CC.BY 4.0 Spring Sprouts.
ပြည်သူ့တော်လှန်ရေးတပ်ဦး
ပြည်သူ့တော်လှန်ရေးတပ်ဦး (People’s Revolution Front – PRF) အား ၂၀၂၁ ခုနှစ် ဇူလိုင် ၆ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည့် နိုင်ငံအနှံ့ရှိ ကျောင်းသားများသမဂ္ဂ၊ လူငယ်၊ ဆရာများသမဂ္ဂ၊ CDM ပညာရေးဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ စုစည်း၍ လွတ်မြောက်နယ်မြေတစ်ခု၌ ပထမအကြိမ် ကွန်ဂရက်ကျင်းပကာ စတင်ဖွဲ့စည်းထူထောင်သည်။
အခြေခံမူဝါဒအဖြစ် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတို့ ဖြစ်ကာ အဖိနှိပ်ခံ လူထု၏ အကျိုးစီးပွားအတွက် ရပ်တည်တိုက်ပွဲဝင်မည်ဟု ကြေညာချက်အမှတ် (၁/၂၀၂၁)[1] ဖြင့် ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် တပ်ဦး၏ "နိုင်ငံရေးကြေညာစာတမ်း"[2] အား တရားဝင် ထုတ်ပြန်သည်။ ကြေညာစာတမ်းအရ တပ်ဦးအား နိုင်ငံရေးနှင့် စစ်ရေး နှစ်ဖက်မျှ၍ တည်ဆောက်ထားကာ စစ်ရေး၌ မြို့ပြပြောက်ကျားနှင့် ကျေးလက်ပြောက်ကျား နည်းနာနှစ်ရပ်ကို ကျင့်သုံးသည်။ တပ်ဦးအား လူပုဂ္ဂိုလ်ကို အခြေမခံဘဲ အဖွဲ့ဝင်အရေအတွက်ကို အဓိကထား ဖွဲ့စည်းထားကာ နိုင်ငံရေးဦးဆောင်အဖွဲ့ (ပေါ်လစ်ဗြူရို) ဗဟိုစစ်ကော်မရှင်၊ ဗဟိုစည်းရုံးရေးကော်မတီတို့က ဦးဆောင်ကာ လူမျိုးစုပေါင်းစုံ၊ လူတန်းစားအသီးသီး၏ အကျိုး ဆောင်နိုင်မည့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်သည်အထိ ရည်မှန်းသည်။ နိုင်ငံရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူးမှာ ရဲဘော်အောင်နိုင်ကျော် ဖြစ်သည်။
လိုအပ်သည့် စစ်ပညာနှင့် အခြားသော ပံ့ပိုးမှုများအား မြောက်ပိုင်းညီနောင် မဟာ မိတ်သုံးဖွဲ့ထံမှ ရရှိသည်။[3] မကွေးနှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားကာ စစ်ဒေသ လေးခုအထိ ရှိသည်။ ဌာနများအဖြစ် စစ်ဘက်ဆိုင်ရာ၊ ဗဟိုသတင်းနှင့် ပြန်ကြားရေး၊ ဗဟိုသတင်းအချက်အလက်/သုတေသန/ မှတ်တမ်း၊ ဘဏ္ဍာရေး၊ ပြည်သူ့ဆက်ဆံရေးဌာနများ ရှိသည်။ PRF ထုတ်ပြန်မှုများအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် စစ်သင်တန်းပေးခြင်းနှင့် ဖောက်ခွဲရေးသင်တန်း ပေးခြင်းများ စတင်လုပ်ဆောင်ခဲ့သည်။ ထို့ပြင် တပ်တွင်း နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ခြင်းများကိုလည်း တပြိုင်တည်း လုပ်ဆောင်ခဲ့သည်။
စတင်ဖွဲ့စည်းသည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာအထိ စစ်ဒေသ သုံးခုသာ ရှိခဲ့သေးကာ ပြည်သူ့တော်လှန်ရေးတပ်ဦး (ပခုက္ကူဒေသ)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (ရန်ကုန်ဒေသ) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (မင်းဘူးဒေသ) တို့သည် PRF ဗဟိုစစ်ကော်မရှင်၏ လက်အောက်တွင် လှုပ်ရှားနေသည့် ဒေသဆိုင်ရာ ပြောက်ကျားတပ်ဖွဲ့များ[4] ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။
စစ်ရေး၊ နိုင်ငံရေး နည်းလမ်းနှစ်သွယ် သုံးသည့် PRF သည် နိုင်ငံရေးနှင့် ပတ်သက်၍လည်း “စစ်အုပ်စုလက်ကိုင်တုတ် နစက၏ တရားမဝင်သော ယောင်ပြရွေးကောက်ပွဲကို ကန့်ကွက်သပိတ်မှောက်ခြင်း" အမည်ဖြင့် သဘောထားစစ်တမ်းအား စစ်ဘက်ဆိုင်ရာ နိုင်ငံရေးဌာန နာမည်ခံ၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ထားသည်။
ပြည်သူ့တော်လှန်ရေးတပ်ဦးသည် လှုပ်ရှားဒေသများအတွင်း ဒေသခံပြည်သူများက ပြုလုပ်သည့် အကြမ်းဖက် စစ်အုပ်စု အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲများအား လုံခြုံရေး ယူပေးခြင်း၊ နိုင်ငံရေးဆိုင်ရာ ဟောပြောမှုများ စစ်ဘေးရှောင်ကူညီ ကယ်ဆယ်ရေး၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ကုသပေးခြင်းစသည့် လူထုဝန်ဆောင်နှုနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကိုလည်း လုပ်ကိုင်သည်။ ထို့ပြင် စစ်ဘေးဒဏ်သင့် ပြည်သူများ သက်သာချောင်ချိရေး အစီအစဉ်များကိုလည်း လုပ်ဆောင်လေ့ ရှိသည်။ [6]
၂၀၂၃ ခုနှစ်၊ မတ် ၂ ရက်တွင် နွေဦးဆရာအတတ်ပညာသင်တက္ကသိုလ် (SNU) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး - ပညာရေးကဏ္ဍ (PRF – Education Sector) တို့ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။ ကြေညာချက်၌ ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ထားကာ ပညာရေးလုပ်ငန်းစဉ်လေးရပ်ကို အခြေခံ၍ ကြားကာလပြည်သူ့ပညာရေးကဏ္ဍတွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာ ပူးပေါင်းဆောင်ရွက်မည်ဟု ဖော်ပြထားသည်။[7] ထို့ပြင် မေ ၉ ရက်တွင် မြန်မာ့နွေဦးတက္ကသိုလ် (Myanmar Nway-Oo University) နှင့် ပညာရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ခဲ့သည်။[8]
စစ်ရေးအရလည်း PRF သည် လက်ရှိတွင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ၊ ပခုက္ကူခရိုင်တပ်ရင်း (၁၃)၊ အနောက်လွင်ပြင် (LPDF) ၊ ဧရာအနောက် (ကမ္မမြို့ ပကဖ)၊ PDF ကမ္မ (ကမ္မ ကပဖ)၊ BLY ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ နယ်စီးမခြား ဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်း (၁) တို့နှင့်အတူ စစ်ရေးဖော်ဆောင်မှုများအား ဆက်တိုက်လုပ်ဆောင်လျက် ရှိသည်။