ဗမာလူမျိုးကိုယ်စားပြု ဗမာ့တပ်တော် (သို့) ဗမာလူမျိုးစုတပ်တော် ဖွဲ့စည်း
ပင်လုံစိတ်ဓာတ်အား နိုင်ငံရေးမူအဖြစ် ဆွဲကိုင်ကာ ဗမာပြည်နယ် ပေါ်ထွန်းရေးအတွက် ဗမာလူမျိုးစုကို ကိုယ်စားပြုသည့် "ဗမာ့တပ်တော် (သို့မဟုတ်) ဗမာလူမျိုးစုတပ်မတော်- Bamar Army ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်ဖွဲ့စည်းကြောင်း ဗမာ့တပ်တော် ဗဟိုကော်မတီက ကြေညာလိုက်သည်။
တပ်တော်အလံ၌ ပါဝင်သည့် ကြယ်ဖြူကိုးလုံးသည် ဗမာလူမျိုး ကိုးမျိုးအား ကိုယ်စားပြုကာ နိုင်ငံရေးမူဝါဒ ငါးရပ်၊ စစ်ရေးမူဝါဒ ခြောက်ရပ် ချမှတ်ထားကာ ဗမာတိုင်းရင်းသားလူမျိုးစုပြည်နယ် ပေါ်ထွန်းရေးအတွက် ကြိုးပမ်းမည်ဟု ဖော်ပြထားသည်။
တပ်တော်သည် ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ နိုင်ငံရေး၊ မဟာမိတ်မူဝါဒများအပေါ် ဟန်ချက်ညီ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်စေရန် မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အပါအဝင် ဘုံရည်မှန်းချက် တူညီပြီး လက်တွဲပူးပေါင်းလိုသည့် တပ်ရင်း၊ တပ်ဖွဲ့များဖြင့် ပေါင်းစပ်စုစည်းထားသည်ဟုလည်း ဗဟိုကော်မတီ ကြေညာချက်၌ ပါရှိသည်။ မိုးကြိုးပြောက်ကျားတပ်ဖွဲ့သည် မကွေးတိုင်း၊ သရက်ခရိုင်၌လှုပ်ရှားသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။