အဖွဲ့အစည်းများ

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

WLBအမျိုးသမီးအဖွဲ့အစည်း

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (Women’s League of Burma-WLB) ကို ဒီဇင်ဘာလ ၉၊ ၁၉၉၉ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ WLB ကို ဖွဲ့စည်းရခြင်းမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုများတွင် အမျိုးသမီးပါဝင်မှု တိုးမြှင့်လာရန်၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်မှုကို တိုးမြှင့်ရန်နှင့် ပြည်တွင်း၊ ပြည်ပ တွင် အမျိုးသမီးများအခန်းကဏ္ဍများကို တိုးချဲ့သွားရန် အတွက် ဖြစ်သည်။

WLB ၏ ရည်မှန်းချက်မှာ စစ်မှန်သော ငြိမ်းချမ်းရေးကို ဦးတည်သည့် လူမှုရေး၊ နိုင်ငံရေး၊ ဂျဲန်ဒါတန်းတူရေး၊ တိုင်းရင်းသားတန်းတူရေးနှင့် တရားမျှတမှုကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံကို တည်ထောင်ရန် ဖြစ်သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေး၊ လူမှုကဏ္ဍအသီးသီးနှင့် ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်းတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေး၊ အမျိုးသမီးများ စွမ်းရည်မြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အာဏာရှင်အလုံးစုံ ပပျောက်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရေး စသည့် ရည်ရွယ်ချက်များဖြင့် လှုပ်ရှားဆောင်ရွက်လာခဲ့သည်။

WLB မှ ဆောင်ရွက်နေသော အစီအစဉ်များမှာ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် အမျိုးသမီးများ နိုင်ငံရေးဆိုင်ရာ စွမ်းဆောင်မှုများကို လုပ်ဆောင်ပေးလျက်ရှိသည်။ WLB ၏ ညီလာခံသည် WLB မှ အမျိုးသမီးကိုယ်စားလှယ် ၅၀-၆၀ ဦးခန့်ဖြင့် ဖွဲ့စည်းထားပြီး အမြင့်ဆုံး အာဏာရှိသည်။ ဒုတိယအမြင့်ဆုံးအာဏာသည် အဖွဲ့ဝင် အဖွဲ့အစည်း ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်များတွင် ရှိသည်။ အတွင်းရေးမှူး အဖွဲ့ကို ကိုယ်စားလှယ် ၃ ဦး ဖြင့် ဖွဲ့စည်းထားပြီး ညီလာခံမှ ရွေးချယ်ပေးသည်။  

WLB ၏ အထွေထွေ အတွင်းရေးမှူးမှာ နာင်းမို့မို့ ဖြစ်ပါသည်။၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် (၁၁) ကြိမ်မြောက် ညီလာခံကို ကျင်းပခဲ့သည်။ ညီလာခံတွင် အဖွဲ့ချုပ်၏နိုင်ငံရေးမျှော်မှန်းချက်၊ ဦးတည်ချက်နှင့်အညီ စစ်အာဏာရှင်နှင့် အာဏာရှင် စနစ်အမျိုးမျိုး အဆုံးသတ်ရေး၊ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှုများအားလုံးပပျောက်ရေး၊ ကျား-မ တန်းတူရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး စသည့်ရှေ့လုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံရေး ပဋိပက္ခ သမိုင်းကြောင်းနှင့် လတ်တလော အခင်းအကျင်းဆိုင်ရာသဘောထား၊ နိုင်ငံရေး ရပ်တည်ချက်များ၊ ပြည်ထောင်စုတွင်း မှီတင်းနေထိုင်ကြသူများ၏ အခွင့်အရေးများ၊ ပြည်ထောင်စု နှင့် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များ နှင့်၊ နိုင်ငံရေး လုပ်ငန်းစဉ်များ စသည့် အကြောင်းအရာများပါသည့် နိုင်ငံရေး ကြေငြာစာတမ်းကို ထုတ်ပြန်ခဲ့သည်။

WLB သည် တော်လှန်ရေးတွင်ပါဝင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိသလို၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်သည်။

Reference
1.     https://www.womenofburma.org/my/node/23