ယခုဆောင်းပါးသည် အများပြည်သူသို့ ထုတ်ပြန်ထားပြီးဖြစ်သည့် အချက်အလက်များကို အခြေခံ၍ ပြုစုထားခြင်းဖြစ်ပါသည်။ ပြင်ဆင်ရန် အဆိုပြုလိုသည့်အချက်အလက်များရှိပါက springsprouts@proton.me သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အုပ်စုမှ အာဏာသိမ်းမှုစတင်ပြီး ရက်ပိုင်းအတွင်းတွင်ပင် ပြည်သူ့ဝန်ထမ်း အသိုင်းအဝိုင်းများ စုဖွဲ့၍ ဆန္ဒထုတ်ဖော်မှုများနှင့် သပိတ်မှောက်မှုများ ပေါ်ထွက်ခဲ့ပြီး နိုင်ငံတစ်ဝန်းသို့ ပျံ့နှံ့သွားခဲ့သည်။ ဆန္ဒပြသူများအနက် အရပ်သားပြည်သူများအပြင် အစိုးရဝန်ထမ်းများပါ ပါဝင်လာခဲ့သည်။ ယင်းအစိုးရဝန်ထမ်းများတွင် ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး (မြန်မာ့မီးရထား)၊ မြန်မာ့ဆေးဝါးလုပ်ငန်းများမှ ဝန်ထမ်းများအပြင် လျှပ်စစ်ဝန်ထမ်း အများအပြား ပါဝင်လာကြသည်။ အုပ်ချုပ်ရေးယန္တရားဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပင် ပါဝင်လာခဲ့ကြသည်။ ယင်းပါဝင်မှုမှာ နီးစပ်ရာ ဝန်ထမ်းအချင်းချင်း စုပေါင်းလုပ်ဆောင်ရာမှ နောက်ပိုင်း၌ နိုင်ငံအဝန်း ကွန်ရက်ကျယ်ပြန့်သည့် စုဖွဲ့မှုများအထိ ပြောင်းလဲတိုးတက်လာသည်။
ဆန္ဒပြမှုများ နိုင်ငံတစ်ဝန်း ကျယ်ပြန့်လာပြီးနောက် ကျန်းမာရေးမိသားစု CDM ကွန်ရက်များအပြင် အခြားအစိုးရဌာနများအလိုက် CDM ပြုလုပ်ကြသည့် ဝန်ထမ်းများ၏ CDM ကွန်ရက်များလည်း ထွက်ပေါ်လာခဲ့သည်။ ဆန္ဒပြမှုများ၌ အကြမ်းမဖက် အာဏာဆန့်ကျင်ရေးလှုပ်ရှားမှု - CDM တွင် ပါဝင်လာကြသည့် ပြည်သူ့ ဝန်ထမ်းများကြောင့် အာဏာသိမ်းစစ်အုပ်စု၏ အုပ်ချုပ်ရေးယန္တရားအချို့ ရပ်ဆိုင်းကုန်သည်အထိ ဖြစ်ပွားလာခဲ့သည်။ CDM လှုပ်ရှားမှုမှာ အာဏာသိမ်းစစ်အုပ်စု၏ အုပ်ချုပ်ရေးနှင့် အခြားသော ယန္တရားများအား ထိခိုက်စေကြောင်း မျက်ဝါးထင်ထင် မြင်တွေ့လာရပြီးနောက် နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းများအား CDM ပြုလုပ်ကြရန်အ တွက် ဆန္ဒပြသူများအကြား လှုံ့ဆော်တိုက်တွန်းမှုများ ကျယ်ပြန့်လာခဲ့သည်။ ထို့နည်းတူ CDM ပြုလုပ်သည့် ပြည်သူ့ဝန်ထမ်းများ၏ နိစ္စဓူဝ ကြုံတွေ့ရမည့် လူမှုစီးပွားဘဝ ထိခိုက်မှုများကိုပါ ဖြေရှင်းရန်အတွက်လည်း "ပြည်သူ့ဝန်ထမ်း ကူညီပေးရေး" - CDM Support ကွန်ရက်များလည်း ပေါ်ပေါက်လာခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်က ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်နေစဉ် အာဏာသိမ်းစစ်ကောင်အုပ်စု၏ လုံခြုံရေးတက်ဖွဲ့များက မျက်ရည် ယိုဗုံး၊ ရာဘာကျည်များဖြင့် ပစ်ခတ်တားဆီးစဉ်အတွင်း အသက် ၅၉ နှစ်အရွယ် ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဆရာမကြီး ဒေါ်တင်နွဲ့ရီ နှလုံးဖောက်၍ သေဆုံးမှုမှာ CDM ပြုလုပ်နေသူများအကြား တွန်းအားတစ်ရပ် ဖြစ်ခဲ့သည်။
“ရုံးမတက်နဲ့ ရုန်းထွက်" ဟု ကြွေးကြော်လျက် စစ်အုပ်စု၏ အဓိကယန္တရားများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး၊ ဗဟိုဘဏ်များအပြင် အခြားသော အရေးကြီးဌာနများမှ ဝန်ထမ်းများလည်း CDM လှုပ်ရှားမှု၌ ပါဝင်ပေးကြရန် နိုင်ငံ လုံးချီ တောင်းဆိုခဲ့ကြရာ ပါဝင်လာသူများလည်း ရှိခဲ့သည်။
အာဏာသိမ်းမှု၏ ပထမဆုံးနှစ်လအတွင်းမှာပင် ရဲနှင့် စစ်သား CDM ပြုလုပ်မှုများ စတင်ရှိနေခဲ့ပြီဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ထိန်းချုပ်ထားသည့် နယ်မြေများသွား ဘက်ပြောင်းခိုလှုံလာသူများ ထိုစဉ်ကတည်းက စတင်ရှိနေခဲ့ပြီဖြစ်သည်။
ပြည်သူ့ဝန်ထမ်းများ၏ အကြမ်းမဖက် အာဏာဆန့်ကျင်ရေး လှုပ်ရှားမှု - CDM မှာ အားကောင်းသည် ထက် အားကောင်းလာခဲ့ကာ အစိုးရဝန်ထမ်းများအပြင် စစ်အုပ်စုနှင့် လက်တွဲလုပ်ကိုင်နေသည့် ပုဂ္ဂလိကလုပ်ငန်းများအထိ ကူးစက်လာခဲ့သည်။ ပုဂ္ဂလိကဘဏ်အချို့၌လည်း CDM ပြုလုပ်သူများရှိလာသည်အထိ ဖြစ်လာကာ ဘဏ်လုပ်ငန်းအချို့ ရပ်ဆိုင်းကုန်သည်အထိ ဖြစ်ပေါ်လာခဲ့သည်။
နိုင်ငံတစ်ဝန်း CDM ပြုလုပ်သည့် ပြည်သူ့ဝန်ထမ်းများ များပြားလာချိန်၌ အာဏာသိမ်းစစ်တပ်ဘက်မှ လည်း ခြိမ်းခြောက်၊ အမှုဖွင့်၊ ဖမ်းဆီးမှုများအား ဆက်တိုက်ပြုလုပ်လာခဲ့သည်။ တစ်ဖက်တွင် ဝန်ထမ်းများအား လုပ်ငန်းခွင် ပြန်ဝင်ရောက်ရန် မေတ္တာရပ်ခံသော်လည်း တစ်ဖက်တွင် အစုအပြုံလိုက် ဖြုတ်ပစ်ခြင်း၊ ၎င်းတို့ သိမ်းယူထားသည့် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကြောင်း ကြေညာခြင်းများအား နေ့စဉ် ရက်ဆက် ပြုလုပ်လာခဲ့သည်။
CDM လှုပ်ရှားမှုများ အားကောင်းလာသည့်နည်းတူ CDM Support အဖွဲ့များလည်း များစွာ ထွက်ပေါ် လာခဲ့သည်။ CDM Support အဖွဲ့များမှာ တစ်ဦးချင်းမှသည် အစုအဖွဲ့အလိုက်အထိ ဖြစ်လာခဲ့သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ- CRPH ကလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် CRPH – CDM Supporting Team အား စတင်ဖွဲ့စည်းခဲ့ကာ CDM ပြည်သူ့ဝန်ထမ်းများအား ကူညီထောက်ပံ့နိုင်ရေးအတွက် အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်လာခဲ့သည်။ ထိုစဉ်ကတည်းကပင် CDM ဝန်ထမ်းများအား မှတ်တမ်းတင်ထားနိုင်ရေးအတွက် ကိုယ်ရေးအချက်အလက်များ ပေးပို့ကြရန် နှိုးဆော်ခဲ့သည်။
CDM လှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ စစ်ကောင်စီက အလုပ်ဖြုတ်ပစ်သူပေါင်းမှာ အာဏာသိမ်းပြီး လေးလအကြာ မေလ ၂၂ ရက်အထိ ပညာရေးကဏ္ဍ တစ်ခုတည်းမှ ပညာရေးဝန်ထမ်းပေါင်း ၁၂၉,၀၀၀ ဦးအထိ ရှိပြီဖြစ်ကြောင်း ဆရာများသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
CDM လှုပ်ရှားမှုကြောင့် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဆက်သွယ်ရေး စသည့် ယန္တရားအချို့ ရပ်တန့်ကုန်ချိန်တွင် ဆန္ဒပြသူများအပေါ် စစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုများ၊ လူသေသည်အထိ ပစ်ခတ်မှုများအပြင် ဖမ်းဆီး၊ ထောင်ချမှုများအား ပိုတိုး ပြုလုပ်လာခဲ့သည်။ စစ်တပ်က CDM ပြုလုပ်သည့် ပြည်သူ့ဝန်ထမ်းများအား ပစ်မှတ်ထားကာ လိုက်လံဖမ်း ဆီးခြင်း၊ ပုဒ်မမျိုးစုံတပ်၍ ထောင်ချခြင်းများ ဆက်တိုက်ပြုလုပ်လာသည့်အတွက် CDM လုပ်ထားသည့် ပြည်သူ့ဝန်ထမ်းများမှာ ဖမ်းဆီးခံရခြင်း၊ ဖမ်းဆီးမခံရသူများမှာလည်း လုံခြုံရာ ဒေသများ၊ နယ်စပ်ဒေသများအထိ ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိလာခဲ့သည်။ တပြိုင်တည်းမှာပင် စစ်တပ်က CDM ပြုလုပ်သူများအား လုပ်ငန်းခွင် ပြန်ဝင်ရန်အတွက် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။
အကြမ်းမဖက် အာဏာဖီဆန်မှု - CDM တွင် ပြည်သူ့ဝန်ထမ်းများ ပါဝင်ခြင်းသာ နိုင်ငံနေ ပြည်သူများ ၏ အကြမ်းမဖက် အာဏာဖီဆန်မှုလည်း များစွာ ရှိခဲ့သည်။ နိုင်ငံ့ပြည်သူ အများစုမှာ အာဏာသိမ်းပြီး ရက်ပိုင်း အတွင်း လမ်းများပေါ်တက်၍ စစ်တပ်အား ငြိမ်းချမ်းစွာ ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ အစပိုင်းတွင် မြို့ကြီးများ ပေါ်၌သာ ဆန္ဒပြပွဲများ ရှိခဲ့ရာမှ ရက်ပိုင်းအတွင်းတွင်ပင် တစ်နိုင်ငံလုံး ပျံ့နှံ့သွားခဲ့ကာ သန်းနှင့် ချီသွားခဲ့သည်။
လက်နက်အားကိုးဖြင့် အကြမ်းဖက်ဖြိုခွဲသည့် အာဏာသိမ်းစစ်တပ်ကြောင့် ပြည်သူများမှာ လမ်းမထက် သပိတ်တိုက်ပွဲများထက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုများအား ပိုမိုလုပ်ဆောင်လာကြသည်။ စစ်ကောင်စီနှင့် ဆက်စပ်သည့် ကဏ္ဍပေါင်းစုံ၌ ပါဝင်ပတ်သက်မှု မရှိရေး လှုပ်ရှားမှုမျာ ပိုမိုအားကောင်း လာခဲ့သည်။ စစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများအား သပိတ်မှောက်ခြင်း၊ စစ်ကောင်စီနှင့် ဆက် စပ်လုပ်ကိုင်နေသည့် ကဏ္ဍပေါင်းစုံမှ လူပုဂ္ဂိုလ်များအား သပိတ်မှောက်ခြင်းများ ပြုလုပ်လာကြသည်။ ထို့ပြင် ညပိုင်းများ၌ စစ်တပ် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အောက်မှ သံဗုံးတီးသပိတ်များအား နိုင်ငံအနှံ့ ပြု လုပ်လာခဲ့သည်။ အာဏာသိမ်း စစ်တပ်က ထုတ်ပြန်သည့် အမိန့်၊ ကြေညာချက်နှင့် တားမြစ်ချက်များအား အကြမ်းမဖက်နည်းဖြင့် အံတုခဲ့ကြသည်။ လူထု၏ အကြမ်းမဖက် အာဏာဖီဆန်မှုကြောင့် စစ်တပ်လက် အောက်ရောက်နေသည့် အောင်ဘာလေထီ ရောင်းချမှု ရပ်တန့်လုနီးပါးအထိ ရောက်သွားခဲ့ရသည်။ ထို့ပြင် အကြမ်းမဖက် အာဏာဆန်ကျင်မှုအဖြစ် စစ်ကောင်စီလက်အောက်တွင် ဆက်လက်လုပ်ကိုင်နေသည့် ဝန်ထမ်း များအား လူမှုရေးပြစ်ဒဏ် - Social Punishment လှုပ်ရှားမှုမျာလည်း အားကောင်းလာခဲ့သည်။
အာဏာသိမ်း စစ်တပ်အောက် အလုပ်မလုပ်ရေး CDM လှုပ်ရှားမှုမှသည် စစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ၊ ပူးပေါင်းလုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများအပြင် လူပုဂ္ဂိုလ်များကိုပါ သပိတ် မှောက်ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပိုအားကောင်းလာခဲ့သည်။ ထို့ပြင် အခွန်မဆောင်ခြင်း လှုပ်ရှားမှု၊ စစ်တပ် က ထုတ်ပြန်သည့် အမိန့်/ညွှန်ကြားချက်မှန်သမျှ မလိုက်နာရေး စသည့် အကြမ်းမဖက် အာဏာဆန့်ကျင်မှုများလည်း ဆက်လက် ရှိလာခဲ့သည်။
မြန်မာပြည်သူများ၏ အကြမ်းမဖက် အာဏာဖီဆန်မှု - CDM အား ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် နော်ဝေနိုင်ငံ အော်စလိုတက္ကသိုလ်ရှိ ပါမောက္ခ ခြောက်ဦးက ၂၀၂၁ ခုနှစ်တွင် လက်မှတ်ရေးထိုး အဆိုပြုခဲ့သည်။ အဆိုပြုလွှာတွင် CDM လုပ်ရှားမှုသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ခိုင်မာအားကောင်းရေးအတွက် အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် အဓိကကျကြောင်းနှင့် CDM လှုပ်ရှားမှု အောင်မြင်မှုရှိပါက နိုင်ငံအတွင်း နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် စစ်တပ်အုပ်ချုပ်ရေးနှင့် လက်နက်ကိုင် ပဋိိပက္ခများကို ချုပ်ငြိမ်းစေမည်ဟု ထည့်သွင်းဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုမူဝါဒပါ Non-CDM ပြည်သူ့ဝန်ထမ်းများကို အပြစ်ပေးအရေးယူရေးနှင့် ပတ်သက်သည့် အခန်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိခဲ့သည်။
အာဏာသိမ်းစစ်အုပ်စု၏ တရားဝင်မှုနှင့် အုပ်ချုပ်ရေးယန္တရားများအား ထိခိုက်မှုကြီးမားစေသည့်အပြင် နိုင်ငံတကာ၏ အာရုံစိုက်မှုကိုလည်း ပိုမို ရရှိလာသည့်အ တွက် CDM လုပ်ဆောင်နေမှုများ အရှိန်လျော့ကျမသွားစေရန်အတွက် CDM Support Team များ ရှိလာပြီး ကူညီပံ့ပိုးရန် ကြိုးပမ်းမှုများလည်း ရှိလာခဲ့သည်။ သို့သော် အင်အားများပြားသည့် CDM ဝန်ထမ်းများအားလုံးကို ရေရှည်တွင် ကူညီထောက်ပံ့ပေးနိုင်ခြင်း မရှိသည့်အတွက် အချို့သော CDM ဝန်ထမ်းများမှာ နယ်စပ်အခြေပြုနှင့် ဒေသ တွင်းအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ၌ ဝန်ထမ်းအဖြစ် လုပ်ဆောင်ခြင်း၊ ပညာရေးကဏ္ဍများ၌ ပုဂ္ဂလိက ဝန်ထမ်းအဖြစ် လုပ်ကိုင်ခြင်းအပြင် ရပ်တည်ရေးအတွက် စျေးရောင်းခြင်းကဲ့သို့သော လုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်လျက် ဖြတ်သန်းကနေကြရဆဲဖြစ်သည်။
ယနေ့အချိန်အထိ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သော ပြည်သူ့ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည့်တိုင် အများစုမှာမူ ပြည်တွင်းရှိ စစ်အုပ်စု မထိန်းချုပ်နိုင်သည့် နယ်မြေများ၊ နယ်စပ်ဒေသများ၊ ဒုတိယနိုင်ငံများ၌ အလုံးအရင်းဖြင့် ခိုလှုံနေကြဆဲ ဖြစ်ကာ စစ်အာဏာရှင်စနစ်အား အကြမ်းမဖက် အာဏာဆန့်ကျင်ရေး လှုပ်ရှားမှု - CDM ဆက်လုပ်နေကြဆဲ ဖြစ်သည်။ အချို့မှာ နိုင်ငံတကာ အကူအညီဖြင့် တတိယနိုင်ငံများသို့ ပြောင်းရွှေ့ခွင့်များ ရရှိခဲ့သည်။
ထို့အတူ CDM လှုပ်ရှားမှုတွင် မပါဝင်ခဲ့ကြသည့်တိုင် စစ်အုပ်စုလက်အောက်၌ ဆက်လက် အလုပ် မလုပ်လိုသည့် ပြည်သူ့ဝန်ထမ်းများလည်း ပြည်သူ့ဘက်သို့ ကူးပြောင်းနေကြဆဲလည်း ဖြစ်သည်။
တိုက်ခိုက်ရေးအောင်ပွဲများမှသည် ပြည်သူ့နိုင်ငံရေးအောင်ပွဲများအထိ ဆက်လက် သယ်ဆောင် အနားသတ်ပေးနိုင်မှသာ တည်ငြိမ်အေးချမ်းမှု အစစ်အမှန်ကို ခံစားရမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy - SNLD) က အောက်တိုဘာ ၂၆ ရက်တွင် ၎င်းတို့၏နိုင်ငံရေး ရပ်တည်ချက်သဘောထားအား ထုတ်ပြန်ထားသည်။
ကွန်ရက်တွင် မပါဝင်သေးသည့် ဒေသအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက် ချိတ်ဆက်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တော်လှန်အင်အားစု ၁၁ ဖွဲ့ ပါဝင်သည့် မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်က အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပပေးရန် အကြောင်းပြချက်ဖြင့် သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုမှာ မြို့ပြတော်လှန်ရေးအင်အားစုများ အပါအဝင် ပြည်သူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ရယူရန် ကြိုးပမ်းမှုသာ ဖြစ်ကာ နည်းလမ်းမျိုးစုံသုံး ဆန့်ကျင်ကြရန် ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များက စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် သပိတ်အင်အားစုအဖွဲ့ဝင် လေးဦး ဖမ်းဆီးခံရပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်လျက်ရှိကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) က စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
ဘက်ပေါင်းစုံ ကျဆုံးနေသည့် အကြမ်းဖက်စစ်အုပ်စုအတွက် မြို့ပြများအား ဆက်လက်ထိန်းချုပ်နိုင်ရေးတွင် ရပ်/ကျေးအုပ်ချုပ်ရေး ယန္တရားများမှာ အဓိကထောက်တိုင်ဖြစ်ပြီး မိမိရပ်ရွာများအတွင်းရှိ အနိုင်ကျင့် ဖိနှိပ်နေသည့် အုပ်ချုပ်ရေးမှူးများအား ရပ်ရွာလူထုကိုယ်တိုင် ပြင်းပြင်းထန်ထန် ဆန့်ကျင်အာခံကြရန် "စစ်ကျွန်အုပ်ချုပ်မှု အံတုရေး လှုပ်ရှားမှု" အားစတင်ကြောင်း ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲများက သြဂုတ် ၁၆ ရက်တွင် ကြေညာလိုက်သည်။
နွေဦးတော်လှန်ရေး၌ ပါဝင်နေကြသည့် မွန်လူငယ်များ၏ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအား စက်တင်ဘာလအတွင်းက ပြုလုပ်ပြီးနောက် အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဘုံရည်မှန်းချက်များ အောင်မြင်စေရေးအတွက် အချက်လေးချက်ပါ ဘုံသဘောတူညီချက်အား စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
တအောင်းပြည်အတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်နှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အဓိကထား လုပ်ဆောင်ရန်အတွက် "တအာင်းပြည်ကျန်းမာရေးကောင်စီ- Ta’angland Health Council (THC)" ကို ဖွဲ့စည်းပြီဖြစ်ကြောင်း သြဂုတ် ၂၅ ရက်တွင် ထုတ်ပြန်သည်။
မွန်ပြည် ကိုယ်စားပြု တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစုများ အားလုံး နိုင်ငံရေးနှင့် စစ်ရေး၌ ပူးပေါင်းဆောင်ရွက်ကာ ဗဟာဗျူဟာကျ လှုပ်ရှား၍ မွန်ပြည်အစိုးရ တည်ထောင်မည်ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်တွင် ကျရောက်သည့် မွန်တော်လှန်ရေး (၇၇) နှစ်မြောက် အထိမ်းအမှတ် ထုတ်ပြန်ချက်မှ တဆင့် ရာမညဖက်ဒရယ်အင်အားစုသစ် (New Rehmonnya Federated Force- NRFF) က ထုတ်ပြန်ကြေညာလိုက်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် အကြမ်းဖက် စစ်အုပ်စုမှ စစ်အာဏာသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီလ ပထမပတ်မှ စတင်၍ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုသပိတ်များ နိုင်ငံအနှံ့တွင် ပုံစံမျိုးစုံဖြင့်ပေါ်ပေါက်ခဲ့ပါသည်။ ဆန္ဒဖော်ထုတ်မှုများ၊ သံပုံးတီးခြင်း၊ ဖဲကြိုးနီလှုပ်ရှားမှု၊ CDM လှုပ်ရှားမှု အစရှိသည့် အကြမ်းမဖက်သော လှုပ်ရှားမှုများဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။ စစ်အာဏာသိမ်းပြီးနောက် (၂၂) ရက်အကြာ ဖေဖော်ဝါရီလ ၂၂ ရက်တွင် “၂၂၂၂၂” လူထုသပိတ်ကြီးကို ဆင်နွှဲခဲ့ပြီး နိုင်ငံတစ်ဝှမ်း လူ သန်းနဲ့ချီပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အတွင်း အကြမ်းဖက်စစ်အုပ်စု လက်အောက်တွင် လုပ်ကိုင်နေသည့် ဝန်ထမ်း အား၎င်းတို့ လုပ်ကိုင်နေသည့် ရုံးလုပ်ငန်းများအား ရပ်တန့်စွန့်ခွာရန် မေ ၉ ရက်က သတိပေးပြီးနောက် ဝန်ထမ်း ၈၈ ဦး CDM ပြုလုပ်လာကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်စာရင်းနှင့်တကွ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
တပ်မဟာ (၆) ထိန်းချုပ်ရာ ဒူးပလာယာခရိုင်အတွင်း စစ်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်ရာ၌ ရှုပ်ထွေးမှုမရှိစေရန် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ဌာနအသီးသီး၌ လုပ်ကိုင်နေသည့် ဝန်ထမ်းများ (Non-CDM) အားလုံးအနေဖြင့် နုတ်ထွက်ခြင်း၊ ပြောင်းရွှေ့ခြင်း (သို့မဟုတ်) အစည်းအရုံး၏အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ကူညီပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ကဇွန် ၂၈ ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။
၂၀၂၃ ခုနှစ်၊ မေလ ၁၃-၁၅ ရက်အတွင်း ကျင်းပခဲ့သော ပထမအကြိမ် သျှမ်းလူငယ်ညီလာခံတွင် သျှမ်းကျောင်းသား သမဂ္ဂမှ တင်သွင်းသည့် မူဝါဒ အကြံပြုစာတမ်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။ အဆိုပါ မူဝါဒ အကြံပြုစာတမ်းတွင် အဖွဲ့အစည်းမိတ်ဆက်၊ နောက်ခံ အကြောင်းအရာ၊ ပညာရေး၊ နိုင်ငံရေး၊ တော်လှန်ရေးနှင့် ပတ်သက်သော အကြံပြုလိုသော မူဝါဒများနှင့် အဆိုပြုချက်များပါဝင်သော အခန်းကဏ္ဍများ၊ သီးခြားအကြံပြုချက်များနှင့် အနှစ်ချုပ်တို့ ပါဝင်သည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ထိန်းချုပ်ထားသည့် နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့များ အပါအဝင် တအာင်းပြည်အတွင်း စစ်အုပ်စုလက်အောက်၌ ပုံစံအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့သော Non-CDM ဝန်ထမ်းအားလုံးအား လက်ရှိအချိန်မှစ၍ မည်သည့်တာဝန်မှ မရှိတော့ဘဲ လုပ်ငန်းတာဝန်များအားလုံး ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း မေ ၁၅ ရက်တွင် PSLF က ထုတ်ပြန်လိုက်သည်။
မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ်ကိုးသိန်းစီ ပြစ်ဒဏ်ချမှတ်ခံထားရသည့် ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးခင်အောင်မြင့်၊ ဒုတိယပါမောက္ခချုပ် ဒေါ်သီတာ အပါအဝင် ငါးဦးအား လွတ်ငြိမ်းခွင့်နှင့် ကြီးကြပ်ရေးဘုတ်အဖွဲ့ တင်ပြမှု၊ လူသားချင်း စာနာထောက်ထားမှုကို ဦတည်၍ မေ ၈ ရက်တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က မေ ၉ ရက်တွင် အမိန့်အမှတ် ၀၉/၂၀၂၄ဖြင့် ထုတ်ပြန်လိုက်သည်။
၂၀၂၄ ခုနှစ်တွင် တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရရှိရေး ကြိုးပမ်းနေသည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲ ထုတ်ပြန်လိုက်သည်။
CDM လှုပ်ရှားမှု၌ ပါဝင်သည့် ကျောင်းသား/သူ များအတွက် တရားမျှတမှု ပြန်လည်ရှာဖွေရေးမှာ အရေးကြီးကာ ၎င်းတို့၏ ပညာရေးအခွင့်အလမ်း၊ ပညာရေးအာမခံချက်၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် မူဝါဒတစ်ရပ်အား ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် ရေးဆွဲအတည်ပြုပေးစေလိုကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် သက်ဆိုင်သူအားလုံးအား အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (BEGSC-CEC) က ဒီဇင်ဘာ ၁၄ ရက်တွင် တိုက်တွန်းထုတ်ပြန်ထားသည်။
အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု - CDM နှင့် ပတ်သက်သည့် မူဝါဒအား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC က ကောင်စီ၏ ဒီဇင်ဘာ ၁ ရက်အစည်းအဝေးမှတစ်ဆင့် အတည်ပြု ထုတ်ပြန်လိုက်သည်။
မွန်ပြည်နယ်အတွင်းရှိ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု - CDM၌ ပါဝင်သည့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဌာနမှ ဝန်ထမ်းအစုအဖွဲ့ သုံးဖွဲ့ ပူးပေါင်း၍ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) အား ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွဲ့စည်းလိုက်သည်။
အကြမ်းဖက်စစ်အုပ်စု လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့တွင် လူထုသပိတ်တိုက်ပွဲများ ပြန်လည် စတင်လာပြီ ဖြစ်ကာ နိုဝင်ဘာ ၂၅ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့် သပိတ်အင်အားစုများ ပူးပေါင်း၍ သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့သည်။
သပြေခတ်ကို အသုံးပြုမည့် "တစ်လေးလုံး လူထုလှုပ်ရှားမှု" အား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ဆင်နွှဲနေသည့် စစ်ဆင်ရေး အောင်မြင်မှုအား ကြိုဆိုကြောင်းနှင့် စစ်အုပ်စုလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်းသည့်အနေဖြင့် နိုဝင်ဘာ ၁၁ ရက်တွင် စတင်နေပြီ ဖြစ်သည်။ ထို့အတူ ကရင်နီပြည်တွင် "Operation 1111 - 4K" ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF မှ အခြားသော တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဖော်ဆောင်နေသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု၌ ပါဝင်သည့် CDM ဝန်ထမ်းများ၏ တတိယအကြိမ် နိုင်ငံဝန်ထမ်းထုညီလာခံအား ရည်ရွယ်ချက် ငါးရပ်ဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ ဖြစ်မြောက်ရေးကော်မတီက နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်အုပ်စုထံ စင်ကာပူနိုင်ငံမှတစ်ဆင့် စီးဝင်နေသည် "သွေးစွန်းငွေ ဖြတ်တောက်ရေး" လက်မှတ်ထိုး တောင်းဆိုမှုကမ်ပိန်းအား စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ် ထပ်တိုးထားကာ ပြည်သူများပါဝင်ပေးကြရန် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFFC) က တိုက်တွန်း နှိုးဆော်ထားသည်။
"လူဖြစ်ခြင်းရဲ့ အဓိပ္ပာယ် ဒို့ တော်လှန်မှ ရမယ်...၊ နိုင်ငံရေးနဲ့ ကင်းတဲ့ ပြည်သူဆိုတာ မရှိဘူး" စာသားပါ ဘန်နာအား စက်တင်ဘာ ၁၇ ရက်က လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းတစ်ခုထဲအထိ ဝင်ရောက် ချိတ်ဆွဲ၍ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များက ဆန္ဒထုတ်ဖော်ခဲ့သည်။
ရဟန်းသံဃာတော်များအနေဖြင့် စစ်အုပ်စုနှင့် ၎င်းတို့ လက်ဝေခံ အပေါင်းအပါများအား ပတ္တနိကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်းဖြင့် နွေဦးတော်လှန်ရေး၌ ဦးဆောင်လမ်းပြ ပါဝင်ပေးရန် စစ်အာဏာရှင်စနစ် အပြီး တိုင်ပျက်သုန်းရေး လှုပ်ရှားဆောင်ရွက်နေသူများက ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ၁၆ နှစ်မြောက် ဖြစ်သည့် စက်တင်ဘာ ၁၈ ရက်တွင် ကြေညာချက်ထုတ်၍ ပန်ကြာထားသည်။
ရန်ကုန်တိုင်းအတွင်းရှိ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်နှစ်ခုတွင် "ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် - ပြည်သူ့ဘဏ္ဍာ တည်ဆောက်" အမည်ဖြင့် "စစ်တပ်ထုတ်ကုန် သပိတ်မှောက် လှုပ်ရှားမှု" အား ကျောင်းသားများက စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည်။