ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး - All Arakan Students’ & Youths’s Congress (AASYC) ကို ၁၉၉၅ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် စတင်ဖွဲ့စည်းသည်။ ၁၉၉၅ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျောင်းသားနှင့် လူငယ်ညီလာခံ ကျင်ပခဲ့ပြီး ယင်းညီလာခံသို့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ရခိုင် ကျောင်းသားနှင့် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကာ အများဆုံးဖြတ်ချက်ဖြင့် တညီတညွတ်တည်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
၁၉၈၈ ခုနှစ် နိုဝင်ဘာတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ Wakhetchoung ဒုက္ခသည်စခန်း၌ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (AASU) ကို ရခိုင်ကျောင်းသားများက စတင်ဖွဲ့စည်းခဲ့သည်။ AASU သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တွင် ရက္ခိုင့်တပ်ရင်း ခေါင်းစဉ် အောက်၌ အခြားသော တိုင်းရင်းသားကျောင်းသားအဖွဲ့များနှင့် လက်တွဲလုပ်ဆောင်ခဲ့သည်။ ထို့နောက် ၁၁၉၄ တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီ၌ ရခိုင်ကျောင်းသားကွန်ဂရက် (ASC) ကို အကြမ်းမဖက်နည်းဖြင့် တွန်းလှန်မည် ဆိုသည့် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သည်။ ထို့နောက် ၁၉၉၅ ဘန်ကောက် ကျောင်းသားနှင့် လူငယ်များ ညီလာခံတွင် AASYC ကို တညီတညွတ်တည်း ထူထောင်ခဲ့ခြင်း ဖြစ်သည်။
AASYC သည် တိုင်းရင်းသားလူမျိုးတိုင်း၊ နိုင်ငံသားတိုင်း လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် လူမှုတရားမျှတမှု အခွင့်အရေးများများအား အာမခံသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးကို မျှော်မှန်းသည်။ အဖွဲ့တွင် နိုင်ငံရေးရည်မှန်းချက် ခုနစ်ရပ် ချမှတ်ထားသည်။ ရခိုင် ကျောင်းသားနှင့် လူငယ်ကား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ ရခိုင် ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး၊ ရခိုင်အမျိုးစည်းလုံးညီညွတ်ရေး တည်ဆောက်ရန်အပြင် ရခိုင်ပြည်နယ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန်တို့ ပါဝင်သည်။
အစည်းအရုံးအား ဌာနခုနစ်ခုဖြင့် လည်ပတ်နေကာ သတင်းအချက်၊ လူငယ်ဖွံ့ဖြိုးရေးနှင့် ဂေဟစနစ် ကာကွယ်ရေး၊ ပြည်တွင်းရေး၊ အမျိုးသမီးရေး၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု၊ စည်းရုံးရေးနှင့် ပြည်သူ့ရေးရာ၊ သုတေသနနှင့် အချက်အလက် ဌာနတို့ ဖြစ်သည်။
၁၉၉၇ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က ကော်သူလေးပြည်နယ်၊ မယ်သရောထာ၌ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ဖလှယ်ပွဲသို့ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ကယန်း၊ မွန်၊ ပအိုဝ်း။၊ ပလောင်၊ လားဟူ၊ ရှမ်း၊ "ဝ"တိုင်းရင်းသားအဖွဲ့အစည်းနှင့် လူမျိုးအသီးသီးကို ကိုယ်စားပြုသူများ တက်ရောက်ရာ AASYC လည်း ပါဝင်ခဲ့သည်။ နှီးနှောဖလှယ်ပွဲ၌ နိုင်ငံရေး ရည်မှန်းချက်ဆိုင်ရာ သဘောတူညီချက် လေးချက်ပါဝင်သည့် သဘောတူညီချက်အားအား ထုတ်ပြန်ခဲ့ကာ AASYC လည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ယင်းကို "မယ်သရောထာ သဘောတူညီချက်" ဟု လူသိများသည်။ AASYC သည် အကြမ်းဖက်စစ်အုပ်စုအား အကြမ်းမဖက် ဆန့်ကျင်နေသည့် ဒီမိုကရက်တစ် အင်အားစုများနှင့်လည်း မဟာမိတ် ပြုလုပ်ထားသည်။ ထို့ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်ကွန်ဂရက် (SYCB) ၊ မြန်မာနိုင်ငံတွင်း အကြမ်းမဖက် လှုပ်ရှားမှု ကော်မတီ (CNAB) Burma/Myanmar UPR ဖိုရမ်၊ Ethnic Community Development Forum (ECDF)၊ ညီညွတ်သော တိုင်းရင်းသားလူငယ်များဖိုရမ် (UNYF)၊ ဌာနေတိုင်းရင်းသားများ/ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ (Ips/EN) နှင့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) တို့နှင့်လည်း မဟာ မိတ်ဖွဲ့ထားသည်။
AASYC သည် ဒေသတွင်း ဖွံ့ဖြိုးရေး၊ ပညာရေး၊ ယဉ်ကျေးမှုကဏ္ဍများ၌ ဘက်ပေါင်းစုံမှ လုပ်ဆောင်ခဲ့ သည့်အပြင် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများ၌လည်း ဆက်တိုက် ပါဝင်ခဲ့သည်။ နိုင်ငံရေးကဏ္ဍ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သန္ဓေတည်သည့် စစ်အုပ်စု၏ လမ်းပြမြေပုံ ၇ ချက်ကို အဆင့်တိုင်း၌ ဆန့်ကျင်တိုက်ဖျက်သည့် လုပ်ငန်းစဉ်များ၌ ပါဝင်ကာ တိုင်းရင်းသားတာ်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်း၍ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်း အတည်ပြုနိုင်သည်အဆင့်အထိ ပါဝင်ခဲ့သည်။
အကြမ်းဖက်စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုရေး ဖြစ်စဉ်လည်း Vote No ကမ်ပိန်း၌ ပါဝင်ကာ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ဝင်လျှင်၊ NLD ပါတီအနေဖြင့် ရွှေဂုံတိုင်ကြေညာချက်အား နောက်တစ်လှမ်းဆုတ် ရပ်တည်ပါက ဒီမိုကရေစီရေးဖြစ်စဉ်၌ ပေးဆပ်စွန့်လွှတ်ခဲ့သူများအား သစ္စာဖောက်ခြင်း ဖြစ်ကြောင်း သတိပေးခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုနှင့် ပတ်သက်၍ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ကိုယ်တိုင် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်သာ ဖြစ်ကြောင်း AASYC ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၇ ရက်တွင် ကြေညာခဲ့သည်။ ကြေညာချက်၌ နှစ်ပေါင်း ၇၀ ကျော် အာဏာယစ်မူးနေကြသည့် အစွန်းရောက် လူမျိုးကြီးဝါဒီ၊ နယ်ချဲ့ ဝါဒီနှင့် စစ်အာဏာရှင်များအား ယဉ်ကျေးသော လူ့ဘောင်လောကထဲမှ အပြီးတိုင် တိုက်ထုတ်သွားမည်ဟုလည်း ကြေညာခဲ့သည်။
AASYC သည် ဒေသတွင်း ဖြစ်ပွားနေသည့် လူမှုစီးပွား အခြေအနေများ၊ လူ့အခွင့်အရေး အခြေအနေများ နှင့်ပတ်သက်သည့် အစီရင်ခံစာများအား ပြုစုကာ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီအထိ အစီရင်ခံစာတင်သွင်းမှုများကိုပါ ပြုလုပ်ခဲ့သည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်တွင် အမျိုးသားညီညတ်ရေးအစိုးရ – NUG ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး၊ နယ်ချဲ့ဝါဒ/လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေးတို့အတွက် မရှိမဖြစ် လိုအပ်နေသည့် ကြားကာလ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုကြောင်း ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အမျိုးသားတန်းတူရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ ဒီမိုကရေစီရေး၊ လူ့ အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် NUG နှင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်မည်ဟုလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကြေညာချက်၌ ပါရှိသည်။
အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် နိုင်ငံလုံးချီ ဆန္ဒပြမှုများ၌လည်း AASYC မှာ အခြားသော တိုင်းရင်းသား ကျောင်းသား၊ လူငယ်များနှင့် ပူးပေါင်းကာ နည်းပေါင်းစုံဖြင့် ပါဝင်ခဲ့သည်။
AASYC သည် ရခိုင်ပြည်အရေးနှင့် ပတ်သက်သည့် သတင်းသုံးသပ်ချက်များကိုလည်း လူမှုကွန်ရက် ပလက် ဖောင်း၊ ဝက်ဘ်ဆိုက်တို့၌ ရခိုင်ပြည်သူများ သတင်းအချက်အလက် ရရှိရေးအတွက် လုပ်ဆောင်လျက် ရှိသည်။ ထို့ပြင် ကိုယ်ပိုင် ရုပ်သံပလက်ဖောင်းကိုလည်း You tube ချန်နယ်၌ YC TV အမည်ဖြင့် လွှင့်တင်ထားကာ "ရခိုင်ရေးရာ နေ့စဉ်သတင်းတို" ၊ ဒေသတွင်း ဖြစ်ပွားနေသည့် စီးပွားရေး၊ လူမှုရေး၊ စစ်ရေးပဋိပက္ခ၊ နိုင်ငံရေး အခင်းအကျင်းများနှင့် ဆက်စပ်သည့် အကြောင်းအရာများအား ထုတ်လွှင့်လျက် ရှိသည်။
လက်ရှိတွင် AASYC ၏ ဗဟိုဌာနချုပ်အား ထိုင်း-မြန်မာ နယ်စပ် လွတ်မြောက်နယ်မြေတစ်ခု၌ အခြေ တည်ထားကာ အဖွဲ့ဝင်များမှာမူ နိုင်ငံအတွင်း၌ လုပ်ကိုင်လျက် ရှိကြသည်။