အဖွဲ့အစည်းများ

အမျိုးသမီးမဟာမိတ်အဖွဲ့

WAC-Mအမျိုးသမီးအဖွဲ့အစည်း

အမျိုးသမီးမဟာမိတ်အဖွဲ့ -မြန်မာ (WAC Myanmar) ကို မြန်မာနိုင်ငံမှ အမျိုးသမီးအခွင့်အ‌ရေး လှုပ်ရှားသူများ၊ ငြိမ်းချမ်းရေး တည်ဆောက်သူ အမျိုးသမီးများနှင့် အမျိုးသမီး အခွင့်အရေး လုပ်ဆောာင်နေသော အဖွဲ့များ၊ ကွန်ရက်များဖြင့် စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။  

WAC-M ၏ ရည်မှန်းချက် ပန်းတိုင်မှာ စစ်အာဏာရှင်စနစ်အားလုံး အဆုံးသတ်ရေးနှင့် ဂျဲန်ဒါကို အလေးပေးတုံ့ပြန်မှုရှိသော ဖယ်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နိုင်ရေး ဖြစ်ပါသည်။  WAC Myanmar သည် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ဆိုင်ရာ တာဝန်ရှိသူများထံသို့ ထုတ်ပြန်ချက်စာစောင်များ၊ ရပ်တည်မှုကို ဖော်ပြသည့် စာတမ်းများ၊ အိတ်ပိတ်ပေးစာနှင့် အိတ်ဖွင့်ပေးစာများကို ထုတ်ပြန်ပေးပို့ခဲ့ပါသည်။ ထို့အပြင် မဟာမိတ် အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော အမျိုးသမီးနှင့် ဂျဲန်ဒါတန်းတူညီမျှရေး အခြေအနေများနှင့် ပတ်သက်ပြီး အချိန်နှင့် တပြေးညီ နှိုးဆော်တိုက်တွန်းရန် ဖြစ်နိုင်သည့် နေရာအားလုံးတွင် ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။  

၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် “ဘက်လိုက်မှုတွေ ချက်ခြင်းရပ်၊ အာဏာရှင်စနစ် အမြစ်ဖြတ်” ဟူသည့် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သဘောထားထုတ်ပြန်ချက် ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့သည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပြည်ပြည်ဆိုင်ရာ ပပျောက်ရေးနေ့ ဖြစ်သည့် အတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်သူများကို ထိရောက်သော ပြစ်ဒဏ်များ ပေးအပ်ရန် လိုအပ်လျက်ရှိပြီး ကင်းလွတ်ခွင့် အလေ့အထများ ပပျောက်သွားစေရန် အားလုံး ပါဝင်ပူးပေါင်းကြရန် ဖိတ်ခေါ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူ့နွေဦးတော်လှန်ရေး "၂" နှစ်ပြည့် သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် (၆၇) ကြိမ်မြောက် Commission on the Status of Women အစည်းအဝေးသို့လည်း ပူးပေါင်းပါဝင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီမှ ၎င်း၏ အာဏာသိမ်း ကြိုးပမ်းမှု ကာလအတွင်း အမျိုးသမီးများနှင့် အုပ်စု အသီးသီးပေါ် နည်းမျိုးစုံ ဖြင့် ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများအား ပြည်တွင်း၊ နှင့် နိုင်ငံတကာ ဥပဒေများအရ အရေးယူ အပြစ်ပေးနိုင်ရန်နှင့် ထိုကျူးလွန်မှုများအတွက် တာဝန်ခံမှုများ ရှိလာစေရန်  “၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် WAC-M ၏သုတေသနတွေ့ရှိချက် သတင်းထုတ်ပြန်ချက်” ကို ထုတ်ပြန်ခဲ့သည်။

WAC-M သည် တော်လှန်ရေးတွင်ပါဝင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိသလို၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်သည်။

Reference
1.     https://www.facebook.com/WACMyanmar2021