နွေဦးတော်လှန်ရေးသည် စစ်အုပ်စုအာဏာသိမ်းမှုအား ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက် ဖြိုခွဲပြီးနောက် လက်နက်ကိုင်တော်လှန်ရေးဘက်သို့ ရွေ့လာခဲ့သည်။ ဆန္ဒပြသူများအကြား မိမိအခွင့်အရေး မိမိရပိုင်ခွင့်၊ မိမိကိုယ်ကို ခုခံကာ ကွယ်ပိုင်ခွင့်၊ မိမိဒေသ မိမိ ကာကွယ်ရေးတို့အတွက် လက်နက်စွဲကိုင် တော်လှန်မှု အား ၂၀၂၁ ခုနှစ် မတ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးသည် ရှေ့တန်းသို့ ရောက်လာခဲ့ပြီး ဖက်ဒရယ်အဆင့်တွင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့သည်။ ထို့အတူ ပြည်နယ်အဆင့်နှင့် ဒေသအဆင့်များတွင် အုပ်ချုပ်ရေးဆိုင်ရာ စုဖွဲ့မှုများလည်း စတင်ပေါ်ပေါက်လာခဲ့သည်။
နိုင်ငံအနှံ့ စစ်ရေး အရှိန်မြင့်တက်လာသည်နှင့်အမျှ ပြည်သူများအား အကာအကွယ်ပေးရေးမှာ အရေးကြီးလာလျက် ရှိသည်။ အကြမ်းဖက်စစ်အုပ်စုအား လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၌လည်း ပြည်သူလူထုအပေါ် ဆက်ဆံရမည့် ကျင့်ဝတ် များအား စစ်သည်တော်ကျင့်ဝတ် (Military Code of Conduct) အဖြစ် ရေးဆွဲ ကျင့်သုံးလျက် ရှိသည်။
အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်မှုများသည် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့် စစ်ရာဇတ်မှု (War Crime) ၊ အစုအပြုံလိုက် သတ်ဖြတ်မှု (Massacre) ၊ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crime Against Humanity) အဆင့်အထိသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျ၊ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိသည်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီအချို့ရှိသော်လည်း စစ်အုပ်စု၏ နိုင်ငံရေးအရ အမြတ်ထုတ်မှုကို ရင်ဆိုင်ရသည်။ ယင်းလိုအပ်ချက်များအားဖြည့်ဆည်းရန်အတွက် နိုင်ငံတွင်း ပြည်သူများနှင့် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ၏ ထည့်ဝင်မှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်ကောင်စီအဖွဲ့အစည်းများ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အရေးပေါ် လိုအပ်ချက်အလိုက် ဖြေရှင်းလျက်ရှိသော်လည်း လုံလောက်သည့် အခြေအနေ၌ မရှိသေးပေ။
အာဏာသိမ်း စစ်တပ်အောက် အလုပ်မလုပ်ရေး CDM လှုပ်ရှားမှုမှသည် စစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ၊ ပူးပေါင်းလုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများအပြင် လူပုဂ္ဂိုလ်များကိုပါ သပိတ် မှောက်ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပိုအားကောင်းလာခဲ့သည်။ ထို့ပြင် အခွန်မဆောင်ခြင်း လှုပ်ရှားမှု၊ စစ်တပ် က ထုတ်ပြန်သည့် အမိန့်/ညွှန်ကြားချက်မှန်သမျှ မလိုက်နာရေး စသည့် အကြမ်းမဖက် အာဏာဆန့်ကျင်မှုများလည်း ဆက်လက် ရှိလာခဲ့သည်။
ကမ္ဘာ့နိုင်ငံကြီး ရှစ်ခုတွင် NUG အစိုးရ၏ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်လာနိုင်ခဲ့သည်။ ၎င်းနိုင်ငံရှစ်ခု မှာ သြစတြေးလျ၊ ချက်ရီပက်ဗလစ်၊ ပြင်သစ်၊ ဂျပန်၊ ဗြိတိန် ၊ နော်ဝေ၊ တောင်ကိုရီးယား နှင့် ဝါရှင်တန်ဒီစီ တို့၌ ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာရှိ လွှတ်တော်များနှင့် ထိတွေ့မှုများ ပိုမိုလုပ်ဆောင်လာနိုင်ခဲ့ကာ မြန်မာ့ဒီမိုကရေစီရေးနှင့် အာဏာသိမ်းစစ်တပ်က ကျူးလွန်နေသည့် ရာဇဝတ်မှုကိစ္စရပ်များအား တင်ပြ နိုင်ခဲ့ကြသည်။ အာဏာသိမ်းစစ်တပ်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး - ICC ၊ ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး - ICJ အပြင် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ တရားရုံး၊ ဂျာမနီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၌ စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှုများဖြင့် တရားစွဲဆိုထားသည်။
NUCC က အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ "အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းအဖွဲ့" - Transitional Constitution Working Group – TCWG ကို ဖွဲ့စည်းခဲ့သည်။၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် NUG အစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ လမ်းညွှန်မှုဖြင့် "အသွင် ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းအဖွဲ့ - Transitional Constitution Preparation Team – TCPT ကို ဖွဲ့စည်းခဲ့သည်။