရှိ လူငယ်နှစ်ဦးအား ဖမ်းဆီးထားမိကြောင်း၊ တစ်ဦးမှာ KNU အဖွဲ့ဝင်ဖြစ်သည်ဟု ထိုင်းအာဏာပိုင်များအား ကိုးကား၍ Khaosad သတင်းဌာနက ရေးသားဖော်ပြပြီးနောက် အဆိုပါ သဘောထား ထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်၌ သေဆုံး၊ ဒဏ်ရာရသူများ၏မိသားစုဝင်များနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲကြောင်းနှင့် ယင်းကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကို လက်မခံသည့်အပြင် ပြုလုပ်သူများကိုလည်း ကန့်ကွတ်ရှုတ်ချကြောင်း ပါရှိသည်။

အကြမ်းဖက်စစ်အုပ်စု အဆိပ်ငွေ့သုံး တိုက်ခိုက်မှုအား သက်သေနှင့်တကွ KNDF ထုတ်ပြန်

December 13, 2024

ကရင်နီနှင့် ရှမ်းပြည်နယ်စပ် မိုးဗြဲမြို့အနီး ဒီဇင်ဘာ ၇ နှင့် ၈ ရက် တိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က ဒရုန်းသုံး ဗုံးကြဲရာ၌ S-HPOS (အက်စ်ဖော့စ်) တံဆိပ်ပါ အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီဇင်ဘာ ၁၃ ရက်တွင် သက်သေများနှင့်တကွ ထုတ်ပြန်လိုက်သည်။

အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုတိုက်ခိုက်မှုကြောင့် ရဲဘော်များမှာ မူးဝေခြင်း၊ ခေါင်းမူးခြင်း၊ အော့အန်လိုခြင်း၊ အိပ်ချင်လာခြင်း၊ ခန္ဓာကိုယ်မလန်းဆန်းခြင်းနှင့် အားပြတ်ခြင်းများ ခံစားခဲ့ရကာ အများပြည်သူအနေဖြင့် မိမိတို့အနီးဝန်းကျင်၌ ဒရုန်းပျံဝဲခြင်း၊ တိုက်ခိုက်ခံရသည့်နေရာများအနီး ရှိနေပါက စူးစမ်းခြင်းများမလုပ်ဘဲ လုံခြုံရာနေရာများ၌ ပုန်းခို၊ ရှောင်ရှားနေကြရန်လည်း KNDF က အထူးသတိပေးထားသည်။

မြန်မာလုပ်သားများအတွက် အချက်သုံးချက်ပါ ပန်ကြားချက် ထိုင်းအစိုးရထံ NUG ပေးပို့

December 5, 2024

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ နေထိုင်ခွင့်အပေါ် ဖြေလျော့မှုများ ရှိသော်လည်း အခက်အခဲ ဖြစ်စေမည့် အချက်သုံးချက် ပါဝင်နေသည့်အပေါ် ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးစေလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိုင်းအစိုးရထံ ဒီဇင်ဘာ ၄ ရက်က ပန်ကြားချက် ပေးပို့ထားသည်။

ထိုင်းအစိုးရက အထောက်အထားမရှိသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား Non Thai Identification Card (ပန်းရောင်ကတ်) ထုတ်ပေးခြင်း၊ တရားဝင် အထောက်အထားများ ဖြစ်သည့် နိုင်ငံကူးလက်မှတ် (Passport) ၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) (အစိမ်းရောင်စာအုပ်) ကိုင်ဆောင်ထားသူများအား မြန်မာနိုင်ငံသို့ ပြန်စရာမလိုဘဲ သက်တမ်းတိုးမှု ဆောင်ရွက်နိုင်ရေး အစီအစဉ်သစ်၌ အခက်အခဲဖြစ်စေမည့် အချက်များ ပါဝင်နေခြင်း ဖြစ်သည်။

NUG အလုပ်သမားဝန်ကြီးဌာနက ပေးပို့သည့် ပန်ကြားချက်၌ (၁) အလုပ်သမားများ၏ အချက်အလက်များအား စစ်ကောင်စီထံ ပေးပို့ခြင်း (၂) သက်တမ်းတိုးလျှောက်ထားရာ၌ သတ်မှတ်ထားသည့် ကုန်ကျစရိတ်အပြင် စစ်ကောင်စီထံ ပြည်ပလစာဝင်ငွေခွန် ဆောင်ထားကြောင်းနှင့် စစ်ကောင်စီ သတ်မှတ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများမှတဆင့် မြန်မာနိုင်ငံဗဟိုဘဏ်က သတ်မှတ်သော ငွေလဲနှုန်းထားအတိုင်း ပြည်တွင်းရှိ မိသားစုထံ ငွေလွှဲပြောင်းမှု အထောက်အထား ပြသရခြင်း (၃) ယခင်ကုန်ကျစရိတ်ထက် နှစ်ဆ မှ သုံးဆအထိ ရှိလာနိုင်ခြင်းတို့ကြောင့် ယခင်အတိုင်း သက်တမ်းတိုးပေးခြင်းနှင့် အထောက်အထား ထုတ်ပေးခြင်းလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စု အာဏာ မသိမ်းခင်က အထောက်အထားတစ်ခုခု ကိုင်ဆောင်ထားသူ နှစ်သန်းကျော်နှင့် အထောက်အထားမဲ့၁ ဒသမ ၅ သန်းကျော် ရှိခဲ့ကာ အာဏာသိမ်းပြီးနောက်ပိုင်း ယင်းပမာဏထက် ပိုမိုများပြားလာလျက် ရှိသည်။

နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး အချက်ခြောက်ချက် MNDAA ထုတ်ပြန်

December 4, 2024

စစ်ဘေးဒုက္ခဒဏ် ခံစားနေရသည့် ပြည်သူများအား ငဲ့ညှာခြင်း၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးနှင့် ပြည်တွင်းစစ်ရေးပဋိပက္ခများအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေးအား လက်တွေ့ကျကျ ဖော်ဆောင်ရန်အတွက် အချက်ခြောက်ချက်ပါ ရပ်တည်ချက်နှင့် သဘောထားအား မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) (ကိုးကန့်) စစ်ရေးကော်မတီက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

“ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုလားပါကြောင်း ထုတ်ပြန်ကြေညာချက်" အမည်ဖြင့် ထုတ်ပြန်မှု၌ MNTJP/MNDAA သည် နိုင်ငံသစ် တည်ထောင်မည် မဟုတ်ကြောင်း၊ ယနေ့မှစ၍ အစပြု ထိုးစစ်ဆင်မည် မဟုတ်ကြောင်းနှင့် တရုတ်၏ ကြားဝင်စေ့စပ်မှုအတိုင်း တက်ကြွစွာ ပူးပေါင်းမည်ဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ မြန်မာနိုင်ငံအနှံ့ ဖော်ဆောင်နေသည့် ဝေဟင်နှင့် မြေပြင်ထိုးစစ်ဆင်မှုများအား ရပ်ဆိုင်းပေးရမည်၊ တွေ့ဆုံဆွေးနွေးစဉ် MNTJP/MNDAA ဘက်မှ အဆင်မြင့်ကိုယ်စားလှယ် စေလွှတ်မည်ဖြစ်ကာ ပဋိပက္ခနှင့် အမြင်သဘောထားကွဲမှုများအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် မျှော်လင့်ကြောင်း၊ နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း MNDAA အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား ယခင်နည်းတူ ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

သေဒဏ်ပေးမှုနှင့် မသက်ဆိုင်ကြောင်း စလင်း ပအဖ ထုတ်ပြန်

December 3, 2024

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဂုံညှင်းနွယ်ကျေးရွာတွင် ဖြစ်ပွားသည့် အဓမ္မပြုကျင့်၊ လူသတ်မှု ကျူးလွန်သူ ဦးစဆိုသူအား သေဒဏ်ပေးသည့်ကိစ္စမှာ စလင်းမြို့နယ် လူသားစာနာတာဝန်ခံ Heineken ၏ တစ်ဦးတည်းသဘောဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဒီဇင်ဘာ ၁ ရက်က မြို့နယ်ပအဖ တာဝန်ခံ နှင်းဆီအမည်ဖြင့် လူထုထံ အသိပေး ထုတ်ပြန်ထားသည်။

CJ Platform သတင်းပေ့ချ်က နိုဝင်ဘာ ၂၉ ရက်တွင် "စလင်းမှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်သူ NUG ကြန့်ကြာလို့ မြို့နယ်ပအဖ သေဒဏ်ချမှတ်" ခေါင်းစဉ်ဖြင့် သတင်းထုတ်လွှင့်ပြီးနောက် စလင်း ပဖအ အဖွဲ့က မိဘပြည်သူ/ပြည်သူလူထုထံသို့ သတင်းထုတ်ပြန်ချက် အမည်ဖြင့် ပြန်လည်ထုတ်ပြန်ထားခြင်း ဖြစ်သည်။

တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် မြောင်းသစ်နှင့် ဂုံညှင်းနွယ်ကျေးရွာကြားတွင် ဦးစ (၄၂နှစ်) က အမျိုးသမီးတစ်ဦးအား အောက်တိုဘာ၂၁ ရက်တွင် အဓမ္မပြုကျင့်/သတ်ဖြတ်ခဲ့ကြောင်း၊ အောက်တိုဘာ ၂၂ ရက်တွင် သံသယရှိသူအား ဖမ်းဆီးပြီးနောက် ပြစ်မှုကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း၊ ပြစ်မှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဌာနထံ ဆက်လက်စစ်ဆေး ပြစ်ဒဏ်ချမှတ်ပေးရန် တင်ထားသော်လည်း ကြန့်ကြာနေသည့်အတွက် နိုဝင်ဘာ ၁၅ ရက်တွင် စလင်းမြို့နယ် ပကဖက ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ (က) အရ သေဒဏ်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာ ၂၉ ရက်အထိ ၎င်းအား ပအဖအချုပ်ထောင်၌ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း စလင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၀င် မဟန်နီကယ်အား မေးမြန်း၍ CJ Platform က သတင်းအဖြစ် ဖော်ပြထားသည်။

စစ်အုပ်စုခေါင်းဆောင်အား ICC ဖမ်းဝရမ်းလျှောက်ထားမှု၌ ပူးပေါင်းမည်ဟု NUG-K2C ထုတ်ပြန်

December 1, 2024

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် ဖမ်းဝရမ်းထုတ်ရေး လျှောက်ထားမှု၌ ပူးပေါင်းသည့်အနေဖြင့် အစွမ်းကုန် အရှိန်မြှင့်ကြိုးပမ်း အားထုတ်မည်ဟု NUG-K2C က နိုဝင်ဘာ ၃၀ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

စစ်အုပ်စုခေါင်းဆောင်အား ဖမ်းဝရမ်းထုတ်ပေးရန် ICC ရှေ့နေချုပ် Karim AA Khan က ICC သို့ နိုဝင်ဘာ ၂၇ ရက်တွင် လျှောက်ထားခြင်းဖြစ်ကာ ဖမ်းဝရမ်းထုတ်ခံရမည့် တရားခံအား နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး၊ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများကိုလည်း ဖော်ထုတ်ကာ နိုင်ငံတကာ ဥပဒေများနှင့်အညီ ICC၊ ICJ စသည့် နိုင်ငံတကာ တရားစီရင်ရေးယန္တရားများမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန် အရှိန်မြှင့် ကြိုးပမ်းအားထုတ်သွားမည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

NUG-K2C စုဖွဲ့မှုတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ကာ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင် ဦးဆောင်လျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စုနှင့် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်နေသော ဆက်ဆံရေးများကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်ပွားခြင်းကို အားပေးသည့် အခြေအနေ မဖြစ်ပေါ်စေရေးအတွက် သတိမူကြရန် လိုအပ်လာပြီဖြစ်ကြောင်းလည်း သတိပေးထားသည်။

ကချင်အထူးဒေသ (၁) အား ဖျက်သိမ်းကြောင်း KIO ထုတ်ပြန်

November 29, 2024

စစ်အာဏာရှင်အစိုးရ အဆက်ဆက် အာဏာတည်မြဲရေးအတွက် ကချင်အထူးဒေသ (၁) ဟူ၍ ခွဲခြားအုပ်ချုပ်ထားမှုအား နိုဝင်ဘာ ၂၈ ရက်မှစ၍ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဗဟိုကော်မတီက ထုတ်ပြန်လိုက်သည်။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ (၁) ၏ နောက်ဆုံးလက်ကျန်ဖြစ်သည့် ကန်ပိုက်တီ (ကံပိုက်တည်) မြို့အား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က နိုဝင်ဘာ ၂၀ ရက်တွင် သိမ်းယူပြီးနောက် ထိုသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကချင်လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲမှုမရှိဘဲ အတူတကွ တန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ (၁) ဟု ခွဲခြားသတ်မှတ်ထားသောနယ်မြေများကို တပေါင်းတစည်းတည်းဖြစ်အောင် အရယူခဲ့ခြင်းဖြစ်ကြောင်း၊ လူထု၏ လူမှုစီးပွားဘဝ ဆုံးရှုံးထိခိုက်မှု မဖြစ်စေဘဲ လူသားချင်း စာနာထောက်ထားမှုအခြေခံသည့် မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားတည်ဆောက်မည် ဖြစ်၍ အထူးဒေသ (၁) အုပ်ချုပ်မှုအောက်ရှိခဲ့သည့် ဌာနေပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံး စိုးရိမ်စိတ်မရှိဘဲ KIO နှင့်ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တည်ဆောက်သွားကြရန်လည်း ဖိတ်ခေါ်ထားသည်။

တောင်ကုတ်မြို့အား အလုံးစုံသိမ်းပိုက်နိုင်ပြီဟု ULA/AA ထုတ်ပြန်

November 29, 2024

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲအား ၁၇ ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် မြို့တစ်ခုလုံးအား နိုဝင်ဘာ ၂၄ ရက်တွင် အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် (ULA/AA) က နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြု ထုတ်ပြန်လိုက်သည်။

တောင်ကုတ်မြို့ပြင်ရှိ အကြမ်းဖက်စစ်အုပ်စု တပ်စွဲထားသည့် နေရာများနှင့် မြို့တွင်းရှိ မြို့မရဲစခန်းတို့အား နိုဝင်ဘာ ၄ ရက်မှ ၂၀ ရက်အတွင်း ထိုးစစ်ဆင်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ မြို့တွင်းရှိ ကျန်ရှိနေသည့် ပြည်သူများအား ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခြင်း၊ မြို့တွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူခြင်းနှင့် ဖျက်ဆီခြင်း ပြုလုပ်နေသူများအား ဖမ်းဆီး၊ စစ်ဆေး၊ အရေးယူခြင်းများကိုလည်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

အာဆီယံ၊ ကုလနှင့် အောက်တိုဘာတွင် မြန်မာ့အရေး နိုင်ငံတကာ ခြေဆန့်ခဲ့သမျှ

November 27, 2024

အောက်တိုဘာလသည် အာဆီယံထိပ်သီးအစည်းအဝေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံတို့နှင့် မြန်မာ့အရေးကိစ္စ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် တဖန် ပြန်လည်ဆွေးနွေးလာကြသည့် ကာလတစ်ခု ဖြစ်ခဲ့သည်။ အောက်တိုဘာလအတွင်း မြန်မာ့အရေး နိုင်ငံတကာခရီးဆန့်ခဲ့မှုကို အောက်တွင် ပြန်လည် အနှစ်ချုပ် အစီရင်ခံအပ်ပါသည်။

အာဆီယံထိပ်သီးအစည်းအဝေး

(၄၄) နှင့် (၄၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများကို လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ အောက်တိုဘာ ၈ ရက်က ပြုလုပ်ခဲ့သည်။ မြန်မာအရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာအားလုံး ပါဝင်နိုင်အောင် ချဉ်းကပ်လုပ်ဆောင်ရန် လိုအပ်သလို မြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့် ရက်စက်ကြမ်းကြုတ်မှုများအား အဆုံးသတ်ရန် အာဆီယံနိုင်ငံများအနေဖြင့် ပူးပေါင်းလုပ်ဆောင်ကြရန် လိုကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က ထိုအစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။

အစည်းအဝေးတွင် မြန်မာ့အရေးအတွက် တရုတ်အနေဖြင့် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးရန် အာဆီယံခေါင်းဆောင်များက တိုက်တွန်းခဲ့သည့်အပြင် မြန်မာ့ပြည်တွင်းစစ်ပြဿနာများမှာ ရှုပ်ထွေးပြီး ပြေလည်အောင် လုပ်ဆောင်ရန်အတွက် အချိန်ပေးဖို့လိုအပ်ကြောင်းအာဆီယံအတွင်းရေးမှူးချုပ်Kao Kim Hourn ကသတင်းထောက်များကိုပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကလည်း မြန်မာ့ပြဿနာအား အဖြေရှာရာ၌ စစ်ရေးအရ ဖြေရှင်း၍မရဘူးဆိုသည့်အချက်အား အာဆီယံအနေဖြင့် တညီတညွတ်တည်း တိုက်တွန်းပြောကြားရန် လိုအပ်သလို ပဋိပက္ခအဆုံးသတ်ရေး သက်ဆိုင်သူ အားလုံး မဖြစ်မနေ တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း၊ ဆွေးနွေးရေးအတွက် ထိုင်းနိုင်ငံက ကူညီရန် အဆင်သင့်ရှိကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိပ်သီးအစည်းအဝေးအပြီး အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်သည့် အာဆီယံဥက္ကဋ္ဌ၏ကြေညာချက်၌ သွေးထွက်သံယို ပဋိပက္ခများ ချက်ချင်းရပ်ရန်၊ စာနာမှု အကူအညီပေးနိုင်မည့် အခြေအနေများ ဖန်တီးရန်၊ မြန်မာနိုင်ငံက ကိုယ်တိုင်ဦးဆောင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန် ပါရှိသည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်နိုင်ခြေရှိသည့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲအား ယခုနှစ်နှောင်းပိုင်းတွင် ထိုင်းနိုင်ငံက ကမကထလုပ် ကျင်းပမည့်အစီအစဉ်ကိုလည်း ကြိုဆိုကြောင်း ပါရှိသည်။

အာဆီယံထိပ်သီးအစည်းအဝေး မစတင်မီ အောက်တိုဘာ ၆ ရက်တွင် လာအိုနိုင်ငံ၌ ပြုလုပ်မည့် မြန်မာအရေးဆိုင်ရာ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ မြန်မာနိုင်ငံ၏ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး အင်အားစုများဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) များနှင့် ပြည်တွင်းအင်အားစုများ ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်အားပြုလုပ်ခဲ့ရာမြန်မာဆိုင်ရာအထူးသံတမန်များ၊ကုလအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်၊ အာဆီယံ၊ဥရောပသမဂ္ဂ၊ ဗြတိန်၊အမေရိကန်၊ သြစတြေးလျ၊ထိုင်း၊ နော်ဝေ၊အိန္ဒိယ၊ ဂျပန်သံအမတ်များလည်းပါဝင်တက်ရာက်ခဲ့ကြသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ပ်(Ms. Julie Bishop) သည် မြန်မာ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီသို့ ပြောကြားသည့်အစီရင်ခံစာတွင် ထည့်သွင်းတင်ပြခဲ့သည်။ သူမအား ကုလအထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့သည့် ဧပြီလဆန်းက ခန့်ထားခြင်းဖြစ်ကာ ၎င်းတာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်တက်ရောက်သည့် အထွေထွေညီလာခံလည်း ဖြစ်သည်။

တိတ်တဆိတ် သွားရောက်ခဲ့သည့် မြန်မာပြည်ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (ERO) များနှင့်လည်း တွေ့ဆုံခဲ့သည်ဟုတင်ပြချက်၌ ပါရှိသည်။

မိန့်ခွန်း၌ မြန်မာ့အရေး၌ ပါဝင်ပတ်သက်သူအားလုံးသည် အရှုံးအနိုင် အပြီးသတ် အပြတ်ဖြတ်ရေး စိတ်ဓာတ်ဖြင့်လုပ်နေခြင်းကို စွန့်လွှတ်ရန်၊ အကြမ်းဖက်မှုများ အဆုံးသတ်ရေး တစ်ခုတည်းသော နည်းလမ်းမှာပြန်လည်သင့်မြတ်ရေးအတွက် လမ်းဖွင့်ပေးခြင်းသာ ဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခကြောင့် လူ ၃,၂၀၀,၀၀၀ ခန့် အိုးအိမ်မဲ့ ထွက်ပြေးနေရကာ လက်ရှိ ရင်ဆိုင်နေရသည့် လူသားချင်းစာနာမှု အကျပ်အတည်းသည် ယခင်က မကြုံဖူးသည့်အခြေအနေ ဖြစ်နေသည်ကို ပဋိပက္ခ၌ ပါဝင်နေသူအားလုံးလက်ခံကြရန်လည်း ဂျူလီဘိရှော့ပ်က ထည့်သွင်းပြောဆိုထားသည်။ တဖက်တွင်လည်း တာဝန်ခံမှုကို ဖော်ဆောင်ရန်ဟုလည်း ဖော်ပြခဲ့သည်။ ထို့ပြင် သူမအနေဖြင့် မြန်မာပြည်သို့ နောက်တစ်ကြိမ် ပြန်သွားမည်ဖြစ်သည်ဟုလည်း ကော်မတီအား အစီရင်ခံမှု၌ ထည့်သွင်းပြောကြားသွားခဲ့သည်။

မစ္စ ဂျူလီဘိရှော့ပ်သည် မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းဖြေရှင်းရေးအတွက် မြန်မာတွေပဲ ဦးဆောင်ပြီး အားလုံးပါဝင်သည့် ဖြစ်စဉ်တစ်ရပ်ပေါ်လာအောင် ကြိုးစားမှုအဖြစ် သြဂုတ် ၂၀ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံထားသေးသည်။ မြန်မာ့ကိစ္စ ဖြေရှင်းရာ၌ သဘောတူညီချက် ရရှိရေး တရုတ်၊ အာဆီယံနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းပြောဆိုခဲ့သည်ဟုလည်း တရုတ်အစိုးရပိုင် CGTN က ထုတ်ဖော်ရေးသားထားသည်။

“အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု” ကို ဦးတည်ဖော်ပြကြလေ့ရှိသော အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ သံတမန်ရေးကြိုးပမ်းမှုများတွင် “မြန်မာနိုင်ငံက ဦးဆောင်သော၊ မြန်မာနိုင်ငံက ပိုင်ဆိုင်သော” ဟူသည့်အချက်ကို ပုံမှန်ထည့်သွင်းလေ့ရှိသလို၊ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်မှုများအတွက် “တာဝန်ခံမှု” ကိုလည်း ထည့်သွင်းဖော်ပြကြသည်ဖြစ်ရာ ထိုစကားလုံးများအပေါ်အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်လာနိုင်သည်။

စစ်ရေးတင်းမာမှုအတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း PSLF/TNLA ထုတ်ပြန်

November 25, 2024

စစ်ဘေးဒဏ်သင့် ပြည်သူများအကျိုး ငဲ့ညှာထောက်ထားခြင်း၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြားဝင်ဆောင်ရွက်နေသည့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုအား အသိအမှတ်ပြုသည့်အနေဖြင့် နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က နိုဝင်ဘာ ၂၅ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။

မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၏ ၁၀:၂၇ စစ်ဆင်ရေးနောက်ပိုင်း စကစ-မြန်မာစစ်တပ်က လက်လွှတ်လိုက်ရသည့် နယ်မြေများရှိ ပြည်သူများအား ဦးတည်ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်နေမှုကြောင့်အပြစ်မဲ့ပြည်သူများ စစ်ဘေးဒဏ်ပေါင်းစုံ ဆိုးရွားပြင်းထန်စွာ ခံစားနေကြရမှုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေးအား ကိုင်စွဲ၍ ပြဿနာများဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အမြဲတမ်းအဆင်သင့်ရှိကြောင်းထုတ်ပြန်ချက်၌ ပါရှိသည်။

ကရင်နီပြည် ကြားကာလ ကျန်းမာရေးမူဝါဒအား အတည်ပြု

November 19, 2024

ကရင်နီပြည်နယ်၌ ကျင့်သုံးမည့် ကြားကာလ ကျန်းမာရေးမူဝါဒအား ပြင်ဆင်ဖြည့်စွက်ချက်များနှင့်အတူ ကောင်စီ၏ (၄၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဆုံးဖြတ်ချက်အမှတ် (၁/၄၁) ဖြင့် အတည်ပြု ပြဌာန်းလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) က နိုဝင်ဘာ ၁၉ ရက်တွင် ကောင်စီဥက္ကဋ္ဌလက်မှတ်ဖြင့် ထုတ်ပြန်လိုက်သည်။

ကြားကာလ ကျန်းမာရေးမူဝါဒ၌ နောက်ခံသမိုင်းကြောင်း၊ နိဒါန်း၊ အမည်/မျှော်မှန်းချက်/ဦးတည်လုပ်ငန်းစဉ်နှင့် ရည်ရွယ်ချက်၊ မူဝါဒ၏ စံတန်ဖိုးများနှင့် အခြေခံမူများ၊ ကျန်းမာရေးမူဝါဒ၊ ဘဏ္ဍာရေးဆိုင်ရာပြဌာန်းချက်၊ မူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ မူဝါဒအား ဖြည့်စွက်ခြင်း၊ အထွေထွေဟူ၍ ကဏ္ဍတစ်ခုစီအလိုက် ထည့်သွင်းပြဌာန်းထားသည်။

ကျန်းမာရေးမူဝါဒကဏ္ဍအောက်၌ အမျိုးသားကျန်းမာရေး၊ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးဆိုင်ရာကောင်စီများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကျန်းမာရေး ဟူ၍လည်း သီးခြားစီ အခန်းခွဲ ပြဌာန်းထားသည်။

ထိန်းချုပ်မှုအား စွက်ဖက်နှောင့်ယှက်ပါက ပြင်းထန်စွာ အရေးယူမည်ဟု ပေါက်ပကဖ ထုတ်ပြန်

November 18, 2024

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထိန်းချုပ်ထားသည့် ကျေးရွာများအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မဟုတ်သည့် သီးခြားလက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်နေထိုင်ကာ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးကဏ္ဍများတွင် ဝင်ရောက်စွက်ဖက် နှောင့်ယှက်ပါက ပြင်းထန်စွာ အရေးယူခြင်း၊ မြို့နယ်တွင်း နေထိုင်မှုအား ဖယ်ရှားသွားမည်ဟု ပေါက်မြို့နယ်- ပကဖ တာဝန်ခံအမည်ဖြင့် နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားသည်။

စစ်ရေးအရ မြို့နယ်အတွင်း ဝင်ရောက်နေထိုင်ခြင်းအား တားဆီးဟန့်တားခြင်း မပြုလိုသော်လည်း ကျေးရွာနေ ပြည်သူများအား စည်းရုံး၍ စွက်ဖက်နှောင့်ယှက်လာပါက မည်သည့် မိတ်ဖက်အဖွဲ့အစည်းကိုမဆို စဉ်းစားနေလိမ့်မည် မဟုတ်ဘဲ အရေးယူမည်ဟုလည်း ကြေညာချက်၌ ပါရှိကာ ပေါက်မြို့နယ်သည် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသအောက်၌ ပါရှိသည်။

တစ်လအတွင်း PDF နှင့် ပကဖ ခြောက်ဦးအား NUG အရေးယူ

November 16, 2024

ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် လက်အောက်ခံ တပ်ဖွဲ့များအား လိုအပ်သည့် ထိန်းကြောင်းမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် တစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ခြောက်ဦးအား အရေးယူ အပြစ်ပေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

အကျဉ်းစစ်တရားရုံးမှ PDF တစ်ဦးနှင့် စစ်ခုံရုံးမှ ပကဖ တစ်ဦးအား ထောင်ဒဏ်ချမှတ်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးမှ ပကဖအဖွဲ့ဝင် လေးဦးအနက် တစ်ဦးအား ရာထူးမှ ထုတ်ပယ်ခြင်း၊ နှစ်ဦးအား တာဝန်မှ ခြောက်လ ယာယီရပ်ဆိုင်းခြင်း၊ တစ်ဦးအား စာဖြင့် အသိပေး အရေးယူခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသော်လည်း မည်သည့်ပြစ်မှုများ ကျူးလွန်ထားသည်ဆိုသည့်အချက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ သို့သော် မျှတသည့် တရားစီရင်မှု (Fair Trial) ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း အသိပေး ထုတ်ပြန်သည်ဟူ၍ ပါရှိသည်။

ကြားကာလပညာရေးမူဝါဒ KSCC ထုတ်ပြန်

November 12, 2024

ကရင်နီပြည် ကြားကာလ ပညာရေးမူဝါဒအား မျှော်မှန်းချက် (၃) ရပ်၊ အခြေခံမူ (၁၁) ချက်ဖြင့် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council - KSCC) ၏ (၃၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက် (၂/၃၉) အရ နိုဝင်ဘာ ၂ ရက်တွင် စတင်အတည်ပြုလိုက်ပြီကြောင်း ဥက္ကဌ ဦးအောင်ဆန်းမြင့် အမည်ဖြင့် ထုတ်ပြန်လိုက်သည်။

ပညာရေးမူဝါဒ၌ အခန်း ၁၃ ခန်း ပါရှိကာ ဦးတည်ချက်၊ မျှော်မှန်းချက်၊ နောက်အခံအကြောင်းအရာများ၊ အခြေခံမူများ၊ စီမံခန့်ခွဲခြင်း၊ ရှေးဦးကလေးသူငယ်ပညာရေးမူဝါဒ၊ အခြေခံပညာရေးမူဝါဒ၊ အဆင့်မြင့်ရေးမူဝါဒ၊ အသက်မွေးဝမ်းကြောင်းပညာရေးမူဝါဒ၊ ပုဂ္ဂလိကပညာရေးမူဝါဒ၊ အထူးအစီအမံပညာရေးလုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ပြဌာန်းချက်နှင့် အထွေထွေပြဌာန်းချက်များဟူ၍ ပါဝင်သည်။

NUG-K2C ပူးတွဲသတင်းစာရှင်းလင်းပွဲ အဓိကအချက်များ

November 9, 2024

ကျင်းပသည့်ရက်စွဲ - နိုဝင်ဘာ ၅ ရက်၊၂၀၂၄ ခုနှစ်

သတင်းစာရှင်းလင်းပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်-စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ဘုံသဘာထားရပ်တည်ချက်အား၂၀၂၄ ခုနှစ်ဇန်နဝါရီလ ၃၁ရက်တွင် ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းနိုင်ငံရေးအရပူးပေါင်းဆောင်ရွက်မှုများ၊ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ် သက်၍ ပြည်သူထံရှင်းလင်းတင်ပြရန်။

သတင်းစာရှင်းလင်းပွဲဦးဆောင်သူများ

   • ဒေါ်ဇင်မာအောင်၊နိုင်ငံခြားရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)

   • ပဒိုတာဒိုမှူး၊ အထွေထွေအတွင်းရေးမှူး၊ကရင်အမျိုးသားအစည်းအရုံး(KNU)

   • ဦးအောင်ဆန်းမြင့်၊အတွင်းရေးမှူး- ၁၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)

   • ဆလိုင်းထက်နီ၊လက်ထောက်အထွေထွေအတွင်းရေးမှူး၊ချင်းအမျိုးသားတပ်ဦး(CNF)

ဆွေးနွေးတင်ပြမှုကောက်နုတ်ချက်

၁။ NUG - K2C ပူးပေါင်းဆောင်ရွက်မှုများ

NUG - လက်တွေ့အခြေအနေကို ထင်ဟပ်တဲ့ ဆွေးနွေးမှုတွေက မဟာမိတ်တွေ ကြားထဲမှာ ဆောင်ရွက်ဖို့ လိုခဲ့တဲ့အတွက် ဘုံနိုင်ငံရေးသဘောတူညီချက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ရရှိခဲ့တယ်။နိုင်ငံတကာ Advocacy၊ Humanitarian Aid ၊ အခြားသော Public Services တွေမှာလည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ပူးတွဲသတင်းစာရှင်းလင်းပွဲကနေ စစ်အာဏာရှင်စနစ် အဆက်ဆက်အောက်မှာ ပျောက်ဆုံးခဲ့ရတဲ့ တိုင်းပြည်ရဲ့ စုစည်းညီညွတ်မှုနှင့် ဂုဏ်သိက္ခာကို ဘယ်လိုအခြေခံကနေ ပြန်တည်ဆောက်ကြမလဲဆိုတဲ့အချက်ကို မဟာမိတ်များနှင့်အတူ ရှာဖွေနေကြတယ်ဆိုတဲ့ သတင်းစကားကို ပေးချင်ပါတယ်။

CNF - မင်းအောင်လှိုင်က နိုင်ငံရေးကို နိုင်ငံရေးပြဿနာနဲ့ ဖြေရှင်းဖို့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ကမ်းလှမ်းလာတာရှိတယ်။ ယနေ့နိုင်ငံရေး ပြဿနာက ၂၀၀၈ ဖွဲ့စည်းပုံက အခြေခံဖြစ်လို့ ဒီကမ်းလှမ်းချက်ကအဓိပ္ပါယ် မရှိဘူး။ NCA မှာ လက်မှတ်ရေးထိုးပြီးဖြစ်ကာ အဲဒီအတွေ့အကြုံအရ ၂၀၂၁ အာဏာသိမ်းတော့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် NUG အပါအဝင် ညီနောင် EROs၊ ဒေသန္တရတပ်ဖွဲ့ဝင်နဲ့အတူ တိုက်ပွဲဝင်နေတာဖြစ်တယ်။

၂။ Bottom-UpFederalism အကောင်အထည်ဖော်မှုနှင့် စုဖွဲ့မှု

KNPP - ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြမယ်လို့ ယေဘုယျ သဘောတူထားပေမယ့် ဖက်ဒရယ်စနစ်ပုံစံ၊ တိုင်းပြည်တည်ဆောက်မယ့်ပုံစံ၊ ပြည်ထောင်စုနှင့် ပြည်နယ်ကြားက လုပ်ပိုင်ခွင့်အာဏာ ခွဲဝေကျင့်သုံးမယ့်ပုံစံကို အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ရှင်းလင်းဖို့ လိုတယ်။ တိုင်းပြည်ကို ဗဟိုမှ ပြည်နယ်များသို့ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း ဖက်ဒရယ်စနစ် (သို့) ဗဟိုအခြေပြု ဖက်ဒရယ်စနစ် (Federalizing) နဲ့ပြည်ထောင်စုအသစ်ကို တည်ဆောက်လို့ မရပါဘူး၊ ဒါက ဗဟို ချုပ်ကိုင်မှုစနစ်ဖြစ်ပြီး အာဏာရှင်စနစ်ကို ပြန်ပေါ်ပေါက်စေနိုင်သည်။ Federating/Coming Together စနစ်ဖြစ်တဲ့ Bottom-up Federalism Approach နဲ့မှပဲ နှစ်ပေါင်း ၇၆ နှစ်ကျော် တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အမျိုးသားတန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးတွေ အပြည့်အဝ ရရှိမှာဖြစ်တယ်။

ဩဂုတ်လ ၂၆ ရက်ကနေ ၂၈ ရက်နေအထိ လုပ်ခဲ့တဲ့ KNU, KNPP, CNF, NUG တို့ရဲ့ လူတွေ့အစည်းအဝေးမှာလည်း Bottom-up Federalism နဲ့ချဉ်းကပ်ဖို့၊ NUG ဝန်ကြီးဌာနများနှင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်အတွင်းမှာရှိတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ လုပ်ပိုင်ခွင့်အာဏာတွေ ခွဲဝေကျင့်သုံးဖို့ သဘောတူခဲ့ပြီးဖြစ်တယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီတွေက အကြိမ်ကြိမ် တွေ့ဆုံပြီး Bottom-Up Federalism approach နဲ့တိုင်းပြည်တည်ဆောက်ဖို့အတွက် သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တယ်။

Bottom-Up Federalism ရဲ့ အခြေခံအယူအဆများမှာ (က) အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်များဟာ ပြည်နယ်နှင့် ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ပြည်သူများဖြစ်တယ်။ (ခ) ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေမှာ တရားမျှတရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတယ်။ (ဂ) Sovereignty, Solidarity, Subsidiarity နှင့် Division of Competencies Principles ကိုအခြေခံပြီး ပြည်ထောင်စုနှင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်ကြားမှာ လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး လုပ်ဆောင်သွားမယ်။ Bottom-Up Federalism တွေက ပဋိညာဉ် (FDC) အစိတ်အပိုင်း(၁)၊ အခန်း (၄)၊ အပိုင်း (၂) ရဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများမှာ ပါရှိပြီးဖြစ်သလို၊ အပိုင်း (၃) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒများမှာလည်း ပြည်ထောင်စု၏အသွင်သဏ္ဍာန်မှာလည်းအချက် ၃ ချက်နဲ့ ဖော်ပြထားပြီးဖြစ်တယ်။

KNU - Bottom-Up Federalism - ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်မှုများကို ထောက်ခံအားပေးပြီး၊ ပြည်ထောင်စုကို အောက်ခြေ အဆင့်ကနေ အခြေခံပြီး တည်ဆောက်တဲ့ ဖက်ဒရယ်စနစ်ချဉ်းကပ်မှု လမ်းကြောင်းအတိုင်း နိုင်ငံ ပြန်လည်တည်ဆောက်နေတာ ဖြစ်တယ်။

CNF - ချင်းက ၂၀၂၀ ရွေးကောက်ခံများအစုအဖွဲ့၊ ချင်းအမျိုးသားနှင့် ဒေသန္တရအစုအဖွဲ့က ကိုယ်စားလှယ်များနှင့် တော်လှန်ရေးကာလမှာ Chinland ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၃ မှာ ရေးဆွဲအတည်ပြုပြီး Chinland အစိုးရ၊ လွှတ်တော်ကို ဖွဲ့စည်းပြီး Chinland ကို တည်ဆောက်နိုင်တာ ဖြစ်တယ်။ ဒါက ဒီမိုကရေစီနှင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝ ရှိတဲ့ ပြည်နယ်များဖြင့် ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်တဲ့ နိုင်ငံရေး အနှစ်သာရ ဖြစ်တယ်။ နိုင်ငံရေးပြဿနာဟာ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံက အရင်းခံဖြစ်တယ်။

၃။ နိုင်ငံတကာ၊ ASEAN နှင့် ပတ်သက်၍ ဆောင်ရွက်ချက်နှင့် တိုက်တွန်းချက်များ

KNU - နိုင်ငံတကာက အာဆီယံ လုပ်ဆောင်ချက်ကိုသာ စောင့်ကြည့်နေကြတယ်။ အာဆီယံ အခြေခံမူ ၅ ချက်ကနေ အကောင်အထည်ဖော်လို့ မရကြောင်းကို နည်းလမ်းရှာဖွေအကြံပြုဖို့ တာဝန်ရှိပါတယ်။ ထုတ်ပြန်ခဲ့တဲ့ ဘုံနိုင်ငံရေး ဦးတည်ချက် (၆) ချက်ကို အနှစ်ချုပ်ရမယ်ဆိုရင် (၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး စစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ဖို့ (၂) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲပြဌာန်းဖို့နဲ့ (၃) နောက်ဆုံးအချက်က ပဋိပက္ခအတွင်း မတရားကျူးလွန်မှုခံရသူများအတွက် တရားမျှတမှုရရှိဖို့နှင့် အသွင်ကူးပြောင်းရေး တရားမျှတမှုလုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့ ဖြစ်တယ်။ ASEAN ရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ အဓိက (၃)ချက်ကို အကောင် အထည်ဖော်ဖို့ ခက်နေတာကို တွေ့ရတယ်။

(၁) De-escalation of violence(အကြမ်းဖက်မှုတွေလျှော့ချဖို့) - မြန်မာစစ်တပ်က လုံးဝဥဿုံစစ်ပွဲ (Total War) အသွင်နဲ့ အရှိန်မြှင့် လုပ်ဆောင်နေတယ်၊ တစ်နိုင်ငံလုံးရဲ့ ၇၁ ရာခိုင်နှုန်းက လက်နက်ကိုင်ပဋိပက္ခကို ခံစားနေရပြီး လေယာဉ်နှင့် ဗုံးကြဲတာကို တိုးမြှင့်လုပ်ဆောင်နေတယ်၊ ASEAN နှင့် UN ကို အကြံပြုလိုတာက စစ်ကောင်စီကို De-escalation လုပ်စေချင်ရင် စစ်ကောင်စီထံသို့ စစ်လက်နက်ပစ္စည်းများရောက်ရှိနိုင်မှု ရပ်တန့်ဖို့၊ သူတို့ကို သံတမန်ရေးရာအရ တရားဝင်မှု မပေးအပ်ဖို့၊ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူမှုကို ထိန်းချုပ်နိုင်ဖို့အတွက် သူတို့ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ဖို့ စတာတွေ လိုအပ်ကြောင်းကို ခိုင်မာစွာ ထောက်ပြဖို့ လိုပါတယ်။
(၂) Humanitarian Aid ပေးအပ်ခြင်း - မြန်မာနိုင်ငံမှာ Humanitarian Aid လိုအပ်နေတာက စစ်ကောင်စီလက်အောက်ကသူတင် မကပဲ၊ EROs, NUG ထိန်းချုပ်မှုအောက်က ပြည်သူတွေများစွာလည်း လိုအပ်နေတယ်။ ဒါကြောင့်မို့ အကူအညီလိုတဲ့သူတွေဆီကို ပေးပို့တဲ့အခါမှာ Humanitarian Principles နှင့် ကိုက်ညီတဲ့ပေးအပ်မှု ဖြစ်၊ မဖြစ်ဆိုတာကို စောင့်ကြည့်လေ့လာခြင်းနှင့်အတူ တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ Mechanism တွေ လိုအပ်ပါတယ်။ မရှိရင် စကစ ကို နိုင်ငံရေးအရ အသုံးချဖို့ ဖန်တီးပေးနေသလို ဖြစ်နေမှာပါ။ နိုင်ငံတကာကို ပြောလိုတဲ့ တစ်ချက်က Humanitarian principles ကို မလိုက်နာတဲ့ နိုင်ငံတကာက ပို့ဆောင်တဲ့ အကူအညီတွေကတိုင်းရင်းသားနှင့် NUG ရဲ့ အုပ်ချုပ်ရေးအောက်မှာရှိတဲ့ ဒုက္ခသည်တွေကို အကြီးအကျယ် ဒုက္ခတွေ့စေတဲ့အတွက် Parallel Delivery System ကို အသုံးပြုဖို့ တောင်းဆိုချင်ပါတယ်။
(၃) Inclusive dialogue (အားလုံးပါဝင်သောဆွေးနွေးပွဲ) - Inclusive dialogue (အားလုံးပါဝင်သော ဆွေးနွေးပွဲ) နှင့်ပတ်သက်လို့ နိုင်ငံရေးအရ သဘောတူညီပြီး ပြေလည်မှုရှိဖို့ နည်းလမ်းရှာဖွေမှသာ Sustainable solution လို့ခေါ်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဖြေကို ရရှိဖို့ တွေ့ဆုံဆွေးနွေးပွဲတွေကတော့ လိုအပ်ပါတယ်။ ဒါကြောင့် Inclusive Dialogue ဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့အဖြေရဖို့အတွက် “ဘုံ” နိုင်ငံရေးရည်မှန်းချက်ကို ညှိနှိုင်းကြဖို့ ပထမဆုံး လိုအပ်နေတာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် မြန်မာနိုင်ငံက stakeholders များကိုယ်တိုင် ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ လုပ်ငန်းစဉ် ဖြစ်ဖို့၊ စစ်အာဏာရှင်စနစ်နှင့် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို နောက်ကြောင်းမပြန်စေမယ့်၊ ပြည်သူလူထုရဲ့ လိုလားမှုနဲ့လည်း ကိုက်ညီတဲ့၊ ဘုံနိုင်ငံရေးရည်မှန်းချက်ရရှိဖို့ တော်လှန်ရေးအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဥ်ကို အာဆီယံ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ကူညီထောက်ခံ အကျိုးဆောင်ပံ့ပိုးမှုများ ပေးအပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စကစက အဆိုပြုထားတဲ့ ရွေးကောက်ပွဲက ပဋိပက္ခတွေကို ပိုမို ပြင်းထန်စေမှာ ဖြစ်ပြီး တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ယူဆောင်ပေးမှာမဟုတ်ဘူး။

၄။ တရုတ်နှင့် မြန်မာစစ်အုပ်စုခေါင်းဆောင်၏တရုတ်ခရီးစဉ်အပေါ် သဘောထားများ

NUG - တရုတ်နိုင်ငံခြားရေးဆီကို လိပ်မူပြီး ဒီဖိတ်ကြားမှုနှင့် ဆက်သွယ်ဆောင်ရွက်မှုကို သုံးသပ်ဖို့ မေတ္တာရပ်ခံစာ ပို့ခဲ့တယ်။ စကစကို အသိအမှတ်ပြုတာမျိုး မဖြစ်ဖို့လိုတယ်လို့ ပြောလိုက်တယ်။ တရုတ်-မြန်မာဆက်ဆံရေးကို အထောက်အကူဖြစ်တာထက် အဖုအတစ်ဖြစ်ပြီး စကစကို မျက်နှာမူတဲ့ စစ်ဆင်ရေး ဖြစ်နေသွားမှာ။ ဒါသည် State visit မဟုတ်ဘဲ Regional forum ကို တက်ရောက်တာဖြစ်တယ်လို့ သဘောထား ပြန်ရတယ်။ ASEAN envoy တွေနဲ့တော့ NUG နဲ့ ပူးပေါင်းဆောင်ရွက်တာ ရှိတယ်။ မဟာမိတ်တွေနဲ့လည်း ပူးပေါင်းတွေတာ၊ သီးခြားတွေ့တာ ရှိတယ်။ ဖိအားနဲ့ ပတ်သက်လို့ကတော့ နယ်စပ်က ဘယ်လို handle လုပ်ရမလဲ သိတယ်။ NUG နဲ့ တရုတ် ဆက်ဆံရေး Channel ရှိပေမယ့် ဘေဂျင်းက ဘယ်လောက် နားထောင်လဲဆိုတာက စိန်ခေါ်ချက်ရှိတယ်။

တခြားသောနိုင်ငံရေးအဖွဲ့တုံ့ပြန်မှု- တရုတ်ရဲ့ ဖိအားပေးမှု မည်သို့ပင်ရှိစေကာမူ တိုင်းရင်းသားလူမျိုးစုတွေက ဖိအားမှုကို ကြံ့ကြံ့ခိုင်ပြီး သွားနေတာ ရှိတယ်။ ဆေးမြီးတိုနဲ့ကုလို့ ရတဲ့ဟာမျိုး မဟုတ်ဘူး၊Sustain ဖြစ်တဲ့အဖြေကို ရှာဖို့လိုတယ်။ အဖြေကို ရှာနိုင်ဖို့ လုပ်နေတာ ဖြစ်တယ်။

၅။ တိုက်တွန်းနှိုးဆော်ချက်များ

NUG - Opportunity windows ကို မယူနိုင်ဘူးဆိုရင် သမိုင်းမှာ ဒီအခွင့်အရေးကို မယူနိုင်တဲ့သူတွေအနေနဲ့ ကျန်ခဲ့မှာဖြစ်တယ်။ မတူညီမှု၊ သဘောထား ကွဲပြားတာ ရှိတယ်၊ ဒါပေမဲ့ မျှော်ရည်ချက်တွေ တူတယ်။ နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို ဖော်ထုတ်ပြီး ညှိနှိုင်းသွားတဲ့ ပြည်ထောင်စုကို တည်ဆောက်သွားမယ်၊ အာဏာသိမ်းမှု အဆုံးသတ်ပြီး စနစ်ကိုပြောင်းလဲနိုင်မှသာလျှင် တိုင်းပြည်အလှည့်အပြောင်း၊ စနစ်ပြောင်းသွားမှာ ဖြစ်တယ်။ တစ်စုတစ်ဖွဲ့ချင်းရဲ့ commitment က အရေးကြီးသလို စုစည်းညီညွတ်မှုကလည်း အရေးကြီးတယ်။

KNU - နိုင်ငံတကာနဲ့ ပတ်သက်လို့ message ပေးချင်တာက corruptive environment ဖြစ်တဲ့ စစ်တပ်အုပ်စိုးနေသမျှ rule of law မရှိလို့၊ consequences က non-traditional security threat ကို ပေးနေတာ ဖြစ်တယ်။ နိုင်ငံတကာက ဒါကို သတိမထားရင် သတိထားမိတဲ့အချိန်ကျရင် နှောင်းသွားပါလိမ့်မယ်၊ အဲဒါကြောင့် UNSC 2669 ကို function ဖြစ်အောင် ကြိုးပမ်းရမယ်။

KNPP - ၂၀၂၁ ပေါ်လာတဲ့ လူထုတော်လှန်ရေးက တခြား တော်လှန်ရေးနဲ့ မတူဘူး၊ ဖိအားပေးနိုင်တာတွေ အများကြီးလုပ်နေပြီ၊ တက်ညီလက်ညီနဲ့ ညီညွတ်ရေးကို ထပ်တိုးလိုက်ရင် မင်းအောင်လှိုင်က နောက်နေ့မှာ ကျဆုံးနိုင်ပါတယ်။ နိုင်ငံရေးထွက်ပေါက်အနေနဲ့သူ ကြိုးစားနေတာ ရှိတယ်၊ ရွေးကောက်ပွဲ၊ စေ့စပ်ညှိနှိုင်းရေးနဲ့ ကြိုးစားနေတာ ရှိတယ်။ ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့အားလုံး လက်ထဲမှာ ရှိတယ်။

CNF - Stakeholders တွေအနေနဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ မှန်ကန်စွာချပြီး လုပ်ရမှာ ဖြစ်တယ်။ အမြဲသတိရဖို့က ၂၀၂၁ အာဏာသိမ်းစတုန်းက ပြည်သူလူထုရဲ့ အော်သံကို သတိရကြပါ၊ အဲဒီအော်သံကနေ ပေါက်ဖွားလာတာကနေ ဒီနေ့ လက်နက်ကိုင်တဲ့အဆင့်အထိ တိုးတက်လာတာ ဖြစ်တယ်။ ဘာမှ တွေဝေစရာ မရှိပါဘူး။

၆။ သတင်းမီဒီယာများ အဓိကထားမေးမြန်းသည့် အကြောင်းအရာ

စစ်ခေါင်းဆောင်၏တရုတ်ခရီးစဉ်နှင့် ပတ်သက်ပြီး NUG အပါအဝင် မဟာမိတ်အဖွဲ့များ၏ဆောင်ရွက်ချက်များ၊ NUG နှင့် K2C တို့၏ သဘောထား ရပ်တည်ချက် ထုတ်ပြန်ပြီးနောက်ပိုင်း အခြားသော တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ တုံ့ပြန်ဆောင်ရွက်မှုများ၊ တရုတ်၏ ဖိအားပေးမှုအပေါ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ ပြန်လည်တုံပြန်ဆောင်ရွက်မှုများအပေါ် မှတ်ချက်ပေးရန်၊ EROs များ၏ နယ်မြေအတွင်း စစ်ရေးဖော်ဆောင်နေသည့် အင်အားစုများအကြား ချိတ်ဆက်ဆက်ဆံရေးများနှင့် အသစ်ပေါ်ပေါက်လာသော အင်အားစုများနှင့် ချိတ်ဆက်ဆက်ဆံရေးဆိုင်ရာ မေးခွန်းများကို မေးမြန်းခဲ့ပါသည်။

ပြည်နယ်တွင်းသွင်းကုန်အပေါ် PSLF/TNLA အခွန်ကင်းလွတ်ခွင့် ပြု

November 6, 2024

ဒေသခံ လူထုအခက်အခဲ ဖြေရှင်းနိုင်ရေးအတွက် မြန်မာပြည် (မန္တလေး) မှ ပြည်နယ်အတွင်း တင်သွင်းလာသည့် သွင်းကုန်များအပေါ် အောက်တိုဘာ ၂၅ ရက်မှ စတင်၍ အခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ကြေညာထားသည်။

ပြည်နယ်တွင်း သွင်းကုန်များဖြစ်သည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများနှင့် တအာင်းပြည်အတွင်း အချင်းချင်း ကူသန်းရောင်းဝယ်မှုနှင့် သွင်းကုန်/ပို့ကုန်အပေါ် အခွန်ကောက်ခံမည် မဟုတ်ကြောင်းနှင့် ဒေသခံပြည်သူလူထုများအပေါ် အခွန်ကင်းလွတ်ခွင့်ပေးသွားမည် ဖြစ်သည်။

သို့သော် တအာင်းပြည်-တရုတ်ပြည်အကြား သွင်းကုန်/ပို့ကုန် ကုန်ပစ္စည်းများနှင့် တအာင်းပြည်မှ မြန်မာပြည် (မန္တလေး) သို့ တင်ပို့သည့်ကုန်ပစ္စည်းများကိုမူ အခွန်ကောက်ခံသွားမည် ဖြစ်သည်။

နိုင်ငံရေးရပ်တည်ချက် သဘောထားအား SNLD ထုတ်ပြန်

November 2, 2024

တိုက်ခိုက်ရေးအောင်ပွဲများမှသည် ပြည်သူ့နိုင်ငံရေးအောင်ပွဲများအထိ ဆက်လက် သယ်ဆောင် အနားသတ်ပေးနိုင်မှသာ တည်ငြိမ်အေးချမ်းမှု အစစ်အမှန်ကို ခံစားရမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy - SNLD) က အောက်တိုဘာ ၂၆ ရက်တွင် ၎င်းတို့၏နိုင်ငံရေး ရပ်တည်ချက်သဘောထားအား ထုတ်ပြန်ထားသည်။

ရပ်တည်ချက်သဘောထား၌ ၁၉၄၇ ပင်လုံစာချုပ်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူအရ တိုင်းပြည်တည်ဆောက်ကြရမည် ဖြစ်ကာ လူမျိုးရေးအစွန်းရောက် ကန့်သတ်ခွဲခြားမှု မလုပ်ဆောင်မိရန် လိုအပ်ပြီး တန်းတူညီမျှသည့် ပြည်ထောင်စုတည်ဆောက်ရေးကို မျက်ခြေမပြတ်ရန် အထူးလိုအပ်ကြောင်း ပါရှိသည်။

ထို့ပြင် မြန်မာ့ပြည်တွင်းရေးအား နိုင်ငံကြီးအချို့က စီးပိုးကြိုးကိုင်လျက် လူထုဆန္ဒအပေါ် လျစ်လျူရှု တဖက်သတ် ဆောင်ရွက်ရန် ကြိုးစားမှုအား ပြည်ထောင်စုစိတ်ဖြင့် ကျော်လွှားရန်၊ တိုင်းပြည်ပြဿနာအား ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဟု အသံကောင်းဟစ်ကာ လူထုအုပ်ချုပ်ရေး အစစ်အမှန်ပေါ်ပေါက်ရေးအား လက်တလုံးခြား ဆန့်ကျင်လျက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ကြိုးပမ်းမှုများအား မျက်နှာဖုံးခွာချကြရန် လိုအပ်ကြောင်း နိုင်ငံရေးသဘောထား ရပ်တည်ချက်မှတဆင့် သတိပေးထားသည်။

လူသားမျိုးနွယ် ချုပ်ငြိမ်းစေရေးကို တိုက်ဖျက်တွန်းလှန်ရုံဖြင့် မပြီးသေးဘဲ သဘာဝဂေဟ အလုံးစုံပျက်သုဉ်းရေးကိုပါ လူသားအသိကိုယ်စီရှိလျက် ဝိုင်းဝန်းကာကွယ်ကာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီမိတ်ဖက်အချင်းချင်း လက်တွဲညီ ချီတက်မည်ဟုလည်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ အမည်ဖြင့် ထုတ်ပြန်သည့် သဘောထားရပ်တည်ချက်၌ ပါရှိသည်။

တတိယ သုံးလပတ် ဘဏ္ဍာရေးရှင်းတမ်း IEC ထုတ်ပြန်

November 2, 2024

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council OfKarenni State – IEC) က ၂၀၂၄ ခုနှစ် ဇူလိုင်မှ စက်တင်ဘာအထိ အခွန်ကောက်ယူမှုနှင့် ကဏ္ဍအလိုက် ဘတ်ဂျက်အသုံးစရိတ်ခွဲဝေမှုရှင်းတမ်းအား အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်လိုက်သည်။

သုံးလတာအတွင်း အခွန်ငွေ စုစုပေါင်း ၁,၃၂၉,၄၄၈,၁၀၀ ကျပ်အထိ ကောက်ခံရရှိခဲ့ကာ ကဏ္ဍကိုးခု၌ ပြန်လည်သုံးစွဲထားသည်။ ဗဟိုဘဏ္ဍာရေး၊ ရုံးလုပ်ငန်း၊ စီမံခန့်ခွဲရေးနှင့် ဆက်သွယ်ဆက်ဆံရေးအတွက် ၅ ဒသမ ၁၀၊ ပြည်ထဲရေးဌာနအတွက် ၃၅ ဒသမ ၇၀ ၊ ပညာရေးအတွက် ၈ ဒသမ ၂၀၊ ကျန်းမာရေးအတွက် ၁၀ ဒသမ ၂၀ ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနအတွက် ၈ ဒသမ ၂၀၊ စီမံ/ဘဏ္ဍာ/အခွန်အတွက် ၅ ဒသမ ၁၀၊ တရားရေးအတွက် ၁၂ ဒသမ ၂၀ ၊ ကုန်သွယ်/ရင်းနှီးမြှုပ်နှံနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနအတွက် ၁၀ ဒသမ ၂၀ နှင့် လွတ်လပ်သော တရားစီရင်ရေးကဏ္ဍအတွက် ၅ ဒသမ ၁၀ ရာခိုင်နှုန်းစီ ခွဲဝေသုံးစွဲထားသည်ဟု IEC ရှင်းတမ်း၌ ပါရှိသည်။

ပြည်ထဲရေးဌာန အသုံးစရိတ်အောက်၌ပင် ပြည်သူ့အုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အရေးပေါ်ကယ်ဆယ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်ပင်ကဏ္ဍများအတွက်ကိုလည်း ထပ်ဆင့် ခွဲဝေသုံးစွဲထားသည်။

တတိယအကြိမ် ပြည်သူ့ညီလာခံမှာ ဘာတွေမျှော်လင့်လို့ ရနိုင်မလဲ

October 31, 2024

ပြည်သူ့ညီလာခံ

ပြည်သူ့ညီလာခံဟူသည်မှာ တော်လှန်ရေးကာလ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာရွက်စာတမ်းတစ်စောင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) က ဦးဆောင်ကျင်းပသည့် ညီလာခံတစ်ရပ် ဖြစ်သည်။ တော်လှန်ရေးကာလတလျောက် ပြည်သူ့ညီလာခံကို နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ကာ ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့သည်။ ပဋိညာဉ်အရ ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ပြဌာန်းထားသော်လည်း (၂) နှစ်ကျော် ကြာပြီးမှသာ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ထပ်လောင်းအတည်ပြုထားသဖြင့် တတိယအကြိမ် ပြည်သူ့ညီလာခံကို မကြာမီ ကျင်းပလာနိုင်ဖွယ် ရှိသည်။  

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NationalUnity Consultative Council - NUCC) ကို ၂၀၂၁ ခုနှစ်၊ မတ် ၈ ရက်တွင် ကနဦးစုဖွဲ့မှုဖြင့် စတင်သည်။ NUCC သည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၁) နှင့် (၂) အား ၂၀၂၁ ခုနှစ်၊ မတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၆ ရက်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (National Unity Government - NUG) ကို ဖွဲ့စည်းပေးခဲ့သည်။ ထို့နောက် ပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေး ရည်မှန်းချက်ကို ပိုမို ထင်ဟပ်လာစေရန်အတွက် ပဋိညာဉ် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်ကို ၂၀၂၁ ခုနှစ် မေ ၂၄ ရက်တွင် စတင်လုပ်ဆောင်ပြီး ပြည်သူ့ညီလာခံ၌ အတည်ပြုသွားမည်ဟု ထုတ်ပြန်ခဲ့သည်။


ပထမအကြိမ် ပြည်သူ့ညီလာခံ

ပထမအကြိမ် ပြည်သူ့ညီလာခံတွင် တက်ရောက်သူ စုစုပေါင်း ၃၈၈ ဦး ရှိခဲ့ပြီး အတည်ပြုဆုံးဖြတ်ချက် (၈) ချက် ချမှတ်နိုင်ခဲ့ကာ ဆုံးဖြတ်ချက်များထဲ၌ ပြင်ဆင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် (၂) အား အတည်ပြုမှု၊ NUCC ကို အဖွဲ့အစည်း (၃၃) ဖွဲ့ဖြင့် ဖွဲ့စည်းမှုအား အတည်ပြုမှု၊ NUG အား ထပ်လောင်း အတည်ပြုမှု၊ NUCC နှင့် NUG ၏ လုပ်ငန်းအစီရင်ခံစာများအား အတည်ပြုမှု၊ NUCC နှင့် NUG အကြား လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများကို ဖြည့်စွက်ပြင်ဆင်ရန် ဟူသည့် ဆုံးဖြတ်ချက် ပါဝင်ခဲ့သည်။

ခြောက်လ တစ်ကြိမ် ကျင်းပရမည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ နိုင်ငံရေး ဖြစ်ထွန်းမှုဖြစ်စဉ်များအရ နွေဦးတော်လှန်ရေးအား ပိုမိုထိရောက် အားကောင်းလာစေရန်အတွက် သုံးသပ်ပြင်ဆင်မှုများ လုပ်ဆောင်ရန် လိုအပ်ချက်ကြောင့် ထိုသို့ မကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း NUCC က ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည်။ ညီလာခံဆုံးဖြတ်ချက်တစ်ခုဖြစ်သည့် NUCC နှင့် NUG အကြား လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲမှု အခြေအနေကိုလည်း ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နွေဦးတော်လှန်ရေး ၃ နှစ် ပြည့်လူထုအစည်းအဝေးတွင် ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ကျင်းပရန် လျာထားကြောင်း NUCC က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ထပ်မံ ရက်ရွှေ့ခဲ့ရပြီး ကြိုတင် ညှိနှိုင်းပြင်ဆင်မှုများ ဆောင်ရွက်ရာ၌ အချိန်လုံလောက်မှု ရှိစေရေးအတွက် ပြည်သူ့ညီလာခံအား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၄၊ ၅၊ ၆) တွင် ကျင်းပသွားရန် ရက်သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။


ဒုတိယအကြိမ် ပြည်သူ့ညီလာခံ

ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့ပြီး ညီလာခံကိုယ်စားလှယ် ၂၀၄ ဦး၊ အထူးဖိတ်ကြားထားသူ ၁၀၄ ဦး၊ လေ့လာသူ ၁၂၈ ဦး တက်ရောက်ကြောင်း ဖော်ပြထားသည်။ ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စ၊ အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်း ဥပဒေကိစ္စ၊ မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂) ပယ်ဖျက်ရေးကိစ္စများအား ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့သည်။ ထို့ပြင် ပြည်သူ့ညီလာခံအား( ၆) လ တစ်ကြိမ် ကျင်းပမည် ဖြစ်ကြောင်းလည်း ထပ်လောင်း အတည်ပြုခဲ့သည်။ ညီလာခံ၏ အဆိုပြုချက်နှင့် အကြံပြုချက် ၂၁ ချက်ကိုလည်း မှတ်တမ်းတင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ညီလာခံ နောက်ဆုံးနေ့တွင် CRPH နှင့် NUG တက်ရောက်မှု မရှိခဲ့သည့်အပြင်၊ ညီလာခံအပြီး ဧပြီ ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NUCC ကောင်စီဝင်များအကြား အပြန်အလှန် တင်းမာသော ဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လူထု၏ ဝေဖန်မှု ခံခဲ့ရသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် ဒုတိယအကြိမ် လူထုတွေ့ဆုံဆွေးနွေးပွဲ (Town Hall Meeting) အား တတိယအကြိမ် ပြည်သူ့ညီလာခံမတိုင်မီ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (သို့) ဩဂုတ်လတွင်ကျင်းပရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ကျင်းပနိုင်ခြင်းမရှိသည့်အပေါ် ပြည်သူလူထုအား မေတ္တာရပ်ခံ ပန်ကြားကြောင်း NUCC က ထုတ်ပြန်ခဲ့သည်။

တတိယအကြိမ် ပြည်သူ့ညီလာခံ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလသည် (၆) လ တစ်ကြိမ် ကျင်းပရန် ဆုံးဖြတ်ထားချက်အရ တတိယအကြိမ် ပြည်သူ့ညီလာခံ ကျင်းပရမည့်အချိန်ဖြစ်သော်လည်း ညီလာခံကျင်းပမည့်ရက်ကိုထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

အကယ်၍ မကြာမီကာလများအတွင်း တတိယအကြိမ် ပြည်သူ့ညီလာခံကျင်းပမည်ဆိုပါက ယခင်ညီလာခံများ၊ အထူးသဖြင့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၏ဆုံးဖြတ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကို ပြန်လည်၍ သုံးသပ်ကြမည်ဟု ယူဆရပါသည်။

မြေပြင်အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများ (ပသုံးလုံးယန္တရား) နှင့် နိုင်ငံသားဥပဒေဖျက်သိမ်းရေး ကိစ္စများကို တကျော့ပြန် သုံးသပ်မှုများ ရှိလာနိုင်သလို၊ ယခင်က အဆိုပြုချက်နှင့်အကြံပြုချက်အဖြစ် ထည့်သွင်းခဲ့သည့် အချက်များသည်လည်း တတိယအကြိမ် ညီလာခံတွင် အဆိုများအဖြစ် ပြန်လည်ပါဝင်ကောင်း ပါဝင်လာနိုင်ပါသည်။ ခွဲခြားဆက်ဆံမှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို လုံးဝလက်သင့်မခံခြင်း မူဝါဒကို အကောင်အထည်ဖော်ခြင်း၊ တော်လှန်ရေးကာလအတွင်း အခွန်အကောက်ဆိုင်ရာကိစ္စများ၊ ရိုဟင်ဂျာလူမျိုးဆိုင်ရာ မူဝါဒရေးဆွဲခြင်းနှင့်အကောင်အထည် ဖော်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံမှုကို ပိုမိုခိုင်မာစေခြင်း စသည့် အဆိုပြုချက်များကို တကျော့ပြန် တင်သွင်းမှုများ ရှိလာနိုင်ပါသည်။

ထို့အတူ တော်လှန်ရေး၏ နိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအရ အောက်မှအထက် ဖက်ဒရယ်စီးဆင်းမှုကိစ္စ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အစီအမံကိစ္စ၊ NUCC နှင့် NUG တို့က ကြေညာထားသလို ဒုတိယအကြိမ်ညီလာခံ၏ အဆိုပြုချက်များတွင်လည်း ပါဝင်ခဲ့သည် ဘုံနိုင်ငံရေး သဘောတူညီချက်ရရှိရေး ကြိုးပမ်းမှုကိစ္စများကိုလည်း ဆွေးနွေးလာနိုင်စရာ ရှိသည်ဟု ယူဆရပါသည်။ ထို့အတူ စစ်ရေးအောင်မြင်မှုများနှင့် အားသာချက်များ၊ ပြင်ပဖိအားများ၊ ပိုမိုကြပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည့် မြေပြင်လှုပ်ရှားမှုများ၊ အတုအယောင် သန်းခေါင်စာရင်းနှင့်အတူ အတုအယောင် ရွေးကောက်ပွဲအတွက် စစ်အုပ်စု၏ ပြင်ဆင်မှုများ အစရှိသဖြင့် အဆိုပြုချက်အသစ်များလည်း ပေါ်ထွက်လာနိုင်ပါသေးသည်။

ညီလာခံ ကျင်းပမည့်ရက်နှင့် အစီအစဉ်ကို ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ညီလာခံကျင်းပရန် အချိန်ကို ကျရောက်နေပြီဖြစ်သဖြင့် တတိယအကြိမ် ပြည်သူ့ညီလာခံသည် ယခုကာလအတွင်း စောင့်ကြည့်သင့်သည့် အခြေအနေတစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

October 11, 2024

အကြမ်းဖက်စစ်အုပ်စု၏ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အထိုင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အား သြဂုတ် ၃ ရက် နေ့လယ်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်အတည်ပြုထားသည်ဟု သတင်းမီဒီယာများက ဖော်ပြကြသည်။

တိုင်းစစ်ဌာနချုပ်အား ယင်းနေ့ နေ့လယ်ပိုင်းတွင် ရှေ့တန်းတပ်ဖွဲ့ဝင်များ၏ သွေးထွက်သံယိုမှုနှင့်အတူ အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ကာ ဌာနချုပ် စစ်ဆေးရုံ၌ ဒဏ်ရာရ အကြမ်းဖက်စစ်အုပ်စု တပ်သားများနှင့် မိသားစုဝင် ၄၇၀ ကျော်ကိုလည်း စွန့်ပစ်ထားခဲ့ကြောင်း၊ ၎င်းတို့အား လူသားချင်း စာနာထောက်ထားမှု၊ စစ်သုံ့ပန်းမူဝါဒအရ တိုက်ပွဲပြင်းထန်သည့်ကြားမှ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးထားကြောင်း MNDAA က ထုတ်ပြန်ထားသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲ၌ MNDAA နှင့်အတူ ဗမာ့ပြည်သူလွတ်မြောက်ရေး တပ်တော်(BPLA) ၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ရမခ သည်အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပထမဆုံး လက်လွှတ်လိုက်ရသည့် တိုင်းစစ်ဌာနချုပ် ဖြစ်သည်။

စစ်အုပ်စုရဲ့ “နိုင်ငံရေး” အတု

October 11, 2024

အကြမ်းဖက်စစ်အုပ်စု၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုနှင့် တုံ့ပြန်မှုများ

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းရန် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကို ကမ်းလှမ်းသော ကြေညာချက်တစ်စောင်အား စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းဒုတိယအကြိမ်မြောက်ကမ်းလှမ်းမှုဖြစ်ကာ ၂၀၂၂ခုနှစ် ဧပြီလတွင် ပထမအကြိမ်အဖြစ်အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင်ရုပ်မြင်သံကြားမှတစ်ဆင့်ကမ်းလှမ်းခဲ့ဖူးသည်။မတူညီသည့်အချက်မှာ ယခုတစ်ကြိမ်ကမ်းလှမ်းချိန်၌ EROs၊PDFs များ၏စစ်ဆင်ရေးများကြောင့်အကြမ်းဖက်စစ်အုပ်စုဘက်မှစစ်စခန်းများ၊ စစ်ဌာနချုပ်များအပြင်မြို့များကိုပါ လက်လွှတ်နေရချိန်ဖြစ်သည်။

စစ်အုပ်စု ကမ်းလှမ်းချက်၌ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင် တိုက်ခိုက်သည့်နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့်အတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အဟန့်အတားဖြစ်ရကြောင်း ဖော်ပြထားကာ EROs နှင့်PDFs အဖွဲ့များအား လက်နက်ကိုင် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့်သော် လည်းကောင်း၊ရွေးကောက်ပွဲလမ်းကြောင်း မှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ဟု ပါရှိသည်။

ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်နေပြီး အောက်တိုဘာ ၁ ရက်မှ စတင်၍ မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် သန်းခေါင်စာရင်း စတင်ကောက်ယူတော့မည် ဖြစ်ကြောင်းပါရှိကာ လက်ရှိတွင်လည်း၎င်းတို့ အပြည့်အဝထိန်းချုပ်ထားနိုင်သောနေရာဒေသအချို့၌ စတင်ကောက်ယူနေပြီဖြစ်သည်။

ငြိမ်းချမ်းရေး ကမ်းလှမ်းမှုနဲ့အတူ ပါလာတဲ့ လေကြောင်းတိုက်ခိုက်မှုများ

အကြမ်းဖက်စစ်အုပ်စုက ငြိမ်းချမ်းရေး ကမ်းလှမ်းပြီး နောက်တစ်ရက် ဖြစ်သည့် စက်တင်ဘာ ၂၇ ရက် နံနက်အစောပိုင်းတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) (ကိုးကန့်) သိမ်းပိုက်ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို လေကြောင်းမှ ဗုံး (၁၅) လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ ထိုနေ့ နံနက် ၃ နာရီခွဲတွင် လားရှိုးမြို့ ရပ်ကွက် (၁) ရှိ မြို့မဈေးနှင့် ရပ်ကွက် (၂) တို့ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲခဲ့ပြီး စက်တင်ဘာ ၂၈ ရက် ညတွင်လည်း လားရှိုးမြို့ ရပ်ကွက် (၈) အား ဂျက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၃၀ ရက် မနက်အစောပိုင်းနှင့် ညပိုင်းတွင် လားရှို့မြို့အတွင်းသို့ ထပ်မံ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ယင်းလေကြောင်းသုံး တိုက်ခိုက်မှုများအတွင်း အရပ်သား သေဆုံးမှုမျာနှင့် ဒဏ်ရာရမှုများရှိခဲ့သည့်အပြင် အရပ်သားပိုင် အဆောက်အဦ ပျက်စီးမှုများလည်း ရှိခဲ့ပါသည်။

ကမ်းလှမ်းမှုမတိုင်မီအမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် စွပ်စွဲမှု

အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် တရုတ်နိုင်ငံနှင့် ပတ်သက်သည့် သဘောထားဖော်ပြချက် သုံးစောင်ကို ဆက်တိုက်ထုတ်ပြန်သည်။ ထိုဖော်ပြချက်များ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အမေရိကန်အစိုးရထံမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း (၂၀၀) ဝန်းကျင် ရရှိနေကြောင်း စွပ်စွဲထားသည့်အပြင် MNDAA (ကိုးကန့်) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် NUG နှင့် စစ်ရေးမဟာမိတ်ဖွဲ့ကာ မြန်မာအစိုးရကို တိုက်ခိုက်နေကြောင်းပါ ထည့်သွင်းစွပ်စွဲထားသည်။

NUG ၏တုံပြန်မှုများ

အထောက်အပံ့များ ရယူနေသည်ဆိုသည့် အကြမ်းဖက်စစ်အုပ်စု စွပ်စွဲမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ လုံးဝမဟုတ်ဘူး”ဟု ငြင်းဆိုသည်။

အကြမ်းဖက်စစ်အုပ်စုဘက်က စွပ်စွဲချက်များထုတ်အပြီး နောက်တစ်ရက်တွင် ထုတ်ပြန်ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ “အတုအယောင် ကမ်းလှမ်းချက်” ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော က တုံ့ပြန်လိုက်သည်။နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း “ဒီထုတ်ပြန်ချက်က သူ့အကျိုးစီးပွားအပေါ်မှာပဲ သက်ရောက်တယ်။ ငါပြောတဲ့အတိုင်း လိုက်လုပ်ဆိုတာ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာမှ မဟုတ်တာ” ဟု ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းခန်း၌ ထည့်သွင်း ပြောဆိုသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကလည်း “သေနတ်ပြပြီး အနိုင်ကျင့် ဗိုလ်ကျ အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက အခုချိန်မှာ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ကြဖို့ ထုတ်ပြန်လာတာဟာ အင်မတန် ရယ်စရာကောင်းပြီး အင်မတန် စက်ဆုပ်ရွံရှာစရာ ကောင်းတဲ့ ထုတ်ပြန်ချက်” ဟု တုံပြန်သည်။

ထို့ပြင် အကြမ်းဖက်စစ်အုပ်စု၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုသည် ဟန်ပြဖိတ်ခေါ်မှုသာ ဖြစ်သည့်အတွက် ပြတ်ပြတ်သားသား ပယ်ချကြောင်း အောက်တိုဘာ ၁ ရက်တွင် NUG နှင့်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)တို့က ပူးတွဲ ထုတ်ပြန်သည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တုံပြန်မှု

တရားမဝင် အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်သည် လက်ရှိ နိုင်ငံရေး အကျပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှု တစ်ခုဖြစ်သည်ဟု ရှုမြင်သဖြင့် လက်ခံညှိနှိုင်းမည် မဟုတ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာ  ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။ ထို့ပြင် “တခြားသော ပြည်နယ်များနှင့် ဖက်ဒရယ်ယူနစ်များအနေဖြင့် လူထုဆန္ဒအတိုင်း ညီညွတ်စွာ ဆက်လက် ရပ်တည်ကြရန်” တိုက်တွန်းနှိုးဆော်ထားသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ တုံပြန်မှုများ

“စစ်ကောင်စီက ကျွန်မတို့ကို လက်နက်စွန့်ပါ၊ ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပြီးတော့မှ ရွေးကောက်ပွဲဝင်ပါ ဆိုတာက ကျွန်မတို့ဘက်ကတော့ မဖြစ်နိုင်တဲ့ ကိစ္စပါ” ဟု တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက တုံပြန်ထားသည်။အမေရိကန်မှ အထောက်အပံ့ ရယူထားသည်ဆိုသည့် အကြမ်းဖက်စစ်အုပ်စု စွပ်စွဲချက်ကိုလည်း ငြင်းပယ်ကြောင်း ဘီဘီစီသတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း၌ ထည်သွင်းဖြေကြားထားသည်။

လွေးယေဦးကပင် ဧရာဝတီ သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း၌ ငြိမ်းချမ်းရေးကမ်းလှမ်းမှုနှင့် ပတ်သက်ကာ “အမှန်က PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေက လက်နက်စွန့်ရမှာ မဟုတ်ဘူး။ စစ်ကောင်စီက လက်နက်စွန့်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို သူက လက်နက်အားကိုးပြီးတော့မှ လူထုတွေကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်တယ်။ ဒါကြောင့်မလို့ ဒီဖိတ်ခေါ်ချက်၊ ထုတ်ပြန်ချက်က ကျွန်မတို့အတွက်ရော၊ တခြား တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေအတွက်ရော မဖြစ်သင့်တဲ့ကိစ္စပါ”ဟု တုံပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တုံပြန်မှုများ

ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီး က “စစ်တပ်က နိုင်ငံရေးကနေ ထွက်ရမယ်၊ အရပ်သားအုပ်ချုပ်မှုအောက်မှာ ရှိရမယ်၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေသစ် ရေးဆွဲတာကို လက်ခံရမယ်” ဟု တုံပြန်လိုက်ပြီး“အကြမ်းဖက် မင်းအောင်လှိုင်၏ နိုင်ငံရေးပြဿနာ ဖြေရှင်းရေး ဖိတ်ခေါ်ချက်သည် အရည်မရ အဖတ်မရ ဓာတ်ပြားဟောင်းသာဖြစ်ပြီး စစ်တပ်ကျူးလွန်သော ရာဇဝတ်မှု မှန်သမျှ အရေးယူရေးအပါအဝင် အချက် ၃ ချက် မရဘဲ ဆွေးနွေးစရာမရှိကြောင်း” ရန်ကုန်ခေတ်သစ်သတင်းဌာနသို့လည်း ဖြေကြားထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ တုံပြန်မှု

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က “အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF များအနေဖြင့် လက်နက်စွန့်ပြီး ပါတီလမ်းကြောင်း၊ ရွေး ကောက်ပွဲလမ်းကြောင်းမှ နိုင်ငံရေးပြဿနာ ဖြေရှင်းရန် ဖိတ်ခေါ်ချက်သည် ခေါ်ပုံခေါ်နည်း လိုနေကြောင်း” ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတဆင့် ရေးသားတုံပြန်ခဲ့သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ တုံပြန်မှု

“၂၀၀၈ က ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံရေးကို သွားလို့ မရဘူး။ ကျွန်တော်တို့ သွားချင်တာက တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဖြစ်တယ်။ ၂၀၀၈ အောက်ကနေ သွားမယ်ဆို စစ်တပ်အာဏာ တည်တံ့ခိုင်မြဲအောင် လုပ်ပြီးတော့မှ စစ်တပ်က နိုင်ငံရေးလောကထဲမှာ ဝင်ရောက်စွက်ဖက်တာကို ကျွန်တော်တို့က တွန်းအားပေးသလို ဖြစ်တယ်။ ဒီနေ့က ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံတော်သစ် တည်ဆောက်ဖို့အတွက် စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ရှားရမှာ ဖြစ်တယ်” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က တုံပြန်သည်။

ချင်းအမျိုးသားတပ်ဦး (CNF) ၏ တုံပြန်မှု

ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က “အဓိကတော့ သူ့ရဲ့ ရေရှည် မြန်မာ့နိုင်ငံရေးမှာ ရပ်တည်ရေးအတွက် ပြည်သူနဲ့ နိုင်ငံတကာကို လှည့်စားနေတဲ့ လုပ်ရပ် ဖြစ်တယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအောက်ကနေ စစ်ကောင်စီက လုပ်ဆောင်မှု မှန်သမျှ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ပကနေ လုပ်ဆောင်မှု မှန်သမျှကတော့ လက်ခံနိုင်စရာအကြောင်းလည်း မရှိဘူး။ လက်တွေ့လည်း ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူး။ ကျွန်တော်တို့ ချင်းတောင်မှာဆိုရင် ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းက သူ့ဟာသူ စိုးမိုးထားတဲ့ ပြည်သူက အုပ်ချုပ်ရေး ဖော်ဆောင်မှုရှိနေတဲ့အချိန်မှာ စစ်ကောင်စီက သူ့ရဲ့ တချို့မြို့ပေါ်မှာပဲ လူအနည်းအကျဉ်းနဲ့ လုပ်နိုင်မှာ ဖြစ်တဲ့အတွက် ဒါကတော့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းလည်း မရှိဘူး။ နိုင်ငံတကာကို လှည့်စားနေတာလို့ပဲ ပြောချင်ပါတယ်” ဟု တုံပြန်သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တုံ့ပြန်မှု

အကြမ်းဖက်စစ်အုပ်စု၏ ဆွေးနွေးပွဲဖိတ်ခေါ်မှုသည် နိုင်ငံရေး လှည့်ကွက်တစ်ခုဖြစ်ပြီး အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်သည်နှင့် တပြိုင်တည်း ဆွေးနွေးမှု ပြုလုပ်နိုင်ရေး အားထုတ်လာခြင်း ဖြစ်ကြောင်း၊ သို့သော် အရပ်သားများအား ပစ်မှတ်ထား၍ လေကြောင်းသုံး တိုက်ခိုက်ခြင်းများလည်း ရှိနေကာ ရိုးသားဖြောင်မှန်မှု မရှိသော လုပ်ရပ် ဖြစ်သည်ဟု မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC) ကစက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

MSFC သည် စစ်တပ်အာဏာရရှိရေး ဒေါက်တိုင်ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သည့် မည်သည့် နိုင်ငံရေးဆွေးနွေးပွဲကိုမဆို ကြိုဆို ထောက်ခံကာ ပါဝင်ရန် အသင့်ရှိကြောင်း၊ စစ်အုပ်စု၏နိုင်ငံရေးလှည့်ကွက်အဖြစ် ဖန်တီးထားသည့် ဆွေးနွေးပွဲကိုမူ ပါဝင်ရန် လက်ခံစဉ်းစားမည် မဟုတ်ကြောင်း၊ ဘဝတူ တော်လှန်ရေး အဖွဲ့အစည်းများနှင့်လည်း လက်တွဲကာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး လုပ်ဆောင်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နွေဦးတော်လှန်ရေးအင်အားစုများ၏ တုံပြန်မှုများ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ကွပ်ကဲရေးမှူး မောင်ဆောင်းခက “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ တရားမျှတမှုလည်း မရှိနိုင်သလို ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်လို့ မရနိုင်တာမို့ စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုကို အဖွဲ့အနေနဲ့ စိတ်မဝင်စားဘူး” ဟု ပြတ်သားစွာ တုံပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) ၏စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်က “စစ်တပ်က နိုင်ငံရေးကနေ အပြီးအပိုင် ထွက်ရမယ်။ စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှုကို ခံယူရမယ်။ ဒီလိုခံယူနိုင်တယ်ဆိုရင် စကားဝိုင်းဆွေးနွေးပွဲဆိုတာ ဖြစ်လာပါလိမ့်မယ်” ဟု တုံပြန်သည်။

“PDF ဆိုတဲ့ စကားလုံးရှေ့မှာတောင် အကြမ်းဖက်လို့ သုံးနှုန်းထားသေးတာပဲဗျ။ တိုင်းပြည်မှာရှိနေတဲ့ ပဋိပက္ခတွေကို ကုန်ဆုံးချင်လို့ ကမ်းလှမ်းမှုမျိုးထက် သူ့ရဲ့ထွက်ပေါက်ကို လိုက်ပါစေချင်တဲ့ ကမ်းလှမ်းချက်မျိုးလို့ ထင်တယ်” ဟု 96 soldiers – PDF တပ်ဖွဲ့၏ တာဝန်ခံ ကိုဇေယျာလွင်က စစ်အုပ်စု ကမ်းလှမ်းမှုအပေါ် ၎င်း၏ သဘောထားအား ထုတ်ပြန်ပြောဆိုသည်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ၏တာဝန်ခံ ကိုနွေဦး က “ စစ်ကောင်စီ ရှိနေလို့သာ ဒါမျိုးတွေ ဖြစ်နေတဲ့အတွက် ဒီစစ်ကောင်စီ အသက်ဆက်ရှင်မယ့်နည်းလမ်းကိုတော့ ဘယ် PDF မှ ရွေးချယ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု တုံပြန်ခဲ့ပါသည်။

“တော်လှန်ရေးမှာ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ တိုက်နေကြတဲ့ အဖွဲ့တွေကို ဖိတ်ခေါ်လို့ မရဘူးဆိုတာ သူတို့လည်း သိတယ်။ ဟိုဘက်လည်း မရောက်၊ ဒီဘက်လည်း မရောက်တဲ့ ကြားအဖွဲ့တွေကို ခေါ်ချင်တာလို့ မြင်တယ်” ဟု ကျောင်းသားလက်ရုံးတပ်တော် (SAF) ၏ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က စစ်အုပ်စု ကမ်းလှမ်းမှုအပေါ် ယခုကဲ့သို့ မှတ်ချက်ပေးသည်။

နိုင်ငံရေးပါတီများ၏ တုံပြန်မှု

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော် က “ရွေးကောက်ပွဲဆိုတဲ့ ထွက်ပေါက်ကနေ တစုံတရာ နိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ ကြိုးစားနေတာ ဖြစ်တယ်။ အဓိကကတော့ တော်လှန်တဲ့ အင်အားစုတွေကို ဖြိုခွဲဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ကျွန်တော် အဲဒီလိုပဲ နားလည်တယ်” ဟု တုံပြန်ထားပြီးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကလည်း “၂၀၂၁ နွေဦးတော်လှန်ရေးကနေ တောင်းဆိုနေတဲ့ စစ်အာဏာရှင်တွေ နိုင်ငံရေးနယ်ပယ်ကနေ လုံးဝဆုတ်ခွာသွားပြီး သူ့နေရာသူ နေဖို့ဆိုတာ လုံးဝမပါဘဲနဲ့ နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ တပ်ကနေ ဆက်ပြီးတော့ ဦးဆောင်ဦးရွက် ပြုမယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေပါတယ်။ လက်နက် စွန့်ရမယ်၊ လက်နက် ချရမယ်၊ နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်နိုင်ဖို့ဆိုရင် ပါတီထောင်ပြီး ပါဝင်ကြရမယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံစရာ အကြောင်း မရှိဘူး။ စစ်တပ်က ပြောတဲ့ကိစ္စတွေ ၁၀၀ ရာခိုင်နှုန်းနီးပါးလောက်က စိတ်ရင်းနဲ့ ပြောတာ မဟုတ်ဘူး။ သူတို့ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကနေ ထွက်ပေါက်ရဖို့အတွက် လိုက်ပြီးတော့ ထွက်ပေါက်ရှာနေတာလို့ပဲယူဆပါတယ်” ဟု မှတ်ချက်ပေးတုံ့ပြန်သည်။35

ယခင် စစ်အစိုးရ ကျောထောက်နောက်ခံပေး ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် စစ်အုပ်စု စိတ်ကြိုက်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားကြသော နိုင်ငံရေးပါတီ (၂၆) ခုကမူ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းမှုအား အပြည့်အဝ ထောက်ခံကြောင်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

အရပ်သားအစိုးရတစ်ရပ်အားလက်နက်ဖြင့် အကြမ်းဖက်၍အာဏာသိမ်းခြင်းထားခြင်းအား“နိုင်ငံရေး ပြဿနာ” ဟုခေါင်းစဉ်တပ်ခြင်းမှာဆီလျော်မှု မရှိပေ။ ယင်းအပြင်မည်သည့်နည်းနှင့်မျှ လွတ်လပ်၍တရားမျှတစရာ မရှိသည့်အပြင်စနစ်တကျဖြင့် အကြမ်းဖက်မှုကျူးလွန်ရန် စစ်တပ်အားခွင့်ပြုထားသည့်၊ စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု၊လူမျိုးသုဉ်းသတ်ဖြတ်မှုများအားလွတ်မြောက်ခွင့်ပေးသည့်နိုင်ငံရေးအခင်းအကျင်းတစ်ခုအောက် သွတ်သွင်းရေးကြိုးပမ်းမှုကိုလည်း“နိုင်ငံရေးနည်းလမ်း” ဟုအမည်ပေး ကင်မွန်းတပ်ခြင်းမှာနိုင်ငံတကာအား မျက်လှည့်ပြရန်အတွက်အကြမ်းဖက်စစ်အုပ်စု၏ကြိုးပမ်းမှုသာ ဖြစ်သည်။ပြည်တွင်းရှိ တော်လှန်သောအင်အားစုများအား စည်းရုံးနိုင်ရေးမလွယ်နိုင်ကြောင်းအားတုံ့ပြန်မှုများ၌ ရှင်းရှင်းလင်းလင်းတွေ့မြင်ရမည် ဖြစ်သည်။

လူသားဒိုင်းလုပ်မှုအား ဆန့်ကျင်ကြရန် NUG တိုက်တွန်း

October 3, 2024

အကြမ်းဖက်စစ်အုပ်စုက စစ်မှု မထမ်းမနေရ ဥပဒေပြဌာန်းခြင်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းကာ အသက် ၆၅ နှစ်အထိ သက်ကြီးပိုင်းများကိုပါ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းမှာ တိုင်းပြည်နှင့် ပြည်သူတစ်ရပ်လုံးအား လူသားဒိုင်းသဖွယ် အသုံးပြုရန်ကြိုးပမ်းခြင်းသာ ဖြစ်ပြီး နည်းလမ်းပေါင်းစုံဖြင့် ပြတ်သားစွာ ခုခံတော်လှန်၊ ဆန့်ကျင်ရန် တိုက်တွန်းနှိုးဆော်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

NUG ထုတ်ပြန်ကြေညာချက်၌ "စစ်အာဏာရှင်စနစ်ဘေးဆိုးသည် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး တဦးတယောက်ချင်းစီတိုင်းအပေါ် ကျရောက်လာပြီ ဖြစ်သလို မည်သူမျှ မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်တော့သည်မှာ ပိုမိုထင်ရှားလာပြီ ဖြစ်သည်။ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေး၏ အင်အားကို အထင်သေးလျှော့တွက်သော အကြမ်းဖက် စစ်အုပ်စုအား “မိမိတို့ ပြည်သူလူထုတရပ်လုံးသည် စစ်အာဏာရှင်ပြုသမျှ ခေါင်းငုံ့ခံမည့် သူများမဟုတ်” ဆိုသည်ကို အခိုင်အမာပြသ" ရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။

နိုင်ငံတကာအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ကြုံတွေ့နေရသည့် နာကျင်ခံစားရမှုအားလုံး၏ အရင်းအမြစ်မှာ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်သားများကြောင့်ဖြစ်ကြောင်း သိရှိနားလည်ရန် လိုအပ်ကြောင်း၊ လူသားဒိုင်းအဖြစ် အသုံးချလာသည့် လုပ်ရပ်များ ရပ်တန့်ရေး ထိရောက်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

ဟန်ပြဆွေးနွေးရေးအား ပြတ်သားစွာ ပယ်ချဟု NUCC၊ NUG ပူးတွဲထုတ်ပြန်

October 3, 2024

အကြမ်းဖက်စစ်အုပ်စု၏ "နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ခြင်း"မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) များ သပ်လျှိုဖြိုခွဲရန်နှင့် နိုင်ငံတကာ အမြင်ကောင်းစေရန်အတွက် အားထုတ်မှုသာ ဖြစ်ပြီး ဟန်ပြသပ်သပ်သာ ဖြစ်သည့်အတွက် ပြတ်ပြတ်သားသား ပယ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က အောက်တိုဘာ ၁ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။.

ထုတ်ပြန်ချက်အား NUCC နှင့် NUG တို့ ပူးတွဲဖွဲ့စည်းထားသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီအနေဖြင့် ထုတ်ပြန်ခြင်းဖြစ်ကာ စစ်အစိုးရအဆက်ဆက် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခြင်း၊ လက်နက်ကိုင်လမ်းစဉ် စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်စေခြင်းစသည့် ခေါင်းစဉ်အမျိုးမျိုးဖြင့် သပ်လျှိုသွေးခွဲလေ့ ရှိကြောင်းလည်း သတိပေးထားသည်။

လက်ရှိတွင် အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေးအင်အားစုများအား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်း၊ မြို့ရွာများအား ဗုံးကြဲမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား မတရား ဖမ်းဆီး၊ သတ်ဖြတ်ခြင်းများအား ဆက်တိုက်လုပ်ကိုင်နေကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး ဖိတ်ခေါ်မှာ ယုတ္တိမတန်သည့် လုပ်ရပ်သာ ဖြစ်ကြောင်းလည်း ပူးတွဲသဘောထားထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်အုပ်စု မျက်နှာဖုံး ခွာချနေသည့် တိုင်ဖွန်းရာဂီ

October 1, 2024

တောင်တရုတ်ပင်လယ် အခြေပြု တိုက်ခတ်ခဲ့သည့် ရာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ လျှပ်တပြတ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့မှုသည် နိုင်ငံအတွင်း လူထုအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ ယင်း ရေကြီးရေလျှံမှုသည် အကြမ်းဖက်စစ်အုပ်စုဘက်က ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ ဆည်များအား လူထုအား အသိမပေးဘဲ ဖောက်ချခြင်း၊ မိုးလေဝသဆိုင်ရာသတင်း ထုတ်ပြန်မှုအားနည်းခြင်းများကြောင့် ဝေဖန်မှုများ ရှိခဲ့သည်။

မုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံမှုသည် ကရင်နီ (ကယား)၊ မွန်၊ ကရင်၊ ရခိုင်နှင့် ရှမ်းတောင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊နေပြည်တော်ရှိ မြို့နယ်ပေါင်း ၆၅ ခု၌ ဖြစ်ပွားခဲ့ကာ စစ်ရေးပဋိပက္ခများကြောင့် ရှောင်တိမ်းနေရသည့် နေရပ်စွန့်ခွာပြည်သူများ အပါအဝင် ပြည်သူပေါင်း ၈၈၇,၀၀၀အထိ ထိခိုက်ခဲ့သည်ဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN-OCHA Myanmar) က စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် သေဆုံးသူ ၃၀၀ ကျော်နှင့် ဒဏ်ရာရသူ ၁၀၀ ကျော် ရှိကာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် စတင်ရေးအတွက် အရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေ (CERF) က အမေရိကန်ဒေါ်လာ လေးသန်း ခွဲဝေချထားပေးရန် ခွင့်ပြုထားသည်ဟု UN-OCHA (Myanmar) က ထုတ်ပြန်သည်။

ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှ ရေဘေးသင့်ပြည်သူများအတွက် သဘာဝဘေး ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ဒေါ်လာ ၅၀,၀၀၀ ပေးပို့သွားမည်ဟုလည်း စင်ကာပူကြက်ခြေနီအသင်း (SRC) ကစက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။2

မန္တလေးတိုင်းအတွင်း၌ ရေဘေးသင့်ကျေးရွာ ၁၅ ရွာ၌ လူပေါင်း ၂၃၀ ကျော် သေဆုံးကာ ဒဏ်ရာရသူ ၅၀ ကျော်အထိ ရှိသည်ဟုလည်း သတင်းမီဒီယာများက ထုတ်ဖော်ရေးသားထားသည်။


ကရင်ပြည်နယ်ရေဘေးသင့်မှု

ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ခရိုင် ခုနစ်ခုတွင် ရေကြီးရေလျှံမှုကို ကြုံတွေ့ခဲ့ရကာ ကျေးရွာပေါင်း ၅၄၂ ခု ထိခိုက်ခဲ့ကြောင်း စက်တင်ဘာ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

ဒူးသထူ၊ တောအူး၊ ခလယ်လွီထူ၊ မူတြော်၊ မြိတ်/ထားဝယ်၊ ဒူးပလာယာနှင့် ဖားအံခရိုင်၌ မြို့နယ် ၂၇ ခု ပါဝင်သည့်အနက် မြို့နယ် ၂၀ ခုတွင် ရေဘေးသင့်ခဲ့ကာ ဒူးသထူ (သထုံ)၊ ခလယ်လွီထူ (ညောင်လေးပင်)၊ တောအူး (တောင်ငူ) တို့၌ အဆုံးဝါးဆုံး ဖြစ်သည်။ ရေဘေးသင့်မှုကြောင့် လူဦးရေ ၃၈၀,၇၇၉ ဦး အပေါ် သက်ရောက်ခဲ့ကာ အိမ်ခြေပေါင်း ၇၃,၀၀၀အထိ ထိခိုက်ခဲ့ပြီး လတ်တလော အရေးကြီးလိုအပ်ချက် လေးခုရှိကြောင်း KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ ထုတ်ပြန်ချက်၌ ပါရှိသည်။

ကရင်နီပြည်နယ်ထိခိုက်မှု

စစ်ရေးပဋိပက္ခများ ပြင်းထန်နေဆဲ ဖြစ်သည့် ကရင်နီပြည်နယ်သည်လည်း ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရကာ အထူးသဖြင့် ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ရှားတောမြို့နယ်များ၌ မြေပြိုမှုများအထိပင် ခံစားခဲ့ရသည်။ ယင်းမတိုင်ခင် စက်တင်ဘာ ၁၂ ရက်ကလည်း ရေဘေးန္တရာယ် ကာကွယ်ရေးနှင့်ပတ်သက်၍လည်း အရေးပေါ်သတိပေးချက်ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးခဲ့သည်။

ဖယ်ခုံတွင် စစ်ရှောင်ပြည်သူ ၂,၆၀၀ကျော် ရှိသည့် စစ်ရှောင်စခန်းသုံးခု၊ လွိုင်ကော်တွင် ကျေးရွာ သုံးခုနှင့် စစ်ရှောင်စခန်းတစ်ခုမှ ပြည်သူ ၅,၀၀၀ခန့်၊ ဒီးမော့ဆိုတွင် စစ်ရှောင်စခန်း ခုနစ်ခု အပါအဝင် ကျေးရွာအချို့မှ ပြည်သူ ၁၀,၀၀၀ဦး၊ ဖရူဆိုတွင် လူဦးရေ ၂၀၀ ခန့်၊ ရှားတော (ခ) ဆိုပိုပရေးဆိုးလေးတွင် စူးဖဲလော၊ နော်ပလု၊ ပွန်ချောင်ကျေးရွာနှင့် စစ်ရှောင်စခန်းတစ်ခုမှ ၁,၃၃၅ ဦး ထိခိုက်ခဲ့သည်ဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

ရေဘေးသင့် စစ်ရှောင်နှင့် ဒေသခံပြည်သူများအတွက် အရေးကြီးသည့် အကူအညီလိုအပ်ချက်သုံးရပ်ကိုလည်း IEC က ထုတ်ပြန်ထားကာ မုန်တိုင်းနောက်ဆက်တွဲ အန္တရာယ်များအတွက်လည်း စက်တင်ဘာ ၁၈ ရက်တွင် ထပ်မံထုတ်ပြန်ပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

ရာဂီမုန်တိုင်း နောက်ဆက်တွဲနှင့် ရေကြီးရေလျှံမှုကြောင့် နိုင်ငံအတွင်း ရေဘေးသင့်ပြည်သူပေါင်း ၆၃၀,၀၀၀ ကျော် အထိ ရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကောက်ယူထားသည့် အချက်လက်များက ဖော်ပြလျက် ရှိသည်။ ထိခိုက်သူ အများဆုံးမှာ ရခိုင်ပြည်နယ်၌ ဖြစ်ကာ လူဦးရေ နှစ်သိန်းနီးပါးအထိ ထိခိုက်ခဲ့ပြီး ဒုတိယအများဆုံး ထိခိုက်သည့်ဒေသမှာ မွန်ပြည်နယ်ဖြစ်ကာ တစ်သိန်းကျော်အထိ ရှိသည်။ NUG အနေဖြင့် ၎င်းလက်အောက်ရှိ ဝန်ကြီးဌာနများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)7 များသုံး၍ ရေဘေးသင့်ပြည်သူ ကူညီမှုများအား လုပ်ဆောင်လျက်ရှိကာ ကနဦး ပံ့ပိုးကူညီမှုအဖြစ် ကျပ်သိန်းပေါင်း ၃,၁၆၀ အထိ အသုံးပြုထားသည်။

အကြမ်းဖက်စစ်အုပ်စုထုတ်ပြန်မှု

အာဏာသိမ်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက်စစ်အုပ်စုက ရာဂီမုန်တိုင်း ရေကြီးရေလျှံမှုသည် မြို့နယ် ပေါင်း ၁၁၀ အထိ ရှိကာ သေဆုံးသူပေါင်း ၄၃၃ ဦးအထိရှိပြီး ပျောက်ဆုံးသူ ၇၉ ဦးအထိ ရှိသည်ဟု စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

သီးနှံစိုက် ဧက ၈၀၀,၀၀၀နီးပါး ရေကြီးရေလျှံမှုကြောင့် ပျက်စီးကာ လယ်ယာသုံး ကျွဲ၊ နွားတိရစ္ဆာန် ၁၇၆,၀၀၀ကျော် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။ ထိခိုက်ဆုံးရှုံးမှုများသည် မုန်တိုင်း နောက်ဆက်တွဲကြောင့်သာ ဖြစ်ကာ ဆည်ရေလွှတ်ခြင်း၊ မိုးလေဝသ ဆိုင်ရာ သတင်းများ အချိန်နှင့် တပြေးညီမထုတ်ပြန်ခြင်းများကြောင့် မဟုတ်ဟု ငြင်းဆိုထားကာ ပျက်စီးသွားသည့် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ရေးအတွက်၂၀၂၅ ခုနှစ် မတ် ၁၅ ရက်အတွင်း အပြီးပြင်ဆင်မည်ဟုလည်း အကြမ်းဖက်စစ်အုပ်စုက ကြေညာထားသည်။

ကူညီသူများအားနှောင့်ယှက်သည့် အကြမ်းဖက်စစ်အုပ်စု

ရာဂီမုန်တိုင်းနောက်ဆက်တွဲ ရေဘေးနှင့် မြေပြိုပျက်စီးမှုများကြောင့် စစ်ဘေးသင့်များအပြင် ပြည်သူပေါင်း သန်းဂဏန်းနီးပါးအထိ ထိခိုက်ခဲ့ကာ ကုန်စည်စီးဆင်းမှုရပ်တန့်ခြင်းများရှိခဲ့သည်။ ရေဘေးသင့်ပြည်သူများအား အရပ်ဘက်အဖွဲ့အစည်းများက အရေးပေါ်ကူညီပေးခြင်းများရှိခဲ့သော်လည်း ၎င်းအား အအကြမ်းဖက်စစ်အုပ်စုဘက်မှ ဟန့်တား နှောင့်ယှက်မှု၊ ကယ်ဆယ်ရေး ဝန်ထမ်းများအား ဖမ်းဆီးငွေညှစ်မှုများရှိခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စိုးမိုးထားသည့် ဒေသအချို့၌ အရေးပေါ်ကူညီမှုများကိုလည်း အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ဟန့်တားမှုများလည်းရှိခဲ့သည်။

မုန်တိုင်းကြောင့် ပြင်းထန်သည့် ရေကြီးမှု၊ ထိခိုက်ပျက်စီးမှုများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကာ အကူအညီများအား အလိုအပ်ဆုံးဖြစ်သည့် အသိုက်အဝန်းများထံ ပေးပို့ရာ၌ ချောမွေ့မှုရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူကို တောင်းဆိုကြောင်း ရန်ကုန်အခြေစိုက်အမေရိကန် သံရုံးကစက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့ရသည်။

ပြည်သူထက်အရေးကြီးနေသည့် စစ်အုပ်စုသန်းခေါင်စာရင်း

အကြမ်းဖက်စစ်အုပ်စုက လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ နိုင်ငံအနှံ သန်းခေါင်စာရင်း ကောက်ယူမည်ဟု ကြေညာထားသည်။ ၎င်းတို့လုပ်ဆောင်ရန် စိုင်းပြင်းနေသည့် ရွေးကောက်ပွဲအတွက်ဟု ထုတ်ပြန်ထားသည်။ နိုင်ငံအနှံ့ စစ်ရေးပဋိပက္ခအပြင် ရေကြီး၊ မြေပြိုမှုများကြောင့် ပြည်သူများ ထိခိုက်နေချိန်တွင် အရေးပေါ် ကူညီကယ်ဆယ်မှုများအား အကြမ်းဖက်စစ်အုပ်စုက နည်းလမ်းပေါင်းစုံဖြင့် ဟန့်တား၊ နှောင့်ယှက်သည့်အပြင် မည်ကာမတ္တ ပြုလုပ်ထားသည့် ၎င်းတို့၏ ရေဘေးသင့်ပြည်သူများ၊ ကူညီရေးစခန်းမှ ပြည်သူများကိုလည်း ပျက်စီးနေသည့် မူလနေရပ်ပြန်ပို့ရန်အတွက် လုပ်ဆောင်မှုများရှိသည်။

၂၀၀၈ ခုနှစ် နာဂစ်တိုက်ခတ်စဉ် နောက်ပိုင်းကာလကလည်း လက်ရှိ၎င်းတို့ ကျင့်သုံး၊ ကာကွယ်နေသည့် ၂၀၀၈ အခြေခံဥပဒေအတွက် ပြည်သူ့ဆန္ဒ ခံယူပွဲအား ဖြစ်သလို ကျင်းပကာ အတင်းအဓမ္မ အတည်ပြုခဲ့သည်။ ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာက ပေးပို့သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများအား တပ်အတွက် ဖြည့်တင်းခြင်းနှင့် စစ်အစိုးရလိုအပ်ချက်များအတွက်သုံးစွဲပြီးမှ ပိုသည့်အရာများကိုသာ လူထုအား ပေးအပ်ကူညီသည့်ဖြစ်စဉ်သက်သေများ ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် အရင်တုန်းက သဘာဝဘေးနှင့် ကြုံခဲ့တိုင်း နိုင်ငံတကာ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား စစ်အုပ်စုက အမြတ်ထုတ် အလွဲသုံးစားလုပ်လေ့ရှိခြင်းကြောင့် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မပြုလုပ်ကြရန်အတွက် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက စက်တင်ဘာ ၁၉ ရက်တွင် နိုင်ငံတကာသံတမန်များကို တောင်းဆိုခဲ့ပါသည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက "စစ်ရှုံးနေတဲ့စစ်အုပ်စုဟာ ဒီလို သဘာဝဘေးအန္တရာယ်ကို သူတို့ အကျိုးစီးပွားများအတွက် မဖြစ်မနေ အသုံးချပါလိမ့်မယ်" ဟု စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားထားသည်။ထို့ပြင် ရာဂီမုန်တိုင်းဘေးအကြောင်းပြုကာ နိုင်ငံတကာတရားဝင်မှုရရှိရေးကို မဖြစ်မနေကြိုးပမ်းလာနိုင်သည့်အပြင်ရေဘေးကြောင့် ဒုက္ခခံစားနေရသောပြည်သူများ စိတ်ပျကအားလျော့ကာ တော်လှန်ရေး၌ မပါဝင်ချင်အောင်ဆောင်ရွက်နိုင်ကြောင်းလည်း သတိပေးထားသည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကျဆုံးခြင်း နေ့စွဲမှတ်တမ်း

September 22, 2024

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အခြေစိုက်သည်။ ရှမ်းမြောက်နယ်မြေနှင့် ထိစပ်သည့် ဒေသများအတွက် ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိက တာဝန်ယူ ဆောင်ရွက်သည်။ လက်ရှိ တိုင်းစစ်ဌာချုပ် တိုင်းမှူးမှာ ဗိုလ်မှူးချုပ် စိုးလှိုင် ဖြစ်သည်။ စစ်ရေးပြင်းထန်နေချိန်အတွင်း ဗိုလ်ချုပ်စိုးလှိုင်အား ဇူလိုင် ၁၈ ရက်တွင် ဖယ်ရှားကာ တပ်မ ၉၉ တပ်မမှဗိုလ်မှူးချုပ် စိုးတင့်အား ခန့်အပ်ထားခြင်း ဖြစ်သည်။  တိုင်းစစ်ဌာနချုပ် ကွပ်ကွဲမှုအောက်တွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် - ဒကစ (၁) ခု၊ အခြေချ စစ်ဗျူဟာ (၃) ဖွဲ့၊ လှုပ်ရှားစစ်ဗျူဟာ (၂) ဖွဲနှင့် ယင်းစစ်ဗျူဟာများအောက်၌ ခြေလျင်နှင့် ခြေမြန်တပ်ရင်း (၁၆) ခုအထိ ရှိသည်။ လောက်ကိုင် ဒကစ လက်အောက်တွင် ခြေလျင်နှင့် ခြေမြန်တပ်ရင်း (၉) ရင်းအထိ ရှိသည်။
  • အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား နိုင်ငံအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများအား ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ရေးအတွက် ၁၉၆၁ ခုနှစ်က တောင်ကြီးမြို့တွင် ဖွဲ့စည်းသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ၁၉၇၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ခွဲထုတ်ကာ လားရှိုးမြို့အခြေပြု ဖွဲ့စည်းထားသည်။ ၁၉၄၉ ခုနှစ်က မေမြို့ (ဝါ) ပြင်ဦးလွင်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း “ရမခ တိုင်းစစ်ဌာနချုပ်” သည် ၇၅ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ပထမဦးဆုံး ကျဆုံး လက်လွှတ်လိုက်သည့် တိုင်းစစ် ဌာနချုပ်အဖြစ် မှတ်တမ်းဝင်ထားသည်။

နေ့စွဲမှတ်တမ်း

ဇူလိုင် ၃ -ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှို့မြို့အား မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်မတော်)(Myanmar National Democratic AllianceArmy - MNDAA) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်တွင် စတင် ဝင်ရောက်တိုက်ခိုက်သည်။

ဇူလိုင် ၅ – လားရှိုးမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ အကြမ်းဖက်စစ်အုပ်စု၏ခြေလျင်တပ်ရင်း (ခလရ) ၂၉၁ အား တိုက်ခိုက်သိမ်းပိုက်သည်.

ဇူလိုင် ၇ – လားရှိုးမြို့ပေါ် ရပ်ကွက် (၅) နှင့် နီးကပ်သည့် ခြေမြန်တပ်ရင်း(ခမရ) ၅၀၇ အား တိုက်ခိုက်သိမ်းပိုက်သည်။ ယင်းနေ့ ညပိုင်းမှစတင်ကာ ဇူလိုင် ၈ ကရက် နံနက်ပိုင်းအထိ ရပ်ကွက် (၅) အား အကြမ်းဖက် စစ်အုပ်စုက လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဇူလိုင် ၁၈ – တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်စိုးလှိုင်အား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်သည်။

ဇူလိုင် ၂၁ – လားရှိုး၌ တိုက်ပွဲဝင်နေသည့် အကြမ်းဖက်စစ်အုပ်စုဘက်မှ ဒုတိယ ဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်မှူး နှစ်ဦး၊ ဗိုလ်ကြီးငါးဦး အပါအဝင် စစ်သည် ၃၁၇ ဦး ကိုးကန့်တပ်ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ လက်နက်ချ အလင်းဝင်ပြီးနောက် မဟာမိတ်တပ်ဖွဲ့များ၏တိုက်ခိုက်မှု၌ ပူးပေါင်းပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုသည်။

ဇူလိုင် ၂၃ – လားရှိုးအထိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် အနီးရှိ ထောက်ပံ့ရေး(ထပရ) ၆၂၆၊ ကုတင် (၁၀၀) ဆေးတပ်ရင်းနေရာများအား တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဇူလိုင်၂၄ – ကိုးကန့်တပ်နှင့်အတူ ၁၀:၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၌ လက်တွဲတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDF –PDF) က မန္တလေးတိုင်းနှင့် ရှမ်းပြည်အစပ် ပတ္တမြားနယ်မြေ မိုးကုတ်အား သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် လားရှိုးအထိုင် ရမခ တိုင်းစစ်ဌာနချုပ်အား ဝန်းရံထားသည့် ခြေလျင်တပ်ရင်း (ခမရ) ၄၁ နှင့် ၆၈၊ ခြေမြန်တပ်ရင်း(ခမရ) ၅၀၇ နှင့် ၅၂၂ တို့ အနက် ခလရ ၄၁ နှင့် ခမရ ၅၀၇ အား MNDAA ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်သည်။ ယင်းညပိုင်းတွင် ရမခ တိုင်းဌာနချုပ် အပါအဝင် လားရှိုးလေယာဉ်ကွင်းအနီးရှိ ခလရ ၆၈ နှင့် ခမရ ၅၂၂ တို့ကိုပါ ပိတ်ဆို့၍ ထိုးစစ်ဆင် တိုက်ခိုက်သည်။

ဇူလိုင်၂၅ – လားရှိုးအထိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကိုးကန့်တပ်(MNADD) က ထုတ်ပြန်လာသည်။ ယင်းရက်တွင်ပင် လားရှိုးမြို့တွင်း ၄ ၊ ၅ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ရပ်ကွက်တို့တွင်တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်အုပ်စုဘက်မှ လေကြောင်းသုံး တိုက်ခိုက်မှုများရှိသည်။ ယင်းနေ့တွင်ပင် MNDAA စစ်ရေးကော်မတီက လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရာများကို ဆက်ခံလိုက်ပြီ ဖြစ်ကြောင်းနှင့် လားရှိုးမြို့ လုံးဝလွတ်မြောက်သွားပြီ ဖြစ်ကြောင်း၊ မြို့အုပ်ချုပ်ရေးယန္တရားအား ပြည်ထောင်စု မြန်မာနိုင်ငံအထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီ၊ မြို့လုံခြုံရေးအား အထူးဒေသ (၁) ရဲတပ်ဖွဲ့နှင့် မြို့ကာကွယ်ရေးအား MNDAA က ဆက်ခံလိုက်ကြောင်း ပါရှိသည်။ ယင်းနေ့တွင်ပင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်အတူ ရှမ်းမြောက်ဒေသ စစ်ဆင်ရေးများတွင် ပါဝင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း (NorthernShan State Alliance Army – NSSAA) က ထုတ်ပြန်သည်။

ဇူလိုင် ၂၆ – ယင်းနေ့ ညနေပိုင်းတွင် MNDAA အမြောက်တပ်ရင်းများ ပူးပါင်း၍ လားရှိုးမြို့ ဟိုပိတ်တိုးဂိတ်ရှိ လက်ကျန် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ကာ သိမ်းပိုက်သည်။

ဇူလိုင် ၂၇ – အကြမ်းဖက်စစ်အုပ်စု တပ်စွဲထားသည့် လားရှိုးမြို့ ဆင်တောင်ထိပ် အသံလွှင့်ကုန်းမြင့်စခန်းအား MNDAA က ယင်းနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်သည်။ နေ့လယ်ပိုင်းတွင် AD တိုးဂိတ်စခန်းနှင့် လားရှိုးမြို့ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (၉၁၂) အား ဆက်လက် သိမ်းပိုက်သည်။ ယင်းရက်တွင်ပင် လားရှိုးမြို့၌ အထူးအုပ်ချုပ်ရေး ဒေသ (၁) အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း MNDAA က ထုတ်ပြန်သည်။

ဇူလိုင် ၂၈ – လားရှိုး ဘူတာရုံအား သိမ်းပိုက်သည်။ ယင်းရက်တွင်ပင် လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် “နိုင်ငံတော်မှ ခွဲထွက်ခြင်း” ဟူသော တရုတ်ဘာသာဖြင့် ရေးသားထားသည့် သတင်းအတုများနှင့် ပတ်သက်၍ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ကာယင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားဖိအားပေးရန်၊ အိမ်နီးချင်းနိုင်ငံများကအထင်အမြင်လွဲစေရန်၊မင်းအောင်လှိုင် ခေါင်းဆောင်သောအာဏာသိမ်း လက်က်ကိုင်အဖွဲ့အားအသက်ရှူ အနားယူခွင့်ရရှိစေရန်ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းပါရှိသည်။

ဇူလိုင် ၂၉ – လားရှိုးမြို့ ပြည်သူ့လုံခြုံရေးအတွက် အထူးအုပ်ချုပ်ရေးဒေသ (၁) ရဲစခန်းမှ လုံခြုံရေးအဖွဲ့ဝင်များ စတင် တာဝန်ထမ်းဆောင်နေကြောင်း MNDAA ထုတ်ပြန်သည်။

ဇူလိုင် ၃၀ – တန့်ယန်းဘက်မှ ချီတက်အားဖြည့်လာသည့် အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းအား နမ့်ပေါင်ရွာအနီး မရောက်ခင် MNDAA နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BamarPeople's Liberation Army – BPLA) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ဆယ်နှင့်ချီ သေဆုံးခဲ့သည်။ ယင်းနေ့တွင် လားရှိုးလေဆိပ်နှင့် ခြံဝင်းသာ ခြားသည့် တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာအတွင်းထဲအထိ ထိုးဖောက် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းရက်တွင်ပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ထမ်းများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာထုတ်ပြန်ချက်အားMNDAAစစ်ရေးကော်မတီကထုတ်ပြန်သည်။

ဇူလိုင် ၃၁ – တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်ကြားဝင်ပေးမှုဖြင့် ရှမ်းမြောက်စစ်ဆင်ရေးနှင့် ပတ်သက်သော ဟိုင်ဂင်အစည်းအဝေးအား ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA ၊ အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော်လည်း အကြမ်းဖက်စစ်အုပ်စုဘက်မှ တက်ရောက်ခြင်း မရှိပေ။ ယင်းနေ့တွင် အကြမ်းဖက်စစ်အုပ်စုက အရေးပေါ်ကာလသက်တမ်းအား သြဂုတ် ၁ ရက်မှစ၍ နောက်ထပ် ခြောက်လ ထပ်တိုးကြောင်း ကြေညာသည်။

သြဂုတ် ၁ – လားရှိုးအခြေစိုက် အကြမ်းဖက်စစ်အုပ်စု အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အား MNDAA နှင့်မဟာမိတ်များက အပြင်းအထန် ထိုးစစ်ဆင်သည်။ ရမခ ဧရိယာအတွင်းရှိ ကုတင် ၁၀၀ ဆံ့ စစ်ဆေးရုံ၌ စွန့်ပစ်ထားခံရသည့် ဒဏ်ရာရ အကြမ်းဖက် စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ဆေးဝန်ထမ်း စုစုပေါင်း ရာနှင့်ချီ MNDAA ထံ လက်နက်ချခဲ့သည်။ စစ်ဆေးရုံအား MNDAA ဘက်မှ ဝင်ရောက် စီးနင်းနိုင်သော်လည်းလက်ကျန် စစ်အုပ်စု တပ်ဖွဲ့ဝင်များနှင့် ဆက်လက်တိုက်ပွဲ ဖြစ်ပွားသည်။ ယင်းညပိုင်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံအထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီ ရုံးစိုက်ရာ လောက်ကိုင်မြို့အား ည ၁၁ နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အထူးဒေသ (၁) အမှတ် (၂) ပြည်သူ့ဆေးရုံနှင့် အရပ်သားနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားသည့်အတွက် ဆေးရုံလုံခြုံရေးဝန်ထမ်းတစ်ဦး ပွဲချင်းပြီး သေဆုံးကာဆေးရုံတက်လူနာ နှစ်ဦး အပြင်းအထန် ဒဏ်ရာရပြီး အသေးစားဒဏ်ရာရသူ အမြောက်အမြား ရှိခဲ့သည်။

သြဂုတ် ၂ – နံနက် ၁ နာရီခွဲခန့်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းမြို့၊ ထိုင်ဖျင်တိုက်နယ်၊ ရှီးယွမ်ကျည်ရွာအား အကြမ်းဖက်စစ်အုပ်စုက ဗုံးသီး ၁၇ လုံး အထိ လာရောက်ကြဲ ချတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် အမြောက်အမြား ပျက်စီးခဲ့ကာ မိမိတို့ အဖွဲ့အစည်းအနေဖြင့် လူနေအိမ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများအား ပစ်မှတ်ထားသည့် စစ်ဆင်ရေးကို လုံးဝဖော်ဆောင်မည် မဟုတ်ကြောင်း၊ လားရှိုးမြို့အတွင်းရှိ လူနေအိမ်များ၊ ဆေးရုံများ၊ ဘုရားကျောင်းများ၊ စာသင်ကျောင်းများကို စစ်ကောင်စီက တိုက်ခိုက်ဖျက်ဆီးနေခြင်းဖြစ်ကာ ယခုကဲ့သို့ ပစ်မှတ်ထားတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးကိုပြင်းပြင်းထန်ထန် ချိုးဖောက်နေခြင်းဖြစ်သည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ပြင်းထန်စွာ အရေးယူပေးစေလိုကြောင်း အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်သည်။

သြဂုတ် ၃ – သြဂုတ် ၃ ရက် နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား အပြည့်အဝ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA က ထုတ်ပြန်သည်။ ယင်းနေ့တွင်ပင် MNDAA သည်တပ်မတော် စစ်ဆေးရုံအား တိုက်ခိုက်ခြင်း၊ လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ၊ Drone များဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်မှုများ ရှိကာ စစ်ရာဇဝတ်မှု မြောက်ကြောင်းနှင့် လက်ခံနိုင်ဖွယ်မရှိကြောင်း အကြမ်းဖက်စစ်အုပ်စု လက်အောက်တွင် လည်ပတ်နေသည့် ပြည်တွင်းအခြေစိုက် ဘာသာရေး၊ သတင်းမီဒီယာနှင့် စာရေးဆရာ၊ အားကစား၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဟာသပညာရှင်များ အစည်းအရုံးနှင့်အရပ်ဘက် အဖွဲ့အစည်းအချို့က ကန့်ကွက်ရှုတ်ချကြောင်း ဝိုင်းဝန်းထုတ်ပြန် ကြသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှေ့ရှိ ကိုးကန့်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - MNDAA)

သြဂုတ် ၄ – အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အား ကိုးကန့်တပ်မတော် (MNDAA) နှင့်မဟာမိတ် ပူးပေါင်း အဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည့်အပေါ် ဝမ်းသာဂုဏ်ယူကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပူးတွဲထုတ်ပြန်သည်။ ကရင်နီပြည် တပ်ပေါင်းစုံ စစ်ဦးစီးကော်မတီ ကလည်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့သည်။ ယင်းညပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရမခ ဌာနချုပ်နှင့် သြဂုတ်၃ ရက် ညပိုင်းမှ စ၍ အဆက်အသွယ် ပြတ်တောက်ကာ အရာရှိအချို့ ဖမ်းဆီးခံထားရကြောင်းသတင်းမီဒီယာများမှ တဆင့်ထုတ်ပြန်သည်။

သြဂုတ် ၅/၇ – ချင်းညီနောင် (ChinBrotherhood) ၊ ပအိုဝ်းအမျိုးသာဖက်ဒရယ်ကောင်စီ (PNFC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)(NMSP-AD) တို့ကလည်း ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့သည်။

သြဂုတ် ၈ – ခြောက်ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်ခဲ့သော်လည်း အကြမ်းဖက်စစ်အုပ်စုဘက်မှ မတက်သည့်အတွက် ပွဲပျက်ခဲ့သည်။ ယင်းရက်တွင်ပင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနေပြည်တော်သို့ လာရောက်ကာအကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုအတွင်းနယ်စပ်ဒေသတည်ငြိမ်ရေး၊အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့်တရားမဝင်လုပ်ငန်းများနှိမ်နင်းရေးအပြင် ရွေးကောက်ပွဲအတွက်ကြိုတင်ဆောင်ရွက်မှုဆွေးနွေးခဲ့သည်ဟုစစ်အုပ်စုက သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၂ – ၁၀:၂၇ စစ်ဆင်ရေးများနှင့်အတူ ရရှိခဲ့သည့် အောင်မြင်မှု၊ မြို့သိမ်းတိုက်ပွဲများအတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၊ စစ်ဆင်ရေးနှင့်အတူ အဖွဲ့အစည်းအား ထောက်ခံအားပေးသည့် အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးအား လေးနက်စွာ ကျေးဇူးတင်ကြောင်း၊ စစ်ဆင်ရေး ရည်မှန်းချက် လက်ကျန်နှင့် ပြည်သူများ လိုလားသည့်နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေး၊ တစ်သားတည်း အတူရှိနေကြောင်း ညီနောင်သုံးဖွဲ့က ကျေးဇူးတင်လွှာ ထုတ်ပြန်သည်။

ကဏ္ဍလေးရပ် တရားဥပဒေစိုးမိုးရေးစီမံချက်အား IEC ထုတ်ပြန်

September 22, 2024

ကရင်နီပြည်နယ်အတွင်း လူမှုဘဝ လုံခြုံကာ မျှတစွာ ရှင်သန်ရပ်တည်ခွင့်ရှိစေရေးအတွက် မူးယစ်ဆေး၊ တော်လှန်ရေးနှင့် လူမှုကျင့်ဝတ် မညီသောလုပ်ငန်းများ၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု၊ မြေပြင်နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း စသည့် ကဏ္ဍလေးခုအား ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) နှင့် ပူးပေါင်းကာ တရားဥပဒေစိုးမိုးရေးစီမံချက် ချမှတ်၍ တားမြစ်သွားမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကြေညာချက်အမှတ် (၃/၂၀၂၄) ဖြင့် စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

စီမံချက်သတိပေးကာလအား စက်တင်ဘာ ၄ ရက်မှ ၂၄ ရက်အထိ သတ်မှတ်ကာ စက်တင်ဘာ ၂၅ ရက်မှစ၍ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အလုပ်အဖွဲ့(Task Force) နှင့် အထူးတပ်ဖွဲ့ (Special Force) တို့ကိုဖွဲ့စည်းကာ ၎င်းတို့အား ညွှန်ကြားချက်များနှင့် လုပ်ပိုင်ခွင့်များပေး၍ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

တရားဥပဒေစိုးမိုးရေးစီမံချက်အရ တားမြစ်မည့် ကဏ္ဍလေးခုတွင် ကဏ္ဍတစ်ခုချင်းစီအလိုက် အဓိပ္ပာယ် ဖွင့်ဆိုတားမြစ်ထားသည့်လုပ်ငန်းများကိုပါ တပါတည်းဖော်ပြထားကာ တရားမဝင် လက်နက်ကိုင်ဆောင်၊ရောင်းဝယ်မှုနှင့် ပတ်သက်၍ ရပ်ရွာလူထု ကိုင်ဆောင်ထားသည့် လက်နက်မျိုးစုံအတွက်လည်း စာရင်းကောက်ယူခြင်း၊ မှတ်ပုံတင်ခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ကိုင်ဆောင်စေခြင်းတို့ လုပ်ဆောင်သွားမည်ဟုလည်း IEC က ထုတ်ပြန်ထားသည်။

နမ့်ခမ်းလေကြောင်းတိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချကြောင်း ရန်ကုန်သျှမ်းလူငယ်များအသင်း ထုတ်ပြန်

September 22, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ထုန်းမောင်းဒေသ၊ နမ့်ခမ်းမြို့တွင် အကြမ်းဖက်စစ်အုပ်စုဘက်က အရပ်သားများအား ပစ်မှတ်ထား၍ လူနေရပ်ကွက်အတွင်း ဖျက်အားပြင်းဗုံးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်မှုကြောင့်ကလေးသူငယ် ကိုးဦးထက်မနည်း သေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ဆန့်ကျင် ရှုတ်ချကန့်ကွက်ကြောင်း ရန်ကုန်သျှမ်းလူငယ်များအသင်း (Tai Youth Yangon) က စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

စက်တင်ဘာ ၆ရက် နံနက်အစောပိုင်း အများအိပ်စက်ချိန် ၁ နာရီခွဲဝန်းကျင်ခန့်တွင် အကြမ်းဖက်စစ်အုပ်စုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်အုပ်စုအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အရပ်သား လူနေရပ်ကွက်များအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသားဒိုင်းပြုလုပ်ကာ တိုက်ပွဲဖော်ဆောင်နေမှုများရပ်တန့်ပေးရန် အပါအဝင် အချက်လေးချက်ကိုလည်း TYY က တောင်းဆိုထားသည်။

နမ့်ခမ်းတိုက်ခိုက်မှုအတွင်း ကိုယ်ဝန်ဆောင်၊ ကလေးငယ်အပါအဝင် ၁၁ ဦးအထိ သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိထားသည်ဟု BBC Burmese သတင်းဌာနက ထုတ်ဖော်ရေးသားထားသည်။

AA စစ်သုံ့ပန်းစခန်းနှစ်ခု တိုက်ခိုက်ခံရမှု ၆၇ ဦးကျော် သေဆုံး

September 22, 2024

အာရက္ခတပ်တော် (AA) က စစ်သုံ့ပန်းများအား ထိန်းသိမ်းထားသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာနှင့် မောင်တောမြို့နယ်၊ လေးမိုင်(နခခ– ၂) စခန်းတို့အား အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းနှင့် အရပ်သားအကျဉ်းသား ၆၇ ဦးကျော် သေဆုံးခဲ့သည်။

ဂျက်တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ခံရသည့် ပေါက်တောဖြစ်စဉ်၌ ၁၇ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာ ၉ ရက် ည ၉ နာရီခွဲခန့်တွင် ဂျက်တိုက်လေယာဉ်နှစ်စင်းဖြင့် တိုက်ခိုက်ခံရသည့် မောင်တော၊ လေးမိုင်စခန်း တိုက်ခိုက်ခံရမှု၌ ၅၀ ဦးကျော် ပွဲချင်းပြီးသေဆုံးကာ အသက်အန္တရာယ် စိုးရိမ်ရသည့်အထိ ဒဏ်ရာရရှိသူများလည်း ရှိကြောင်းAA က ရုပ်သံဖိုင်နှင့်တကွ ထုတ်ပြန်ထားသည်။

လေးမိုင်စခန်းတိုက်ခိုက်ခံရမှု သေဆုံးသူများ၌ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံပန်းများ၊ ARSA နှင့် RSO အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများမှဖမ်းဆီးထားသူများ၊ ULA/AA အဖွဲအစည်းနှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) နှင့် ဆက်စပ်နေသောသူများ၊ သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့ ပါဝင်သည်။

ကော်သူးလေကျောင်းများ ဘေးကင်းမှုဆိုင်ရာ ကြေညာစာတမ်း KNU ထုတ်ပြန်

September 10, 2024

ကော်သူးလေဒေသအတွင်းရှိ ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ကို အသိအမှတ်ပြုကာ ကျောင်းသား/သူ၊ ဆရာများနှင့် ကျောင်းများ ဘေးကင်းစိတ်ချလုံခြုံရေးနှင့် ကျန်းမာရေးအတွက် "ကော်သူးလေတွင်းရှိကျောင်းများ ဘေးကင်းမှုဆိုင်ရာ ကြေညာစာတမ်း" အား ကရင်အမျိုးသားအစည်းအရုံး(KNU) က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

ကြေညာစာတမ်းသည် ကျောင်းများမှာ သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘေးကင်းလုံခြုံသော နေရာဖြစ်ကြောင်း သေချာစေရန် ကတိကဝတ်ကို အလေးပေးဖော်ပြခြင်းဖြစ်ကာ စာတမ်း၌ အရေးပေါ် အကူအညီများ၊ ပညာရေးတိုက်ခိုက်ခြင်းမှ ကာကွယ်ခြင်း၊ ကလေးများနှင့် ဆရာများ၏ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း၊ မှတ်တမ်းပြုစုခြင်းနှင့် အစီရင်ခံခြင်းဟူ၍ ပါရှိကာ KNU အနေဖြင့် ကော်သူးလေကျောင်းများအားလုံး အရည်အသွေးပြည့်မီသော ပညာရေးကို ရရှိနိုင်သည့် ဘေးကင်းသော သင်ကြားရေးပတ်ဝန်းကျင်ကို ဖန်တီးရန် ရည်ရွယ်သည်ဟုလည်း စာတမ်း၌ ပါရှိသည်။

လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေ သုံးသပ်ချက် NUCC ထုတ်ပြန်

August 17, 2024

နိုင်ငံအတွင်း ဖြစ်တည်နေသည့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် သုံးသပ်မှုနှင့်အတူ ဒုတိယမြောက် ပြည်သူ့ညီလာခံက ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက် (၃) ရပ်၊ အကြံပြု တိုက်တွန်းချက် (၂၁) ရပ်နှင့် ပတ်သက်သည့် နောက်ဆက်တွဲဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

အချက် (၁၃) ချက်ပါရှိသည့် ကောင်စီထုတ်ပြန်ချက်၌ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှု အခြေအနေ၊ တိုးမြှင့်ရမည့် နိုင်ငံတကာ ပိတ်ဆို့မှုအခြေအနေ၊ စစ်ရေးအရ အောင်မြင်မှုများအား ဂုဏ်ပြုကြောင်းနှင့် အရပ်သားကာကွယ်ရေးကိစ္စများ၌ ပူးပေါင်းပါဝင်မည့် ကိစ္စများအပြင် ညီလာခံက ချမှတ်ထားသည့် ဆုံးဖြတ်ချက်၊ တိုက်တွန်းချက်များအတွက် ဆောင်ရွက်နေမှု အခြေအနေများကို သီးခြားစီ ဖော်ပြထားသည်။

လူသားဒိုင်း လုပ်ခံထားရသည့် မောင်တောပြည်သူ ရာနှင့် ချီအား ULA/AA ကယ်ထုတ်နေ

August 9, 2024

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် (၈)ရပ်ကွက်၊ ကညင်တန်းရွာတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်အချို့က လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားသည့် ဒေသခံပြည်သူ ၅၀၀ ခန့်အား သြဂုတ် ၈ ရက် ညနေပိုင်းက လုံခြုံရာနေရာသို့ ကယ်ထုတ်ခဲ့သည့် ရုပ်သံမှတ်တမ်းဖိုင်အား အာရက္ခတပ်တော် (ULA/AA) ထုတ်ပြန်လိုက်သည်။

သြဂုတ် ၈ ရက်နေ့လယ်ပိုင်းကလည်း မောင်တောမြို့နယ်၊ ဗိုလ်မှူး (မူဆလင်) ရွာ မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးပိတ်လှောင်ခံထားရသူ မူဆလင် သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် ၃၀၀ ခန့်အားလည်းကောင်း၊ သြဂုတ် ၇ ရက်ကလည်း မောင်တောမြို့နယ်၊ လသာရွာ ၌ လူသားဒိုင်းလုပ်ခံထားရသူ ပြည်သူအများအပြားကိုလည်း ကယ်ထုတ်ခဲ့ရကြောင်းULA/AA က ရုပ်သံဖိုင်များနှင့်တကွ ဆက်တိုက် ထုတ်ပြန်နေခြင်းဖြစ်သည်။

ဂန့်ဂေါ - ပလဖ စစ်ကြောရေး၌ အရပ်သားသေဆုံးမှုအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

July 30, 2024

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျွန်းဒတ်ကျေးရွာနေ ဦးဆန်းလွင်အား မူးယစ်ဆေး သံသယမှုဖြင့် မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးပြီးနောက် ညနေပိုင်းတွင် မိသားစုအား အလောင်းလာရောက်ထုတ်ယူခိုင်းမှုနှင့် ပတ်သက်၍ အသက်သေဆုံးသည်အထိ ရိုက်နှက်မှုနှင့် မိသားစုဝင်များအား အမှုကျေအေးရန် ကြိုးစားနေမှုများအား ပြင်းထန်စွာ ကန့်ကွက်ရှုံချကြောင်း ဒေသအခြေပြု အရပ်ဘက် အဖွဲ့အစည်းနှင့် တော်လှန်ရေးအင်အားစုများက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဖွဲ့ငါးခု စုပေါင်းထားသည့် GlobalYaw Funding (GYF) ၊ နှလုံးလှ လူမှုကူညီရေးအသင်း (ဂန့်ဂေါမြို့)၊ ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPDF) နှင့် CDF KKG တို့က စုပေါင်းထုတ်ပြန်ခြင်းဖြစ်ကာသေဆုံးသူခန္ဓာကိုယ်တွင် များစွာသည့် ဒဏ်ရာဒဏ်ချက်များ တွေ့ရှိခဲ့ရကာ ဇူလိုင် ၁၈ ရက်တွင် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူများက သေဆုံးသူ၏ အမျိုးသမီးအား သေဆုံးမှုအတွက် ဆက်လက် အမှုမဖွင့်တော့ကြောင်းနှင့် ကျေအေးကြောင်း လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်ကြောရေး၌ ဦးဆန်လွင် သေဆုံးမှုနှင့် ပတ်သက်၍ တာဝန်ရှိသည့် ပလဖ တာဝန်ခံနှင့် ပါဝင်ပတ်သက်သူများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမြန်ဆုံး ထိရောက်စွာ ဖော်ထုတ်အရေးယူပေးရန်လည်း တောင်းဆိုထားသည်။

ဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသည့်နည်းဖြင့် အဖြေရှာကြရန် "ဝ" သဘောထားထုတ်ပြန်

July 30, 2024

ရှမ်းပြည်နယ် မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံအနှံ့ ပဋိပက္ခဖြစ်ပွားမှုများကြောင့် ပြည်သူ့အကျိုးစီးပွား ထိခိုက်မှု နလန်ပြန်ထူရေးနှင့် နေရပ်ပြန်နိုင်ရေးအတွက် ပြဿနာများအား တွေ့ဆုံဆွေးနွေးမှု အပါအဝင်ငြိမ်းချမ်းသော နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားစေလိုကြောင်း "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဗဟိုကော်မတီက ဇူလိုင် ၂၉ ရက်တွင် မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ထုတ်ပြန်လိုက်သည်။

စစ်ရေးပဋိပက္ခများကြောင့် နိုင်ငံတော် ပြိုကွဲမည့်အနေအထား ရောက်နေကာ စီးပွားပျက်ကပ်ဆိုက်ခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ကုန်သွယ်မှု ရပ်တန့်ခြင်းနှင့် လုပ်ငန်းအသီးသီး ဆိုးရွာစွာ ထိခိုက်ပျက်စီးမှုကြောင့် ပြည်သူလူထုဘဝမှာ မျှော်လင့်ချက် ကင်းမဲ့နေကြောင်း၊ စစ်ရေးပဋိပက္ခ ဆက်လက်ဖြစ်ပွားပါက လူမှုရေးမျိုးနွယ်စုအကြား အကွဲအပြဲ ပိုမိုနက်ရှိုင်းပြီး အချင်းချင်း ရန်ငြိုးပိုမိုမြင့်တက်ကာ စစ်ရေးပဋိပက္ခထက် ပိုမိုရှည်ကြာသည့် ကုသရန် ခက်ခဲသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း UWSP က သတိပေးထားသည်။

ပဋိပက္ခ ဖြစ်ပွားနေသောသူများ အနေဖြင့် တစ်ဖက်တွင် ပြည်သူလူထုကို ကိုယ်စားပြုကြေညာပြီး အခြားတစ်ဖက်တွင် လူထုလိုလားတောင့်တသော ငြိမ်းချမ်းရေးကို လုံးဝ မျက်ကွယ်ပြုခြင်းမလုပ်ရန်နှင့် မိမိတို့အကျိုးစီးပွား ရှုထောင့်တစ်ခုအပေါ်သာ ရပ်တည်ပြီး ပြည်သူ့အကျိုးစီးပွားကို လျစ်လျူရှုခြင်း မပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

မြို့သိမ်းပြီးနောက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီအား MNDAA ဖွဲ့စည်း

July 26, 2024

အကြမ်းဖက်စစ်အုပ်စု အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အထိုင် လားရှိုးမြို့အား ၂၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် လုံးဝလွတ်မြောက်သွားပြီဖြစ်ကာ မြို့အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေးအတွက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်ရေးကော်မတီအား ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

မြို့အုပ်ချုပ်ရေးယန္တရားအား ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီ၊ မြို့လုံခြုံရေးအား အထူးဒေသ(၁) ရဲတပ်ဖွဲ့၊ မြို့ကာကွယ်ရေးအား MNDAA က ဆက်ခံလိုက်ပြီ ဖြစ်ကြောင်း ကြေညာချက်၌ ပါရှိသည်။ ထို့ပြင် မူလက လားရှိုးမြို့ရှိဝန်ထမ်းများ မိမိလုပ်ငန်းတာဝန်များကို ပြန်လည်လာရောက် ထမ်းဆောင်ကြရန်၊ တရုတ်အမျိုးသား လူမှုရေးအဖွဲ့အစည်းများကလည်း အုပ်ချုပ်မှုကော်မတီအား ကူညီပံ့ပိုးကြရန်လည်း ပန်ကြားထားကာ MNDAA တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့ စစ်ရေးအမိန့်ကို တင်းကြပ်စွာ လိုက်နာရမည်ဖြစ်ကာ ရာထူးအလွဲသုံးစားမှုများ ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ဝက်လက် ဗကသရဲဘော် သတ်ဖြတ်ခံရမှုအတွက် အိတ်ဖွင့်ပေးစာနှင့် သဘောထားများ ထုတ်ပြန်

July 15, 2024

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ အသက် ၁၆ နှစ်အရွယ် ရဲဘော်မြင့်မြတ်ဦး ဇူလိုင် ၈ ရက်က သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တရားမျှတမှု ပြန်လည်ရှာဖွေရန်နှင့် ပြစ်မှုကျူးလွန်သူများအား ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ် အရေးယူပေးရန် တော်လှန်ရေးအင်အားစုများက အိတ်ဖွင့်ပေးစာနှင့် သဘောထားကြေညာချက်များ ထုတ်ပြန်ထားသည်။

ရဲဘော်မြင့်မြတ်ဦးမှာ ရွာပြင်သုဿန်၌ အင်တာနက်သွားသုံးပြီး အပြန်လမ်းတွင် လည်ပင်းလှီး သတ်ဖြတ်ခံရခြင်းဖြစ်ကာ ကျေးရွာအတွင်း မည်သူနှင့်မျှရန်ငြိုးရန်စ ရှိသူ မဟုတ်ကြောင်း၊ ယင်းကိစ္စအား ဖြေရှင်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်များထံ ဆက်သွယ်ထားသော်လည်း တုံ့ပြန်မှု မရှိကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အဖွဲ့အစည်းနှင့် အမြန်ဆုံး တွေ့ဆုံစကားပြော ဖြေရှင်းရန် နောက်ဆုံးအကြိမ် တောင်းဆိုကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) (AFCC-Mandalay) ကလည်း ဇူလိုင် ၁၁ ရက်တွင် ကြေညာချက်အမှတ် (၄/၂၀၂၄) ဖြင့် ယင်းလုပ်ရပ်အတွက် ကျူးလွန်သည့်သူတစ်ဦးချင်းစီကို ပြင်းထန်စွာ ရှုံ့ချကြောင်း၊ ဝက်လက်ဒေသအတွင်းရှိ တာဝန်ရှိသူများ အပါအဝင် NUG အနေဖြင့် တရားမျှတမှု ရှာဖွေပေးရေးနှင့် ပြစ်မှုကျူးလွန်သူအား ပြစ်ဒဏ်များ ချမှတ်အရေးယူပေးရေး တောင်းဆိုထားသည်။ အရပ်သားပြည်သူတစ်ဦးချင်းစီ၏ လူမှုဘဝလုံခြုံရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ကောင်းလာစေရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးက ထိရောက်စွာ ဝိုင်းဝန်းအဖြေရှာဆောင်ရွက်ရန် လိုအပ်ကြောင်းလည်းတိုက်တွန်းထားသည်။

မွန်ဒေသ ခြောက်လတာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အစီရင်ခံစာ

July 12, 2024

မွန်ဒေသ၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ခြောက်လတာအတွင်း ဖြစ်ပွားခဲ့သည့် ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဉ်များ စုစည်းမှတ်တမ်းထားသည့်"မွန်ဒေသ ၆ လတာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အစီရင်ခံစာ" အား ရာမည ဖက်ဒရယ်အင်အားစုသစ် (NewRehmonnya Federated Force – NRFF) က ထုတ်ဝေသည့် လဂွန်းအိမ်စာစဉ်က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာ၌ ခြောက်လတာအတွင်း မွန်ဒေသ၌ ဖမ်းဆီးခံရသူ၊ ထိခိုက်ဒဏ်ရာရသူနှင့် သတ်ဖြတ်ခံရသူများ စာရင်း၊ အကြမ်းဖက်စစ်အုပ်စုနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဒေသအလိုက် တိုက်ပွဲဖြစ်ပွားမှု အခြေအနေ၊ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု၊ နေအိမ်နှင့် ဘာသာရေး အဆောက်အအုံများ ထိခိုက်မှုအခြေအနေကို အချက်အလက်များဖြင့် ဖော်ပြထားကာ နိုင်ငံတကာနှင့် မြေပြင်အဖွဲ့အစည်းများသို့တိုက်တွန်းနှိုးဆော်ချက် ခြောက်ချက်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက် တစ်နှစ်ပြည့် ထုတ်ပြန်ချက်

July 12, 2024

အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူကို ရန်သူအဖြစ် ပစ်မှတ်ထားတိုက်ခိုက်ရေးမူဝါဒကြောင့် နွေဦးတော်လှန်ရေး သုံးနှစ်တာကျော်ကာလအတွင်း စစ်ကိုင်းတိုင်း လူဦးရေ၏ ၂၂ ဒသမ ၄ ရာခိုင်နှုန်းခန့်မှာ စစ်ရှောင်အဖြစ် နေထိုင်နေရကာ နေအိမ်ပေါင်း ၅၃,၀၀၀ ကျော် မီးရှို့ခံထားရကြောင်း ဇူလိုင် ၁၁ ရက်က စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ - “စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်"၏ တစ်နှစ်ပြည့် ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။

ကွန်ရက်သည် စစ်ဘေးရှောင်များအား အရေးပေါ်စစ်ရှောင်၊ ယာယီစစ်ရှောင်နှင့် ရေရှည်စစ်ရှောင်ဟူ၍ အမျိုးအစားခွဲ၍ ကူညီမှုများ ပြုလုပ်ပေးနေကာ အကြမ်းဖက်စစ်အုပ်စု၏တားမြစ်၊ ဖမ်းဆီးမှုများအပြင် တော်လှန်ဘက်သားချင်း နိုင်ငံရေးခံယူချက် ကွဲပြားမှု အခြေခံမှ ရှုမြင်ပုံဖော်ကာ ဟန့်တား၊ ပိတ်ပင်မှုများလည်းရင်ဆိုင်နေရကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် ကွန်ရက်အား တိုင်းအတွင်းရှိ စစ်ရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့ ၂၇ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကာ မူဝါဒချ၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်လည်းချိတ်ဆက်ဆောင်ရွက်မည်ဟု ကြေညာထားသည်။

ပုလဲ ကျောင်းအာဏာပိုင်နှင့် ပသုံးလုံးအဖွဲ့ဝင်များအား ဗကသများအဖွဲ့ချုပ် ဆန္ဒပြ

July 1, 2024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများ၏ ကျောင်းဝင်ခွင့်လျှောက်ထားသူများ လိုက်နာရမည့်စည်းကမ်းချက်များ၌ လွတ်လပ်စွာပြောဆိုခွင့်၊ အသင်းအဖွဲ့၌ ပါဝင်ခွင့် ကန့်သတ်ချက်များပါရှိကာ "လူတိုင်းလွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိသည်" ဆိုသည့် အခြေခံလူ့အခွင့်အရေးအား ချိုးဖောက်ရာ ရောက်သည့်အတွက် ပုလဲမြို့နယ် ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့်ဒေသခံ ပြည်သူများက ဇွန် ၃၀ ရက်တွင် ကျောင်းအာဏာပိုင်နှင့် NUG ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ "ပ"သုံးလုံးအဖွဲ့အား ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သည်။

"စစ်သုံးစစ်ကို တိုက်ဖြတ်ကြ"၊ "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်"၊ "တန်ပြန်တော်လှန်ရေးလုပ်ရပ်များ ဆန့်ကျင်ကြ"၊ "ကျောင်းသားများကို ဖိနှိပ်မှု အလိုမရှိ"၊ "ပသုံးလုံး အလိုမရှိ"၊ "ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ မုချ အောင်ရမည်" ဟု ရေးသားထားသည့် ဗီနိုင်းများကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် ပါဝင်သည့် ရဲဘော်များအား"ပ"သုံးလုံးအဖွဲ့ဝင်များက ဆိုက်ကယ်ဖြင့် တိုက်ခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများလည်း ရှိနေသည်ဟု ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

၁၀:၂၇ ဒုတိယလှိုင်း၌ မဟာမိတ်အဖြစ် ပါဝင်ကြောင်း ရှမ်းမြောက်မဟာမိတ်တပ်ရင်း ထုတ်ပြန်

June 26, 2024

၁၀:၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် မဟာမိတ်ညီနောင်သုံးဖွဲ့နှင့် အကြမ်းဖက်စစ်အုပ်စုအကြား ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီ ဖြစ်ရာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်အတူ မဟာမိတ်ညီနောင်များနှင့်လက်တွဲ၍ စစ်ဆင်ရေးဖော်ဆောင်မှုများ၌ ပါဝင်သွားမည် ဖြစ်ကြောင်းရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (NorthernShan State Alliance Army – NSSAA) က ဇွန် ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

Operation 10:27 မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ ကိုးကန့် (MNDAA) နှင့် TNLA တို့က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မြို့အများအပြားအား သိမ်းပိုက်နိုင်ပြီးနောက် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ညီနောင်သုံးဖွဲ့နှင့် အကြမ်းဖက်စစ်အုပ်စုအကြား ဟိုင်ဂင်သဘောတူညီချက်စာချုပ် ချုပ်ဆိုကာ တိုက်ပွဲများရပ်နားသွားပြီးနောက် ငါးလကျော်အကြာတွင် ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

မောင်တော၊ ဝေသာလီ WFP ဂိုဒေါင်အား စစ်အုပ်စုမီးရှို့သည့်ရုပ်သံဖိုင်အား AA ထုတ်ပြန်

June 25, 2024

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ World Food Programme – WFP ဂိုဒေါင်နှင့် လူနေအိမ်အချို့အား အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ သင်တန်းပေးထားသည့် လက်နက်ကိုင် မူဆလင်များက ဇွန် ၂၁ ရက်၊ ညနေ (၅)နာရီအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့် ရုပ်သံဖိုင်အား အာရက္ခတပ်တော် (AA) က ဇွန် ၂၅ ရက် ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။

ဂိုဒေါင်အား မီးရှို့ဖျက်ဆီးပြီးနောက် ဘိလပ်မြေဟု ယူဆရသည့် အထုပ်များအား ယူဆာင်ကာ ခရိုင်ကျေးလက်ရုံး၌ ခံစစ်ပြင်ဆင်နေသည်ဟုလည်း AA ထုတ်ပြန်ချက်၌ ပါရှိသည်။

အဆိုပါ သိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀အတွက် တစ်လစာ ဖူလုံစေမည့် ကယ်ဆယ်ရေးရိက္ခာ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန် သိုလှောင်ထားကာ ယင်းသို့ မီးရှို့မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ကူညီထောက်ပံ့ရေး ကြိုးပမ်းမှုများအား ထိခိုက်စေမည့် ယင်းလုပ်ရပ်အား ချက်ချင်းရပ်တန့်ရန်လိုကြောင်း ထုတ်ပြန်ထားသည်ဟု WFP ကိုကိုးကား၍ မီဒီယာများက  ရေးသားဖော်ပြထားသည်။

စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုစစ်တမ်းအား BWU ထုတ်ပြန်

June 20, 2024

အကြမ်းဖက်စစ်အုပ်စုက အသက်သွင်းလိုက်သည့် မတရားစစ်မှုထမ်းဥပဒေ၌ အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည်ဟု ပါရှိကာ ယင်းနောက်ဆက်တွဲ သက်ရောက်မှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းမှ အမျိုးသမီးများအား မေးမြန်းကာ လေ့လာသုံးသပ်ထားသည့် "မတရားစစ်မှုထမ်းဥပဒေများနှင့် အမျိုးသမီးများအပေါ်သက်ရောက်မှုများ"စစ်တမ်းအား မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ဇွန် ၁၉ ရက်တွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်လိုက်သည်။

စစ်တမ်းအတွက် အချက်အလက်များအား ၂၀၂၄ ခုနှစ် ဧပြီလအတွင်း တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်၍ ရယူထားခြင်းဖြစ်ကာ ယုံကြည်ခိုင်မာသည့် သတင်းမီဒီယာများမှ အချက်အလက်များကိုလည်း ကိုးကားအသုံးပြုထားသည်။ စစ်တမ်းအား "အာဏာသိမ်းရန် ကြိုးပမ်းသည့်ကာလမှ လက်နက်ကိုင်ပဋိပက္ခ အခြေအနေ"၊ "တရားမဝင် စစ်မှုထမ်းဥပဒေနှင့် အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရန် စိန်ခေါ်မှုများ"၊ "စစ်မှုထမ်းဥပဒေနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စိုးရိမ်မှုများ"၊ "အမျိုးသမီးများ၏ စားဝတ်နေရေး အကြပ်အတည်းနှင့် စစ်မှုထမ်းဥပဒေ"၊ "အတင်းအကြပ် လက်ထပ်ထိမ်းမြှားခြင်းနှင့်အိမ်တွင်းအကြမ်းဖက်မှုများ" စသည်ဖြင့် ကဏ္ဍအလိုက် ခွဲ၍ ဖော်ပြထားသည်။

စစ်တွေ၊ ဗျိုင်းဖြူရွာ အစုအပြုံလိုက် သတ်ခံရမှု NUG နှင့် AASYC ထုတ်ပြန်

June 4, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆက်ရိုးကျရပ်ကွက် (ဗျိုင်းဖြူရွာ) တွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်တွေ ဒကစ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက မေ ၂၉ ရက်တွင် အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီးနောက်အမျိုးသား ၄၈ ဦး၊ အမျိုးသမီးငါးဦး၊ စုစုပေါင်း ၅၃ ဦးအားရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် ပြည်တွင်း၊ ပြည်ပရှိ အင်အားစုအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC) က ဇွန် ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

သေဆုံးသူများအနက် အမျိုးသမီးနှစ်ဦးမှာ အဓမ္မပြုကျင့်ခံရပြီးမှ သတ်ဖြတ်ခံရခြင်းဖြစ်ကာ အရွယ်မရောက်သေးသည့်လူငယ်များနှင့် ကျောင်းသားများ ပါဝင်ကြောင်း၊ အမျိုးသားအချို့မှာလည်း ထပ်မံဖမ်းဆီး စစ်ဆေးခံနေရခြင်းများရှိကာ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ရုံတင်မက စစ်ရာဇဝတ်မှုအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း AASYC ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့ပြင် စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် ရခိုင်ဒေသအနှံ့ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း ဝေဖန်သံများ ကြားသိရသည့်အတွက် အစဉ်အလာရှိသည့် ALPအမည်အား သုံး၍ လူထုဆန့်ကျင်ရေးလုပ်ငန်းများ၌ ပါဝင်နေမည်ဆိုပါက ရခိုင်အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းမှ သွေဖီမည်ကို အထူးသတိပြုရန်လိုကြောင်းလည်း သတိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဗျိုင်းဖြူရွာဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန် ၃ ရက် ကြေညာချက်ထုတ်ပြန်ကာ အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့သော ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အားလုံးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးအား တရားဥပဒေရှေ့မှောက်သို့ အမြန်ဆုံးပို့ဆောင်ပြီး ကျူးလွန်ခံရသူများအားလုံးအတွက် တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါအဝင် တရားမျှတမှုကို လိုလားသော မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပါရှိသည်။ NUG ထုတ်ပြန်ချက်၌မူ အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး သုံးဦး၊ စုစုပေါင်း ၅၁ ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည်ဟု ပါရှိသည်။

ဘူးသီးတောင်မှာ ဘာတွေဖြစ်ခဲ့လဲ

June 4, 2024

ပိုမိုကျယ်ပြန့်လာသောAA ၏ နယ်မြေစိုးမိုးမှု

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် အကြမ်းဖက်စစ်အုပ်စုအကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည်။ တိုက်ပွဲများအတွင်း ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲ အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝအထိ မြို့နယ် ဆယ်ခု အထိ AA က သိမ်းပိုက်ထားနိုင်ကာ ကျန်ပြည်နယ်တွင်း မြို့နယ်များ၌လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက် ရှိသည်။

ဘူးသီးတောင်မြို့နယ်ကို သိမ်းပိုက်ခြင်း

ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ပြီး ဘူးသီးတောင်မြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စု စခန်းများအားAA စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေ ၁၈ ရက်နေ့လယ်တွင် မြို့နယ်တစ်ခုလုံးအား အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စု၏ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခြေလျင်နှင့် ခြေမြန်တပ်ရင်း (၁၁) ခု အထိ အခြေစိုက်ထားကာ အမှတ် ၃၇၈ (အမြောက်) တပ်ရင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အမှတ် (၃) နှင့်(၈) တို့ရှိခဲ့ပြီး ၎င်းစခန်းများအားလုံးကို AA က သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စု ဖန်တီးသည့် လူမျိုးရေးပဋိပက္ခ ထောင်ချောက်

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရခိုင်စစ်မျက်နှာပြင်၌ အကြမ်းဖက်စစ်အုပ်စုက စစ်ရှုံးလာနေသည့် အချိန်၌ လူမျိုးရေးပဋိပက္ခများ ဖန်တီးရန် ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာများအား အတင်းအကြပ် တပ်သားသစ် စုဆောင်းခြင်း၊ ၎င်းတို့ ထိန်းချုပ်မှုအောက် ရောက်ရှိနေဆဲ ဖြစ်သည့် စစ်တွေနှင့် ဘူးသီတောင်မြို့များတွင် ရိုဟင်ဂျာလူမျိုးအချို့အား အသုံးပြု၍ AA ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်စေခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲတစ်ရပ်ကို ဘူးသီးတောင်မြို့တွင် မတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်အား AA က တိုက်ခိုက်နေစဉ်အတွင်း အကြမ်းဖက်စစ်အုပ်စုသည် ရိုဟင်ဂျာလူမျိုး အချို့အား အတင်းအကြပ် စစ်သားစုဆောင်းခြင်း၊ စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးကာ တိုက်ပွဲများတွင် ပါဝင်စေခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် ARSA၊ RSO၊ ARA အစရှိသည့် ရိုဟင်ဂျာ အဖွဲ့များကိုလည်း AA အား တိုက်ခိုက်သည့် စစ်ဆင်ရေးများ၌ အသုံးပြုခဲ့သည်။ အဆိုပါအဖွဲ့များသည် ရိုဟင်ဂျာ ပြည်သူများကို ကိုယ်စားမပြုကြောင်း ရိုဟင်ဂျာအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

AA က ရသေ့တောင်မြို့နယ် အခြေစိုက် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ခမရ ၅၃၆၊ ၅၃၇  နှင့် ၅၃၈ တပ်ရင်းများအား မတ် ၂၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက်တွင် ရိုဟင်ဂျာ လူမျိုးများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။ ဘူးသီးတောင် အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်အားAA က မေ ၆ ရက်တွင် သိမ်းပိုက်ပြီးနောက် စစ်သုံ့ပန်းများအတွင်း ရိုဟင်ဂျာများ ပါဝင်နေသည်ဟု AA က ဆိုသည်။

ဧပြီ ၁၂ ရက် ဘူးသီးတောင်မြို့နယ်အား အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားစဉ် ကာလအတွင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရုံးခန်း အပါအဝင် ရခိုင်၊ ဟိန္ဒူနှင့် အခြားလူမျိုးများ ပိုင်ဆိုင်သည့် နေအိမ်၊ အဆောက်အအုံ အများအပြား မီးရှို့ဖျက်ဆီးခံရမှု ဖြစ်ပွားသည်။ ယင်းမီးရှို့ဖျက်ဆီးမှုအား အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ ကျောထောက်နောက်ခံပေးထားသည့်  ARSA၊ RSO၊ ARA နှင့် အတင်းအကြပ် စစ်သားစုဆောင်းခြင်းခံထားရသည့် ရိုဟင်ဂျာများက ကျူးလွန်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် AA ဘက်က ထုတ်ဖော်ပြောဆိုသည်။ မီးရှို့ဖျက်ဆီးခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်သည့်ရုပ်သံမှတ်တမ်းတစ်ခုကိုလည်းAA ဘက်က ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည်။

မေ ၉ ရက်တွင် မောင်တောမြို့နယ်၊ ရွှေရင်အေး ရခိုင်ရွာနှင့် ဝေသာလီရွာရှိ အိမ်များအား ရိုဟင်ဂျာတချို့က မီးရှို့နေသည့် ရုပ်သံမှတ်တမ်းတစ်ခု မေ ၁၄ ရက်တွင် ထွက်ပေါ်လာခဲ့သည်။

AA က ဘူးသီးတောင်မြို့နယ်အား သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မေလ ၁၈ ရက်တွင် ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး ရိုဟင်ဂျာလူမျိုး အမြောက်အများ ရွှေ့ပြောင်းခဲ့ကြရသည်။ ၎င်းမတိုင်မီ ဒေသခံများ ရွှေ့ပြောင်းရန်အတွက် AA က ရပ်ရွာလူကြီးများမှတဆင့်ညွှန် ကြားခဲ့ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။ အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး AA က ဆောင်ရွက်သည်ဟု စွပ်စွဲမှုများရှိသော်လည်း၊AA ဘက်ကမူ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ထားသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ တုံ့ပြန်မှု

ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK) အပါအဝင် နိုင်ငံတကာရှိ ရိုဟင်ဂျာအဖွဲ့အစည်း၂၈ ခုက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ အဓမ္မ နေရပ်စွန့်ခွာစေမှုများအဆုံးသတ်ရန်နှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေအား လိုက်နာစေရေးအတွက် AA အား နိုင်ငံတကာက ဖိအားပေးရန် မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

မေ ၂၂ ရက်တွင် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း (၁၉၅) ဖွဲ့ ပေါင်းကာ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်သည်။ ကြေညာချက်၌AA အနေဖြင့်လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန်၊ ကျူးလွန်မှုများ အမှန်တကယ် ရှိပါက ကျူးလွန်သူများအား အပြစ်ပေး အရေးယူပေးရန် တောင်းဆိုကာ ရိုဟင်ဂျာခေါင်းဆောင်များနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ တုံ့ပြန်မှု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေ ၂၁ ရက်နေ့တွင် ဘူးသီးတောင် အခြေအနေနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဆိုးရွားနေသော အခြေအနေများ ဆက်လက်ဖြစ်ပွားနေမည်ကို အထူးစိုးရိမ်ကြောင်းနှင့် အရပ်သားပြည်သူများနှင့် ပြည်သူပိုင်ပစ္စည်းများအား တိုက်ခိုက်ဖျက်ဆီးနေခြင်းအား ရပ်တန့်ရန် တောင်းဆိုနေကြသော အခြားအဖွဲ့အစည်းများနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်ကြေညာသည်။

နိုင်ငံတကာ၏ တုံ့ပြန်မှု

ရခိုင်ပြည်မြောက်ပိုင်း ရိုဟင်ဂျာများ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ မဖြစ်စေရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ကာကွယ်ဆောင်ရွက်ပေးရန် လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင်အာရှ ပါလီမန်အမတ်များအဖွဲ့ (APHR) က မေ ၁၈ ရက်တွင် တောင်းဆိုသည်။ နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ လိုက်နာစောင့်ထိန်းရမည့် စည်းမျဥ်းဥပဒေများနှင့် စစ်ဘက်ဆိုင်ရာ စစ်သည်တော်တို့ လိုက်နာရမည့် ကျင့်ဝတ်ဥပဒေများကိုပါအပြည့်အဝ လေးစား လိုက်နာကြရန်လည်း တိုက်တွန်းခဲ့သည်။

ဘူးသီးတောင် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အထူးစိုးရိမ်ထိပ်လန့်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မေ ၁၉ ရက်တွင် ပြောကြားခဲ့ကာ နိုင်ငံတကာဥပဒေများအား လိုက်နာရန်အကြမ်းဖက်စစ်အုပ်စုနှင့် AA တို့အား တောင်းဆိုခဲ့သည်။

မေ ၂၀ ရက်တွင် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ အကြမ်းဖက်ခံရမှုအား နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ကြောင်းနှင့် မေ ၂၁ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရခိုင်ဒေသတွင်း အခြေအနေကို လွန်စွာ စိုးရိမ်ကြောင်း သတင်းထုတ်ပြန်သည်။

သြစတေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယား၊ မော်တာ၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်နိုင်ငံများကလည်း မေလ ၂၄ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ အတင်းအကြပ် စစ်သားစုဆောင်းမှု၊ စစ်မှုထမ်းဥပဒေ အသက်သွင်းမှုများကြောင့် လူထုများအကြား ကွဲပြားမှု ပိုမိုဖြစ်ပွားစေခြင်းကို ထောက်ပြလျက် အရပ်သားများကို ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းခဲ့သည်။

AA ၏ ပြန်လည်တုံ့ပြန်မှု

ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ၎င်း၏ မေလ ၂၀​ ရက်နေ့ ထုတ်ပြန်ချက်၌ AA ကြောင့် ဘူးသီးတောင်မြို့အတွင်းရှိ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှု သတင်းမှာ မိမိတို့နှင့် မသက်ဆိုင်ကြောင်းနှင့် တစ်ဖက်သပ် စွပ်စွဲချက်ဖြစ်ကြောင်း၊ ဘူးသီးတောင်-မောင်တောဒေသ လက်ရှိ အရေးကိစ္စနှင့် ပတ်သက်၍ ဘက်မလိုက်သည့် မည်သည့်အဖွဲ့အစည်းများနှင့်မဆို ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ကမ်းလှမ်းသည်။

အဖွဲ့အစည်း(၁၉၅) ဖွဲ့ကြေညာချက်နှင့် ပတ်သက်၍ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က မေ ၂၄ ရက်နေ့တွင် အဆိုပါ ပူးတွဲထုတ်ပြန်ချက်၌ ပါရှိသည့် အချက်အလက်အချို့မှာ မှားယွင်းကြောင်း ငြင်းဆိုခဲ့ပြီး “ပြင်းထန်စွာ ကန့်ကွက်ကြောင်း” ထုတ်ပြန်ခဲ့သည်။

ပိုမိုများပြားလာသည့် ဒုက္ခသည်များနှင့် အန္တရာယ်ကြားက အရပ်သားများ

OCHA ၏မေလတွင် ထုတ်ပြန်သော အချက်အလက်များအရ ဧပြီလကတည်းကပင် ဘူးသီးတောင်မြို့နယ်၏ ကျေးလက်နေ ရိုဟင်ဂျာထောင်ပေါင်းများစွာသည် မြို့ပေါ်သို့ ရွှေ့ပြောင်းခဲ့ကြရသလို၊ ဘူးသီးတောင်မြို့ပေါ်မှ ရခိုင်လူမျိုး ထောင်ပေါင်းများစွာသည်လည်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပြီး ဘူးသီးတောင်မြို့နယ်တွင် ဧပြီလမှစပြီး စစ်ဘေးရှောင် တစ်သောင်း နီးပါး ရှိနေသည်။

ပြည်သူအခြေပြု နိုင်ငံရေး၊ တော်လှန်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဟု စစ်ကိုင်းဖိုရမ် ထုတ်ပြန်

May 30, 2024

တော်လှန်သော အင်အားစုများဖြင့် စစ်ကိုင်းဒေသတော်လှန်ရေး ရှေ့ခြေတစ်လှမ်း တက်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ပါ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှရေး အခွင့်အလမ်းများ စစ်ကိုင်းတိုင်းသားများရရှိရေး၊ တိုင်းအတွင်း နိုင်ငံရေးအစုအဖွဲ့တစ်ရပ် ပေါ်ပေါက်ရေး ဦးတည်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့် ဖိုရမ်တစ်နှစ်ပြည့်အဖြစ် လုပ်ဆောင်နိုင်ခဲ့သောလုပ်ငန်းစဉ် သုံးရပ်အား စစ်ကိုင်ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

အဆိုပါ ဦးတည်ချက် သုံးရပ်အား ဖိုရမ်စတင်ကျင်းပပြီး တစ်နှစ်အတွင်း တစိုက်မတ်မတ် ဆောင်ရွက်ခဲ့မှုရလဒ်အဖြစ် ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ် ကျင်းပကာ စစ်ကိုင်း ဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) ဖွဲ့စည်းခြင်း၊တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ဆွေးနွေးကာ ယုံကြည်မှု တည်ဆောက်ခြင်း၊ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက် ဖွဲ့စည်းကာ ပြည်သူ့အခြေပြု ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

ဖြစ်မြောက်ရေးအဖွဲ့အနေဖြင့် ယခုနှစ်အတွင်း ရရှိခဲ့သည့်ရလဒ်များအပေါ် အခြေခံကာ ပြည်သူ့အခြေပြု နိုင်ငံရေး၊ တော်လှန်ရေးလုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟုလည်းကြေညာချက်မှတစ်ဆင့် ထုတ်ပြန်ထားသည်။

IEC အား ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုဟု ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်

May 21, 2024

ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အား ပြည်နယ် ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုကြောင်း၊ ပြည်နယ်လူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားကဏ္ဍများ၌ IEC နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းကြောင်းများ ဆွေးနွေးဖော်ထုတ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လူထုအရေးကိစ္စ ဆောင်ရွက်ရာ၌ ပြည်တွင်းနယ်စပ်ရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် ကရင်နီအင်အားစုများအကြား ဆက်စပ်ဆောင်ရွက်မှုနှင့် အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ကိုင်မည်ဖြစ်ကြောင်း ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ၏ရပ်တည်ချက်သဘောထားအား မေ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်အား အရပ်ဖက်အဖွဲ့အစည်း ၂၀ မှ ကိုယ်စားလှယ် ၃၈ ဦး ဖြင့်ထိုင်းနိုင်ငံ၌ ကရင်နီပြည် စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲနေသောအခြေအနေများကို သုံးသပ်သည့် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ပြီးနောက် ထုတ်ပြန်ခြင်း ဖြစ်သည်။

အရပ်ဖက် အဖွဲ့အစည်းများ၏ ရပ်တည်ချက်သဘောထား သုံးရပ်အပြင် သက်ဆိုင်ရာ အစုအဖွဲ့များသို့ တိုက်တွန်း တောင်းဆိုချက်များကိုလည်း ပူးတွဲထုတ်ပြန်ထားရာ IEC အား ရည်ညွန်းသည့် တိုက်တွန်းချက် ခြောက်ရပ်၊ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအတွက် ငါးချက်နှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ နှစ်ချက် ပါဝင်သည်။ IEC သို့ တိုက်တွန်းချက်၌ သက်ဆိုင်ရာအစုအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်း၍ ဒေသန္တရအုပ်ချုပ်ရေးယန္တရားများ ပီပြင်စွာ ဖော်ဆောင်ရန် အချက်လည်း ပါဝင်သည်။

ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ သုံးသန်းအထိ တိုးလာကြောင်း ကုလရုံး (မြန်မာ) ထုတ်ပြန်

May 4, 2024

မြန်မာနိုင်ငံ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေသည့် ပြင်းထန်သော ပဋိပက္ခများအတွင်း အရပ်သား သုံးသန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေရကာ ယင်းမှာ ဆိုးရွားသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးမှူးရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ကုလသမဂ္ဂရုံး (မြန်မာ) ကမေ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ကိန်းဂဏန်းမှာ ခြောက်လအတွင်း ၅၀ ရာခိုင်နှုန်းအထိ သိသိသာသာတိုးလာခြင်းဖြစ်ကြောင်းလည်း ကုလရုံး (မြန်မာ) ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

NUG သုံးနှစ်ပြည့်အဖြစ် ကဏ္ဍခြောက်ရပ် အခြေအနေအား ထုတ်ပြန်

April 30, 2024

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စတင်ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်အဖြစ် နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် လူထုဆက်ဆံရေးဆိုင်ရာ ကဏ္ဍခြောက်ရပ်နှင့် ပတ်သက်သည့်လုပ်ဆောင်နေမှု အခြေအနေများအား ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံရေးကဏ္ဍ၌ K3C နှင့် ပူးတွဲ ထုတ်ပြန်ခဲ့နိုင်သည့် "စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်" ကို ထုတ်ပြန်ခဲ့နိုင်ကြောင်း၊ စစ်ရေးကဏ္ဍ၌ နိုင်ငံ၏ ၆၀ရာခိုင်နှုန်းကျော်အား စိုးမိုးထိန်းချုပ်ထားနိုင်မှု၊ အုပ်ချုပ်ရေးကဏ္ဍ၌ ပြည်နယ်အဆင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များနှင့် Federal and State CoordinationCommission (FSCC) ဖွဲ့စည်းထားမှုများအား အထူးပြု ဖော်ပြထားသည်။

သုံးနှစ်ပြည့် ကြေညာချက်၌ "ဆဌမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ NUG က တင်သွင်းသည့် အစီရင်ခံစာ"၊ "ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာ"၊ "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် ဝန်ကြီးဌာနများ၏ ပြည်သူသို့အစီရင်ခံချက်များ"ကိုလည်းပူးတွဲ ထုတ်ပြန်ထားသည်။

မြန်မာစစ်ရှောင်များအား ကူညီပေးရန် ထိုင်းအစိုးရအား NUG မေတ္တာရပ်ခံ

April 23, 2024

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီမြို့နှင့် အနီးတဝိုက်၌ တော်လှန်ရေးအင်အားစုများနှင့် အကြမ်းဖက်စစ်အုပ်စု အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်အုပ်စုဘက်မှ အရပ်သားများကိုပါပစ်မှတ်ထား တိုက်ခိုက်သည့်အတွက် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြရသော မြန်မာစစ်ရှောင်များ ပိုများလာမည် ဖြစ်သည့်အတွက် ကူညီထောက်ပံ့ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၂၁ ရက်တွင် ထိုင်းအစိုးရထံ မေတ္တာရပ်ခံစာပေးပို့ထားသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့သည့် မေတ္တာရပ်ခံစာ၌ ထောင်နှင့်ချီသည့် မြန်မာစစ်ရှောင်များမှာ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲ့ဆောက်မြို့နှင့် အခြားဒေသများသို့ တိမ်းရှောင်နေကြရကာ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် စစ်အုပ်စု၏တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေကြောင်း၊ ထို့ကြောင့် စစ်ရှောင်ပြည်သူများဆက်လက် တိုးလာနေမည်ဖြစ်ကာ ထိုင်းနိုင်ငံတာဝန်ရှိသူများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ အရေးပေါ် နေရာထိုင်ခင်းလိုအပ်သူများအား ကူညီထောက်ပံ့ပေးရန် မေတ္တာရပ်ခံထားသည်။

အရေးယူမှုပါဝင်မည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် NUG ထုတ်ပြန်

March 22, 2024

အမျိုးသားညီညွတ်ရေးအစိုးရ– NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ အားလုံး လိုက်နာရမည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်အား မတ် ၂၂ ရက်က ယာယီသမ္မတ ဒူဝါလရှီးလ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကာ လိုက်နာမှုမရှိသူအား တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူမည်ဟု ဖော်ပြထားသည်။

စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များအဖြစ် စစ်သည်တော် ကျင့်ဝတ်စည်းကမ်း (၁၀) ချက်၊ ပစ်မှတ်သတ်မှတ်ခြင်း (၇) ချက်၊ ဖမ်းဆီးထိန်းသိမ်းထားသူများအပေါ် ပြုမူဆက်ဆံခြင်း (၈) ချက်၊ အရပ်သားပြည်သူများအပေါ် ပြုမူဆက်ဆံခြင်း (၁၁) ချက်၊ အမျိုးသမီး/လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTIQ) နှင့် ကလေးများအပေါ် ပြုမူဆက်ဆံခြင်း(၆) ချက်တို့ ပါဝင်သည်။

"အရပ်သား" အား မိမိရန်သူ၏ စစ်သားမဟုတ်သည့်အပြင် တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိသူ ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားကာ အဖွဲ့အစည်းအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို လေးစားလိုက်နာ ကျင့်သုံးရမည်ဟုလည်း စစ်ဘက်ဆိုင်ရာကျင့်ဝတ်၌ ဖော်ပြထားသည်။

ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရှိရေး ကြိုးပမ်းနေသည်ဟု NUCC နှင့် NUG ပူးတွဲထုတ်ပြန်

January 20, 2024

၂၀၂၄ ခုနှစ်တွင် တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရရှိရေး ကြိုးပမ်းနေသည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲ ထုတ်ပြန်လိုက်သည်။

၂၀၂၃ ခုနှစ်သည် စစ်ရေးအရ သိသာထင်ရှား၍ လက်တွေ့ကျသည့် အောင်မြင်မှုများ ရရှိခဲ့သည့် နှစ်ဖြစ်ကာ လက်ရှိတွင် အကြမ်းဖက်စစ်အုပ်စု၏ အရေးပါသည့် စစ်စခန်းအများအပြားကို သိမ်းပိုက်ထားပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရရှိရေး ကြိုးပမ်းနေကာ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံတစ်ရပ် ပေါ်ပေါက်ရေး၊ တော်လှန် ရေးအလွန် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး၊ ညီညွတ်ရေး ပိုမို အားကောင်စေရေး အထူးသတိထား ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ကြေညာချက်၌ ပါရှိသည်။

ထို့အပြင် ဒေသတွင်းလုံခြုံရေးကိစ္စ၊ စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနထောက်ထားမှုအကူအညီများပေးအပ်ခြင်း၊ ပဋိပက္ခအတွင်း အရပ်သားများကို ကာကွယ်စောင့်ရှောက်မှုပေးခြင်းအကြောင်းအရာများကိုလည်း ပူးတွဲထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။