အဖွဲ့အစည်းများ

ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ

PNFCလူမျိုး/ပြည်နယ် အဖွဲ့အစည်း

ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ (Pa-O National Federal Council – PNFC) ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ် ညီလာခံမှ ဖွဲ့စည်းသည်။ ကောင်စီဝင် (၁၅) ဦး ရှိပြီး ဥက္ကဌမှာ ခွန်မြင့်ထွန်း ဖြစ်ပါသည်။

PNFC တွင် နိုင်ငံရေးဌာန၊ စစ်ရေးဌာန နှင့် စီမံခန့်ခွဲ့ရေးဌာနဟူ၍ ဌာန (၃) ခုရှိသည်။ PNFC ၏ ရည်ရွယ်ချက်မှာ (၁) စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကို မဆို အဆုံးထိ ဆန့်ကျင်တော်လှန်ရန်၊ (၂) မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေး ဝါဒကို ဆန့်ကျင်တိုက်ဖျက်ရန်၊(၃) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင် ရည်ရွယ်ချက်တူ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ (၄) အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖွဲ့စည်းရန်၊ (၅) ယင်းပြည်ထောင်စုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ပြည်နယ်သစ်များ ပေါ်ထွန်းခွင့် ရှိစေရန် ၊(၆) ပအိုးဝ်အမျိုးသား ပြည်နယ်တရပ်ဥပဒေနှင့်အညီ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်အဖြစ် ပေါ်ထွန်းလာစေရန်၊ (၇) ပအိုးဝ်လူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမှ တားဆီးသွားရန် တို့ပင်ဖြစ်ပါသည်။

PNFC ကို ရှမ်းပြည်တောင်ပိုင်း၊ မြေပြန့်ဒေသများ ဖြစ်သည့် မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ပြည်ပနိုင်ငံတကာရောက် ပအိုဝ်းတိုင်းရင်းသားအင်အားစုများ၊ အာဏာရှင်တော်လှန်ရေး တွင် ပါဝင်သည့် ပအိုဝ်းတိုင်းရင်းသား အင်အားစုများ၊ ပအိုဝ်းလူငယ်အင်အားစု အပါအဝင် မဏ္ဍိုင် (၅) ရပ်ဖြင့် စုဖွဲ့ထားပါသည်။ မဏ္ဍိုင် (၅) ရပ်ကို အတိအကျ ဖော်ပြထားသည်ကို မတွေ့ရပါ။

PNFC ၏ နိုင်ငံရေး ဦးဆောင်လမ်းညွှန်မှုအောက်တွင် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) ဖွဲ့ဖြစ်သည့် ခမ်းကောင် (Kham Koung) နှင့် ခမ်းဒွမ် (Kham Dom) ရှိပြီး PNFC မှ စစ်ရေး ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းရေးဆွဲကာ စစ်ရေးဌာနများကို ဖွဲ့စည်းပြီး စစ်ရေး ကွပ်ကွဲမှုကို Pa-O National Defense Force-Kham Dom (တပ်နယ် -၁), Pa-O National Defense Force- Kham Dom (တပ်နယ်-၂)၊ နှင့် Pa-O National Defense Force- Kham Koung (တပ်နယ်-၃) ဟူ၍ တပ်နယ် (၃) နယ် ဖြင့် ဖွဲ့စည်းထားသည်။ PNDF-Kham Dom သည် KNU သထုံခရိုင်၊ တပ်မဟာ (၁) ၏ မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုတွင်လည်း ပါဝင်သည်။

အရပ်သားအပေါ် ကျူးလွန်သည့် ချိုးဖောက်မှုများ၊ နိုင်ငံတကာသို့ တောင်းဆိုသည့် ထုတ်ပြန်ချက်များကို ထုတ်ပြန်ထားသည်။ ထို့ပြင် NUG, KSCC တို့နှင့် ပူးပေါင်းပြီး အကြမ်းဖက် စစ်အုပ်စု ပင်လောင်းမြို့နယ်၊ နမ်းနိန်းရွာ ပြည်သူ (၂၂) ဦးကို ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍လည်း ပူးတွဲထုတ်ပြန်ထားသည်။ ပအိုဝ်းအမျိုးသား CDM အင်အားစု ဖြစ်သည့် Pa-O National Federal Council-CDM ဟူ၍လည်း ဖွဲ့စည်းထားသည်။

PNFC မှ ကမကထပြုပြီး NUG-MoE နှင့် ပူးပေါင်းကာ “PNFC ၏ ကြားကာလ အခြေခံဥပဒေ အခမဲ့ Online စာသင်ကျောင်း” ကို အကောင်အထည်ဖော်နေပါသည်။ NUG နှင့် ပူးပေါင်း၍လည်း ငွေတိုက်စာချုပ်များ နှင့် EOD share များကိုလည်း ရောင်းချပေးနေသည်။ NUGPay မိုဘိုင်းပိုက်ဆံအိတ်စီမံကိန်း၏ ကိုယ်စားလှယ်လည်း ဖြစ်သည်။

PNFC သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်သည်။

References
1.     https://www.facebook.com/Paonationalfederalcouncilpnfc
2.     https://www.facebook.com/watch/?v=1103141047146144
3.    https://www.facebook.com/104737048617822/posts/pfbid0vL5jrajF93M4tAWDppAfm8smkZiXdbVuUJySxaUB3k8K3a25t1aUoiA4EcZSG6W9l/
4.     https://www.facebook.com/PNFCONLINESCHOOL
5.     https://www.facebook.com/paopdfkhamdom
6.     https://www.facebook.com/PNDFKK
7.     https://www.facebook.com/PaONationalFederalCouncilCDM