သုတေသန · ဖြစ်စဉ်များ

စစ်အုပ်စုအား ILO – Article 33 အရ အလုံးစုံပိတ်ဆို့ အရေးယူရေး မူကြမ်း ရေးမည်

MLA

ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ်(ILO) သတ်မှတ်ချက် ၈၇ နှင့် ၂၉ အရ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အဓမ္မလုပ်အားခိုင်းစေမှုများနှင့် ပတ်သက်၍ မလိုက်နာမှုအပေါ် ILO အခြေခံဥပဒေအပိုဒ် - ၃၃ (Article 33) အရ ဆောင်ရွက်နိုင်ရေး မူကြမ်းရေးရန် ILO ညွှန်ကြားရေးမှူးချုပ်အား အုပ်ချုပ်မှုကော်မတီက တာဝန်ပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်ထားသည်။

ILO က သတ်မှတ်ထားသည့် စံနှုန်းများအား မလိုက်နာခြင်း၊ အကြံပြု ပြုပြင်ရန် တိုက်တွန်းချက်များအား မလိုက်နာပါက Article 33 အရ အရေးယူနိုင်ကာ မြန်မာစစ်တပ်အား အရေးယူပေးရန် ၂၀၂၁ ခုနှစ်ကတည်းက တောင်းဆိုထားခြင်းဖြစ်ပြီး မူကြမ်းရေးရန် နိုဝင်ဘာ ၆ ရက်က ပြုလုပ်သည့် ILO ညီလာခံဆုံးဖြတ်ချက်အရ အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ညီလာခံအား ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ ILO ရုံးချုပ်တွင် ပြုလုပ်ခြင်းဖြစ်ကာ ၂၀၀၀ ခုနှစ် စစ်တပ် ဦးဆောင်သည့် စစ်အစိုးရလက်ထက်ကလည်း ယင်း Article 33 ဖြင့်ပင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံအား အရေးယူခဲ့ဖူးသည်။ ယင်းမူကြမ်းအား၂၀၂၅ ခုနှစ် မတ်လတွင် ပြုလုပ်မည့် ILO အုပ်ချုပ်ရေးကော်မတီအစည်းအဝေးအမီ ရေးသားရမည် ဖြစ်ကာ ဇွန်လတွင် ပြုလုပ်မည့် ညီလာခံ၌ အတည်ပြုနိုင်ပါက စစ်အုပ်စုအား အလုံးစုံပိတ်ဆို့ အရေးယူနိုင်မည်ဖြစ်သည်။