အဖွဲ့အစည်းများ

မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု

MLAသမဂ္ဂ

မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု (Myanmar Labour Alliance-MLA) ကို ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ MLA ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊  မြန်မာနိုင်ငံ မီးရထားအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်  (MRWUF)၊  မြန်မာနိုင်ငံ သတ္တုတွင်း အလုပ်သမားများအဖွဲ့ချုပ်  (MWFM)၊ မြန်မာနိုင်ငံ စားသောက်ကုန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FWFM)၊ မြန်မာနိုင်ငံ စွမ်းအင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (EUFM)၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWFM)၊ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM)၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) အပါအဝင် မြန်မာနိုင်ငံ အလုပ်သမားထု၏ အခွင့်အရေးနှင့် အကျိုးစီးပွားအတွက် တိုက်ပွဲဝင်နေသော အလုပ်သမားရေးဆိုင်ရာ အဖွဲ့ချုပ်များ၊ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်များ နှင့် အလုပ်သမားရေးရာ အဖွဲ့အစည်းများဖြင့် ပေါင်းစည်းထားခြင်းဖြစ်သည်။

MLA သည် စစ်အာဏာသိမ်းမှု မတိုင်မီ ကပင် အလုပ်သမားထု၏ အခွင့်အရေး၊ အကျိုးစီးပွားအတွက် ပေါင်းစည်းတိုက်ပွဲဝင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီးနောက် MLA သည် စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးနှင့် အတူ အခြေခံအခွင့်အရေး၊  လူ့အခွင့်အရေး ပြည့်ဝသည့်  ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက် ရေးအတွက် နွေဦးတော်လှန်ရေး တိုက်ပွဲကို ပြည်သူလူထုနှင့်အတူ တိုက်ပွဲ ဝင်ခဲ့သည်။

MLA သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေး အတွက် GSCB အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု အဖွဲ့ဝင် အစုအဖွဲ့ အဖြစ် သပိတ်နည်းလမ်းပေါင်းစုံဖြင့် လည်းကောင်း၊ နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ၊ နိုင်ငံတကာ အလုပ်သမားရေး အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ဖက်ဆစ်စစ်အာဏာရှင်အား အလုံးစုံ စီးပွားရေး ပိတ်ဆို့အရေးယူနိုင်ရန် တိုက်ပွဲဝင်၍ လည်းကောင်း၊ NUCC တွင် အလုပ်သမား သမဂ္ဂ ကိုယ်စားလှယ် အနေဖြင့် ပါဝင်၍ ညီညွတ်သည့် ဘုံနိုင်ငံရေး မူဝါဒ၊ ဘုံနိုင်ငံရေး ရည်မှန်းချက်၊ နိုင်ငံရေး လမ်းပြ မြေပုံ ပေါ်ပေါက်လာရေး အတွက် ပူးပေါင်း တိုက်ပွဲဝင်နေသည်။ MLA သည် အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းမှုကို အခွင့်ကောင်းယူ၍ လုပ်ငန်းခွင်အတွင်း အကြောင်းအမျိုးမျိုး ဖြင့် ဖိနှိပ်နေသည့် အလုပ်ရှင်နှင့် အပေါင်းအပါများကို တော်လှန်ရေးကာလ အတွင်းနှင့် တော်လှန်ရေး ကာလအလွန်တွင် ပြစ်ဒဏ်ခံကင်း လွတ်ခွင့် မရှိစေဘဲ ကျူးလွန်မှုများ အတွက် အရေးယူခံရစေရန်၊ နှင့် လုပ်ငန်းခွင် အတွင်းရှိရမည့် အခြေခံစည်းမျဉ်းများနှင့်ပါတ်သက်သည့် ချိုးဖောက်မှုများ အားလုံး ရပ်တန့်နိုင်ရန်၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ နှင့်  အရေးယူဆောင်ရွက်နိုင်ရန် ကြိုးပမ်း နေသည်။ MLA က မြန်မာနိုင်ငံအတွင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်နေမှုများအား တင်ပြနိုင်သည့် အတွက်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) က အကြမ်းဖက် စစ်အုပ်စုအပေါ် ဖိအားပေး လုပ်ဆောင်မှုများ ရှိနေပြီး ထပ်မံ ဖိအားပေး လုပ်ဆောင်နိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်များအပြင် နိုင်ငံတကာ ရှိ အစိုးရများကို တိုက်တွန်းဆောင်ရွက်နေသည်။ ထို့ပြင် အကြမ်းဖက် စစ်အုပ်စုအပေါ် ငွေကြေး စီးဆင်းမှု လုံးဝရပ်တန့်စေရန်အတွက် အလုံးစုံ စီးပွားရေး ပိတ်ဆို့မှု (Comprehensive Economic Sanctions -CES) ကို MLA အပါအဝင် အဖွဲ့အစည်းပေါင်း (၂၀၀) ဖြင့် အကောင်အထည်ဖော်လျက် ရှိသည်။

MLA သည် ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် မေဒေး စိတ်ဓါတ်ဖြင့် အာဏာရှင်ဟူသမျှကို ပြည်သူလူထုနှင့်အတူ အမြစ်ဖြတ် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်း တောင်းဆိုချက်များဖြစ်သည့် (က) လက်မှတ်ထိုးရန်ကျန်ရှိနေသော ILO Convention (၉၈) အပါအဝင် အလုပ်ခွင်အခြေခံစည်းမျဉ်းများ နှင့် လုပ်ပိုင်ခွင့်များဆိုင်ရာ ပြဌာန်းချက်များအား လက်မှတ်ရေးထိုးရေး၊ (ခ) အနည်းဆုံးအခကြေးငွေကို ဥပဒေနှင့်အညီ သတ်မှတ်ပေးရေး၊ နှင့် (ဂ) တော်လှန်ရေးကာလအတွင်းထိခိုက်နစ်နာခဲ့ရသော အလုပ်သမားများ၊ ပုဂ္ဂလိကဝန်ထမ်း CDM များ၊ နိုင်ငံ့ဝန်ထမ်း CDMများ နှင့်စပ်လျဉ်း၍ အသွင်ကူးပြောင်းရေးကာလတွင် အသွင်ကူးပြောင်းရေးကာလ ဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ပေးရေး နှင့်အတူ မေဒေးသစ္စာဓိဌာန်အနေဖြင့် ကြေညာထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု (Myanmar Labour Alliance) အဖွဲ့ဝင်များက ဦးဆောင်ပြီး ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ မြန်မာနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်နေမှုကို ကန့်ကွက်ရှံ့ချခြင်း၊ ILO တွင် NUG ကိုယ်စားလှယ်များကို လက်ခံပေးရန်နှင့် စစ်ကောင်စီကို တက်ရောက်ခွင့်မပြုရန် အွန်လိုင်းကမ်ပိန်းလှုပ်ရှားခြင်း၊ အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြခြင်း၊ မေဒေးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားချိတ်ဆွဲခြင်း၊ အကြမ်းဖက်စစ်ကောင်စီမှ ပြင်ဆင်နေသည့် “အတုအယောင်ရွေးကောက်ပွဲ” ကို ဆန့်ကျင်ခြင်း၊ အကြမ်းဖက်စစ်အုပ်စု နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နေသည့် အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ နှင့်ပါတ်သက်သော သဘောထားထုတ်ပြန်ခြင်း၊ Credential Challenge Campaing တွင် ပါဝင်ခြင်း၊ သပိတ်လှုပ်ရှားမှုများတွင် ဦးဆောင်ခြင်း စသဖြင့် တော်လှန်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ပါသည်။

MLA သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်သည်။

References
1.     https://www.facebook.com/myanmarlaboralliance
2.     https://www.myanmarlabournews.com/news/286
3.     https://m.facebook.com/story.php?story_fbid=pfbid0RYHAncFpzL9R1LV8BJ6aPnuXfathfRCQjQ32s1uhnT3grCoZayHttN55JFeoC7oNl&id=100003402785301&mibextid=swFtfn