Resistance Force
PLA
PLA
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
July 29, 2024

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army – PLA) အား ၂၀၂၁ ခုနှစ် မတ် ၁၅ ရက်တွင် အမာခံကေဒါ ၃၂ ဦးဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အခြေစိုက်ရာ လိုင်ဇာ၌ စတင်ဖွဲ့စည်းခဲ့ကာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လက်နက်ကိုင်တပ်လည်း ဖြစ်သည်။ KIA ထံ၌ စစ်ပညာသင်ယူကာ ကိုးကန့်တပ်ဖွဲ့ (MNDAA)၏ အကူအညီဖြင့် လက်နက်တပ်ဆငz[1]ထားသည်။

PLA သည် အဖိနှိပ်ခံ ပြည်သူတို့အတွက် တိုက်ပွဲဝင်ကာ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အောင်မြင်ပြီးပါက ပစ္စည်းမဲ့လူတန်းစား ဦးဆောင်သော ပြည်သူ့ဒီမိုကရေစီအာဏာကို ထူထောင်ကာ တန်းတူသွေးစည်းသည့် ပြည်သူ့ဒီမိုကရေစီသမ္မတ နိုင်ငံတော်သစ်ကို တည်ဆောက်ရန် ရည်မှန်းသည်။ [2] တပ်မတော်၏ သေနင်္ဂဗျူဟာရည်မှန်းချက်မှာ လက်နက်ကိုင်တော်လှန်ရေးဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချေမှုန်းသုတ်သင်ရေး ဖြစ်သည်။

PLA တပ်မတော်မှာ အင်အား ထောင်ဂဏန်းခန့်အထိ ရှိကာ စစ်ဒေသ လေးခု၊ မြို့ပြလုပ်ငန်းဟူ၍ ခွဲခြားလှုပ် ရှားသည်။ စစ်ဒေသ လေးခုမှာ စစ်ဒေသ (၁) စစ်ကိုင်း၊ စစ်ဒေသ (၂) တအာင်း၊ စစ်ဒေသ (၈) တနင်္သာရီ (တောင်ပိုင်း)၊ စစ်ဒေသ (၉) ကိုးကန့်တို့ ဖြစ်သည်။

PLA အား ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးဦးဆောင်မှုဖြင့် ဗဟိုနိုင်ငံရေးဌာနအောက်တွင် လည်ပတ်ကာ တပ်ဖွဲ့ဝင်များ လိုက်နာရမည့် "တပ်မတော်သား လက်စွဲ"[3]  ကိုလည်း ထုတ်ပြန်ထားသည်။ လက်စွဲ၌ ဦးဆောင်ဗမာပြည်ကွန်မြူနစ်ပါတီ၏ လုပ်ငန်းစဉ်၊ သဘောတရားအခြေခံ၊ စည်းရုံးရေးမူ၊ တပ်မတော်၏ ကြန်အင် လက္ခဏာ၊ တော်လှန်ရေး ရည်မှန်း ချက် စသည်တို့ကို ထည့်သွင်းထားသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ မဟာမိတ်နှင့် တပ်ပေါင်းစု တည်ဆောက်ရေးမှာ အဖိနှိပ်ခံပြည်သူများ လုံးဝလွတ်လပ်ရေးအတွက် စစ်အာဏာရှင်စနစ် လုံးဝ အမြစ်ပြတ်ရေးဖြစ်ကာ ၎င်းအား ပန်းတိုင်အဖြစ် သတ်မှတ်ထားသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို မဟာမိတ်အဖြစ် သတ်မှတ်သည်။ မဟာမိတ်ဖွဲ့စည်းရေး အခြေခံမူအဖြစ် "တူတာတွဲလုပ် မတူတာ ခွဲလုပ်" [4] ဖြစ်ကာ တပ်ပေါင်းစု ဖွဲ့စည်းရေး၌ လက်တွေ့ကြုံတွေ့ရ သောအခြေအနေများနှင့် ဆီလျော်အောင် ဒေသဆိုင်ရာ စစ်ရေးအခြေခံသည့် တပ်ပေါင်းစုများကို တည်ဆောက် ရန် ရည်ရွယ်သည်ဟု ဗဟိုနိုင်ငံရေးဌာနက ထုတ်ပြန်ထားသည်။

PLA သည် ဗမာပြည်ကွန်မြူနစ်ပါတီအတွင်း အာဏာလုမှု ဖြစ်ပြီး လက်နက်ကိုင်တပ် ပြိုကွဲပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးနှင့်အတူ ပါတီ၏ စစ်ရေးလက်တံအား ပြန်လည်ဆန့်ထုတ်လာနိုင်ခြင်း ဖြစ်သည်။ ထို့ပြင် လက်ရှိ နွေဦးတော်လှန်ရေး အောင်မြင်ပြီးပါက တော်လှန်ရေးအင် အားစုများ၊ မဟာမိတ်အင်အားစုများနှင့် ညှိနှိုင်းတိုင်ပင်၍ ကိုင်စွဲထားသည့် လက်နက်များ ဖြုတ်သိမ်းရန် ဆောင်ရွက်မည်ဟုလည်း အတိအလင်း ကြေညာထားသည့် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

သတင်းမီဒီယာများ ဖော်ပြချက်အရ PLA သည် ၂၀၂၂ ခုနှစ် သြဂုတ်ကတည်းက အကြမ်းဖက်စစ်အုပ်စုအား တိုက်ခိုက်သည့် စစ်ဆင်ရေးများ၌ ပါဝင်လာသည်။ အဖွဲ့၏ လှုပ်ရှားနယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ အခြားသော ဒေသခံ တော်လှန်ရေးလက် နက်ကိုင်အင်အားစုများနှင့် ပူးပေါင်း၍ စစ်ကိုင်း တိုင်း၊ တန့်ဆည်မြို့နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်[5]ခဲ့သည်။

မကွေးတိုင်းအခြေစိုက် People’s Democratic Army (PDA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BRNA)[6] တို့နှင့်လည်း မဟာမိတ် ပြုလုပ်ထားသည်။

စစ်ကိုင်းတိုင်း စစ်ဒေသ (၁) အတွက် တိုင်းတပ်ဖွဲ့အား စတင်တည်ဆောက်သူ နိုင်ငံရေးမှူး ရဲဘော် နှင်းမောင် (ခ) ရဲဘော် အောင်ဘညို ဖြစ်ကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် အကြမ်းဖက်စစ်အုပ်စုလက်ချက်ဖြင့် ကျဆုံးခဲ့သည်။[7]

PLA သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံတပ် မဟုတ်သော်လည်း MOD ၏ အဆင့်ဆင့် ကွပ်ကဲမှုအောက်၌ ပူးတွဲလှုပ်ရှားသည်ဟု မီဒီယာများက ထုတ်ဖော်ရေးသားကြသော်လည်း အမှတ် (၁) စစ်ဒေသ စစ်ကိုင်းတိုင်းအတွင်း၌မူ လှုပ်ရှားနယ်မြေဆိုင်ရာ ပြဿနာများ ရှိခဲ့သည်။ [8] ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း PLA တပ်ဖွဲ့များ၏ ဖြတ်သန်းသွာလာမှုများအား MODလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက ဟန့်တားသည့်အတွက် ညီညွတ် ရေးနှင့် ပြည်သူလူထု ယုံကြည်မှုကို ပျက်ပြားနိုင်စေသော အခြေအနေသို့ ရောက်ရှိနိုင်သဖြင့် ထိန်းကြောင်းစစ် ဆေးစေလိုကြောင်း အမှတ် (၁) စစ်ဒေသ၊ ဒေသကော်မတီက ထုတ်ပြန်ခဲ့သည်။[9]

၂၀၂၃ ခုနှစ် အောက်တိုဘာက မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ဦးဆောင်ပြုလုပ်သည့် 10:27 စစ်ဆင်ရေး၌ PLA တပ်ဖွဲ့မှာ ပူးပေါင်း ပါဝင်ကာ တိုက်ပွဲဝင်ခဲ့သည်။ ယင်းစစ်ဆင်ရေးအား မြောက်ပိုင်းသုံးဖွဲ့ ဦးဆောင်မှုဖြင့် ကိုးကန့်ဒေသတွင် စုဖွဲ့သည့် မဟာမိတ်အင်အားစု ၆၁၁ ဖြင့် ဆင်နွှဲခဲ့ခြင်းဖြစ်ကာ ယင်းစုဖွဲ့မှု၌ PLA လည်း ပါဝင်သည်။ စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် သိန္နီမြို့သိမ်း တိုက်ပွဲတွင် PLA ရဲဘော် ၁၂ ဦးအထိ ကျဆုံးခဲ့ကာ ၎င်းတို့အား "သိန္နီတိုက်ပွဲ အာဇာနည်" များအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း PLA က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်[10]ထားသည်။ ယင်းနောက်ပိုင်းကျမှသာ PLA က ဆင်နွှဲနေသည့် စစ်ရေးဆိုင် ရာ သတင်းအချက်အလက်များအား ပိုမို ထုတ်ပြန်လာခဲ့သည်။

PLA တွင် အမျိုးသမီး ပါဝင်မှုလည်း အားကောင်းကာ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက အမှတ် (၁) စစ်ဒေသတွင် ပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်းတွင် အမျိုးသမီးပါဝင်မှု[11] ရာခိုင်နှုန်း ၂၀ အထိ ရှိသည်။

10:27 စစ်ဆင်ရေးနောက်ပိုင်း PLA သည် ၎င်းတို့ အခြေစိုက်ထားရာ စစ်ဒေသများအတွင်းရှိ မဟာမိတ်များနှင့် ပူးပေါင်းကာ စစ်ရေးဖော်ဆောင်မှုများ ဆက်တိုက်ပြုလုပ်လာသည့်အပြင် စစ်ရှောင်ပြည်သူ ကူညီကယ်ဆယ် ရေး၊ လူထုကျန်းမာရေး ဝန်ဆောင်မှုများကိုလည်း လုပ်ဆောင်လျက် ရှိသည်။

Updates