Civil Society
TWO
TWO
Ta'ang Women Organization
July 29, 2024

တအောင်းအမျိုးသမီးအဖွဲ့ (Ta’ang Women’s Organization – TWO) ကို ထိုင်းနိုင်ငံ၊ မဲ့ဆောက်မြို့တွင် ပလောင်အမျိုးသမီးအစည်းအရုံး (PWO) အမည်ဖြင့် ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ၌ စတင်ဖွဲ့စည်းသည်။ လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေး၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုရှိသော ဖက်ဒရယ်နှင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအား လိုလားကာ ရည်မှန်းချက်ငါးရပ်[1] ချမှတ်ထားသည်။

တအောင်းလူမှုအသိုင်းအဝိုင်းအတွင်း ထုံးတမ်းစဉ်လာများအရ အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံမှုများကြောင့် ကဏ္ဍအသီးသီး၌ အမျိုးသမီးများအား ကန့်သတ်ပိတ်ပင်ခံထားရမှုအား ဖယ်ရှားနိုင်ရေး၊ တန်းတူညီမျှမှု ရှိစေရေးကို ဦးတည်သည်။ လုပ်ငန်းစဉ် လေးရပ် ချမှတ်ထားကာ အမျိုးသမီး နိုင်ငံရေးစွမ်းရည် မြှင့်တင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး၊ လူထုဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာကူညီထောက်ပံ့ရေးနှင့် သတင်း/မှတ်တမ်း/သုတေသနနှင့် ပြန်ကြားရေးလုပ်ငန်းစဉ်များ ဖြစ်သည်။

TWO ၏ ရည်ရွယ်ချက်များအနက် ရိုးရာအထည်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်းဖြင့် တအောင်းရိုးရာနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်သွားရန် ဟူသည့် အချက်ပါဝင်ကာ အဖွဲ့လုပ်ငန်းစဉ်များအတွင်း၌ "ဝင်ငွေ လည်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်" အမည်ဖြင့် အဖွဲ့ရန်ပုံငွေအတွက် ရိုးရာအထည်နှင့် အခြားပစ္စည်းများ ရောင်းချခြင်း၊ စွမ်းရည်မြှင့်သင်တန်းများ၌ တအာင်းစာပေအား ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းသင်ကြားခြင်းလုပ် ငန်းစဉ်လည်း ပါဝင်သည်။

နိုင်ငံရေး အပြောင်းအလဲများကြောင့် ၂၀၁၂ ခုနှစ်တွင် အစည်းအရုံးအား တအာင်းပြည်သူများနှင့် နီးကပ်စွာ ထိတွေ့အလုပ်လုပ်နိုင်ရေးအတွက် ပြည်တွင်းသို့ ရွှေ့ပြောင်းခဲ့သည်။ ပဥ္စမမြောက်ညီလာခံမှ စ၍ အစည်းအရုံးအစား တအာင်းအမျိုးသမီးအဖွဲ့အစည်းအဖြစ် ပြောင်းလဲသုံးနှုန်းကာ လှုပ်ရှားမှုများ ဆောင်ရွက်သည်။

အမျိုးသမီး နိုင်ငံရေးစွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် တအာင်းလူထု အများစု နေထိုင်ရာ မြို့နယ် ၁၆ ခုတွင် လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေး ရက်တိုသင်တန်း၊ အခြေခံနိုင်ငံရေးနှင့် လူ့အခွင့်အရေး သုံးလ သင်တန်း၊ အမျိုးသမီးခေါင်းဆောင်မှုဆိုင်ရာ ၁၀ လ သင်တန်းများအား အဖွဲ့အစည်း စတင်ကတည်းက လုပ် ဆောင်ခဲ့သည်။ ထို့ပြင် လူမှုအသိုင်းအဝိုင်းအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် အသိပညာပေးစကားဝိုင်း ပြုလုပ်ခြင်း၊ အကြမ်းဖက်ခံရသူများအတွက် Safe House များ ဖွင့်လှစ်ပေးခြင်း၊  လိင်ကွဲပြားမှုကို အခြေခံသည့် အကြမ်းဖက်မှုများ လျော့ကျရေးအတွက် ကျေးရွာအကြမ်းဖက်မှု လျော့နည်းရေး ကော်မတီများအား ဒေသခံပြည်သူများအားဖြင့် ဖွဲ့စည်းလုပ်ဆောင်သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် လားရှိုး၌ TWO ၏ သတ္တမအကြိမ် ညီလာခံ[2]အား လားရှိုးမြို့တွင် ပြုလုပ်ကာ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေးတို့အတွက် ပူးပေါင်းလုပ်ဆောင်ခြင်းများ ဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် အကြမ်းဖက်ခံရသည့် အမျိုးသမီးများနှင့် ကလေးများအတွက် တအာင်းအမျိုးသမီးထံ ရယူတောင်းခံနိုင်သည့် ဝန်ဆောင်မှု ငါးခု[3]အား ထုတ်ပြန်ကြေညာပေးခဲ့သည်။

အဖွဲ့၏ နဝမအကြိမ် ညီလာခံအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ – ၁၂ ရက်အထိ တအောင်းဒေသ လွတ်မြောက် နယ်မြေတစ်ခု၌ ပြုလုပ်ပြီးနောက် အာဏာရှင်စနစ် အမြစ်ပြတ်သုဉ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေးအ တွက် ကြိုးပမ်းနေသည့် တော်လှန်ရေးအင်အားစုအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း အလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်[4]ကြေညာခဲ့သည်။

အောက်တိုဘာ ၁၄ ရက်တွင် အဖွဲ့တည်ထောင်မှု ၂၃ နှစ်ပြည့်အဖြစ် ထုတ်ပြန်သည့် ၂/၂၀၂၃[5] တွင် TWO သည် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများနှင့် နည်းမျိုးစုံ ပါဝင်လှုပ်ရှားခဲ့ကာ ဖက်ဒရယ်စနစ် ထွန်းကားရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တော်လှန်တိုက်ပွဲဝင်မည်ဟု ကြေညာခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လတွင် "ကျား၊မ တန်းတူညီမျှမှုသည် လူတိုင်း၏ တာဝန်ဖြစ်သည်" အမည်ဖြင့် တအာင်းအမျိုး သမီးဖိုရမ် ပြုလုပ်ရာ၌ ပါဝင်ခဲ့သည်။

၂၀၂၄ ခုနှစ် ဇွန် ၆ – ၈ ရက်တွင် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ Seminar အား ပြုလုပ်ရာ ဦးဆောင်အဖွဲ့ အစည်းအနေဖြင့် TWO ပါဝင်ခဲ့သည်။ ယင်း Seminar သို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ  (TPCC)၊ တအာင်းပြည်ပညာရေးကောင်စီ (TLEC)၊ တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးအဖွဲ့ (TEWG) ၊ တအာင်းမီဒီယာများပါ တက်ရောက်ခဲ့သည်။ Seminar ရလဒ်အဖြစ် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် တအာင်းဒေသအတွင်း ကဏ္ဍအလိုက် လုပ်ဆောင်ရမည့် ဘုံသဘောတူညီချက်များ၊ ကွန်ရက်စုဖွဲ့မှုနှင့် ပြန်လည်ဖွဲ့ စည်းမှု၊ ရပ်တည်ချက်နှင့် ရှေ့လု်ပငန်းစဉ်များ ချမှတ်[6]နိုင်ခဲ့သည်။ ထို့ပြင် ပြန်လည်စုဖွဲ့မည့် အရပ်ဖက်အဖွဲ့အ စည်းများသည် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုအောက်တွင် မရှိဘဲ အမှီအခိုကင်းပြီး လွတ်လပ်မျှတသည့် အဖွဲ့အစည်းအဖြစ် တခြားတိုင်းရင်းသားများနှင့် အတူတကွ ယှဉ်တွဲနေထိုင်ရေးကို အ လေးထားမည်ဟု ထုတ်ပြန်ထားသည်။

Updates
No items found.