အုပ်ချုပ်ရေး
အမျိုးသားညီညွတ်ရေးအစိုးရ
အလွှာ
ဖက်ဒရယ်
အမျိုးအစား
အုပ်ချုပ်ရေး

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - Committee Representing Pyidaungsu Hluttaw (CRPH) က "ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အပြီးသတ်ဖျက်သိမ်းကြောင်း ကြေညာခြင်း" ဟူ၍ ကြေ ညာချက်အမှတ် ၂၀/၂၀၂၁ ဖြင့် ထုတ်ပြန်ခဲ့ပြီးနောက်၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ဆွေးနွေးဆုံးဖြတ်ထားသည့် ဖက်ဒရယ်​ဒီမိုကရေစီပဋိညာဉ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂) နှင့်အညီ ဖွဲ့စည်းသော ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို NUCC ကိုယ်စား ဦးမင်းကိုနိုင်မှ ထုတ်ပြန်ကြေညာခဲ့ သည်။

အမျိုးသားညီညွတ်ရေးအစိုးရတွင် စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ဆက်လက်တာဝန်အပ်နှင်းခဲ့သည်။ ဒုတိယသမ္မတဖြစ်သည့် ဒူဝါလရှီးလက ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး၊ အစိုးရအဖွဲ့အကြီးအကဲအဖြစ် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည့် မန်းဝင်းခိုင်သန်းက တာဝန်ထမ်းဆောင်သည်။

အစိုးရအဖွဲ့ကို ဝန်ကြီးဌာန (၁၇) ခုဖြင့် ဖွဲ့စည်းထားပြီး၊ ပြည်နယ်/လူမျိုး အင်အားစုများမှ ဝန်ကြီး၊ ဒုဝန်ကြီးများ တာဝန်ထမ်းဆောင်လျက်ရှိကြသည်။

ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန် (၃) ရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။-

၁။ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရသည် ဤပဋိညာဉ်ပါ နိုင်ငံရေးရည်ရွယ်ချက်များ၊ ဦးတည်ချက်များ နှင့်နိုင်ငံရေးလမ်းပြမြေပုံကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

၂။ နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များ ဆွေးနွေးအတည်ပြုနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ လက်တွဲဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖော်ဆောင်ရမည်။

၃။ အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်ရမည်။

လှုပ်ရှားဆောင်ရွက်မှုများ