အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာ ဆရာဆရာမများအဖွဲ့ ချုပ်

TTFသမဂ္ဂ

နည်းပညာဆိုင်ရာ ဆရာများ အဖွဲ့ချုပ် (Technological Teachers’ Federation – TTF) ကို ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ TTF ကို မြန်မာတစ်နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များနှင့် ၎င်းးတို့နှင့် ဆက်စပ်သုတေသနဌာနများရှိ ဆရာ၊ ဆရာမများ၊ သုတေသီများ၊ ဝန်ထမ်းများနှင့် လွတ်လပ်စွာ ဖွဲ့စည်းထားပါသည်။ TTF ဖွဲ့စည်းတည်ထောင်ရခြင်း ၏ ရည်ရွယ်ချက်မှာ အင်ဂျင်နီယာ၊ နည်းပညာနှင့် သိပ္ပံနယ်ပယ်များတွင် ဒေသတွင်းနှင့် နိုင်ငံတကာတွင် ယှဉ်ပြိုင်နိုင်သော ခေတ်မီပညာရေး စနစ်တစ်ခု ဖော်ဆောင်ရာတွင် တဘက်တလမ်းမှ အထောက်အကူပြု ကူညီပံ့ပိုးနိုင်ရန်၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) အကောင်အထည်ဖော်ရာတွင် အထောက်အကူပြု ကူညီပံ့ပိုးနိုင်စေရန်၊ ဆရာ၊ ဆရာမများ၊ သုတေသီများနှင့် ဝန်ထမ်းများ၏ လူမှုဘဝ တိုးတက်ရေးနှင့် အရည်အသွေးမြှင့်မားရေးဆိုင်ရာ ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးရန်၊ ဆရာ၊ ဆရာမများ၊ သုတေသီများနှင့် ဝန်ထမ်းများ၏ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိစေရေးနှင့် နစ်နာမှုများ မရှိစေရေးတို့ကို ကူညီဆောင်ရွက်ပေးရန်၊ ဆရာ၊ ဆရာမများ၊ သုတေသီများနှင့် ဝန်ထမ်းများ၏ သဘောဆန္ဒများကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ရန်အတွက် ကူညီမှုပေးရန်နှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဒေသတွင်း အဖွဲ့အစည်းများနှင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လည်းကောင်း ဆက်သွယ်ဆောင်ရွက်ရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးရန် တို့ပင်ဖြစ်သည်။

TTF သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင်လက်မှတ် ကို ရရှိခဲ့သည်။ TTF ၏ ပထမအကြိမ် ညီလာခံကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက်နေ့တွင် မန္တလေးနည်းပညာတက္ကသိုလ်၌ ကျင်းပခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်များကို ရွေးချယ်တင်မြှောက်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် TTF ၏  ဒုတိယအကြိမ်သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်နှင့်အလုပ်အမှုဆောင်အဖွဲ့ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဒုတိယအကြိမ် ညီလာခံရက်ကိုမူ ကိုဗစ်ကာကွယ်ဆေးထိုးရန် စီစဉ်နေကြသည့်အတွက် ကျင်းပရန် ရွှေ့ဆိုင်းခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ တွင် စစ်တပ်မှ အာဏာသိမ်းမှုကို ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ မြန်မာနိုင်ငံ ဆရာ၊ ဆရာ သမဂ္ဂ အဖွဲ့အစည်းများ၏ ပူးတွဲ သဘောထားထုတ်ပြန်ချက်တွင်လည်း ပူးပေါင်းပါဝင်ခဲ့သည်။ “အားလုံးတူညီ ဖဲကြိုးနီ၊ ပေါင်းစည်းဆောင်ရွက် ပြည်သူအတွက်” ဆောင်ပုဒ်ဖြင့် ပညာရေးမိသားစုများအားလုံး၊ ပြည်သူ့ဝန်ထမ်းများအားလုံး နှင့် အာဏာရှင်ဝါဒကျင့်သုံးပြီးမတရားမှုလုပ်ဆောင်ပိတ်ဆို့မှုများကို မလိုလားသောသူများအားလုံးမှ ဖဲကြိုးနီလှုပ်ရှားမှု (Red Ribbon Campaign- RRC) ကို တစ်ချိန်တည်း တစ်ပြိုင်နက်ပြုလုပ်ကြပါရန် တိုက်တွန်းခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် Civil Disobedience Movement-CDM လှုပ်ရှားမှုကြောင့် မတရားဖမ်းဆီးထိန်းသိမ်းခံနေရမှုအပေါ်တွင် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြည်သူ့ဝန်ထမ်းများအားလုံးအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ပြီး အကြမ်းမဖက်သော မတရားမှု ဆန့်ကျင့်ရေး လှုပ်ရှားမှု (Civil Disobedience Campaign-CDC/ Civil Disobedience Movement-CDM) ပြုလုပ်ရန် မေတ္တာရပ်ခံခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်း စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ CDM ပြုလုပ်ရန် မေတ္တာရပ်ခံပန်ကြားချက်ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် TTF မှာ အာဏာသိမ်း အစိုးရနှင့် လက်ဝေခံလူတစ်စုမှ ထုတ်ပြန်သော ညွှန်ကြားချက်များအားလုံးကို ဆန့်ကျင်ရန်၊ CDC/CDM နှင့် ဆန္ဒထုတ်ဖော်မှုများကို အနုနည်းဖြစ်စေ၊ အာဏာသုံးဖိအားပေးခြင်းဖြစ်စေ လုပ်ဆောင်နေမှုများကို ကန့်ကွက်ရန်၊ ရဟန်းရှင်လူပြည်သူများ၊ တပည့်များနှင့် လက်တွဲဆောင်ရွက်ရန် နှင့် မည်သည့် အကြမ်းဖက်မှုမျိုးကို မဆို လက်မခံကြောင်း၊ မတရားမှုမှန်သမျှကို ဆန့်ကျင်ပြီး အာဏာဟူသမျှ ဖီဆန်ကြရန် ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အာဧာရှင်စနစ် ထောက်ခံသူအပေါင်းအား အဖွဲ့ချုပ် အဖွဲ့ဝင် အဖြစ်မှ ရာသက်ပန် ထုတ်ပယ်မည်ဖြစ်ကြောင်း အသိပေး ကြေငြာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းဥပဒေတွင် ရေးသားထားသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ အခန်း (၄)၊ ပုဒ်မ (၁၀) တွင် ပါဝင်သည့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား ဆောင်ရွက်ခြင်း နှင့် ပြည်သူကို ရိုလေသေးစားခြင်း ကို ရည်ညွှန်း၍ Civil Disobedience Movement (CDM) နှင့် ပတ်သက်၍ ထုတ်ပြန်ကြေငြာခဲ့သည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို အပြည့်အဝ ထောက်ခံကြောင်းနှင့် အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့၏ စီမံအုပ်ချုပ်မှုကို လိုက်နာ ဆောင်ရွက်မည် ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေကို ဖျက်သိမ်းခြင်းကိုလည်း ထောက်ခံကြိုဆိုခဲ့သည်။ ထို့နောက် အခြေခံ/အဆင့်မြင့် ပညာရေးအထွေထွေသပိတ်ကော်မတီ (GSCBHE)၊ တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ (RC of UTAs)၊  အခြေခံပညာရေးလုပ်သား သမဂ္ဂများတိုက်ပွဲဦးဆောင်ကော်မတီ(BEWU-Sc)၊အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC)၊ မြန်မာနိုင်ငံဆရာ/ဆရာမများအဖွဲ့ချုပ် (MTF) နှင့် နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ် (TTF) တို့ ပူးပေါင်းပြီး ပညာရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

TTF မှ ပူးပေါင်းဆောင်ရွက်သည့် ဖက်ဒရယ်ပညာရေးပူးပေါင်းဆောင်ရွက်မှုကွန်ရက် က စုစည်း၍ နွေဦးတော်လှန်ရေးတနှစ်တာကာလ CDM ပညာရေးဝန်ထမ်းထုညီလာခံ ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅-၂၆ ရက်နေ့များတွင် ပြုလုပ်နိုင်ခဲ့သည်။ ပညာရေးနှင့်ကျန်းမာရေး CDM အင်အားစုများပူးပေါင်း၍ CDM လှုပ်ရှားမှုများအရှိန်အဟုန် မြှင့်တင်ပြီး အားကောင်းစေရန်နှင့် CDM ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပိုမိုပြီး ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်လျက် ဘုံရည်မှန်းချက်တူ CDM အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများ ပူးပေါင်း နိုင်ရန် ရည်ရွယ်၍ CDMလှုပ်ရှားမှုနှင့် တိုက်ပွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီကို ဖွဲ့စည်းပြီး ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် TTF ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးပူးပေါင်းဆောင်ရွက်မှုကွန်ရက်(FDECN)သည် "ထောင်တွင်း အကြမ်းဖက်မှု၊ မတရားသတ်ဖြတ်မှုများနှင့် နိုင်ငံရေးအကျဥ်းသားများအပေါ်  သေဒဏ်စီရင်မှုကို ဆန့်ကျင်ခြင်း၊ ထောင်တွင်တိုက်ပွဲများနှင့်အတူရပ်တည်ခြင်း" ဖဲကြိုးနက်လှုပ်ရှားမှုတွင် ပါဝင် လာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် CDM Policy အမြန်ဆုံး အတည်ပြုနိုင်ရေး အတွက် တိုက်တွန်းကြေငြာချက်ကိုလည်း အခြားသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးတွဲ ထုတ်ပြန်ခဲ့သည်။

TTF သည် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် အဖွဲ့ဝင် အဖွဲ့အစည်းအဖြစ်လည်း ပါဝင်ပါသည်။

References
1.     https://www.facebook.com/669747043114787/photos/a.669880479768110/1378597395563078/?__cft__[0]=AZWeFLobQoreDukUnJkpv8Z9BkAzkv45n8UXhQLZtPKYpj6rb-LmifQuDaQCzGVFKbAZcO6Sl1mkeLdq5S3C7Prq-yB11RU7WXEP4lbJRge0ROKCvt4y7uNHgUQJk056X7IRnORYHd-HqNDHRgQpyEEd3PNNuy5rxgYQdrCAdzwUwAHmFIRGEdxPkz7TCYEDoIlODjslFvCr30R4SH0YKg4u&__tn__=EH-R
2.     https://www.facebook.com/technologicalteachersfederation