နိုင်ငံတကာ ဒီမိုကရေစီနေ့ လှုပ်ရှားမှု

စက်တင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနား၌ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများကလည်း နည်းလမ်းပေါင်းစုံဖြင့် ပါဝင်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ပြုလုပ်သည့် အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF များ၏ နိုင်ငံတကာဒီမိုကရေစီနေ့နှင့် ပတ်သက်သည့် ခံယူချက်များကိုလည်း NUG  ထုတ်လွှင့်ခဲ့သည်။ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားအား ၂၀၀၈ ခုနှစ်မှ စ၍ နိုင်ငံတကာ၌ ကျင်းပခြင်းဖြစ်ကာ ယခုနှစ် ဆောင်ပုဒ်မှာ "ဒီမိုကရေစီ အားကောင်းဖို့ မျိုးဆက်သစ်ကို မြှင့်တင်စို့" - “Empowering the next Generation” ဖြစ်သည်။ CRPH က ပြုလုပ်သည့် အခမ်းအနားသို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) ၊  နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၊ ဥရောပပါလီမန် (EU) နှင့်  International IDEA Myanmar တို့လည်း သဝဏ်လွှာ၊ မိန့်ခွန်းများပေးပို့ခဲ့သည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ - NUCC ၏ ယင်းနေ့သဝဏ်လွှာ၌ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်အသက်သွင်းရာ၌ အရေးကြီးသည့် တရားမျှတမှုဖော်ဆောင်ရေး၊ တိုင်းပြုပြည်ပြု ညီလာခံကျင်းပရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၌ လူငယ်များကပင် ဦးဆောင်ပါဝင်ဦးမည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။

 Share on Facebook

ဆက်စပ် ဖြစ်စဉ်များ

No items found.