CC.BY 4.0 Spring Sprouts.
ကရင်နီ
ကရင်နီပြည်နယ်တွင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council-KSCC) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် ကရင်နီပြည်နယ်အတွင်းရှိ ၂၀၂၀ ခုနှစ် ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များအားလုံး စုစည်း၍ ဖွဲ့စည်းခဲ့သည်။
KSCC ၏ နိုင်ငံရေး ဦဆောင်မှုနှင့် မူဝါဒလမ်းညွှန်ချက်များအတိုင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State-IEC) အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။
KSCC ၏ နိုင်ငံရေး လမ်းညွှန်မှုအောက်တွင်တည်ရှိသော ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) ကို ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ဖွဲ့စည်းပြီး KNDF သည် တပ်ရင်း (၂၂) ရင်း၊ စစ်ဗျူဟာ (၆)ခု ခွဲကာ ကရင်နီပြည်နေရာအနှံ့တွင် တိုက်ပွဲဝင်နေသည်။ ထို့ပြင် KSCC ၏ လမ်းညွှန်မှုဖြင့် ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (Karenni State Police- KSP) ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ KSP သည် ကရင်နီနယ်မြေအတွင်း ရဲစခန်း (၁၂) ခုအထိ ဖွင့်လှစ်နိုင်ခဲ့သည်။