သုတေသန · ဖြစ်စဉ်များ

သေဒဏ် မပါတော့သည့် ဒေသန္တရတားမြစ်ချက် ကျောတိုက်နယ်-ပအဖ ထပ်မံထုတ်ပြန်

NUG

တားမြစ်ချက်များအား ကျူးလွန်သည်ဟု ထင်ရှားပါက သေဒဏ်အထိ ချမှတ်နိုင်သည့် တရားစီရင်ခြင်းဖြင့် ဒေသန္တရနည်းဥပဒေအတိုင်း ဆောင်ရွက်မည်ဟု စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ထုတ်ပြန်ခဲ့ရာ ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီးနောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စာအမှတ် ၀၀၆/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဗဟိုဦးဆောင်ကော်မတီက ဒီဇင်ဘာ ၁၆ ရက်တွင် ပြန်လည်ထုတ်ပြန်ထားသည်။

ထပ်မံထုတ်ပြန်သည့် ဒေသန္တရ တားမြစ်ချက် (၂၃) ချက်တွင် စီးပွားဖြစ် သစ်ခုတ်ခြင်း၊ ဝါးခုတ်ခြင်းနှင့် မျှစ်ချိုးခြင်းများကို တားမြစ်ထားကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများအပေါ် ကိုယ်ထိလက်ရောက် ဖြစ်စေ၊ ပုန်ကန်ခြားနားခြင်း ပြုလုပ်ပါက ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူခြင်းခံရမည်ဟု ဖော်ပြထားသည်။

ယင်းပြန်လည်ပြင်ဆင်တားမြစ်ချက်များ မတိုင်မီက ထုတ်ပြန်ခဲ့မှုတွင် သစ်မခုတ်ရ၊ ဝါးမခုတ်ရ၊ မျှစ်မချိုးရဟု ပါရှိကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများအပေါ် နှုတ်ဖြင့် ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ ၊ စော်ကားခြင်း ပုန်ကန်ခြားနားခြင်း ပြုလုပ်သည်ဟု ယူဆရပါက ထိထိရောက်ရောက် အရေးယူခြင်းခံရမည်ဟု ပါရှိသည်။