၁၉၈၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ဝ ခေါင်းဆောင် ကျောက်ညီလိုင် နှင့် ပေါက်ယိုချမ်းတို့ ဦးစီးသည့် ဝတပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပုန်ကန်ခွဲထွက်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးပါတီ/ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် အဖြစ် ရပ်တည်ခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပါရှိသည့် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းမှ ဟိုပန်၏ နယ်မြေ တစိတ်တဒေသနှင့် မက်မန်းမြို့နယ်၏ နယ်မြေတစိတ်တဒေသကိုသာ အစိုးရနှင့် စစ်တပ်က ထိန်းချုပ်နိုင်ပြီး ကျန်နယ်မြေအားလုံးသည် UWSA ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ ခန့်မှန်အင်အား ၃၀၀၀၀ နှင့် အထက် ရှိသည်။ ၁၉၈၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စစ်အစိုးရခေတ် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုကာ၊ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့သည်။
ဝပြည်နယ် ပြည်သူ့အစိုးရ၏ လက်အောက်တွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ သတင်းမီဒီယာ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် လယ်ယာကဏ္ဍ၊ သစ်တော၊ သတ္တု၊ သာသနာရေးနှင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်ရသည့် ရဲဌာန စသဖြင့် ဖွဲ့စည်းထားသည်။
UWSP သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ(Federal Political Negotiation and Consultative Committee – FPNCC)၏ ဥက္ကဋ္ဌ ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ပန်ခမ်းမြို့၌ ကျင်းပခဲ့သော FPNCC လုပ်ငန်းအစည်းအဝေး ထုတ်ပြန်ချက်တွင် မြန်မာ့ပြည်တွင်းရေးနှင့် ပတ်သက်၍ မိမိတို့နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆပြီး အဆိုပါအယူအဆကို မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုပြီး အကောင်အထည်ဖော်သွားရမည် စသည့် အကြောင်းအရာများပါဝင်သည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ သည်။
UWSA နှင့် စစ်တပ်ကြား စစ်ရေးအရ ပွတ်တိုက်မှုများရှိသော်လည်း UWSA သည် စစ်ကောင်စီ၏ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်မှုများကို လက်ခံကာ နေပြည်တော်၌ သွားရောက်တွေ့ဆုံခြင်းများ ရှိခဲ့သည်။