သုတေသန · ဖြစ်စဉ်များ

NGO/INGO များအား ကန့်သတ်ချက် MTC ထုတ်ပြန်

မလိုလားအပ်သည့် တရားမဝင် အဖွဲ့အစည်းများနှင့် တရားမဝင် ဆေးဝါးသယ်ဆောင်မှုများ ရှိနေသည့်အတွက် မရာနယ်မြေအတွင်း အစိုးရ မဟုတ်သည့် ပြည်တွင်း ပြည်ပအဖွဲ့အစည်း (NGOs/INGOs) များအနေဖြင့် စီမံကိန်း အကောင်အထည်ဖော်ရာ၌ အဆင်ပြေစေရန်နှင့် လုံခြုံရေးအတွက် ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနသို့ သတင်းပေးပိုရမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council –MTC) က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ချက် ၀၁/၂၀၂၄ ဖြင့် ထုတ်ပြန်လိုက်သည်။

သတင်းပေးပို့မှုအား နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထား၍ ပြုလုပ်ရမည် ဖြစ်ကာ စီမံကိန်းတာဝန်ခံ၊ စီမံကိန်းအမျိုးအစား၊ စီမံကိန်းကာလ၊ စီမံကိန်းအတွင်း သုံးစွဲမည့် ရန်ပုံငွေ၊ ပံ့ပိုးမည့် အဖွဲ့အစည်းများကိုပါ သတင်းပေးပို့ရန်နှင့် သတင်းပေးပို့ခြင်းမရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို လှုပ်ရှားသွားလာခွင့် ပြုမည်မဟုတ်ကြောင်း အလေးအနက် သတိပေးသည်ဟု ပါရှိသည်။

ထို့ပြင် မရာပြည်သူများအနေဖြင့်လည်း လူစုလူဝေးဖြင့် ပွဲများကျင်းပခြင်း၊ ဘာသာရေး၊ လူမှုရေးနှင့် ပညာရေးဆိုင်ရာပွဲများ ကျင်းပခြင်းများ ပြုလုပ်မည်ဆိုပါကလည်း သက်ဆိုင်ရာ တိုက်နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးရုံးများမှ တဆင့် ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနသို့ ခွင့်ပြုချက် တောင်းခံရန်နှင့် ခွင့်ပြုချက်ရမှ ကျင်းပကြရန်၊ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ပါက အရေးယူမှုများ ပြုလုပ်မည်ဟုလည်း သတိပေးထားသည်။