အဖွဲ့အစည်းများ

စစ်ကိုင်းဖိုရမ်

SFလူထုလှုပ်ရှားမှု

နွေဦးတော်လှန်ရေး၌ပါဝင်သည့် စစ်ကိုင်းတိုင်းအတွင်းရှိ နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းများအကြားပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆုံးဖြတ်ချက်ချနိုင်မည့် တိုင်းအတိုင်ပင်ခံကောင်စီ(သို့မဟုတ်) အစုအဖွဲ့တစ်ခု တည် ဆောက်ကာ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး၊ ဖက်ဒရယ်စနစ်ပေါ်ထွန်းရေးတို့ ဖော်ဆောင်ရန် စစ်ကိုင်းဖိုရမ်အား ရည်မှန်း စုဖွဲ့ထားသည်။

နွေဦးတော်လှန်ရေး၌ပါဝင်သည့် စစ်ကိုင်းတိုင်းအတွင်းရှိ နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းများအကြားပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆုံးဖြတ်ချက်ချနိုင်မည့် တိုင်းအတိုင်ပင်ခံကောင်စီ(သို့မဟုတ်) အစုအဖွဲ့တစ်ခု တည် ဆောက်ကာ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး၊ ဖက်ဒရယ်စနစ်ပေါ်ထွန်းရေးတို့ ဖော်ဆောင်ရန် စစ်ကိုင်းဖိုရမ်အား ရည်မှန်း စုဖွဲ့ထားသည်။  

ပထမအကြိမ်စစ်ကိုင်းဖိုရမ်ကို ၂၀၂၃ ခုနှစ် မေ ၃၀ နှင့် ၃၁ ရက်တွင် ပြုလုပ်ကာ တိုင်းအတွင်းရှိမြို့နယ် ၂၈ ခုမှ အဖွဲ့အစည်း ၁၇၃ ဖွဲ့၊ လေ့လာတက်ရောက်သူ ၃၁ ဦးတို့ဖြင့်ပါဝင်ခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်း ၃၀ ဖွဲ့က သဝဏ်လွှာများ ပေးပို့ခဲ့သည်။အဆိုပါဖိုရမ်၌ နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ် ချုပ်ရေး၊ အထွေထွေကဏ္ဍဟူ၍ကဏ္ဍကြီးလေးရပ်အား ဆွေးနွေးခဲ့သည်။

ဖိုရမ်၌ဖက်ဒရယ်ဒီမိုကရေစီပဋိဣဉာဉ်နှင့်အညီ တိုင်းအဆင့် အရေးကြီးလိုအပ်နေသည့်နိုင်ငံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအဖြစ် (က) တိုင်းအဆင့်အသွင်ကူးပြောင်းရေးကာလ အစီအမံများ ပေါ်ပေါက်ရေး (ခ) တိုင်းအဆင့်ကိုယ်ပိုင်ပြဌာန်းခွင့်မူဝါဒများ ရေးဆွဲရေး (ဂ) တိုင်းအတွင်း အုပ်ချုပ်ရေးနှင့်စစ်ရေးအဖွဲ့များအကြား အ ပြန်အလှန်ထိန်းကျောင်းနိုင်ရေး (ဃ) ဒေသတွင်းကာကွယ်ရေးအဖွဲ့များ စုစည်းအားကောင်းနိုင်ရေးတို့ လုပ် ဆောင်သွားရန် ဆွေးနွေးခဲ့ကာအသေးစိတ်အချက်အလက်များအား တက်ရောက်သည့် ဒေသအသီးသီးမှ ခေါင်းဆောင်များ၊အစုအဖွဲ့များကိုသာ ပေးပို့သွားမည် ဖြစ်ကြောင်း စာအမှတ် (၁/၂၀၂၃) (https://www.facebook.com/sagaingforum/photos/a.107591525689388/107968565651684/) ဖြင့်စစ်ကိုင်းဖိုရမ် (ပထမအကြိမ်) က ထုတ်ပြန်ကြေညာသည်။

ဇွန် ၁ ရက်တွင်ဖိုရမ်၏ ပြောရေးဆိုခွင့်ရှိသူ ခြောက်ဦးအား စာအမှတ် ၂/၂၀၂၃ ဖြင့် ထုတ်ပြန်ကြေညာကာဖိုရမ်အား လုပ်ငန်းအဖွဲ့ ငါးဖွဲ့ဖြင့် လည်ပတ်သည်။   https://www.facebook.com/sagaingforum/posts/pfbid02M9RCQSPuUAyoZWiLCcyicYEVtAYf5qTo1WasX3EH9RhVw7wbiVdabco3aKPbHswDl

ဖိုရမ်သည်အမျိုးသားညီညွတ်ရေးအစိုးရ - NUGနှင့် စင်ပြိုင်ထောင်ရန်၊ သီးခြားတပ်မတော် (သို့ မဟုတ်) အဖွဲ့အစည်းတစ်ခုတည်ထောင်ရန်ဟူသည့် ဝေဖန်ခံရမှုများ ရှိခဲ့သည်။ ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့၌မည်သူများ ပါဝင်သည်ကိုမူ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသော်လည်း အဖွဲ့တွင်ပါဝင်သည်ဟုဆိုကာ ကိုနွေဦး (မြောင်) အား အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ကာကွယ်ရေး ဝန်ကြီးဌာန –MoD က ယာယီထုတ်ပယ်ခဲ့မှု ဖြစ်ပွားခဲ့သည်။ ဝေဖန်ခံရမှုများနှင့် ပတ်သက်၍ဖိုရမ်ပြောရေးဆိုခွင့်အဖွဲ့က မီဒီယာများမှတစ်ဆင့် ပြန်လည်တုံ့ပြန်ခဲ့သည်

ဖိုရမ်ကျင်းပမှု တစ်လပြည့်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်တွင် စာအမှတ် (၄/၂၀၂၃)ဖြင့် တစ်လတာအ တွင်း ပြည်တွင်း၊ ပြည်ပရောက် တော်လှန်ရေးအင်အားစုနှင့်အစုအဖွဲ့များအား တွေ့ဆုံကာ အကြံပြုချက်များ ရယူ၍ ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်အားပိုမိုကျယ်ပြန့်သော အင်အားစုများ စုစည်းဆွေးနွေးနိုင်ရန် ကြိုးပမ်းနေကြောင်း (https://www.facebook.com/photo?fbid=130872623363662&set=a.130818703369054) ထုတ်ပြန်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုနှင့်စုဖွဲ့မှုများမှ တစ်ဆင့် စစ်ကိုင်းဖိုရမ်၊ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက် (https://www.facebook.com/profile.php?id=100094422409494&mibextid=ZbWKwL) ကိုဖွဲ့စည်းကြောင်း ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်သည်။ ယင်းကွန်ရက်အားစစ်ကိုင်းအတွင်းရှိ စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ ၂၇ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမူဝါဒချမှတ်ကာ ဖွဲ့စည်းခြင်းဖြစ်ပြီး NUG နှင့် ချိတ်ဆက်ဆောင် ရွက်သွားမည်ဟုလည်း ကြေညာသည်။ ထိုသို့ကြေညာပြီးနောက် ဇူလိုင် ၁၉ တွင် ကျရောက်မည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ရန် စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့အား NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးကဖိတ်ခေါ်မှုများ ရှိလာခဲ့သည်။

ဒုတိယအကြိမ်ဖိုရမ်အတွက် တွေ့ဆုံဆွေးနွေးမှုများအပြင် အကြမ်းဖက် စစ်အုပ်စုက ကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမှုနှင့် ပတ်သက်၍ ပြည်သူများအား စီးပွားရေးနည်းဖြင့်ဖိနှိပ်တိုက်ခိုက်သတ်ဖြတ်ခြင်းဟု ယူဆကြောင်းနှင့် နိုင်ငံအတွင်းရှိပြည်သူများအနေဖြင့် သုံးစွဲခြင်းမပြုဘဲ တခဲနက် ဆန့်ကျင်ပေးရန် မေတ္တာရပ်ခံစာအား (https://www.facebook.com/sagaingforum/posts/pfbid02J79pZLFf5bLfmiowPUnXAhexAoWstP84j8xWZGqXpEofEG5jRKk2HttBHr58mnYfl)  ဇူလိုင် ၂၅ ရက်တွင် ဖိုရမ်က ထုတ်ပြန်ခဲ့သည်။

ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့သည်တိုင်းတွင်းအပြင် တိုင်းပြင်ပ အင်အားစုများနှင့် တွေ့ဆုံကာ ပထမအကြိမ် ဖိုရမ်အခက်အခဲနှင့် အားနည်းမှု၊ စိန်ခေါ်မှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်အနာဂတ်နိုင်ငံရေး မျှော်ရည်ချက်များအတွက် ဆွေးနွေးခဲ့သည်။

သြဂုတ် ၆ရက်တွင် NUG– MoD နှင့် တွေ့ဆုံကာ စစ်ရေးကဏ္ဍ သဘောထားစုစည်းချက်များအားရှင်းလင်း တင်ပြခဲ့သည့်အပြင် တော်လှန်ရေး၌ တစ်ခုတည်းသော Chain Of Command – COC ဖြစ်စေရေးလက်တွေ့ပူး ပေါင်းလုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များကို သဘောတူချမှတ်ခဲ့ကြောင်းထုတ်ပြန် (https://www.facebook.com/sagaingforum/posts/pfbid02ZLt4DKZwSzFAnFygCDvXnkDYSEJbZ9kMT7qcHpbbMSNDbHL1WxwJb7RAYiqyaiukl) ခဲ့သည်။

စက်တင်ဘာ ၁ရက်တွင် ပထမအကြိမ် ဖိုရမ် သုံးလပြည့် အစီရင်ခံစာအား ဖိုရမ်တက်ရောက်ခဲ့သည့်မြေပြင်အဖွဲ့အစည်းများထံသို့ ဆက်သွယ်ပေးပို့ခဲ့ကာ အောက်တိုဘာ ၃၀ ရက်တွင်မြောက်ပိုင်း တိုင်းရင်းသားညီနောင် မဟာမိတ်သုံးဖွဲ့က လက်တွဲအကောင်အ ထည်ဖော်သည့်"၁၀:၂၇" စစ်ဆင်ရေးအား ကြိုဆိုကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသတော်လှန်ရေးအဖွဲ့များအနေဖြင့်လည်း ဟန်ချက်ညီလှုပ်ရှားမှုများ ဖော်ဆောင်မည်ဟုထုတ်ပြန် (https://www.facebook.com/sagaingforum/posts/pfbid0wbCXX4fKZtEqAH7qUbGowC67fJHMZ274unG4h3ZijZSySFUYs2ZTk9aNxTt32UtVl) ခဲ့သည်။

စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေး၊ဖိုရမ်လုပ်ငန်းကော်မတီ၊ နိုင်ငံရေးလုပ်ငန်း၊ စစ်ရေးလုပ်ငန်း၊စစ်ရှောင်ကူညီကယ်ဆယ်ရေးလုပ်ငန်း၊ လူမျိုးစုရေးရာလုပ်ငန်း အစုအဖွဲ့စုံညီအစည်းအဝေးအား နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ်ခဲ့ကာ ပိုမိုစုံလင်လွှမ်းခြုံနိုင်သော တွေ့ဆုံပွဲမှတစ်ဆင့် တိုင်းအတွက် ကောင်းမွန်သောနိုင်ငံရေးအစုအဖွဲ့တစ်ခု ပေါ်ပေါက်လာရန် ဒုတိယအကြိမ်ဖိုရမ် ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ထုတ်ပြန် (https://www.facebook.com/photo?fbid=208268402290750&set=pcb.208268465624077) ခဲ့သည်။ဒုတိယအကြိမ် ဖိုရမ်အတွက် တိုင်းတွင်း၊ တိုင်းပြင်ရှိ အင်အားစုများနှင့် တွေ့ဆုံကာနယ်ပယ်အသီးသီး၏ ရှုမြင်ချက်များ၊ အကြံဉာဏ် ရယူခြင်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားပြုကော်မတီ၊ NUG ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြားပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အတွင်းရေးမှူးအဖွဲ့၊ မွန်ဖက်ဒရယ်ကောင်စီ၊ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၊ ဧရာဝတီဖက်ဒ ရယ်ကောင်စီတို့နှင့်ပါတွေ့ဆုံခဲ့သည်။

၂၀၂၃ ခုနှစ်နိုဝင်ဘာ ၁၁ ရက်တွင် "လက်ရှိ ဖြစ်ပေါ်တိုးတက်နေသောစစ်ကိုင်းတော်လှန်ရေးဖြစ်စဉ်များနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း" (https://www.facebook.com/photo?fbid=213842038400053&set=pcb.213842158400041) အား ဖိုရမ်ကထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်၌ စစ် ကိုင်းတိုင်းအတွင်း "၁၀:၂၇"စစ်ဆင်ရေး၏ ဟန်ချက်ညီစစ်ဆင်ရေးအဖြစ် NUG – MoD စစ်ဒေသ (၁) ကွပ်ကဲမှု၊မဟာမိတ်တပ်ဖွဲ့များ၊ PDFတပ်ရင်းများ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ဒေသခံကာကွယ်ရေး (Local PDF) တပ်ဖွဲ့များပူးပေါင်းကာ တပြိုင်နက်ထိုးစစ်ဆင်မှုများ ဆောင်ရွက်ရာ ကောလင်း၊ခမ်းပတ်မြို့များအား အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ဒေသလုံးဆိုင်ရာဟန်ချက်ညီစစ်ဆင်ရေးဆင်နွှဲချိန်တွင် နိုင်ငံရေး ဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုလည်းအထူးလိုအပ်နေကြောင်း၊ (https://www.facebook.com/photo?fbid=213842038400053&set=pcb.213842158400041) ဒေသအင်အားစုများအနေဖြင့်လူထုသဘောဆန္ဒနှင့် အညီ စုံလင်ကွဲပြားမှုများကို အချင်းချင်း နားလက်လက်ခံပြီးပူးပေါင်းဆောင်ရွက်သွားကြရန် ပန်ကြားထား သည်။

စစ်ကိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးက စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကို အတည်ပြုပြဌာန်းလိုက်သည့်အပေါ် နိုဝင်ဘာ ၁၈ ရက်တွင် ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့၏ သဘောထား (https://www.facebook.com/photo/?fbid=217641708020086&set=pcb.217641758020081) အားထုတ်ပြန်သည်။

ထုတ်ပြန်ချက်၌ကြားကာလအစီအမံတစ်ရပ် ရေးဆွဲရန် ပြင်ဆင်ခြင်းကိစ္စရပ်သည် တိုင်း (သို့) ပြည်နယ်ဖက်ဒရယ်ယူနစ်ပြုခြင်းကိစ္စရပ်ဖြစ်ကာ ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများအကြားနိုင်ငံရေးအရ ဆွေး နွေးညှိနှိုင်းမှုဖြစ်စဉ်အား ကျေလည်မှုရှိအောင်ကျယ်ကျယ်ပြန့်ပြန့် ကနဦးဆောင်ရွက်ပြီးမှသာ ဥပဒေရေး ဆွဲခြင်း၊လမ်းပြမြေပုံရေးဆွဲခြင်း စသည့် စုဖွဲ့မှုတည်ဆောက်ခြင်းဖြစ်စဉ်ကို ဆက်လက်ဆောင်ရွက်သင့်သည်ဟု ယုံကြည်ကြောင်းနှင့် ပွင့်လင်းမြင်သာမှုရှိသော၊တန်းတူပါဝင်ခွင့်ရှိသော၊ တော်လှန်ရေး၏ မြေပြင်အရှိတရားများနှင့် ကိုက်ညီမှုရှိသောလု်ပငန်းစဉ်များကို ချမှတ်ဖော်ဆောင်သင့်ကြောင်း တိုက်တွန်း (https://www.facebook.com/photo?fbid=217641741353416&set=a.112902181827373) ထားသည်။

ထိုသို့ထုတ်ပြန်ပြီးနိုဝင်ဘာ ၂၂ ရက်တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့်တွေ့ဆုံကာ ဖက်ဒရယ်ယူနစ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးကိစ္စရပ်အားဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ဆွေးနွေးခဲ့သည်။ ယင်းရက်တွင်ပင်စစ်ကိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ - CRSH ကတဖက်သတ်ပြဌာန်းခဲ့သည့် ယင်းဥပဒေသည် ဒေသတွင်း တော်လှန်ရေးအင်အားစုများ၏သဘောဆန္ဒပါဝင်မှု မရှိသောကြောင့် မြေပြင်ယုံကြည်မှုတည် ဆောက်ရေး အခက်အခဲများသာပိုမို ဖြစ်ပေါ်လာခဲ့စေကာ ဖက်ဒရယ်ပဋိဉာဉ် (FDC) ပါပြဌာန်းချက်အရ NUCC၌ ညှိနှိုင်းအဖြေရှာရန်၊ NUGက ဖွဲ့စည်းထားသည့် FSCCနှင့် ပေါင်းစပ်ညှိနှိုင်းပြီးမှ ကျေလည်မှုတစ်ခု ရယူသင့်ကြောင်း  တိုင်းတွင်း တော်လှန်ရေးအင်အားစု ၁၀၇ဖွဲ့နှင့်အတူ ပူးတွဲထုတ်ပြန် (https://scontent.frgn2-1.fna.fbcdn.net/v/t39.30808-6/404390520_220067074444216_8544554689569805520_n.jpg?_nc_cat=106&ccb=1-7&_nc_sid=dd5e9f&_nc_ohc=hqP5RIPkk70AX8eclr0&_nc_ht=scontent.frgn2-1.fna&cb_e2o_trans=t&oh=00_AfBFoP2U8ls7HJicIRqfBQUhNzHChBGS5vEd31KqlDkGdg&oe=65D657B3) သည်။

စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့သည် နိုင်ငံရေး လှုပ်ရှားမှုများသာမက စစ်ရေးလုပ်ငန်းအဖွဲ့ကလည်းဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအအတွက် လုံခြုံရေးဆိုင်ရာသင်တန်း၊မြို့ပြပြောက်ကျား သင်တန်း၊ ပြည်တွင်းထိုးဖောက်မှုနှင့် လူထုစည်းရုံးရေး စသည့်အခြေခံစစ်ဗျူဟာသင်တန်းများအား တိုင်းတွင်း၊ တိုင်းပြင်ရှိမိတ်ဆွေတော်လှန်ရေးအင်အားစုများအတွက် လုပ်ဆောင်ခဲ့သည်။  (https://www.facebook.com/sagaingforum/posts/pfbid02A4VqqLGgACn3ZLTJiQpAeUQTBqmrMHTPc4yq3b7wpC6G1DCcy59wqTAqcDnVurzwl)

ဒီဇင်ဘာ ၂၀ရက်တွင် "စစ်ကိုင်းတိုင်းတွင်း ဖြစ်ပေါ်နေသော မိတ်ဖက်ပဋိပက္ခများနှင့်ပတ်သက်၍ စစ်ကိုင်းဖိုရမ်၏ သဘောထား" (https://www.facebook.com/sagaingforum/posts/pfbid02rouy7GVP1Dnq5QNtB5QaGfyCMqxPB4UTk51c6hLWB19pG7gaqp8tMmzLXiC8AJpSl)  အား ထပ်မံ ထုတ်ပြန်သည်။ ထုတ်ပြန်ချက်၌အကြမ်းဖက်စစ်အုပ်စုအား လက်နက်ကိုင်တော်လှန်နေသည့် တိုင်းအတွင်းရှိလက်နက်ကိုင်အင်အားစုများအကြား ပဋိပက္ခဖြစ် ပွားမှုများကို ဖော်ပြကာ ယခုထက်ပိုမိုသဘောထားကြီးစွာ သည်းခံစိတ်ထား၍ ညှိနှိုင်းဖြေရှင်းရမည် ဖြစ် ကြောင်းမီးမောင်းထိုးပြနေကာ နိုင်ငံရေး၊ စားပွဲဝိုင်းနည်းလမ်းဖြင့် အလျင်အမြန်ဖြေရှင်းရန် တိုက်တွန်းထား သည်။ ထို့ပြင် ထပ်မံကြုံတွေ့လာနိုင်သည့်အလားတူပြဿနာနှင့် မိတ်ဖက်ပဋိပက္ခများအား ဖြေရှင်းရန် တိုင်းအဆင့်ဖက်ဒရယ်ကောင်စီတစ်ရပ် မဖြစ်မနေ စုစည်းတည်ဆောက်ရန် လိုအပ်နေပြီဖြစ်ကြောင်းထပ်မံတိုက်တွန်းအကြံပြုထားသည်။

၂၀၂၄ ခုနှစ်ဇန်နဝါရီ ၁ ရက်တွင် ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်နှင့် ပတ်သက်၍ ဖိုရမ်အား"နိုင်ငံရေးကဏ္ဍအစုအဖွဲ့၊ စစ်ရေးကဏ္ဍ အစုအဖွဲ့၊စစ်ရှောင်ကူညီကယ်ဆယ်ရေးကဏ္ဍအစုအဖွဲ့၊ လူနည်းစုလူမျိုးစုကဏ္ဍ အစုအဖွဲ့ နှင့် ၂၀၂၀ရွေးကောက်ခံများ အစုအဖွဲ့" ဟူ၍ အစုအဖွဲ့ ငါးစုခွဲ၍ ဆွေးနွေးမည်ဖြစ်ကာတိုင်းအတွင်း တော်လှန်ရေးအရွေ့တစ်ခု ဖြစ်ပေါ်လာစေရန် ရည်မှန်းထားကြောင်း (https://www.facebook.com/photo?fbid=243653328752257&set=pcb.243653388752251) ထုတ်ပြန်သည်။

ထို့နောက်ဇန်နဝါရီ ၃ ရက်မှ ၅ ရက်အထိ ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်အား ပြုလုပ်ခဲ့ရာတိုင်းတွင်း တော်လှန် ရေးအင်အားစု ၁၆၄ စု၊ တိုင်းပြင်ပ မိတ်ဖက်အင်အားစုကိုယ်စားလှယ် ၄၅ ဦး တက်ရောက်ကာ ၂၀၂၀ ရွေး ကောက်ခံကိုယ်စားလှယ်အချို့လေ့လာသူအဖြစ်သာ ပါဝင်တက်ရောက်ခဲ့သည်။ ဒုတိယအကြိမ် ဖိုရမ်၌ ပထမအကြိမ်ဖိုရမ်တက်ရောက်ခဲ့သူများ၏ သဘောထားစုစည်းချက်အဖြစ် တိုင်းအတွင်း နိုင်ငံရေး၊တော်လှန်ရေးအင်အားစုများ စုပေါင်းထားသည့် တိုင်းအစုအဖွဲ့တစ်ခု ပေါ်ပေါက်ရေးနိုင်ငံရေးရည်မှန်ချက်အား အကောင်အ ထည်ဖော်သည့်အနေဖြင့်"စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) ဖွဲ့စည်းရေးမူဘောင်များအားပြင်ဆင်ဖြည့်စွက်ချက်များ၊ အကြံပြုချက်များနှင့်အတူ အတည်ပြုနိုင်ပြီဖြစ်ကြောင်းစာအမှတ် (၁/၂၀၂၄) (https://www.facebook.com/photo/?fbid=246075578510032&set=pcb.246075628510027) ဖြင့်ထုတ်ပြန်ခဲ့သည်။ အစုအဖွဲ့ငါးခုမှ ကိုယ်စားလှယ် ၃၅ ဦး ပါဝင်သည့် ကောင်စီ (ရှေ့ပြေး)အား ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်က ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်းနှင့် ၂၀၂၀ရွေးကောက်ခံအစုအဖွဲ့အနေဖြင့် လတ်တလောတွင် ပါဝင်နိုင်ခြင်း မရှိသေးကြောင်းထုတ်ပြန်ချက်၌ ပါရှိသည်။

အကြမ်းဖက်စစ်အုပ်စုမတရားအာဏာသိမ်းမှု သုံးနှစ်ပြည့်အဖြစ် သဘောထားကြေညာချက်အား ဖေဖော်ဝါရီ ၁ ရက်တွင်ထုတ်ပြန်ခဲ့ကာ စစ်ကိုင်းဒေသအတွင်း စစ်ရေးအသာရချိန်၌ အချို့ဒေသများ၌ အစုအဖွဲ့များကွဲပြားကာ စုစည်းမှု ရရှိနိုင်ရန် ခက်ခဲနေသည့်အတွက် ထိုက်သင့်သလောက် အင်အားကောင်းမလာကြောင်း၊နိုင်ငံရေး လေဟာနယ်ပေါ်ပေါက်မှု ဖြစ်ပေါ်နေကာ နိုင်ငံရေးဆိုင်ရာပွတ်တိုက်မှုအချို့ ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် အားလုံးပါဝင်သည့်နိုင်ငံရေးအင်အားစုတစ်ရပ် ပေါ်ပေါက်ရေး အထူးလိုအပ်နေကာ စစ်ကိုင်းတိုင်းကံကြမ္မာအားတိုင်းသားများကိုယ်တိုင် ဖန်တီးရမည်ဆိုသည့် အချက် ပိုမိုထင်ရှားလာစေကာတိုင်းတွင်းနိုင်ငံရေး ဘုံသ ဘောတူညီချက်တစ်ရပ် ရရှိရေးအတွက် အလုပ်ဖြစ်ရေးကိုအခြေခံသည် ထိတွေ့ဆက်ဆံမှုများ ပိုတိုးမြှင့်လုပ် ဆောင်ကာ နိုင်ငံရေးဆိုင်ရာအင်အားစုစည်းမှုမှတစ်ဆင့် စစ်ရေးဆိုင်ရာ အင်အားစုစည်းမှုများအထိ စုပေါင်း ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း (https://www.facebook.com/sagaingforum/posts/pfbid02vkpRU4Qzs9We4sNR8uLSQjng2PRA9r2i32BhygoD1TkXpbfWfDgYCZDx9DNN2foXl)  ပါရှိသည်။

ကိုးကား

https://www.facebook.com/sagaingforum