နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (Assistance Association for Political Prisoners-AAPP) ကို ၂၀၀၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။
AAPP ၏ အတွင်းရေးမှူးမှာ ဦးတိတ်နိုင်ဖြစ်သည်။ AAPP ၏ မျှော်မှန်းချက်မှာ နိုင်ငံရေးအကျဉ်းသား မရှိသော၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို ကာကွယ်၊ ထိန်းသိမ်း၊ ဖြည့်ဆည်း ပေးသော လွတ်လပ်သည့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းဖြစ်လာစေရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကူညီပေးရန် ဖြစ်သည်။
AAPP သည် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွတ်မြောက်မှသာ စစ်မှန်သော ဒီမိုကရေစီ အပြောင်းအလဲ၏ ပထမအဆင့် ခြေလှမ်းဖြစ်သည့်အတွက် နိုင်ငံရေး အကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အတွက်ကိုသာ စဉ်ဆက်မပြတ် တောင်းဆိုခဲ့ပါသည်။
AAPP ဆောင်ရွက်နေသည့် လုပ်ငန်းများမှာ သတင်းအချက်လက် စုဆောင်းခြင်းနှင့် သုတေသနလုပ်ငန်းများ၊ စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ ထောက်ပံ့ကူညီရေး အစီအစဉ်၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကူညီထောက်ပံ့ရေး အစီအစဉ် နှင့် စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေး သင်တန်းများ၊ စိတ်ဖိစီးမှုကို ဖြေရှင်းခြင်းနှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်း၊ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း အစရှိသည့် သင်တန်းများကို ပို့ချပေးလျက်ရှိသည်။ ထို့ပြင် နွေဦးတော်လှန်ရေး ကာလမှတ်တမ်းများဟူသည့် စစ်အာဏာသိမ်းပြီးနောက်က လတ်တလော ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်ကို လည်း နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိသည်။
Reference
1. https://aappb.org/
2. Annual_Report_2013_Burmese_version.pdf (burmalink.org)